လီနင်ဝါဒကို ပြန်လည်တူးဆွခြင်း (၁)

မာ့(ခ်စ်)၊ အန်းဂယ်(လ်စ်)၊ လီနင်၊ ထရော့စကီး စတဲ့ ကွန်မြူနစ် ခေါင်းဆောင်ကြီးတွေဟာ အင်တာနယ်ရှင်နယ် ဝါဒီတွေဖြစ်ကြတယ်။ နာမည်ခံသက်သက်မျှသာ မဟုတ်။ သူတို့တသက်တာလုံး ကမ္ဘာ့ ပစ္စည်းမဲ့ ဆိုရှယ်လစ် တော်လှန်ရေးအတွက် ရေကုန်ရေခမ်း အလုပ်လုပ်သွားကြတယ်။ ကွန်မြူနစ် အင်တာနေရှင်နယ်တွေကို ဦးစီး ဦးဆောင်ပြု ထူထောင်ခဲ့ကြသူတွေ ဖြစ်တယ်။ ဒါ့အပြင် နိုင်ငံ တနိုင်ငံအတွင်းမှာတင် ဆိုရှယ်လစ် တော်လှန်ရေး အောင်မြင်ရုံနဲ့ ဆိုရှယ်လစ်စနစ်ကို ရေရှည်အကောင်အထည် မဖော်နိုင်ကြောင်း သုံးသပ်ထားနိုင်ခဲ့ကြလို့ ကမ္ဘာ့ တော်လှန်ရေးအတွက် အမြဲ ပြင်ဆင် အားထုတ်ခဲ့ကြတယ်။

ဒါပေမယ့် ၁၉၂၄ခုနှစ်၊ လီနင်ကွယ်လွန်ချိန်ကစလို့ တိုင်းပြည် တပြည်အတွင်း ဆိုရှယ်လစ်စနစ် ထူထောင်ရေး (Socialism in One Country) ဆိုတာကို စတာလင်က လီနင်ဝါဒအခြေခံများ ကျမ်းမှာ စတင် ဟစ်ကြွေးခဲ့တယ်။ စစ်မှန်တဲ့ မာ့ခ်စ်-လီနင်ဝါဒရဲ့ အင်တာနေရှင်နယ် အမြင်နဲ့ ဆန့်ကျင်ဘက် ကျဉ်းမြောင်းတဲ့ အမျိုးသားရေး အမြင်တွေ အုံ့ဆိုင်းလာခဲ့တယ်။ စစ်မှန်တဲ့ မာ့ခ်စ်-လီနင်ဝါဒကို ပုံဖျက်ထားတဲ့ စတာလင်ဝါဒ စတင်အခြေချလာခြင်း ဖြစ်တယ်။

ဒီကနေ့ကာလ တော်လှန်ရေး မျိုးဆက်သစ်တွေအနေနဲ့ စတာလင်ဝါဒနဲ့ မာ့ခ်စ်-လီနင်ဝါဒကို ရှင်းရှင်းလင်းလင်း ခွဲခြားနားလည်နိုင်အောင် လေ့လာဖို့ အထူး လိုအပ်နေတယ်။ ဒီလိုအပ်ချက်အတွက် လီနင်ဝါဒကို ပြန်လည်တူးဆွကြည့်ရသမျှ အပိုင်းလိုက် တင်ဆက်သွားပါမယ်။

အပိုင်း(၁)

“နေရှင်နယ်ပြဿနာနဲ့ ကိုလိုနီပြဿနာ”

၁၉၂၀ခုနှစ်မှာ တတိယ ကွန်မြူနစ် အင်တာနေရှင်နယ်ရဲ့ ဒုတိယ အကြိမ်မြောက် ကွန်ဂရက် ကျင်းပခဲ့တယ်။ ၁၉၂၀ခု၊ ဇူလိုင် ၂၆ရက်မှာ နေရှင်နယ် ပြဿနာနဲ့ ကိုလိုနီ ပြဿနာကို လီနင်က ဆွေးနွေးခဲ့တယ်။ နေရှင်နယ် ပြဿနာနဲ့ ကိုလိုနီ ပြဿနာကို လီနင်ကိုယ်တိုင် စစ်တမ်းတွေ ရေးတင်ထားခဲ့တယ်။

ဒီစစ်တမ်းတွေကို အခြေခံပြီး ကော်မရှင်တခုက အခိုင်အမာ ဆွေးနွေး အဖြေရှာကြတယ်။ ဒီလိုစစ်တမ်းတွေ ရေးတင်ခဲ့တဲ့အပြင် ဖြည့်စွက်လိုတာကို တနည်း အခြေခံ စဉ်းစားချက်တွေကို လီနင်က ထပ်မံဆွေးနွေးခဲ့ခြင်း ဖြစ်တယ်။ (Report of the Commission on the National and the Colonial Questions, လီနင်ကျမ်းပေါင်းချုပ်၊ အတွဲ-၃၁ ကိုရှု)

ဗမာပြည်ဟာ ဗြိတိသျှ ကိုလိုနီဘဝက ရုန်းထခဲ့ရတဲ့ တိုင်းပြည်ဖြစ်တဲ့အတွက် ဗမာ့တော်လှန်ရေး အင်အားစုတွေ နေရှင်နယ် ပြဿနာနဲ့ ကိုလိုနီ ပြဿနာကို ဘယ်လို ကိုင်တွယ် ဖြေရှင်းခဲ့ကြသလဲဆိုတဲ့ ကိစ္စဟာ ဒီကနေ့ခေတ် သမိုင်းအပေါ် အများကြီး ရိုက်ခတ်မှု ရှိတယ်။ ဒီသမိုင်းရေး ကိစ္စကို လေ့လာသုံးသပ်နိုင်ဖို့ လီနင် ဆွေးနွေးချက်ကို အရင် စူးစမ်းကြည့်ရအောင်။

