နုဂျီ လော်ဘီတယောက်က Eurasia Review မှာ ဖော်ပြထားတဲ့ ဆောင်းပါး တပုဒ်ကို ‘အမေရိကန်တို့ AA ကို ထောက်ပံ့တော့မည်လော’ ခေါင်းစဉ်နဲ့ ဇောက်ထိုး ဘာသာပြန်ပြီး တင်လိုက်ပါတယ်။ ဒါမျိုးက မှန်တာ မမှန်တာ အပထား၊ အွန်လိုင်းပေါ်ကနေ တော်လှန်ရေး ထောက်ခံနေသူတွေ သည်းခြေကြိုက်တဲ့ အကြောင်းအရာ။ ဒီကိစ္စကိုပဲ TM media က သုံးသပ်ချက် ဆောင်းပါးတပုဒ် ဖော်ပြထားပြန်တယ်။
ပထမဆုံး နုဂျီ လော်ဘီ တင်ထားသလို အမေရိကန် အစိုးရက အေအေကို ထောက်ပံ့တော့မယ်ဆိုတာ အမှန်ပဲလား။ ဒီအကြောင်း ဖော်ပြထားတဲ့ source တွေက ဘယ့်လောက် ခိုင်မာသလဲ အရင် မေးခွန်းထုတ်ရမယ်။ မှန်တယ်ဆိုရင်ရော ဝမ်းသာအားရ ထလက်ခုပ်တီးရမယ့် ကိစ္စလား။ ယူကရိန်းကို ထောက်ပံ့တာရဲ့ ၁% လောက် သူတို့ကို ထောက်ပံ့ရင်တောင် ဒီတော်လှန်ရေး နိုင်ပါတယ်လို့ နုဂျီ အသိုင်းအဝိုင်းက ပြောခဲ့ကြဖူးတယ်။ (စကားလုံး အတိအကျတော့ ကိုယ့်ဘာသာ ရှာကြည့်ပါ မိတ်ဆွေ၊ သဘောလောက်ပဲ ရည်ညွှန်းချင်တာဖြစ်လို့ ပြန်မရှာအားပါ)
ယူအက်(စ်)က အေအေကို ထောက်ပံ့မယ့်အကြောင်း နားစွန်နားဖျား ကြားရုံရှိသေး ထခုန်မတတ် ဖြစ်သွားတာကို ကြည့်ရင် လစ်ဘရယ် ဘူဇွာတွေရဲ့ ‘အနောက်မျှော်ဝါဒ’ ဘယ့်လောက် ကြီးမားသလဲ မြင်ရလိမ့်မယ်။ အမေရိကန် ခေါင်းဆောင်တဲ့ အနောက် အရင်းရှင်နယ်ချဲ့ ပါဝါတွေကို ယုံစားမိလို့ ယူကရိန်း ထောင်းလမောင်း ကြေခဲ့ရတာ အခုထိ နားလည်ပုံ မရသေးဘူး။
conspiracy ဆန်တဲ့ ထင်မြင်ချက်တွေ
နုဂျီ လော်ဘီ ကိုးကားတဲ့ သတင်းရင်းမြစ် ခိုင်လုံမှု ရှိမရှိ အရင်ကြည့်ရအောင်။ သူကိုးကားထားတဲ့ ဆောင်းပါးက ထင်မြင်ချက် ဆောင်းပါးအမျိုးအစား ဖြစ်တယ် ဆိုတာ အရင်ဆုံး သတိပြုသင့်တယ်။ မူရင်း ခေါင်းစဉ်က ‘Chinese Covert Intervention in Myanmar Amidst Possible Proxy War with US’ လို့ တွေ့ရပါတယ်။ ထင်မြင်ချက် ဆောင်းပါး ဖြစ်လေတော့ ထင်မြင်ချက် ရေးသူက ဘယ်သူ ဘယ်ဝါလဲ သိဖို့ အရေးကြီးလာပြီ။ ဘီဘီစီနဲ့ ရိုက်တာ(စ်)တို့မှာ သတင်းထောက် လုပ်လာသူ Subir Bhaumik ဆိုတာလောက်နဲ့ မလုံလောက်ဘူး။ ယူရေးရှား ရီဗျူးမှာ Subir Bhaumik ရေးခဲ့တဲ့ ဆောင်းပါးတချို့ကို ဖြတ်ခနဲ ကြည့်ရင်တောင် သူဟာ conspiracy ဆန်တဲ့ ထင်မြင်ချက်တွေ ရေးလေ့ရှိသူ၊ ဘင်္ဂလားဒေ့ရ်ှ နိုင်ငံရေးမှာ ရှိတ်(ခ်)ဟာဆီနာကို ထောက်ခံရေးသားသူ ဆိုတဲ့ အချက်ကို သွားတွေ့ရမယ်။
