တော်လှန်ရေး မျက်နှာဖုံးအောက်က တန်ပြန် တော်လှန်ရေး

၂၀၂၁ ခုနှစ် မတိုင်ခင်က ဗမာပြည်မှာ တော်လှန်ရေး ဖြစ်ဖို့ သိပ်မလိုတော့ဘူး၊ ဒေသအလိုက် တိုက်ပွဲကလေးတွေကနေ တခွင်တပြင်လုံး လက္ခဏာဆောင်တဲ့ တော်လှန်ရေးကြီးအဖြစ် ပေါက်ကွဲထွက်လာလိမ့်မယ် ဆိုတဲ့ perspective ကို ကျနော်တို့ တင်ပြခဲ့ဖူးတယ်။ အဲဒီတုန်းက တော်လှန်ရေးလို့ ဆိုလိုက်တာနဲ့ ဒီခေတ်နဲ့ အံမဝင်တော့သလိုလို၊ သီဟတင်စိုး ဇာတ်ကားထဲမှာပဲ ရှိတော့သလိုလို ထင်ခဲ့ကြတယ်၊ လစ်ဘရယ် ရင်ကြားစေ့ရေးလှိုင်းက အဲ့သလောက်ထိ အားကောင်းခဲ့ပါတယ်။ အရီးဒေါ်ပုံဆိုပြီး ပြက်ရယ်ပြုခဲ့သူတွေလဲ မနည်း။

တကယ်တော့ ဒီကနေ့ခေတ်ဟာ စစ်၊ တော်လှန်ရေးနဲ့ တန်ပြန် တော်လှန်ရေး ခေတ်ပဲ။ ကမ္ဘာနဲ့ အဝှမ်း ဒီဖြစ်စဉ်ကို ကြုံတွေ့နေရတယ်။ ဗမာပြည်ဟာ ခြွင်းချက် မဟုတ်ဘူး။ ဒီဖြစ်စဉ်ထဲက အစိတ်အပိုင်း တခုဆိုတာ ရှင်းရှင်းလင်းလင်း နားလည်ထားဖို့ လိုပါတယ်။ တော်လှန်ရေး ခေတ် ကုန်ပြီလို့ ထင်ခဲ့ကြတာ ကိုယ်ဖြတ်သန်းနေရတဲ့ ခေတ်ကို မသိကြလို့ဘဲ။

အခုတော့ အဲလို လူတွေက တော်လှန်ရေး ဆိုတဲ့ စကားကို ပါးစပ်ဖျားက မချချင်။ တော်လှန်ရေးနဲ့ ဆန့်ကျင်ဖက်တွေချည်း လုပ်နေလဲ တော်လှန်ရေး ဆိုတာက တပြားသားမှ မလျှော့။ လူ့အဖွဲ့အစည်းပိုင် သယံဇာတတွေ ခိုးထုတ်ပြီး ချမ်းသာလာတဲ့ ငနဲတွေကလဲ တော်လှန်ရေး မျက်နှာဖုံးလေးနဲ့။ နောက်ဆုံး လူသတ်၊ မုဒိမ်းကျင့်ခဲ့တဲ့ တရားခံ ဆိုရင်တောင် တော်လှန်ရေး အဖွဲ့အစည်းက ဆိုတာနဲ့ impunity ရပြီးသား။ အန်ယူဂျီနဲ့ သူ့ခါးပိုက်ဆောင် လက်နက်ကိုင် တပ်တွေ (လွင်ကိုလတ် တစင်ထောင်ထားတဲ့ ပသုံးလုံး အပါအဝင်) က အကာအကွယ် ပေးထားပြီးသား။

သမိုင်း မှတ်ဉာဏ် ချို့ယွင်းလာတဲ့ ဒီကနေ့ခေတ်မှာ အတိတ် သုံးလေးနှစ်က အခိုင်အမာ ဖြစ်ရပ်တွေ ခဏထား။ ပူပူနွေးနွေး နမူနာ တချို့ပဲ ပေးပါမယ်။ လွန်ခဲ့တဲ့ ၂၄ နာရီအတွင်း Myanmar Now က တင်ထားတဲ့ သတင်းတပုဒ်ကို ကြည့်ပါ။ “မြိုင်မြို့နယ် NUG လက်အောက်ခံ အဖွဲ့အချင်းချင်း ဖမ်းဆီးနှိပ်စက်မှုတွင် တဦး သေဆုံး” လို့ ခေါင်းစဉ်တပ်ထားပါတယ်။

