“ဂျန်နိုဆိုက်(ဒ်) နိုင်ငံတော်ကို ဖြိုချရေးဟာ ဒီကနေ့ တော်လှန်ရေး တာဝန်”

More than 730,000 Rohingya fled to neighbouring Bangladesh following a sweeping military campaign in 2017 [File: Ann Wang/Reuters]

အိုင်စီဂျေမှာ ဗမာ စစ်တပ်ရဲ့ လူမျိုးတုန်း သတ်ဖြတ်မှု (genocide) ကို ကြားနာ စစ်ဆေးလျက် ရှိပါတယ်။ လက်ရှိ အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်မင်းအောင်လှိုင် ကာချုပ်လုပ်နေတဲ့ အာဏာရှင် စစ်တပ်က ရခိုင်ပြည်နယ်က ရိုဟင်ဂျာ လူမျိုးစုကို မျိုးတုန်းသတ်ဖြတ်မှုတွေ ကျူးလွန်ခဲ့တယ်။

အခု အဲဒီ အာဏာရှင် စစ်တပ်ကပဲ ဗမာပြည် တနှံတလျားက အဖိနှိပ်ခံ လူမျိုးပေါင်းစုံ ပြည်သူတွေကို နေ့ညမရွေး သတ်ဖြတ်နေတယ်၊ မုဒိမ်းကျင့်နေတယ်၊ မြို့တွေ ရွာတွေကို မီးလောင်တိုက်သွင်းနေတယ်။ ကလေးသူငယ်နဲ့ သက်ကြီးရွယ်အိုတွေပါမချန် လေကြောင်းက ဗုံးကြဲသတ်နေတယ်။

အဲဒီလောက် ရက်စက် ကြမ်းကြုတ်တဲ့ ဂျန်နိုဆိုက်(ဒ်) စစ်တပ် အိုင်စီဂျေမှာ တရားရင်ဆိုင်နေရတာ မကောင်းဘူးလား၊ စစ်တပ် ထောက်ခံသူ မဘသ အသိုင်းအဝိုင်းကလွဲရင် ကျန်လူထုတရပ်လုံးက ‘အိုင်စီဂျေမှာ မြန်မာ ရှုံးပါစေ၊ ရိုဟင်ဂျာ လူထုကြီး နိုင်ပါစေ’ လို့ တညီတညွတ်တည်း အသံမထွက်သင့်ဘူးလား။ ကဗျာ ဆရာ အောင်ချိမ့်ရဲ့ နာမည်ကျော် စာသားတခုလို ‘ငါရှုံးပါစေ၊ တရားက နိုင်ပါစေ’ လို့ မကြွေးကြော်သင့်ဘူးလား။

အခုတော့ စစ်အာဏာရှင်တွေကို မကြိုက်ဘူး၊ ဒီစနစ်ကြီးကို လက်မခံဘူး ဆိုသူ တချို့ကပါ အိုင်စီဂျေမှာ ဗမာ စစ်တပ် ရှုံးမှာကို မလိုလားဘူး ဖြစ်နေကြတယ်။ အိုင်စီဂျေမှာ “မြန်မာ ရှုံးပါစေ” လို့ ပြောလာရင် အမျိုးသား သစ္စာဖောက်လိုလို၊ နိုင်ငံချစ်စိတ် မရှိသူလိုလို ကိုမျိုးချစ် မမျိုးချစ် မဘသ မျိုးညစ်တွေက ပုံဖော် ပြောဆိုနေကြတယ်။

ကိုမျိုးချစ် မမျိုးချစ် မဘသ မျိုးညစ်တွေလို့ သုံးထားပေမဲ့ သူတို့ကို မဘသလို့ သွားပြောရင် တီကိုဆားနဲ့ တို့သလို ဖြစ်သွားမဲ့ ဘုရားစူး တော်လှန်ရေးဘက်တော်သား နိုင်ငံရေး သုံးသပ်ကြီးသူတွေ ဖြစ်နေတာ တွေ့ရလိမ့်မယ်။ မဘသ အလံအောက်ကနေ စစ်အာဏာရှင်တွေကို ဗြောင်ထောက်ခံနေတဲ့ အုပ်စုကို လူထုက ဖားမှန်း ငါးမှန်း သိပြီးသား ဖြစ်ပါတယ်။

သို့သော် သူ့လူ ကိုယ့်ဘက်သား လုပ်နေတဲ့ အနှီ နိုင်ငံရေးသမား၊ နီပေါ လော်ဘီ ဆိုသူတွေက အမျိုးသားရေး အလံလွှင့်ထူလာတဲ့အခါ တချို့ နားဝေတိမ်တောင် ဖြစ်သွားတတ်တယ်။ အမြင်တွေ ဝေဝါးသွားတတ်တယ်။ ဒါ့ကြောင့်လဲ သာမန် ပြည်သူတွေကြားမှာ သူတို့ ပြောစကား နားယောင်သူ မနည်းမနော ရှိနေတာ သတိထားကြည့်ရင် တွေ့ရလိမ့်မယ်။

အမျိုးသားရေး ဝါဒမှိုင်း တိုက်လာခြင်း

တော်လှန်ရေးဘက်တော်သားလိုလို စစ်အာဏာရှင်စနစ်ကို အာဘောင်အာရင်းသန်သန်နဲ့ ဆန့်ကျင်နေသူ တချို့ အင်တိုက်အားတိုက် တင်သွင်းလာတဲ့ အမျိုးသားရေးဝါဒဟာ အဖိနှိပ်ခံ ပြည်သူ လူထုကြီးကို စစ်အာဏာရှင်တွေ လက်အောက် ဘယ်လို တွန်းပို့နေသလဲ နမူနာ ကြည့်လိုက်ရအောင်။

“မြန်မာ နိုင်ငံကို တရားစွဲတာ၊ စစ်တပ်ကို ကွက်ပြီး တရားစွဲတာ မဟုတ်ဘူး” လို့ ဝါဒဖြန့်ကြတယ်။ ဒီလို ပြောလိုက်တော့ လူတော်တော်များများ နားယောင်ကုန်တယ်။ မိမိကိုယ်မိမိ မြန်မာနိုင်ငံသားလို့ ခံယူထားသူ တယောက်က မြန်မာနိုင်ငံကို အခြား နိုင်ငံတခုက တရားစွဲနေပြီလို့ ကြားလိုက်ရတဲ့အခါ “မြန်မာ နိုင်ငံကို တရားစွဲနေပြီ = ငါတို့ကို တရားစွဲနေပြီ” လို့ ထင်သွားမှာပဲ။

အဲ့တော့ ဂျန်နိုဆိုက် ကျူးလွန်တဲ့ စစ်တပ်ကို တရားစွဲနေတာပဲလို့ မမြင်နိုင်တော့ဘူး၊ ငါတို့ကို တရားစွဲနေပြီလို့ မြင်သွားတယ်။ ငါတို့အပေါ် ကျရောက်လာတဲ့ ခြိမ်းခြောက်မှုကြီးလို့ ထင်ယောင်ထင်မှား ဖြစ်သွားတယ်။ အဲဒီ ကြောက်စိတ်ကို ထိုးဆွပေးတဲ့ နည်းနဲ့ ဒီလှည့်ဖျားမှုဟာ အလုပ်လုပ်ပါတယ်။

သို့သော် ဒီဝါဒဖြန့်ချက်ဟာ မမှန်ကန်ဘူး။ လူတွေရဲ့ စိတ်ထဲ ဒီလို တုံ့ပြန်မှုဖြစ်လာအောင် တမင် framing လုပ်ထားတဲ့ လှည့်ဖျားချက်သာ ဖြစ်တယ်။ အဲသလို ကြောက်စိတ်နဲ့ မွှန်ထူမနေဘူးဆိုရင် ရိုဟင်ဂျာတွေကို ဂျန်နိုဆိုက် လုပ်ခဲ့တာ ငါတို့ မဟုတ်ဘူး၊ ငါတို့ကို ဖိနှိပ် သတ်ဖြတ်ခဲ့တဲ့ ဗိုလ်မင်းအောင်လှိုင်တို့ရဲ့ အာဏာရှင် စစ်တပ်သာ ဖြစ်တယ်၊ အခု လက်ရှိ နိုင်ငံတော် အာဏာကို သိမ်းပိုက်ထားတာလဲ ဒီစစ်တပ်ပဲ။

