“မင်းတို့ပေးတဲ့ လုပ်ခလစာ မလောက်ဘူး၊ မလောက်ဘူး”

ရေးသူ – လန်းနာ့(ဒ်)

 

ရန်ကုန် လှိုင်သာယာ စက်မှုဇုန်က ချန်းရီ ဖိနပ်စက်ရုံမှာ အလုပ်သမားတွေ သပိတ်မှောက်ခဲ့ကြတယ်။ သပိတ်မှောက် အလုပ်သမား ၆၀၀၀ ခန့် ပါဝင်တယ်လို့ သိရပါတယ်။ အခု အလုပ်သမား ၆၀၀၀ ပါဝင်တဲ့ ချန်းရီ ဖိနပ်စက်ရုံ သပိတ်တိုက်ပွဲဟာ အလုပ်သမား လှုပ်ရှားမှု တကျော့ပြန် ရုန်းထလာတဲ့ လက္ခဏာလို့ ဆိုနိုင်တယ်။

 

၂၀၂၁ စစ်အာဏာသိမ်းပြီး ရက်ပိုင်းအတွင်း အလုပ်သမားထု သန်းချီပါဝင်တဲ့ တော်လှန်ရေး လှုပ်ရှားမှုကြီး ဖြစ်ပွားခဲ့တယ်။ အာဏာသိမ်း စစ်တပ်ရဲ့ ရက်ရက်စက်စက် ဖြိုခွဲမှုတွေနဲ့အတူ မြို့ပြ လူထု သပိတ်တိုက်ပွဲတွေ ရပ်စဲသွားခဲ့တယ်။ ပြည်တွင်းစစ်မီးနဲ့အတူ စီးပွားရေး အကျပ်အတည်းကို အလူးအလဲခံခဲ့ရတယ်။

 

အနိမ့်ဆုံး လုပ်ခလစာနှုန်းထားကို ၂၀၁၈ မှာ နောက်ဆုံး ပြင်ဆင်သတ်မှတ်ခဲ့ပါတယ်။ ဒီနောက် ၂နှစ်အကြာ ၂၀၂၀ မှာ ပြင်ဆင်သတ်မှတ်ရမယ့် အချိန်ကို ရောက်လာပေမယ့် ကိုဗစ်ကို အကြောင်းပြပြီး အလုပ်သမားတွေရဲ့ လုပ်ခလစာကို တိုးမပေးခဲ့ဘူး။ ၂၀၂၁ မှာ စစ်တပ်က အာဏာသိမ်းလိုက်တော့ ပိုဆိုးသွားတယ်။ အလုပ်လက်မဲ့ ဦးရေ သန်းချီတိုးလာတယ်။ အလုပ်ဖြုတ်ခံရသူတွေလဲ မနည်းဘူး။ တက်ကြွတဲ့ အလုပ်သမားတွေ ဖမ်းဆီးထောင်ချခံခဲ့ရတယ်။ လူထုအုံကြွမှုအတွင်း လှိုင်သာယာမှာ အသက်ပေးခဲ့ရတဲ့ အလုပ်သမားတွေလဲ အတော်များပါတယ်။

 

သပိတ်ဖြိုခွဲရေး နည်းလမ်းတွေ

 

စစ်အာဏာသိမ်းပြီး ၄နှစ်ကြာတဲ့အထိ အရင်းရှင် စစ်အစိုးရက အလုပ်သမားထုရဲ့ လုပ်ခလစာကို တိုးပေးဖို့ မစဉ်းစားပါဘူး။ တိုးမလာတဲ့အပြင် လုပ်ခလစာရဲ့ အမှန်တကယ် ဝယ်ယူစားသုံးနိုင်စွမ်းဟာ ထက်ဝက်မက ကျဆင်းသွားခဲ့တယ်။ ၂၀၁၈ က တရက် လုပ်အားခ ၄၈၀၀ ကျပ်ရခဲ့တဲ့ အလုပ်သမားဟာ အခု ၂၀၂၅ ရောက်ချိန်မှာ တရက်ကို ၅၂၀၀ ကျပ်ပဲ ရပါတယ်။ ၂၀၁၈ က ၄၈၀၀ ကျပ်ဟာ ဆန် (၃)ပြည် ဝယ်လို့ ရခဲ့ရင် ၂၀၂၅ မှာ ၅၂၀၀ ကျပ်နဲ့ ဆန် (၁)ပြည် ဝယ်လို့ မရတော့ဘူး။ ဒါ့ကြောင့် ချန်းရီ ဖိနပ်စက်ရုံက အလုပ်သမားတွေရဲ့ တောင်းဆိုချက် (တရက် လုပ်အားခ ၁၂၀၀၀ ကျပ်) ဟာ ဖြစ်သင့်တာထက် အများကြီး နည်းနေသေးတယ်။