မြို့နယ်အဆင့် ပကဖက ရပ်ကျေးအဆင့် ပအဖ အဖွဲ့ဝင် သုံးဦးကို လက်နက်သိမ်း ဖမ်းဆီးပြီး နှိပ်စက်ခဲ့လို့ ရပ်ကျေး ပအဖ အဖွဲ့ဝင် ဦးလှအောင် သေဆုံးခဲ့ရတယ်။ သေဆုံးသူ ဦးလှအောင်ရဲ့ မိသားစုဝင်တွေခမျာ ရုပ်အလောင်းတောင် ပြန်မရခဲ့ရှာဘူး။ သူနဲ့အတူ ဖမ်းခံလိုက်ရတဲ့ တခြား နှစ်ယောက်ရဲ့ အခြေအနေလဲ ဘာမှ ထပ်မသိရသေးဘူး။

အဲဒီ သတင်းဆောင်းပါးမှာ ဒေသခံ အမျိုးသားတဦး ဖြေထားသလိုပဲ –

“ပြောရရင် စစ်ကောင်စီနဲ့ ယှဉ်ပြောရတော့မှာပဲ၊ ၂၀၂၁ အာဏာသိမ်းခါစက ဆန္ဒတွေပြတော့ စစ်ကောင်စီက ညက လာဖမ်းသွားတယ်။ မနက်ကျ အလောင်းပြန်ပို့တယ်ဆိုတာ ဒီပုံစံမျိုးတွေပေါ့။ အခုက ဖမ်းသွားတယ်၊ လက်လွန်သွားတယ်၊​ အဲဒီလိုမျိုး ပြောတယ်။ အလောင်းလဲ ပြန်မရဘူး။ ဒါက တော်တော်လေး ဆိုးရွားတဲ့ အခြေအနေပေါ့။”

ဒါက ပသုံးလုံး ယန္တရားအတွင်း အထက်အောက် ဗိုလ်ကျ သတ်ဖြတ်မှု ဖြစ်ပါတယ်။ ယင်းမာပင် တပ်ရင်းက ဘုန်းကြီးလူထွက် ဗိုလ်သံမဏိ ဆိုသူ သတ်ခဲ့တာ ဆယ်ဂဏန်း အတော်များပါတယ်။ အရပ်သားရော လက်နက်ကိုင် တပ်ဖွဲ့ဝင်ရော အစုလိုက် အပြုံလိုက် သတ်ဖြတ်မှုကြီး ဖြစ်ပါတယ်။ အခု ဗိုလ်သံမဏိကို အန်ယူဂျီ စစ်ရုံးမှာ ရာထူးကြီးကြီး ပေးထားတယ်လို့ သိရတယ်။ ဒီလို သတ်ဖြတ်မှုကြီးတွေ ကျူးလွန်သူကို ဖယ်ရှားမပစ်ရုံသာမက ရာထူးပါ တိုးပေးထားတာ ဘာသဘောလဲ။ အန်ယူဂျီ လုပ်နေတဲ့ တော်လှန်ရေး ဆိုတာ ဒါလား။

တော်လှန်ရေး ဘက်တော်သား အရပ်သားတွေကို ဒလန် တံဆိပ်ကပ်ပြီး ခပ်လွယ်လွယ် သတ်ခဲ့တာတွေ မနည်းမနော ရှိပါတယ်။ လက်လွတ်စပယ် သတ်ပြီး သုံးနှစ်ကျော်မှ ဒလန် မဟုတ်မှန်း သိရလို့ တောင်းပန်တဲ့ ဖြစ်ရပ်မျိုးလဲ တွေ့ခဲ့ရတယ်။ စွပ်စွဲချက်သက်သက်နဲ့ လက်လွတ်စပယ် သတ်ဖြတ်ခဲ့သူ လက်နက်ကိုင် အုပ်စုကို ဝိုင်းဝန်းပြစ်တင်ရမယ့်အစား၊​ အပြစ်ပေး အရေးယူရမယ့်အစား မှားကြောင်း ဝန်ခံရဲလို့ ချီးကျူးသူတွေလဲ မနည်းလှဘူး။