ဒါ့ကြောင့် အဲဒီ စစ်တပ် ဂျန်နိုဆိုက် အမှုနဲ့ တရားစွဲခံရလို့ သူတို့ တရား ရင်ဆိုင်နေရပြီလို့ ရှင်းရှင်းလင်းလင်း မြင်နိုင်လိမ့်မယ်။

ဒီထက် စိတ်ရှင်းချင်ရင် အေအိုင် ခေတ်မှာ လေ့လာစရာတွေ လက်တကမ်းမှာ တပုံတပင် ရှိတယ်။ အိုင်စီဂျေမှာ စီရင်ခဲ့တဲ့ ဂျန်နိုဆိုက် အမှုတွေကို ဥပဒေ ရှုထောင့်ကနေ လေ့လာမလား၊ ဒီအမှုတွေရဲ့ သမိုင်း ဖြစ်စဉ်ကို လေ့လာမလား၊ စိတ်ကြိုက် လေ့လာလို့ ရတယ်။

အဲလို တီးခေါက် လေ့လာကြည့်လိုက်မယ်ဆိုရင် နိုင်ငံတခုက အခြား နိုင်ငံတခုကို တရားစွဲတယ် ဆိုရာမှာ အခြား တိုင်းသူပြည်သားတွေက သန်းငါးဆယ်ကျော် ဗမာ ပြည်သူတွေကို တရားစွဲနေတာ မဟုတ်ဘူး ဆိုတဲ့ အင်မတန် ရိုးရှင်းတဲ့ အချက်ကို နားလည်လာလိမ့်မယ်။ နားလည်ဖို့လဲ မခက်လှပါဘူး။

အခုတော့ တော်လှန်ရေးဘက်တော်သားလိုလို ‌လက်ယာ နိုင်ငံရေးသမား နီပေါ လော်ဘီတချို့ရဲ့ ဝါဒဖြန့်ချက်ကို ယုံစားပြီး ကြောက်အားလန့်အားနဲ့ ဘာကိုမှ ဆင်ခြင်သုံးသပ်နိုင်စွမ်း မရှိဘူး ဖြစ်ကုန်တယ်။

ဒီနေရာမှာ တော်လှန်ရေး ဘက်တော်သား ဆိုတဲ့ မီဒီယာတွေရဲ့ တာဝန် ပျက်ကွက်မှုလဲ အများကြီး ပါတယ်။ သူတို့ကိုယ်တိုင်က အိုင်စီဂျေမှာ မြန်မာ ရှုံးသွားခြင်းဟာ အဖိနှိပ်ခံ လူထုကြီးအတွက် အရှုံး မဟုတ်ဘူး၊ စစ်အာဏာရှင်တွေအတွက်သာ ကြီးမားတဲ့ ထိုးနှက်ချက်တခု ဖြစ်သွားမယ်။ အဖိနှိပ်ခံ လူထုကြီးက နိုင်ငံရေးအရ အမြတ်တောင် ထွက်ဦးမယ်လို့ ရှင်းရှင်းလင်းလင်း ဖော်ထုတ်တင်ပြတာမျိုး မလုပ်ခဲ့ကြဘူး။ (TM media တို့လို မီဒီယာ ခပ်သေးသေး တချို့က ဒီအမြင်ကို တင်ပြနေတာ ရှိပေမဲ့ မီဒီယာကြီး အများစုက အခုထိ ပျက်ကွက်နေဆဲ ဖြစ်ပါတယ်)။

အမေရိကန် စစ်တပ်ထဲ အမှုတော်ထမ်းနေတဲ့ ဗမာ ပက်တီးဘူဇွာတယောက်က သူဟာ အာဏာသိမ်း စစ်တပ်ကို ဆန့်ကျင်ကြောင်း၊ တော်လှန်ရေးကို ထောက်ခံကြောင်း အမြဲ ပြောလေ့ရှိတယ်။ ဒါပေမဲ့ ဗမာ စစ်တပ်က ဂျန်နိုဆိုက်(ထ်) ကျူးလွန်ထားတယ်လို့ ပြောသူတွေကိုတော့ အမျိုးမျိုး ပုံဖျက် ဆဲဆိုလေ့ရှိတယ်။

သူတို့ဟာ တချိန်က ‘အမေစုနဲ့အတူ ရပ်တည်ပါသည်’ ဆိုပြီး စစ်တပ်ရဲ့ ဂျန်နိုဆိုက်ကို ဖုံးဖိဖို့ ကြိုးစားခဲ့ဖူးတယ်။ အဲဒီတုန်းကလဲ ‘စစ်တပ်ကို တရားစွဲတာ မဟုတ်ဘူး၊ ငါတို့ မြန်မာနိုင်ငံကြီးကို တရားစွဲတာ’ ဆိုပြီး ဂျန်နိုဆိုက် စစ်တပ်ဘက်က ရပ်တည်ခဲ့ကြတယ်။ အဲဒီလို စစ်တပ်ဘက်က ရပ်တည်ခဲ့သူက အခုတချီလဲ ဂျန်နိုဆိုက် စစ်တပ်ကို တဖက်လှည့်နဲ့ ကာကွယ်ပေးနေတာ မထူးဆန်းပါဘူး။

သို့သော် သူတို့ဟာ သူရဲဘောကြောင်သူတွေ ဖြစ်တယ်။ သူတို့ရဲ့ စစ်တပ် ထောက်ခံတဲ့ လုပ်ရပ်ကို လူမမြင်အောင် လှည့်ဖျားနည်း အဖုံဖုံ သုံးလာကြတယ်။ “ခင်ဗျားတို့ အလွန်အားထားတဲ့ အိုင်စီဂျေကတောင် ဂျန်နိုဆိုက် ဟုတ်မဟုတ် မဆုံးဖြတ်ရသေးဘဲ ခင်ဗျားတို့က နွားရှေ့ထွန်ကျူးပြီး ဂျန်နိုဆိုက်ချင်း မိုးမွှန်နေတာပဲ” တဲ့။ “တမိုးလုံး ဖျောက်ဆိတ်ဖြစ်လာတဲ့ ဂျန်နိုဆိုက်”တဲ့။

သူထောက်ခံတဲ့ ဗမာ စစ်တပ်က လူမျိုးတုန်း သတ်ဖြတ်မှုတွေ လုပ်ထားတယ်၊ ဒါကို ဘယ်သူမှ မငြင်းနိုင်ဘူး၊ သက်သေ အထောက်အထားပေါင်း အမြောက်အမြား ရှိတယ်၊ ဒါက reality ပဲ။ အဲဒီ reality ကို ဂျန်နိုဆိုက်လို့ပဲ ခေါ်ခေါ်၊ ethnic cleansing လို့ပဲ သုံးသုံး၊ great slaughter လို့ပဲ ပြောပြော ငြင်းလို့ မရပါဘူး။

Image credit – ABC news/ Nyein Chan Niang/EPA via Shutterstock, FILE

တရားရုံးက စီရင်ချက် မချရသေးလို့ ဟိုစကားလုံး မသုံးရဘူး၊ ဒီစကားလုံး သုံးခွင့် မရှိဘူးလို့ ပြောနေတာဟာ အဲဒီ reality ကို (legalistic terms) ဥပဒေ စကားလုံး အငြင်းအခုန်နဲ့ ဖုံးဖိဖို့ ကြိုးစားလိုက်တာပဲ။ စစ်အာဏာရှင်တွေကို ဆန့်ကျင်ပါတယ်လို့ ဘယ့်လောက်ပဲ အော်အော် လက်တွေ့မှာ ဂျန်နိုဆိုက် စစ်တပ်ကို အပြတ်အသတ် ထောက်ခံလိုက်တာပဲ။ အမေရိကန် စစ်တပ်ထဲ ဝင်ထားတဲ့ စစ်ဘောမ ပီသပါပေတယ်လို့ပဲ ခပ်ရှင်းရှင်း ပြောရလိမ့်မယ်။