 

ဒါပေမယ့် အရင်းရှင် ဘက်တော်သားတွေက အလုပ်သမားတွေရဲ့ တောင်းဆိုချက်ကပဲ များလွန်းနေသလိုလို ပုံဖော် ပြောဆိုခဲ့တယ်။ ဘယ်နေရာမဆို ကိုယ်တောင်းသလောက်တော့ ဘယ်ရမလဲ၊ နှစ်ဖက် အလျှော့အတင်း ဆိုတာ ရှိစမြဲမို့ ၁၀၀% တော့ ဘယ်ရမလဲလို့ ဆိုပြန်တယ်။ တကယ်တော့ ငွေကြေးဖောင်းပွမှုနဲ့ နှိုင်းယှဉ်လိုက်ရင် ၁၀၀% တိုးပေးရင်တောင် ၂၀၁၈ က ရခဲ့တဲ့ လုပ်ခတန်ဖိုးကို မရသေးဘူးဆိုတာ သူတို့ သိပါတယ်။ သိသိရက်နဲ့ အခုလို ဆင်ခြေပေးပြီး သပိတ်မှောက် အလုပ်သမားတွေကပဲ လောဘတကြီး တောင်းနေသလိုလို ပုံဖော်တာပါ။

 

ဒီကနေ့ ကုန်ဈေးနှုန်းနဲ့ လူတယောက် တရက် ၁၂၀၀၀ ဘယ်လို ရှင်သန်မလဲ စဉ်းစားကြည့်ပါ။ လွန်ခဲ့တဲ့ ၇ နှစ်က အိမ်ငှားခစရိတ်နဲ့ ဒီကနေ့ အိမ်ငှားခ စရိတ် ဘယ့်လောက် တက်သွားပြီလဲ။ စက်ရုံပိုင်ရှင် ဖြစ်ဖြစ်၊ သူ့လက်ဝေခံ မန်နေဂျာဖြစ်ဖြစ် တရက် ၁၂၀၀၀ နဲ့ နေခိုင်းကြည့်ပါ။ တကယ်တော့ အလုပ်သမားတွေ တောင်းဆိုနေတဲ့ တရက် လုပ်အားခ ၁၂၀၀၀ ကျပ်ဆိုတာ သူတို့ သောက်နေတဲ့ ဘီယာဖိုး မရှိပါဘူး။

 

ချန်းရီ ဖိနပ်စက်ရုံက နာမည်ကြီး Adidas တံဆိပ်ကို ထုတ်လုပ်နေတဲ့ စက်ရုံ ဖြစ်ပါတယ်။ ဒီဖိနပ်တွေကို နိုင်ငံခြား ပို့ကုန်အဖြစ် တင်ပို့ပါတယ်။ သေချာတာကတော့ ပြည်တွင်းမှာပဲ ရောင်းရောင်း၊ ပြည်ပ ဈေးကွက်မှာပဲ ရောင်းရောင်း ဒေါ်လာနဲ့ တွက်ရောင်းမှာပဲ။ အလုပ်သမားတွေရဲ့ လုပ်အားခက ၂၀၁၈ ကနေ ၂၀၂၅ (၇နှစ်) အတွင်း ၄၀၀ ကျပ်သာ တိုးခဲ့ပေမယ့် Adidas ဖိနပ်တရံရဲ့ ဈေးကတော့ ဒီ ၇ နှစ်အတွင်း သုံးဆမက တက်သွားပါလိမ့်မယ်။

 

အလုပ်သမားတွေက အဲဒီက ရလာတဲ့ အသီးအပွင့်ကို ဘာမှ မခံစားရဘူး။ မသေရုံတမယ် လုပ်ခလစာလေးနဲ့ ကုန်းရုန်းလုပ်ပေးခဲ့ရတယ်။ သူတို့လုပ်အားနဲ့ ဖန်တီးပေးသမျှ အရင်းရှင် သူဌေးတွေ အမြတ်များများ ရဖို့ပဲ ဖြစ်သွားတယ်။