တော်လှန်ရေး မျက်နှာဖုံးစွပ်ပြီး အခုလို ထင်ရာစိုင်း သတ်ဖြတ်နေတဲ့ ခေတ်မှာ စခန်းလိုက်ခဲ့ပါ ဆိုတဲ့ စကားကို အဖိနှိပ်ခံ ပြည်သူတွေက ဘယ်လို ယုံကြည်မှုနဲ့ လိုက်ရဲမလဲ။ ဒီအချက်ကို လေးလေးနက်နက် စဉ်းစားကြည့်ပါ။

တော်လှန်ရေး ရဲဘော်တွေက လာခေါ်တာပဲ၊ အသာတကြည်လိုက်သွားပေါ့၊​ ဘာ့ကြောင့် တင်းခံ ငြင်းဆန်နေကြသလဲ ဆိုတာမျိုး အွန်လိုင်းပေါ်ကနေ လက်လွတ်စပယ် မပြောပါနဲ့။ ဖမ်းသွားပြီး အလောင်းတောင် ပြန်မရတဲ့ ဖြစ်စဉ်တွေ မနည်းမနော ရှိခဲ့တာ မင်းတို့ မေ့နေသလား။

ဒီအချက်ကို သဘောပေါက်ရင် စဉ့်ကူး၊​ လက်ပန်လှ ဖြစ်စဉ်မှာ မန်း ပီဒီအက်ဖ်နဲ့ ပအဖက လာဖမ်းတော့ ဒေသခံ မိသားစုက ဘာ့ကြောင့် အကြောက်အကန် ငြင်းဆန်သလဲ၊ မင်းကင်းနယ်က ဒေါက်တာ ဒေါ်ခင်သူသူလွင်ကို လွင်ကိုလတ် ခါးပိုက်ဆောင် ပလဖ ဆိုသူတွေက လာဖမ်းတော့ ဘာ့ကြောင့် မလိုက်ရဲသလဲ ခင်ဗျားတို့ နားလည်လာလိမ့်မယ်။

ဒီလို ဖြစ်ရပ်တွေ ဆိုရှယ် မီဒီယာပေါ် တက်လာပြီဆိုရင် နုဂျီဘက်က ဆယ်လီ အကြီးအသေး လော်ဘီ တသိုက်က ဝါဒဖြန့် ဆိုက်ဝါးတွေ စလုပ်ပါပြီ။

အမျိုးသမီးတယောက်ကို လက်နက်ကိုင် အုပ်စုက လူမြင်ကွင်းမှာ ရုပ်ပျက်ဆင်းပျက် အကြမ်းဖက်မှု လုပ်ထားတော့ မလုပ်ပါဘူးလို့ ဗြောင်ငြင်းလို့ မရဘူး။ ဒီတော့ “procedure အရ ချို့ယွင်းချက် ရှိခဲ့တာ မှန်ပါတယ်၊​ ဒါပေမယ့် အဖမ်းခံရသူ အမျိုးသမီးကလဲ” ဆိုတဲ့ နရေးတစ်ကို တည်ဆောက်လိုက်ပါတယ်။

ဒီတော့ သူတို့စကား နားယောင်သူတွေ စိတ်ထဲ ဘယ်လို ထင်သွားမလဲ။ ဖြစ်တာကတော့ ရုပ်ပျက်ဆင်းပျက်ပဲ၊ ဒါပေမယ့် အဖမ်းခံရတဲ့သူကလဲ ဘာတွေ ကျူးလွန်ထားလဲ မသိဘူး ဆိုတဲ့ ဒွိဟစိတ်​ဝင်သွားမယ်။ မတရား အကြမ်းဖက် နှိပ်စက်နေတာ မြင်ပါရက်နဲ့ တောင်တောင်အီအီ လျှောက်တွေးအောင် လုပ်ပစ်လိုက်တာ။