ကမ္ဘာတလွှားက အဖိနှိပ်ခံ လူထုကြီးဟာ ပါလက်စတိုင်း ပြည်သူတွေကို လူမျိုးတုန်း သတ်ဖြတ်နေတဲ့ ဇိုင်ယင်နစ် အစ္စရေး နိုင်ငံတော်ကို ဂျန်နိုဆိုက် ကျူးလွန်နေတယ်လို့ ပြတ်ပြတ်သားသား ပြောပြီး ပြတ်ပြတ်သားသား ဆန့်ကျင် တိုက်ပွဲဝင်ခဲ့ကြတာ မသိလေရော့သလား။ မသိတာတော့ မဖြစ်နိုင်၊ ဂါဇာ ဂျန်နိုဆိုက်ကို ကာယကံမြောက် အားပေးထောက်ခံထားတဲ့ အမေရိကန် အစိုးရကို အမှုတော်ထမ်းနေရလို့ စုံလုံးကန်းသွားတာပဲ ဖြစ်လိမ့်မယ်။

ဒီလို ဂျန်နိုဆိုက် အားပေးတွေက ဗမာ စစ်တပ်ရဲ့ လူမျိုးတုန်း သတ်ဖြတ်မှုတွေကို ဂျန်နိုဆိုက် ဖြစ်ကြောင်း အမှန်အတိုင်း ထုတ်ဖော်ပြောသူတွေကို နိုင်ငံရေးအရ နှပ်ကြောင်းပေးခဲ့သူတွေလို့ စွပ်စွဲတာမျိုးလဲ လုပ်ပါတယ်။ ဒီနေရာမှာ ဂျန်နိုဆိုက် အားပေးတွေလို့ သုံးလိုက်တာကိုလဲ သူတို့ ထွန့်ထွန့်လူး နာကြပါလိမ့်မယ်။ ဂျန်နိုဆိုက်ကို ဂျန်နိုဆိုက်လို့ ပြောတာ လက်မခံနိုင်သူတွေကို ဂျန်နိုဆိုက် အားပေးတွေလို့ မခေါ်ရင် ဘယ်လို ခေါ်ရမလဲ ပြန်မေးရလိမ့်မယ်။

နိုင်ငံရေးအရ နှပ်ကြောင်းပေးတယ် ဆိုတဲ့ စကားကတော့ မဘသတွေရဲ့ ပြောစကားနဲ့ တထပ်တည်းပဲ။ သဘောကတော့ သူတို့ စစ်တပ်ကြီးက ဂျန်နိုဆိုက် လုပ်မထားပါဘဲ ဂျန်နိုဆိုက် စစ်တပ်လို့ နိုင်ငံတကာမှာ အရှက်ကွဲအောင် အတိုက်အခံ နိုင်ငံရေးသမားတွေက နှပ်ကြောင်းပေးခဲ့ကြတာ ဆိုတဲ့ အပေါစား ဝါဒဖြန့်နည်းတမျိုးပဲ။ ဒါကလဲ genocide denial နည်းတမျိုးပဲ။

တချိန်တည်းမှာ “ဒါဟာ နိုင်ငံရေး မဟုတ်ဘူး၊ အနီ အစိမ်း ဘယ်ဘက်မှ ထောက်ခံလို့ မဟုတ်ပါဘူး၊ ငါတို့ နိုင်ငံကို ဂျန်နိုဆိုက် နိုင်ငံလို့ မတရားစွပ်စွဲနေတာ မခံနိုင်လွန်းလို့ပါ” ဆိုတဲ့ မဘသ အတွေးအခေါ် ခေါင်းထောင်လာတယ်။ အပေါ်မှာ ပြောခဲ့တဲ့ နီပေါ လော်ဘီတွေရဲ့ အမျိုးသားရေးဝါဒနဲ့ မဘသ အတွေးအခေါ် တထပ်တည်း ဖြစ်နေပါရော့လား။ အနီ Vs အစိမ်း ဖြစ်နေမှ နိုင်ငံရေးလို့ ထင်ရင် တုံးအလွန်းရာ ကျတယ်။

ဂျန်နိုဆိုက် ကျူးလွန်ထားတဲ့ စစ်တပ်ဘက်က ရပ်တည်တာဟာ နိုင်ငံရေး အစစ်ပါပဲ။ အမျိုးသားရေး ဝါဒ အဆိပ်တွေ ပက်ဖြန်းထားတဲ့ လက်ယာ နိုင်ငံရေးလို့ ခေါ်ပါတယ်။ အဲဒီလို ဖောက်ပြန်လှတဲ့ နိုင်ငံရေးမှာ မဘသတွေနဲ့ နီပေါ လော်ဘီတွေ တလေတည်း ထွက်နေကြတာပဲ။ ဒါကို အဖိနှိပ်ခံ ပြည်သူလူထုကြီးက ပြတ်ပြတ်သားသား ဆန့်ကျင်ရမယ်။

အဲဒီလို မဘသ ဝါဒဖြန့်နည်းတွေနဲ့ ဂျန်နိုဆိုက်ကို ငြင်းပြီးသကာလ ပြည်သူတွေကို ဖြဲခြောက်လိုက်သေးတယ်။ “အိုင်စီဂျေက မြန်မာကို အရှုံးပေးလဲ စစ်တပ်က ဂရုစိုက်တာမျိုး မဟုတ်ပါဘူး”တဲ့။ ဒါကလဲ စစ်တပ်ကို အပြစ်တင်သလိုလိုနဲ့ အထင်ကြီးစိတ်ကို ဖော်ပြနေတာပဲ။

နိုင်ငံတကာာမှာ လူမျိုးတုန်း သတ်ဖြတ်တဲ့ စစ်တပ် ဆိုပြီး စွဲချက်တင်ခံရတာနဲ့တင် စစ်ဗိုလ်ချုပ်ကြီးတွေ အရှက် ဗြန်းဗြန်းကွဲနေပြီ။ နဂိုကမှ လူရာမဝင်တဲ့ ဗမာ စစ်ဗိုလ်ချုပ်တွေရဲ့ inferiority complex ဘယ့်လောက်တောင် ကြီးထွားလာလိုက်မလဲ။ လက်နက်မဲ့ ပြည်သူတွေကို မျိုးတုန်း သတ်ဖြတ်ခဲ့သူတွေ သူတို့ အလှည့်ကျ ဘယ့်လောက်တောင် သွေးပျက်နေလိမ့်မလဲ။

ဒါဟာ စစ်ဗိုလ်ချုပ် တဦးချင်းအလိုက် စိတ်ပိုင်းဆိုင်ရာ သက်ရောက်မှုပဲ ဖြစ်စေတာ မဟုတ်ဘူး၊ အုပ်စိုးသူ လူတန်းစား ကိုယ်စားလှယ်တွေကြား အက်ကြောင်းတွေပါ ပိုဖြစ်လာလိမ့်မယ်။ အခု ဗမာ စစ်ဗိုလ်ချုပ်တွေ အလွန်ကြီးမားတဲ့ နိုင်ငံရေး အကျပ်အတည်းကို ရင်ဆိုင်နေရပြီ။

ဒါက စစ်ဗိုလ်ချုပ်တွေပဲ ခေါင်းကိုက်ရမဲ့ ကိစ္စ မဟုတ်ဘူး။ ဂျန်နိုဆိုက် ကျူးလွန်ထားတဲ့ သူတို့စစ်တပ်အတွင်း အကြီးအကျယ် သက်ရောက်မှု ရှိတယ်။ နဂိုကတည်းက စိတ်ဓာတ်ပြိုလဲနေတဲ့ စစ်တပ်ကို လူပြန်ပေးဆွဲတဲ့နည်းနဲ့ အားဖြည့်နေရတဲ့ အခြေအနေ။ ဂျန်နိုဆိုက် စစ်တပ်အဖြစ် ကမ္ဘာ့အလယ် ကြေငြာခံလိုက်ရပြီဆိုရင် စိတ်ဓာတ်ရေးရာ ပျက်ပြားမှု အခုထက် ပိုဆိုးသွားမှာ ကြိမ်းသေတယ်။

