ပက်တီး ဘူဇွှာတွေရဲ့ စိတ်ကူးယဉ် တော်လှန်ရေး

ပုလဲ ပအဖခေါင်းဆောင် ဇော်ထက်က လက်မှတ်ထိုးပြီး လူထုကို ခြိမ်းခြောက်တဲ့စာ မေလ (၂၆)ရက်နေ့က ထွက်လာတယ်။ နုဂျီပညာရေးကိုပဲ ဝင် joinရမယ်၊ မြို့ပေါ်မှာ စကစ ကျောင်းလဲ တက်လို့မရ၊ private ကျောင်းလဲ တက်လို့မရ၊ တက်ခဲ့ရင် အရေးယူမယ်လို့ ခြိမ်းခြောက်တယ်။ ဇော်ထက် သားသမီးတွေ ဘယ်ကျောင်း တက်နေသလဲဆိုတဲ့ ပြဿနာတွေ ဒီနေရာမှာ ထည့်မပြောလိုဘူး။ NUG ပသုံးလုံးရဲ့ တန်ပြန် တော်လှန်ရေး ယန္တရားက တော်လှန်ရေး လေပစ်ပြီး coercion နဲ့ ဖိနှိပ်တာ၊ ခြိမ်းခြောက်တာတွေ ကြားရလွန်းလို့ နားဝက အသားမာတောင် တက်လှပြီ။ ဒါပေမဲ့ ပသုံးလုံး ယန္တရားကနေ ဒီ ခြိမ်းခြောက်စာ ထွက်လာတာနဲ့ အချိန်ကိုက် လစ်ဘရယ် စိတ်ကူးယဉ်သမားတွေကပါ reactionary အတွေးအခေါ်တွေ သွတ်သွင်းဖို့ ကြိုးစားလာတယ်။

နုဂျီဘက်ကနေ စာထွက်လာပြီး မကြာခင်မှာပဲ တူမီးသိမ်းမောင် ဆိုသူက personal account ကနေ “စာသင်ခန်းတွေ ဖြိုချကြ” ဆိုတဲ့ စာတပုဒ် တင်လာတယ်။ သူ့ အဆိုကို တချက်ချင်း ကောက်နုတ်ပြီး ဖြည်ကြည့်ရအောင်။

“ဒီလူတွေ လွန်ဆွဲနေကြတာ တကယ် ပညာရေးအတွက်လား၊ စာသင်ခန်းအတွက်လား၊ အတန်းအတွက်လား လက်မှတ်အတွက်လား” တဲ့။

ဒီလို မေးခွန်းထုတ်ထားပေမဲ့ တူမီးသိမ်းမောင်ရဲ့ အမြင်ကိုက ကျောင်းပညာရေးကို စာသင်ခန်း/အတန်း/ဘွဲ့ လက်မှတ်အဖြစ် လျှော့ချပြီး မြင်တဲ့ reductionism ဖြစ်နေတယ်။ ကျောင်းပညာရေးဆိုတာ အတန်းတက်ခြင်း၊ အောင်လက်မှတ် ထုတ်ပေးခြင်းထက် အများကြီး ပိုတယ်။ အဲဒါကို socialization process လို့ ခေါ်တယ်။ ဒါကို တူမီးသိမ်းမောင်တို့လို ပက်တီးဘူဇွာ လစ်ဘရယ်တွေ နားမလည်ပေမဲ့ ကျောင်းသား မိဘပြည်သူတွေ နားလည်တယ်။

