INUG က (စက်တင်ဘာလ ၇ ရက်နေ့) မှာ အရေးပေါ် အခြေအနေ သတ်မှတ်ပြီး ပြည်သူ့ လက်နက်ကိုင် ခုခံစစ် စတင်ကြောင်း ကြေညာခဲ့တယ်။ အွန်လိုင်းပေါ်ကနေ အရေးပေါ်အခြေအနေလို့ အော်ပြီး စစ်ကြေညာရတာ မခက်ပါဘူး။ ကြေညာသူတွေက ဘေးကင်းလုံခြုံရာ လွတ်မြောက်နယ်မြေ/ ပြည်ပရောက်နေရင် ပိုတောင် လွယ်ပါသေးတယ်။ အင်တာနက်ကောင်းကောင်းရနေရင် ထကြေညာလို့ရတာပဲ။
INUG က အခုလို အရေးပေါ်အခြေအနေ မကြေညာခင်ကတည်းက လူထုကြားမှာ မျှော်လင့်ချက် အမှားတခု ရှိနေခဲ့တယ်။ စစ်အာဏာသိမ်း အစိုးရ ဖြုတ်ချရေး လက်နက်ကိုင် အဖွဲ့တွေအားလုံးက တနေ့တည်း တပြိုင်နက် ပုန်ကန်ထကြွလိမ့်မယ်လို့ မျှော်လင့်နေခဲ့ကြတယ်။ ပီဒီအက်(ဖ်)တွေ၊ တခြား ပြောက်ကျားအဖွဲ့တွေ အဆင်သင့် ဖြစ်တာနဲ့ စစ်အာဏာသိမ်း အစိုးရ ဖြုတ်ချဖို့ INUG က ဦးဆောင်ပြီး D-Day ခေါ် သူပုန်ထမယ်လို့ ထင်နေခဲ့တယ်။ အဲဒီလို D-Day ခေါ်ပြီး သူပုန်ထနိုင်ရင် အောင်ပွဲခံပြီလို့ ယူဆထားခဲ့ကြတယ်။ ဒီလို မျှော်လင့်ချက်အမှားပေးပြီး ထင်ယောင်ထင်မှား ဖြစ်နေအောင် လုပ်ထားကြတဲ့ လက်သည်တရားခံတွေက INUG အမှူးပြုသော လစ်ဘရယ် ဘူဇွာတွေနဲ့ သူတို့ရဲ့ လော်ဘီတွေပဲ။ လူထုကို ဒီလို မှိုင်းတိုက်ထားပြီး စက်တင်ဘာ ၇ ရက်နေ့မှာ INUG က စစ် ကြေညာလိုက်ခြင်းဟာ လူထုကြား မျှော်လင့်ချက်အမှားတွေ ထပ်လောင်းအားဖြည့်ပေးလိုက်တာပဲ။
ဒါပေမယ့် စစ်အာဏာရှင် အစိုးရကို ဖြိုဖျက်ပစ်ဖို့ လက်နက်ကိုင် အုံကြွပုန်ကန်မှု လုပ်ရတာဟာ အွန်လိုင်းပေါ်ကနေ ကြေညာချက် ထုတ်ရတာလောက် ရိုးရှင်းလွယ်ကူမနေဘူး။ ကလေးကအစ သိကြပါတယ်။ Armed Insurrection လုပ်ဖို့ မလွယ်ကူမှန်း လူတိုင်း သိပါတယ်။ ဒါ့အပြင် ကြေညာချင်တဲ့အချိန် ထကြေညာ၊ ချချင်တဲ့အချိန် ထချလို့ ဖြစ်တဲ့ကိစ္စ မဟုတ်ဘူး။ ‘စစ်မိစ္ဆာ စစ်ဘီလူးတွေ ဒီလောက် ရက်စက်ယုတ်မာနေလို့ ပြည်သူတရပ်လုံးက လှည်းနေလှေအောင်း မြင်းဇောင်းမကျန် ရရာလက်နက် စွဲကိုင်ကာ ပုန်ကန်ကြလော့’ ဆိုပြီး sentimental အရ ထကြွေးကြော်လို့ ဖြစ်တဲ့အရာမျိုးလည်း မဟုတ်ဘူး။ ဒီလောက် ရိုးရှင်းနေရင် တကမ္ဘာလုံး နေ့ချင်းညချင်း တော်လှန်ပုန်ကန်မှုတွေ ဖြစ်ပြီး လောကနိဗ္ဗာန် တည်ဆောက်နေနိုင်လောက်ပြီ။
