အပေါ်ယံအားဖြင့် ဘာမှ မပြောင်းလဲဘူး ထင်ရပေမဲ့လည်း ဗမာပြည် လူ့အဖွဲ့အစည်း အတွင်းပိုင်းမှာ အခြေခံကျတဲ့ အပြောင်းအလဲတွေ ဖြစ်ပေါ်နေတယ်။ ၂၀၂၁ ဖေဖော်ဝါရီ တော်လှန်ရေးအပြီး တန်ပြန်တော်လှန်ရေးရဲ့ ပြင်းထန်လှတဲ့ ဖိနှိပ်မှုအောက်မှာ အလုပ်သမား လူတန်းစား demoralised ဖြစ်သွားခဲ့တာဟာ ငြင်းမရတဲ့ အမှန်တရား ဖြစ်တယ်။
ဖိနှိပ်မှုက ပြင်းထန်လွန်းခဲ့တဲ့အတွက် အလုပ်သမား လူတန်းစား ခြေကုန်လက်ပန်း ကျခဲ့ရတယ်၊ ဒါပေမဲ့ ဒါဟာ မြင်သာထင်သာရှိတဲ့ မျက်နှာစာတဖက်ပဲ ရှိသေးတယ်။ အပေါ်ယံ အရေပြားတထောက်စာ ငြိမ်သက်မှုအောက်မှာ ဒီဖိနှိပ်မှုကြောင့်ပဲ အပြောင်းအလဲတွေ ဖြစ်ပေါ်နေတယ်။
အလုပ်သမား လူတန်းစားကို ငြိမ်သက်သွားအောင် အသုံးပြုခဲ့တဲ့ ဖိနှိပ်မှုဟာ သူ့ရဲ့ ဆန့်ကျင်ဘက် သဘောဆီ ကူးပြောင်းနေတယ်၊ အလုပ်သမား လူတန်းစား ပြန်လည်ရုန်းကြွလာဖို့ မီးစ ဖြစ်လာတယ်။ လတ်တလော ဖြစ်ပျက်ခဲ့တဲ့ သပိတ်တိုက်ပွဲတွေဟာ ဒီအချက်ကို ပြသနေတာ ဖြစ်တယ်။
တဖက်မှာတော့ ပင်မရေစီး နိုင်ငံရေး လမ်းကြောင်းမှာ ဖြစ်နေတဲ့ အခြေအနေက လီနင့် စကားငှားပြောရရင် “အချောင်သမားဝါဒရဲ့ လူပြိန်းကြိုက် ဆွယ်တရားနဲ့ အသေးငယ်ဆုံး လက်တွေ့လုပ်ငန်းတွေပဲ လုပ်ဖို့ မွှန်ထူနေကြတဲ့” အခြေအနေ ဖြစ်နေတယ်။
နိုင်ငံရေး ပင်မရေစီးအတွင်း လွှမ်းမိုးနေတဲ့ ပက်တီးဘူဇွှာ အတွေးအခေါ်တွေဟာ အလုပ်သမား လူတန်းစား လှုပ်ရှားမှုကို အကျိုးမပြုနိုင်ရုံသာမက အန္တရာယ်ကြီးကြီးမားမားပါ ပေးနိုင်တယ်။ ဒီအခြေအနေမှာ လူတန်းစား တိုက်ပွဲနဲ့ ပတ်သက်လို့ မာ့က်စ်ဝါဒီတွေရဲ့ အမြင်နဲ့ ရပ်တည်ချက်ကို ရှင်းလင်းပြတ်သားစွာ ထုတ်ဖော်ပြဖို့ လိုလာတယ်။
တိုက်ပွဲနည်းနာနဲ့ လူတန်းစား အသိစိတ်
__________
အလုပ်သမား လူတန်းစားရဲ့ တိုက်ပွဲနည်းနာဟာ အနှစ်သာရအားဖြင့် collective action ဖြစ်တယ်။ ဒါဟာ ကုန်ထုတ်ဖြစ်စဉ်အတွင်း အလုပ်သမား လူတန်းစား ရောက်ရှိနေသော အခန်းကဏ္ဍကြောင့် ဖြစ်ပေါ်လာတာ ဖြစ်တယ်။ တိုက်ပွဲ နည်းနာတခုကို အကဲဖြတ်ရာမှာ ‘sentimental’ ရှုထောင့်ကနေ ကြည့်လို့ မရဘူး၊ အလုပ်သမား လူတန်းစား အသိစိတ်ကို မြှင့်တင်ပေးနိုင်သလား၊ အလုပ်သမား လူတန်းစားကို သူ့အင်အားနဲ့ လုပ်နိုင်စွမ်းအပေါ် ယုံကြည်ချက် မြင့်မားလာစေသလား၊ ဆိုရှယ်လစ် တော်လှန်ရေးတရပ် မဖြစ်မနေ လိုအပ်ကြောင်း ကောက်ချက်ဖြစ်ပေါ်သွားစေသလား ဆိုတဲ့ ရှုထောင့်ကနေပဲ ကြည့်ရမယ်။
