ရှစ်လေးလုံး လူထု တော်လှန်ရေးကြီး ၃၇ နှစ်တိုင်ခဲ့ပါပြီ။ ဟုတ်ပါတယ်၊ ရှစ်လေးလုံး လူထု အရေးတော်ပုံကြီးဟာ တော်လှန်ရေး ဖြစ်ပါတယ်။ ဧရာဝတီ သတင်းဌာနကတော့ ရှစ်လေးလုံးကို လူထု အုံကြွမှုအဖြစ်သာ အသိအမှတ်ပြုတယ်၊ ၈၈ က ၂၁ လို တော်လှန်ရေး အဆင့် မရောက်ခဲ့ဘူးလို့ ဆိုထားတယ်။
၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ၁ ရက်နေ့က ‘၈၈ နဲ့ ၂၁ ဘာကွာလဲ’ ဆိုတဲ့ ရုပ်သံဆောင်းပါးမှာ ဧရာဝတီ အယ်ဒီတာ ကျော်စွာမိုးက ‘၈၈ အရေးတော်ပုံဟာ Revolution လို့ ခေါ်လို့ရတဲ့ တော်လှန်ရေး အဆင့်ကို မရောက်ခဲ့ပါဘူး၊ ၂၀၂၁ လူထု အုံကြွမှုကတော့ လက်နက်ကိုင် တော်လှန်ရေး အဆင့်ကို ပြောင်းလဲခဲ့ပါတယ်’လို့ ပြောသွားတယ်။
ဒီနေရာမှာ အလျဉ်းသင့်လို့ ထည့်ပြောရရင် ဗကပရဲ့ အရေးအသားတွေမှာ ၈၈ ကို လူထု အရေးတော်ပုံလို့ပဲ သုံးနှုန်းဖော်ပြတာ တွေ့ရလိမ့်မယ်၊ လူထု တော်လှန်ရေးလို့ ကင်ပွန်းတပ် သုံးစွဲလေ့မရှိဘူး။ ဘာ့ကြောင့် စကားကပ်ပြီး အခုလို ခွဲပြောနေကြသလဲ။ ဒီအချက်ကို အရင် ဆန်းစစ်ကြည့်ရအောင်။ သူတို့က စကားကပ်ပြီး ခွဲပြောလာတော့ ဒီအသုံးအနှုန်းတွေရဲ့ အဓိပ္ပါယ်ကို တိတိပပ ရှင်းလင်းကြည့်ဖို့ လိုအပ်လာတယ်။
အရေးတော်ပုံ ဆိုတဲ့ မြန်မာ စကားလုံးကို ပဒေသရာဇ်ခေတ်ကတည်းက သုံးစွဲခဲ့ကြတာ ရှိပါတယ်။ ဒါပေမယ့် ခေတ်သစ် လူတန်းစား တိုက်ပွဲတွေမှာ ပြန်လည် ဖော်ထုတ် သုံးစွဲခဲ့သူကတော့ (ဦး) သိန်းဖေမြင့် ဖြစ်ပါတယ်။ အိန္ဒိယ ကွန်မြူနစ်ပါတီနဲ့ အလုပ်သမား တိုက်ပွဲတွေမှာ ကြွေးကြော်လေ့ရှိတဲ့ “Long Live the Revolution” ကို မြန်မာလို “အရေးတော်ပုံ အောင်ပါစေ” လို့ ရေနံမြေ အလုပ်သမား သပိတ် တိုက်ပွဲမှာ စတင် ဖော်ထုတ်ခဲ့တယ်လို့ (ဦး) သိန်းဖေမြင့် ရေးခဲ့ဖူးတယ်။ နောက်တော့ အရေးတော်ပုံ ဆိုတဲ့ အသုံးအနှုန်းက တွင်ကျယ်လာတယ်။ တွင်ကျယ်လာတဲ့ ဒီအသုံးအနှုန်းက အင်္ဂလိပ်လို revolution နဲ့ အတူတူ ဖြစ်သွားတယ်။ ဒီရှင်းလင်းချက်ကို မကျေလည်သေးဘူးဆိုရင် မြန်မာစာ အဖွဲ့ထုတ် အဘိဓာန်မှာ အရေးတော်ပုံကို ဘယ်လို ဘာသာပြန်ထားလဲ ရှာကြည့်လိုက်ပါ။
အရေးတော်ပုံ ဖွင့်ဆိုချက် တစ် – [arch] historical account of a royal campaign (as in ရာဇာဓိရာဇ် ~ )
အရေးတော်ပုံ ဖွင့်ဆိုချက် နှစ် – social or political uprising; revolution.
