“နယ်ချဲ့အမေရိကန် ဂြိုဟ်မွှေပြန်ပြီ”

ဗင်နီဇွဲလားမှာ နယ်ချဲ့အမေရိကန်နဲ့ လိုင်မာ ကားတယ်(လ်) [Lima လက်ဝါးကြီးအုပ် အရင်းရှင်အဖွဲ့အစည်း] နောက်မြီးဆွဲတွေရဲ့ အားပေးအားမြောက်ပြုမှုနဲ့ အာဏာသိမ်းပွဲ ကျင်းပနေတယ်။ နယ်ချဲ့ ရုပ်သေးရုပ် အတိုက်အခံ အင်အားစုက အကောင်အထည်ဖော်ပေးတယ်။ (၂၀၁၉) ဇန်နဝါရီလ ၂၃ရက်နေ့မှာ နယ်ချဲ့ရုပ်သေး ဂွိုင်ဒိုက သူ့ကိုယ်သူ သမ္မတပါလို့ လက်ခမောင်းခတ်လိုက်တယ်။

နယ်ချဲ့သမားကလည်း အိမ်ဖြူတော်ရဲ့ တွစ်တာစာမျက်နှာကနေ ဝမ်းသာအားရ လက်ခုပ်တီးပေးရုံမက တရား ထူထောင်ပေးပြန်တယ်။ “သမ္မတ ဒေါ်နယ်ထရမ့်က နိုင်ငံလုံးဆိုင်ရာ ညီလာခံဥက္ကဌ ဂျူယန်ဂွိုင်ဒိုကို ဗင်နီဇွဲလား သမ္မတနိုင်ငံရဲ့ ကြားဖြတ်သမ္မတအဖြစ် တရားဝင် အသိအမှတ်ပြုကြောင်း” အချိန်မဆိုင်းပဲ ဟစ်ကြွေးတယ်။

အမေရိကန်ရဲ့ ကိုလိုနီ နိုင်ငံများဆိုင်ရာ ဌာန အထွေထွေ အတွင်းရေးမှူး (the Secretary General of the Ministry of Colonies of the USA) (OAS) အယ်(လ်)မဂရိုကလည်း အာဏာသိမ်းပွဲကို လှိုက်လှိုက်လှဲလှဲ ကြိုဆိုလိုက်တယ်။ “နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၂၃၃ နဲ့အညီ ဗင်နီဇွဲလား သမ္မတအဖြစ် နေရာယူလိုက်တာကို ကြိုဆိုတယ်။ မင်းမှာ ငါတို့ရဲ့ ထောက်ခံမှု၊ နိုင်ငံတကာအသိုင်းအဝိုင်းရဲ့ ထောက်ခံမှု၊ ဗင်နီဇွဲလား လူထုရဲ့ ထောက်ခံမှု ရှိတယ်” ဆိုပြီး လမ်ကြုတ်ဇတ်လေး ခင်းကာ ပစ်ထောက်ခံလိုက်တယ်။

ပြီးခဲ့တဲ့ (၂၀၁၉၊ ဇန်နဝါရီလ) ၁၀ရက်နေ့ကလည်း အမေရိကန်အစိုးရ အတွင်းရေးမှူး မိုက်(ခ်)ပွန်ပီယိုက လက်နက်ကိုင် တပ်တွေကို သမ္မတ မက်ဂျူရိုကို ဘေးချိတ်ပြီး အာဏာသိမ်းပွဲ ဆက်လုပ်ဖို့ တိုက်တွန်းခဲ့သေးတယ်။ ဖွဲ့စည်းပုံကို စောင့်ထိန်းရမယ့် လက်နက်ကိုင်တပ်တွေက ဒီမိုခရေစီ ပြန်ရရေး အာဏာဆက်သိမ်းဖို့ ဆော်သြခဲ့တယ်။ အာဏာသိမ်းဇာတ်ခင်းနေသူတွေကို အမေရိကန်က ငွေကြေး ထောက်ပံ့ထားကြောင်းကိုလည်း အမေရိကန် အစိုးရ အတွင်းရေးမှူးက အရိပ်အမြွက် ထည့်ရေးခဲ့သေးတယ်။ အမေရိကန်၊ အီးယူ၊ အိုအေအက်စ် စတဲ့နယ်ချဲ့အုပ်စု ကြိုးဆွဲရာကမယ့် “စင်ပြိုင်အစိုးရ” ထောင်ခိုင်းပြီး ဗင်နီဇွဲလား လူထုမဲနဲ့ တက်လာတဲ့ အစိုးရကို ဖြုတ်ချရေး ဖြစ်တယ်။