လတ်တလော ဖြစ်ပွားခဲ့တဲ့ အလုပ်သမား သပိတ် တိုက်ပွဲတွေကိုပဲ စံထားပြီး ကြည့်တာပေါ့၊ ပထမဆုံး ချန်းရိ အလုပ်သမား သပိတ် ထဖြစ်တယ်၊ နှိုင်းယှဉ်ချက်အရ အလုပ်သမားထုဘက်က အသာစီးရတယ်ဆိုတဲ့ အခြေအနေနဲ့ သပိတ်လှန်လိုက်နိုင်တယ်၊ ဒီတိုက်ပွဲဟာ ကနဦး မီးပွားတခု ဖြစ်ခဲ့တယ်။ နောက်မှာ အလုပ်သမားသပိတ်တွေ တလုံးပြီး တလုံး လိုက်လာတယ်။ ဒေးကြေး တိုးမြှင့်ရေး အရေးဆိုသံတွေ တနေရာပြီး တနေရာက ထွက်ပေါ်လာခဲ့တယ်။
ချန်းရိ သပိတ်တိုက်ပွဲက ပေးတဲ့ အကျိုးကျေးဇူးကို အကဲဖြတ်ရာမှာ ဒီသပိတ်တိုက်ပွဲရဲ့ တောင်းဆိုချက်တွေက ဘာတွေလဲ၊ ဒီတောင်းဆိုချက်တွေ ရသွားလား ဆိုတာလောက်နဲ့ ရပ်နေလို့ မရဘူး။ ခုနက ဆွေးနွေးခဲ့တဲ့ အချက်တွေနဲ့ ယှဉ်ထိုး အကဲဖြတ်လိုက်ရင် ဒီတိုက်ပွဲက ပေးခဲ့တဲ့ အကျိုးကျေးဇူးတွေ အင်မတန် များပြားတာကို မြင်ရလိမ့်မယ်။
အလုပ်သမား လူတန်းစားဟာ ကုန်ထုတ်ဖြစ်စဉ်အတွင်း သူရောက်ရှိနေသော အနေအထားကြောင့် စုပေါင်းလှုပ်ရှားဖို့ မဖြစ်မနေ လိုအပ်တယ်။ အလုပ်သမား လူတန်းစားရဲ့ စံတော်ဝင် လက်နက်ဟာ သပိတ် တိုက်ပွဲပဲ။ ချန်းရိ သပိတ်တိုက်ပွဲတုန်းက အားလုံး လူညီရင် ငါတို့ လုပ်နိုင်ပါတယ် ဆိုတဲ့ ခံစားသက်ဝင်မှုကို သပိတ်တိုက်ပွဲ ကာလတလျှောက် မြင်တွေ့ခဲ့ရတယ်။
အရင်းရှင် လူတန်းစားဘက်က သပိတ်ကို ဖြိုခွဲဖို့ အမျိုးမျိုး ကြိုးစားခဲ့တယ်။ စစ်တပ်ခေါ် ခြိမ်းခြောက်တယ်၊ ကိုယ်စားလှယ် အတုအယောင်တွေနဲ့ လက်သိပ်ထိုး ဖြေရှင်းဖို့ ကြိုးစားတယ်။ ဒါပေမဲ့ အလုပ်သမားထုက လက်မခံဘူး။ ငါတို့ အကျိုးစီးပွားအတွက် ငါတို့ကိုယ်တိုင် စုစည်းတိုက်မှ ရမယ်ဆိုတဲ့ ကောက်ချက်ဟာ လူတန်းစား အသိ စူးရှလာခြင်း၊ မိမိလူတန်းစားရဲ့ စွမ်းပကားအပေါ် ယုံကြည်မှု တိုးပွားလာခြင်းကို ပြနေတယ်။
အလုပ်သမား လူတန်းစားသာ ဆက်ပြီး ခေါင်းငုံ့ခံနေဖို့ ဆန္ဒ မရှိတော့ဘူးဆိုရင် အလုပ်သမား လူတန်းစားရဲ့ စုပေါင်းလှုပ်ရှားမှုဟာ လည်ပတ်နေဆဲ စနစ်တစုံလုံးကို သွက်ချာပါဒ လိုက်သွားစေနိုင်စွမ်း ရှိတယ်။ ဒါ့ကြောင့် သပိတ် တိုက်ပွဲဟာ အလုပ်သမားထုရဲ့ စံတော်ဝင် လက်နက်လို့ ပြောခဲ့ခြင်း ဖြစ်တယ်။
တသီးပုဂ္ဂလဝါဒ (Individualism)