 

အလုပ်သမားထုရဲ့ လုပ်အားနဲ့ ဒီဖိနပ်တွေကို ဖန်တီး ထုတ်လုပ်ပေးခဲ့ခြင်း ဖြစ်တယ်။ အလုပ်သမားထုရဲ့ လုပ်အားကိုသာ ဖယ်ရှားပစ်လိုက်ရင် ဘာပစ္စည်းမှ ထွက်လာမှာ မဟုတ်ဘူး၊ ဘာတန်ဖိုး အသစ်မှ ဖန်တီး မပေးနိုင်ဘူး။ ဒါကို အရင်းရှင် လူတန်းစားနဲ့ သူတို့ ကိုယ်စားလှယ်တွေ ကောင်းကောင်း သိတာပေါ့။ ဒါ့ကြောင့်လဲ အလုပ်သမားတွေ သပိတ်မှောက်မှာကို သူတို့ အသေကြောက်တယ်။ အလုပ်သမားတွေ သပိတ်မှောက်နေတာကို သပိတ်မှောက်နေတာလို့ သူတို့ အသိအမှတ် မပြုဘူး။

 

(အောက်က ဗီဒီယိုဖိုင်တွေမှာ မြင်တွေ့ရသလိုပဲ) ‘မင်းတို့ တောင်းဆိုချက်တွေ ငါတို့ သိရပြီ၊ သူဌေးကို ငါတို့က တင်ပြပေးမယ်၊ အချိန် တပတ်တော့ စောင့်ပေး၊ လောလောဆယ်တော့ အခုလိုကြီး ဆူဆူပူပူ မလုပ်ကြနဲ့၊ မင်းတို့သိတဲ့အတိုင်း ငါတို့စက်ရုံကို အပ်ထားတဲ့ အော်ဒါတွေ အချိန်မီ မပြီးရင် နှစ်ဖက်လုံးအတွက် မကောင်းဘူး’ လို့ အရင်းရှင် ကိုယ်စားလှယ်တဦးက ပြောသွားတယ်။

 

ချွေးသိပ်တဲ့နည်း၊ ပျားရည်နဲ့ ဝမ်းချတဲ့နည်း၊ ဘယ်ဘက်မှ မလိုက်ဘဲ နှစ်ဖက်လုံး အကျိုးစီးပွားကို လိုလားသယောင် လှည့်ဖျားတဲ့နည်းတွေ သုံးပြီး သပိတ်ကို ဖြိုခွဲဖို့ ကြိုးစားတာပဲ။ အပ်ထားတဲ့ အော်ဒါတွေ အချိန်မီ မပြီးရင် တရက် ၅၂၀၀ ကျပ်သာ ရနေတဲ့ အလုပ်သမားနဲ့ တရက်ကို အမြတ်တွေ သန်းချီရနေတဲ့ အရင်းရှင် ဘယ်သူက ပိုထိခိုက်မလဲ။ ဒါဆို သပိတ် မမှောက်ဘဲ ကိုယ်လိုချင်တာလေး ပြောပြီး အလုပ်ခွင် ပြန်ဝင်ကြဖို့ တိုက်တွန်းနေတာဟာ အရင်းရှင်ဘက်က ရပ်ပြီး ပြောနေမှန်း သိသာပါတယ်။

 