လက်နက်ကိုင် အုံကြွပုန်ကန်ခြင်းကို စိတ်ခံစားချက်သက်သက် အခြေခံပြီး လေလှိုင်း ဆူနာမီထလို့ မရဘူး။ “လက်နက်ကိုင် အုံကြွပုန်ကန်ခြင်းကို art အနေနဲ့” လေးလေးနက်နက် သဘောထား လုပ်ဆောင်ရမယ်လို့ မာ့(က်စ်)ပြောခဲ့ဖူးတယ်။ “လက်နက်ကိုင်အုံကြွပုန်ကန်ခြင်း အောင်မြင်ဖို့ဆိုရင် လျှို့ဝှက်ကြံစည်ချက်(conspiracy) အပေါ် အားမပြုရဘူး၊ ပါတီတခုအပေါ် အားမပြုရဘူး၊ ရှေ့တန်းရောက် လူတန်းစားအပေါ် အားပြုထားရမယ်။ ဒါက ပထမအချက်။ လက်နက်ကိုင် အုံကြွပုန်ကန်ခြင်းဟာ လူထုရဲ့ တော်လှန်ရေး ဒီရေ တရှိန်ထိုး တက်နေခြင်း အပေါ် အားပြုထားရမယ်။ ဒါကဒုတိယ အချက်။ လက်နက်ကိုင် အုံကြွပုံကန်ခြင်းဟာ ရှေ့တန်းရောက် လူတန်းစားအကြား တော်လှန်လှုပ်ရှားမှု အမြင့်ဆုံးရောက်နေချိန်၊ ရန်သူ့ဘက်သားတွေကြား ယိမ်းယိုင်မှု အမြင့်ဆုံးရောက်နေချိန်၊ မပြတ်မသားနဲ့ အားသိပ်မကောင်းတဲ့ တော်လှန်ရေး မိတ်ဆွေတွေကြား ယိမ်းယိုင်မှု အများဆုံးဖြစ်နေချိန် အချိုးအကွေ့ ကာလအပေါ် အားကိုးအားထားပြုရမယ်။ ဒါကတတိယအချက်။”
[မာ့(က်စ်)ဝါဒနဲ့ လက်နက်ကိုင် အုံကြွပုန်ကန်ခြင်း၊ လီနင် စုပေါင်းကျမ်း၊ အတွဲ – ၂၆၊ စာမျက်နှာ -၂၃]
Insurrection ကို art အနေနဲ့ အလေးအနက် သဘောထား ဆောင်ရွက်ရမယ်၊ ဘယ်လို အခြေအနေမှာမှ Insurrection ကို လုပ်ဆောင်နိုင်မယ်ဆိုတဲ့ မာ့က်စ်ရဲ့ သင်ကြားချက်တွေကို ၁၉၁၇ အောက်တိုဘာ အုံကြွမှု မတိုင်ခင် တလအလိုမှာ လီနင်က ပြန်လည် ရှင်းလင်းရေးသားခဲ့ခြင်း ဖြစ်ပါတယ်။ ၁၉၁၇ စက်တင်ဘာမှာ အဲဒီ သုံးချက်လုံး ပြည့်စုံနေပြီဖြစ်လို့ လက်နက်ကိုင် သူပုန်ထဖို့ အချိန်ကျနေပြီ ဖြစ်ကြောင်း ဘော်ရှီဗစ် ဗဟိုကော်မတီ ကို လီနင် ဆော်ဩခဲ့ခြင်း ဖြစ်တယ်။ ဒီစာထဲမှာပဲ ဇူလိုင် ၃-၄ ရက်လောက်က အခုလို အခြေအနေတွေ မရှိကြောင်း၊ ဒါ့ကြောင့် အဲဒီအချိန်မှာ လက်နက်ကိုင် သူပုန်ထခဲ့ရင် မအောင်နိုင်ကြောင်း လီနင်က နှိုင်းယှဉ် ဆန်းစစ်ပြခဲ့သေးတယ်။
ဇွန် နဲ့ ဇူလိုင်လဆန်းမှာ –
(၁)တော်လှန်ရေး တပ်ဦး လူတန်းစားရဲ့ ထောက်ခံမှု ငါတို့မှာ မရှိသေးဘူး။ ပီထရိုဂရက်နဲ့ မော်စကိုက အလုပ်သမား၊ စစ်သား ဆိုဗီယက်တွေအတွင်းမှာ မင်ရှီဗစ်နဲ့ ဆိုရှယ်လစ် ရက်ဗလူရှင်နရီတွေပဲ ထောက်ခံမှု အများစုရနေသေးတယ်။ ဘော်ရှီဗစ်တွေက ထောက်ခံမှု အနည်းစုသာ ရနေသေးချိန်ဖြစ်တယ်။ အခု စက်တင်ဘာ မှာ အများစုရနေပြီလို့ လီနင်က ကွာခြားချက်ကို ဆန်းစစ်ပြတယ်။