သူရေးတဲ့ ထင်မြင်ချက်တွေက ဘယ်လို conspiracy ဆန်တာလဲ။ အထင်ရှားဆုံး နမူနာအနေနဲ့ ယူရေးရှား ရီဗျူးမှာပဲ ၂၀၂၅၊ မတ်လ ၉ ရက်နေ့က ဖော်ပြထားတဲ့ ‘UN role in Bangladesh Regime Change owned up by Top Official’ ဆိုတဲ့ ဆောင်းပါးကို ကြည့်ပါ။ သူ့အာဘော်ကို အနှစ်ချုပ်လိုက်ရင် ဘင်္ဂလားဒေ့ရ်ှမှာ ဝန်ကြီးချုပ် ရှိတ်(ခ်)ဟာဆီနာ ပြုတ်ကျခဲ့တာ စစ်မှန်တဲ့ လူထု အုံကြွမှုကြောင့် မဟုတ်ဘူး၊ ယူအက်(စ်) က ကြိုးကိုင်ခဲ့တဲ့ ‘regime change’ လုပ်ရပ် ဖြစ်တယ်၊ ယူအက်(စ်)အပြင် ယူအန်ကလဲ ဟာဆီနာ ပြုတ်ကျအောင် ဝင်သမခဲ့သေးသတဲ့။ ဘင်္ဂလားဒေ့ရှ် စစ်တပ်က ဆန္ဒပြ ကျောင်းသားတွေကို ပစ်ခတ်ဖြိုခွဲဖို့ လက်တွန့်ခဲ့တာ ယူအန်ကို ကြောက်ရလို့ ဆိုပြီး Bhaumik က ဆင်ခြေပေးပါတယ်။ (အတိအကျ ဘာသာပြန် မပြတော့ပါဘူး၊ သူ့အာဘော် လိုရင်းကိုပဲ ရေးလိုက်ပါတယ်။ အတိအကျ ဖတ်လိုသူတွေအတွက် အောက်မှာ လင့်ခ် ထည့်ပေးထားပါမယ်)။
သူ့ဆင်ခြေက အတော် ရယ်စရာကောင်းတဲ့ ပြက်လုံးတခုပဲ။ လူထု အရေးတော်ပုံ တရပ်ကို သေးသိမ်အောင် ပြောရာလဲ ရောက်ပါတယ်။ သူ့မူရင်း အရေးအသား စာတကြောင်းကို ဒီနေရာမှာ ကောက်နှုတ်ပြပါရစေ – “If the so-called student agitation was funded by US, the UN seems to have played a more decisive role in its ultimate success”
ဘင်္ဂလားဒေ့ရှ်တော်လှန်ရေးမှာ တက်တက်ကြွကြွ ပါဝင်ခဲ့ကြတဲ့ ကျောင်းသား လှုပ်ရှားမှုကို အမေရိကန်က ငွေပေး ထောက်ပံ့ထားတဲ့ ‘so-called student agitation’ လို့ သုံးနှုန်းထားတာကို သတိထားကြည့်ပါ။ သူ့ရပ်တည်ချက် ဘာလဲ မြင်ရလိမ့်မယ်။ ဗမာပြည် စစ်အာဏာရှင် အစိုးရအဆက်ဆက်က ဒီမိုကရေစီ အရေး တက်ကြွလှုပ်ရှားတဲ့ ကျောင်းသားတွေကို ‘အနောက်အုပ်စု မြှောက်ပေးလို့ လုပ်နေကြတာ’ ဆိုတဲ့ စော်ကားပုံမျိုးနဲ့ ဘာကွာပါသလဲ။ ဟာဆီနာကို ဖြုတ်ချခဲ့တဲ့ အဲဒီ လှုပ်ရှားမှုမှာ ယူအန်ရဲ့ အခန်းကဏ္ဍက ပိုပြီး အခရာကျတယ်လို့ ဆိုထားသေးတယ်။ အတော် အူကြောင်ကြောင်နိုင်တဲ့ ထွင်လုံး တခုပဲ။ ယူအက်(စ်)နဲ့ ယူအန်ကို သီးခြား ပါဝါနှစ်ခုလို ခွဲပြောနေတာကိုက အတော်လွဲနေပြီ။
ယူအက်(စ်) အစိုးရက သူမကြိုက်တဲ့ နိုင်ငံခြား အစိုးရတွေကို ပုံစံမျိုးစုံနဲ့ ဖြုတ်ချခဲ့တဲ့ သမိုင်း ရှိတယ်။ ဒီအချက်ကို ဘာမှ ငြင်းစရာ မရှိဘူး။ ဒါပေမယ့် နိုင်ငံတခုမှာ လူထု အရေးတော်ပုံ တရပ်ဖြစ်ပြီး အစိုးရဟောင်း ပြုတ်ကျသွားတိုင်း၊ အမေရိကန် လိုလားသူ တဦးဦး တက်လာတိုင်း အမေရိကန် လက်ချက်ပဲလို့ တရားသေ စွပ်စွဲလို့ မရဘူး။ အရောင် တော်လှန်ရေးနဲ့ စစ်မှန်တဲ့ လူထု တော်လှန်ရေးတွေကို ကွဲကွဲပြားပြား ခွဲခြားနားလည်ဖို့ အရေးကြီးတယ်။