ဒါ့ကြောင့် မြန်မာ စစ်တပ်က ရှုံးလဲ ဘာမှ အရေးစိုက်တာ မဟုတ်ဘူး ဆိုတဲ့ အမြင်တွေဟာ မအလ စစ်တပ်ကို လူလွန်မသားတွေနဲ့ ဖွဲ့စည်းထားတဲ့ စစ်တပ်အဖြစ် အထင်ကြီးလွန်းရာကနေ ထွက်ပေါ်လာတာပဲ။

သို့သော် ဒီနေရာမှာ ကျနော်တို့ သဘောထားကို ရှင်းအောင် ပြောထားပါရစေ။ အခုလိုတွေ ထောက်ပြနေတာဟာ အိုင်စီဂျေမှာ ဂျန်နိုဆိုက်အဖြစ် စီရင်ချက်ချနိုင်ရင် ဗိုလ်မင်းအောင်လှိုင်တို့ စစ်အုပ်စုကို ထိထိရောက်ရောက် အရေးယူနိုင်လိမ့်မယ်လို့ မျှော်လင့်ယုံကြည်လွန်းလို့ မဟုတ်ဘူး။

အိုင်စီဂျေပဲဖြစ်ဖြစ်၊ အိုင်စီစီပဲဖြစ်ဖြစ် ဘယ်လစ်ဘရယ် အင်စတီကျူးရှင်းကိုမှ မျှော်လင့်အားကိုးတာမျိုး မရှိပါဘူး။ ကမ္ဘာ့ အဖိနှိပ်ခံ အလုပ်သမားထုကိုယ်တိုင် အာဏာ အရယူနိုင်မှ ရက်စက်ကြမ်းကြုတ်တဲ့ စစ်တပ်တွေ၊ စစ်ဗိုလ်ချုပ်တွေကို ထိထိရောက်ရောက် အရေးယူနိုင်မယ်၊ အဖိနှိပ်ခံ လူထုအတွက် တရားမျှတမှု ဖော်ဆောင်နိုင်မယ်လို့ပဲ အပြည့်အဝ ယုံကြည်ပါတယ်။

သူတို့ ဘယ်လို ဖြဲခြောက်သလဲ

ဆက်ကြည့်လိုက်ရ​အောင် – “ကြားထဲက မြန်မာဆိုတဲ့ နိုင်ငံမှာ အမည်းစက်ကြီး ဖြစ်သွားတာ အဖတ်တင်မယ်၊ … ကြားထဲက ရှုံးတာက မြန်မာ ဆိုတဲ့ နေရာမှာ နေထိုင်ကြသူတွေ အကုန် ရှုံးတာာပါ” တဲ့။

“အခု အိုင်စီဂျေမှာ စစ်တပ်ကိုပဲ တရားစွဲတာ မဟုတ်ဘူး၊ ဗမာ နိုင်ငံမှာ ရှိသမျှ တိုင်းသူပြည်သား အားလုံးကို ဂျန်နိုဆိုက်နဲ့ တရားစွဲထားတာ” ဆိုတဲ့ လံကြုတ်ဇာတ်လမ်းကို လှည့်ဖျားချက်အဖြစ် ရှင်းရှင်းလင်းလင်း နားလည်ထားမယ်ဆိုရင် အခုလို ဖြဲခြောက်နေတာကို ထွင်လုံး ခြောက်လုံးတွေအဖြစ် ထင်းကနဲ မြင်ရလိမ့်မယ်။ မှားယွင်းတဲ့ premise တခုအပေါ် အခြေခံပြီး ထွက်လာတဲ့ ကောက်ချက် အမှားတွေပဲလို့ တန်းပြောနိုင်လိမ့်မယ်။

နိုင်ငံတော်က ကျူးလွန်တဲ့ ရာဇဝတ်မှုတွေအတွက် အဖိနှိပ်ခံ ပြည်သူတွေက ဘာ့ကြောင့် အရှက်ရ ရမှာလဲ။ အဖိနှိပ်ခံ ပြည်သူတွေက လူမျိုးတုန်း သတ်ဖြတ်နေတဲ့ အဲဒီ နိုင်ငံတော်ကို ပြတ်ပြတ်သားသား ဆန့်ကျင်နေကြတယ်။ ဒါကို တကမ္ဘာလုံး အသိပဲ။

ဒီတော့ လူမျိုးတုန်း သတ်ဖြတ်တဲ့ နိုင်ငံတော် ရှုံးသွားတာဟာ အဲဒီ နိုင်ငံတော်ရဲ့ ဖိစီး နှိပ်စက်မှုဒဏ် ခံနေရတဲ့ ပြည်သူတွေအတွက် ဘယ်လိုကြောင့် အရှက်ရစရာ အမည်းစက်ကြီး ဖြစ်သွားရတာလဲ။ ဘယ်လို ဦးနှောက်နဲ့များ စဉ်းစားပြီး ပြောလိုက်ပါလိမ့်။ စဉ်းစားတတ်တဲ့ ဦးနှောက်ကို မရှိတော့တာလား။

နိုင်ငံတော်နဲ့ စစ်တပ်ကို ခွဲမြင်တဲ့ အတွေးအခေါ် အမှား

ဒီနေရာမှာလဲ လစ်ဘရယ်တွေ နားဝေတိမ်တောင် ဖြစ်နေတဲ့ နိုင်ငံတော် ဆိုတဲ့ အသုံးအနှုန်းကို ထည့်ရှင်းဖို့ လိုလာတယ်။ စစ်တပ်ကိုတော့ ဆန့်ကျင်တယ်၊ နိုင်ငံတော်ကိုတော့ ထောက်ခံရမတဲ့။ အဲသလို အမြီးအမြောက် မတည့်တဲ့ အယူအဆတွေကို လစ်ဘရယ်တွေ တွင်တွင်ဖြန့်ပါတယ်။

အဲဒီတော့ ဘာဖြစ်သွားသလဲ။ “အိုင်စီဂျေမှာ ငါတို့ နိုင်ငံတော်ကြီး တရားစွဲခံနေရပြီ၊ ငါတို့ နိုင်ငံတော်ကြီး ရှုံးလို့ မဖြစ်ဘူး၊ ရှုံးရင် ကမ္ဘာမှာ ငါတို့ မျက်နှာငယ်ရပြီ၊ အမိ နိုင်ငံတော်ကြီးကို ကာကွယ်ကြ” ဆိုတဲ့ အမျိုးသားရေးဝါဒကို အတောင့်လိုက်ကြီး မြိုချလိုက်ကြတယ်။ မြိုချရုံတင်မကဘဲ အမျိုးသားရေးဝါဒ အဆိပ်တွေ တွင်တွင်ဖြန့်လာကြတယ်။

အဲဒီလို အမျိုးသားရေးဝါဒ အဆိပ်တွေ တွင်တွင်ဖြန့်နေသူတွေက ပညာတတ်လို့ သူတို့ဘာသာထင်နေတဲ့ လစ်ဘရယ် နိုင်ငံရေးသမားတွေ များပါတယ်။ ငါတို့ တိုင်းပြည်မှာ အစိုးရနဲ့ နိုင်ငံတော်ကို မသဲကွဲကြဘူးလို့ ပြောတာလဲ သူတို့ပဲ။

အစိုးရက အာဏာသိမ်း စစ်အစိုးရ ဖြစ်နေလို့ ဆန့်ကျင်တယ်၊ သို့သော် နိုင်ငံတော်က အစိုးရနဲ့ မတူဘူး၊ ဒါ့ကြောင့် ငါတို့ နိုင်ငံတော်ကို ကာကွယ်ရမယ်လို့ ဆိုလေ့ရှိတယ်။ တိုင်းချစ်ပြည်ချစ်ဝါဒ (patriotism) ကို အခြေခံတဲ့ state defending ကို နိုင်ငံသားတိုင်းရဲ့ တာဝန်အဖြစ် သတ်မှတ်ရမတဲ့။