ဒါ့ကြောင့် ရှစ်လေးလုံး တော်လှန်ရေးကို တော်လှန်ရေး မဟုတ်ဘူး၊ အရေးတော်ပုံ (သို့မဟုတ်) လူထု အုံကြွမှု တခုသာ ဖြစ်တယ်လို့ သူတို့ ပြောနေကြတာဟာ မလိုအပ်ဘဲ စကားကပ်ပြီး ခွဲပြောနေကြတာပဲ။ ဘာ့ကြောင့် အခုလို စကားကပ်ပြီး ခွဲပြောနေကြသလဲလို့ မေးစရာ ရှိလာတယ်။ ဗကပနဲ့ ဧရာဝတီ သတင်းဌာနရဲ့ အမြင်မှာ AS အဖြစ် ပြောင်းလဲသွားမှ တော်လှန်ရေးလို့ ခေါ်နိုင်မယ်၊အေအက်(စ်) အဖြစ် ပြောင်းလဲ မသွားရင် အဲဒါ တော်လှန်ရေး အဆင့် မဟုတ်ဘူး၊ အရေးတော်ပုံ (သို့မဟုတ်) လူထု အုံကြွမှုအဆင့်သာ ရှိသေးသတဲ့။
သူတို့အမြင်က အေအက်(စ်)မှ မဟုတ်ရင် တော်လှန်ရေး မဟုတ်ဘူးလို့ ထင်လာတဲ့အထိ အေအက်(စ်)ကို fetish ဖြစ်နေတာပဲ။ ဒါကို ဘာ့ကြောင့် အခုလို ဆန်းစစ် ဝေဖန်နေရသလဲ။ ရှင်းပါတယ်။ ဒါဟာ စကားလုံး အငြင်းပွားမှု သက်သက် မဟုတ်ဘူး။ တော်လှန်ရေးရဲ့ အနှစ်သာရကို ချေဖျက်ပစ်နေလို့ပဲ။
အလုပ်သမားတွေ သန်းနဲ့ချီပြီး သပိတ် တိုက်ပွဲဆင်နွှဲတာ၊ ပြည်လုံးကျွတ် အထွေထွေ သပိတ်ကြီး ဆင်နွှဲတာတွေက တော်လှန်ရေး မဟုတ်သေးဘူး၊ “တောခိုပြီး ပျောက်ကြားစစ် ထတိုက်မှ တော်လှန်ရေး အဆင့် ရောက်တာ” ဆိုတဲ့ အမြင်ဟာ တက်တက်စင်အောင် မှားပါတယ်။ AS ဆိုတဲ့ နည်းနာ (သို့မဟုတ်) တိုက်ပွဲ ပုံစံကို ကျင့်သုံးရင် အဲဒါ တော်လှန်ရေးပဲ လို့ လွဲမှားစွာ ကောက်ချက်ချလို့ ရသွားတယ်။ ဒါ့အပြင် AS ဆိုတဲ့ တိုက်ပွဲ နည်းနာဟာ အဖိနှိပ်ခံ လူထုကိုယ်တိုင် ရုန်းထ တိုက်ပွဲဝင်ခြင်းထက် ပိုအရေးကြီးသယောင် ထင်မှတ်မှားစေတယ်။
ရှင်းအောင် ပြောရရင် AS ဟာ တော်လှန်ရေးရဲ့ တိုက်ပွဲ ပုံစံ တရပ်သာ ဖြစ်တယ်၊ AS က တော်လှန်ရေး ဖြစ်ခြင်း မဖြစ်ခြင်းကို အဆုံးအဖြတ်ပေးတာ မဟုတ်ဘူး။ ဒါ့ကြောင့် AS တိုက်ပွဲပုံစံကို အသုံးပြုတိုင်း တော်လှန်ရေး မဟုတ်ဘူး။ လူထု တော်လှန်ရေး လှုပ်ရှားမှုရဲ့ အစိတ်အပိုင်း ဖြစ်နေမှသာ AS က အရေးကြီးတဲ့ အခန်းကဏ္ဍ ရှိမယ်၊ လူထု တော်လှန်ရေး လှုပ်ရှားမှု မရှိသေးတဲ့ အခြေအနေမှာ AS သီးသန့်လုပ်နေရင် အဲဒါ တော်လှန်ရေး မဟုတ်ဘူး။
