၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလ ၂၈ ရက်နေ့မှာ ယူအက်(စ်)က “Operation Epic Fury” လို့ နာမည်ပေးထားတဲ့ ထိုးစစ်ကို စတင်ခဲ့တယ်။ The Economist မဂ္ဂဇင်းကတော့ မတ်လ တတိယပတ် issue မျက်နှာဖုံးမှာ ဒေါ်နယ်ထရမ့်ပုံနဲ့ “Operation Blind Fury” လို့ နာမည်ပေးထားတယ်။ ယူအက်(စ်) အစိုးရက “War” အဖြစ် မကြေညာဘဲ “Operation” လို့ နာမည်တပ်ထားသော်ငြား တကယ်တော့ နယ်ချဲ့ စစ်ပွဲပါပဲ။
“Operation Blind Fury” စတင်တဲ့ ဖေဖော်ဝါရီလ ၂၈ ရက်နေ့မှာပဲ ယူအက်(စ်) စစ်တပ်က မီနပ်(ဘ်)မြို့က Shajarah Tayyebeh မိန်းကလေး စာသင်ကျောင်းကို Tomahawk ဒုံးကျည်နဲ့ တိုက်ခိုက်ခဲ့တယ်။ ယူအက်(စ်)ရဲ့ တိုက်ခိုက်မှုကြောင့် ကလေးအရွယ် မိန်းကလေး အများစုအပါအဝင် ၁၇၅ ဦး သေဆုံးခဲ့ရတယ်။
အစပိုင်းမှာ ဒေါ်နယ်ထရမ့်က ဒီတိုက်ခိုက်မှုကို သူတို့ လုပ်တာ မဟုတ်ဘူးလို့ ဗြောင်ငြင်းခဲ့တယ်၊ ဒါ့အပြင် သူတို့ ယူအက်(စ်)ဘက်က စစ်ရေး ပစ်မှတ်တွေကို တိတိကျကျ မှန်အောင် ပစ်နိုင်တယ်၊ အီရန်ဘက်က လက်နက်တွေကသာ ပစ်မှတ်ကို တိတိကျကျ ထိအောင် မပစ်နိုင်တာ၊ ဒါ့ကြောင့် အီရန်ဘက်က ပစ်လိုက်တဲ့ ဒုံးကျည်ကြောင့် ကျောင်းသူလေးတွေ အသက်သေခဲ့ရတာလို့ ဒေါ်နယ်ထရမ့်ဘက်က တန်ပြန် စွပ်စွဲခဲ့တယ်။
မကြာခင် ရက်ပိုင်းအတွင်းမှာပဲ Shajarah Tayyebeh မိန်းကလေး စာသင်ကျောင်းကို တိုက်ခိုက်တဲ့ ရုပ်သံ ထွက်ပေါ်လာတယ်။ ပစ်လွှတ်လိုက်တဲ့ ဒုံးကျည်ဟာ Tomahawk မစ်ဆိုင်းလို့ အတည်ပြုနိုင်တယ်။ ဒါ့အပြင် တော်မဟော့(ခ်) ဒုံးကျည်ကို အသုံးပြုနေတာ ယူအက်(စ်) စစ်တပ်ပဲ ရှိတယ်၊ အီရန်ဘက်က အဲသလို ဒုံးကျည်မျိုး မရှိဘူး ဆိုတဲ့ သက်သေတွေလဲ ထွက်ပေါ်လာတယ်။ နောက်ဆုံး ယူအက်(စ်)ဘက်က တိုက်ခိုက်မှု ဆိုတာ ဘယ်လိုမှ ငြင်းမရနိုင်တဲ့အဆုံး သူတို့ လေသံပြောင်းသွားတယ်။ ပစ်မှတ်မှားသွားလို့ မူလတန်း စာသင်ကျောင်းကို သွားထိတာလို့ ဆင်ခြေလှည့်ပေးလာကြတယ်။