State ဆိုတဲ့ နိုင်ငံတော်နဲ့ government ဆိုတဲ့ အစိုးရကို ခွဲပြောတာ ပြောလို့ ရပါတယ်။ ဒါကို မငြင်းဘူး။ သူတို့နဲ့ ကျနော်တို့ ခွဲပြောပုံချင်း တူမှာတော့ မဟုတ်ဘူး။ အဲသလို မတူဘူးဆိုတဲ့ လစ်ဘရယ်တွေကို မေးစရာ ရှိတာက မင်းတို့ ကာကွယ်ရမယ်လို့ ပြောနေတဲ့ state (နိုင်ငံတော်) ဆိုတာ ဘာလဲ။

သူတို့ဆီကနေ ရှင်းလင်းတဲ့ အဖြေ ထွက်လာလိမ့်မယ်လို့ ဘယ်တော့မှ မမျှော်လင့်ပါနဲ့။ သို့သော်လဲ သူတို့က ခွဲပြီး နားလည်ရမယ် ဆိုလို့ သဲကွဲတဲ့ အဖြေကို တောင်းရခြင်း ဖြစ်ပါတယ်။

မာ့(က်စ်)ဝါဒီတွေရဲ့ အမြင်ကတော့ ရှင်းပါတယ်။ state (တိတိကျကျ ဆိုရရင် modern capitalist state) ဆိုတာ နောက်ဆုံး သတ္တုချလိုက်ရင် armed bodies of men ပဲ။ ဒီတော့ ခေတ်သစ် နိုင်ငံတော်လို့ ဆိုလိုက်ရင် စစ်တပ်၊ ရဲတပ်၊ အကျဉ်းထောင်၊ တရားရုံး၊ ဗျူရိုကရေစီ တို့ဟာ အခြေခံ အကျဆုံး နိုင်ငံတော် ယန္တရားပဲ။

လေးနှစ်တကြိမ်၊ ငါးနှစ်တကြိမ် ရွေးကောက်ပွဲကနေ တက်လာတဲ့ အစိုးရတွေက အဲဒီ state machine (နိုင်ငံတော် ယန္တရား) ပေါ် တက်ထိုင်ရတာပဲ။ အစိုးရတွေသာ လေးငါးနှစ်တကြိမ် တက်လာလိုက်၊ ဆင်းသွားလိုက် အပြောင်းအလဲ ဖြစ်ချင် ဖြစ်မယ်၊ နိုင်ငံတော်က မပြောင်းဘူး ဆိုတာ အဲဒါပဲ။

ဒါ့ကြောင့် တော်လှန်ရေးတခု အောင်မြင်ဖို့ဆိုရင် အစိုးရနေရာ တက်ထိုင်ထားသူတွေ ဖယ်ရှားပစ်ရုံနဲ့ မလုံလောက်ဘူး (ရှင်းအောင် ပြောပါတယ်၊ မလုံလောက်ဘူးလို့ပဲ ပြောတာ၊ ဖယ်ရှားမပစ်ရဘူးလို့ မပြောဘူး)၊ နိုင်ငံတော်ဟောင်း တခုလုံးကို ဖြိုချနိုင်မှ ရမယ်လို့ ကျနော်တို့ အမြဲ ပြောခဲ့တယ်။

လစ်ဘရယ်တွေက အခု ဘယ်လို ပြောနေကြသလဲ။ state ကို ကာကွယ်ရမယ်၊ state ပေါ် တက်ထိုင်နေတဲ့ အစိုးရ ပြောင်းသွားရင် ရပြီလို့ ပြောနေကြတယ်။

အခုလို အိုင်စီဂျေမှာ မြန်မာ နိုင်ငံတော်ကို တရားစွဲထားတယ် ဆိုတော့ ဗြောင်းဆန်သွားတယ်။ စစ်တပ်ဆိုတာ နိုင်ငံတော်ပဲ (တိတိကျကျ ပြောရရင် စစ်တပ်ဆိုတာ နိုင်ငံတော်ရဲ့ အကြီးမားဆုံး ဒေါက်တိုင်တခုပဲ) ဆိုတာ သူတို့ နားမလည်ကြဘူး။ ဒါ့ကြောင့် စစ်တပ်ကို ဆန့်ကျင်ပါတယ်လို့ တစာစာ အော်ရင်း နိုင်ငံတော်ကို ကာကွယ်ကြဟေ့ ဆိုပြီး ကြွေးကြော်လာတာပဲ။

ဒါကို နားမယောင်ဖို့ အရေးကြီးတယ်။

Members of the Myanmar military march in formation during a parade to mark the country’s 74th Armed Forces Day in Naypyidaw on March 27. Thet Aung/AFP/Getty Images

အိုင်စီဂျေမှာ စစ်အာဏာရှင်တွေ ဂျန်နိုဆိုက် အမှု ရင်ဆိုင်နေရတာဟာ အုပ်စိုးသူ လူတန်းစား ကြုံတွေ့နေရတဲ့ နိုင်ငံရေး အကျပ်အတည်း သည်းထန်လာတာကို ပြလိုက်တာပဲ။ အဲဒါကို နားလည်ထားရင် မဘသ မျိုးညစ်တွေနဲ့ လစ်ဘရယ် ကြောင်သူတော်တွေရဲ့ အမျိုးသားရေးဝါဒ အဆိပ်ကို ရှောင်ရှားနိုင်လိမ့်မယ်။

ဂျန်နိုဆိုက် ငြင်းဆန်သူတွေရဲ့ အမျိုးသားရေးဝါဒကို အင်တာနေရှင်နယ်ဝါဒနဲ့ ဆန့်ကျင် တိုက်ပွဲဝင်ရလိမ့်မယ်။ ဂျန်နိုဆိုက် ကျူးလွန်ခံထားရတဲ့ ရိုဟင်ဂျာ လူထုဘက်က ပြတ်ပြတ်သားသား ရပ်တည်ရလိမ့်မယ်။

ဒီနေရာမှာ လူမျိုးနွယ်တခုရဲ့ အမည်နာမကို နိုင်ငံတော် အစိုးရတွေက ဟိုလို လက်မခံဘူး၊ ဒီလို လက်မခံဘူး လုပ်လာတာကိုလဲ ပြတ်ပြတ်သားသား ဆန့်ကျင်ရမယ်။

အလုပ်သမားထုမှာ နိုင်ငံတော် မရှိဘူး

အလုပ်သမား လူတန်းစားမှာ နိုင်ငံတော် မရှိဘူးလို့ မာ့(က်စ်)နဲ့ အန်းဂယ်(စ်)တို့က ၁၈၄၇ ကွန်မြူနစ် ကြေညာစာတန်းမှာကတည်းက ရဲရဲဝံ့ဝံ့ တင်ပြခဲ့ကြတယ်။

ဒါဟာ ကြွေးကြော်သံသက်သက် မဟုတ်ဘူး။ အဖြစ်မှန်ကို ဘွင်းဘွင်းရှင်းရှင်း ပြောသွားခဲ့ခြင်း ဖြစ်တယ်။ သမိုင်းဖြစ်စဉ်ကို သိပ္ပံနည်းကျ ခွဲခြမ်းသုံးသပ်ပြီး ထွက်ပေါ်လာတဲ့ ကောက်ချက်တခုပဲ။

ဘာ့ကြောင့် ဒီလို ပြောရသလဲ။ ရန်ကုန် စက်မှုဇုံတခုက အလုပ်သမားတယောက်၊ ဒါမှမဟုတ်ရင်လဲ ရန်ကုန်မှာ ဂျပန်က လာဖွင့်ထားတဲ့ အိုင်တီ ကုမ္ပဏီက နည်းပညာ အလုပ်သမားတယောက်ရဲ့ ဘဝကို မြင်ယောင်ကြည့်လိုက်ပါ။

စက်မှုဇုံက အလုပ်သမားအနေနဲ့ စက်ရုံပိုင်ရှင် သူဌေးက တရုတ် ဖြစ်နေလို့ ကိုးရီးယား ဖြစ်နေလို့ သွေးစုပ်ခံနေရတာ မဟုတ်ဘူး၊ ဗမာ ဖြစ်နေလဲ သွေးစုပ်ခံရမှာပဲ၊​ ရခိုင် ဖြစ်နေလဲ သွေးစုပ်ခံရမှာပဲ။ အကြောင်းကတော့ ဗမာဖြစ်ဖြစ် တရုတ်ဖြစ်ဖြစ် ကိုးရီးယားဖြစ်ဖြစ် အရင်းရှင် လူတန်းစားက အလုပ်သမား လူတန်းစားကို သွေးစုပ်မှာပဲ။