_________
တဖက်မှာတော့ တိုက်ပွဲ လက္ခဏာ၊ ဗျူဟာနဲ့ နည်းနာကို တသီးပုဂ္ဂလဆန်ဆန် အမြင်နဲ့ ချဉ်းကပ်တဲ့ ပက်တီးဘူဇွှာ ဆော်ဩမှုတွေ ရှိနေတယ်။ ပက်တီးဘူဇွှာတွေဟာ ကုန်ထုတ်ဖြစ်စဉ်အတွင်း သူတို့ရောက်ရှိနေတဲ့ အနေအထားအရကို တဦးချင်း လုပ်ဟန်နဲ့ တသီးပုဂ္ဂလ အတွေးအခေါ်ရှိတယ်။ သူ့လူတန်းစားအတွင်း ပြိုင်ဆိုင်မှု ရှိနေတယ်။
အလုပ်သမား လူတန်းစားဟာ စုပေါင်း အလုပ်လုပ်ကြတယ်။ အခြေခံ အကျိုးစီးပွား တူညီမှုရှိတယ်။ ဒါကြောင့် လူထု လူတန်းစား အဖွဲ့အစည်းကြီးတွေ၊ ပါတီတွေ ဖွဲ့စည်းလာကြတယ်။ အလုပ်သမား သမဂ္ဂဟာ အလုပ်သမား လူတန်းစား နိုင်ငံရေးစုဖွဲ့မှု ပုံစံရဲ့ အခြေခံ အကျဆုံး အသွင်သဏ္ဌာန်ဖြစ်တယ်။
မှန်ကန်တဲ့ တော်လှန်ရေးအတွေးအခေါ်နဲ့ တော်လှန်ရေး လုပ်ငန်းစဉ်သာ ရှိနေရင် အလုပ်သမား လူတန်းစားဟာ အရင်းရှင် လူတန်းစား အာဏာကို စိန်ခေါ် ယှဉ်ပြိုင်နိုင်စွမ်း ရှိတယ်။ ဒါဟာ ကုန်ထုတ်ဖြစ်စဉ်အတွင်း အလုပ်သမား လူတန်းစားရဲ့ မရှိမဖြစ် အရေးပါမှုကြောင့် ဖြစ်တယ်။
တဖက်မှာတော့ ပက်တီးဘူဇွှာ လူတန်းစားဟာ တသီးတခြားဆီ အလုပ်လုပ်ကြတယ်။ တသီးပုဂ္ဂလ အကျိုးစီးပွားအတွက်ပဲ အလုပ်လုပ်တယ်။ သူတို့ချင်း အကျိုးစီးပွား ပဋိပက္ခရှိတယ်။ ဒီအခြေအနေဟာ ပက်တီးဘူဇွှာ တသီးပုဂ္ဂလဝါဒအဖြစ် လာထင်ဟပ်တယ်။ ပက်တီးဘူဇွှာ လူတန်းစားဟာ အုပ်စိုးသူ လူတန်းစားကို ယှဉ်တိုက်ရမယ့် အခြေအနေဆီ ကျရောက်လာရင်တောင် individualism လွှမ်းမိုးမှု ရှိနေတဲ့အတွက် သူတို့ ရွေးချယ်တဲ့ တိုက်ပွဲ လမ်းကြောင်းဟာ တဦးချင်း လုပ်ဟန်တွေအပေါ် အခြေခံထားလေ့ရှိတယ်။
ကိုယ်ကျင့်တရားအခြေပြုစဉ်းစားချက်
_____________
၂၀၂၁ ဖေဖော်ဝါရီ တော်လှန်ရေး အစပိုင်းမှာတည်းက ပက်တီးဘူဇွှာ ပညာတတ် အလွှာတွေဘက်က အကြမ်းမဖက် အာဏာ ဖီဆန်ရေး လှုပ်ရှားမှုကို ဇန်းတင်ထားခဲ့တယ်။ အကြမ်းမဖက် အာဏာ ဖီဆန်ရေး လှုပ်ရှားမှုဟာ အပေါ်ယံအားဖြင့်တော့ တည်ဆဲစနစ် ဆက်လက် လည်ပတ်ရေးအတွက် ခြိမ်းခြောက်မှု တရပ်ပဲ၊ သို့ပေမဲ့ စီဒီအမ် လှုပ်ရှားမှုဟာ ကနဦးတည်းက တဦးချင်း လုပ်ဟန်အပေါ် အခြေခံထားခဲ့တယ်။ စီဒီအမ် လှုပ်ရှားမှုရဲ့ သဘောကို အနှစ်ချုပ်လိုက်ရင် လူတဦးချင်းစီက မပူးပေါင်း မပါဝင်ရေးသက်သက်ပဲ (merely non-participation) ဖြစ်နေတယ်။
အာဏာသိမ်း စစ်အစိုးရနဲ့ မပူးပေါင်းဘူး၊ စစ်အစိုးရ အမိန့်ကို မနာခံဘူး၊ စစ်အစိုးရ ယန္တရားထဲ မပါဝင်ဘူး ဆိုတဲ့ လူတဦးချင်းစီရဲ့ အပြုအမူ (individual action) အပေါ် အခြေခံထားတယ်။ ဒီမှာတင် အလုပ်သမားထု ကိုင်စွဲတဲ့ သပိတ်တိုက်ပွဲ နည်းလမ်း (collective action) နဲ့ ကွဲထွက်သွားတာပဲ။
