အင်ဒိုနီးရှားနဲ့ နီပေါလ် တော်လှန်ရေးကို စံနမူနာယူထားတဲ့ အရှေ့တီမော လူငယ်များ

စက်တင်ဘာ ၁၅ ကနေ စလိုက်တဲ့ လူထုဆန္ဒပြပွဲတွေဟာ သုံးရက်ဆက်တိုက်ကြာအောင် တီမောလက်စတေကို ကိုင်လှုပ်ပစ်လိုက်တယ်။ စတုန်းကတော့ အစိုးရက လွှတ်တော်အမတ်တွေဖို့ ဇိမ်ခံကားတွေ ဝယ်ပေးမယ့် အစီအစဉ်ကို ဆန့်ကျင်ဆန္ဒပြရာကနေ စခဲ့တာပဲ။ ဒါပေမဲ့ နိုင်ငံရေးစနစ်ကြီး တခုလုံးအပေါ် မကျေနပ်ချက်တွေကို အလုံးစုံ ဖော်ထုတ်ဟစ်ကြွေးတဲ့ပုံစံအဖြစ် ရုတ်တရက် ပြောင်းသွားတယ်။ ဒါဟာ ဒီဘက်နှစ်တွေအတွင်း အကြီးမားဆုံး လူထုဆန္ဒပြပွဲကြီးတွေပဲ။ အင်ဒိုနီးရှားနဲ့ နီပေါလ်မှာ ဖြစ်ထားတာတွေကလည်း ရှိတော့ ဒီဆန္ဒပြပွဲတွေကို ကြောက်လန့်ပြီး တောင်းဆိုချက်တွေကို အမြန်လိုက်လျောပေးလိုက်ရတယ်။ 

ဒီဆန္ဒပြပွဲတွေဟာ ပြီးခဲ့တဲ့ သီတင်းပတ်တွေက နီပေါလ်နဲ့ အင်ဒိုနီးရှားမှာဖြစ်ခဲ့တဲ့ ပုံစံတွေနဲ့ မတိမ်းမယိမ်းပါ။ ဆင်းရဲနွမ်းပါးမှုနဲ့ အလုပ်လက်မဲ့နှုန်းက မြင့်တက်နေချိန်မှာ နိုင်ငံရေးသမားတွေကတော့ ဇိမ်ခံပစ္စည်းတွေနဲ့ အလွန်အကြူး စည်းစိမ်ယစ်မူးနေကြတဲ့အပေါ် လူငယ်ထု ဒေါသပေါက်ကွဲထွက်ကုန်တဲ့ အချက်ပဲ။ ‘Fretilin ၊ CNRT ၊ PD ၊ Khunto ၊ PLP စတဲ့ လစ်ဘရယ်ပါတီတွေကို ဖျက်သိမ်းပစ်’ ဆိုတဲ့ ကြွေးကြော်သံတွေ တုန်ဟည်းနေတယ်။ လူထုကြီး ခါးခါးသီးသီး ရွံရှာ မုန်းတီးနေတယ် ဆိုတာ ပြလိုက်တာပဲ။ သူတို့ရဲ့ လွတ်လပ်ရေးကို အာဏာရှိတဲ့ လူတွေက နားလှည့်ပါးရိုက်လုပ်ပြီး ခိုးယူသွားတယ်လို့ လူထုက မြင်တယ်။

တီမောလက်စတေက လွတ်လပ်ရေးရတာ ၂၃ နှစ်ရှိပြီ။ ဒါပေမဲ့ ပြည်သူလူထုရဲ့ အခြေအနေတွေကျ ဘာမျှပြောင်းလဲမသွားခဲ့ဘူး။ “ဒီလီမြို့ အပြင် ထွက်ကြည့်လိုက်ရင် ပြီးခဲ့တဲ့ ၂၅နှစ်အတွင်း စီးပွားရေးအခြေအနေတွေ ဘာဆိုဘာမှ ပြောင်းလဲမသွားသေးတာကို တွေ့ရလိမ့်မယ်” လို့ ဒီလီမြို့အခြေစိုက် NGO ဖြစ်တဲ့ La’o Hamutuk က သုတေသီ ချားလ်စ် ရှိုင်နာက ဆိုပါတယ်။ “ဆင်းရဲမွဲတေမှုနှုန်းကလည်း မြင့်နေတုန်းပဲ။ ကလေးသူငယ် အာဟာရချို့တဲ့မှုဟာဆိုရင် ကမ္ဘာ့အဆိုးဆုံးနိုင်ငံတွေထဲမှာ ပါတယ်လို့တောင် ပြောနိုင်တယ်”လို့ သူက ထပ်လောင်းပြောကြားတယ်။