ဒါ့ကြောင့်လဲ အခက်အခဲကြားက သူတို့ သားသမီးတွေကို ကျောင်းထားဖို့ ကြိုးစားနေကြတာပဲ။ နုဂျီ ပသုံးလုံးက ကိုယ့်သားသမီးကိုယ် ကျောင်းထားတဲ့ မိဘပြည်သူတွေကို ရွာက နှင်ထုတ်မယ် တကဲကဲ လုပ်နေတယ်။ ဒီလို ဖိနှိပ်မှုတွေကို အံတုပြီး ကျောင်းထားနေတဲ့ မိဘပြည်သူတွေကို ကလေး အတန်း တက်ချင်လို့ အောင်လက်မှတ်လေး ရချင်လို့ ကျောင်းထားနေကြတာ ဆိုပြီး တူမီးသိမ်းမောင်က စွပ်စွဲစော်ကားလိုက်တာပဲ။ တူမီးသိမ်းမောင်က ကျောင်းပညာရေး ဆိုတာကို အဲသလောက်ပဲ နားလည်ထားလို့ သာမန် လူထုကို အခုလို စော်ကားရဲတာ ဖြစ်လိမ့်မယ်။

တူမီးသိမ်းမောင်က ဆက်ပြောတယ် –

“တကယ်တော့ နှစ်ဖက်လုံးဟာ တူညီတဲ့ အတွေးအခေါ် ထောင်ခြောက်အတွင်းမှာ ပိတ်မိနေကြတာ ဖြစ်နိုင်ပါတယ်၊ အဲဒါက ‘စာသင်ခန်းဝါဒ’ ဖြစ်ပါတယ်” တဲ့။

သူ့အဆိုအရ နှစ်ဖက်လုံးက ပညာရေးဆိုတာ “အတန်းတက်ရတာ၊ စာမေးပွဲဖြေရတာ၊ အောင်လက်မှတ်ရတာ၊ ဘွဲ့ရတာလို့ ထင်နေတဲ့ အတွေးအခေါ်” စွဲကပ်နေသူတွေ ဖြစ်တယ်။

လစ်ဘရယ် ပက်တီးဘူဇွှာ ပီသပါပေ့လို့ ဆိုရလိမ့်မယ်။ တူမီးသိမ်းမောင်ရဲ့ ပို့စ်တခုလုံးကို ခြုံကြည့်လိုက်ရင် ကျောင်းပညာရေးကို တသီးပုဂ္ဂလ ရှုထောင့်ကနေ ကြည့်ပြီး ဝေဖန်ထားတာပဲ။ ဒီကနေ့ခေတ် လူနေမှုစနစ်အတွင်း ရှင်သန်နေရတဲ့ လူသားတွေရဲ့ ပညာရေးအဖြစ် သူ နားမလည်ဘူး။

ပညာရေးဆိုတာ အတန်းတက်ရတာ၊ စာမေးပွဲဖြေရတာ၊ အောင်လက်မှတ်ရတာ၊ ဘွဲ့ရတာတွေထက် ပိုကျယ်ပြန့်တယ်။ ဒါပေမဲ့ အရေးကြီး အချက်တချက်ကို တူမီးသိမ်းမောင် မေ့နေခဲ့တယ်။ “အတန်းတက်မှ၊ စာမေးပွဲဖြေမှ၊ အောင်လက်မှတ်ရမှ၊ ဘွဲ့ရမှ” ဆိုတဲ့ လိုအပ်ချက်တွေကို လူတဦးချင်းဆီက လွတ်လပ်သော စိတ်ဆန္ဒနဲ့ ပြဋ္ဌာန်းထားတာ မဟုတ်ဘူး။ အရင်းရှင် လူ့အဖွဲ့အစည်းက ဒီအချက်တွေကို တောင်းဆိုနေခြင်း ဖြစ်တယ် ဆိုတဲ့ အချက်ကို တူမီးသိမ်းမောင် မမြင်နိုင်ဘူး။

လူတွေဟာ စံတန်ဖိုးချည်းသက်သက်နဲ့ အသက်ရှင်လို့ မရဘူး။ အသက်ရှင်ဖို့အတွက်၊ စားဝတ်နေရေးအတွက် ကုန်ထုတ်လုပ်ငန်းထဲမှာ ပါဝင်ရတယ်။ လူတွေ ရှင်သန်နေထိုင်နေကြရတဲ့ လူမှုစီးပွားရေး စနစ်က လူတွေရဲ့ စဉ်းစားတွေးခေါ်ပုံကို ultimately ပြဋ္ဌာန်းပေးတယ်။