အမေရိကန် ဝင်စွက်ဖက်တဲ့ မင်းပြောင်းမင်းလွှဲ လုပ်ရပ် ဆိုရင်တောင် အခု Bhaumik စွပ်စွဲသလို ယူအန်က ယူအက်(စ်)ထက် ပိုအခရာကျခဲ့တယ် ဆိုတာမျိုးက အတော် အူကြောင်ကြောင် နိုင်ပါတယ်။ ယူအန် ဆိုတာ အစွယ်မပါတဲ့ အရုပ်ပါ။ ယူအက်(စ်)နဲ့ အပြိုင် ဝင်စွက်ဖက်နိုင်တဲ့ ပါဝါမဟုတ်ဘူး။ ယူအက်(စ်) အကောင်အထည် ဖော်ချင်တဲ့ အာဂျင်ဒါ ရှိရင် လူကြားကောင်းအောင် တံဆိပ်တုံး ထုပေးရတဲ့ ရုံးတရုံး ဆိုပါတော့။ ယူအက်(စ်)နဲ့ အပြိုင် ဩဇာ သက်ရောက်နိုင်တဲ့ သီးခြား အာဏာ ယန္တရား မဟုတ်ဘူး။
အဲတော့ ‘မင်းတို့ လူထု ဆန္ဒပြပွဲတွေကို ပစ်ခတ်ရင် နောင်အခါ ယူအန်ရဲ့ peacekeeping mission တွေမှာ ဝင်ပါခွင့် ရမှာ မဟုတ်ဘူး’ လို့ ယူအန်က ဘင်္ဂလားဒေ့ရှ်စစ်တပ်ကို ခြိမ်းခြောက်ထားလို့ ရှိတ်(ခ်)ဟာဆီနာက စစ်တပ်ကို အမိန့်ပေးတဲ့အခါ အရာမထင်တာ ဆိုတဲ့ ရေးသားချက်မျိုးဟာ ပုံပြင်ဆန်လွန်းပါတယ်။ ဟာဆီနာ အလိုတော်ရိ တယောက်ရဲ့ ပြဇာတ် ထွင်လုံး တပုဒ်လို့ပဲ နားလည်ရလိမ့်မယ်။ အဲသလောက်တောင် ယူအန်မှာ ပါဝါရှိနေရင် လစ်ဘရယ်တွေ မျှော်ကြတဲ့ ယူအန် တပ်ကြီး ၂၀၂၁ ကတည်းက ဗမာပြည်ကို ဝင်လာမှာပေါ့။ အခုလောက်ဆို စစ်အစိုးရ ပြုတ်ကျလို့ နုဂျီတောင် နေပြည်တော်မှာ ရုံးတက်နေလောက်ပြီ။
အခု နုဂျီ လော်ဘီ ကိုးကားပြောနေတဲ့ Bhaumik အလိုအရ ယူအန်က အဲ့ထက် ပိုစွမ်းတဲ့ကိန်း။ ဘင်္ဂလားဒေ့ရ်ှကို ယူအန် တပ်တွေ ဝင်စရာကို မလိုဘဲ လေနဲ့ခြောက်ရုံနဲ့ စစ်တပ်ကကောင်တွေ ကြောက်ပြီး ဟာဆီနာပါ ထွက်ပြေးခဲ့ရသတဲ့။
အခုလို ဆန်းစစ်ကြည့်တော့ လုံးဝ အဓိပ္ပါယ်မရှိမှန်း မြင်သာတယ်။ ဒါပေမယ့် သူ့ထွင်လုံးကို လူတွေ မရိပ်မိအောင် ဇာတ်ကွက် အဆန်းလေးတွေလဲ ထည့်သေးသဗျ။ ဘင်္ဂလားဒေ့ရ်ှတောင်ပိုင်းက ကျွန်းတွေမှာ အမေရိကန် စစ်စခန်း ဖွင့်ဖို့ ပြောလာတော့ ဟာဆီနာက ယူအက်(စ်)ကို ငြင်းလိုက်တယ်တဲ့။ ဒါ့ကြောင့် အမေရိကန် အစိုးရက သူပြုတ်ကျအောင် ဘေးတီးပေးလိုက်တယ်ပေါ့လေ။
အုပ်စိုးသူတွေ ပြောလေ့ရှိတဲ့ ထွင်လုံးတမျိုး
ဒီဇာတ်လမ်းကို Bhaumik စပြောတာတော့ မဟုတ်ပါဘူး။ ဟာဆီနာ ပြုတ်မကျခင်က ပြောခဲ့ဖူးတယ် ဆိုပြီး The Daily Star က ပြီးခဲ့တဲ့ ၂၀၂၄ မေ ၂၄ မှာ စတင် ဖော်ပြခဲ့တာ။ ပါတီ ၁၄ ခု တက်ရောက်တဲ့ အစည်းအဝေးမှာ အဲဒီ ဇာတ်လမ်းကို ဟာဆီနာ ပြောခဲ့တယ်လို့ ဆိုပါတယ်။ The Daily Star က အဲဒီ အစည်းအဝေးကို တက်ရောက် သတင်းယူခွင့် ရခဲ့လို့ ပြောသလား၊ တဆင့်ကြား ပြန်ရေးတာလား မေးခွန်းထုတ်စရာ ရှိတယ်။ ဟာဆီနာက အဲဒီ ဇာတ်လမ်းကို ပြောခဲ့တယ် ဆိုရင်တောင် ဒီဇာတ်လမ်းက အမှန်ပါလို့ ဘယ်လို ယုံလို့ ရမလဲ။