နယ်ချဲ့အမေရိကန် ဂြိုဟ်မွှေတာ ခံနေရတဲ့ သမ္မတ မက်ဂျူရိုက အမေရိကန်နဲ့ သံတမံဆက်ဆံရေး ပြတ်ပြီ။ ၇၂နာရီအတွင်း ဗင်နီဇွဲလားက ထွက်သွားကြလို့ ပြောနေချိန်မှာပဲ ရုပ်သေး ဂွိုင်ဒိုက သံအမတ်ကြီးတွေ ဗင်နီဇွဲလားမှာ ဆက်နေဖို့ ထုတ်ပြန်ကြေညာခဲ့တယ်။ ဘိုလီဗေးရီးယန်း တော်လှန်ရေးကို အမြဲတမ်း ဆန့်ကျင်ခဲ့သူ မာကိုရူဘီယိုကလည်း အခု အာဏာသိမ်းပွဲကို ကျားကျားမီးယပ် ထောက်ခံနေတယ်။ ရုပ်သေး သမ္မတ ဂွိုင်ဒို အဆိုပြုသူတွေကိုသာ သံအမတ်အဖြစ် အသိအမှတ်ပြုဖို့လည်း ပြောနေတယ်။

သမ္မတ မက်ဂျူရိုရဲ့ လူတန်းစား သဟဇာတဖြစ်ရေး အခြေခံ ပေါ်လစီတွေကို ကျနော်တို့ မာ့(ခ်စ်)ဝါဒီတွေ လက်မခံပါဘူး။ ဒါပေမယ့် ဒါက သက်သက်ပါ။ နယ်ချဲ့အမေရိကန် အုပ်စုက ကြိုးကိုင်ပြီး ရုပ်သေး ဂွိုင်ဒိုတို့ အာဏာသိမ်းတဲ့ လုပ်ရပ်ကို လုံးဝ ဆန့်ကျင်တယ်။ စီးပွားရေး၊ လူမှုရေး၊ နိုင်ငံရေး ဘယ်ရှုထောင့်ကကြည့်ကြည့် လူထုအဖို့ ကပ်ဘေးဆိုက်မဲ့ ကိန်းပါ။ ဒါ့ကြောင့် နယ်ချဲ့အုပ်စု ကြိုးကိုင်ထားတဲ့ ရုပ်သေး တသိုက်က အာဏာလုခြင်းကို ဝိုင်းဆန့်ကျင် ကန့်ကွက်ရပါမယ်။

နယ်ချဲ့အကျိုးစီးပွား

အရင်းရှင် နယ်ချဲ့နိုင်ငံကြီးတွေဟာ ကုန်ကြမ်းရနိုင်တဲ့ အရင်းအမြစ်ကို သူ့ထက်ငါ လက်ဝါးကြီးအုပ် ထိန်းချုပ် ထားနိုင်ရေး အသေအလဲ အားထုတ်ကြတယ်။ အနောက်အရင်းရှင် နယ်ချဲ့ဂိုဏ်းမှာ ဗိုလ်လုပ်ထားရရုံနဲ့ မကျေနပ်သေးပဲ တကမ္ဘာလုံးကို ဗိုလ်ကျကြီးစိုးချင်တဲ့ အမေရိကန်ဟာ သူ့အိမ်ဘေးက ရေနံ စားကျက်ကြီးကို မျက်စိကျနေတာ နှစ်ပေါင်း၂၀ မကတော့။

ဒါ့အပြင် နယ်ချဲ့စနစ်ကို ခြိမ်းခြောက်နေတဲ့ ဘိုလီဗေးရီးယန်း တော်လှန်ရေးရဲ့ အောင်သီးအောင်ပွင့်တွေ ဗင်နီဇွဲလားမှာ ခံစားနေခဲ့ရတာကိုလည်း အမေရိကန် ငြိမ်ကြည့်မနေနိုင်ပါ။ ဒီတော့ ဗင်နီဇွဲလားမှာ စီးပွားရေး ယိုယွင်းကျဆင်းလာအောင် ဒဏ်ခတ် ပိတ်ဆို့တာတွေ ကြိုတင်လုပ်ထားခဲ့တယ်။ ဗင်နီဇွဲလား ပြည်တွင်းမှာလည်း လွန်ခဲ့တဲ့ လေးနှစ်လောက်ကတည်းက ရေနံဈေး ထိုးကျသွားခဲ့တဲ့နောက် စီးပွားရေး ကျဆင်းမှုဒဏ် ခံနေခဲ့ရတယ်။