ဒါ့ကြောင့် ဇွန်-ဇူလိုင်မှာ ဘော်ရှီဗစ်တွေဘက် ရောက်လာတဲ့ စစ်သားတွေ၊ အလုပ်သမားတွေက လက်နက်ကိုင် အုံကြွချင်တာတောင် လီနင်၊ ထရော့စကီးတို့ခေါင်းဆောင်တဲ့ ဘော်ရှီဗစ်တွေက ပြန်ထိန်းခဲ့ရတယ်။ ပီထရိုဂရက် မြို့တော်မှာ သူတို့ အောင်ပွဲခံနိုင်တဲ့ အနေအထား ရှိနေပြီ။ ဒါပေမယ့် ပြန်ထိန်းခဲ့တယ်။ အကြောင်းအချက် မပြည့်စုံသေးဘူး။ တော်လှန်ရေး တပ်ဦး လူတန်းစားရဲ့ ထောက်ခံမှု အများစုရအောင် “patiently explain” လုပ်ရဦးမယ်ဆိုတဲ့ နည်းဗျူဟာကို ချမှတ်ကျင့်သုံးခဲ့ကြတယ်။
(ဒီနေရာမှာ အလျဉ်းသင့်လို့ ဖြည့်စွက်ဆွေးနွေးရရင် ဗမာပြည် တော်လှန်ရေးကာလမှာ တပ်ဦးဆိုတဲ့ စကားကို ကျယ်ကျယ်လောင်လောင်လေး သုံးလာကြတယ်။ လူလေး နှစ်ယောက်တပိုင်းနဲ့ ကိုယ့်ဘာသာ တပ်ဦး နာမည်ခံကြတာလည်း ရှိတယ်။ INUG ကို တပ်ဦးလို့ ကင်ပွန်းတပ်ကြတာလည်း ရှိတယ်။ ဘယ်လိုပဲဖြစ်ဖြစ်ပါ တပ်ဦး ဆိုတဲ့သဘောတရားကို နားမလည်ကြမှန်း ပေါ်လွင်နေတယ်။ လီနင်တို့ ပြောတဲ့ တပ်ဦးဆိုတာ ရှေ့တန်း အရောက်ဆုံး လူတန်းစားကို ရည်ညွှန်းခြင်း ဖြစ်တယ်။ တော်လှန်ရေးကို ဦးဆောင်မယ့် လူတန်းစားကို ရည်ညွှန်း ပြောခြင်းဖြစ်တယ်။ တော်လှန်ရေးသမား အစုအဖွဲ့ တမျိုးမျိုးကို မဆိုလိုဘူး။ မာ့က်စ်၊ လီနင်တို့ အခိုင်အမာ ပြောခဲ့တဲ့ တော်လှန်ရေး တပ်ဦး လူတန်းစားဆိုတာ အလုပ်သမား လူတန်းစားပဲ။ လယ်သမားလည်း မဟုတ်ဘူး၊ ကျောင်းသားလည်း မဟုတ်ဘူး။ လယ်သမားထုနဲ့ ကျောင်းသားတွေဟာ အလုပ်သမား လူတန်းစားရဲ့ မဟာမိတ်တွေသာ ဖြစ်နိုင်တယ်။ လစ်ဘရယ် ဘူဇွာတွေက တော်လှန်ရေး တပ်ဦး လူတန်းစား ဘယ်တော့မှ မဖြစ်နိုင်ဘူး)။
လီနင်က ဆက်ပြောတယ် –
(၂)အဲဒီအချိန်မှာ တပြည်လုံးအတိုင်းအတာနဲ့ တော်လှန်ရေး ဒီရေ တရှိန်ထိုး တက်နေတာမျိုး မရှိဘူး။ အခု ရှိနေပြီ။
(၃)အဲဒီအချိန်မှာ (ဇွန်-ဇူလိုင်လဆန်း) ငါတို့ရန်သူတွေနဲ့ မပြတ်မသား ပက်တီးဘူဇွာတွေကြားမှာ နိုင်ငံရေးအရ ယိမ်းယိုင်မှု ကြီးကြီးမားမား မရှိသေးဘူး။ အခု ယိမ်းယိုင်မှု ကြီးကြီးမားမား ရှိနေပြီ။ (ယင်းစာ -၂၄)
ဒီကနေ့အချိန်မှာ လီနင် ဆန်းစစ်ပြသွားတဲ့ အခြေအနေတွေ ရှိနေပြီလား။ ဆန်းစစ်ကြည့်ရအောင်။
တော်လှန်ရေး တပ်ဦး လူတန်းစားဖြစ်တဲ့ အလုပ်သမား လူတန်းစားဟာ ဖေဖော်ဝါရီ လဆန်းကတည်းက ရှေ့တန်းက ထွက်တိုက်ခဲ့တယ်။ လစ်ဘရယ် လူလတ်တန်းစားတွေ ဂျင်းမိနေချိန်မှာ ရှေ့တန်းက ထွက် တိုက်ခဲ့ကြတယ်။ ဒီတချက်နဲ့တင် ဘယ်လူတန်းစားက တပ်ဦး ဖြစ်နိုင်သလဲ မြင်သာပါတယ်။ ဒါတင်မကသေး။ ကဏ္ဍပေါင်းစုံက အလုပ်သမား လူတန်းစားရဲ့ အထွေထွေ သပိတ်ကြီးဆင်နွှဲခဲ့လို့ လူ့အဖွဲ့အစည်း သွက်ချာပါဒ လိုက်သွားခဲ့ရသလို လှည်းနေလှေအောင်း မြင်းဇောင်းမကျန် လူထုကြီး တော်လှန်ရေးထဲ ပါဝင်လာခဲ့တယ်။