၂၀၂၁ ဖေဖော်ဝါရီ တော်လှန်ရေးမှာတော့ စီဒီအမ် လှုပ်ရှားမှုဟာ ကိုယ်ကျင့်တရား စံနှုန်းအခြေပြု တောင်းဆိုချက် (moral appeal) သက်သက် ဖြစ်နေခဲ့တယ်။ မတရားမှုနဲ့ တရားမျှတမှုကြား ပြဿနာအဖြစ် ချဉ်းကပ်ခဲ့တယ်။ ဓမ္မဘက်တော်သားတွေနဲ့ အဓမ္မဘက်တော်သားများ ကြားက ပြဿနာအဖြစ် ချဉ်းကပ်ခဲ့တယ်။ အသေဝနာစ ဗာလာနံမူကို နိုင်ငံရေးမှာ လာကျင့်သုံးတာပဲ ဖြစ်တယ်။
လမ်းမပေါ် လူထုတိုက်ပွဲ ရှိနေသေးတဲ့ တော်လှန်ရေး Upswing ကာလမှာ CDM လှုပ်ရှားမှုရဲ့ ချို့ယွင်းချက်က သိပ်မသိသာသေးဘူး။ ဒါပေမဲ့ လမ်းမပေါ် လူထုတိုက်ပွဲ ဒီရေအကျ၊ စစ်အစိုးရဘက်က အကြမ်းဖက် တန်ပြန် တော်လှန်ရေး လုပ်လာချိန်မှာတော့ ပြဿနာတွေ တသီကြီး တက်လာစေခဲ့တယ်။
Public sector မှာ အလုပ် လုပ်နေရတဲ့ အခြေခံ ဝန်ထမ်းတွေ၊ အလုပ်သမား၊ လယ်သမား စတဲ့ ကျယ်ပြန့်တဲ့ လူထု လူတန်းစားတွေဟာ လက်လှုပ်မှ ပါးစပ်လှုပ်နိုင်တယ်။ ဒီလူထုအပေါ် စစ်ကောင်စီဘက်က အကြမ်းဖက် ဖိနှိပ်မှု လုပ်လာတယ်။ မိသားစုနဲ့ သူတို့ကိုယ်တိုင်ရဲ့ ဘဝနေထိုင်မှုကို ခြိမ်းခြောက်ခံခဲ့ရတယ်။ ထောင်ကျသူ ကျ၊ အသတ်ခံရသူ အသတ်ခံရ ဖြစ်လာခဲ့တယ်။ စားဝတ်နေရေးအတွက် ဝင်ငွေရှာနိုင်မယ့် အကြောင်းအချက်တွေ ပြိုလဲသွားတယ်။ ဒါဟာ အုပ်စိုးခံ လူတန်းစားအပေါ် အုပ်စိုးသူ လူတန်းစားရဲ့ ခြိမ်းခြောက်မှုပဲ။
လမ်းမပေါ် လူထု တိုက်ပွဲတွေလဲ မရှိတော့ဘူး၊ သပိတ်မှောက် အလုပ်သမားတွေလဲ အလုပ်ပြန်ဆင်းနေကြပြီ။ ဒီလို အခြေအနေမှာ public sector က ဝန်ထမ်းတွေကျမှ အလုပ်ပြန်ဝင်တာနဲ့ နိုင်ငံရေး ပြစ်မှုကြီး ကျူးလွန်သလိုလို၊ ရာဇဝတ်မှုကြီး လုပ်ထားသလိုလို ဘာ့ကြောင့် သတ်မှတ်ချင်ရတာလဲ။ တော်လှန်ရေး လှုပ်ရှားမှု ဒီရေနိမ့်သွားချိန်၊ လမ်းမပေါ် လူထုတိုက်ပွဲ မရှိတော့တဲ့ အခြေအနေမှာ CDM လုပ်ဖို့ဆိုတာ စီးပွားရေးအရ suicide လုပ်တာနဲ့ မခြားဘူး။
အပေါ်မှာ အလုပ်သမား သပိတ် တိုက်ပွဲကို နမူနာပေးခဲ့တယ်။ စက်ရုံတွင်း စီးပွားရေး တောင်းဆိုချက်တွေ ရရှိရေး တိုက်ရတဲ့ သပိတ်တိုက်ပွဲ တခုမှာတောင် တောင်းဆိုချက်တွေ အပြည့်အဝ မရသော်ငြား သပိတ်လှန်ပြီး အလုပ်ပြန်ဝင်လိုက်ရတာ ရှိတယ်။ ချန်းရိ သပိတ်မှ မဟုတ်ဘူး။ ဘယ် အလုပ်သမား သပိတ်မှာမဆို ဒီသဘောပဲ။ ဘာ့ကြောင့်လဲ။