ဒီနေရာမှာ Myanmar Now တို့လို မြန်မာ သတင်း မီဒီယာတွေရဲ့ လှည့်ဖျားမှုကိုလဲ ထည့်ပြောဖို့ လိုလာတယ်။ နိုင်ငံတကာ ဘူဇွာ မီဒီယာတွေမှာတောင် US strike လို့ တိတိကျကျ သုံးပေမဲ့ Myanmar Now ကတော့ “ထိမှန်” လို့ပဲ ဖော့ပြီး သုံးထားတာ တွေ့ခဲ့ရတယ်။ hit ကို ထိမှန်လို့ ဘာသာပြန်ထားတာ ဖြစ်ကြောင်း စောဒကတက်ချင် တက်နိုင်တယ်။ နိုင်ငံတကာ သတင်းတွေမှာလဲ hitting လို့ သုံးတာတွေ ရှိနေတာပဲလို့ သူတို့ဘက်က ပြောနိုင်ပါတယ်။ မှန်ပါတယ်၊ နိုင်ငံတကာ သတင်းဆောင်းပါးတွေမှာ hit လို့ သုံးနှုန်းတာတွေ ပါတယ်၊ သို့သော် အဲဒီ တလုံးတည်း မဟုတ်ဘူး၊ သတင်းဆောင်းပါး တပုဒ်တည်းမှာတင် သို့မဟုတ် ဝါကျတကြောင်းတည်းမှာတင် US strikes/ US struck စသဖြင့် တကြိမ်မက သုံးစွဲပြီးမှ စာသင်ကျောင်းကို ‘hitting’ လို့ ရေးတာမျိုး ဖြစ်ပါတယ်။
ယူအက်(စ်)ရဲ့ တိုက်ခိုက်မှု ဆိုတဲ့ အပိုင်းကို အတတ်နိုင်ဆုံး ရှောင်ကွင်းပြီး ‘ထိမှန်’ ဆိုတဲ့ စကားလုံးကိုပဲ ဦးစားပေး သုံးစွဲတာဟာ အဓိက လက်သည် တရားခံကို မမြင်သာအောင် ဖုံးပေးရာ ရောက်ပါတယ်။ ဒါ့အပြင် ‘ထိမှန်’ ဆိုတဲ့ မြန်မာစကားက မတော်တဆ ဆိုတဲ့ သဘော ပိုသက်ရောက်ပါတယ်။
သတင်း မီဒီယာတွေ ဘယ်ဘက်က ရပ်ပြီး ရေးနေ ပြောနေကြသလဲ မြင်သာအောင် ဒီအချက်ကို နမူနာ ထောက်ပြခြင်း ဖြစ်ပါတယ်။ စကားလုံး အသုံးအနှုန်းကို ဇာချဲ့ပြီး မရေးလိုပါဘူး။ ဒီထက် အရေးကြီးတဲ့ အချက်အလက်တွေ ဖော်ထုတ်ပေးစရာ ရှိပါတယ်။ အချက်အလက်တွေ မပြောခင် အရေးကြီးဆုံး အချက်ကို အရင် ပြောပါရစေ။ ယူအက်(စ်)က စစ်ရေး ပစ်မှတ်မဟုတ်တဲ့ မူလတန်း မိန်းကလေးကျောင်းကို ဒုံးကျည်နဲ့ ထုပြီး တိုက်ခိုက်သတ်ဖြတ်တာဟာ war crime ကို ပြောင်ပြောင်တင်းတင်း ကျူးလွန်လိုက်ခြင်း ဖြစ်ပါတယ်။ လက်ရှိ နယ်ချဲ့ စစ်ပွဲအတွင်းမှာ ယူအက်(စ်)နဲ့ အစ္စရေးတို့ ကျူးလွန်ထားတဲ့ စစ်ရာဇဝတ်မှုတွေက ဒီတခုတည်း မကသေးဘူး။
အီရန် မိန်းကလေးငယ် ရာကျော် သတ်ဖြတ်ဖို့ ယူအက်(စ်) အစိုးရ ပစ်လွှတ်လိုက်တဲ့ တော်မဟော့(ခ်) မစ်ဆိုင်း တစင်းရဲ့ ကုန်ကျငွေဟာ ဒေါ်လာ ၃.၅ သန်း ဖြစ်ပါတယ်။ သို့သော် ယူအက်(စ်)က ပစ်လွှတ်ခဲ့တာ ဒီတစင်းပဲ မဟုတ်ပါဘူး။ စစ်ပွဲ ပထမ ၆ ရက်အတွင်းမှာတင် ယူအက်(စ်)ဘက်က တော်မဟော့(ခ်) မစ်ဆိုင်း ၃၁၉ စင်း ပစ်လွှတ်ခဲ့တယ်။ ၆ ရက်အတွင်း တော်မဟော့ခ် ဒုံးကျည်တွေ ဒေါ်လာ ၁.၂ ဘီလျံ ဖြုန်းပစ်လိုက်တာပဲ။ ဒါတင် မကသေးဘူး။