ဒါတွေဟာ လွန်ခဲ့တဲ့ ဖေဖော်ဝါရီ၊ မတ်လက ဖြစ်ခဲ့တဲ့ အခြေအနေ။ အလုပ်သမား လူတန်းစားဟာ တပ်ဦးက ထွက်တိုက်ခဲ့ပေမယ့် အလုပ်သမား လူတန်းစားရဲ့ ရှေ့တန်းအရောက်ဆုံး အစိတ်အပိုင်းတွေနဲ့ စုစည်းထားသော တော်လှန်ရေးပါတီတရပ်ကို ထူထောင်မထားနိုင်ခဲ့ဘူး။ လစ်ဘရယ် ဘူဇွာတွေကိုသာ ခေါင်းဆောင်မှုနေရာ ထမ်းတင်ပေးထားခဲ့တယ်။ သိုးဆောင်း စကားပုံတခုအတိုင်း ဆိုရရင် ခြင်္သေ့တွေကို မြည်းက ဦးဆောင်သလို ဖြစ်ခဲ့တယ် (ဖြစ်နေတယ်)။
ဒီတော့ လက်ရှိအချိန်မှာ တော်လှန်ရေး တပ်ဦး လူတန်းစား ဘယ်လို အနေအထား ဖြစ်နေလဲ။ ခြေကုန်လက်ပန်း ကျပြီး ငတ်မသေအောင် ၃၆၀၀ နဲ့ အလုပ် ဝင်လုပ်နေရပြီ မဟုတ်ပါလား။ Insurrection အောင်မြင်ဖို့ ပထမဆုံး အချက်ဖြစ်တဲ့ ရှေ့တန်းရောက် လူတန်းစားကို ဘယ်လို အားပြုကြမလဲ။ အလုပ်သမား သမဂ္ဂတောင် စုစည်း လှုပ်ရှားလို့ မရအောင် ဖရိုဖရဲ ဖြစ်နေတဲ့အချိန်မှာ လက်နက်ကိုင် အုံကြွပုန်ကန်ခြင်းကို ဘယ်လို စုစည်း ပြင်ဆင် ထားကြသလဲ။ အလုပ်သမား လူတန်းစားကို တောထဲခေါ်၊ စစ်သင်တန်းပေး တိုက်ခိုင်းမယ်လို့ စိတ်ကူးယဉ်တဲ့ အထိ မရူးသွပ်ဘူး ထင်ပါတယ်။
လက်နက်ကိုင် အုံကြွပုန်ကန်ခြင်း အောင်မြင်ဖို့ တပ်ဦး လူတန်းစား တရပ်တည်း ထကြွနိုးကြားနေရုံနဲ့ မဖြစ်မှန်း မာ့(က်စ်)၊ လီနင်တို့ ကောင်းကောင်း နားလည်တယ်။ ဒါ့ကြောင့် ဒုတိယတချက်အနေနဲ့ nationwide revolutionary upsurge of the people ရှိရမယ်လို့ အလေးအနက် ပြောခဲ့ကြတယ်။ အခု ဗမာပြည်မှာ ရှိသလား။ ဖေဖော်ဝါရီ၊ မတ်၊ ဧပြီမှာ ရှိခဲ့တယ်။ အခု မရှိတော့ဘူး။ လူဆယ်ဂဏန်းလောက် မိနစ်ပိုင်းလေး ဘွားကနဲ ပေါ်လာပြီး “Accept NUG, Reject Military” အော်ပြနေရတဲ့ အခြေအနေဟာ တခွင်လုံးအတိုင်းအတာနဲ့ တော်လှန်ရေး ဒီရေ ထိုးတက်နေတဲ့ လက္ခဏာလား၊ ထိုးကျသွားတဲ့ လက္ခဏာလား ဦးနှောက်ရှိသူတိုင်း သိပါတယ်။
တတိယတချက်က ကြီးထွားနေသော တော်လှန်ရေး သမိုင်းရဲ့ အချိုးအကွေ့ကာလကို အားထားရမယ်။ အခု တော်လှန်ရေး ဒီရေ ထိုးကျနေတာလား၊ ကြီးထွားနေတာလား ကြည့်လိုက်တာနဲ့ တတိယ အခြေအနေလည်း မရှိဘူးဆိုတာ ထင်းခနဲတွေ့ရမယ်။ ရှေ့တန်းအရောက်ဆုံး လူတန်းစားလည်း ငတ်မသေရုံ လုပ်ခလေးနဲ့ ရုန်းကန်နေရပြီ၊ အလုပ်ခွင်တွင်း နိုင့်ထက်စီးနင်း ဖိနှိပ်မှုတွေတောင် ပြန်မတိုက်နိုင်လှအောင် အားချိနေပြီ။ ဒီအနေအထားဟာ turning point လား၊ တန်ပြန် တော်လှန်ရေးဒဏ် အလူးအလဲခံနေရတဲ့ အနေအထားလား၊ ချင့်ချိန် သုံးသပ်ကြပါလေ။ ဒီလို အခြေအနေမှာ Insurrection ကို စိတ်ကူးယဉ်ရင် Blanquism လို့ မာ့(က်စ်)၊ လီနင်တို့ ဝေဖန်ကြတယ်။ အဲဒီဝေါဟာရနဲ့ မရင်းနှီးသူတွေအတွက်တော့ Adventurism လို့ နားလည်နိုင်ပါတယ်။