ဒီတချီတည်းနဲ့ ခြေကုန်လက်ပန်းကျသွားသည်အထိ တိုက်ရမယ့် တိုက်ပွဲ မဟုတ်သေးဘူး။ တောင်းဆိုချက်တွေ အပြည့် မရသော်ငြား အတိုင်းအတာတခုထိ ရမယ်၊ ကိုယ့်ဘက်က အင်အားလဲ မပြုန်းတီးဘူး၊ တိုက်ပွဲဝင် အလုပ်သမားတွေရဲ့ တိုက်ပွဲဝင် စိတ်ဓာတ်နဲ့ စည်းရုံးစုစည်းမှုကို မြှင့်တင်ထားနိုင်မယ် ဆိုရင် ရှေ့ဆက် တိုက်ပွဲအတွက် အများကြီး အမြတ်ထွက်သွားတာပဲ။
အဲသလို မဟုတ်ဘဲ အခု အစိုးရ ဝန်ထမ်းတွေကို တောင်းဆိုနေကြသလို တော်လှန်ရေးကြီး မအောင်မချင်း အလုပ်ပြန်မဝင်နဲ့၊ အလုပ် လက်မဲ့ဖြစ်လဲ တောင့်ခံ၊ ငတ်နေလဲ တောင့်ခံ၊ တောင့်မခံရင် အရေးယူမယ် ဆိုတာမျိုး သွားလုပ်ရင် ဘာဖြစ်မလဲ။ ရှေ့ဆက် တိုက်ပွဲဝင်မယ့် အင်အား ချိနဲ့သွားမယ်၊ ဘယ်ချိန် အောင်မယ်မှန်း မသိတဲ့ ‘တော်လှန်ရေးကြီး’အတွင်း တိုက်ပွဲဝင် အင်အားတွေ ပြုန်းတီးကုန်တာပဲ အဖတ်တင်သွားမယ်။
public sector က အလုပ်သမားတွေရဲ့ တိုက်ပွဲဝင် စိတ်ဓာတ်နဲ့ စည်းရုံးစုစည်းမှု အင်အားကို မြှင့်တင်ပေးနိုင်ဖို့ဆိုတာ ပိုဝေးသွားပြီ။ စစ်အာဏာသိမ်းပြီး ၅နှစ်အတွင်း ဝန်ထမ်း သမဂ္ဂ ဘယ်နှခု ပေါ်လာပြီလဲ။ ဒီပေတဲ့နဲ့ တိုင်းရင်တောင် အခု ပြောခဲ့တဲ့ အချက်ကို မြင်ရလိမ့်မယ်။
လူတဦးချင်းစီ မပူးပေါင်း မပါဝင်ခြင်းအပေါ် အခြေခံထားတဲ့ စီဒီအမ် နည်းလမ်းအတိုင်း စဉ်းစားရင်တော့ ဝန်ထမ်း သမဂ္ဂ ဖွဲ့စည်းနိုင်ခြင်း၊ မဖွဲ့စည်းနိုင်ခြင်းဟာ အရေးကြီးတဲ့ ပြဿနာ မဟုတ်တော့ဘူး။
စီဒီအမ်ကို မတရားတဲ့ အမိန့်အာဏာများ ဖီဆန်ခြင်း၊ မပူးပေါင်း မပါဝင်ခြင်းလို့ လက်ခံထားတယ် ဆိုရင် public sector က ဝန်ထမ်းတွေ အလုပ်ပြန်ဝင်ခြင်း မဝင်ခြင်းကိုပဲ ပြောလို့ မရတော့ဘူး။
ဥပမာ၊ စစ်တပ်ကို ဂိတ်ကြေးပေးတဲ့ ယာဉ်လိုင်းတွေ၊ အဲဒီ ယာဉ်လိုင်းကို စီးနင်းတဲ့ ခရီးသည်တွေ၊ စစ်တပ်ကို အခွန်ဆောင်နေတဲ့ စားသောက်ဆိုင်တွေ၊ အဲဒီဆိုင်တွေမှာ သွားစားတဲ့ ပြည်သူတွေ၊ စစ်တပ်ကို အခွန်ဆောင်နေတဲ့ ဆီ ကုန်သည်၊ ဆန်ကုန်သည်တွေ၊ အဲဒီဆန်၊ ဆီတွေ ဝယ်ယူစားသုံးနေတဲ့ ပြည်သူတွေ၊ ရပ်ကျေးရုံးမှာ ဧည့်စာရင်းတိုင်နေတဲ့ ပြည်သူတွေ အားလုံးဟာ CDM မလုပ်သူတွေ ဖြစ်သွားပြီ။
အခု ရေးပြတာ နမူနာပဲ ရှိသေးတယ်။ နောက်ထပ် အများကြီး အများကြီး ရှိသေးတယ်။ အခြားတဖက်က ပြန်ကြည့်ရင် အခု ရေးပြတဲ့ နမူနာတွေမှာ စီဒီအမ် မလုပ်သူများလို့ သတ်မှတ်ခံရတဲ့ ပြည်သူတွေကပဲ အာခံမှုကို နည်းအမျိုးမျိုးနဲ့ ပြုလုပ်နေကြတာ ရှိပြန်တယ်။