အဲသလိုပဲ ရန်ကုန်က ဂျပန် ကုမ္ပဏီတခုမှာ လုပ်နေရတဲ့ အလုပ်သမားတယောက်ဟာ သွေးစုပ်ခံနေရလို့ ငါ့သူဌေးသာ ဗမာလူမျိုးဖြစ်ရင်လို့ သူတွေးမှာ မဟုတ်ဘူး။ သူ့ကုမ္ပဏီပိုင်ရှင်က ဗမာ လူမျိုးဖြစ်နေလို့ သူ့အတွက် လခ နှစ်ပြား တိုးမလာဘူး။ လျော့ချင်သာ လျော့သွားနိုင်တယ်။

“ငါတို့ ဗမာ ကုမ္ပဏီတွေက နိုင်ငံခြား ကုမ္ပဏီတွေနဲ့ အပြိုင် လုပ်နေရတာ၊ သူတို့နဲ့ ရင်ဘောင်တန်းလိုက်နိုင်အောင် ရုန်းနေရတဲ့ ကာလဖြစ်နေလို့ ဝန်ထမ်းတွေဘက်က လခတွေ တိုးမတောင်းကြနဲ့ဦး” ဆိုပြီး အမျိုးသားရေး ဂျင်းတောင် ကျွေးလိမ့်ဦးမယ်။

အမျိုးသားရေးဝါဒီတွေ ငိုသွားအောင် ဖြစ်နေတဲ့ အခြေအနေမှန်ကို ထည့်ရေးပြရဦးမယ်။ လောလောဆယ် ရန်ကုန်က ဂျပန် အိုင်တီ ကုမ္ပဏီတွေမှာ လုပ်နေကြတဲ့ ဗမာ အလုပ်သမားတွေဟာ သူတို့ ကုမ္ပဏီပိုင်ရှင်က ဂျပန် ဖြစ်နေတာကိုပဲ ဝမ်းသာနေကြပါလိမ့်မယ်။ ဒါမှ သူတို့အနေနဲ့ ဂျပန် အခြေစိုက် ကုမ္ပဏီဆီ အလုပ်သွားလုပ်နိုင်မဲ့ အခွင့်အလမ်း ရှိမှာကိုး။

ဗမာပြည်တွင်းမှာ လခလေး နှစ်ပဲခြောက်ပြားနဲ့ ငတ်ငတ်ပြတ်ပြတ်နဲ့ ဘယ်သူ လုပ်ချင်မလဲ။ သွေးစုပ်ခံရတာချင်း တူရင်တောင် ဂျပန်မှာ အလုပ်လုပ်ရင်း သွေးစုပ်ခံရတာကမှ အသက်ရှူချောင်သေးတာပဲလို့ သူတို့ တွက်လိမ့်မယ်။ ဒါလဲ မှန်သင့်သလောက် မှန်တာပဲ။ ဂျပန်မှာ သွေးစုပ်ခံရဦးတော့ ဗမာပြည်မှာ သွေးစုပ်ခံရတာထက်တော့ relatively သက်သာသေးတယ်။

အဲသလိုနဲ့ ဂျပန်ရောက်သွားလို့ ဂျပန်မှာ တကယ် အလုပ်လုပ်ရပြီဆိုရင် ဗမာပြည်မှာထက် လခ ပိုကောင်းတာ မှန်ပေမဲ့ အရင်းရှင် လူတန်းစားက ငါတို့ အလုပ်သမားတွေကို သွေးစုပ်ခြယ်လှယ်နေတာကတော့ နေရာတိုင်းပါလား ဆိုတဲ့ consciousness ဝင်လာမှာပဲ။

ဒါ့ကြောင့် ဂျပန်မှာ လုပ်ခလစာ တိုးပေးရေး၊ အလုပ်ခွင် အခြေအနေ တိုးတက်ကောင်းမွန်ရေး သပိတ် တိုက်ပွဲဝင်ရတဲ့အခါ ဂျပန် အလုပ်သမားကသက်သက်၊ ဗမာ အလုပ်သမားကသက်သက် ခွဲတောင်းလို့ မရဘူး၊ နိုင်ငံပေါင်းစုံ လူမျိုးပေါင်းစုံက အလုပ်သမားတွေ တညီတညွတ်တည်း တသံတည်း ပေါင်းစည်း တိုက်ပွဲဝင်မှရမယ် ဆိုတာ ရှင်းရှင်းလင်းလင်း နားလည်လာလိမ့်မယ်။

ဒါ့ကြောင့် ခေတ်သစ် အလုပ်သမား လူတန်းစားမှာ နိုင်ငံတော်ဆိုတာ မရှိဘူး။ အလုပ်သမားထုကြား လူမျိုးတွေ၊ အသားအရောင်တွေ၊ ဂျန်ဒါတွေ၊ နိုင်ငံတွေ ခွဲခြားနေမယ်ဆိုရင် အရင်းရှင် လူတန်းစား အကြိုက်သာ ဖြစ်သွားမယ်။

ဒါ့ကြောင့် လူမျိုးရေးတွေ၊ အမျိုးသား နိုင်ငံတော် ဆိုတာတွေက အုပ်စိုးသူ အရင်းရှင် လူတန်းစားရဲ့ အကျိုးစီးပွားကိုသာ အလုပ်အကျွေးပြုတယ်။ သွေးစုပ်ခံ နင်းပြားတွေအတွက် ဘာအဓိပ္ပါယ်မှ မရှိဘူး။

ဒါ့ကြောင့် အရင်းရှင် ကမ္ဘာက အမျိုးသား နိုင်ငံတော်ဆိုတာ ဒီကနေ့ အုပ်စိုးသူ ဖြစ်နေတဲ့ အရင်းရှင် လူတန်းစားရဲ့ နိုင်ငံတော်ပဲ၊ အလုပ်သမား လူတန်းစားရဲ့ နိုင်ငံတော် မဟုတ်ဘူး။

ဗမာ နိုင်ငံတော် ဆိုတာ ဗမာ အုပ်စိုးသူ စစ်အာဏာရှင် အရင်းရှင် လူတန်းစားရဲ့ နိုင်ငံတော်သာ ဖြစ်တယ်။ သွေးစုပ်ခံ အလုပ်သမား လူထုကြီးရဲ့ နိုင်ငံတော် မဟုတ်ဘူး။

ဒီအချက်ကို မရှင်းလင်းအောင် အမျိုးသားရေးဝါဒီတွေက နည်းအမျိုးမျိုးနဲ့ ဝါဒဖြန့်နေကြတယ်။ ဒီအချက်ကို ဝေဝါးအောင် နိုင်ငံတော်ကို တရားစွဲတာဟာ တိုင်းသူပြည်သား အားလုံးကို တရားစွဲတာလိုလို ပုံဖော် ပြောဆိုနေကြတာပဲ။

သူတို့ကို ပြောစရာ တခွန်းပဲ ရှိတယ်။ မင်းတို့ အမျိုးသား နိုင်ငံတော်ကြီး တရားစွဲခံရတာ မင်းတို့ ကိစ္စ၊ ငါတို့ သောက်ကြောင်း မဟုတ်ဘူး။ မင်းတို့ ကာကွယ်နေတဲ့ အမျိုးသား နိုင်ငံတော်ကြီးကို ဖြိုချရေးဟာ ငါတို့ အလုပ်သမား လူထုကြီးရဲ့ တော်လှန်ရေး တာဝန် ဖြစ်တယ်။

တိုင်းရင်းသားဖြစ်မှု အယူအဆကို ဆန့်ကျင်ကြ

ကျနော့် ဆောင်းပါးကို ဒီမှာတင် နိဂုံးချုပ်ဖို့ပါပဲ။ ဒီဆောင်းပါး ရေးနေရင်း မဘသ စာရေးဆရာ တယောက်ရဲ့ ပို့စ်တခု ဖတ်လိုက်ရတယ်။ သူ့စာရဲ့ အဓိက ဆိုလိုရင်းကတော့ မူဆလင်ဘာသာဝင်တွေရဲ့ အခွင့်အရေးကို လေးစားသော်ငြား တိုင်းရင်းသားအဖြစ် တောင်းဆိုတာကို လက်မခံနိုင်ဘူးတဲ့။

