အရင်းရှင်စနစ်ဆီ ခရီးရှည်ချီတက်ခဲ့သော တရုတ်ပြည်
တရုတ်ပြည်ဟာ ဆိုရှယ်လစ်စနစ်လား၊ အရင်းရှင်စနစ်လား။ တရုတ်ထောက်ခံသူတွေရော၊ ဆန့်ကျင်သူတွေရော ရေရေရာရာ နားမလည်ဘဲ ပြောချင်ရာ ပြောနေကြတာ များပါတယ်။ တရုတ် ဆန့်ကျင်သူတွေဆိုရင် အရင်းရှင်စနစ် (သူတို့အခေါ် ဈေးကွက် စီးပွားရေးစနစ်) ကို အမွှန်းတင်ချင်တဲ့အခါ တရုတ်ပြည်ကြီး စီးပွားရေး အင်အား ကြီးထွားလာပုံကို လက်ညှိုးထိုးပြပြီး “မြင်လား အရင်းရှင်စနစ် ကျင့်သုံးလို့ အခုလို ချမ်းသာလာတာ”လို့ ဆိုတတ်ကြတယ်။ တခါ ဒီလူတွေကပဲ တရုတ် အစိုးရရဲ့ ဖိနှိပ်မှုတွေကို လက်ညှိုးထိုးပြချင်တဲ့အခါ “မြင်လား၊ ကွန်မြူနစ်စနစ်က မကောင်းဘူး”လို့ ဆိုတတ်ကြပြန်တယ်။ ရှေ့စကားနဲ့ နောက်စကားက ဗလောင်းဗလဲ ဖြစ်ကုန်တယ်။ အရင်းရှင်စနစ် ကျင့်သုံးလို့ ချမ်းသာလာတယ်လို့ လက်ခံထားရင် ကွန်မြူနစ်ပါတီနာမည်ခံ တရုတ် အစိုးရကိုလည်း အရင်းရှင် အာဏာရှင် အစိုးရလို့ ခေါ်မှသာ ရှေ့နောက်ညီညွတ်မယ်။
တရုတ် ထောက်ခံသူတွေလည်း ဒီလို ရှေ့နောက်မညီတဲ့ ဗလောင်းဗလဲ စကားတွေ ပြောတတ်ကြတယ်။ တရုတ် လက္ခဏာဆောင်သော ဆိုရှယ်လစ်စနစ်လို့ ပြောတတ်ကြတယ်။ ဆိုရှယ်လစ်စနစ်ဆိုတာ တရုတ်လက္ခဏာလဲ ဆောင်လို့ မရဘူး၊ အမေရိကန် လက္ခဏာလဲ ဆောင်လို့ မရဘူး၊ ရုရှား လက္ခဏာလဲ ဆောင်လို့ မရဘူး။ အင်တာနေရှင်နယ်ပဲ ဖြစ်ရမယ်။ ဆိုရှယ်လစ် ဈေးကွက် စီးပွားရေး စနစ်ဆိုတဲ့ အဓိပ္ပါယ် ကင်းမဲ့နေတဲ့ ပရမ်းပတာ စကားမျိုးလည်း ပြောတတ်ကြသေးတယ်။ စကားတခွန်းတည်းမှာတင် ဖီလာ ဆန့်ကျင်ဖြစ်နေတယ်။
အဓိကမေးခွန်းက တရုတ်ပြည်ဟာ အရင်းရှင်စနစ်ကို ဘယ်လိုပြန်ရောက်သွားသလဲ။ ဘာ့ကြောင့် ဒီလို ဖြစ်ခဲ့ရသလဲ နားလည်နိုင်ဖို့ အရေးကြီးပါတယ်။ မော်ဝါဒီဆိုသူတွေက မော်ခေတ် တရုတ်ပြည်ဟာ ဆိုရှယ်လစ်စနစ် ဖြစ်ခဲ့တယ်၊ တိန့်ရှောင်ဖိန်ရဲ့ ပြန်လည်ပြင်ဆင်ရေးဝါဒကြောင့် အရင်းရှင်စနစ် ပြန်ရောက်သွားရတယ်လို့ အပေါ်ယံရှပ် ပြောတတ်ကြတယ်။ တခြားသူတွေကပြောရင် ပြဿနာမရှိ။ မာ့က်စ်ဝါဒကို လက်ခံထားပါတယ်လို့ ဟစ်ကြွေးသူတွေ၊ သမိုင်းရေးရုပ်ဝါဒကို လက်ခံပြီး ဘူဇွာသမိုင်းရေးအမြင်ဖြစ်တဲ့ “great man makes history ကို ဆန့်ကျင်ပါတယ်၊ လူထုက သမိုင်းကို ဖန်တီးပါတယ်”လို့ ဟစ်ကြွေးထားသူတွေက သန်းထောင်ချီရှိတဲ့ လူ့အဖွဲ့အစည်းကြီးရဲ့ လူမှုစီးပွားဘဝကို တိန့်ရှောင်ဖိန်ဆိုသော လူပုဂ္ဂိုလ်တယောက်တည်းက ထင်သလို ခြယ်လှယ်ပြီး ဇက်ကိုင်မောင်းနှင်သွားနိုင်သယောင် ပြောဆိုနေကြခြင်း ဖြစ်တယ်။ ဒါဟာ မာ့က်စ်ဝါဒအမြင် သမိုင်းရေးရုပ်ဝါဒအမြင် လုံးဝမဟုတ်ဘူးဆိုတာ အတိအလင်း ရှင်းလိုပါတယ်။
မာ့(က်စ်)ဝါဒအမြင်က ဘယ်လိုရှိသလဲ။ သမိုင်းရေးရုပ်ဝါဒအရ ဆန်းစစ်သုံးသပ်ထားတဲ့ အောက်ပါ စာအုပ်ငယ်ကိုသာ ဖတ်ကြည့်ဖို့ တိုက်တွန်းလိုက်ရပါတယ်။
International Marxist Tendency ရဲ့ ၂၀၀၆ ခုနှစ် ကမ္ဘာ့ကွန်ဂရက်မှာ မာ့က်စ်ဝါဒီတွေ ဆွေးနွေးအတည်ပြုခဲ့တဲ့ “China’s Long March to Capitalism”ကို The Struggle မဂ္ဂဇင်း အယ်ဒီတာအဖွဲ့က ဘာသာပြန် တည်းဖြတ်ထုတ်ဝေထားပါတယ်။
www.marxist.com မှာလည်း ဗမာလို ဝင်ဖတ်နိုင်ပါတယ်။