မင်းအောင်လှိုင်ရဲ့ သမ္မတရူး အိပ်မက်

ရေးသူ – ဒင်နူး

 

အာဏာသိမ်း စစ်အစိုးရရဲ့ ဇူလိုင် ၃၁ ထုတ်ပြန်ချက်တွေကို တွေ့လိုက်ရပါတယ်။ ဘာတွေများ ထူးခြားသွားသလဲ ကြည့်မိတော့ –

 

စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ကာချုပ် မင်းအောင်လှိုင်ကို နိုင်ငံတော် အာဏာ လွှဲအပ်ခဲ့သော အမိန့်ကို ယာယီသမ္မတ မင်းအောင်လှိုင်က ပယ်ဖျက်ကြောင်း ကြေငြာ၊

 

စစ်ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင် ဦးစီးတဲ့ စစ်ကောင်စီကို ဖျက်သိမ်းပြီး ယာယသမ္မတ မင်းအောင်လှိုင် ဥက္ကဌလုပ်တဲ့ စစ်ကော်မရှင်ကို ဖွဲ့စည်းလိုက်ကြောင်း ယာယီသမ္မတ မင်းအောင်လှိုင်က အမိန့်ထုတ်ပြန်၊

 

ကာချုပ် မင်းအောင်လှိုင် လက်အောက်က စစ်ဗိုလ်ချုပ်တချို့ကို စစ်ယူနီဖောင်းချွတ်ပြီး ဝန်ကြီး ဝန်ကလေး လုပ်ထားတဲ့ ပြည်ထောင်စု အစိုးရ ဖွဲ့စည်းကြောင်း ယာယီ သမ္မတ မင်းအောင်လှိုင်က ကြေငြာ။

 

ကိုယ့်ဘာသာရေးတဲ့ ဇာတ်ညွှန်းကို ကိုယ့်ဘာသာ ဒါရိုက်တာလုပ်ပြီး ကိုယ်ပဲ ဇာတ်လိုက် နေရာက အမြဲ နေချင်တဲ့ ဇာတ်ရူးတယောက်ထက် အဖြစ်ဆိုးနေပါရောလား။ အရပ်ထဲက လူတယောက် သူ့ဘာသာ ဇာတ်လိုက်မင်းသားရူး ရူးနေတာ ဘယ်သူ့မှ မထိခိုက်ပေမယ့် မင်းအောင်လှိုင် အာဏာရူးနေတာ၊ သမ္မတရူး ရူးနေတာကတော့ လူ့အဖွဲ့အစည်းတခုလုံး နာတယ်။ မွေးမလာသေးတဲ့ ကလေးလေးတွေအတွက်ပါ ထိခိုက်နစ်နာရတယ်။

 

တကယ်တော့ အာဏာရူး မင်းအောင်လှိုင်ရဲ့ ဒီရွှေ့ကွက်ဟာ ၆နှစ်သား ကလေးကိုတောင် အရူးလုပ်လို့ ရမှာ မဟုတ်ဘူး။ ဒါဆိုရင် မင်းအောင်လှိုင် ခေါင်းဆောင်တဲ့ စစ်အုပ်စုက ဘာ့ကြောင့် ဒီလို maneuver တွေ လုပ်လာသလဲ။ နောက်ကွယ်က သူတို့ အကြံအစည်က ဘာဖြစ်မလဲ။ ဒါလဲ မြင်သာတယ် ထင်ပါတယ်။

 

၂၀၂၁ မှာ စစ်တပ်က အာဏာသိမ်းလိုက်ပြီးကတည်းက စစ်အုပ်စုရဲ့ နာဂစ်ခြေဥကြီးဟာ ပျက်ပြယ်သွားခဲ့ပြီ ဖြစ်တယ်။ သို့သော် သူတို့လိုရင် ဒီခြေဥကို အခုထိ ထုတ်ထုတ်သုံးနေတုန်းပဲ။ တကယ်တော့ လက်နှီးစုတ်လောက်မှ တန်ဖိုးမရှိတဲ့ ခြေဥ ဖြစ်နေပြီ။ လူကြားကောင်းရုံ ၂၀၀၈ ခြေဥကို ထုတ်ပြီး ကိုးကားနေတဲ့ သဘောပါပဲ။

 