သူက ရိုဟင်ဂျာလို့ မခေါ်နိုင်ဘူး၊ မူဆလင်ဘာသာဝင် အဖြစ်သာ အသိအမှတ်ပြုသတဲ့။ လူမျိုးတခုရဲ့ အမည်နာမကိုတောင် အသိအမှတ် မပြုနိုင်သူ တယောက်က အဲဒီ လူမျိုးရဲ့ အခွင့်အရေးကို လေးစားပါတယ်လို့ ပြောတာဟာ အဓိပ္ပါယ်လဲ မရှိဘူး၊​ ရှေ့နောက်ညီညွတ်မှုလဲ မရှိဘူး။ ဒီတော့ သူ့ရဲ့ ရိုဟင်ဂျာ မုန်းတီးစိတ်ကို ဖုံးဖိဖို့ သဖန်းရွက်ကလေးနဲ့ ကာလိုက်တဲ့ သဘောပဲ။ ပြဿနာက သဖန်းရွက်ကို နားရွက်မှာ တက်ချိတ်သလို ဖြစ်နေတော့ အရှက်လဲ လုံမသွားဘူး။

ရိုဟင်ဂျာတွေကို ဘယ်ကိုမှ သွားလာခွင့် မပေးဘဲ မြို့ပြင်ထုတ်၊ ပင်လယ်ကမ်းခြေက ဝက်ခြံလို ဗွက်တောထဲ မောင်းပို့ခဲ့တုန်းက သူတို့ အခွင့်အရေး လေးစားပါတယ် ဆိုတဲ့ အနှီ မဘသ စာရေးဆရာ အသံထွက်ခဲ့ဖူးလား။

အနိမ့်ဆုံးအဆင့် အဲ့သလောက်မှ ရပ်တည် ပြောဆိုခဲ့တာ မရှိဘဲ ကျနော်လဲ သူတို့ အခွင့်အရေး လေးစားသူပါ ဆိုတာမျိုး ပြောပိုင်ခွင့် မရှိဘူး။ ထားတော့။

ဒီနေရာမှာ အဓိက ဝေဖန်ချင်တဲ့ အကြောင်းအရာက မဘသ စာရေးဆရာ အပါအဝင် လူတော်တော်များများ ပြောနေကြတဲ့ တိုင်းရင်းသား ဖြစ်ခြင်း မဖြစ်ခြင်း ကိစ္စ။ ဗမာ နိုင်ငံမှာ ဘယ်လူမျိုးတွေကတော့ တိုင်းရင်းသား အစစ်၊ ဘယ်လူမျိုးကတော့ နောက်မှ ရောက်လာတာ၊ ဘယ်ခေတ်မှာ မရှိသေးဘူး၊ တိုင်းရင်းသား မဟုတ်ဘူး၊ အစရှိတဲ့ ဇာတ်လမ်းတွေ အတော် ပြောတတ်ကြတယ်။

အဲသလို ပြောနေသူတွေဟာ လူသား သမိုင်း ဖြစ်စဉ်ကို နားမလည်လို့ ပြောနေကြတာပဲ။ လူသား သမိုင်း ဖြစ်စဉ်က ဝေးပါသေးတယ်။ လွတ်လပ်ရေးရပြီး ဗမာပြည် နိုင်ငံရေး သမိုင်းကိုတောင် အုပ်စိုးသူတွေ ဝါဒဖြန့်ထားသလောက်ပဲ သိပုံရတယ်။

အဲသလို မဟုတ်ဘဲ မျက်စိဖွင့် နားဖွင့်ပြီး လေ့လာကြည့်မယ်ဆိုရင် တိုင်းရင်းသား ဘယ်နှမျိုး ရှိသည် ဘာညာ ဆိုတာတွေက ဗိုလ်နေဝင်းခေတ်မှာ လုပ်ခဲ့တဲ့ သမိုင်း အလိမ်အညာတွေသာ ဖြစ်တယ်။

တိုင်းရင်းသား ဆိုတဲ့ concept ကို ထွင်ပြီး တိုင်းရင်းသား ဖြစ်မှ နိုင်ငံသား ဖြစ်ခွင့်ရမယ် ဆိုတဲ့ ၁၉၈၂ နိုင်ငံသား ဥပဒေ ဆိုတာ ဗိုလ်နေဝင်း ခေတ်မှာ ပြဋ္ဌာန်းခဲ့တာပဲ။ အဲဒီ အယူအဆကို ကိုင်စွဲပြီး “ငါတို့က တိုင်းရင်းသား စစ်တယ်၊ မင်းတို့က တိုင်းရင်းသား မစစ်ဘူး” လုပ်နေကြတာဟာ စစ်အာဏာရှင်တွေကို မုန်းတယ် ပြောပြီး စစ်အာဏာရှင်တွေ အလိုကျ ခွဲခြားမှုတွေ လုပ်နေခြင်း မဟုတ်လား။

လူမျိုးရေး တိမ်သလ္လာဖုံးပြီး အိမ်ကြက်ချင်း အိုးမဲသုတ် ခွပ်ခိုင်းတဲ့ စစ်အာဏာရှင်တွေရဲ့ ထောင်ချောက်ကို မမြင်နိုင် ဖြစ်ကုန်တာပဲ။

တကယ်တော့ ဟောဒီ ကမ္ဘာမြေပေါ်မှာ ဘယ်လူမျိုးကမှ တိုင်းရင်းသား အစစ် ဆိုတာမျိုး မရှိဘူး။

လူသား သမိုင်း ဖြစ်စဉ်ကို ကြည့်လိုက်ပါ။ ဟိုမို ဆေးပီးယန်း ဆိုတဲ့ လူသား မျိုးနွယ်ဟာ ဘယ်မှာ စတင်ခဲ့သလဲ။ တရုတ်မှာလဲ မဟုတ်ဘူး၊ ဗမာမှာလဲ မဟုတ်ဘူး။ အာဖရိကတိုက်မှာ စတင်ခဲ့တာ။ အဲဒီကနေ လူသား မျိုးနွယ်တွေ ရေကြည်ရာ မြက်နုရာ ရွှေ့ပြောင်း နေထိုင်ကြရင်း ကမ္ဘာအရပ်ရပ် ပြန့်သွားကြတာပဲ။

ဒါ့ကြောင့်လဲ ဒီကနေ့ ကမ္ဘာပေါ်မှာ လူမျိုးပေါင်း များစွာ ရှိပေမဲ့ အဲဒီ လူမျိုးတွေကို ခွဲခြားဖို့ရာ biological basis မရှိဘူး။ ဆိုလိုတဲ့ သဘောက လူမျိုး နှစ်ခုကို ဗီဇတွေ နှိုင်းယှဉ်လေ့လာကြည့်လိုက်မယ်ဆိုရင် လူမျိုး A လို့ ပြောနိုင်တဲ့ ဗီဇ၊ လူမျိုး B လို့ ပြောနိုင်တဲ့ ဗီဇ ရယ်လို့ ခွဲခြားပြစရာ မရှိဘူး။

လူမျိုး A နဲ့ လူမျိုး B ကို ဗီဇအရ နှိုင်းယှဉ် လေ့လာကြည့်မယ်ဆိုရင် သူတို့ နှစ်ခုကြား genetic differences ဟာ လူမျိုး A အတွင်းက လူတွေ အချင်းချင်းကြား တွေ့ရတဲ့ genetic differences လောက် မများဘူး၊ အဲသလိုပဲ လူမျိုး B အတွင်းက လူတွေ အချင်းချင်းကြား တွေ့ရတဲ့ genetic differences လောက် မများဘူး။

ဒါ့ကြောင့် လူမျိုးတွေ ခွဲပြောနေကြပေမဲ့ တကယ့် လက်တွေ့မှာ ခွဲခြားလို့ရတဲ့ genetic အခြေခံ မရှိဘူးလို့ ပြောတာပဲ။

