ဧပြီလ ၂၁ ရက်နေ့က ဘီဘီစီ မြန်မာပိုင်း သတင်းတပုဒ်မှာ “ယူကရိန်းကို စစ်ရေးအကူအညီ ၆၁ ဘီလျံပေးဖို့အဆို အမေရိကန် အောက်လွှတ်တော်မှာ မဲခွဲအနိုင်ရ” လို့ ဖော်ပြထားတယ်။ သတင်းတပုဒ်လုံးရဲ့ အာဘော်ကတော့ “ရုရှား အနိုင်ကျင့်တာ ခံနေရတဲ့ ယူကရိန်းကို အမေရိကန်က ဝင်ကူပေးနေတယ်၊ လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီအတွက် အမေရိကန်က ဒေါ်လာ ဘီလျံပေါင်းများစွာ ထောက်ပံ့နေတယ်” လို့ ဆိုလိုရင်းပဲ။
ယင်းဆောင်းပါးမှာပဲ –
“ယူကရိန်းသမ္မတ ဇာလန်းစကီးက အမေရိကန်အောက်လွှတ်တော်ကို ကျေးဇူးတင်ကြောင်း ပြောလိုက်ပြီး ဒီမိုကရေစီနဲ့ လွတ်လပ်ရေးဟာ ကမ္ဘာမှာအမြဲတမ်း အရေးပါနေမှာဖြစ်ပြီး အဲဒါတွေကို အမေရိကန်က ကူညီကာကွယ်ပေးနေသမျှ မဆုံးရှုံးနိုင်ဘူးလို့ ပြောပါတယ်။ အခု အမေရိကန်ရဲ့ အရေးပါလှတဲ့ အကူအညီကြောင့် စစ်ပွဲကျယ်ပြန့်လာမယ့်အရေးကို တားဆီးနိုင်ပြီး လူ့အသက်ထောင်ပေါင်းများစွာကို ကယ်ဆယ်နိုင်မယ်လို့လည်း သူက ပြောခဲ့ပါတယ်။”
ဟုတ်ရဲ့လား။ အမေရိကန် ဦးဆောင်တဲ့ နေတိုး စစ်အုပ်စုနဲ့ ရုရှားတို့ ယူကရိန်း မြေပေါ်မှာ ဆင်နွှဲနေတဲ့ proxy စစ်ပွဲ ရှည်ကြာလာတာနဲ့အမျှ အသက်အိုးအိမ် စည်းစိမ် ပြုတ်ပြုတ်ပြုန်းကုန်မှာ ယူကရိန်း ပြည်သူတွေပါ။ ဒါကို ဘိုင်ဒင် အစိုးရ သိသလို ဝါရှင်တန်ရဲ့ ရုပ်သေးလေး ဇယ်လင်စကီးလဲ သိတာပေါ့။ အခုဆို ယူကရိန်းဟာ တစပြင် ဖြစ်နေပြီ။ ဒါပေမယ့် အမေရိကန်က ယူကရိန်း ပြည်သူတွေရဲ့ သွေးတွေ နောက်ဆုံးတစက်ကျန်သည်အထိ ဆက်တိုင်းခိုင်းနေတုန်း။ သေနေတဲ့အထဲ အမေရိကန် စစ်သားတွေ မပါဘူး။
ဒီပကတိ အရှိတရားကို မျက်ကွယ်ပြုပြီး ဒီမိုကရေစီနဲ့ လွတ်လပ်ရေး အော်ရဲတာ ရယ်စရာမကောင်းတဲ့ ပြက်လုံးဖြစ်နေပြီ လူပြက်ကလေး ဇယ်လင်ရေ။ လူ့အသက် ထောင်သောင်းမက သေရဦးမယ့်အဖြစ်ကို လူ့အသက် ထောင်ပေါင်းများစွာ ကယ်တင်နိုင်တော့မှာတဲ့။
“ဘက်မလိုက်သော” ဆိုတဲ့ “စံနှုန်း”ကို တကယ်သာ ကျင့်သုံးရင် ပကတိ မြေပြင်အချက်အလက်တွေကိုလဲ သတင်းဆောင်းပါးမှာ တင်ပြပေးရဲရမယ်။ အခုတော့ ဘီဘီစီက အမေရိကန် အာဘော် ဖြန့်ပေးဖို့သက်သက် သူတို့လိုချင်တဲ့ “quotes” လောက်ပဲ ထည့်ရေးသဗျ။