ဘွဲ့ရမှ လူရာဝင်တယ်၊ ပညာတတ်မှ လူဝင်ဆံ့တယ်ဆိုတာ စိတ်ကူးယဉ် ဝတ္ထုတွေထဲက ဇာတ်လိုက်တွေ မိန့်မိန့်ကြီး ပြောကြသလို လူတွေက အတ္တကြီးနေကြလို့ မဟုတ်ဘူး။ ဒီကနေ့ခေတ်မှာ ဘွဲ့ရ ပညာတတ်ဆိုသူတွေတောင် စားဝတ်နေရေး ဖူလုံနိုင်လောက်တဲ့ လုပ်ခလစာ မရဘူး။ ဒီလို မရအောင်လဲ အရင်းရှင် ကုန်ထုတ်စနစ်က ကန့်သတ်ထားတယ်။

“နှစ်ပေါင်းများစွာ ကျွန်တော်တို့ ပညာရေးကို လူ့အရင်းအမြစ် ထုတ်လုပ်ရေး စက်ရုံလို မြင်ခဲ့ကြတယ်၊ စီးပွားရေးအတွက် လုပ်သားမွေးပေးဖို့၊ အစိုးရအတွက် ဝန်ထမ်းမွေးပေးဖို့၊ စနစ်အတွက် လူတွေ ထုတ်ပေးဖို့ ဆိုတဲ့ အချက်မှာပဲ ရပ်နေခဲ့တယ်” လို့ တူမီးသိမ်းမောင်က ဆိုတယ်။

“ပညာရေးရဲ့ အမြင့်ဆုံး တာဝန်က လွတ်လပ်တဲ့ အတွေးအခေါ်တွေ မွေးဖွားပေးဖို့ ဖြစ်တယ်”ဆိုတာ မှန်ပေမဲ့ လွတ်လပ်တဲ့ တွေးခေါ်ရှင်တွေလဲ ထမင်းစားဖို့ လိုနေသေးတယ် ဆိုတဲ့ အချက်ကို‌တော့ တူမီးသိမ်းမောင်က မျက်ခြေ ဖြတ်ထားခဲ့တယ်။

အမှန်ပဲ ပညာရေးဟာ လူ့အရင်းအမြစ် ထုတ်လုပ်ရေး စက်ရုံ ဖြစ်နေတယ်၊ စီးပွားရေးအတွက် လုပ်သား မွေးမြူရာ ဖြစ်နေတယ်။ အစိုးရအတွက် ဝန်ထမ်း မွေးထုတ်ရာ ဖြစ်နေတယ်။ စနစ်အတွက် လူတွေ ထုတ်ပေးရာ ဖြစ်နေတယ်။ လူတွေက အဲဒီလို မြင်နေလို့ ပညာရေးက ဒီအဆင့်မှာ ရပ်နေတာ မဟုတ်ဘူး။ ပညာရေးကို ဒီအဆင့်လောက်ပဲ ရှိနေအောင် တည်ဆဲ လူမှုစီးပွားရေး စနစ် (အရင်းရှင် စနစ်)က လုပ်ထားလို့ လူတွေက ဒီအတိုင်းပဲ မြင်နေကြတာ ဖြစ်တယ်။ အင်မတန် အရေးကြီးလှတဲ့ ဒီအချက်ကိုတော့ တူမီးသိမ်းမောင် မတွေးနိုင်ခဲ့ဘူး ထင်ပါရဲ့။