နေရှင်နယ် ပြဿနာနဲ့ ကိုလိုနီ ပြဿနာဆိုင်ရာ စစ်တမ်းတွေရဲ့ အရေးကြီးဆုံး အောက်ခံသဘောတရားက ဖိနှိပ်သူ တိုင်းပြည်တွေနဲ့ ဖိနှိပ်ခံ တိုင်းပြည်တွေ ကွဲပြားနေတဲ့ အချက်ကို အခိုင်အမာ ထည့်သွင်းစဉ်းစားခြင်းပဲ။ နယ်ချဲ့ စနစ်ရဲ့ အဓိက ဝိသေသက ကမ္ဘာကြီး တခုလုံးကို ဖိနှိပ်ခံ တိုင်းပြည်ပေါင်းများစွာနဲ့ မပြောပလောက်တဲ့ ဖိနှိပ်သူ တိုင်းပြည်ကြီးတွေရယ်လို့ ခွဲခြားပစ်လိုက်ခြင်းပဲ။ လက်တဆုပ်စာ ဖိနှိပ်သူ တိုင်းပြည်ကြီးတွေမှာ ဓနဥစ္စာတွေ အဆမတန် ပိုင်ဆိုင်ထားသလို စစ်လက်နက်အင်အား အပြည့် တပ်ဆင်ထားကြတယ်။ ကျန်တဖက်မှာ ကမ္ဘာ့ လူဦး ရေရဲ့ ၇၀%ကတော့ ကိုလိုနီ တိုင်းပြည်တွေအနေနဲ့ တိုက်ရိုက် ကျွန်ပြုခံနေရတာ ရှိသလို ကိုလိုနီ တပိုင်းတိုင်း ပြည်တွေအဖြစ်နဲ့ နယ်ချဲ့ကို မှီခိုနေရတာလည်း ရှိတယ်။

ဒီစစ်တမ်းတွေမှာ တွေ့ရမယ့် ဒုတိယ အယူအဆကတော့ နယ်ချဲ့စစ်ပွဲကြီး ပြီးတဲ့နောက် ဒီကနေ့ကမ္ဘာမှာ ကမ္ဘာ့ နိုင်ငံရေး စနစ်ကြီး တစုံလုံးနဲ့ ကမ္ဘာ့ပြည်သူတွေကြား ဆက်ဆံရေးတွေကို လက်တဆုပ်စာ နယ်ချဲ့နိုင်ငံကြီးတွေကနေ ဆိုဗီယက် လှုပ်ရှားမှုနဲ့ ဆိုဗီယက် ရပ်ရှား ခေါင်းဆောင်တဲ့ ဆိုဗီယက် တိုင်းပြည်တွေကို ဆန့်ကျင်ချေမှုန်းနေတဲ့ တိုက်ပွဲက အဆုံးအဖြတ်ပြုတယ်။ ဒီအချက်ကို ထည့်သွင်း မစဉ်းစားဘူးဆိုရင် ရှေ့တန်းရောက် အရင်းရှင် တိုင်းပြည်တွေနဲ့ ကိုလိုနီ နိုင်ငံတွေက ကွန်မြူနစ် ပါတီတွေဟာ ကိုလိုနီ ပြဿနာတခု/ နေရှင်နယ် ပြဿနာတခုကိုမှ ကိုင်တွယ်ဖြေရှင်းနိုင်မှာ မဟုတ်ဘူး။

တတိယ သဘောတရားကတော့ ခေတ်နောက်ကျ တိုင်းပြည်တွေက ဘူဇွှာ ဒီမိုကရက်တစ် တော်လှန်ရေးတွေနဲ့ ပတ်သက်လို့ အထူးအလေးပေး ဆွေးနွေးခြင်းဖြစ်တယ်။ ကွန်မြူနစ် အင်တာနေရှင်နယ်နဲ့ ကွန်မြူနစ်ပါတီတွေအနေနဲ့ ခေတ်နောက်ကျ တိုင်းပြည်တွေက ဘူဇွှာ ဒီမိုကရက်တစ် တော်လှန်ရေးတွေကို အကူအညီပေးရင် မူအရ မှားသလား၊ မှန်သလား ဆွေးနွေးကြတယ်။

ပထမဆုံး ဘူဇွှာ ဒီမိုကရက်တစ် တော်လှန်ရေးလို့ မသုံးဘဲ နေရှင်နယ် တော်လှန်ရေး လှုပ်ရှားမှုအနေနဲ့ သုံးကြဖို့ အားလုံးက တသဘောတည်း ဆုံးဖြတ်ကြတယ်။ ဘယ် နေရှင်နယ် လှုပ်ရှားမှုမဆို ဘူဇွှာ ဒီမိုကရက်တစ် တော်လှန်ရေးဘဲ ဖြစ်နိုင်တယ် ဆိုတာကိုတော့ သံသယဖြစ်စရာမရှိဘူး။

ခေတ်နောက်ကျတဲ့ တိုင်းပြည်တွေမှာ ဘူဇွှာ အရင်းရှင် ဆက်ဆံရေးတွေကိုပဲ ဦးတည်ကိုယ်စားပြုတဲ့ လယ်သမားထုက အများစု ဖြစ်နေသေးလို့ပဲ။ ဒီလိုတိုင်းပြည်တွေမှာ ပစ္စည်းမဲ့ လူတန်းစား ပါတီတွေ ပေါ်ထွက်လာနိုင်ခဲ့ရင် (၁၉၂၀တုန်းက ဗမာပြည်မှာဆိုရင် ပစ္စည်းမဲ့ လူတန်းစားပါတီ မပေါ်ပေါက်သေး) ဒီပါတီတွေက လယ်သမား လှုပ်ရှားမှုတွေနဲ့ အသေအချာ ဆက်ဆံမှု မပြုဘဲ၊ ထိထိရောက်ရောက် ကူညီပံ့ပိုးမှု မရှိဘဲ ကွန်မြူနစ် နည်းနာတွေ၊ ကွန်မြူနစ် ပေါ်လစီတွေချည်း အကောင်အထည်ဖော်နိုင်မယ်လို့ ယုံကြည်ထားရင် စိတ်ကူးယဉ်လွန်းရာ ရောက်မယ်။