Adventurism ဆိုတာ opportunism ရဲ့ ထုတ်ကုန်ဖြစ်တယ်။ လစ်ဘရယ် ဘူဇွာ လူတန်းစား ပါတီ NLD က ဆင်းသက်လာတဲ့ CRPH, INUG တို့ဟာ တလျှောက်လုံး opportunist line (အချောင်သမား လမ်းစဉ်)ကိုသာ ကျင့်သုံးခဲ့ကြတယ်။ ရင်ကြားစေ့ရေး ခေါ် စစ်တပ်ကို အလျှော့ပေး ချော့မြူအလုပ်အကျွေးပြုရေး လမ်းစဉ်ဆိုတာ အချောင်သမား လမ်းစဉ်ပဲ။ NLD တသက်လုံး လျှောက်ခဲ့တာ ဒီလမ်းပဲ။ ဒါတွေက အတိတ်တုန်းက ကိစ္စတွေပါလို့ ခပ်ပေါ့ပေါ့ သဘောထားလိုသူတွေ ရှိတယ်။ ထားနိုင်ပါတယ်။ ဒါပေမယ့် မေ့ထားလို့ မရတာက လူထု ထောက်ခံမှု ရထားတဲ့ NLD က လူထုအားနဲ့ စစ်အာဏာရှင်စနစ်ကို မတိုက်ဖျက်ခဲ့လို့၊ စစ်အရင်းရှင်တွေ၊ ခရိုနီတွေရဲ့ စီးပွားရေး ပိုင်ဆိုင်မှုတွေကို ပြည်သူပိုင် မသိမ်းခဲ့ဘဲ လက်ကျန် ပြည်သူပိုင် လုပ်ငန်းတွေကိုတောင် စစ်ဗိုလ်ချုပ်ကြီးတွေ နဲ့ ခရိုနီတွေရဲ့ ပုဂ္ဂလိကပိုင်အဖြစ် ပြောင်းလဲပေးခဲ့လို့ အခုလို စစ်အုပ်စုက အာဏာသိမ်းချင်တဲ့အချိန် ထသိမ်းနိုင်တဲ့ အခြေအနေ အကြောင်းအချက်တွေ ရှိနေတာပဲ။ ဒါဟာ ၂၀၀၈ ခြေဥ ပြင်ရေး၊ ဖျက်ရေး ပြဿနာထက် ပိုပြီး အခြေခံကျတဲ့ အကြောင်းရင်း ဖြစ်တယ်။
NLD က အတိတ် ဆယ်စုနှစ်မှာပဲ ဒီလို အချောင်သမား လမ်းစဉ်ကို လိုက်ခဲ့တာ မဟုတ်ဘူး။ မင်းအောင်လှိုင်က အာဏာသိမ်းတော့မယ်ဆိုတာ NLD ခေါင်းဆောင်ပိုင်း ကြိုသိခဲ့တယ်။ ဒါပေမယ့် NLD ခေါင်းဆောင်ပိုင်းက လူထုကို အမှန်အတိုင်း ထုတ်မပြောခဲ့ပါဘူး။ စစ်ခေါင်းဆောင်တွေနဲ့ ကြိတ်ညှိဖို့သာ ကြိုးစားခဲ့တယ်။ ကြိတ်ညှိလို့ မရတော့လည်း အထုပ်လေးပိုက်ပြီး အသာတကြည် အဖမ်းခံလိုက်ကြတာပဲ။ သူတို့ကို တခဲနက် ထောက်ခံနေတဲ့ လူထုကို အခြေအနေမှန် ရှင်းပြပြီး လူထုကို တပ်လှန့်ထားခဲ့သလား။ စစ်အာဏာသိမ်းပွဲကို လူထုအားနဲ့ တိုက်ဖို့ လူထုကို ဆော်ဩစည်းရုံးပြင်ဆင်တာ ဘာတခုမှ မလုပ်ခဲ့ဘူး။ ရလဒ်ကတော့ မင်းအောင်လှိုင် စစ်တပ်က သေနတ် တချက် မဖောက်လိုက်ရဘဲ အေးအေးဆေးဆေး အာဏာသိမ်းသွားနိုင်တာပဲ။ ဒီလို ဖြစ်ရခြင်းရဲ့ အဓိက တရားခံ ဟာ အချောင်သမား လမ်းစဉ် ကျင့်သုံးခဲ့တဲ့ NLD ခေါင်းဆောင်ပိုင်းသာ ဖြစ်တယ်။