ဒါ့ကြောင့် public sector မှာ အလုပ်မဆင်းရင် စီဒီအမ်၊ အလုပ်ဆင်းရင် Non-CDM ဆိုတဲ့ သတ်မှတ်ချက်ဟာ ဘာအဓိပ္ပါယ်မှ မရှိဘူး။ ဒီပြဿနာကို စစ်ကောင်စီနှင့် လက်တွဲလိုခြင်း၊ လက်မတွဲလိုခြင်း ဆိုတဲ့ စိတ်ဓါတ်ရေးရာ ပြဿနာတခုအဖြစ် လျှော့ချလို့ မရဘူး။ အဖြူမဟုတ်ရင် အမည်း ဖြစ်ရမယ်ဆိုတဲ့ ‘reductionist’ အမြင်ဟာ နိုင်ငံရေးမှာ တစက်မှ အသုံးမကျတဲ့ အမြင် ဖြစ်တယ်။ (တကယ်တော့ ဘယ်နေရာမှာမှ အသုံးမကျဘူး)။
တိုက်ပွဲနည်းနာတရပ်ကို လူတန်းစား ရှုထောင့် (class perspective) ကနေပဲ ခွဲခြမ်း စိတ်ဖြာလို့ ရမယ်။ moral ရှုထောင့်ကနေ ခွဲခြမ်း စိတ်ဖြာလို့ မရဘူး။ အထက်မှာ ထုတ်ပြခဲ့တဲ့ နမူနာတချို့ကို ခဏ စဉ်းစားကြည့်ပါ။ moral ပေတံနဲ့ အကုန် လိုက်တိုင်းမယ်ဆိုရင် ဘယ်သူမှ အသက်ရှင်နေလို့တောင် ဖြစ်မှာ မဟုတ်ဘူး။ အကုန် တောထွက်နေရမယ့်ကိန်း။
ဒီနေရာမှာ မေးခွန်းထုတ်စရာရှိတာက တကယ်ရော ကိုယ်ထုတ်တဲ့ စံ၊ ကိုယ်ကိုင်တဲ့ ပေတံနဲ့ နယ်ပယ်တိုင်း၊ လူတိုင်းကို လိုက်တိုင်းနိုင်ရဲ့လား။ အဲသလို တိုင်းသူတွေရော တိုင်းတဲ့ စံတွေ၊ ပေတံတွေနဲ့ အကုန်ညီပါရဲ့လား။ တကယ်တော့ သူတို့ အဲသလို ရှေ့နောက်ညီအောင် တိုင်းလဲ မတိုင်းဘူး၊ သူတို့ကိုယ်တိုင်လဲ မလုပ်နိုင်ဘူး။ စီဒီအမ် လုပ်သူနဲ့ မလုပ်သူ dichotomy ခွဲထုတ်ပြီး အုပ်စုတစုကို ချနင်းမယ်၊ ကျန်တစုရဲ့ လက်ခုပ်သံကို ချူမယ် ဆိုတဲ့ opportunist ဆန်ဆန် နိုင်ငံရေး အမြတ်ထုတ်လိုက်ခြင်းလို့ ပြောရလိမ့်မယ်။
အခုလို တိုက်ပွဲနည်းနာ ပြဿနာကို moralist ရှုထောင့်ကနေ စံနှုန်းအခြေပြု ရွေးချယ်မှုအဖြစ် သတ်မှတ် ရှုမြင်ခြင်းဟာ ဂိုဏ်းဂဏအတွေးအခေါ် (sectarianism) ဆီ ဦးတည်သွားခဲ့တယ်။ ပက်တီးဘူဇွှာ အတွေးအခေါ် ချွတ်ယွင်းမှု အပင်ကနေ iNUG-CRPH ရဲ့ စီဒီအမ် ဥပဒေအဖြစ် သီးပွင့်လာခဲ့တယ်။
Sectarianism
__________
CRPH ဘက်က ဂျွန်လ (၁၃)ရက်နေ့ ရက်စွဲနဲ့ စီဒီအမ် ဥပဒေဆိုပြီး ထုတ်လာတယ်။ ဒီဥပဒေကို အနှစ်ချုပ်ကြည့်ရင် အခုလို တွေ့ရမယ်။
၁) ၂၀၂၁ ဖေဖော်ဝါရီ (၁)ရက်နေ့ကနေ ၂၀၂၁ ဧပရယ်လ် (၃၀) အတွင်း CDM လှုပ်ရှားမှုထဲ ပါခဲ့တဲ့ သူတွေကိုပဲ CDM နိုင်ငံ့ဝန်ထမ်းလို့ သတ်မှတ်မယ်။ ခိုင်လုံတဲ့ သက်သေပြနိုင်ရင်တော့ အဲဒီနောက်ပိုင်းမှ ဝင်လာရင်လည်း CDM လို့ အသိအမှတ်ပြုမယ် ။
၂) CDM ဝန်ထမ်းတွေကို ဂုဏ်ပြုမယ်၊ non-CDMer တွေကိုတော့ အရေးယူမယ် (ဆုပေးဒဏ်ပေး?)