ဒါဆို ဘူဇွှာ ဒီမိုကရက်တစ် တော်လှန်ရေးလို့ ဘာလို့ ဆက်မသုံးသလဲ ဆိုတာကို လီနင်က ရှင်းပြပါတယ်။ ဘူဇွှာ ဒီမိုကရက်တစ် တော်လှန်ရေးလို့ သုံးလိုက်ရင် ပြုပြင်ပြောင်းလဲရေး (reformist) လှုပ်ရှားမှုနဲ့ တော်လှန် ပြောင်းလဲရေး လှုပ်ရှားမှုကြားက ကွာခြားချက်တွေကို လစ်လျူရှုရာ ရောက်မှာစိုးတဲ့အတွက် နေရှင်နယ် တော်လှန်ရေး လှုပ်ရှားမှုအနေနဲ့ ပြောင်းသုံးခြင်း ဖြစ်တယ်။

ဖိနှိပ်ခံ တိုင်းပြည်တွေထဲမှာ ပြုပြင်ပြောင်းလဲရေး လှုပ်ရှားမှုတွေ အမြစ်တွယ်လာအောင် နယ်ချဲ့ ဘူဇွှာတွေက နည်းမျိုးစုံသုံး အားထုတ်ထားတဲ့အတွက် ခေတ်နောက်ကျတဲ့ ကိုလိုနီ တိုင်းပြည်တွေမှာ ဒီကွာခြားချက်ဟာ အထင်အရှားရှိနေပြီ။ သဘောက ဖိနှိပ်ခံ တိုင်းပြည်တွေမှာ တော်လှန်ပြောင်းလဲရေး လှုပ်ရှားမှုတွေ ရှိနေသလို နယ်ချဲ့သမားတွေ ပယောဂကြောင့် ပြုပြင်ပြောင်းလဲရေး လှုပ်ရှားမှုတွေလည်း အမြစ်တွယ်နေပြီ။ သွေးစုပ်ခြယ်လှယ်တဲ့ တိုင်းပြည်တွေက ဘူဇွှာလူတန်းစားနဲ့ ကိုလိုနီ တိုင်းပြည်တွေက ဘူဇွှာလူတန်းစားကြား ချစ်ကြည်ရင်းနှီးမှု အခိုင်အမာရှိနေပြီ။ ဒါ့ကြောင့်ပဲ အဖိနှိပ်ခံတိုင်းပြည် တွေက ဘူဇွှာတွေက နေရှင်နယ် လှုပ်ရှားမှုတွေကို ထောက်ခံနေပေမယ့်လည်း နယ်ချဲ့ဘူဇွှာတွေနဲ့ စည်းဝါးကိုက်ညီနေကြပြီး တော်လှန်ရေး လှုပ်ရှားမှုအားလုံး၊ တော်လှန်တဲ့ လူတန်းစား အားလုံးကို နယ်ချဲ့နဲ့အတူ ဆန့်ကျင် ချေမှုန်းနေကြတယ်။ ဒါ့ကြောင့် ဒီထူးခြားချက်ကို အလေးအနက် ထည့်သွင်းစဉ်းစားပြီး ဘူဇွှာ ဒီမိုကရက်တစ် တော်လှန်ရေးအစား နေရှင်နယ် တော်လှန်ရေး လှုပ်ရှားမှုလို့ သုံးကြဖို့ ဆုံးဖြတ်ခဲ့ကြတယ်။

ဒီနေရာမှာ သတိပြုစရာ အချက်ကို ဇောင်းပေးဆွေးနွေးလိုတယ်။ လီနင် ကွယ်လွန်ပြီးနောက်ပိုင်း တတိယ ကွန်မြူနစ် အင်တာနေရှင်နယ်ကို စတာလင် ဗျူရိုကရေစီရဲ့ လက်ကိုင်တုတ်အဖြစ် အသုံးချလာချိန်မှာ တရုတ် ကွန်မြူနစ်ပါတီကို လွှဲမှားတဲ့ လမ်းညွှန်ချက်တွေ လှမ်းပေးခဲ့တာ ရှိတယ်။ တရုတ်ပြည်ဟာ ကိုလိုနီတပိုင်း၊ ပဒေသရာဇ်တပိုင်း တိုင်းပြည်မျှသာ ဖြစ်လို့ တရုတ်ပြည်ရဲ့ လက်ရှိ တော်လှန်ရေး အဆင့်ဟာ ဘူဇွှာ ဒီမိုကရက်တစ် တော်လှန်ရေးအဆင့်သာ ရှိသေးတယ်။

ဒါ့ကြောင့် တရုတ် ကွန်မြူနစ်တွေဟာ တိုးတက်တဲ့ ဘူဇွှာတွေနဲ့ ပူးပေါင်းတိုက်ပွဲဝင်ရမယ်။ ဒီလိုအမြင်ကို အခြေခံပြီး ကူမင်တန်တွေကို တိုးတက်သော ဘူဇွှာ တနည်းဆိုရရင် အမျိုးသား ဓနရှင်တွေအဖြစ် လူတန်းစားသတ်မှတ်တယ်။ ဒါ့ကြောင့် တရုတ် ကွန်မြူနစ်ပါတီကို အမျိုးသား ဓနရှင်တွေဖြစ်တဲ့ ကူမင်တန် ပါတီထဲ ဝင်ခိုင်းခဲ့တယ်။ ဒီမှားယွင်းတဲ့ ပေါ်လစီကြောင့် တရုတ် ကွန်မြူနစ်တွေ အမျိုးသားဓနရှင် ကူမင်တန်တွေရဲ့ သတ်ဖြတ်ခြင်း ခံခဲ့ရသလို တရုတ်ပြည် ပထမ တော်လှန်ရေးလည်း ချေမှုန်းခံခဲ့ရတယ်။