ဒါ့ထက် အခြေခံကျတဲ့ အကြောင်းတရားကတော့ ဗင်နီဇွဲလားရဲ့ စီးပွားရေး အသက်သွေးကြောတွေကို ပုဂ္ဂလိက အရင်းရှင်တွေ လက်ထဲ ပစ်ထားပြီး၊ အရင်းရှင်စနစ်ကို ထိန်းချုပ်ကန့်သတ်ဖို့ လုပ်တဲ့ ပေါ်လစီတွေကြောင့်ပဲ။

ဒီလို အကြောင်းအချက်တွေကြောင့် စီးပွားရေး ယိုယွင်းလာတဲ့အခါ သမ္မတ မက်ဂျူရိုကို ထောက်ခံမှု လျော့ကျလာတယ်။ ဒါ့အပြင် ကိုလမ်ဘီယာ၊ ဘရာဇီး(လ်)၊ အာဂျင်တီးနား နဲ့ ချီလီတို့မှာလည်း လက်ယာ အစိုးရတွေ တက်လာချိန် ဖြစ်တယ်။ အခွင့်ကောင်းကို ချောင်းနေတဲ့ နယ်ချဲ့သမား အမေရိကန်က ဒီလို အခြေအနေမှာ ရုပ်သေး ဂွိုင်ဒိုကို ကြိုးဆွဲပြီး အာဏာသိမ်းဖို့ သေချာအကွက်ချ စီစဉ်ခဲ့တာပဲ။ ကြိုးဆွဲရာ ကမယ့် လက်ဝေခံအစိုးရတရပ်ကို တင်ပြီး ဘိုလီဗေးရီးယန်း တော်လှန်ရေးကို အမြစ်က ဖယ်ရှားပစ်ကာ နယ်ချဲ့ အကျိုးစီးပွားကို ဖော်ဆောင်ဖို့ဖြစ်တယ်။

နယ်ချဲ့ရုပ်သေး ဂွိုင်ဒိုအုပ်စုက တင်လာတဲ့ “အကူးအပြောင်း ဥပဒေ” ဆိုတဲ့အထဲမှာ အာဏာသိမ်းရခြင်းရဲ့ နိုင်ငံရေး၊ စီးပွားရေး ရည်မှန်းချက်တွေကို ထင်ထင်ရှားရှား တွေ့ရမယ်။ “ဗဟိုချုပ်ကိုင်မှုတွေ၊ လက်လွတ်စပယ် သိမ်းယူထားမှုတွေနဲ့ တခြား အလားတူလုပ်ရပ်တွေကို ဖျက်ပစ်ရမယ်။ ဒီလို လုပ်နိုင်ဖို့ ဈေးကွက်နဲ့ လွတ်လပ်မှုအပေါ် အခြေခံတဲ့ ပုံစံနဲ့ အစားထိုးရမယ်။ စီးပွားရေး လုပ်ငန်းကြီးတွေရဲ့ လွတ်လပ်မှု နဲ့ ပုဂ္ဂလိကပိုင်ဆိုင်မှု အခွင့်အရေးတွေကို အာမခံချက်ရှိတဲ့ အခြေအနေမှာ ဗင်နီဇွဲလား နိုင်ငံသားတွေ အလုပ်လုပ်နိုင်ခွင့်ရှိတဲ့ ဈေးကွက် ပုံစံနဲ့ အစားထိုးရမယ်။”

လက်တဆုပ်စာ အရင်းရှင် လူတန်းစား လက်ထဲကို လူထုပိုင် လုပ်ငန်းကြီးတွေ (သံမဏိ၊ ဆက်သွယ်ရေး၊ ဘိလပ် မြေ၊ လျှပ်စစ် စသဖြင့်) လွှဲအပ်ရမယ် ပြောလိုက်ခြင်းပဲ။ လက်တဆုပ်စာ အရင်းရှင်ကြီးတွေရဲ့ ပုဂ္ဂလိက ပိုင်ဆိုင် မှုကို အကာအကွယ် ပေးရဦးမတဲ့။ သူတို့တတွေ လွတ်လပ်စွာ သွေးစုပ်တဲ့ အခြေအနေအောက်မှာ နိုင်ငံသားတွေက လွတ်လွတ်လပ်လပ် သွေးစုပ်ခံခွင့် ရှိပါတယ်တဲ့။