ဟာဆီနာက အဲဒီ အချိန်မှာ အာဏာရ ပါတီရဲ့ ခေါင်းဆောင်၊ လူထု ဆန့်ကျင်မှု အပြင်းအထန် ခံနေရတဲ့ အစိုးရ ခေါင်းဆောင် တယောက်။ ဒီလို အစိုးရ ခေါင်းဆောင်မျိုးက ပြည်ပ ဖိအား (ဒီနေရာမှာ ဒရမ်မာ အရှိန်တက်သွားစေတာက ယူအက်စ် နယ်ချဲ့က ပေးတဲ့ ဖိအား) ကို ကြံ့ကြံ့ခံ ရင်ဆိုင်ပြီး တိုင်းပြည် ကောင်းစားရေး၊ ဒေသတွင်း နိုင်ငံတွေ တည်ငြိမ်ရေးကို ဦးစားပေး လုပ်ခဲ့တယ် ဆိုတာမျိုး လံကြုတ် ဇာတ်လမ်းဆင် ပြောလေ့ရှိတာပဲ။ ဒါ့ကြောင့် လူဖြူကြီးတယောက်က ဟာဆီနာကို “နှစ်ကိုယ်ကြား” ပြောသွားခဲ့တယ် ဆိုတဲ့ စကားကို သံသယ ကြီးကြီးထားပြီး မေးခွန်းထုတ်ဖို့ အလွန် အရေးကြီးတယ်။
ပြည်တွင်း လူတန်းစား ပဋိပက္ခ သိပ်သည်းပြင်းထန်နေရင် ပြည်ပက လာတဲ့ လွှမ်းမိုးခြယ်လှယ်မှုကို လက်ညှိုးထိုးပြကြတာလဲ အုပ်စိုးသူ လူတန်းစားတွေ လုပ်နေကျ အလုပ်ပဲ။ တချို့ အုပ်စိုးသူတွေဆို ပြည်တွင်း ပဋိပက္ခကို လမ်းလွှဲပစ်ဖို့ ပြည်ပ ကျူးကျော်စစ်တွေ ထတိုက်တာမျိုး၊ ပြည်ပ ကျူးကျော်စစ် မတိုက်နိုင်ရင် ပြည်တွင်းက အားနည်းသူ လူနည်းစု (ဥပမာ၊ ရိုဟင်ဂျာတွေ) ကို scapegoat လုပ်တာမျိုး။
မှန်လား၊ မမှန်လား၊ ပြောခဲ့လား၊ မပြောခဲ့လား ဘာမှန်း ရေရေရာရာ မသိတဲ့ ဇာတ်လမ်း plot တခုကို အခြေခံပြီး Bhaumik က အပေါ်က ထင်မြင်ချက်မျိုး လျှောက်ရေးတာပဲ။ ဒါကို ဗမာပြည်က လူတချို့ကလဲ အဟုတ်ထင်ပုံပဲ။
TM media ဆိုရင် ဒီဇာတ်လမ်းကို အခြေခံပြီး သုံးသပ်ချက် ဆောင်းပါးတွေ ထုတ်လွှင့်ခဲ့ဖူးတယ်။ သူကတော့ နုဂျီ လော်ဘီနဲ့ ရှုထောင့်မတူတာကို သတိထားမိတယ်။ ပရောက်စီ စစ်ပွဲ အန္တရာယ်ကို သတိပေးတာမျိုး တွေ့ရတယ်။ သူလဲ ဟာဆီနာ ပြောတဲ့ ဇာတ်လမ်းကို အတည်ယူပြီး သုံးသပ်တာပဲ။ Yunus က အမေရိကန်နဲ့ နီးစပ်သူ၊ ဟာဆီနာက တရုတ်နဲ့ နီးစပ်သူ ဆိုတာမျိုး ထပ်တလဲလဲ ပြောနေတာကြည့်ရင် ဘင်္ဂလားဒေ့ရ်ှ တော်လှန်ရေးဟာ တော်လှန်ရေး မဟုတ်ဘူး၊ အမေရိကန် အစိုးရ ကျောထောက်နောက်ခံပြုတဲ့ မင်းပြောင်းမင်းလွှဲ လုပ်ရပ်လို့ ယူဆပုံရတယ်။ Bhaumik လို ဗြောင်စွပ်စွဲတာမျိုး လုပ်မထားလို့ ငြင်းချင်လဲ ငြင်းပါလိမ့်မယ်။
ဒီနောက်ခံတွေကို ပြန်ပြောနေရတာ အကြောင်းရှိပါတယ်။ ယူအက်(စ်)က အေအေကို ထောက်ပံ့တော့မလား ဆိုပြီး နုဂျီ လော်ဘီက လက်ခုပ်ထတီးတယ်။ သူကိုးကားထားတဲ့ ဆောင်းပါးကို ကြည့်တော့ ဘင်္ဂလားဒေ့ရ်ှမှာ regime change ဖြစ်အောင် အမေရိကန်က ကူညီထားလို့ ဘင်္ဂလားဒေ့ရ်ှမှာ အမေရိကန် စစ်စခန်း ဖွင့်ပြီး အေအေကို ထောက်ပံ့ရေး လမ်းကြောင်း ဖွင့်ပေးတော့မယောင် ပြောထားတာ တွေ့ရမယ်။ ဒီတော့ ထွက်လာတဲ့ ရင်းမြစ်ရဲ့ ယုံကြည်စိတ်ချရမှုကို မေးခွန်းထုတ်စရာတွေ အများကြီး ဖြစ်သွားပြီ။