ဒါတင် ဘယ်ဟုတ်မလဲ။ သတင်းကိုလဲ ထိန်ချန်ထားသေးသဗျ။ တကယ်တော့ ဘီဘီစီ သတင်းမှာ ဖော်ပြနေတဲ့ ဥပဒေ မူကြမ်းက ယူကရိန်းကို စစ်လက်နက် ထောက်ပံ့ရေး ကိစ္စသက်သက် မဟုတ်ဘူး။ ဒေါ်လာ ၉၄ ဘီလျံတန် “foreign funding bill” ခင်ဗျ။ ဒီထဲက ၆၁ ဘီလျံကို ယူကရိန်းကို ပေးမယ်။ ကျန်တဲ့ ဘီလျံတွေက အစ္စရေးနဲ့ ထိုင်ဝမ်အတွက်။ ဒီထဲက ဒေါ်လာ ၁၇ ဘီလျံကို အစ္စရေးဆီ ပေးသွားမှာ။ အစ္စရေးကို ဘာအတွက် ပေးမှာလဲ။
လက်ယာစွန်း မဟာလူမျိုးကြီးဝါဒီ ဘန်ဂျမင် နတန်ညာဟု ခေါင်းဆောင်တဲ့ အစ္စရေး ဇိုင်ယင်နစ်(စ်) နိုင်ငံတော်က ပါလက်စတိုင်း ပြည်သူ ၃၄၀၀၀ ကျော် သတ်ဖြတ်ပြီးသွားပြီ။ ဂါဇာဟာ သုဿန်တစပြင်ဖြစ်သွားခဲ့ပြီ။ အစ္စရေး နိုင်ငံတော်က လူမျိုးတုန်း သတ်ဖြတ်ပွဲကြီးကို အခုထိ ဆက်လုပ်နေဆဲ ဖြစ်တယ်။ ဘိုင်ဒင် ခေါင်းဆောင်တဲ့ အမေရိကန် အစိုးရက ဒီလူမျိုးတုန်း သတ်ဖြတ်မှုကြီးမှာ အားတက်သရော ပါဝင်ခဲ့တယ်။ အခုလဲ ဒေါ်လာ ၁၇ ဘီလျံ ထပ်လောင်း ပေးလိုက်ပြန်ပြီ။ ဒါလား ဒီမိုကရေစီနဲ့ လွတ်လပ်ရေးအတွက်။
ဘီဘီစီတို့လို အမေရိကန် အစိုးရအာဘော် သတင်းဖော်ပြချက်မျိုးတွေချည်း အမြဲဖတ်နေရတဲ့ လူအများအဖို့ အမေရိကန် အစိုးရကို ဒီမိုကရေစီ ဘက်တော်သား ထင်တာ မဆန်းပါဘူး။ ဒါပေမယ့် ရိုးရိုးလေးပဲ စဉ်းစားကြည့်ပါ။ ယူကရိန်းကို အမေရိကန် ကူညီနေတာ “ဒီမိုကရေစီ၊ လူ့အခွင့်အရေးနဲ့ အချုပ်အခြာအာဏာပိုင်မှု” အတွက် ဖြစ်ရိုးမှန်ရင် လူမျိုးတုန်း သတ်ဖြတ်ခံနေရတဲ့ ပါလက်စတိုင်း ပြည်သူတွေကို ယူကရိန်းထက် မလျော့သော စစ်ရေး အကူအညီတွေ မပေးသင့်ပေဘူးလား။ အစ္စရေးကို ကန့်ကွက်ရှုတ်ချခြင်း (လေနဲ့ဖြစ်စေ) မပြုသင့်ပေဘူးလား။
မရှုတ်ချတဲ့အပြင် ဘိုင်ဒင်က အခုလို ဆိုသဗျ –
“My commitment to Israel – I want to make clear again – is ironclad,” Biden told reporters. “The security of Israel is critical.”