တီမောလက်စတေရဲ့ ဆင်းရဲမွဲတေမှုနှုန်းက ၄၀ ရာခိုင်နှုန်းထိ ရောက်လာပြီ။ ဒီပမာဏက သူနဲ့ နယ်စပ် အင်ဒိုနီးရှားရဲ့ အဆင်းရဲဆုံး ပြည်နယ်တွေထဲက တခုဖြစ်တဲ့ အရှေ့နူစာ တန်ဂရာ (East Nusa Tangara) ပြည်နယ်ရဲ့ နှစ်ဆဖြစ်တယ်။ တီမော လူငယ် အများစုက အလုပ်လက်မဲ့တွေ။ (အလုပ်ရဖူးတယ် ဆိုတာ မရှိသလောက်) အမြဲလိုလို အလုပ်လက်မဲ့ ဖြစ်နေရသူတွေ။ အသက် ၁၅-၂၄ နှစ်အတွင်း လူငယ်တွေရဲ့ ၃၀ရာခိုင်နှုန်းလောက်က NEET အုပ်စုအဖြစ် သတ်မှတ်ခံထားရတယ်။ သဘောက ပညာရေး၊ အလုပ်အကိုင်နဲ့ သက်မွေးသင်တန်းတမျိုးမျိုး မရရှိကြသူတွေလို့ ဆိုလိုပါတယ်။ (NEET:not in education, employment, or training)

မပြောပလောက်တဲ့ လူနည်းစုကလေးလောက်သာ ကံကောင်းထောက်မလို့ ဒီနာတာရှည် အကျပ်အတည်းတွေနဲ့ ဝေးရာကို ရွှေ့ပြောင်းလုပ်သားအနေနဲ့ ပြည်ပထွက် အလုပ်လုပ်ခွင့် ရကြတာပါ။ ဩစတြေးလျ၊ တောင်ကိုရီးယား၊ ယူကေ နဲ့ ဂျပန်တို့မှာရှိတဲ့ ရွှေ့ပြောင်း တီမောအလုပ်သမားတွေ ပြည်တွင်းပြန်ပို့ငွေဟာ ၂၀၂၄မှာ အမေရိကန်ဒေါ်လာ ၂၄၅ သန်းထိ ရှိတယ်။ ဒါဟာ ၂၀၂၄ တနှစ်စာ တိုင်းပြည်ဝင်ငွေရဲ့ ၈.၇ ရာခိုင်နှုန်းပါ။ အိမ်ထောင်စုပေါင်း သောင်းနဲ့ချီပြီး ဒီပို့ငွေပေါ် မှီခိုနေရတယ်။

တီမောရဲ့ ဝင်ငွေအများစုက သဘာဝဓာတ်ငွေ့နဲ့ ရေနံကနေ အဓိကလာတယ်။ ဒါက GDP ရဲ့ ၇၀ ရာခိုင်နှုန်းပါ။ ဒါပေမဲ့ တီမောရဲ့ လောင်စာစွမ်းအင် လက်ကျန်အင်အားက သိပ်မကျန်တော့ဘူး။ လာမယ့်နှစ်တွေမှာ ခမ်းသထက်ခမ်းလာဖို့ပဲ ရှိတယ်။ ဥပမာ၊ ဘာယု-အန်ဒန် ရေနံမြေ (Bayu-Undan Field) ဆိုရင် ရေနံတွေ ခမ်းသွားတာ ဘာမှ မကြာသေးဘူး။ ဒီကြားထဲ The Greater Sunrise ရေနံမြေဆိုရင် စီမံခန့်ခွဲရေးကိစ္စတွေနဲ့ ပတ်သက်ပြီး ဩစတြေးလျနဲ့ အမှုဖြစ်နေတယ်။ အရင်းရှင်နယ်ချဲ့ ဩစတြေးလျဟာ တီမောကို အခွံပဲကျန်တဲ့အထိ သွေးစုပ်ခြယ်လှယ်ထားတယ်။ တီမောလက်စတေရဲ့ ရေနံနဲ့ သဘာဝဓာတ်ငွေ့ကနေရတဲ့ ဝင်ငွေဟာ (ဩစတြေးလျရဲ့မြို့တော်) ကင်ဘာရာက အရင်းရှင်ကြီးတွေကိုသာ အကျိုးဖြစ်ထွန်းစေတယ်။ နိုင်ငံရေးသမားတွေနဲ့ သူတို့ရဲ့ ခရိုနီကြီးတွေကိုသာ ကြွယ်ဝချမ်းသာစေတယ်။ 