ဒါနဲ့တင် အားမရသေးတော့ လွင်ကိုလတ်ရဲ့ ဝန်ကြီးဌာန ပေ့ဂ်ျကပါ ငွေကြေးအလွဲသုံးစား လုပ်ထားသူလိုလို၊ ပအဖ လက်နက်တွေ ပြန်မအပ်သူလိုလို စာထုတ်ပြီး အသရေဖျက်လိုက်သေးတယ်။ လွင်ကိုလတ်ရဲ့ လူဝင်မှုကြီးကြပ်ရေးနဲ့ တရားစီရင်ရေး ဘာဆိုင်သလဲ။ လိုသလို စွပ်စွဲပြီး အခုလို ထုတ်ပြန်လို့ ရသလား။ အဲဒီ လုပ်ရပ်မျိုးကို character assassination လို့ ခေါ်ပါတယ်။ ဒီလိုနည်းနဲ့ လက်နက်ကိုင် အုပ်စုရဲ့ အကြမ်းဖက်မှုကို တရားထူထောင်ပေးပြီး impunity ရစေတယ်။

ဒေါက်တာ ခင်သူသူလွင်အပေါ် သူတို့ စွပ်စွဲချက်က plausible ဖြစ်တယ်၊ ဒါ့ကြောင့် အခုလို လုပ်တာ အပြစ်ပြောစရာ မရှိဘူး ဆိုတဲ့ သဘောမျိုး နုဂျီ လော်ဘီတွေက ဇွတ်တရားထူထောင်နေကြတယ်။ ဒါဆိုရင် သူတို့ကို မေးစရာ ရှိတာက ဝန်ကြီးချုပ်ရုံးကို ခြယ်လှယ်နေတဲ့ မကြည်ပြာအပေါ် စွပ်စွဲချက်တွေက ဒီထက် အဆပေါင်းများစွာ ခိုင်လုံမှု ရှိတယ်၊ ဒါပေမယ့် မကြည်ပြာကို အခုလို အရေးမယူခဲ့ဘူး။ ဘာ့ကြောင့်လဲ။

မကြည်ပြာကို တိုင်ကြားသူတွေရဲ့ အမည်စာရင်း ပေါက်ကြားအောင် နုဂျီ ထိပ်ပိုင်းက ဘာ့ကြောင့် လုပ်သလဲ။ တနည်းအားဖြင့် ပြစ်မှုတွေ တသီကြီး စွဲချက်တင်ခံထားရတဲ့ မကြည်ပြာကို တဖက်လှည့်နဲ့ အကာအကွယ်ပေးထားတာပဲ။ ဒေါက်တာခင်သူသူလွင်ကို လာဖမ်းတဲ့ ရဲဘော်လေးတွေ မမှားဘူးလို့ ကာပေးနေသူ နုဂျီ လော်ဘီအပေါင်း ဒီမေးခွန်းကို ဖြေရလိမ့်မယ်။ မြိုင်မြို့နယ်က ပကဖလို ဖမ်းသွားပြီး အလောင်းတောင် ပြန်မပေးတာမျိုး လုပ်ရင်ရော အခု လော်နေသူတွေက ဘယ်လို တာဝန်ယူမလဲ မေးရလိမ့်မယ်။

ကျနော် ကြိုပြီး ဟောကိန်း ထုတ်လိုက်ပါမယ်။ မကြည်ပြာတို့ လင်မယား ဘာမှ မယ်မယ်ရရ အရေးယူ မခံရဘဲ လွတ်ရာကျွတ်ရာကို အသာလေး ရှောင်ထွက်သွားပါလိမ့်မယ်။ အခန့်မသင့်ရင် တိုင်ကြားသူတွေကိုသာ နည်းတမျိုးမျိုးနဲ့ ရန်ပြုကြလိမ့်မယ်။

ဘာ့ကြောင့် ဒီလို ပြောနိုင်သလဲ။ ဝေးဝေးကြည့်စရာ မလိုဘူး။ အထက်မှာ နမူနာပေးခဲ့တဲ့ ဗိုလ်သံမဏိ လူသတ်မှုကိုပဲ ကြည့်။ ဒီလောက် ကြီးမားတဲ့ လူသတ်မှုကြီး ကျူးလွန်ထားတာတောင် နုဂျီက အကာအကွယ် အပြည့်ပေးထားတာ။ ဗိုလ်သံမဏိဆိုတာ မကြည်ပြာနဲ့ ယှဉ်လိုက်ရင် ပမွှားပဲ။