၃) အရေးယူရာမှာ သူလုပ်ခဲ့တဲ့ လုပ်ရပ်အရ အဆင့်ဆင့် အနု-အကြမ်း အရေးယူမယ်။
၄) အသနားခံစာ တင်လို့ရတယ်၊ ဒါပေမဲ့ နောက်ဆုံး အတည်ကတော့ အစိုးရရဲ့ ဆုံးဖြတ်ချက်ကိုပဲ အတည်ယူမယ်။
၅) non-CDM တဦးဟာ ဒီ ဥပဒေနဲ့ အရေးယူ မခံရဘူးဆိုရင်တောင် အစိုးရ (NUG) အစီအစဉ်နဲ့ အများပြည်သူထံ ဝန်ချတောင်းပန်ရဦးမယ်။
အထက်မှာ ရှင်းပြခဲ့သလိုပဲ ဒီကနေ့ ဗမာပြည် လူ့အဖွဲ့အစည်းတွင်း ပြဿနာကို CDM နဲ့ non-CDM ဆိုတဲ့ အမြင်ကနေ ကြည့်တာဟာ လုံးလုံးလျားလျားမှားတဲ့ အယူအဆဖြစ်တယ်။ ဆိုကြပါစို့။ သူတို့ သတ်မှတ်ချက်အရ အစိုးရ စာသင်ကျောင်းမှာ စာသွားသင်ရင် မှားတယ်။ အဲဒီမှာ စာမသင်ဘဲ ကိုယ့်ဘာသာ ပုဂ္ဂလိက စာသင်ဝိုင်းဖွဲ့ရင်ဖြစ်ဖြစ်၊ ပုဂ္ဂလိက စာသင်ကျောင်းမှာ ဝန်ထမ်းဝင်လုပ်ရင်ဖြစ်ဖြစ် မှန်ကန်တယ်။
တကယ့်လက်တွေ့မှာ ဘာအဓိပ္ပါယ်ထွက်သလဲ။ အာဏာသိမ်း စစ်အစိုးရအနေနဲ့ ပညာရေးဝန်ထမ်းကို လစာ ပေးစရာ မလိုဘူး။ ပညာရေးကို နိုင်ငံသားတဦးချင်းစီက ရောင်းကုန်တခုလို အပြင်မှာ ဝယ်ယူစားသုံးရမယ်၊ တိုင်းသူပြည်သားတွေရဲ့ ပညာရေး (ကျန်းမာရေး၊ လူမှုဖူလုံရေး၊ စသဖြင့်) အတွက် အစိုးရအာဏာသိမ်းပိုက်ပြီး အုပ်ချုပ်မင်းလုပ်နေတဲ့ သူတွေမှာ တာဝန် မရှိတော့ဘူး။ အများပြည်သူ ဝန်ဆောင်မှုအတွက် သုံးစွဲရမယ့် ပြည်သူ့ဘဏ္ဍာတွေကို စစ်တိုက်ဖို့ပဲ သုံးပါတော့လို့ တဖက်လှည့်နဲ့ ခွင့်ပြုပေးလိုက်သလိုတောင် ဖြစ်သွားဦးမယ်။
တကယ်တော့ ပညာရေး၊ ကျန်းမာရေးစနစ် ယိုယွင်းနေတာ၊ အရည်အသွေးညံ့နေတာ အမှန်ပဲ။ ဒါပေမယ့် ညံ့နေလို့ ဒါတွေ မသုံးနဲ့၊ အပြင် ပုဂ္ဂလိကဆီက ဝယ်ယူစားသုံးဆိုတာက အဖြေ မဟုတ်ဘူး။ အဲသလိုပဲ စစ်အစိုးရ လက်အောက်က ကဏ္ဍတွေမို့ မသုံးရဘူးဆိုတာ အဲဒီ စစ်အစိုးရကို တဖက်လှည့်နဲ့ အကူအညီပေးရာ ရောက်သွားစေတဲ့ ပေါ်လစီအမှား။ တကယ်တော့ ပြည်သူတရပ်ကို အုပ်ချုပ်နေတဲ့ အစိုးရက အများပြည်သူ သာယာဝပြောရေး ကဏ္ဍတွေမှာ ထိထိရောက်ရောက် သုံးလာအောင် အုပ်ချုပ်ခံ လူထုက ခေတ်အဆက်ဆက် တိုက်ပွဲဝင်လာရတာ။ ဒီကနေ့ခေတ်မှာ အဲသလို တိုက်ပွဲတွေ ပိုတောင် ပြင်းထန်လာသေး။
ဥပမာ၊ အင်္ဂလန်က NHS ပြည်သူ့ကျန်းမာရေး စောင့်ရှောက်မှု စနစ်ကိုပဲ နမူနာကြည့်။ အစိုးရက စစ်အသုံးစရိတ်မှာ များများသုံးလာတော့ NHS က ဝန်ထမ်းအင်အားကို လျှော့တယ်၊ ဆေးဖိုးဝါးဖိုးတွေ ဖြတ်တယ်။ တခြား ကဏ္ဍတွေမှာလဲ public spending ကို ဖြတ်တယ်။ အဲဒီလို ဖြတ်တောက်မှုတွေကို austerity လို့ ခေါ်တာပဲ။ ဒီကနေ့ ကမ္ဘာ့ အရင်းရှင် နိုင်ငံကြီး အားလုံးလိုလိုမှာ အစိုးရတွေက austerity policy တွေ ကျင့်သုံးလာလို့ အစိုးရနဲ့ ပြည်သူကြား တိုက်ပွဲတွေ ဖြစ်နေတယ်။