မျက်စိမှိတ် ယုံလိုက်တယ်ပဲ ထား။ ဒါ ဝမ်းသာရမယ့် ကိစ္စလား။ အမေရိကန်က ဘင်္ဂလားဒေ့ရ်ှမှာ စစ်စခန်းဖွင့်ပြီး ဗမာပြည်မှာ ပရောက်စီ စစ်ခင်းမယ့် ကိစ္စ။ နုဂျီ လော်ဘီက သူကိုးကားတဲ့ ဆောင်းပါးကို နာမည် မဖော်ပြတာ ‘Possible Proxy War’ ဆိုတဲ့ စကားစုကြောင့် ဖြစ်ပါလိမ့်မယ်။ ဇောက်ထိုး ဘာသာပြန်ထားတဲ့ သူ့စာမှာလဲ တရုတ် နဲ့ အမေရိက ပရောက်စီ စစ်ခင်းတာမျိုး ဖြစ်လာနိုင်တယ် ဆိုပြီး ဖော်ပြထားတာ မတွေ့ရဘူး။ အေအေကို အမေရိကန်က ကူညီတော့မှာ ဆိုတဲ့ အချက်ကိုသာ ဇောင်းပေး ဖော်ပြတာ တွေ့ရမယ်။ ရိုးသားမှု မရှိတာပဲ။
အရင်းရှင်နယ်ချဲ့စနစ်နဲ့ ပရောက်စီ စစ်ပွဲ
TM Media ကတော့ ပရောက်စီ စစ် အန္တရာယ်ကို အထူး သတိပေးထားတာ တွေ့ရတယ်။ ပရောက်စီ စစ် ဖြစ်သွားရင် ယူကရိန်းလို အထိနာမယ်ဆိုတာ အမှန်ပါပဲ။ ဒါ့ကြောင့် ပရောက်စီ စစ် ဖြစ်သွားနိုင်တဲ့ အန္တရာယ်ကို ကြိုတင် သတိပေးတာ လုပ်သင့်တဲ့ အလုပ်ပဲ။ ဒါပေမယ့် ပရောက်စီ စစ်နဲ့ ဖြဲခြောက်တာမျိုး မဖြစ်ဖို့တော့ အရေးကြီးလှတယ်။
TM Media ရဲ့ သုံးသပ်ချက်ကို ပြန်ကြည့်ရင် ရှိတ်(ခ်)ဟာဆီနာ ပြောခဲ့တဲ့ ‘လူဖြူကြီးက ကမ်းလှမ်းလာတယ် ဇာတ်လမ်း’ကို အမှန်လို့ ယူဆပြီး သုံးသပ်ထားတာ၊ ဘင်္ဂလားဒေ့ရ်ှမှာ အမေရိကန် ကျောထောက်နောက်ခံနဲ့ regime change ဖြစ်ခဲ့တာ ဆိုတဲ့ ဇာတ်လမ်းတွေကို အခြေခံထားတာ တွေ့ရမယ်။ ဒီတော့ Bhaumik အာဘော်နဲ့ ဘာမှ မကွာခြားလှ။ ဒီသတင်း ကြားလိုက်ရသူ စိတ်ထဲ ပရောက်စီ စစ်ပွဲ မကြာခင် ထဖြစ်တော့မယောင် ထင်သွားမယ်။
TM Media က Northeast News မှာ ဧပြီ ၁၅ ရက်နေ့က ဖော်ပြထားတဲ့ သတင်းကို အရင် ကိုးကားပြီး သုံးသပ်ထားတာ တွေ့ရတယ်။ အဲဒီသတင်းမှာတော့ ယူရေးရှား ရီဗျူး ဆောင်းပါးထက် ပိုအသေးစိတ်တဲ့ အချက်အလက်တွေ ဖော်ပြထားတယ်။ သတင်းရင်းမြစ်နဲ့ ပတ်သက်လို့ ဘင်္ဂလားဒေ့ရ်ှ စစ်တပ် ထိပ်ပိုင်းက အတည်ပြုထားကြောင်း NE News က ဆိုပါတယ်။ ဒါမျိုး သတင်းကို ဘယ်နိုင်ငံရဲ့ စစ်တပ် ထိပ်သီး အရာရှိကများ အတည်ပြုပေးပါလိမ့်။ ဒီသတင်း မှန်တယ်၊ မှားတယ် ဆိုတာ ကျနော်တို့ သီးခြား အတည်ပြုလို့ မရနိုင်တဲ့ ကိစ္စ။ ဘယ်ရင်းမြစ်က ပြောပါတယ် ဆိုတာလောက်နဲ့ ယုံစားဖို့ မလွယ်။ ဒီတော့ သတိကြီးကြီးထားပြီး သုံးသပ်ဖို့ လိုလာတယ်။