ကိုလိုနီဖြစ်ခဲ့ရတဲ့ တခြားနိုင်ငံတွေက အရင်းရှင်တွေလိုပဲ အရှေ့တီမော အရင်းရှင် လူတန်းစားဟာ သမိုင်းဇာတ်ခုံပေါ်ကို နောက်ကျပြီးမှ ရောက်လာခဲ့တယ်။ သူတို့ဟာ နယ်ချဲ့အရင်းရှင် အင်အားကြီး နိုင်ငံတွေရဲ့ လက်ဝေခံအဆင့်လောက်သာ ရှိတယ်။ ပြည်တွင်းမှာ စက်မှုထွန်းကားပြီး နိုင်ငံ ခေတ်မီဖွံ့ဖြိုးအောင် သူတို့ကိုယ်တိုင် မလုပ်နိုင်ဘူး။ ဒီတော့ နယ်ချဲ့အရင်းရှင် နိုင်ငံ‌တွေကို သယံဇာတနဲ့ ရွှေ့ပြောင်း လုပ်အားတွေ ဈေးပေါပေါနဲ့ ရောင်းချပြီး ဆူလွယ်နပ်လွယ် အမြတ်ရမယ့် လမ်းကို ရွေးကြတော့တယ်။ သူတို့ဟာ နယ်ချဲ့စနစ်နဲ့ ခွဲထုတ်လို့ မရနိုင်လောက်အောင် တသားတည်း ဖြစ်နေပြီ။ သူတို့ကိုယ်တိုင် ကြွယ်ဝချမ်းသာဖို့ သူတို့အကျိုးစီးပွား ကွက်ကွက်ကလေးကိုပဲ စိတ်ဝင်စားတယ်။

အရာရှိကြီးတွေနဲ့ နောက်ပေါက် အရင်းရှင်တွေရဲ့ ဇိမ်ခံအိမ်ကြီးတွေ ထည်ဝါခမ်းနားသလောက် ဒီလီမြို့ပတ်လည်က တောင်ခြေတွေမှာတော့ နုံချာစုတ်ပြတ်နေတဲ့ ဆင်းရဲသား ရပ်ကွက်တွေ အလျှိုအလျှိုပေါ်လာတယ်။ အုပ်စိုးသူ လူတန်းစားနဲ့ အလုပ်သမား လူတန်းစားတို့ကြား ကျယ်ပြန့်နက်ရှိုင်းတဲ့ ချောက်ကမ်းပါးကြီး ခြားထားတယ်။ ဒီအချက်ဟာ ပြီးခဲ့တဲ့ရက်က လူငယ်ထုကြီး အုံကြွတော်လှန်ရခြင်းရဲ့ အခြေခံ အကြောင်းတရား ဖြစ်တယ်။ ဒီလူငယ်ထုဟာ တီမော အလုပ်သမားထုကြီး ခံစားနေရတဲ့ မကျေနပ်ချက်တွေကို ထင်ဟပ်ဖော်ပြတဲ့ ဘာရိုမီတာပဲ။

ဝန်ကြီးတွေ၊ ဒုဝန်ကြီးတွေ၊ တရားသူကြီးတွေနဲ့ နိုင်ငံတော် အဆင့်မြင့် အရာရှိကြီးတွေက တသက်စာ ပင်စင်လခတွေ ဗုန်းဗောလအော ရနေချိန်မှာ သာမန်ပြည်သူတွေကတော့ ဘာတခုမှ မရဘဲ ရုန်းကန်နေရတယ်။ အဲဒီ တသက်စာ ပင်စင်လခကိစ္စက လူထု ဒေါသူပုန်ထရခြင်းရဲ့ အကြောင်းရင်း ဖြစ်သွားခဲ့တယ်။