“သင်ယူမှုကို ချဲ့ထွင်နိုင်တဲ့ လူ့ဘောင်” ဖြစ်မလာအောင် တကယ်တမ်း အဟန့်အတား ပြုထားတဲ့ လက်သည်တရားခံကို မမြင်နိုင်တဲ့အတွက် တူမီးသိမ်းမောင်ရဲ့ ကောက်ချက်တွေပါ တသီကြီး လွဲကုန်တယ်။

သမိုင်းဆိုင်ရာ ရုပ်ဝါဒ

လက်ရှိ ပညာရေးစနစ်က လွတ်လပ်တဲ့ တွေးခေါ်မှု၊ ကျယ်ပြန့်တဲ့ သင်ယူမှုတွေ ပေးနိုင်လောက်အောင် အရည်အချင်း မပြည့်မီဘူး ဆိုတာ အမှန်ပဲ။ ဒါပေမဲ့ စာသင်ခန်းထဲမှာ ပညာသင်ကြားခြင်းကို ဖြိုဖျက်ပစ် ဆိုတာက မှန်ကန်တဲ့ တောင်းဆိုချက် မဟုတ်ဘူး။ အရည်အသွေး ညံ့တဲ့ ပညာရေး စနစ်ကို အရည်အသွေး ပြည့်ဝမှု ရှိအောင် အရေးဆို တိုက်ပွဲဝင်ရမယ် ဆိုတဲ့ ကောက်ချက်သည်သာ မှန်ကန်တဲ့ ကောက်ချက် ဖြစ်တယ်။ အခုတော့ အဲသလို တိုက်ပွဲဝင်ရမဲ့အစား “စာသင်ခန်းထဲ မသွားကြနဲ့” ဆိုတဲ့ အရှူံးပေး ထွက်ပြေးရေးဝါဒကို အမွှမ်းတင်လာကြတယ်။

“မီးကို အသုံးပြုတတ်လာတာ စာသင်ခန်းထဲမှာ မဟုတ်ဘူး။ လယ်ယာ စိုက်ပျိုးနည်းကို သင်ယူခဲ့တာ စာသင်ခန်းထဲမှာ မဟုတ်ဘူး။ အင်တာနက်ကို တီထွင်ခဲ့တာလည်း စာသင်ခန်းထဲမှာ မဟုတ်ဘူး။ လူတွေဟာ ပြဿနာတွေကို ရင်ဆိုင်ရင်း၊ စူးစမ်းရင်း၊ မေးခွန်းထုတ်ရင်း၊ အချင်းချင်း မျှဝေရင်း သင်ယူခဲ့ကြတာ ဖြစ်တယ်” လို့ တူမီးသိမ်းမောင်က ဆိုထားတယ်။ ဒီအတွက် “ပညာရေးဟာ စာသင်ခန်း မဟုတ်ဘူး” လို့ တူမီးသိမ်းမောင်က ကောက်ချက်ဆွဲလိုက်တယ်။

လူတွေဟာ ပြဿနာတွေကို ရင်ဆိုင်ရင်း၊ စူးစမ်းရင်း၊ မေးခွန်းထုတ်ရင်း၊ အချင်းချင်း မျှဝေရင်း သင်ယူခဲ့ကြတယ် ဆိုတာ မှန်တယ်။ ဒါပေမဲ့ ဒါက ပြဿနာရဲ့ မျက်နှာစာ တဖက်ပဲ ရှိသေးတယ်။ ဒီလို မုဆိုးစိုင်သင်နည်းနဲ့ ရရှိလာတဲ့ အသိပညာတွေကို နောက်မျိုးဆက်တွေက ဒီနည်းလမ်းအတိုင်း ထပ်ကျော့ သင်ယူမနေရတော့အောင် ကျောင်းပညာရေးက စွမ်းဆောင်ပေးတယ်။ လူ့ခန္ဓာဗေဒကို ခွဲစိတ်လေ့လာမှ သိရတာမျိုး မဟုတ်ဘဲ၊ စာမျက်နှာပေါ်မှာ လွယ်လင့်တကူ လေ့လာနိုင်အောင် ကျောင်းပညာရေးက ဖန်တီးပေးနိုင်တယ်။