ဒီထက် မိုက်ရိုင်းတဲ့ နည်းကိုလဲ အလုပ်ရှင်ဘက်က သုံးသွားတယ်။ ‘မင်းတို့ ဒီမှာ လုပ်ချင်လို့သာ ဒါတွေ တောင်းနေတာ မဟုတ်လား၊ အချိန်စောင့်ပေးရမှာပေါ့၊ ဒါလောက်မှ သည်းခံ မစောင့်နိုင်ရင် ဒီထက် ကောင်းတဲ့ နေရာကိုသွား၊ ထွက်ချင်သပဆို ထွက်သွား၊ မတားဘူး၊ စောင့်လဲ မစောင့်ချင်ဘူး ထွက်လဲ မထွက်ဘူးဆိုတဲ့ လူတွေက အလုပ်ခွင်မှာ ၅၂၀၀ နဲ့ ဆက်လုပ်နေလို့ ရတယ်’ ဆိုတဲ့ အပေါက်မျိုး ပြောတာပဲ။ အလုပ်သမားထု သည်းခံ စောင့်ပေးလာရတာ ဆယ်စုနှစ် တခု ရှိတော့မယ်။ ဒီထက် စောင့်ပေးဖို့ ဘာ့ကြောင့် တောင်းဆိုတာလဲ။ ဒီထက် စောင့်ပေးစရာ အကြောင်းကော ရှိသေးရဲ့လား။ တကယ်တော့ အချိန်ဆွဲပြီး သပိတ်ပန်းအောင် လုပ်တဲ့နည်း၊ အူမ မတောင့်နိုင်တော့လို့ အလုပ်ပြန်ဝင်ချင်သူနဲ့ ဆက်တိုက်လိုသူ ဆိုပြီး သွေးကွဲအောင် သပ်လျှိူခွဲတဲ့နည်းကို သုံးနေတာပဲ။ အလုပ်သမားတွေ သပိတ်မှောက်တိုင်း အရင်းရှင် လူတန်းစားနဲ့ သူ့ကိုယ်စားလှယ်တွေ၊ အရင်းရှင် အစိုးရတွေ ဖန်တရာတေအောင် သုံးပြီးသား သပိတ်ဖြိုခွဲရေး နည်းတွေပါပဲ။

 

အလုပ်သမားထုက သူတို့ဘဝပေး အသိအရ ဒီလှည့်ဖျားချက်တွေကို မယုံပါဘူး။ ဒါပေမယ့် ချန်းရီ ဖိနပ်စက်ရုံ သပိတ်မှာ တိုက်ပွဲ ဦးဆောင် ကော်မတီ ဒါမှမဟုတ် သမဂ္ဂ အဖွဲ့အစည်း ခိုင်ခိုင်မာမာ ရှိထားပုံ မရဘူး။ စစ်အာဏာ မသိမ်းခင်က စက်မှုဇုံတွေမှာ ရှိခဲ့တဲ့ အလုပ်သမား သမဂ္ဂတွေလဲ အာဏာသိမ်း စစ်အစိုးရရဲ့ ဖိနှိပ်ဖြိုခွဲမှုကြောင့် မရပ်တည်နိုင်တော့ဘူး။ ဒီလို အခြေအနေမှာ အလုပ်သမားထုဟာ စည်းရုံးစုဖွဲ့မှု အတော် အားနည်းသွားခဲ့တယ်။ သပိတ် တိုက်ပွဲ အတွေ့အကြုံရှိတဲ့ အလုပ်သမား ခေါင်းဆောင်တွေ ဆုံးရှုံးထားရတယ်။ အလုပ်ရှင်ဘက်က ဒီအားနည်းချက်ကို နင်းပြီး ကောင်းကောင်း အသုံးချသွားပုံရတယ်။

 

(အောက်က ဗီဒီယိုဖိုင်တွေမှာလဲ ဒီအချက်ကို တွေ့ရပါလိမ့်မယ်) သပိတ်မှောက် အလုပ်သမားတွေက သူတို့ တောင်းဆိုချက်ကို ထုတ်ဖော်ကြွေးကြော်နေကြပြီ။ ဒီတောင်းဆိုချက်တွေကို မရရင် အလုပ်ခွင် ပြန်မဝင်နိုင်ဘူးလို့ ပြတ်ပြတ်သားသား ပြောထားပြီးသား။ ဒါဆိုရင် အရင်းရှင်ဘက်က အလုပ်ရှင်ကိုယ်တိုင် ဒီအလုပ်သမားတွေဆီ လာတွေ့ပြီး ညှိနှိုင်းဆွေးနွေးရမှာ မဟုတ်ဘူးလား။ သူတို့ ဘာအလုပ်မှ ထည့်ဝင်စရာမလိုဘဲ အလျှံပယ် ဖြုန်းနိုင်အောင် ဘဝနဲ့ရင်း လုပ်ပေးနေတဲ့ အလုပ်သမားတွေရဲ့ လိုလားချက်ကို ကိုယ်တိုင် လာနားထောင်ပြီး ဖြေရှင်းမပေးသင့်ဘူးလား။ နောက်ဆုံး ဘာအလုပ်မှ မလုပ်ရတဲ့ အရင်းရှင်က ‘အလုပ်တွေ များလွန်းလို့’ ကိုယ်တိုင် မလာနိုင်ဘူး ဆိုရင်လဲ သူခန့်ထားတဲ့ စီမံခန့်ခွဲသူ ဆိုတာတွေ စေလွှတ်ပြီး အလုပ်သမားတွေရဲ့ နစ်နာချက်ကို ဖြေရှင်းပေးသင့်တယ် မဟုတ်လား။