ဒါ့အပြင် အဆိုပါ အရာရှိတွေဟာ အထူးအခွင့်အရေးတွေလည်း တနင့်တပိုး ထပ်ဆောင်း ရကြသေးတယ်။ လိုအပ်ရင် နိုင်ငံခြားထိ ဆေးသွားကုခွင့် ရကြတယ်။ ပုဂ္ဂလိက သုံးစွဲဖို့ အိမ်ဆောက်ပစ္စည်းတွေ၊ ကားတွေကို တင်သွင်းရာမှာလဲ အခွန်ကင်းလွတ်ခွင့် ရကြတယ်။ အဲလိုတင်သွင်းပြီး စီးပွားဖြစ်ကုန်ကြတယ်။ သံတမန်ရေးရာကိစ္စတွေအတွက် ထုတ်ပေးထားတဲ့ ပတ်စပို့တွေ သုံးပြီး သူတို့ တဆွေလုံး တမျိုးလုံး ကမ္ဘာပတ်နေကြတယ်။ ဒါဟာ လူအများစု မတတ်နိုင်တဲ့ အထူးဇိမ်ခံပစ္စည်း ဖြစ်နေတယ်။ နိုင်ငံတော်ပိုင် စီးတော်ယာဉ်တွေမှာ ကိုယ်ပိုင် အငှားယာဉ်မောင်းတွေကိုယ်စီနဲ့၊ နိုင်ငံတော်ပိုင်အိမ်တွေနဲ့၊ ကိုယ်ပိုင် အတွင်းရေးမှူးတွေ၊ လက်ထောက်တွေ ကိုယ်စီနဲ့၊ စသဖြင့် အခွင့်ထူးများ ရယူထားကြတယ်။ သူတို့က အဲသလို ဇိမ်ခံပစ္စည်းမျိုးစုံ ခံစားနေရပေမယ့် ပြည်သူအများစုရဲ့ တရက် ဝင်ငွေကတော့ အမေရိကန်ဒေါ်လာ ၁.၉ ဒေါ်လာပဲ ရှိပါတယ်။

လွတ်လပ်ရေးကြိုးပမ်းမှုမှာ ဦးဆောင်ခဲ့တယ်လို့ သိထားကြတဲ့ Fretilin ပါတီဟာ လူငယ်ထုအမြင်မှာတော့ အဖက်ဆယ်လို့ မရအောင် ယုံကြည်မှုပျက်ပြားသွားပါပြီ။ အတိတ်က လွတ်လပ်ရေးကြိုးပမ်းမှုမှာ ဦးဆောင်မှုပေးခဲ့တာကို ဗန်းပြစားပြီး နိုင်ငံရေးအမြတ်ထုတ် နေနိုင်သေးပေမဲ့ ပါတီအပေါ် ထောက်ခံမှုတွေကတော့ လျော့ပါးသွားပြီ။ ၂၀၁၈ ရွေးကောက်ပွဲ တုန်းက ၃၄.၂ ရာခိုင်နှုန်း မဲနိုင်ခဲ့တာနဲ့ ၂၀၂၃ မှာ ၂၅.၈ ရာခိုင်နှုန်းပဲ အနိုင်ရလိုက်တာကို ယှဉ်ကြည့်လိုက်ရင် သိသာတယ်။

အရာရှိ‌တွေနဲ့ လွှတ်တော်အမတ်တွေကို အထူးအခွင့်ရေးတွေ နှင်းအပ်ထားတဲ့ ဥပဒေအမျိုးမျိုး ပြဌာန်းနိုင်‌အောင် Fretilin အစိုးရက လုပ်ခဲ့တယ်။ ပါတီအပေါ်ထောက်ခံမှုတွေ အခြေယိုင်လာရတဲ့ အကြောင်းအရင်းတွေထဲမှာ အဲဒါလည်း ပါတယ်။ 