ကျောင်းပညာရေးရဲ့ နောက်မျက်နှာစာ တခုက သင်ယူမှုကို စနစ်တကျ ဖြစ်စေခြင်းပဲ။ ရှေ့လူတွေ trial and error (မုဆိုးစိုင်သင်) နည်းနဲ့ လေ့လာရင်း ထွက်ပေါ်လာတဲ့ လေ့လာ သင်ယူမှု ပုံစံကို ရှေ့နောက် ဟာမိုနီ ဖြစ်အောင်၊ စနစ်ကျသွားအောင် ကျောင်း ပညာရေးက လုပ်ပေးနိုင်တယ်။

အင်တာနက်ကို စာသင်ခန်းထဲမှာ တီထွင်ခဲ့တာ မဟုတ်ဘူး၊ သို့သော် “စာသင်ခန်း” ပညာရေးကနေ ထွက်ပေါ်လာတဲ့ သူတွေက အင်တာနက်ကို တီထွင်ခဲ့တာ ဖြစ်တယ်။ အင်တာနက် တီထွင်တာကို scratch ကနေ အစပြုစရာ မလိုတော့အောင် ရေခံမြေခံ ပြင်ပေးလိုက်တာက “စာသင်ခန်း” ပညာရေးပဲ။

လူ့အဖွဲ့အစည်းရဲ့ ကုန်ထုတ်စွမ်းအားစု (နည်းပညာ၊ အသိပညာ၊ စက်ပစ္စည်း) တွေဟာ ရှေးဦး လူ့အဖွဲ့အစည်းတွေကနေ ဒီကနေ့ခေတ် အရင်းရှင် လူ့အဖွဲ့အစည်းအထိ အဆင့်ဆင့် တိုးတက် ပြောင်းလဲလာတာ ဖြစ်တယ်။ ကျေးကျွန် လုပ်အားပေါ် အခြေခံထားတဲ့ ancient society မှာတောင် ပညာရေးဟာ အတွေ့အကြုံအရ အချင်းချင်း လက်ဆင့်ကမ်းတဲ့ စနစ်ဟာ လုံလောက်မှု မရှိတော့ဘူး။ ဒါ့ကြောင့် ခရစ်တော်မပေါ်မီ ဂရိခေတ်ကတည်းက လေ့လာရေး အကယ်ဒမီ ကျောင်းတွေ ပေါ်ထွန်းနေပြီ။

ခေတ်သစ် အကြီးစား စက်မှုကုန်ထုတ်လုပ်မှုနဲ့ အဆင့်မြင့် နည်းပညာ (ဥပမာ – ကွန်ပျူတာ၊ အဏုမြူ စွမ်းအင်၊ အဆင့်မြင့် အင်ဂျင်နီယာပညာ) တွေကိုတော့ အဲဒီလို အပေါ်ယံ အတွေ့အကြုံ မျှဝေရုံနဲ့ မောင်းနှင်လို့ မရတော့ဘူး။ ရှေ့လူတွေ စုဆောင်းခဲ့တဲ့ အသိပညာတွေကို စနစ်တကျ အချိန်တိုအတွင်း စုစည်းပေးနိုင်တဲ့ Institutional Education (ကျောင်း ပညာရေး) ရှိမှသာ ကုန်ထုတ် စွမ်းအားစုတွေကို ဆက်ပြီး တိုးတက်အောင် မောင်းနှင်နိုင်မှာ ဖြစ်တယ်။

ဒါကြောင့် စာသင်ခန်းကို ဖြိုချပစ်ဖို့ ပြောတာဟာ ပညာရေးကို တိုးတက်အောင် လုပ်တာ မဟုတ်ဘူး၊ သမိုင်းဦးကာလ ခေတ်ဟောင်းကို ပြန်သွားချင်တဲ့ Reactionary Petty-Bourgeois Romanticism သက်သက်သာ ဖြစ်တယ်။