နယ်ချဲ့အမေရိကန် ကမ္ဘာပတ် အကောင်အထည် ဖော်နေတဲ့ နီယိုလစ်ဘရယ် ပေါ်လစီကို ရုပ်သေး ဂွိုင်ဒိုအုပ်စုက တင်ပြနေခြင်း ဖြစ်တယ်။ ဒါ့အပြင် အရင် မြေရှင်ကြီးတွေဆီက သိမ်းယူထားတဲ့ လူထုပိုင် မြေတွေကိုလည်း မြေရှင်ကြီးတွေဆီ ပြန်ပေးဦးမယ်။ လက်ဝါးကြီးအုပ် အရင်းရှင် အဖွဲ့ကြီးတွေကိုလည်း ရေနံတွေ စိတ်ကြိုက် ထုတ်ယူဖို့ တရားဝင် စာချုပ်နဲ့ ခွင့်ပြုပေးဦးမယ်။

အခုလို ဆက်ပြောသေးတယ်။ “ပြည်သူပိုင်လုပ်ငန်းတွေကို ထိထိရောက်ရောက်နဲ့ ပွင့်လင်းမြင်သာမှုရှိရှိ စီမံခန့်ခွဲနိုင်ဖို့ ပြန်လည် တည်ဆောက်ရမယ်။ ပြည်သူပိုင်ကနေ ပုဂ္ဂလိကနဲ့ ပူးပေါင်းလုပ်တာတွေလဲ ရှိလာမယ်” တဲ့။ ရိုးရိုးရှင်းရှင်း ပြောရင်ကတော့ ပြည်သူပိုင် လုပ်ငန်းတွေက အလုပ်သမားတွေ အများအပြား အလုပ်လက်မဲ့ဖြစ်သွားမယ်။ ပုဂ္ဂလိကအရင်းတွေ ဝင်လာပြီး ခြယ်လှယ်သွေးစုပ်မယ်။

ဒီလို လက်တွေ့လုပ်ထားတဲ့ နိုင်ငံတိုင်းကို ကြည့်လိုက်ပါ။ လူထုနာပြီး လက်တဆုပ်စာ အရင်းရှင်တွေပဲ ချမ်းသာသထက် ချမ်းသာနေတာ တွေ့ရမယ်။ ကုန်ထုတ် လုပ်ငန်း၊ ကုန်ထုတ် အရင်းအနှီးကို တကယ် လုပ်အား စိုက်ထုတ်နေရတဲ့ အလုပ်သမား လူတန်းစား ထိန်းချုပ်မှုအောက် မထားပဲ လက်တဆုပ်စာ ကပ်ပါး သွေးစုပ်သူတွေဆီပဲ တွန်းပို့နေရင် လူမှု ပြဿနာတွေကို ဘယ်ဖြေရှင်းနိုင်မလဲ။ ဒါကို ဖုံးဖိဖို့ လွတ်လပ်မှု၊ ထိရောက်မှု၊ ပိုင်ဆိုင်မှု၊ စတဲ့ သကာရည်တွေ လောင်းပေးရတယ်။ သကာကိုဖယ်ပြီး အတွင်းအနှစ်သာရကို ကြည့်ဖို့လိုတယ်။

နယ်ချဲ့တင်တဲ့ ရုပ်သေးအစိုးရသာ တက်လာရင် ဘိုလီဗေးရီးယန်း တော်လှန်ရေးရဲ့ အောင်သီးအောင်ပွင့်တွေကို ဖျက်စီးပစ်မှာ မြေကြီးလက်ခတ်မလွဲပဲ။ အဆင့်မြင့်ပညာအထိ အားလုံးအတွက် အခမဲ့ ပညာရေးစနစ်၊ လူထုတရပ်လုံး အတွက် အခမဲ့ ကျန်းမာရေး စောင့်ရှောက်မှုစနစ်၊ အိမ်ခြေယာမဲ့တွေအတွက် အိုးအိမ်ပေါင်း ၂.၅သန်း ဆောက်ပေးခဲ့ခြင်း စတဲ့ တော်လှန်ရေး အောင်သီးအောင်ပွင့်တွေကို ဖျက်စီးပစ်လို့ လူထုက အုံကြွလာရင် ရုပ် သေးအစိုးရဟာ အကြမ်းဖက်ဖိနှိပ်ပြီး ရပ်တည်ဖို့ကြိုးစားလိမ့်မယ်။