ဒီသတင်းကို စထုတ်ခဲ့တာ အိန္ဒိယဘက်က ဖြစ်နေတယ် ဆိုတဲ့ အချက်ကိုလဲ သတိပြုသင့်တယ်။ ရှိတ်(ခ်)ဟာဆီနာက တရုတ်နဲ့ နီးစပ်သူ ဖြစ်ခဲ့သလို အိန္ဒိယရဲ့ ရေရှည် မဟာမိတ်လဲ ဖြစ်တယ်။ ဒီအချက်ကိုလဲ ထည့်စဉ်းစားဖို့ လိုပါတယ်။ လက်ရှိ ဟာဆီနာကို လက်ခံထားတာလဲ အိန္ဒိယပဲ။ ဟာဆီနာ ပြုတ်ကျပြီး ဘင်္ဂလားဒေ့ရှ်နဲ့ အိန္ဒိယ နှစ်နိုင်ငံ ဆက်ဆံရေး တင်းမာလာခဲ့တယ်။ ၂၀၂၄ ဒီဇင်ဘာလက အိန္ဒိယနိုင်ငံ Tripura ပြည်နယ်မှာရှိတဲ့ ဘင်္ဂလားဒေ့ရှ် ကောင်စစ်ဝန်ရုံးကို ဟိန္ဒူ လက်ယာအုပ်စုက ဝင်ရောက်တိုက်ခိုက်တာမျိုး လုပ်ခဲ့သေးတယ်။ ဒါ့အပြင် ဟာဆီနာက အိန္ဒိယမှာ ခိုလှုံနေရင်း ဘင်္ဂလားဒေ့ရှ်မှာ ရှိတဲ့ သူ့ပါတီ Awami League ထောက်ခံသူတွေကို ဆန္ဒပြပွဲတွေ လုပ်ဖို့ ညွှန်ကြားခဲ့တာတွေလဲ ရှိတယ်။
ဒါ့ကြောင့် အမေရိကန် စစ်အခြေစိုက် စခန်းကိစ္စ အိန္ဒိယဘက်က သတင်းထွက်လာတာမို့ အတော် သံသယဝင်စရာ ကောင်းပါတယ်။ လက်ရှိ ဘင်္ဂလားဒေ့ရှ် အစိုးရခေါင်းဆောင် Yunus က ‘အမေရိကန် ကျောထောက်နောက်ခံပြု regime change ကြောင့် ဒီနေရာရလာတာ၊ အမေရိကန်အပေါ် “ကျေးဇူးကြွေးတင်နေလို့” တရုတ်ရဲ့ BRI ကို ထိပါးစေမယ့် အမေရိကန် စစ်စခန်း ဖွင့်ရေး အစီအမံကို အသာတကြည် လက်ခံလိုက်တာ’ ဆိုတဲ့ ဇာတ်လမ်းက ‘ထွင်လုံးတခု’ ဖြစ်နေတဲ့ အချက်ကိုလဲ မေ့လို့ မဖြစ်ဘူး။

တရုတ်က ဘင်္ဂလားဒေ့ရှ်ရဲ့ အကြီးဆုံး ကုန်သွယ်ဖက် နိုင်ငံ ဖြစ်ပါတယ်။ တနည်းဆိုရရင် ဘင်္ဂလားဒေ့ရှ်က တရုတ်အပေါ် မှီခိုနေရတဲ့ ကုန်သွယ် ဆက်ဆံရေး။ နှစ်စဉ် ဒေါ်လာ ၂၅ ဘီလျံဖိုး တရုတ်ကနေ တင်သွင်းရပေမယ့် ဘင်္ဂလားဒေ့ရှ်က တရုတ်ကို တင်ပို့နိုင်တာ ဒေါ်လာ တစ် ဘီလျံပဲ ရှိပါတယ်။ တခြား တရုတ် ရင်းနှီးမြှုပ်နှံမှုတွေ ဘင်္ဂလားဒေ့ရှ်မှာ အများကြီး ရှိသေးတယ်။ ပြီးခဲ့တဲ့ မတ်လ ၂၈ ကပဲ Yunus ဘေဂျင်းကို ပြေးပြီး တရုတ်နဲ့ စီးပွားရေး ပူးပေါင်း ဆောင်ရွက်ရေး၊ တရုတ် ချေးငွေတွေ အတိုးနှုန်း လျှော့ချရေး ကြိုးပမ်းခဲ့ရသေးတယ်။ တရုတ် အစိုးရ ကြိုက်အောင် “One China Policy” ကို ထောက်ခံကြောင်း လူသိရှင်ကြား ထုတ်ပြောခဲ့ရတယ်။
အဲသလို နိုင်ငံက တရုတ် အရင်းရှင်နယ်ချဲ့ကို sabotage လုပ်မယ့် အရေးမှာ တက်တက်ကြွကြွ ပါရဲပါ့မလား။ အဲသလို နယ်ချဲ့ ပါဝါ နှစ်ခုကြား ညှပ်မယ့် အရေး ဝင်ပါလို့ သူ့အတွက် ဘာအကျိုး ရှိမှာလဲ။ အထူးသဖြင့် ဒေါ်နယ်ထရမ့် အစိုးရက ကုန်သွယ်ခွန်တွေ အဆမတန် တိုးမြှင့်လိုက်လို့ ဘင်္ဂလားဒေ့ရှ်က ပို့ကုန်လုပ်ငန်းတွေ ခေါင်းခဲနေချိန် ဒီလို မိုက်မဲတဲ့ အလုပ်မျိုး သူတို့ လုပ်ရဲပါ့မလား။