ဒီမှာတင် သူတို့ရဲ့ လူထု သစ္စာဖောက်လုပ်ရပ်ဟာ အင်မတန် ထင်ရှားနေခဲ့ပြီ။ ဒါပေမယ့် ဒီသစ္စာဖောက် လုပ်ရပ်က အစပဲ ရှိသေးတယ်။ စစ်တပ်က ဖမ်းသွားပြီး ပြန်လွှတ်ပေးလိုက်တဲ့ NLD ခေါင်းဆောင်တွေဟာ စစ်တပ်ကို ကျေးဇူးတင်ကြောင်း လူသိရှင်ကြား ထုတ်ပြောခဲ့ကြတယ်။ လူထုအားနဲ့ တိုက်ဖို့ သူတို့မှာ လုံးဝ စိတ်ကူးမရှိခဲ့ဘူး။ စိတ်ကူးမရှိရုံမက၊ NLD လော်ဘီတွေ ပက်တီးဘူဇွာ လစ်ဘရယ်တွေက လူထုကို လမ်းပေါ်မထွက်အောင် အမျိုးမျိုး ဂျင်းထည့် ဟန့်တားခဲ့ကြတယ်။ ၇၂ နာရီဂျင်း၊ R2P ဂျင်း၊ စသဖြင့်။
နောက်ဆုံး လူထုကိုယ်တိုင် လမ်းပေါ်ထွက်တိုက်တဲ့ အဆင့်ရောက်နေတာတောင် NLD ခေါင်းဆောင်ပိုင်းက NLD အလံ မသုံးဖို့ တားခဲ့သေးတယ်။ ပြည်လုံးကျွတ် အထွေထွေ သပိတ်တိုက်ပွဲကြီး ဖြစ်ပွားနေချိန်၊ တော်လှန်ရေး ဒီရေ အမြင့်ဆုံး ရောက်နေချိန်မှာ NLD က ပေါက်ဖွားလာတဲ့ CRPH က လူထုကို လက်နက်ကိုင် အကြမ်းမဖက်ဖို့၊ ကြားကာလ ပအဖ အစီအစဉ်ကို နယ်မြေခံ ရဲတပ်ဖွဲ့နဲ့ ပူးပေါင်းဆောင်ရွက်ဖို့ ညွှန်ကြားခဲ့တယ်။ ဒီလုပ်ရပ်တွေဟာ အရက်စက်ဆုံး လူသတ် မုဒိမ်းတပ်နဲ့ ရင်ဆိုင်နေရတဲ့ လူထုကို အကာအကွယ်မဲ့စေခဲ့တယ်။ သားသတ်သမားရှေ့ လည်စင်းခံစေတဲ့ လုပ်ရပ်တွေ ဖြစ်တယ်။ တချိန်တည်းမှာ CDM ကို အလွန်အကျွံ မြှောက်ပင့်ပေးပြီး စီဒီအမ် ဘယ် နှရက် ဘယ်နှလ တောင့်ခံရင် စကစ ပြုတ်ကျပြီဆိုတဲ့ မျှော်လင့်ချက်အမှားတွေ ပေးခဲ့တယ်။ စီဒီအမ် လှုပ်ရှားမှုကို ပုဂ္ဂလိက၊ အစိုးရ ကဏ္ဍပေါင်းစုံက ဝန်ထမ်းပေါင်းစုံ အထွေထွေ သပိတ်ကြီးအဖြစ် အရှိန်ဆွဲတင်ရမယ့်အစား ဝန်ထမ်းတဦးချင်းစီရဲ့ ကိုယ်ကျင့်တရား အခြေခံ abstinence လုပ်ရပ်အဖြစ် ပုံဖော်ခဲ့တယ်။ ဝန်ထမ်း သပိတ် ကော်မတီတွေ အားကောင်းမောင်းသန် ပေါ်ထွန်းလာအောင် ဦးဆောင် လမ်းပြပေးရမယ့်အစား တဦးချင်းစီ အလုပ်မဆင်းရင် အောင်ပွဲခံနိုင်ပြီလို့ ထင်ယောင်ထင်မှား ဖြစ်စေခဲ့တယ်။
ခေါင်းဆောင်မှုနေရာ ခွထိုင်ထားတဲ့ လစ်ဘရယ် ဘူဇွာတွေက ဒီလို တလျှောက်လုံး အချောင်သမား လမ်းကိုပဲ လျှောက်ခဲ့လို့ တော်လှန်ရေး ဒီရေအမြင့်ဆုံး ကာလမှာ အာဏာပြဿနာကို မဖြေရှင်းနိုင်ခဲ့ဘူး။ တော်လှန်ရေး ဒီရေအမြင့်ဆုံး အဆုံးအဖြတ်ကာလမှာ စနစ်တကျ ပြင်ဆင်ထားတဲ့ လက်နက်ကိုင် သူပုန်ထခြင်း မလုပ်နိုင်ခဲ့ဘူး။ ဒေသအလိုက်၊ မြို့တမြို့ချင်းစီအလိုက် စနစ်တကျ ပြင်ဆင်မထားတဲ့ spontaneous uprising တွေသာ ဖြစ်ခဲ့တယ်။ ဒါ့ကြောင့် ရန်သူ စစ်တပ်က အရက်စက်ဆုံး အကြမ်းဖက် ချေမှုန်းနိုင်ခဲ့တယ်။ လှိုင်သာယာ အစုလိုက် အပြုံလိုက် သတ်ဖြတ်မှု၊ ပဲခူးမြို့ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု၊ ကလေးမြို့ အစုံလိုက် အပြုံလိုက် သတ်ဖြတ်မှု၊ စသဖြင့်။