အဲဒါ မာ့(က်စ်)ဝါဒ အမြင်ပဲ။ ဒါကို တလွဲအနက်ကောက်ပြီး ကြီးမြတ်သော လက်နက်ကိုင် တော်လှန်ရေးကို မာ့(က်စ်)ဝါဒီတွေက ပုံဖျက်နေပါပြီလို့ မစွပ်လေနဲ့။ Violence အပါအဝင် AS အပေါ် မာ့(က်စ်)ဝါဒီတွေရဲ့ အမြင်က abstract မဆန်ဘူး၊ သဘောက အခါခပ်သိမ်း ဆန့်ကျင်တယ် (သို့မဟုတ်) ထောက်ခံတယ် ဆိုတာမျိုး မဟုတ်ဘူး။ ဒီပြဿနာတွေဟာ concrete question ဖြစ်တယ်။
ဒါ့ကြောင့် ဧရာဝတီ သတင်းဌာနနဲ့ ဗကပရဲ့ တော်လှန်ရေးအပေါ် အမြင်က abstract ဆန်ပြီး one-sided ဖြစ်လွန်းတယ်။ ဒီအမြင်ကနေ AS သာ ပဓာန၊ ကျန်တာ သူ့လက်အောက်ခံ ဆိုတဲ့ ကောက်ချက်ကို ရောက်သွားတာပဲ။ (တချို့လဲ ကျနော်တို့ ဝေဖန်ချက်တွေ မြင်လာရတော့ AS နဲ့ ကျန်တိုက်ပွဲ သဏ္ဍာန် မျိုးစုံ ပေါင်းစည်းရေး ဆိုပြီး လူကြားကောင်းရုံ အော်လာတာ တွေ့ရမယ်။ ဒါပေမယ့် အောက်ခံ အယူအဆက အတူတူပဲဆိုတော့ အဲသလို အော်နေတာလဲ အဓိပ္ပါယ် မရှိလှဘူး)။
ရှစ်လေးလုံးနဲ့ ၂၁ မှာ တော်လှန်ရေး ဘာ့ကြောင့်ဖြစ်
ဧရာဝတီ သတင်းဌာနက ၈၈ နဲ့ ၂၁ ဘာကွာလဲ သုံးသပ်ရာမှာ နှစ်ခုလုံးရဲ့ ပန်းတိုင်က ဒီမိုကရေစီ ရရှိရေးလို့ ဆိုထားတယ်။ ဒီတော်လှန်ရေး နှစ်ရပ်ရဲ့ ပန်းတိုင်ဟာ ဒီမိုကရေစီ ရရှိရေးလို့ ပြောရင် မှားပါတယ်။ ဒီမိုကရေစီဟာ အရေးတော်ပုံ နှစ်ရပ်လုံးရဲ့ demand တွေထဲက တချက်သာ ဖြစ်ပါတယ်။ ဒီမိုကရေစီဟာ တော်လှန်ရေးရဲ့ ပန်းတိုင် မဟုတ်ဘူး။ ဒီမိုကရေစီရဲ့ ရှေ့မှာ adjective တလုံးတိုးပြီး ဖက်ဒရယ် ဒီမိုကရေစီ ရရှိရေးဟာ ၂၁ တော်လှန်ရေးရဲ့ ပန်းတိုင်လို့ ပြောလာရင်လဲ မဟုတ်ဘူးလို့ ပြတ်ပြတ်သားသား ပြောရလိမ့်မယ်။ ဒီမိုကရေစီ ရရှိရေးဟာ means တခုသာ ဖြစ်တယ်၊ တော်လှန်ရေးရဲ့ end မဟုတ်သေးဘူး။ လူ့အဖွဲ့အစည်းကို အခြေအမြစ်က တော်လှန်ပြောင်းလဲနိုင်မှ တော်လှန်ရေး ပန်းတိုင်ကို ရောက်မယ်လို့ ပြောနိုင်တယ်။ ဒီမိုကရေစီ ဆိုတဲ့ demand တခုတည်းကို တော်လှန်ရေးရဲ့ ပန်းတိုင်အဖြစ် လျှော့ချလိုက်လို့ မဖြစ်ဘူး။