ဗမာပြည်မှာ နုဂျီအပါအဝင် လစ်ဘရယ်တွေ ပြောနေတဲ့ စီဒီအမ်ကျ ပြောင်းပြန်။ မင်းအောင်လှိုင် စစ်အစိုးရက နဂိုကတည်းက austerity ပေါ်လစီ ကျင့်သုံးနေချိန် သူတို့က ဆန့်ကျင်သလိုလိုနဲ့ အဲဒီ ပေါ်လစီကို ကာယကံမြောက် အကောင်အထည် ဖော်ပေးခိုင်းနေတယ်။ ဒါ့ကြောင့် public sector က ဝန်ထမ်းတွေကို ထာဝရ စီဒီအမ် လုပ်ခိုင်းခြင်းဟာ တည်ဆဲ အစိုးရကို အင်အားချိအောင် မလုပ်နိုင်ဘဲ အလုပ်လက်မဲ့ ဖြစ်သွားတဲ့ ဝန်ထမ်းတွေနဲ့သာမန် ဆင်းရဲသား ပြည်သူတွေကိုပဲ အင်အား ဆုတ်ယုတ်သွားစေတယ်။
ဒါဟာ လက်ရှိ အနေအထားကို ဆိုလိုခြင်း ဖြစ်တယ်။ ကဏ္ဍပေါင်းစုံက အလုပ်သမားတွေ၊ ဝန်ထမ်းတွေ သပိတ်စုံမှောက်နေချိန် စီဒီအမ် ခေါင်းစဉ်နဲ့ အစိုးရ ဝန်ထမ်းတွေ သပိတ်ထဲ ပါဝင်လာခြင်းဟာ မှန်ကန်တယ်။ တည်ဆဲ အစိုးရကို ချိနဲ့စေတယ်။ ဒါပေမယ့် ကဏ္ဍပေါင်းစုံက သပိတ်တွေ မရှိတော့တာ ၄နှစ် ကြာတဲ့အထိ ဝန်ထမ်းတွေကို စီဒီအမ် လုပ်ခိုင်းတာ အလွန် လွဲမှားတဲ့ ပေါ်လစီ ဖြစ်တယ်။ ဒီကြားထဲက အရေးယူ အပြစ်ပေးဖို့ လုပ်လာတော့ အာဏာရူးတဲ့ အဆင့် ရောက်သွားပြီ။
သူတို့ကိုယ်သူတို့ တကယ့် အစိုးရလို့ ထင်တဲ့ delusion ကြောင့်လဲ အခုလို ပြောင်းပြန်စဉ်းစားမှုမျိုးထဲ ပိတ်မိသွားပုံရတယ်။ ဒါ့ကြောင့်လဲ အခုလို ပေါ်လစီအမှား၊ လုပ်ရပ် အမှား၊ တိုက်ပွဲ နည်းနာအမှားတွေ တောက်လျှောက် ကျူးလွန်နေတာပဲ။ အစိုးရလုပ်ချင်တဲ့ ရောဂါကျွမ်းနေသူတွေအဖို့ ဘယ်ဆေးမှလဲ မမီနိုင်တော့။
ချုပ်ရရင် စီဒီအမ် ဥပဒေကို ဖျက်သိမ်းပစ်ဖို့၊ နုဂျီလက်အောက်ခံ အဖွဲ့တွေရော၊ လက်အောက်ခံ မဟုတ်တဲ့ အဖွဲ့တွေရော အရပ်သား ပြည်သူတွေအပေါ် ဂိုဏ်းဂဏဆန်တဲ့ အမှားတွေ ကျူးလွန်ထားရင် ချက်ချင်း ဝန်ချတောင်းပန်ဖို့၊ ကိုယ်ထိလက်ရောက် ကျူးလွန်ထားတဲ့ ပြစ်မှုတွေအတွက် တရားမျှတမှု ဖော်ဆောင်ပေးဖို့ အရေးတကြီး လိုအပ်ကြောင်း တင်ပြလိုက်ရပါတယ်။
ရေးသူ – လီယိုလင်းဆက်
တည်းဖြတ် – ဒင်နူး
ကိုးကား
On Strikes, Lenin V.I, Collected Works vol.4, Progress Publishers, Moscow, 1977
Direct Action Vs Class Struggle , Joe Russell, Socialist Appeal, 2 December 2022
Their Tactics and Ours , Josh Lucker, 5 June 2023