“မင်းအောင်လှိုင်က မင်းအောင်လှိုင်ကို ပေးအပ်ထားသော တာဝန်တွေ ပြီးမြောက်အောင် ဆောင်ရွက်ပြီးစီးကြောင်း တင်ပြတဲ့ အစီရင်ခံစာကို မင်းအောင်လှိုင်က လက်ခံရရှိပြီး” လို့ ဆိုပါတယ်။ သတင်းနားထောင်သူများ နားကြားမလွဲသလို စာဖတ်သူများလဲ စာမှား ဖတ်နေတာ မဟုတ်ပါဘူး။ ဘယ်လိုမှ အဆီအငေါ် မတည့်လှတဲ့ အူကြောင်ကြောင် အမိန့်ကို ကြားသိ မြင်တွေ့လိုက်ရတာပါ။ ဘာအဓိပ္ပါယ် ရှိပါသလဲ။

 

မင်းအောင်လှိုင်ကတော့ ဘာတာဝန်တွေ ပြီးမြောက် အောင်မြင်အောင် ဆောင်ရွက်နိုင်ခဲ့လို့ ဘာတွေ အစီရင်ခံနေသလဲ မသိရပါ။ လူပေါင်း သောင်းချီ သေအောင် သတ်နိုင်ခဲ့တာ၊ စီးပွားရေး ပျက်ကပ်ဆိုက်အောင်၊​ လူဦးရေရဲ့ ထက်ဝက်နီးပါး ဆင်းရဲမွဲတေသွားအောင် လုပ်နိုင်ခဲ့တာ၊ လူပေါင်း ၃.၅ သန်းကျော် စစ်ပြေးဘဝ ရောက်အောင် လုပ်ပစ်ခဲ့တာ၊ ပြည်သူတွေ ငလျင်ဘေး ကြုံနေချိန် စစ်လေယာဉ်တွေနဲ့ ဗုံးပတ်ကြဲခဲ့တာ၊ ရွာစဉ်လှည့် စစ်ကြောင်းထိုးပြီး အကုန်ရှို့၊ အကုန်သတ်၊ အကုန်လု လုပ်ခဲ့တာတွေကို မင်းအောင်လှိုင်က သူ့အောင်မြင်မှုများအဖြစ် အစီရင်မခံလောက်ဘူး ထင်ပါတယ်။ ဒါပေမယ့် အဖိနှိပ်ခံ လူထုရဲ့ နှလုံး အသည်းအိမ်မှာ အဲသလိုပဲ ကဗ္ဗည်းထိုးထားပါလိမ့်မယ်။

 

မင်းအောင်လှိုင်က မင်းအောင်လှိုင်ဆီ ထိုကဲ့သို့ လိမ်ညာ အစီရင်ခံပြီးတဲ့နောက် ပေါ်ပေါက်လာတဲ့ ကော်မရှင်နဲ့ အစိုးရအဖွဲ့ဆိုတာတွေက မင်းအောင်လှိုင်ရဲ့ သမ္မတရူး အိပ်မက်ကို အကောင်အထည်ဖော်ပေးကြရတော့မယ်။ အဲဒီအတွက် ၂၅ နှစ်အကုန် ၂၆ နှစ်ဆန်းမှာ ရွေးကောက်ပွဲဆိုတာကို လုပ်ကြတော့မယ်။ အထက်မှာ ပြောခဲ့တဲ့ ရူးကြောင်ကြောင် အကွက်ဆိုတာ ဒီကို သွားဖို့ ပြင်လိုက်တဲ့ ခြေလှမ်းပဲ။

 

ရွေးကောက်ပွဲကို ဟန်ပြပဲ လုပ်မယ် ဆိုတာ သူတို့ သိပြီးသားပဲ။ စစ်တပ်ပါတီနဲ့ သူ့နောက်မြီးဆွဲ အချောင်သမား အုပ်စုလေးတွေလောက် ဝင်ပြိုင်ခွင့်ရှိတဲ့ ရွေးကောက်ပွဲ။ လူထု ထောက်ခံတဲ့ ဘယ်လို အတိုက်အခံ အင်အားစုကိုမှ သူတို့ မယှဉ်ပြိုင်ရဲဘူး။

 