ဘာ့ကြောင့်လဲ၊ ရှင်းပါတယ်။ ဒီမိုကရေစီ ဆိုတဲ့ demand ဟာ ဝေဝါးတယ်၊ တနည်းဆိုရရင် ဒီမိုကရေစီကို လူတန်းစားအလိုက် အဓိပ္ပါယ် ဖွင့်ဆိုပုံ မတူနိုင်ဘူး။ အလုပ်သမား လူတန်းစား တောင်းဆိုတဲ့ ဒီမိုကရေစီရဲ့ class content နဲ့ လစ်ဘရယ် ဘူဇွာတွေ တောင်းဆိုတဲ့ ဒီမိုကရေစီရဲ့ class content ဟာ ဘယ်လိုမှ မတူနိုင်ဘူး။ ဒီအချက်ကို ၂၀၁၀-၂၀ ခုနှစ်အတွင်း ဆယ်စုနှစ် သမိုင်းကို ပြန်ကြည့်ရင် အထင်အရှား မြင်ရလိမ့်မယ်။
ဒါ့ကြောင့်လဲ ဧရာဝတီ သတင်းဌာနက လစ်ဘရယ်တွေက၂၀ ရွေးကောက်ပွဲအပြီး အခြေအနေကို မျှော်လင့်ချက်တွေ အပြည့်နဲ့ နိုင်ငံအဖြစ် ရှုမြင်တာပဲ။ အဲတော့ ၂၁ တော်လှန်ရေးကို စစ်တပ်က အာဏာသိမ်းလို့ ထဖြစ်တာပဲလို့ မြင်သွားတယ်။ ၂၁ ဖေဖော်ဝါရီမှာ စစ်တပ်က အာဏာ မသိမ်းခဲ့ရင် ၂၀ ရွေးကောက်ပွဲ အလွန် ဒီမိုရွှေခေတ်ကို ရောက်သွားမယ်လို့ တွက်ပုံရတယ်။ ၂၁ တော်လှန်ရေး ဖြစ်ခြင်း၊ မဖြစ်ခြင်းဟာ စစ်တပ်က အာဏာသိမ်းခြင်း မသိမ်းခြင်း ဆိုတဲ့ accident အပေါ် မူတည်နေတယ်လို့ ကောက်ချက်ဆွဲရာ ရောက်သွားတယ်။
ဒီတော့ ကျော်ဝင်းတို့ ပြောခဲ့သလို “စစ်တပ် ကာချုပ်နဲ့ ဒေါ်စုသာ ပြေလည်အောင် ညှိလိုက်မယ်ဆိုရင် အာဏာသိမ်းပွဲလဲ မဖြစ်တော့ဘူး” ဆိုတဲ့ သမိုင်းအမြင်နဲ့ အတူတူ ဖြစ်သွားပြီ။ လူထု တော်လှန်ရေး တရပ် ဖြစ်ခြင်း မဖြစ်ခြင်းဟာ အုပ်စိုးသူ လူတန်းစားထဲက ခေါင်းဆောင်တွေရဲ့ အမျှော်အမြင် ရှိခြင်း မရှိခြင်း အပေါ် မူတည်နေသယောင် ပြောလိုက်တာပဲ။ တနည်းအားဖြင့် အုပ်စိုးသူ လူတန်းစားသာ အာဏာမသိမ်းဘဲ အကွက်ရွှေ့တတ်ရင် ဗမာပြည်မှာ တော်လှန်ရေး ဖြစ်လာမှာ မဟုတ်ဘူးလို့ ပြောလိုက်တာပဲ။
ဧရာဝတီ အယ်ဒီတာရဲ့ အတွေးအမြင် ဆောင်းပါးက ၂၁ တော်လှန်ရေးကို ရှစ်လေးလုံးနဲ့ နှိုင်းယှဉ်ပြီး ဂုဏ်ဖော်ဖို့ ကြိုးစားတာပဲ။ ဒါပေမယ့် တကယ့် လက်တွေ့မှာ ၂၁ တော်လှန်ရေးကို အသရေဖျက်ရာ ရောက်သွားတယ်။