ပြန်ကောက်ရရင် စာသင်ခန်းက လွတ်လပ်တဲ့ တွေးခေါ်မှု၊ ကျယ်ပြန့်တဲ့ သင်ယူမှုတွေ ပေးနိုင်လောက်အောင် အရည်အချင်း မပြည့်မီဘူး ဆိုတာ အမှန်ပဲ၊ ဒါနဲ့ပဲ ကျောင်း ပညာရေးကို ဖျက်ပစ်ရမှာ မဟုတ်ဘူး။ အရည်အချင်း ပြည့်မီလာအောင် တော်လှန် ပြောင်းပစ်ရမှာ ဖြစ်တယ်။ ကျောင်း ပညာရေး ဆိုတာ စာသင်ခန်းထဲမှာ စာတွေ သင်နေတာထက် အများကြီး ပိုတယ်။

စာသင်ခန်းက လွတ်လွတ်လပ်လပ် တွေးခေါ်မရအောင် ကန့်သတ်ထားတာ မဟုတ်ဘူး။ အရင်းရှင် စနစ်က ကန့်သတ်ထားတာ။ အရင်းရှင် စနစ်အောက်မှာ ပညာရေးဟာ ဘယ်တော့မှ “လွတ်လပ်တဲ့ အတွေးအခေါ်” ကို မွေးထုတ်မပေးနိုင်ဘူး။ ပညာရေးကိုယ်နှိုက်က ရောင်းကုန် အဖြစ် ပြောင်းလဲခံထားရတယ်။

တက္ကသိုလ်တွေ၊ ကျောင်းတွေဆိုတာ ယေဘုယျအားဖြင့်တော့ အရင်းရှင်တွေအတွက် လိုအပ်တဲ့ ကျွမ်းကျင်လုပ်သား ထုတ်လုပ်ပေးတဲ့ စက်ရုံတွေပဲ ဖြစ်တယ်။ လူတယောက် ဘယ်လောက်ပဲ လွတ်လပ်အောင် တွေးခေါ်တတ်ပါစေ၊ သင်ယူမှု ဘောင်ထဲက ထွက်လိုက်တာနဲ့ စားဝတ်နေရေးအတွက် လုပ်ခစား စနစ်ထဲ ဝင်ရမှာပဲ။ စနစ်ထဲ ရောက်တာနဲ့ သူတွေးခေါ်သမျှဟာ သူ့ဘဝ လွတ်လပ်မှုအတွက် မဟုတ်ဘဲ Surplus Value အတွက်သာ အသုံးတော်ခံ ဖြစ်သွားရတယ်။

ဒါကြောင့် အရင်းရှင် ကုန်လုပ်ဆက်ဆံရေးကို မဖျက်သိမ်းသရွေ့ လစ်ဘရယ်တွေ အော်နေတဲ့ “လွတ်လပ်တဲ့ တွေးခေါ်မှု” ဆိုတာ စက္ကူပန်း သက်သက်ပဲ။

လွတ်လပ်တဲ့ တွေးခေါ်မှုကို ဖော်ဆောင်ချင်ရင် စာသင်ခန်းကို ဖျက်ပစ်ရမှာ မဟုတ်ဘူး အရင်းရှင်စနစ်ကို ဖျက်ပစ်ရမှာ ဖြစ်တယ်။ ပညာရေးကို ရောင်းကုန်အဖြစ် ပြောင်းလဲထားတဲ့ အခြေအနေ၊ ကျောင်းသားတွေကို လုပ်ခစား အလုပ်သမားတွေအဖြစ် မွေးထုတ်ပေးနေရတဲ့ အခြေအနေကို မျက်ကွယ်ပြုပြီး ကုန်ထုတ်လုပ်မှု ဆက်ဆံရေးကို မထိဘဲ “လွတ်လပ်တဲ့ တွေးခေါ်မှု” အကြောင်း လေလုံးထွားနေတာ အမှန်တော့ အဓိပ္ပါယ် မရှိဘူး။