ဒီတော့ ရွေးကောက်ပွဲ အစစ်အမှန် ဖြစ်ဖို့၊ လွတ်လပ်ပြီး တရားမျှတဖို့ ဆိုတဲ့ ကိစ္စတွေက စစ်ဗိုလ်ချုပ်တွေ ခေါင်းထဲ အဝင်မခံ(ရဲ)တဲ့ အကြောင်းအရာတွေ။ အကောင်အထည် ဖော်ရဲဖို့ ဆိုတာ ဝေးရော။ နောက်ဆုံး ကုန်ကုန်ပြောရရင် မြို့နယ် အားလုံးရဲ့ တဝက်လောက်မှာ ရွေးကောက်ပွဲ မလုပ်နိုင်လဲ သူတို့အဖို့ အရေးမကြီးဘူး။ မဲပေးနိုင်သူ စုစုပေါင်းရဲ့ ထက်ဝက်လောက်က မဲမပေးနိုင်လဲ ကိစ္စ မရှိဘူး။

 

အဓိကက ရွေးကောက်ပွဲ အဖြစ်လုပ်ပြပြီး ကိုယ့်ဘာသာ ယာယီသမ္မတ တက်လုပ်နေတဲ့ စစ်ဗိုလ်ချုပ် မင်းအောင်လှိုင် သမ္မတ အမည်ခံရဖို့သာ အရေးကြီးတယ်။ ဒူတာတေးလို အဖမ်းမခံရအောင် ဒီနည်းနဲ့ ရှောင်ရှားနိုင်မယ်လို့ မင်းအောင်လှိုင် တွက်ထားပုံပဲ။ မင်းအောင်လှိုင်ရဲ့ ပုဂ္ဂိုလ်ရေး အကျိုးစီးပွားနဲ့ ရည်မှန်းချက်တွေက လက်ရှိ စစ်အုပ်စု ပေါ်လစီရဲ့ မောင်းနှင်အား ဖြစ်နေတယ်။ တဖက်မှာလဲ ဘက်ပေါင်းစုံ အကျပ်ဆိုက်နေတဲ့ စစ်အုပ်စုအဖို့ တခြား ရွေးလမ်း မရှိဘူး။

 

အရပ်သား ပြည်သူတွေကို နေ့စဉ် သတ်ဖြတ်နေတဲ့ စစ်အာဏာရှင်တွေ လုပ်မယ့် ရွေးကောက်ပွဲ ဆိုတာကို သာမန် လူထုက နည်းနည်းလေးမှ စိတ်ဝင်စားပုံ မရပါဘူး။ စစ်ဗိုလ်ချုပ် မင်းအောင်လှိုင် ဥက္ကဌလုပ်တဲ့ စစ်ကော်မရှင်ကနေ သမ္မတကြီး ဦးမင်းအောင်လှိုင် ခေါင်းဆောင်တဲ့ ပြည်ထောင်စု အစိုးရ ဖြစ်သွားလဲ သူတို့ ဘဝတွေ ဘာမှ ပြောင်းလဲ မသွားဘူး ဆိုတာ ရှင်းရှင်းလင်းလင်း နားလည်ထားကြတယ်။ ဒီတော့ စစ်အုပ်စုက လုပ်မယ်လို့ ထပ်တလဲလဲ ပြောနေတဲ့ ရွေးကောက်ပွဲကို ကိုကိုကြီးတို့လို အချောင်သမားတွေကလွဲပြီး ဘယ်သူမှ စိတ်မဝင်စားတာ မထူးဆန်းလှဘူး။

 

အရေးပေါ် အခြေအနေ ရုတ်သိမ်းကြောင်း ကြေငြာပြီး ရွေးကောက်ပွဲကို နှစ်မကုန်ခင် လုပ်တော့မယောင် ပြောလာတဲ့ စစ်အုပ်စုက မြို့နယ် ၆၃ မြို့နယ်မှာ စစ်အုပ်ချုပ်ရေး ထပ်ကြေငြာလိုက်ပြန်တယ်။ အာဏာသိမ်း စစ်အုပ်စုက ပြည်တွင်းစစ်ကို အရှိန်တင်ပြီး လူထု ချေမှုန်းရေး လုပ်ရင်း ရွေးကောက်ခံ အစိုးရလဲ ဖြစ်လိုက်ချင်သေးသတဲ့။

 

ရန်သူနဲ့ မတူတဲ့ ဒီမိုကရေစီ တိုက်ပွဲ လမ်းကြောင်း

 