အမှန်တော့ ၂၁ မှာ စစ်တပ်က အာဏာမသိမ်းခဲ့လဲ ဗမာပြည်မှာ တော်လှန်ရေး ထဖြစ်မှာပဲ။ ၂၁ ခုနှစ်မှာ ဖြစ်ချင်မှ ဖြစ်လိမ့်မယ်။ စစ်တပ်က ၂၁ မှာ အာဏာသိမ်းလိုက်ခြင်းဟာ တော်လှန်ရေး မြန်မြန်ဖြစ်အောင် လုပ်ပေးလိုက်သလို ဖြစ်သွားတယ်။ ဒီလို ဖြစ်စဉ်မျိုး သမိုင်းမှာ မကြာခဏ တွေ့ရလေ့ရှိတယ်။ ဒီသဘောကို မာ့(က်စ်) က အခုလို ပြောခဲ့ဖူးတယ် –
“the revolution at times needs the whip of counter-revolution to drive it forward”
၂၀၂၁ မှာ မင်းအောင်လှိုင် စစ်တပ်က အာဏာသိမ်းလိုက်ခြင်းဟာ မာ့(က်စ်) ပြောခဲ့သလို တန်ပြန် တော်လှန်ရေးရဲ့ ကြာပွတ်ရိုက်ချက် ဖြစ်တယ်၊ ဒီအချက်ကြောင့် တော်လှန်ရေး မြန်မြန်ဖြစ်အောင် တွန်းဆော်လိုက်သလို ဖြစ်သွားလို့ “catalyst” သဘောမျိုး ပြောမယ်ဆိုလဲ ပြောနိုင်တယ်။ ဒါပေမယ့် catalyst ကြောင့် တော်လှန်ရေး ဖြစ်ရတာလို့ ကောက်ချက်ဆွဲ မရဘူး၊ တော်လှန်ရေး ဖြစ်ဖို့ လိုအပ်တဲ့ အခြေခံ အကြောင်းတရားတွေ၊ ဖြစ်စဉ်တွေ ဆယ်စုနှစ်နဲ့ချီ ပြောင်းလဲဖြစ်ပေါ်နေခဲ့တာတွေ မေ့ထားလို့ မရဘူး။
ဧရာဝတီ အယ်ဒီတာက ယမ်းအိုးနဲ့ (catalyst) စနက်မီး နမူနာကို ၈၈ တော်လှန်ရေးနဲ့ ပတ်သက်လို့ သုံးသွားတယ်။ ဒီနမူနာကို chemical reaction ကနေ ယူထားခြင်း ဖြစ်တယ်။ သူသုံးသွားတဲ့ ဒီ catalyst နမူနာကိုပဲ ပြန်စဉ်းစားကြည့်ပါ။ catalyst ကြောင့် chemical reaction ဖြစ်တာလား။ မဟုတ်ဘူး။ catalyst မရှိလဲ chemical reaction က ဖြစ်မှာပဲ။ မြန်မြန်ဖြစ်တာနဲ့ အချိန်ကြာမှ ဖြစ်တာပဲ ကွာသွားမယ်။
ပြဿနာက ၂၁ တော်လှန်ရေး ဖြစ်စဉ်ကျ အဲသလို မချဉ်းကပ်ထားဘူး။ မင်းအောင်လှိုင်သာ အာဏာမသိမ်းဘူး ဆိုရင် ၂၁ တော်လှန်ရေး ဖြစ်လာမယ့် combustible materials ဘာမှ မရှိသလို သုံးသပ်ထားတာ ဖြစ်နေတယ်။ ဒီလို ဝေဖန်နေတာက မင်းအောင်လှိုင် စစ်အုပ်စုရဲ့ အာဏာသိမ်းပွဲကို ထောက်ခံလို့ မဟုတ်ဘူး။ စစ်အာဏာသိမ်းခြင်း အပါအဝင် စစ်အာဏာရှင်စနစ်တခုလုံးကို ပြတ်ပြတ်သားသား ဆန့်ကျင်ပြီးသား ဖြစ်တယ်။