ပရိုဂရမ်က အရေးကြီးတယ်

လူတိုင်း သင်ယူခွင့် ရအောင် လုပ်ရမယ်လို့ ပြောရုံနဲ့ မပြီးဘူး။ လူတိုင်းသင်ယူနိုင်အောင် ဘယ်လို လုပ်မှာလဲ ဆိုတဲ့ ပရိုဂရမ် ရှိထားမှ ရမယ်။ မဟုတ်ရင် အာချောင်တာ သက်သက်ပဲ။

ဇော်ထက်တို့လို နုဂျီ ပသုံးလုံး ယန္တရားက (နုဂျီပညာရေးကလွဲရင် ကျန်တဲ့နေရာမှာ) ကျောင်းမတက်ကြနဲ့လို့ coercion နည်းနဲ့ ခြိမ်းခြောက်ဟန့်တားတယ်။ တူမီးသိမ်းမောင်တို့လို petty-bourgeoise idealist တွေကတော့ reactionary idea တွေနဲ့ “စာသင်ခန်း ပညာရေးကို ဖြိုဖျက်ပစ်ကြ”လို့ ဆိုတယ်။ အမှန်တော့ ဒီကောက်ချက်နှစ်ရပ်လုံးဟာ two faces of the same opportunist coin တွေ ဖြစ်တယ်။ ကျောင်းမတက်ကြနဲ့၊ education system ထဲ မဝင်နဲ့လို့ ပြောလိုရင်းက အတူတူပဲ။

ဒါပေမဲ့ ဒီစကားတွေကို သာမန် အလုပ်သမား ပြည်သူတွေက နားမယောင်ပါဘူး။ နုဂျီရဲ့ ပသုံးလုံး ယန္တရားအောက်က ကျောင်းတွေကို မရွေးဘဲ တည်ဆဲ ပညာရေး စနစ်ကို ရွေးချယ်လာကြတယ် ဆိုတာ မင်းတို့ပြောနေ လုပ်နေတာတွေကို လူထုက မယုံကြည်တော့ဘူး ဆိုတဲ့ အဓိပ္ပါယ်ပဲ။ ဒီအဖြစ်မှန်ကို လက်မခံဘဲ အကျပ်ကိုင် ခြိမ်းခြောက်နေလို့ လူထု ယုံကြည်မှုကို မင်းတို့ မရနိုင်ဘူး။ လူထုရဲ့ ခံပြင်း ဒေါသတွေ ပိုပြီး ပြင်းထန်လာမှာတော့ သေချာတယ်။

တကယ်တော့ ကိုယ့် သားသမီးကိုယ် ကျောင်းထားချင်ကြတဲ့ မိဘတွေက နုဂျီလော်ဘီတွေ စွပ်စွဲနေသလို ‘တော်လှန်ရေးကို ကျောခိုင်းသွားတာ၊ ဖောက်ပြန်သွားတာ’ မဟုတ်ဘူး၊ တူမီးသိမ်းမောင် စွပ်စွဲသလို ‘စာသင်ခန်းဝါဒ’ အတွေးအခေါ် ထောင်ချောက်မိနေလို့လဲ မဟုတ်ဘူး၊ ပက်တီးဘူဇွှာတွေ အမွှမ်းတင်နေတဲ့ လက်နက်ကိုင် ရေရှည်စစ် လမ်းစဉ်ကြီး “dead end” ကို ရောက်နေပြီ ဖြစ်ကြောင်း ဖော်ပြနေတဲ့ indicator တခုသာ ဖြစ်တယ်။