 

ဒီသတင်း သုံးသပ်ချက် ရေးဖို့ လုပ်နေရင်း အွန်လိုင်းပေါ်က မှတ်ချက်တချို့ကို သတိပြုမိတယ်။ ရန်သူ စစ်အုပ်စုက သူ့လမ်းပြမြေပုံအတိုင်း လုပ်စရာ ရှိတာ ဆက်လုပ်နေတယ် ဆိုတဲ့ သဘောမျိုး ပြောကြတာ ရှိတယ်။ လူထုဘက်မှာရော ဘာရှိသလဲ။ စစ်အုပ်စုက ရွေးကောက်ပွဲ လမ်းကြောင်းကို တင်နေချိန် လူထုဘက်က ဘယ် demand ကို တင်ပြီး တိုက်မလဲ။ “ဒီမိုကရေစီလဲ ပြောသေး၊ ရွေးကောက်ပွဲ လုပ်တော့ကျ မင်းတို့က ဝင်မပြိုင်ရဲဘူး” ဆိုတဲ့ ထောင်ချောက်ကိုလဲ သတိပြုရမယ်။

 

ဒါ့ကြောင့် ရန်သူ စစ်အုပ်စုဘက်က ရွေးကောက်ပွဲလိုင်းကို တင်လာတဲ့အခါ လူထုဘက်က “Revolutionary Constituent Assembly” ခေါ်ယူရေး လမ်းကြောင်းကို တင်ရလိမ့်မယ်။

 

၂၀၀၈ ခြေဥအောက်က ရွေးကောက်ပွဲ ရလဒ်ကို ဆုပ်ကိုင်ပြီး ငါတို့သာ တရားဝင် အစိုးရ လုပ်နေသူများလဲ ငါးနှစ် ပြည့်ပါတော့မယ်။ အခုလဲ အန်ယူဂျီကိုယ်တိုင် အကျပ်ဆိုက်နေလို့ လစ်ဘရယ်တွေကိုယ်တိုင် အန်ယူဂျီ reform ကို ထုတ်ပြောလာကြတဲ့ အခြေအနေ။ အန်ယူဂျီ reform ပဲလုပ်လုပ်၊ reset ပဲချချ၊ အဖြေထွက်မှာ မဟုတ်ပါဘူး။

 

ဒေသအလိုက်၊​ လူမျိုးအလိုက် ပြန့်ကျဲနေတဲ့ အခြေအနေ၊ ရန်သူဘက်က ရွေးကောက်ပွဲ လှည့်ကွက်နဲ့ ဒီမိုကရေစီကို အိုးမဲသုတ်နေချိန် အဖိနှိပ်ခံ လူထုဘက်က အရေးကြီးတဲ့ democratic demand ကို ရှေ့တန်းတင်ပြီး စည်းရုံး လှုပ်ရှားဖို့ အချိန်တန်ပြီ။ အဲဒါကတော့ “Revolutionary Constituent Assembly” ကျင်းပရေး လမ်းကြောင်းပဲ။ ဒါဟာ စစ်အုပ်စုလို ၂၀၀၈ ခြေဥနဲ့ လုပ်တဲ့ အတုအယောင် ရွေးကောက်ပွဲ လမ်းကြောင်း မဟုတ်သလို အန်ယူစီစီတို့ အန်ယူဂျီတို့ အွန်လိုင်းကနေ လုပ်နေကျ လစ်ဘရယ် ညီလာခံမျိုးလဲ မဟုတ်ဘူး။

 

စစ်အစိုးရ သက်ဆိုးရှည်နေသမျှ “Revolutionary Constituent Assembly” ခေါ်ယူရေးကို အမှန်တကယ် အကောင်အထည် ဖော်ဖို့ မဖြစ်နိုင်ဘူး။ ဒါ့ကြောင့် RCA ခေါ်ယူရေးနဲ့ စစ်အစိုးရ ဖြိုချရေးဟာ ပူးတွဲနေတဲ့ လုပ်ငန်းစဉ်ပဲ။

 

– Down with the military regime!

 

– Fight for a revolutionary constituent assembly!

 

– Fight for workers’ democracy!

 

ရေးသူ – ဒင်နူး

Leave a Reply

Your email address will not be published. Required fields are marked *