 

တကယ့် လက်တွေ့မှာတော့ ဖြစ်သင့်တာနဲ့ ဖြစ်နေတာဟာ ပြောင်းပြန်။ သပိတ်မှောက် အလုပ်သမားတွေက ကိုယ်စားလှယ် ရွေးလွှတ်ပြီး အရင်းရှင်ဘက်ကို သွားတွေ့ရတယ်။ သွားတွေ့ရတော့လဲ သပိတ်မှောက် အလုပ်သမားထုရဲ့ မျက်ကွယ်၊ အရင်းရှင်ဘက်တော်သားတွေ ကြီးစိုးတဲ့ ရုံးခန်းမှာ တံခါးပိတ် ညှိနှိုင်းမှုမျိုးကိုသာ အရင်းရှင်ဘက်က လက်ခံတယ်။ ထောင်သောင်းချီတဲ့ အလုပ်သမားထု မျက်ကွယ်မှာ လုပ်တဲ့ ညှိနှိုင်းမှုကို record ယူခွင့် မပေးဘူး။ ဒီတော့ လွှတ်လိုက်တဲ့ ကိုယ်စားလှယ် လေးငါးယောက်ကို အရင်းရှင်ဘက်က လာဘ်သိပ်ထိုး သိမ်းသွင်းတာမျိုး လုပ်လေ့ရှိသလို ခြိမ်းခြောက် အကျပ်ကိုင်တာမျိုးလဲ ရှိတယ်။

 

စည်းရုံးစုစည်းရေးဟာ သပိတ်တိုက်ပွဲရဲ့ သော့ချက်

 

နိုင်ငံရေး ဖိနှိပ်မှု၊ စီးပွားရေး ဖိစီးမှုတွေကြောင့် အလုပ်သမားထုဘက်မှာ အတွေ့အကြုံရင့် အလုပ်သမား ခေါင်းဆောင် ပြတ်လပ်တာမျိုး မကြာခဏ ကြုံရတယ်။ အရင်းရှင်ဘက်မှာ အဲသလို ပြတ်လပ်မှုမျိုး မရှိဘူး။ ဒီလို အလုပ်သမား သပိတ်တွေ ကြုံလာရင် ရင်ဆိုင်ဖို့ သပိတ် ဖြိုခွဲနည်း၊ လှည့်ဖျားနည်း အမျိုးမျိုး တတ်ကျွမ်းသူ‌တွေကိုပဲ HR မန်နေဂျာအဖြစ် သူတို့ ခန့်ပါတယ်။ သဘောက အရင်းရှင် လူတန်းစားဟာ class conscious ဖြစ်ပြီးသား၊ လူတန်းစား တိုက်ပွဲအတွက်လဲ အမြဲ ပြင်ထားပြီးသား။ ဒါ့ကြောင့် သပိတ်မှောက် အလုပ်သမားထုအနေနဲ့ ကြုံသလို ကိုယ်စားလှယ် ရွေးလွှတ်ပြီး အဲလို ပြင်ဆင်ထားတဲ့ ရန်ဖက် လူတန်းစားကို ရင်ဆိုင်ဖို့ မလွယ်ဘူး။

 