ဒုတိယ ကွန်ဂရက်မှာ လီနင် တင်ပြခဲ့တာ အင်မတန် ရှင်းပါတယ်။ ကိုလိုနီ တိုင်းပြည်တွေက ဘူဇွှာ လူတန်းစားဟာ နယ်ချဲ့နိုင်ငံကြီးတွေက ဘူဇွှာ လူတန်းစားနဲ့ ပူးပေါင်းပြီး တော်လှန်ရေးကို ဆန့်ကျင်ကြကြောင်း ပြတ်ပြတ်သားသား တင်ပြခဲ့သလို၊ ကိုလိုနီ တိုင်းပြည်တွေက ဘူဇွှာတွေကို ဖောက်ပြန်တဲ့ ဘူဇွှာ၊ တိုးတက်တဲ့ ဘူဇွှာရယ်လို့ ခွဲခြားတာမျိုး လုံးဝ မလုပ်ခဲ့ဘူး။ စတာလင် လက်ထက်ကျမှ ဖောက်ပြန်တဲ့ ဘူဇွှာ၊ တိုးတက်တဲ့ ဘူဇွှာရယ်လို့ ခွဲခြားခဲ့ခြင်းဖြစ်တယ်။

ဒီနောက်မှာတော့ မော်က ဖောက်ပြန်တဲ့ ကွန်ပရာဒို ဘူဇွှာ၊ တိုးတက်တဲ့ ဘူဇွှာ တနည်း အမျိုးသား ဓနရှင်ရယ်လို့ ခွဲခြားခဲ့ပြန်တယ်။ မော်ဝါဒကို စွဲကိုင်တဲ့ ကွန်မြူနစ် ပါတီ တော်တော်များများလည်း တိုးတက်တဲ့ ဘူဇွှာ၊ တနည်း အမျိုးသား ဓနရှင်၊ တနည်း တိုင်းချစ်ပြည်ချစ် ဓနရှင်တွေကို မြေတောင်မြှောက် အားပေးရမယ် ဆိုလာကြတယ်။

ဒါတွေဟာ လီနင်ဝါဒနဲ့ တခြားစီ ဖြစ်ကြောင်း တွေ့ရမယ်။ ဒုတိယ ကွန်ဂရက်မှာ လီနင်တို့ ဆုံးဖြတ်ခဲ့တာကို သေချာ လေ့လာကြည့်မယ်ဆိုရင် တိုးတက်သော ဘူဇွှာ၊ ဖောက်ပြန်သော ဘူဇွှာ ခွဲခြားဖို့ဝေးရော။ ဝေါဟာရကိုတောင် ဘူဇွှာ ဒီမိုကရက်တစ် တော်လှန်ရေးအစား နေရှင်နယ် တော်လှန်ရေး လှုပ်ရှားမှုလို့ သုံးစွဲဖို့ တညီတညွတ်တည်း ဆုံးဖြတ်ခဲ့ကြတာ တွေ့ရမယ်။

တဆက်တည်းမှာပဲ ဒီပြောင်းလဲမှုရဲ့ ထူးခြားချက်ကို လီနင်က ဆက်တင်ပြတယ်။ ဘူဇွှာ လွတ်မြောက်ရေး လှုပ်ရှားမှုတွေဟာ အမှန်တကယ် တော်လှန်ရေးဆန်ပြီး၊ လယ်သမားထုနဲ့ သွေးစုပ်ခံ လူထုကို တော်လှန်ရေး စိတ်ဓာတ်အရ ဖွဲ့စည်းတည်ဆောက်ခြင်း၊ ပညာပေး စည်းရုံးခြင်း ကျွန်ုပ်တို့ လုပ်နေတာတွေကို ဒီလွတ်မြောက်ရေး လှုပ်ရှားမှု ဦးဆောင်စည်းရုံးသူတွေက မနှောင့်ယှက် မဟန့်တားတော့မှသာ ကျွန်ုပ်တို့ ကွန်မြူနစ်တွေက ဒီလှုပ်ရှားမှုတွေကို ကူညီပံ့ပိုးသင့်တယ်။ ဒီအခြေအနေတွေ မရှိဘူးဆိုရင် ကွန်မြူနစ်တွေဟာ ပြုပြင်ပြောင်းလဲရေးသမား ဘူဇွှာတွေကို တိုက်ပွဲဆင်ရမယ်။

ခေတ်နောက်ကျတဲ့ တိုင်းပြည်တွေက ဘူဇွှာ လူတန်းစားကို ဖောက်ပြန်တဲ့ အစု၊ တိုင်းချစ်ပြည်ချစ် အစု ဒါမှမဟုတ် တိုးတက်သော ဘူဇွှာရယ် ခွဲခြားနေတာ လီနင်ဝါဒနဲ့ ဘယ်လောက် သွေဖည်နေသလဲ။ လီနင် ရှင်းလင်းချက်အရ ကိုလိုနီ တိုင်းပြည်တွေက ဘူဇွှာတွေဟာ ပြုပြင်ပြောင်းလဲရေး (reformist) လှုပ်ရှားမှုတွေကို လုပ်လာရင် ကွန်မြူနစ်တွေက တိုက်ပွဲ ဆင်ကိုဆင်ရပါမယ်။ စတာလင်၊ မော်တို့ တင်ပြခဲ့သလို တိုးတက်သော ဘူဇွှာတွေနဲ့ ပူးပေါင်းရေးကား ဝေးစွ။

နောက်တဆင့် လီနင်တင်ပြတာက အရင်းရှင်စနစ် မရောက်သေးတဲ့ ခေတ်နောက်ကျတဲ့ တိုင်းပြည်တွေမှာ လယ်သမား ဆိုဗီယက်တွေ ဖွဲ့စည်းရေးကိစ္စ။ အရင်းရှင်စနစ် မရောက်သေးတဲ့ အခြေအနေတွေမှာ ကွန်မြူနစ် နည်းနာတွေ၊ ပေါ်လစီတွေကို လက်တွေ့ ဘယ်လို အသုံးချမလဲ ပြဿနာကို ဆွေးနွေးခြင်း ဖြစ်တယ်။