လူမျိုး အချင်းချင်း မပြောနဲ့ လူနဲ့ ချင်ပန်ဇီးကို နှိုင်းယှဉ် လေ့လာမယ် ဆိုရင်တောင် ဗီဇ ကွာခြားမှုဟာ ၂% မရှိဘူး။ ဘာမှ မပြောမလောက်ဘူး။

ဒါ့ကြောင့် လူမျိုးပေါ် အခြေခံတဲ့ အုပ်စု ခွဲခြားမှုကို ကျနော်တို့ မာ့(က်စ်)ဝါဒီတွေက လက်မခံဘူး၊ လူတန်းစားကို အခြေခံတဲ့ သွေးစည်းညီညွတ်မှုကိုသာ တောင်းဆိုတယ်။ ကျနော်တို့ ရိုဟင်ဂျာတွေဘက်က ရပ်တည်တာဟာ ရိုဟင်ဂျာ လူမျိုး ဖြစ်နေလို့ မဟုတ်ဘူး၊​ အဖိနှိပ်ခံ လူတန်းစား ဖြစ်နေလို့ပဲ။

အဲဒီအတွက် အဖိနှိပ်ခံ လူတန်းစားဝင် လူမျိုးတခုကို ဟိုနာမည် ခေါ်ခွင့်မရှိဘူး၊ ဒီလို နာမည် လက်မခံဘူး လုပ်နေကြတာဟာ ဖိနှိပ်သူ လူတန်းစား အလိုကျ လုပ်နေတာပဲ၊ ဒါ့ကြောင့် အဲသလို အယူအဆတွေကို ပြတ်ပြတ်သားသား ဆန့်ကျင်တယ်။

တိုင်းရင်းသား ကိစ္စ ပြန်ကောက်လိုက်ရအောင်။

ဒီကနေ့ ဗမာပြည်မှာ ကိုယ့်ဘာသာ တိုင်းရင်းသားပါလို့ ကြွေးကြော်နေကြတဲ့ လူမျိုး အားလုံးရဲ့ ဇစ်မြစ်ကို လှန်လိုက်ရင် ဘယ်သူမှ တိုင်းရင်းသား အစစ် မဟုတ်ဘူး ဆိုတာ ပြောနိုင်တယ်။

အရင်ဆုံး တိုင်းရင်းသား ဆိုတာ ဘာလဲ အရင် မေးရလိမ့်မယ်။ အခုထိ ရှင်းလင်းတဲ့ ဖွင့်ဆိုချက်မျိုး မတွေ့ဖူးသေးလို့ အခုလို မေးရတာပဲ။ ဖြစ်နိုင်ချေရှိတဲ့ အဖြေကတော့ ကိုလိုနီခေတ် မတိုင်ခင် ပဒေသရာဇ် ခေတ်ကတည်းက နေထိုင်လာတဲ့ အထောက်အထားတွေ သူတို့ ဆွဲထုတ်ပြလိမ့်မယ်။ ပဒေသရာဇ် ခေတ် ဆိုတာကရော နှစ်သက်တမ်း ဘယ့်လောက် ကြာသေးလို့လဲ။ အလွန်ဆုံး ရှိလှ နှစ်တထောင်ပေါ့။

မြန်မာတွေ ရွှေ့ပြောင်း ဝင်ရောက်လာတဲ့ သက်တမ်းကိုက ဘာကြာသေးလို့လဲ။ အဲ့တော့ ဒီမတိုင်ခင်က ဘယ်မှာ နေခဲ့ကြတာလဲ။ ကိုယ့်ကိုယ်ကိုယ် တိုင်းရင်းသား အစစ် ဖြစ်ကြောင်း တရားထူထောင်ဖို့ရာ နှစ်တွေ ခေတ်တွေ ပိုင်းခြားပြလေ့ရှိတယ်။

သူတို့ ပြောသလို တိုင်းရင်းသားစစ်စစ် ဖြစ်ဖို့ဆိုရင် အဲသလို ခေတ်ပိုင်း ပြောလို့ မရတော့ဘူး။ လူသား မျိုးနွယ်ရယ်လို့ စပေါ်ထွန်းကတည်းက ဒီနေရာ ဒီဒေသမှာပဲ စတင် ပေါက်ဖွားခဲ့သူ ဖြစ်မှ ရမယ်။ အဲသလို မဟုတ်ဘူးဆိုရင် ဘယ်သူမှ တိုင်းရင်းသား အစစ်လို့ ပြောပိုင်ခွင့် မရှိဘူး။

လူသား သမိုင်း ဖြစ်ပေါ်မှုဟာ အဲသလို မဟုတ်ဘူး။ အဲသလိုသာ ဖြစ်ခဲ့မယ် ဆိုရင်လဲ လူသား မျိုးနွယ်ဆိုတာ ဒီကနေ့ ရှိတော့မှာ မဟုတ်ဘူး။ မျိုးတုန်း ပျောက်ကွယ်သွားတာ ကြာလောက်ပြီ။ ဒါ့ကြောင့် တိုင်းရင်းသား ဆိုတဲ့ concept ကိုပါ လုံးဝ အဓိပ္ပါယ် မရှိတဲ့ အယူအဆလို့ ပြောရခြင်း ဖြစ်တယ်။

သွေးစုပ်ခံ လူထုကြီးကို အမြင် ရှုပ်ထွေးအောင် အုပ်စိုးသူ လူတန်းစား ထွင်ထားတဲ့ concept တခုသာ ဖြစ်တယ်။ ဒါကို ချေဖျက်ပစ်ရမယ်။

လူလူချင်း တန်းတူရည်တူ ပေါင်းသင်းနေထိုင်ဖို့ ဘယ်သူမှ တိုင်းရင်းသား ဖြစ်စရာ မလိုဘူး။ ဟောဒီ ကမ္ဘာမြေကိုလဲ ဘယ်လူမျိုး တမျိုးကမှ ငါပိုင် လုပ်လို့ မရဘူး။ အဲသလိုသာ လုပ်ခဲ့ရင်လဲ လူသား သမိုင်း ပျက်သုဉ်းသွားတာ ကြာခဲ့ပြီ။

ရှင်းအောင် ထပ်ပြောပါမယ်၊ ဒီကနေ့ တိုင်းရင်းသား လို့ ပြောနေတဲ့ လူမျိုးအားလုံး တချိန်က အခြား အရပ်တခုကနေ ရွှေ့ပြောင်း အခြေချ လာသူချည်းပဲ။

အခုလဲ ဗမာပြည်က အဲဒီ လူမျိုးတွေ ကမ္ဘာအရပ်ရပ်ကို ရွှေ့ပြောင်း အခြေချ နေရတုန်းပဲ။ ဒီဖြစ်စဉ်ဟာ အရင်းရှင်စနစ်က world system ဖြစ်လာတာနဲ့အမျှ အရှိန်အဟုန် ပိုပြင်းလာတာပဲ ရှိလိမ့်မယ်။ ဘယ်တော့မှ ရပ်သွားမှာ မဟုတ်ဘူး။

ချုပ်ရရင် –

အလုပ်သမားထုမှာ နိုင်ငံတော်မရှိဘူး၊ နိုင်ငံတော်ကို ဖြိုချပစ်ရမဲ့ တော်လှန်ရေး တာဝန်သာ ရှိတယ်။ တိုင်းရင်းသား ဆိုတာ မရှိဘူး။

လူမျိုးရေး ဝါဒမှိုင်း၊ အမျိုးသားရေးဝါဒမှိုင်းတွေကို ဖယ်ရှားပစ်ကြ၊

အဖိနှိပ်ခံ ရိုဟင်ဂျာတွေနဲ့အတူ ပြတ်ပြတ်သားသား ရပ်တည်ကြ၊

ဂျန်နိုဆိုက် စစ်တပ် ဂျန်နိုဆိုက် နိုင်ငံတော် ရှုံးနိမ့်ရမယ်။

  • Down with the genocidal military!
  • Abolish the capitalist state!
  • Stand with the Rohingya masses!
  • Fight against national chauvinism!
  • Workers of the world, Unite!

ကိုတင်ဦး ရေးသည် (၂၁၊ ၁၊ ၂၀၂၆)