ဒါ့အပြင် အရင်းရှင် လူတန်းစားဘက်မှာ အရင်းရှင် အစိုးရ ကိုယ်စားလှယ်တွေ၊ စစ်တပ် ရဲတပ်တွေ၊ ကြေးစားလူမိုက်တွေ၊ စသဖြင့် အားကိုးစရာ လက်နက်တွေ တပုံကြီး ရှိသေးတယ်။ ဒါဆို အလုပ်သမား လူတန်းစားဘက်က ဘယ်လို ရင်ဆိုင်ရမလဲ။ အလုပ်သမား လူတန်းစားဘက်က အရေအတွက်အားဖြင့် လူအများစု ဖြစ်တယ်။ အရင်းရှင် လူတန်းစားက လူနည်းစု ဖြစ်တယ်။ ဒါ့အပြင် ကုန်ထုတ်ဖြစ်စဉ်အတွင်း အလုပ်သမား လူတန်းစား ရောက်ရှိနေတဲ့ အနေအထားအရ အလုပ်သမားထုရဲ့ လုပ်အားကို ပယ်နှုတ်လိုက်ခြင်းဟာ အရင်းရှင် လူတန်းစား အရှိုက်ကို ထိုးနှက်ခြင်း ဖြစ်တယ်။ ဒါ့ကြောင့် သပိတ် တိုက်ပွဲဟာ အလုပ်သမား လူတန်းစားရဲ့ စံတော်ဝင် လက်နက် ဖြစ်နေတာပဲ။

 

ဒါ့ကြောင့် ချန်းရီ အလုပ်သမားထုက ဒီလက်နက်ကို ထုတ်သုံးလိုက်တာဟာ အလွန် မှန်ကန်တဲ့ လုပ်ရပ် ဖြစ်တယ်။ ဒါပေမယ့် မလုံလောက်သေးဘူး။ သပိတ်တိုက်ပွဲဝင်ရင်း စည်းရုံးစုစည်းမှုကို ကျကျနန လုပ်ရလိမ့်မယ်။ စည်းရုံးစုစည်းမှု မရှိရင် အရင်းရှင်ဘက်က နည်းပေါင်းစုံသုံး ဖြိုခွဲတာကို တောင့်ခံနိုင်မှာ မဟုတ်ဘူး။ အလုပ်သမားထုရဲ့ စည်းရုံးရေး ယူနစ်ဟာ သမဂ္ဂပဲ။ ဒါ့ကြောင့် သပိတ်တိုက်ပွဲထဲကနေ အလုပ်သမား ထောင်ချီပါဝင်တဲ့ သမဂ္ဂတခု ဖွဲ့စည်းရမယ်။

 

အခုလို သပိတ် တိုက်ပွဲကို ဖြတ်သန်းလိုက်တဲ့အခါ ကိုယ့်လူတန်းစားထဲက ဘယ်သူဘယ်ဝါက စွမ်းဆောင်ရည် ရှိတယ်၊ စွန့်လွှတ်စွန့်စားတယ်၊ ဘယ်သူက အလုပ်သမားထု အကျိုးစီးပွားကို သစ္စာမဖောက်ဘူး ဆိုတာ ပိုသိလာရလိမ့်မယ်။ အဲလို လက်ရွေးစင် အလုပ်သမားတွေက ဦးဆောင်ပြီး ခိုင်မာတောင့်တင်းတဲ့ အလုပ်သမား သမဂ္ဂ ဖွဲ့စည်းထားဖို့ လိုလိမ့်မယ်။

 

တကယ်တော့ အခုလို ဖိနှိပ်မှု၊ သွေးစုပ်ခြယ်လှယ်မှုတွေ ခံနေရတာ ချန်းရီ ဖိနပ်စက်ရုံ တခုတည်း မဟုတ်ပါဘူး။ တခြား စက်ရုံအသီးသီးက အလုပ်သမားတွေလဲ သပိတ် တိုက်ပွဲထဲ ပါလာအောင် စည်းရုံး လှုံ့ဆော်သင့်တယ်။ ဒီလိုနည်းနဲ့ စက်ရုံ အသီးသီးမှာ သမဂ္ဂတွေ ပြန်ဖွဲ့နိုင်အောင် ကြိုးပမ်းရမယ်။ အဲသလို အလုပ်သမား လှုပ်ရှားမှု အားကောင်းလာမှသာ အရင်းရှင်ဘက်က အကြမ်းနည်း အနုနည်းသုံး ဖြိုခွဲတာကို ကြံ့ကြံ့ခံ ရင်ဆိုင်နိုင်မယ်။

 