တော်လှန်ရေး ခေါင်းဆောင်မှုနေရာ ခွထိုင်ထားသူ လစ်ဘရယ် ဘူဇွာတွေ တလျှောက်လုံး အချောင်သမားလမ်းစဉ် ကျင့်သုံးခဲ့လို့ တော်လှန်ရေး လှုပ်ရှားမှုကြီး အလဲလဲ အကွဲကွဲ ဖြိုခွဲခံခဲ့ရပြီးမှ၊ တော်လှန်ရေး ဒီရေ ထိုးကျသွားပြီး လက်နက်ကိုင် အုံကြွပုန်ကန်နိုင်တဲ့ အခြေအနေ အကြောင်းအချက်တွေ မရှိတော့မှ အခုလို စစ်ထကြေညာတာ Adventurism ပဲဖြစ်တယ်။ ဒါဟာ သူတို့ တလျှောက်လုံး ကျင့်သုံးခဲ့တဲ့ အချောင်သမား လမ်းစဉ်ကြောင့် ဖရိုဖရဲဖြစ်သွားတဲ့ အရှိတရားကို ဖုံးဖိဖို့ ကြိုးစားတဲ့ လုပ်ရပ်သာ ဖြစ်တယ်။ အာဏာသိမ်း စစ်အစိုးရကို ဘယ်လိုမှ လက်မခံနိုင်တဲ့ လူထုရဲ့ အမျက်ဒေါသကို အသုံးချပြီး သူတို့ရဲ့ နိုင်ငံရေး ထောက်ခံမှု မကျဆင်းအောင် လှည့်ဖျားတဲ့ နည်းပဲ။ ဒါ့ကြောင့် Adventurism ဆိုတာ အချောင်သမားဝါဒရဲ့ ထုတ်ကုန်ပဲ ဆိုရခြင်း ဖြစ်တယ်။
ဒီလို Adventurism ထလုပ်တဲ့ လစ်ဘရယ် ဘူဇွာတွေဟာ လက်နက်ကိုင် သူပုန်ထခြင်းကို အလေးအနက်လည်း မထားသလို တကယ်လည်း မယုံကြည်ပါဘူး။ လူထုကြား ရှိနေတဲ့ မျှော်လင့်ချက်အမှားကို အားကောင်းအောင် ထပ်လုပ်ပြီး နိုင်ငံရေးအရ ဆက်လက် အသုံးချသွားဖို့သာ ဖြစ်တယ်။
လက်နက်ကိုင် အုံကြွပုန်ကန်မှုကို ကလေးကစားစရာ မထင်လေနဲ့
လက်နက်ကိုင် အုံကြွပုန်ကန်ခြင်းဆိုတာ နိုင်ငံရေး တိုက်ပွဲ အထူးပုံစံ တမျိုး ဖြစ်တယ်၊ ဒါ့ကြောင့် အထူး ဥပဒေတွေ ရှိတယ်။ လက်နက်ကိုင် အုံကြွပုန်ကန်ခြင်းကို “art” အနေနဲ့ အထူးအလေးပေး ပြောကြားခဲ့တဲ့ မာ့(က်စ်)က ဒီတိုက်ပွဲပုံစံရဲ့ အခြေခံ နိယာမတွေကို ရှင်းပြခဲ့သေးတယ်။
(၁)လက်နက်ကိုင် အုံကြွပုန်ကန်မှုနဲ့ ဘယ်တော့မှ မကစားလေနဲ့၊ ဒါပေမယ့် စမိရင်တော့ အဆုံးထိ သွားရမယ် ဆိုတာ အခိုင်အမာ သိထားရမယ်။
(၂)အဆုံးအဖြတ်ပြုနိုင်သော အချိန်အခါ၊ အဆုံးအဖြတ်ပေးနိုင်တဲ့ ဆုံချက်မှာ ကိုယ့်ဘက်က သာလွန်အင်အား အများဆုံး စုစည်းပြီးတိုက်ပါ။ အဲလိုမလုပ်မိရင် ပြင်ဆင်မှု၊ စုဖွဲ့မှု ပိုအားကောင်းတဲ့ ရန်သူက သူပုန်တွေကို ချေမှုန်း သွားလိမ့်မယ်။
(၃)လက်နက်ကိုင် ပုန်ကန်မှု စလိုက်တာနဲ့ ပိုင်းဖြတ်ချက် အခိုင်အမာဆုံးထားပြီး တိုက်ရမယ်၊ နည်းပေါင်းစုံသုံးပြီး ထိုးစစ်ဆင်ရမယ်။ ‘ခံစစ်ဟာ လက်နက်ကိုင် အုံကြွပုန်ကန်မှုတိုင်း သေဆုံးဖို့ပဲ’။