အရင်ဆုံး ကျနော်တို့ မေးသင့်တဲ့ မေးခွန်းက ယူအက်(စ်)က ဗမာပြည်မှာ ဘာ့ကြောင့် ပရောက်စီ စစ်ခင်းချင်ရတာလဲ။ ယူကရိန်းမှာ ဆင်နွှဲနေတဲ့ ပရောက်စီ စစ်ကိုတောင် သူ့အတွက် အကျိုးမရှိလို့ ပြန်ထွက်နေတဲ့ အခြေအနေ။ ဗမာပြည်မှာ တရုတ်ကို ပရောက်စီ စစ်ခင်းရအောင် ဗမာပြည်က အမေရိကန် အရင်းရှင်နယ်ချဲ့အတွက် ဘယ့်လောက် အရေးပါနေလို့လဲ။
ယူကရိန်းမှာတောင် သူ့အတွက် strategic interests ကြီးကြီးမားမား မရှိဘူးဆိုရင် ဗမာပြည်မှာ ဘာတွေ ရှိနေလို့လဲ။ ရခိုင်မှာ တရုတ် အရင်းရှင်နယ်ချဲ့ရဲ့ strategic interests ရှိတာ မှန်ပါရဲ့။ တရုတ် အကျိုးစီးပွား ရှိတာနဲ့ပဲ အမေရိကန်က စစ်စခန်းဖွင့်ပြီး ပရောက်စီ တိုက်ရောလား။
ဘယ် အရင်းရှင် နယ်ချဲ့ပါဝါကမှ အကြောင်းမဲ့ စစ်မတိုက်ပါဘူး။ အရင်းရှင်နယ်ချဲ့တွေ စစ်ခင်းတယ်ဆိုတာ ဈေးကွက်လိုချင်လို့၊ လုပ်သားရင်းမြစ်၊ ကုန်ကြမ်းရင်းမြစ် လိုချင်လို့၊ အရင်းတင်ပို့ချင်လို့၊ နောက် သူ့ဩဇာခံ နယ်မြေ ထူထောင်ချင်လို့။ ဗမာပြည်မှာ တရုတ်နဲ့ ပရောက်စီ စစ်ခင်းရင် အခု ပြောခဲ့တဲ့ အကျိုးစီးပွားတွေထဲက အမေရိကန် ဘာရမလဲ။
ဒါဆိုရင် ဗမာပြည်မှာ အမေရိကန် အရင်းရှင် နယ်ချဲ့နဲ့ တရုတ် အရင်းရှင် နယ်ချဲ့ ပရောက်စီ စစ်ခင်းနိုင်ချေ လုံးဝ မရှိဘူးလားလို့ ပြန်မေးစရာ ရှိတယ်။ လုံးဝ မရှိဘူးလို့ မပြောနိုင်၊ ပရောက်စီ စစ် ဖြစ်နိုင်ချေ ရှိတယ်လို့ပဲ ဖြေပါမယ်။ ဒါကယေဘုယျ အဖြေပဲ။ ကမ္ဘာ့အရင်းရှင် နယ်ချဲ့စနစ်ဆိုတာ ရှိနေသရွေ့ နိုင်ငံငယ်လေးတွေဟာ နယ်ချဲ့ပါဝါတွေ စက်ပုန်းခုတ်ရာမှာ အကြွေစေ့လို သဘောထား ခံနေရဦးမယ်။ ဒါကို ကျနော်တို့ မာ့(က်စ်)ဝါဒီတွေ ကောင်းကောင်း သိတာပေါ့။ ဒါပေမယ့် လက်တွေ့ concrete question ကို နားလည်ဖို့ ယေဘုယျ အမှန်တရားကိုချည်း ယူသုံးနေလို့ မရဘူး ဆိုတာလဲ ကျနော်တို့ နားလည်ထားတယ်။
အဲဒီတော့ concrete question ကို နားလည်ဖို့ အထင်းရှားဆုံး အချက်က စပြောရရင် ဒီကနေ့ ကမ္ဘာ့ အခြေအနေ အပြောင်းအလဲ ကြီးကြီးမားမား ဖြစ်နေတယ်။ ‘tectonic shift’ လို့တောင် ကျနော်တို့ ခိုင်းနှိုင်းပြောပါတယ်။ ဆိုဗီယက် အပြိုမှာ အင်အားချိနဲ့သွားခဲ့တဲ့ ရုရှားက အခု ကမ္ဘာ့ အရင်းရှင် နယ်ချဲ့ပါဝါ ဖြစ်လာပြီ။ တရုတ် အရင်းရှင် နယ်ချဲ့က အမေရိကရဲ့ အဓိက ပြိုင်ဖက် ဆူပါပါဝါ ဖြစ်လာတယ်။
အမေရိကန် အရင်းရှင်နယ်ချဲ့က သူ့ပါဝါအကျဘက် ရောက်နေမှန်း အသိအမှတ် ပြုလာရပြီ။ ၉၀ ခုနှစ်များကလို သူတကောင်တည်း အကြီးဆုံး ဆူပါပါဝါ လုပ်လို့ မရတော့မှန်း၊ အရင်လို ကမ္ဘာ့ ပုလိပ်ကြီး လုပ်နိုင်စွမ်း မရှိမှန်းလဲ သူလက်ခံလိုက်ရပြီ။ အနီးဆုံး ဥပမာအနေနဲ့ ပြရရင် ယူကရိန်းမှာ ခြေလွန်လက်လွန် ဖြစ်ပြီး အထိနာထားတယ်။ ယူကရိန်းမှာ ပရောက်စီ စစ်ခင်းခဲ့လို့ သူ့ပြည်တွင်းမှာကို ဆန့်ကျင်တဲ့ ပြည်သူ မနည်းလှဘူး။