၂၁ စစ်အာဏာသိမ်းမှုဟာ ဆယ်စုနှစ်ချီ စုပြုံလာတဲ့ combustible materials အပေါ် ဓာတ်ဆီလောင်းပြီး မီးရှို့လိုက်သလို ဖြစ်သွားတာပဲ။ သိပ္ပံနည်းကျ ဝေါဟာရတွေနဲ့ ပြောရရင် ဆယ်စုနှစ်များစွာ ကိန်းအောင်းလာတဲ့ class contradictions တွေ ပြင်းထန်စူးရှလာချိန် စစ်တပ်က အာဏာသိမ်းလိုက်လို့ တော်လှန်ရေး ဖြစ်တာပဲ။
အဲဒီ ဖြစ်စဉ်တွေကို ဖယ်ထုတ်ပြီး စစ်တပ်က အာဏာသိမ်းလိုက်တာ တခုတည်းကြောင့် တော်လှန်ရေး ထဖြစ်တယ်လို့ ကောက်ချက်ဆွဲမယ်ဆိုရင် ဒီမတိုင်ခင် ဆယ်စုနှစ်တွေတုန်းက မျှော်လင့်ချက်တွေ အပြည့်နဲ့ နေချင့်စဖွယ် တိုင်းပြည်ကြီးလို့ ထင်မှတ်ရမလို ဖြစ်နေပြီ။ အဲသလို ထင်မှတ်မှားခြင်းဟာ လစ်ဘရယ် ဘူဇွာတွေအတွက် နိုင်ငံရေး အမြတ်ထွက်တယ်။ ၂၁ တော်လှန်ရေး ထဖြစ်တာကိုပဲ သူတို့ အစိုးရ ဖြစ်ရေး လူထုက ထွက်တိုက်ပေးနေသလို (သူတို့အခေါ် ‘စုရွေးလွှတ်’ လမ်းကြောင်း၊ အတိအကျ ပြောရရင် ‘restoration of the status quo’) ပုံဖော်ခဲ့ကြတယ်။ အခု ဧရာဝတီ သတင်းဌာနရဲ့ သုံးသပ်ချက်က အဲဒီ ဘူတာကို ဆိုက်တာပဲ။ ဒီအချက်ကို မမြင်ရင် ဘာ့ကြောင့် တော်လှန်ရေး ဖြစ်ဖြစ် ဘာအရေးလဲ၊ စာတတန် ပေတတန် ဝေဖန်စရာ လိုသလားလို့ စောဒက တက်ချင်လိမ့်မယ်။
ရှစ်လေးလုံးကိုပဲ ကြည့်ကြည့်၊ ၂၁ ကိုပဲ ကြည့်ကြည့်၊ ဒိုင်ယာလက်တစ် အမြင်မရှိရင် ဘာ့ကြောင့် တော်လှန်ရေး ဖြစ်ခဲ့သလဲ ကောင်းကောင်း နားမလည်နိုင်ဘူး။ ငလျင်မဖြစ်ခင်အထိ ကိုယ့်ခြေဖဝါးအောက်က မြေကြီးဟာ တည်ငြိမ် ခိုင်ခံ့နေတယ်၊ ဘာမှ လှုပ်ခတ် ပြောင်းလဲနေခြင်း မရှိဘူးလို့ ထင်ကြတယ်။ တကယ်တော့ မြေလွှာ မျက်နှာပြင်အောက်က ကျောက်ပြားကြီးတွေ လှုပ်ရှားနေတာ၊ subterranean pressure တွေ ပြောင်းလဲနေတာကို မမြင်နိုင်ခဲ့ကြဘူး။ အဲ့တော့ ဘာမှ မဖြစ်ဘူး၊ တည်ငြိမ်နေတယ်ပဲ ထင်ခဲ့ကြတာ။ ရုတ်တရက် အင်အားပြင်း ငလျင်ကြီး ထလှုပ်မှသာ ခြေဖဝါးအောက်က မြေသားထုဟာ တည်တည်ငြိမ်ငြိမ် ရှိနေခဲ့တာ မဟုတ်မှန်း သိကြရတယ်။