ခေတ်နောက်ကျတဲ့ ဒီတိုင်းပြည်တွေမှာ အရင်းရှင်စနစ် မတိုင်ခင် ဆက်ဆံရေးတွေကသာ အဓိက လွှမ်းမိုးနေတဲ့ လက္ခဏာ ဖြစ်နေဆဲ။ ဒီလိုအနေအထားမှာ ပစ္စည်းမဲ့ လူတန်းစား လှုပ်ရှားမှုသက်သက်ကို မျှော်လင့်ဖို့ မဖြစ်နိုင်ဘူး။ ဒီတိုင်းပြည်တွေမှာ စက်မှု အလုပ်သမား လူတန်းစားရယ်လို့ အပီအပြင် မရှိသေးဘူး။ ဘယ်လိုပဲဖြစ်ပါစေ ကျွန်ုပ်တို့ ကွန်မြူနစ်တွေက ခေါင်းဆောင်မှု အခန်းကဏ္ဍကနေ ယူထားကြတယ်၊ ယူကိုယူရမယ်လို့ လီနင်က အခိုင်အမာ တင်ပြခဲ့တယ်။ ဒါ အင်မတန် အရေးကြီးတဲ့ အချက်ပါ။ အရင်းရှင်စနစ် မရောက်သေးလို့ ဘူဇွှာ ဒီမိုကရက်တစ် တော်လှန်ရေးအဆင့် ဆင်နွှဲနေတာ ဖြစ်တဲ့အတွက် ဘူဇွှာ လူတန်းစားကို ခေါင်းဆောင်ပိုင်းမှာ ထားရမယ် ဆိုတာ လီနင်ဝါဒနဲ့ သွေဖည်နေတယ်။

ကျွန်ုပ်တို့ ဗမာပြည် အနေအထားအရ သုံးသပ်ကြည့်မယ် ဆိုရင် ရှစ်လေးလုံး အရေးတော်ပုံကြီးကို ပြန်စဉ်းစားကြည့်ပါ။ ဗိုလ်နေဝင်း မဆလ တပါတီ အာဏာရှင်စနစ်ကို ဖြုတ်ချတဲ့ ပါတီစုံ ဒီမိုကရေစီ တော်လှန်ရေးအဆင့် အဖြစ် သတ်မှတ်ခဲ့ကြတယ်။ ဒီအခါ ပါတီစုံ ဒီမိုကရေစီ တော်လှန်ရေးအဆင့် ဖြစ်လို့ အောင်ဆန်းစုကြည် ကိုယ်စားပြုတဲ့ လစ်ဘရယ် ဘူဇွှာတွေကို ကွန်မြူနစ်တွေက ပခုံးနဲ့ ထမ်းတင်ပေးခဲ့ကြတယ်။

အလုပ်သမား လူတန်းစား တပ်ဦး ပါတီက အရေးတော်ပုံကို တပ်ဦး အခန်းကဏ္ဍကနေ ခေါင်းဆောင်မှု မပေးခဲ့ဘူး။ အာဏာမသိမ်းရဲတဲ့ လစ်ဘရယ် ဘူဇွှာတွေက လူထုကို သစ္စာဖောက်သွားတဲ့အခါ စစ်ဖိနပ်အောက် ပြားပြားမှောက်နေရတာ ဒီကနေ့အထိ။ လီနင် ရှင်းလင်းတင်ပြခဲ့တာ ရှင်းပါတယ်။ အရင်းရှင်စနစ် မရောက်သေးတဲ့၊ စက်မှု ပစ္စည်းမဲ့ လူတန်းစားတောင် အပီအပြင် မရှိသေးတဲ့ ကိုလိုနီ တိုင်းပြည်တွေမှာတောင် ကွန်မြူနစ်တွေဟာ ခေါင်းဆောင်မှု အခန်းကို ယူကိုယူရမယ်။ ရှစ်လေးလုံးကာလ ဗမာပြည် အခြေအနေဟာ လီနင် ပြောနေတဲ့ (pre-capitalist relationships) လွှမ်း မိုးထားတဲ့ အခြေအနေ မဟုတ်တော့ဘူး။

လီနင် ဆက်ပြောတာက ပစ္စည်းမဲ့ လူတန်းစား အပီအပြင် မရှိသေးတဲ့ အခြေအနေမှာတောင် ကွန်မြူနစ်တွေက အခက်အခဲတွေ ဘယ်လောက်များပါစေ လူထုကြား လွတ်လပ်တဲ့ နိုင်ငံရေး အတွေးအခေါ်နဲ့ နိုင်ငံရေး လုပ်ဆောင်မှုတွေ ပေါ်ပေါက်လာအောင် အားထုတ်ရမယ်။ သွေးစုပ်ခံ လူထုကြား ဘူဇွှာ အတွေးအခေါ်၊ ဘူဇွှာ နိုင်ငံရေး လုပ်ဟန်တွေကနေ လွတ်လပ်နေရမယ်လို့ ဆိုလိုခြင်းပဲ။

ပဒေသရာဇ်တပိုင်း အခြေအနေမှာ ရှိနေတဲ့ လယ်သမားတွေဟာ ဆိုဗီယက် အဖွဲ့အစည်း သဘောတရားကို အလွယ်တကူ လက်ခံပြီး အကောင်အထည်ဖော်နိုင်ကြောင်း ထပ်ပြောတယ်။ ကုန်သွယ်အရင်းသာမက၊ မြေရှင်တွေ၊ မြေရှင် အစိုးရတွေရဲ့ သွေးစုပ်ခြယ်လှယ်မှုကို ခံနေရတဲ့ လူထုဟာ လယ်သမားဆိုဗီယက်တွေကို အသုံးချ တိုက်ပွဲဝင်နိုင်တယ်။ ဆိုဗိယက် ဖွဲ့စည်းခြင်းသဘော တရားဟာ ရိုးရှင်းပြီး ပစ္စည်းမဲ့ လူတန်းစားအတွက်သာမက မြေရှင် ပဒေသရာဇ် ဆက်ဆံရေး၊ ပဒေသရာဇ်တပိုင်း ဆက်ဆံရေးအတွင်းက လယ်သမားတွေအတွက်လဲ အသုံးဝင်တယ်။