သူ့ပါဝါ အကျကို နားလည်လာလို့ ကမ္ဘာ့ ပုလိပ်ကြီး လုပ်ခဲ့တဲ့ အခန်းကဏ္ဍကနေ အကုန် ပြန်ရုပ်သိမ်းနေတဲ့ အခြေအနေ။ ဗမာ လစ်ဘရယ်တွေ အော်ကြတဲ့ USAID ကို ရန်ပုံငွေ ဖြတ်တောက်တဲ့ ကိစ္စက ဒီအပြောင်းအလဲရဲ့ အကျိုးဆက်ပဲ။
ဒေါ်နယ်ထရမ့် အစိုးရ တက်လာပြီး အမေရိကန် အရင်းရှင် နယ်ချဲ့ပါဝါရဲ့ ခြေလှမ်းတွေကို ကြည့်ရင် တခြား အရင်းရှင် နယ်ချဲ့ပါဝါတွေရဲ့ ‘sphere of influence’ ကို အသိအမှတ် မပြုဘဲ နေရာတကာ ဗိုလ်လုပ်ချင်လို့ မရမှန်း သူတို့ လက်ခံလိုက်ရပုံပဲ။ သဘောက ရုရှားလဲ သူ့ဩဇာခံ နယ်ပယ်နဲ့သူ၊ တရုတ်လဲ သူ့ဩဇာခံ နယ်ပယ်နဲ့သူ၊ နေရာတကာ ငါတို့ ဩဇာခံ နယ်ပယ် လိုက်လုပ်နေလို့ မဖြစ်ဘူးဟေ့ လို့ ပြောနေသလို။
ဒီအခြေအနေမှာ အမေရိကန် အရင်းရှင်နယ်ချဲ့က စစ်အာဏာရှင် အစိုးရ ပြုတ်ကျရေး ဗမာပြည် လက်နက်ကိုင် အဖွဲ့တွေကို ပရောက်စီ အဖြစ် မွေးမယ်၊ တရုတ်နဲ့ ပရောက်စီ စစ်ခင်းမယ်ဆိုတာ ဖြစ်နိုင်ရဲ့လား။ ဗမာပြည်ရဲ့ “geostrategic significance” ကို အလွန်အကြူး ချဲ့ကားမကြည့်သင့်ဘူး။
ဒီတော့ ချုပ်ရရင် ဗမာ့ ပြည်တွင်းစစ်ကို အရင်းရှင်နယ်ချဲ့ ပါဝါတွေကြားက ပရောက်စီ စစ်ပွဲ ဖြစ်မသွားအောင် စစ်အစိုးရကို လက်နက်ကိုင် တိုက်နေတဲ့ အဖွဲ့အစည်းတွေ သတိထားရမယ်၊ ပရောက်စီ စစ်ပွဲ ဖြစ်သွားရင် ဗမာပြည် ထောင်းလမောင်း ကြေသွားမယ့် အန္တရာယ်ကို သတိပေး ထောက်ပြဖို့လဲ မီဒီယာတွေမှာ တာဝန်ရှိတယ်။
သို့သော် လက်နက်ကိုင် အဖွဲ့အစည်း မျိုးစုံရှိပြီး ပြည်တွင်းစစ် သက်ဆိုးရှည်နေရင် ပရောက်စီ စစ်ပွဲ အန္တရာယ်ဟာ ဆက်ရှိနေမှာပဲ။ ဆီးရီးယားလို ဒေသတွင်း နယ်ချဲ့ပါဝါလေးတွေ ဝင်မွှေတာတောင် ခံရနိုင်တယ်။
ဒီအန္တရာယ်ကို အမြစ်က နှုတ်ပစ်နိုင်ဖို့ဆိုရင် ‘လက်နက်ကိုင် တပ်ဖွဲ့တွေ ညီညွတ်ကြပါ၊ တပ်ပေါင်းစု ဖွဲ့ကြပါ’ လို့ အော်နေရုံနဲ့ မရပါဘူး။ အရင်ဆုံး အလုပ်သမား လူတန်းစား ခေါင်းဆောင်တဲ့ လူထု လှုပ်ရှားမှုကြီး တကျော့ပြန် ရုန်းထလာဖို့ လိုအပ်တယ်။ ဒါနဲ့တဆက်တည်း အလုပ်သမား လူတန်းစား ခေါင်းဆောင်တဲ့ ‘armed insurrection’ လုပ်ပြီး ဆိုရှယ်လစ် တော်လှန်ရေးကို ဆင်နွှဲရမယ်။ အဲဒီအခါကျရင် တရုတ်၊ အမေရိကန် ဘယ်အရင်းရှင် တိုင်းပြည်ကမှ ထောက်ခံမှာ မဟုတ်ဘူး။ ဒါပေမယ့် ကမ္ဘာ့ အဖိနှိပ်ခံ အလုပ်သမားထုကတော့ ထောက်ခံမှာပဲ။ မရှေးမနှောင်း ဆိုသလို တော်လှန်ရေးကြီးတွေလဲ ဆက်တိုက်ဖြစ်လာလိမ့်မယ်။ ဒီကနေ့ အကျပ်အတည်းရဲ့ ထွက်ပေါက်က ဒီတလမ်းပဲ ရှိပါတယ်။
သူရိန်မွန်
(၁၈ ဧပြီ၊ ၂၀၂၅)