သပိတ်မှောက် အလုပ်သမားတွေရဲ့ လက်ငင်း တောင်းဆိုချက်တွေကို ကြည့်ရင် သာမန် စားဝတ်နေရေး စီးပွားရေး တိုက်ပွဲပဲလို့ ထင်စရာ ရှိတယ်။ ဒါပေမယ့် လွတ်လပ်စွာ စုရုံးခွင့်၊ လွတ်လပ်စွာ သင်းပင်းဖွဲ့စည်းခွင့်တွေ ဘာတခုမှ မရှိတဲ့ စစ်အာဏာရှင်စနစ်အောက်မှာ သာမန် စက်ရုံ သပိတ်တိုက်ပွဲလေးကအစ နိုင်ငံရေး လက္ခဏာ ဆောင်ပါတယ်။ စီးပွားရေး တိုက်ပွဲနဲ့ နိုင်ငံရေး တိုက်ပွဲကြားက စည်းဟာ မထင်မရှား ဖြစ်လာပြီး အလျှင်အမြန် ကူးပြောင်းသွားလေ့ရှိတယ်။

 

ဒါ့ကြောင့် လက်ရှိ သပိတ်တိုက်ပွဲ တောင်းဆိုချက်တွေ အပြည့်အဝ မရခဲ့ရင်တောင် မရှုံးပါဘူး။ အလုပ်သမားထုရဲ့ မကျေနပ်ချက်တွေကို သူတို့ တခုမှ မဖြေရှင်းနိုင်ခဲ့ဘူး။ ဒါ့ကြောင့် လူတန်းစား ပဋိပက္ခဟာ ရှေ့လျှောက် ပြင်းထန်လာဖို့ပဲ ရှိတယ်။ အခု စလိုက်တဲ့ သပိတ်တိုက်ပွဲဟာ အလုပ်သမားထုအဖို့ အားစမ်းကြည့်တဲ့ ပွဲလဲ ဖြစ်တယ်။ ဒီသပိတ်က ရလာတဲ့ အတွေ့အကြုံတွေ၊ စည်းရုံး စုစည်းမှုတွေကို အခြေခံပြီး ပြင်ဆင်ထားမယ်ဆိုရင် ဒီထက်ကြီးမား ပြင်းထန်တဲ့ သပိတ်တိုက်ပွဲတွေကို အောင်အောင်မြင်မြင် ဆင်နွှဲနိုင်လိမ့်မယ်။

 

ချန်းရီ ဖိနပ်စက်ရုံက အလုပ်သမားတွေအပါအဝင် ကျန်အလုပ်ရုံ စက်ရုံ အသီးသီးက အလုပ်သမားထုအနေနဲ့ အောက်ပါအချက်တွေ ကိုင်စွဲပြီး သပိတ် တိုက်ပွဲဝင်ဖို့ ဆော်ဩလိုက်ပါတယ် –

 

– ကုန်ဈေးနှုန်းနဲ့အညီ လုပ်အားခ လိုက်တိုးပေးရေး၊ (အခြေခံလုပ်ခလစာရဲ့ ရာခိုင်နှုန်း ဘယ့်လောက်ပဲ တိုးပေးနိုင်မယ်လို့ ကန့်သတ်မထားရ)

 

– အလုပ်သမား သမဂ္ဂတွေ လွပ်လပ်စွာ ဖွဲ့စည်းခွင့်ရရှိရေး၊

 

– သပိတ်မှောက်ခွင့်ဟာ အလုပ်သမားထုရဲ့ အခြေခံ အခွင့်အရေး၊

 

– သပိတ်မှောက် အလုပ်သမားထုကို အရေးယူခြင်း လုံးဝ မပြုလုပ်ရ၊

 

– အချိန်ပို မဆင်းဘဲ ဖူလုံတဲ့ လုပ်ခလစာ ရရှိရေး၊

 

– တပတ် နှစ်ရက် ပိတ်ရက်ခံစားခွင့် အပြည့်အဝ ရရှိရေး၊

 

– ကိုယ်ဝန်ဆောင် အမျိုးသမီး အလုပ်သမားများ လစာပြည့် မီးဖွားခွင့် ၆လ ရရှိရေး၊

 

“အလုပ်သမားထုမှာ နှောင်ကြိုးကလွဲ၍ ဆုံးရှုံးစရာ ဘာမျှ မရှိ၊ အနိုင်ရဖို့ကား တကမ္ဘာလုံး ရှိပေသည်”

 

ရေးသူ – လန်းနာ့(ဒ်)

Leave a Reply

Your email address will not be published. Required fields are marked *