Fretilin ပါတီ ‌ထောက်ခံမှု ကျဆင်းလာချိန် ရှာနားနား ဂွတ်ရှ်မောင်(Xanana Gusmao)နဲ့ သူ့ရဲ့ CNRTပါတီဟာ ရေပန်းစားလာခဲ့တယ်။ ဒီလိုပြောလို့ လူငယ်တွေရဲ့ ပေါက်ကွဲမှုဒဏ်ကို သူတို့မခံရဘူးလို့ မဆိုလို။ CNRTဟာလည်း အကျင့်ပျက် ခြစားနေတဲ့ တခြားနိုင်ငံရေးသမားအားလုံးနဲ့ ဘာမှ ကွာလှတာ မဟုတ်ဘူးလို့ လူငယ်ထုက မြင်တယ်။ အဲဒီအကျင့်ပျက်ခြစားနေတဲ့ နိုင်ငံရေးသမားတွေဟာ ဒီနိုင်ငံကြီး ငါးပါးမှောက်ရခြင်းရဲ့ အဓိက လက်သည်တွေပဲလို့ သူတို့ မြင်ကြတယ်။

ရှာနားနားတို့ လူစုထဲမှာလည်း ကိုယ့်ဆွေမျိုးသားချင်းကောင်းစားရေး၊ အကျင့်ပျက်ခြစားမှု အပုပ်နံ့တွေ ထောင်းလမောင်းထနေလေရဲ့။ ဥပမာပြောရရင် ရှားနားနားရဲ့ သမီး Zenilda Gusmao ရှယ်ယာဝင်တဦးအနေနဲ့ပါတဲ့ Prima Food ကုမ္ပဏီဟာ အစိုးရကို ဆန်ဝယ်သွင်းဖို့ အမေရိကန်ဒေါ်လာ ၃.၅ သန်းတန် ကန်ထရိုက်ကြီး ရသွားတာကိုပဲကြည့်။ 

လက်ရှိနိုင်ငံရေး ပါတီ အားလုံးအပေါ် မကျေနပ်ချက်တွေဟာ ဆယ်စုနှစ်များစွာ ငုပ်လျှိုးနေရာက နောက်ဆုံးမှာတော့ အပြင်ကို ပေါက်ကွဲထွက်လာတော့တယ်။ နီပေါလ်နဲ့ အင်ဒိုနီးရှားက လူငယ်တွေရဲ့ သတ္တိကို အတုယူပြီး အရှေ့တီမောကျောင်းသားတွေဟာ စက်တင်ဘာလ ၁၅ ရက်နေ့မှာ ဆန္ဒပြ စည်းရုံးလှုံ့ဆော်ခဲ့ကြတယ်။ ပါလီမန်အဆောက်အအုံရှေ့မှာ ကျောင်းသား ထောင်ပေါင်းများစွာ စုဝေးခဲ့ကြတယ်။ ဆန္ဒပြတဲ့သူတွေ လုပ်တာဆိုလို့ တာယာတွေ မီးရှို့တာနဲ့ နိုင်ငံရေးတရား ဟောတာလောက်ပဲ။ ဒါပေမဲ့ အစိုးရက ရဲတွေကို ချက်ချင်း စေလွှတ်ပြီး မျက်ရည်ယိုဗုံးတွေနဲ့ ဖြိုခွဲခဲ့ပါတယ်။ လမ်းမပေါ်က တိုက်ပွဲတွေအဖြစ် တမုဟုတ်ချင်း ပြောင်းလဲသွားပြီး ဒီလီမြို့တမြို့လုံး မျက်ရည်ယိုဗုံး အငွေ့တွေနဲ့ ဖုံးလွှမ်းသွားခဲ့ပါတယ်။

လွှတ်တော်အမတ်တွေအတွက် ဇိမ်ခံကားများ ဝယ်ပေးခြင်းကို ဆန့်ကျင် ကန့်ကွက်ရာက ထွက်‌ပေါ်လာတဲ့ ဆန္ဒပြပွဲတွေဟာ အခုတော့ အစိုးရအရာရှိတွေရဲ့ အခွင့်ထူးမှန်သမျှ ဆန့်ကျင်ရေး၊ လုပ်သားပြည်သူ အပေါင်းကို ဆင်းရဲတွင်းနက်စေတဲ့ စနစ် တခုလုံး‌ ဆန့်ကျင်ရေး လှုပ်ရှားမှုကြီး ဖြစ်သွားခဲ့ပြီ။