ဘာလုပ်ကြမလဲ

နယ်ချဲ့ ကြိုးကိုင်စီစဉ်တဲ့ အာဏာသိမ်းပွဲကို ဆန့်ကျင်တိုက်ဖျက်ဖို့ အလုပ်သမား လူတန်းစားနဲ့ လယ်သမား လူတန်းစားရဲ့ တော်လှန်ရေး အင်အားအပေါ် အခြေခံရပါမယ်။ လူထုကို လက်နက်တပ်ဆင် ကာကွယ်ရပါမယ်။ စက်ရုံတွေကို အလုပ်သမား လူတန်းစားက ထိန်းချုပ်ရမယ်။ အာဏာသိမ်းဇာတ် ကလန့်ကာ နောက်ကွယ်မှာ ရှိနေတဲ့ ဘဏ်လုပ်ငန်းရှင်ကြီးတွေ၊ အရင်းရှင်ကြီးတွေ၊ မြေရှင်ကြီးတွေဆီက လက်ဝါးကြီးအုပ် အရင်း အားလုံးကို ပြန်သိမ်းယူရမယ်။ လူထု စားဝတ်နေရေး ပြေလည်စေဖို့ ပုံမှန် မလည်ပတ်နိုင် ဖြစ်နေတဲ့ ကုန်ထုတ်လုပ်ငန်းတွေကို ဒီမိုခရေစီနည်းကျ စီမံထားခြင်းပေါ် အခြေခံပြီး အလုပ်သမား လူတန်းစား ထိန်းချုပ်မှုအောက် အမြန်လွှဲပြောင်းပေးရမယ်။ မြေယာ လုပ်ငန်းကို လယ်သမားအဖွဲ့အစည်းတွေကပဲ ထိန်းချုပ်စီမံရမယ်။ ဒါ့အပြင် စစ်တပ်ထဲမှာ တော်လှန်သော စစ်သားတွေနဲ့ တော်လှန်ရေး ကော်မတီတွေ ဖွဲ့စည်းပြီး အာဏာသိမ်းပွဲမှာ ပါဝင်နိုင်တဲ့ စစ်ဗိုလ်တွေ၊ နယ်ချဲ့သမားက ငွေနဲ့ပေါက်ဝယ်တာ ခံရနိုင်တဲ့ စစ်ဗိုလ်တွေကို စောင့်ကြည့်ထိန်းချုပ်ရမယ်။

နယ်ချဲ့အုပ်စု ကြိုးကိုင်နေတဲ့ အာဏာသိမ်းပွဲကို ကမ္ဘာ့အဖိနှိပ်ခံ လူထုက ဆန့်ကျင် လှုပ်ရှားကြဖို့ တိုက်တွန်း လိုက်ပါတယ်။

“ဗင်နီဇွဲလားကို ဂြိုဟ်မမွှေနဲ့၊
အရင်းရှင် လူတန်းစားဆီက ပြန်သိမ်းယူကြ၊
ယန်ကီးတွေ အိမ်ကိုပြန်”

#Hands_off_Venezuela
#Expropriate_the_bourgeoisie
#Yankees_Go_Home

လင်းလက်

ကိုးကား-

Venezuela: coup in progress, Guaidó proclaims himself president 24 Jan 2019
Washington moves towards “regime change” in Venezuela 13 Jan 2019
Trump is going for regime change – we say: hands off Venezuela! 29 Jan 2019

ဒီဆောင်းပါးကို ကျနော်တို့ Revolutionary Marxism ရဲ့ မူလ စာမျက်နှာ The Communist မှာ ၂၀၁၉ ခုနှစ်က ဖော်ပြခဲ့တာ ဖြစ်ပေမယ့် အခု လက်ရှိ ဒေါ်နယ် ထရမ့် အစိုးရက ဗင်နီဇွဲလားကို ရန်စ တိုက်ခိုက်နေတာတွေနဲ့ ချိတ်ဆက်ကြည့်လို့ ရပါတယ်။