ကိုလိုနီ တိုင်းပြည်တွေက လာတဲ့ ကွန်မြူနစ် ကိုယ်စားလှယ်တွေကလည်း ကွန်မြူနစ် အင်တာနေရှင်နယ်အနေနဲ့ သွေးစုပ်ခံလူထုရဲ့ ဆိုဗီယက်တွေ၊ လယ်သမား ဆိုဗီယက်တွေဟာ အရင်းရှင် တိုင်းပြည်တွေမှာသာမက၊ အရင်းရှင်စနစ် မရောက်သေးတဲ့ တိုင်းပြည်တွေမှာပါ အသုံးချနိုင်တဲ့ လက်နက်ဖြစ်ကြောင်း ညွှန်ပြပေးဖို့ အခိုင်အမာဆိုကြတယ်။ ဒါ့ကြောင့် ကွန်မြူနစ် ပါတီအားလုံး၊ ကွန်မြူနစ် ပါတီဖွဲ့ဖို့ အားယူနေတဲ့ အင်အားစု အားလုံးအနေနဲ့ ခေတ်နောက်ကျတဲ့ ကိုလိုနီ တိုင်းပြည်တွေအပါအဝင် နေရာတိုင်းမှာ လယ်သမား ဆိုဗီယက်တွေ၊ လုပ်သားထု ဆိုဗီယက်တွေ ဖွဲ့စည်းရေး မလွဲမသွေ ဝါဒဖြန့် စည်းရုံးကြရမယ်လို့ ဒုတိယ ကွန်ဂရက်က ဆုံးဖြတ်ချက်ချခဲ့တယ်။

ဒီအချက်ဟာလည်း အင်မတန် ဂရုပြုရမယ့် အရေးကြီးအချက် ဖြစ်တယ်။ လီနင်တို့ ဘော်ရှီဗစ် ပါတီကိုယ်တိုင် ၁၉၁၇ မတိုင်ခင်အထိ တော်လှန်ရေးအောင်ရင် constituent assembly ခေါ်ရေးကိုသာ အဓိကထားခဲ့တယ်။ ဆိုဗီယက် အစိုးရ ထူထောင်ရေးကို လီနင်ရဲ့ နာမည်ကျော် ဧပြီစစ်တမ်းတွေကို ပါတီ ကွန်ဖရင့်က အတည်ပြုပြီး ၁၉၁၇ ဧပြီနောက်ပိုင်းမှသာ အဓိက ဦးတည်ခဲ့ကြခြင်း ဖြစ်တယ်။

၁၉၁၇ အောက်တိုဘာ တော်လှန်ရေး အောင်ပြီးတဲ့အခါမှာတော့ ဆိုဗီယက်စနစ်ကို အခိုင်အမာ ထူထောင်လိုက်တော့တယ်။ ၁၉၁၇ မတိုင်ခင်က တောက်လျှောက် ကိုင်စွဲလာတဲ့ အစိုးရပုံစံ constituent assembly ကို လုံးဝ ပစ်ပယ်လိုက်တော့တယ်။ ဒါကလည်း အကြောင်းမဲ့သက်သက် မဟုတ်ဘူး။ ဆိုဗီယက်စနစ်ဟာ ပါရီကွန်မြူးကို နမူနာယူထားခြင်း ဖြစ်တယ်။ ပစ္စည်းမဲ့ လူတန်းစား အာဏာရှင်စနစ် ကျင့်သုံးရင် ပါရီကွန်မြူးကို နမူနာယူထားတဲ့ ဆိုဗီယက်စနစ်ကို အကောင်အထည်ဖော်မှ ဖြစ်မယ်။

၁၉၁၇ မတိုင်ခင်က ရပ်ရှား တော်လှန်ရေးကို ဘူဇွှာ ဒီမိုကရက်တစ် တော်လှန်ရေးအဆင့်ပဲ မျှော်မှန်းခဲ့ခြင်း ဖြစ်တယ်။ ဒါ့ကြောင့် အစိုးရပုံစံကိုလည်း ဘူဇွှာ ဒီမိုကရက်တစ် အစိုးရပုံစံဖြစ်တဲ့ constituent assembly ခေါ်ရေးကို ဦးတည်ခဲ့ကြခြင်း ဖြစ်တယ်။ ဒါပေမယ့် အောက်တိုဘာ တော်လှန်ရေးဟာ ပစ္စည်းမဲ့ ဆိုရှယ်လစ် တော်လှန်ရေး ဖြစ်တယ်။ ဒီအတွက် ဆိုဗီယက်စနစ်ကို ကျင့်သုံးခဲ့တယ်။

ဒါပေမယ့် ပစ္စည်းမဲ့ ဆိုရှယ်လစ် တော်လှန်ရေး အောင်ပြီးတဲ့ ရပ်ရှားလို တိုင်းပြည်မျိုးမှာပဲ ဆိုဗီယက်စနစ်ကို ကျင့်သုံးလို့ ရတာမဟုတ်ဘူး၊ အရင်းရှင်စနစ် မရောက်သေးတဲ့ ပဒေသရာဇ် တိုင်းပြည်၊ ကိုလိုနီ တိုင်းပြည်တွေမှာလည်း လယ်သမား ဆိုဗီယက်တွေ၊ လုပ်သားထု ဆိုဗီယက်တွေ ဖွဲ့နိုင်အောင် ကွန်မြူနစ် ပါတီတိုင်းက မဖြစ်မနေ အားထုတ်ရမယ်လို့ ဒုတိယ ကွန်ဂရက်မှာ လီနင် အခိုင်အမာ တင်ပြခဲ့တယ်။ အင်မတန် ရှင်းပါတယ်။

ဒါပေမယ့် လီနင် မရှိတော့တဲ့နောက် ခေတ်နောက်ကျ တိုင်းပြည်တွေမှာ ဘူဇွှာ ဒီမိုကရက်တစ် တော်လှန်ရေး ဆင်နွှဲတိုင်း ဆိုဗီယက်စနစ် သွားရေးထက် constituent assembly ခေါ်ရေးကိုသာ အဓိက ထားခဲ့ကြတယ်။ ဗမာပြည် ကိုလိုနီဘဝက လွတ်မြောက်ရေး တိုက်ပွဲတွေကနေ ရှစ်လေးလုံး အရေးတော်ပုံအထိ ပြန်ကြည့်ရင် ဒီအချက်ကို အထင်အရှား တွေ့ရမယ်။ အလုပ်သမား ဆိုဗီယက်၊ လယ်သမား ဆိုဗီယက်တွေ ထူထောင်ရေးထက် constituent assembly ခေါ်ရေး၊ ရွေးကောက်ပွဲကျင်းပ လွှတ်တော်ခေါ်ရေးကိုသာ လုပ်ခဲ့ကြတယ်။