ဆန္ဒပြရင်း မျက်ရည်ယိုဗုံးထိခဲ့တဲ့ ကျောင်းသားတဦးက “ပြည်သူလူထု ဆင်းရဲဒုက္ခရောက်နေချိန် လွှတ်တော်အမတ်တွေက ရုံးတက်ဖို့ ဇိမ်ခံကားတွေ ဝယ်ချင်နေတာကို ဒေါသထွက်မိတယ်” လို့ BBC သတင်းဌာနကို ပြောထားတယ်။ အရှေ့တီမော လွှတ်တော်အမတ်တွေက တနှစ်ကို လစာစုစုပေါင်း အမေရိကန်ဒေါ်လာ ၃၆,၀၀၀ ရနေကြတယ်။ ဒါဟာ ပြည်သူတဦး တနှစ်စာ ပျမ်းမျှ ဝင်ငွေထက် အဆ ၃၀ နီးပါး ပိုများပါတယ်။

တကယ်တော့ အစိုးရ အရာရှိတွေအတွက် ကားအသစ်တွေ ဝယ်ယူဖို့ အစီအစဉ်က အခုမှ စတာ မဟုတ်ဘူး။ လွှတ်တော်အမတ်တွေကို ကားဝယ်‌ပေးမယ့် အစီအစဉ်ကို ကျောင်းသားတွေ ဆန့်ကျင် ဆန္ဒပြခဲ့ကြတာ အကြိမ်ရေ မနည်းတော့ဘူး၊ နှစ်တွေလဲ ကြာလှပြီ။ ဒါပေမယ့် ခုတချီ ဆန္ဒပြပွဲကတော့ ရှေ့ကနဲ့ မတူတော့ဘူး။ ဘာလို့လဲဆိုတော့ ကားဝယ်ပေးတဲ့ ကိစ္စတခုတည်း ဆန့်ကျင်နေကြတာ မဟုတ်ဘူး။ နိုင်ငံတွင်း ဆင်းရဲမွဲတေမှု အလွန် မြင့်မားခြင်းနဲ့ အမြစ်တွယ်နေတဲ့ အလုပ်လက်မဲ့ ပြဿနာတွေအပေါ် လူထုရဲ့ အထွေထွေ မကျေနပ်မှုတွေ ဆူဝေပေါက်ကွဲထွက်လာတာ ဖြစ်နေလို့ပဲ။

လူမှုကွန်ရက် မီဒီယာတွေပေါ်တင်ထားတဲ့ ဗီဒီယိုတွေကို ကြည့်လိုက်ရင် ပြည်သူလူထုက ဆန္ဒပြ ကျောင်းသားတွေအပေါ်  တခဲနက် ထောက်ခံအားပေးတာကို တွေ့ရမယ်။ ဥပမာအနေနဲ့ ဆန္ဒပြသူတဦးက “ပြည်သူတွေမှာ ပညာရေးအခွင့်အလမ်း၊ သန့်ရှင်းတဲ့ရေနဲ့ ကောင်းမွန်တဲ့ မိလ္လာစနစ်တွေ မရှိဘူး။ အခြေခံအသုံးအဆောင် ပစ္စည်းတွေဆိုတာလည်း မရှိဘူး။ ဒါတောင် ဒင်းတို့က ကိုယ်ကျိုးစီးပွါးရှာတဲ့ ဥပဒေတွေ အများကြီး ပြဋ္ဌာန်းလိုက်သေးတယ်။ တရား မျှတမှုကို မရှိဘူးလို့ ထင်တာပဲ။”

အရင်ကဆိုရင် အစိုးရက ဆန္ဒပြကျောင်းသားတွေကို မသိသလို နေပြနိုင်ခဲ့ပေမဲ့ ဒီတကြိမ်မှာတော့ မဖြစ်နိုင်တော့ပါဘူး။ ဘာလို့လဲဆိုတော့ ဆန္ဒပြ ကျောင်းသားတွေနောက်မှာ အားပေးထောက်ခံတဲ့ ပြည်သူလူထုကြီးက မားမားမတ်မတ် ရပ်တည်နေလို့ပဲ။ ဒါ့ကြောင့် သုံးရက်ကြာ ဆန္ဒပြပွဲတွေဟာ အစိုးရကို ဒူးထောက်သွားစေခဲ့တယ်။ သူတို့ဟာ ကားဝယ်ပေးမယ့် ကိစ္စကို ချက်ချင်း ဖျက်သိမ်းလိုက်ရပြီး လွှတ်တော်အမတ်တွေရဲ့ ပင်စင်လစာခံစားခွင့်တွေကိုပါ ပြန်လည်သုံးသပ်ခဲ့ရတယ်။ အုပ်စိုးသူ လူတန်းစားဟာ နီပေါလ်နဲ့ အင်ဒိုနီးရှားက တော်လှန်ရေးတွေ ကြည့်ပြီး ဒူးတုန်နေကြတယ်။ ဒါ့ကြောင့် အောက်ခြေက ထွက်ပေါ်လာမယ့် တော်လှန်ရေး မဖြစ်အောင် အလျှော့ပေး လိုက်လျောမှုတွေ လုပ်ခဲ့တယ်။