ဒေါက်တာ ခင်သူသူလွင် အကြမ်းဖက် အဖမ်းခံရတဲ့ ဖြစ်စဉ်ကို လော်ဘီတွေ စကား နားယောင်ပြီး အပေါ်ယံ procedure လောက်ပဲ ဇောင်းပေး မပြောသင့်ဘူး။ သူတို့ ပြောပုံအရဆိုရင် ဖမ်းတုန်းက ရဲမေသာ ပါလာရင် ပလဖရဲ့ လုပ်ရပ်က မမှားဘူး၊ ကျန်တာ အကုန် မှန်ပြီးသားတဲ့။
စဉ့်ကူး၊ လက်ပန်လှ ဖြစ်စဉ်တုန်းကလဲ အခုလို လော်ခဲ့ကြပြီးပြီ။ အဲတုန်းက နုဂျီ လော်ဘီတွေ ဘယ်လို လိမ်ခဲ့ကြသလဲ ပြန်စဉ်းစားကြည့်ပါ။ လာပြောတဲ့ ရဲဘော်လေးတွေက PR ပိုင်း အားနည်းတာကလွဲရင် ကျန်တာ အကုန်မှန်တယ်။ ဒေါက်တာ စိုးမင်းဆိုတဲ့ နုဂျီ လော်ဘီက အိမ်ရှင် အဖွားကြီးကို နွားနဲ့နှိုင်းပြီး ဆဲခဲ့သေးတယ်။

တကယ်တော့ လက်နက်ကိုင် အုပ်စုလိုက် အိမ်ပေါ်တက်လာပြီး လာဝိုင်းကတည်းက သာလွန် အင်အားပြထားပြီးသား။ စကားချိုတာတွေ၊​ စကားမာတာတွေ အရေးမကြီးတော့ဘူး။ စခန်းလိုက်ခဲ့ဖို့ အသာခေါ်နေတာကို အဖွားကြီးက ကတ်ကတ်လန် ရန်တွေ့နေလို့ ရုန်းရင်းဆန်ခတ် ဖြစ်ကုန်သယောင် လိမ်ခဲ့ကြတယ်။ တကယ်တော့ ရုပ်သံကို သေချာကြည့်ရင် အစမှာကတည်းက လာဖမ်းတာလို့ ဗြောင်ပြောထားတာ တွေ့ရလိမ့်မယ်။

အဲဒီတုန်းက သူတို့ပေးတဲ့ နောက်ဆင်ခြေ တခုရှိသေးတယ်။ “စစ်အတွင်း ကာလ စတားလင့်(ခ်)​ မသုံးရဘူးလို့ တားမြစ်ထားတာကို မလိုက်နာလို့ အရေးယူခြင်း ဖြစ်တယ်၊ လူလို သိရင် ဒါကို လိုက်နာရမှာပဲ” တဲ့။ တကယ်တော့ အဲဒီ ရုပ်သံကို သေချာ ပြန်ကြည့်ပါ။ “စတားလင့်ခ် သုံးခွင့်ပေးတယ်၊ အခကြေးငွေ ယူပြီး ငှားစားလို့” ဆိုတဲ့ စကားကို လာဖမ်းတဲ့ အဖွဲ့ကိုယ်စားလှယ် အမျိုးသမီးကိုယ်တိုင် ပြောသွားတာ။

အဲဒီ ဒေသမှာ စတားလင့်ခ် သုံးနေတာ အဲဒီ တအိမ်တည်း မဟုတ်ဘူး။ စတားလင့်ခ် သုံးလို့ ဖမ်းကြေးဆို အကုန် ဖမ်းရုံပဲ၊​ မန်း ပီဒီအက်ဖက်ကိုပါ စဖမ်းရမယ်။ ဒီတော့ စတားလင့်ခ်ကြောင့် ရန်သူ့ဘက်က သတင်းအချက်အလက်တွေ ရသွားမှာ စိုးရိမ်ပြီး အရေးယူရတာပါ ဆိုတဲ့ စကားက ဘာမှ အဓိပ္ပါယ် မရှိဘူး။ စဉ့်ကူးနဲ့ မန္တလေး ဘယ့်လောက် ဝေးလို့လဲ။ ရန်သူ့ သတင်းပေးတွေ လူချင်းတွေ့ပြီး သတင်း ဖလှယ်ရင်တောင် နာရီပိုင်းအတွင်း ကိစ္စပြီးတယ်။