ပညာရေး လွတ်လပ်ခွင့်၊ လွတ်လပ်စွာ တွေးခေါ်နိုင်ခွင့် တို့ဟာ တော်လှန်ရေး လက်တွေ့နဲ့ တသားတည်း ချိတ်ဆက်နေတဲ့ ကိစ္စတွေ ဖြစ်တယ်။ ပညာရေး တိုက်ပွဲနဲ့ အရင်းရှင် စနစ် ဖျက်သိမ်းရေး တိုက်ပွဲကို သက်သက်ဆီ ခွဲထုတ်ထားလို့ မရဘူး။ ပညာရေးကို လုပ်ခစားတွေ မွေးထုတ်ပေးရာ industry အဖြစ်ကနေ ပြောင်းလဲပစ်ရမယ်။ ဒါပေမဲ့ အလုပ်သမားထုရဲ့ လုပ်အားကို ရောင်းကုန် အဖြစ် ဝယ်ယူပြီး exploit လုပ်နေတဲ့ လုပ်ခစား ကျွန်စနစ် (wage slavery) ခေါ် အရင်းရှင် စနစ်ကို ဖြိုမချနိုင်ဘဲ အဲသလို မပြောင်းလဲနိုင်ဘူး။

လွတ်လပ်တဲ့ သင်ယူမှုကို ရရှိလာအောင် စာသင်ခန်းတွေကို ဖြိုဖျက်ပစ်ရမှာ မဟုတ်ဘူး၊ စာသင်ခန်း ပညာရေးကို ဖြိုလှဲပစ်ရမှာ မဟုတ်ဘူး။ စာသင်ခန်းတွေကို လွတ်လပ်စွာ တွေးခေါ် သင်ယူနိုင်တဲ့ နေရာဖြစ်အောင် ပြောင်းပစ်ရမှာ ဖြစ်တယ်။ ဒီလို ပြောင်းလဲပစ်ဖို့ဆိုရင် လူတိုင်း လွတ်လပ်စွာ ပညာ သင်ယူပိုင်ခွင့်ကို ကန့်သတ်ဟန့်တားထားတဲ့ အရင်းရှင် စနစ်ကိုပါ တပါတည်း တိုက်ဖျက်ပစ်ရလိမ့်မယ်။

အပြောင်းအလဲဟာ ပြင်ပကနေ မလာဘူး။ လူ့အဖွဲ့အစည်းရဲ့ internal contradiction တွေကနေ လာတာ ဖြစ်တယ်။ လီနင် ပြောခဲ့သလိုပဲ –

“အလုပ်သမားထုက အသိပညာကို တောင့်တတယ်။ အသိပညာ ရှိမှ အလုပ်သမားထု အောင်ပွဲခံနိုင်မယ်။ အလုပ်သမားထု လွတ်မြောက်ရေး တိုက်ပွဲမှာ အသိပညာက လက်နက်ပဲ ဆိုတာ အလုပ်သမား ဆယ်ယောက်မှာ ကိုးယောက်က သိတယ်၊ ပညာရေး ချို့တဲ့နေလို့ အလုပ်သမား လူတန်းစား အရေးနိမ့်နေရတယ် ဆိုတာကိုလဲ သိကြတယ်။ လူတိုင်း ပညာသင်ခွင့်ရရေးက အလုပ်သမား လူတန်းစားအပေါ်မှာ လုံးဝ မှီတည်နေကြောင်း အလုပ်သမားထုက သိတယ်”။

ပညာရေး တိုက်ပွဲနဲ့ ဆိုရှယ်လစ် တော်လှန်ရေးဟာ ခွဲခြားမရအောင် ဆက်စပ်နေတယ်။ “အတွေးအခေါ်ကို တော်လှန် ပြောင်းလဲဖို့ဆိုရင် လူ့အဖွဲ့အစည်းကို တော်လှန် ပြောင်းလဲပစ်ဖို့ မဖြစ်မနေ လိုအပ်တယ်”။

 

Fight for Free and Quality Education for All!

Fight against counter-revolution!

Fight against reactionary ideas!

Fight for Socialist Revolution!

Down with the military dictatorship!

 

ရန်ဇင်မင်း