ကိုလိုနီ ထမ်းပိုးအောက်က ရုန်းထွက်နေကြတဲ့ တိုင်းပြည်တွေက သွေးစုပ်ခံလူထုကို ရှေ့တန်းရောက် တိုင်းပြည်တွေရဲ့ ပစ္စည်းမဲ့ လူတန်းစားက အကူအညီပေးနိုင်တယ်၊ ပေးသင့်တယ်ဆိုတာ သံသယဝင်နေဖို့ မလို။ ဆိုဗီယက် သမ္မတ နိုင်ငံတွေက တော်လှန်ရေး အောင်ထားတဲ့ ပစ္စည်းမဲ့ လူတန်းစားကသာ ခေတ်နောက်ကျ တိုင်းပြည်တွေက သွေးစုပ်ခံ လူထုကို အကူအညီပေးခဲ့ရင် အဲဒီတိုင်းပြည်တွေအနေနဲ့ လက်ရှိ အနေအထားကနေ ရုန်းထွက်လာနိုင်မယ်လို့ လီနင် တင်ပြခဲ့တယ်။ ဒီမှာ လီနင်ရဲ့ အင်တာနေရှင်နယ် အမြင်ကို အထင်အရှားတွေ့ရမယ်။

တိုင်းပြည်တခုထဲမှာတင် ဆိုရှယ်လစ်စနစ် ထူထောင်နိုင်မယ်လို့ စိတ်ကူးယဉ်ပြီး တော်လှန်ရေး အောင်သီးအောင်ပွင့်ကို ထိုင်စားနေတာမျိုး လီနင် အားမပေးဘူး။ ကိုလိုနီ တိုင်းပြည်၊ ခေတ်နောက်ကျ တိုင်းပြည်တွေရဲ့ နယ်ချဲ့ဆန့်ကျင်ရေး လွတ်မြောက်ရေး တိုက်ပွဲတွေကို အင်တိုက်အားတိုက် ကူညီရေးကိုသာ အခိုင်အမာ ဆိုခဲ့တယ်။

(ကိုလိုနီဘဝက) လွတ်မြောက်ရာ လမ်းပေါ် ရောက်နေပြီဖြစ်တဲ့ ခေတ်နောက်ကျ တိုင်းပြည်တွေနဲ့ စစ်ကြီးပြီးတဲ့နောက် တိုးတက်မှုဆီ ရှေးရှုလာတဲ့ ကိုလိုနီ တိုင်းပြည်တွေမှာ အရင်းရှင်စနစ် ဖွံ့ဖြိုးမှု အဆင့်ကို မလွဲမသွေ ဖြတ် သန်းရမယ် ဆိုတာ မှန်ကန်သလား။ ဒီပြဿနာကို တတိယ အင်တာနေရှင်နယ် ဒုတိယ ကွန်ဂရက်မှာ အကျေအလည် ဆွေးနွေးကြပါတယ်။ ဆွေးနွေးပြီးတဲ့အခါမှာတော့ ကိုလိုနီ ထမ်းပိုးအောက်က ရုန်းထကြတဲ့ ခေတ်နောက်ကျ တိုင်းပြည်တွေမှာ အရင်းရှင်စနစ် ဖွံ့ဖြိုးမှုအဆင့်ကို မလွဲမသွေ ဖြတ်သန်းစရာ မလိုဘူးလို့ လီနင်က အခိုင်အမာ ဆိုခဲ့တယ်။

ဗမာပြည်လို၊ တရုတ်ပြည်လို ကိုလိုနီဘဝက လာခဲ့တဲ့ တိုင်းပြည်တွေအနေနဲ့ အရင်းရှင် စနစ်ကို မလွဲမသွေ ဖြတ်သန်းပြီးမှ ဆိုရှယ်လစ်စနစ်၊ ကွန်မြူနစ် လူ့အဖွဲ့အစည်းကို တက်လှမ်းနိုင်မှာလား ဆိုရင် လီနင် အလိုအရ မလွဲမသွေ ဖြတ်သန်းစရာ မလိုဘူး။ တော်လှန်ရေး အောင်ထားတဲ့ ပစ္စည်းမဲ့ လူတန်းစားက ခေတ်နောက်ကျတဲ့ တိုင်းပြည်တွေမှာ ဝါဒဖြန့်ချိရေးကို စနစ်တကျလုပ်ပြီး၊ ဆိုဗီယက် အစိုးရတွေကသာ သူတို့စွမ်းသမျှ အင်တိုက်အားတိုက် ကူညီမှု ပေးခဲ့မယ်ဆိုရင် ဖိနှိပ်ခံ တိုင်းပြည်တွေက လူထုအနေနဲ့ အရင်းရှင်စနစ် ဖွံ့ဖြိုးမှု အဆင့်ကို မလွဲမသွေ ဖြတ်သန်းဖို့ မလိုအပ်ဘူး။