အဲသလိုပဲ လူ့အဖွဲ့အစည်းအတွင်း တစတစ ပြောင်းလဲနေတဲ့ ဖြစ်စဉ်တွေ၊ တနေ့တခြား စုပြုံလာတဲ့ မကျေနပ်ချက်တွေ၊ ခံပြင်းမှုတွေ၊ မညီမျှမှုတွေ၊ မတရားမှုတွေ၊ ဒေါသတွေ၊ လူတန်းစား ပဋိပက္ခတွေဟာ အပေါ်ယံလောက်ကြည့်ပြီး အကဲခတ်လေ့ရှိသူ empiricist တွေအဖို့ မမြင်သာဘူး။ အဲသလို မမြင်သာတဲ့ တဖြည်းဖြည်း ပြောင်းလဲမှုတွေ စုပြုံသထက် စုပြုံလာရာက ရေဆူမှတ် (critical point) ရောက်တဲ့အခါ ရုတ်တရက်ဆိုသလို social explosion ထဖြစ်တာပဲ။ အဲဒါကို တော်လှန်ရေးလို့ ခေါ်တာပဲ။ ဒီသဘောတရားကို ကွက်ကွက်ကွင်းကွင်း မြင်သာအောင် ထရော့စကီးက “molecular process of revolution” လို့ သုံးပြီး ရှင်းပြခဲ့ဖူးတယ်။
ဒီတော့ ချုပ်ရရင် ဧရာဝတီ သတင်းဌာနရဲ့ တင်ပြချက်ဟာ ၈၈ တော်လှန်ရေးကို နားမလည်သလို ၂၁ တော်လှန်ရေးကိုလဲ နားမလည်ဘူး။ ဒီနှစ်ခုကို နှိုင်းယှဉ်သုံးသပ်ချက်ဟာလဲ တော်တော် အပေါ်ယံဆန်ပါတယ်။ ‘၈၈ က စောက်ချိုးတွေ ၂၁ မှာ လာမချိုးနဲ့’ အော်ကြသူတွေရဲ့ သမိုင်းအမြင်လောက်ပဲ ရှိတာ တွေ့ရတယ်။
၈၈ က အဖိနှိပ်ခံ လူထုကြီးဟာ လူ့အဖွဲ့အစည်းကို အခြေအမြစ်ကနေ ပြောင်းလဲပစ်ဖို့ တော်လှန်ရေး ဆင်နွှဲခဲ့ကြတယ်။ ဒါပေမယ့် သူတို့ မအောင်မြင်ခဲ့ဘူး။ ဒါ့ကြောင့် ရုပ်အခြေအနေ၊ အကြောင်းအချက် ပြည့်စုံ ရင့်မှည့်လာတဲ့အခါ ၂၁ မှာ တော်လှန်ရေး ပြန်ဖြစ်တယ်။ ၈၈ မှာ မအောင်မြင်ခဲ့တဲ့ တိုက်ပွဲကို ဒီကနေ့ ဆက်တိုက်နေရဆဲလို့ ပြောနိုင်ပါတယ်။
ဒါပေမယ့် ဒီတော်လှန်ရေး နှစ်ရပ်ကြားမှာ သမိုင်းခေတ်တွေ ခြားခဲ့ပြီ။ ၈၈ မှာ မမွေးသေးတဲ့ မျိုးဆက်အနေနဲ့ ၈၈ တော်လှန်ရေးကို နားလည်ဖို့ ခဲယဉ်းပါတယ်။ historical memory ဆိုတာ သိစိတ်ရှိရှိ လက်ဆင့်ကမ်း သယ်ဆောင်ရတာမျိုး ဖြစ်ပါတယ်။ အလုပ်သမား လူတန်းစားရဲ့ တော်လှန်ရေး ပါတီဟာ ဒီတာဝန်ကို ထမ်းဆောင်ရပါတယ်။ အဲသလို ထမ်းဆောင်နိုင်တဲ့ ပါတီမျိုး အလုပ်သမား လူတန်းစားမှာ မရှိဘူးဆိုရင် အလုပ်သမား လူတန်းစားဟာ တိုက်ပွဲထဲရောက်မှ trial and error နည်းနဲ့ သင်ယူရတာမျိုး ဖြစ်သွားမယ်။
သူရိန်မွန်
၈.၈.၂၀၂၅