အစ္စရေးဘက်က ရပ်တည်ရာမှာတော့ အလွန်ပြတ်သားပါတယ်။ လေနဲ့ စာလေးနဲ့ပဲ မဟုတ်ဘူးနော်။ ဒေါ်လာ ဘီလျံပေါင်းများစွာ ထောက်ပံ့ပြီး အပြတ်ရပ်တည်ပေးနေတာ။ ဒါ့ကြောင့်လဲ ဂျိုး ဘိုင်ဒင်ကို အမေရိကန် လူငယ်တွေက “Genocide Joe” လို့ သူနဲ့ အလွန်လိုက်ဖက်တဲ့ နာမည်လေး ပေးထားကြတယ်။
ယူကရိန်း-ရုရှား အရေးမှာ အဖိနှိပ်ခံ ယူကရိန်းဘက်က ရပ်တည်သယောင် ဟန်ဆောင်ထားတဲ့ နယ်ချဲ့ အမေရိကန်ဟာ ပါလက်စတိုင်းအရေးမှာတော့ ဟန်ပင်မဆောင်နိုင်တော့။ ဒါပေမယ့် ကြောင်သူတော် ဘိုင်ဒင်ဟာ မိကျောင်းမျက်ရည်တွေ ကျပြတတ်သေးရဲ့။ တဖက်က အစ္စရေးရဲ့ ဂျန်နိုဆိုက် သတ်ဖြတ်ပွဲကြီးကို ကာယကံမြောက် ကူညီပေးနေရင်း အခြားတဖက်မှာလဲ ဂါဇာကို လူသားချင်းစာနာမှု အကူအညီတွေ ရောက်ရှိရေး မဟန့်တားရဘူးလို့ ဆိုပြန်တယ်။ သို့သော် ထာဝရ အပစ်ရပ်စဲရေးကျ လေသံတောင် မဟ။ ကုလမှာ ဗီတိုသုံးပြီး ပယ်မြဲ၊ ပယ်ဆဲ။ မြန်မာစကားပုံ မီးစတဖက်၊ ရေမှုတ်တဖက် ဆိုတာထက် အများကြီး ပိုဆိုးပါတယ်။ ပါလက်စတိုင်းမြေပေါ်မှာ ပါလက်စတိုင်း ပြည်သူတရပ်လုံးကို
အရှင်လတ်လတ် မီးလောင်တိုက်သွင်းပြီးမှ သမုဒ္ဒရာ တဖက်ကမ်းကနေ ဆားငန်ရေလေး တခွက်လောက် တိုက်လိုက်ပါဦး ပြောနေသလို။
လစ်ဘရယ် ဘူဇွာများကတော့ ဒါလဲ သံဝေဂရပုံမပေါ်။ ဆင့်ဟိုဒင်း ခွေးမျှော်သလို အမေရိကန် အစိုးရဆီက ပေးစာကမ်းစာလေး မျှော်ကိုးရင်း တော်လှန်ရေး နာမည်နဲ့ လုပ်စားနေကြဆဲ။
ကိုတင်ဦး
စာပြီးရက်စွဲ ၂၅.၄.၂၀၂၄
ဓာတ်ပုံ – www.marxist.com
‘ဂျန်နိုဆိုက် ဂျိုး’ ကျတဲ့ မိကျောင်းမျက်ရည်