ခေတ်နောက်ကျတဲ့ တိုင်းပြည်တွေနဲ့ ကိုလိုနီ နိုင်ငံတွေမှာ ပါတီ အဖွဲ့အစည်းတွေ၊ လွတ်လပ်တဲ့ တိုက်ပွဲဝင် ရဲဘော်တွေ တည်ဆောက်ထားခဲ့ရင်၊ လယ်သမား ဆိုဗီယက်တွေ ဖွဲ့စည်းရေး ဝါဒဖြန့်ချိ စည်းရုံးထားပြီး ဒီဆိုဗီယက်တွေကို အရင်းရှင်စနစ် မတိုင်ခင် အခြေအနေတွေနဲ့ လိုက်လျောအဆင်ပြေအောင် ကြိုးပမ်းထားမယ်ဆိုရင်၊ ဒါ့အပြင် ကွန်မြူနစ် အင်တာနေရှင်နယ်က ခိုင်မာတဲ့ သဘောတရား အခြေခံနဲ့ ခေတ်နောက်ကျတဲ့ တိုင်းပြည်တွေဟာ ရှေ့တန်းရောက် တိုင်းပြည်တွေက ပစ္စည်းမဲ့ လူတန်းစား အကူအညီနဲ့ ဆိုဗီယက်စနစ်ကို တန်းသွားနိုင်တယ်၊ အရင်းရှင်စနစ် အဆင့်ကို ဖြတ်သန်းစရာ မလိုဘဲ ဖွံ့ဖြိုးတိုးတက်မှု အဆင့် တချို့ကနေ ကွန်မြူနစ် လူ့အဖွဲ့အစည်းကို တန်းသွားနိုင်တယ်လို့ အဆိုပြုသင့်တယ်။

လီနင် တင်ပြချက်က ရှင်းပြီးသားပါ။ စတာလင်၊ မော်တို့ တင်ပြခဲ့သလို ကိုလိုနီတပိုင်း ပဒေသရာဇ် တပိုင်း တိုင်းပြည်တွေဟာ ပထမဆုံး ဘူဇွှာ ဒီမိုကရက်တစ် တော်လှန်ရေးကို ဖြတ်သန်းရမယ်၊ ဒီအဆင့်မှာ ဆိုဗီယက်စနစ် တနည်း ပစ္စည်းမဲ့ အာဏာရှင်စနစ်ကို တန်းသွားလို့ မရသေးဘူး၊ စက်မှု ဖွံ့ဖြိုးအောင် အမျိုးသား ဓနရှင်/ တိုးတက်သော ဘူဇွှာ/ တိုင်းချစ်ပြည်ချစ် ဓနရှင်တွေကို အားပေးအားမြှောက် ပြုရမယ်၊ တနည်းဆိုရရင် အရင်းရှင်စနစ်ကို နှစ်ကာလ အတော်ကြာ (ဘယ်လောက်ကြာမယ်ဆိုတာ သူတို့လည်း မပြောနိုင်) ဖြတ်သန်းရမယ်၊ ပြီးမှ ဆိုရှယ်လစ် တော်လှန်ရေး ဖြစ်ပြီး ပစ္စည်းမဲ့ အာဏာရှင်စနစ် ကျင့်သုံးနိုင်မယ် ဆိုမထားဘူး။

ခေတ်နောက်ကျတဲ့ တိုင်းပြည်တွေဟာလည်း ဆိုဗီယက်စနစ်ကို တန်းသွားနိုင်တယ်၊ အရင်းရှင်စနစ်ကို ဖြတ်သန်းစရာ မလိုဘဲ ဆိုရှယ်လစ်စနစ် ဖွံ့ဖြိုးမှုကနေ ကွန်မြူနစ် လူ့အဖွဲ့အစည်းကို တက်လှမ်းသွားနိုင်ကြောင်း အခိုင်အမာ ဆိုထားတယ်။ ဒါပေမယ့် ခေတ်နောက်ကျတဲ့ တိုင်းပြည် တပြည်တည်းတင်တော့ မဖြစ်နိုင်ဘူး။ လီနင်က အင်တာနေရှင်နယ်အမြင်အရ ရှေ့တန်းရောက် တိုင်းပြည်တွေရဲ့ တော်လှန်ရေး အောင်ပြီးသား ပစ္စည်းမဲ့ လူတန်းစား အကူအညီ၊ ကမ္ဘာ့ ပစ္စည်းမဲ့ လူတန်းစား တပ်ဦး ပါတီဖြစ်တဲ့ ကွန်မြူနစ် အင်တာနေရှင်နယ်ရဲ့ ဦးဆောင်မှုတွေကို အလေးထား ပြောသွားတာ တွေ့ရမယ်။ လီနင်နဲ့ ဆန့်ကျင်ဘက် စတာလင်ကတော့ တတိယ ကွန်မြူနစ် အင်တာနေရှင်နယ်ကို ဖျက်စီးပစ်ခဲ့တယ်။

ဒါဆို ဗမာပြည်လို ခေတ်နောက်ကျ တိုင်းပြည်တွေဟာ ပြည်သူ့ ဒီမိုကရေစီ တော်လှန်ရေးအဆင့် အရင်သွားရမယ်၊ ဒီအဆင့်မှာ အရင်းရှင် လူတန်းစား တရပ်လုံးကို မဖြိုဘဲ အမျိုးသား ဓနရှင်/ တိုးတက်သော ဘူဇွှာ/ တိုင်းချစ်ပြည်ချစ် ဓနရှင်တွေကို အားပေးအားမြှောက် ပြုရမယ်၊ စက်မှု ထွန်းကားအောင် အရင်းရှင်စနစ်ကို ခွင့်ပြုပေးထားရမယ်၊ ပစ္စည်းမဲ့ အာဏာရှင်စနစ်/ ဆိုဗီယက်စနစ်ကို တန်းချီတက်လို့ မရသေးဘူး ဆိုတဲ့ အမြင်တွေဟာ လီနင်ဝါဒနဲ့ သွေဖည်နေကြောင်း ရှင်းရှင်းလင်းလင်း သိလာမယ် ထင်ပါတယ်။ လီနင်ဝါဒနဲ့ သွေဖည်နေတဲ့ စတာလင်ဝါဒ Stagist Theory တဆင့်ပြီးမှ နောက်တဆင့်သွားခြင်း အယူအဆတွေကို ပြန်လည်စောကြော သုံးသပ်ကြည့်ကြရမယ်။

ကိုတင်ဦး
(၂၁ အောက်တိုဘာ၊ ၂၀၁၉)

ကျနော်တို့ Revolutionary Marxism ရဲ့ မူလ စာမျက်နှာ “The Communist” မှာ ၂၀၁၉ အောက်တိုဘာ ၂၁ ရက်နေ့က ဖော်ပြခဲ့သော ဆောင်းပါးကို အမှတ်တရ ပြန်လည် ဖော်ပြခြင်း ဖြစ်ပါတယ်။