ဒါပေမယ့် နုဂျီ လော်ဘီတွေကတော့ စတားလင့်ခ်ကြောင့် သတင်းပေါက်ရပါတယ် ဆိုတဲ့ ဆိုက်ဝါးကို တွင်တွင်ဖြန့်ပြီး သာမန် ပြည်သူကို နင်းဆဲတော့တာပဲ။ တကယ်တော့ စတားလင့်ခ်တွေကို အခကြေးငွေ ယူပြီး ဖွင့်စားနေတာ ပသုံးလုံး ယန္တရား အပါအဝင် နုဂျီအောက်က အဖွဲ့တွေ အဓိကပဲ။ သာမန် ပြည်သူက စတားလင့်ခ် ဆိုင်ဖွင့်တော့ သတင်း လုံခြုံရေး အကြောင်းပြပြီး နှိပ်ကွပ်တယ်။ ဈေးကွက်ထဲ ပြိုင်ဖက်ပေါ်လာမှာ ကြောက်လို့ ဒီလို လုပ်သလား မေးစရာ ရှိလာတယ်။

တော်လှန်ရေး နာမည်ခံ လက်နက်ကိုင် အဖွဲ့တွေ ထိန်းချုပ်ထားတဲ့ ဒေသတွေမှာ စတားလင့်ခ်ကို ပိတ်ပင်တာဟာ အာဏာသိမ်း စစ်အုပ်စုလုပ်သလို သာမန် ပြည်သူတွေရဲ့ သတင်း လွတ်လပ်ခွင့်ကို ပိတ်ပင်တာပဲ။ အဲသလို ပိတ်ပင်ထားမှ ဒေါက်တာ ခင်သူသူလွင် အဖမ်းခံရတဲ့ ဖြစ်စဉ်၊ မြိုင်မြို့နယ်က ရပ်ကျေး ပအဖ အဖွဲ့ဝင် အသတ်ခံရတဲ့ ဖြစ်စဉ်၊​ ပသုံးလုံးရဲ့ ရွှေလုပ်ကွက်ကို ဒေသခံ လူထုက ဆန့်ကျင်ဆန္ဒပြတဲ့ ဖြစ်စဉ်တွေ အများပြည်သူ မသိအောင် ဖုံးဖိထားလို့ ရနိုင်မယ်။

ဒါဟာ အင်တာနက် ပိတ်ပင်ခြင်းရဲ့ နောက်ကွယ်က အရေးကြီး နိုင်ငံရေး အကြောင်းတရား ဖြစ်တယ်။ ဒီလို ပိတ်ပင်နှိပ်ကွပ်မှုကို တရားထူထောင်ဖို့ရာ သတင်းပေါက်ကြားမှု ဘာညာ ခေါင်းစဉ်တပ်ပစ်တာပဲ။ စတားလင့်ခ် မပေါ်ခင်ကရော ရန်သူ့ သတင်းပေး ကွန်ယက် မရှိခဲ့လို့လား။

ဒီဖြစ်ရပ်တွေက ဘာကို ပြနေသလဲ။ တော်လှန်ရေး မျက်နှာဖုံးစွပ်ပြီး တန်ပြန် တော်လှန်ရေး ဖြစ်နေတာကို လှစ်ဟပြနေခြင်းပဲလို့ ဆိုရလိမ့်မယ်။ ရန်သူ စစ်တပ်က အကြမ်းဖက် သတ်ဖြတ်တာကိုပဲ တန်ပြန် တော်လှန်ရေးလို့ မထင်ပါနဲ့။ မှန်တယ်၊ အဲဒါက ဗြောင်ကျတဲ့ တန်ပြန် တော်လှန်ရေး။ ဗြောင်ကျတော့ မြင်သာတယ်။ အရေခြုံထားရင် မြင်ဖို့ ခက်တယ်။ ဒါ့ကြောင့် နုဂျီ လော်ဘီတွေစကား နားမယောင်ဘဲ အခိုင်အမာ ဖြစ်ရပ်၊​ အချက်အလက်တွေကို မှန်မှန်ကန်ကန် သုံးသပ်ကြည့်ရဲတဲ့ သတ္တိရှိဖို့ လိုပါတယ်။

“ပသုံးလုံးက မတရားဖမ်းထားသူ အားလုံး ချက်ချင်းလွှတ်”
“ပသုံးလုံး ယန္တရား ဖျက်သိမ်းပစ်”
“ခါးပိုက်ဆောင် လက်နက်ကိုင်တပ် အလိုမရှိ”

ရေးသူ – မေဆန်