(၄)ရန်သူကို အလစ်အငိုက်ဖမ်း တိုက်နိုင်အောင် လုပ်ရမယ်၊ ရန်သူ့အင်အားတွေ ပြန့်ကျဲနေတဲ့ အခါသမယကို အမိအရ အသုံးချနိုင်ရမယ်။
(၅)ဘယ့်လောက်ပဲ သေးငယ်တဲ့ အောင်မြင်မှုဖြစ်ပါစေ၊ နေ့တဓူဝ အောင်ပွဲတွေရရှိအောင် ရုန်းကန်ရမယ်။ (မြို့တမြို့တည်းအတွက်ဆိုရင် နာရီတိုင်း အောင်ပွဲခံနေရမယ်လို့ ပြောချင်ပြောနိုင်တယ်)။ ‘စိတ်ဓာတ်ရေးရာ အသာစီးရမှု’ ကို အစွမ်းကုန် ကြိုးစားပြီး ထိန်းထားရမယ်။” (Advice of an onlooker, လီနင် စုပေါင်းကျမ်း အတွဲ-၂၆၊ စာ-၁၈၁)
မာ့(က်စ်)နဲ့ လီနင်တို့ ရှင်းပြခဲ့တဲ့ အခြေခံ နိယာမတွေကို အလေးအနက် စဉ်းစားကြည့်မယ်ဆိုရင် INUG လို ဒီဒေး ကြေညာပြီး အွန်လိုင်း ဆူနာမီထတာဟာ ကိုယ့်သေတွင်း ကိုယ်တူးတာပဲ၊ လူထုကို သေတွင်းထဲ တွန်းပို့တာပဲလို့ ကောက်ချက်ချနိုင်တယ်။
နိဂုံး
Insurrection တခု အောင်အောင်မြင်မြင် ဆင်နွှဲနိုင်ဖို့ လိုအပ်တဲ့ အခြေအနေတွေကို အပေါ်မှာ တင်ပြခဲ့တယ်။ အခုကာလမှာ တချက်မှ မရှိဘူး။ ဒါ့အပြင် INUG ရဲ့ လုပ်ရပ်ဟာ လက်နက်ကိုင် အုံကြွပုန်ကုန်မှုရဲ့ အခြေခံကျဆုံး ဥပဒေသကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်ပြီး လူထုကို သေတွင်းထဲ တွန်းပို့လိုက်တာပဲ။ သူတို့က အွန်လိုင်းပေါ်မှာ ဆူနာမီထပြလိုက်တာပဲ။ မြေပြင်မှာ တကယ်သေရတာက သူတို့လို လွတ်မြောက်ရာ မပြေးနိုင်တဲ့ အလုပ်သမား၊ လယ်သမား အဖိနှိပ်ခံ လူထု။ ဒါ့ကြောင့် INUG ဟာ ခေါင်းဆောင်မှုနေရာ ခွထိုင်ထားပေမယ့် တော်လှန်ရေး တပ်ဦးလည်း မဟုတ်သလို တော်လှန်ရေး မဟာမိတ်လည်း မဟုတ်ဘူး။ ဖောက်ပြန်ယိုယွင်းနေသော အချောင်သမားတသိုက်သာ ဖြစ်တယ်။ သူတို့ရဲ့ ဖောက်ပြန်မှားယွင်းမှုကို မျက်နှာဖုံးခွာ၊ ဝေဖန်တိုက်ဖျက်ပြီး မှန်ကန်တဲ့ မဟာဗျူဟာ၊ နည်းဗျူဟာတွေ ရှာဖွေကြရမယ်။ တဆက်တည်းမှာပဲ မာ့က်စ်၊ လီနင်တို့ရဲ့ သင်ကြားချက်တွေကို လေ့လာကြည့်ရင် စတာလင်၊ မော်တို့ရဲ့ လယ်သမားလူတန်းစားကို အခြေခံသော ရေရှည်စစ် ဗျူဟာသည်လည်း ဖောက်ပြန် မှားယွင်းကြောင်း တွေ့ရလိမ့်မယ်။ လီနင်၊ ထရော့စကီးတို့ရဲ့ ဘော်ရှီဗစ်ဇင်နဲ့ စတာလင်၊ မော်တို့ရဲ့ ရေရှည်စစ် မဟာဗျူဟာ ခြားနားပုံကို နောက်လမှာသီးသန့် ဆွေးနွေးသွားပါမယ်။
သူရိန်မွန်
၈.၉.၂၀၂၁
[INUG က ဒီဒေး ကြေညာပြီး နောက်တရက် စက်တင်ဘာ ၈ ရက်၊ ၂၀၂၁ မှာ ဖော်ပြခဲ့သော ဆောင်းပါး ဖြစ်ပါတယ်]