လတ်တလော ဖြစ်သွားတဲ့ တော်လှန်ရေး ပေါက်ကွဲမှုတွေဟာ အရင်းရှင်စနစ်ရဲ့ အကျပ်အတည်း ဘယ်လောက်နက်ရှိုင်းနေပြီလဲ ဆိုတာကို ထင်ဟပ်ပြနေပါတယ်။ အင်ဒိုနီးရှား၊ နီပေါလ်နဲ့ တီမောလက်စတေ တို့မှာ ဖြစ်သွားတာတွေကိုကြည့်လိုက်ရင် လူထုဟာ အရင်အတိုင်း ဆက်နေဖို့ မဖြစ်နိုင်တော့ဘူးဆိုတာ တွေ့ရမယ်။  တီမောရဲ့အဓိက ပြဿနာတွေဖြစ်တဲ့ အဂတိလိုက်စားမှု၊ ဆင်းရဲမွဲတေမှုနဲ့ အလုပ်လက်မဲ့ပြဿနာတွေကို အရင်းရှင်စနစ် ဘောင်ထဲက‌နေ ဖြေရှင်းလို့ မရနိုင်ဘူး။ နောက်ဆုံးတော့ ပြည်သူလူထုဟာ အနှေးနှင့် အမြန် ထပ်မံတော်လှန်လာကြလိမ့်မယ်။

ပြည်သူလူထုရဲ့အမြင်မှာ လက်ရှိ နိုင်ငံရေးပါတီတွေအားလုံးကို အယုံအကြည် မရှိကြတော့ဘူး။ အရင်းရှင်စနစ်ကို အယုံအကြည် ကင်းမဲ့လာတဲ့ လူငယ်တွေ ပိုပိုများလာပြီး တော်လှန်သောနည်းနဲ့ ပြောင်းပစ်ဖို့ ကြိုးစားလာကြတယ်။ အကယ်၍ အရှေ့တီမောမှာ စစ်မှန်သော တော်လှန်ရေး မာ့က်စ်ဝါဒီ ပါတီတခုသာ ရှိခဲ့မယ်ဆိုရင် အရေးတော်ပုံ လမ်းကြောင်းကို ပြောင်းလဲပေးနိုင်မယ်။  အဲဒီပါတီဟာ ပြည်သူလူထုကို အခြားရွေးချယ်စရာ တော်လှန်ရေး လမ်းကြောင်းတခု ချပြလိမ့်မယ်။ ကုန်ထုတ်လုပ်ငန်းတွေကို နိုင်ငံပိုင်ပြုလုပ်ပြီး ဆိုရှယ်လစ် စီမံကိန်း စီးပွားရေးနဲ့သာ လုပ်သားပြည်သူတွေရဲ့ အခြေခံပြဿနာတွေကို အမှန်တကယ် ဖြေရှင်းနိုင်မှာ ဖြစ်ကြောင်း တင်ပြလိမ့်မယ်။ တနည်းဆိုရရင် အကျင့်ပျက်ခြစားနေတဲ့ အရင်းရှင်အစိုးရကို ဖယ်ရှားပြီး အလုပ်သမား လူတန်းစားနဲ့ ဆင်းရဲသား ပြည်သူအပေါင်းကို ကိုယ်စားပြုတဲ့ အစိုးရနဲ့ အစားထိုးရမယ်၊ ဆိုရှယ်လစ်စနစ်ကို အကောင်အထည် ဖော်ရမယ်။ ဒါဟာ အရှေ့တီမောအတွက် တခုတည်းသော အဖြေပဲ။

မြန်မာ ဘာသာပြန်သူ- မွန်းနောင်၊ ရှင်းသန့်စင်

Source – East Timorese youth follow the example of Indonesia and Nepal

Max Robert (19 September 2025)