ယူအက်(စ်)-အစ္စရေးတို့ စတင်လိုက်တဲ့ ဒီနယ်ချဲ့ စစ်ပွဲကြီးရဲ့ ပထမ ခြောက်ရက် အတွင်းမှာတင် ယူအက်(စ်)ဘက်က (offensive strike munitions alone) ထိုးစစ် တိုက်ခိုက်မှုအတွက် ခဲယမ်းဖိုးတင် ၅.၅ ဘီလျံဝန်းကျင် ရှိပါတယ်။
ဒါ့အပြင် Terminal High Altitude Area Defense (THAAD) လို လေကြောင်း ကာကွယ်ရေး စနစ်အတွက် ကုန်ကျစရိတ်က ဒီခြောက်ရက်အတွင်းမှာတင် ဒေါ်လာ ၅.၇ ဘီလျံ ရှိပါတယ်။
စစ်ပွဲ ပထမ ခြောက်ရက်အတွင်း ထိခိုက် ဆုံးရှုံးမှုတွေက ဒေါ်လာ ၁.၄ ဘီလျံဖိုး ရှိတယ်။ စစ်ဆင်ရေး လည်ပတ်စရိတ်က ဒေါ်လာ ၂၇ သန်း ရှိတယ်။
ဒီကုန်ကျစရိတ်တွေ အားလုံး ပေါင်းလိုက်ရင် နယ်ချဲ့ စစ်ပွဲ ပထမ ၆ ရက်မှာတင် ယူအက်(စ်)ရဲ့ ကုန်ကျစရိတ်က အနည်းဆုံး ၁၂.၇ ဘီလျံ ရှိနေပြီ။ စစ်ပွဲ မစခင်ကတည်းက အရှေ့အလယ်ပိုင်းမှာ ယူအက်(စ်)ဘက်က စစ်အင်အား အလုံးအရင်း ချထားတဲ့ စရိတ်တွေ မပါသေးဘူး။

အမေရိကန် နိုင်ငံက ကမ္ဘာပေါ်မှာ အချမ်းသာဆုံး တိုင်းပြည်ပဲ၊ ဒီလောက်တော့ ဘယ်မှုမလဲလို့ ထင်စရာ ရှိတယ်။ နယ်ချဲ့ စစ်ပွဲအတွက် ဒေါ်နယ်ထရမ့် အစိုးရ ဖြုန်းလိုက်တဲ့ အဲဒီငွေတွေထဲမှာ ဒေါ်နယ်ထရမ့်တို့ Pete Hegseth တို့ အိတ်ထဲက ငွေ တပြားသားမှ မပါဘူး။ သာမန် အခွန်ထမ်း ပြည်သူတွေရဲ့ ငွေတွေနဲ့ အီရန်ကို အမဲဖျက်နေကြတာ။ အီရန်ကို အမဲဖျက်လိုက်ရလို့ အမေရိကန် အခွန်ထမ်း ပြည်သူတွေမှာ ဘာအကျိုးရှိသလဲ။
ဘာကောင်းကျိုးမှ မရှိတဲ့အပြင် စစ်ပွဲရဲ့ ကုန်ကျစရိတ်ကို သာမန် လုပ်သား ပြည်သူတွေရဲ့ ပုခုံးပေါ်ကိုသာ ပစ်တင်လေ့ရှိတယ်။ အုပ်စိုးသူ လူတန်းစားဟာ နယ်ချဲ့စစ်တိုက်ဖို့ နေ့စဉ် ဘီလျံချီ ဖြုန်းတီးနိုင်တယ်။ သို့သော် သာမန် ပြည်သူတွေအတွက် social housing စီမံကိန်းတွေ လုပ်ဖို့ကျ ဘတ်ဂျက်မရှိဘူးလို့ ညည်းပြလိမ့်မယ်။
The Guardian သတင်းဆောင်းပါးမှာ ထောက်ပြထားသလိုပဲ အခု နယ်ချဲ့ စစ်ပွဲ ပထမ ၆ ရက်မှာ ဖြုန်းလိုက်တဲ့ စစ်အသုံးစရိတ်ဟာ အမေရိကန် ကလေးငယ် ၃.၆ သန်းအတွက် Medicaid တနှစ်စာနဲ့ ညီမျှတယ်၊ သို့မဟုတ် public housing units တသန်းခွဲနဲ့ ညီမျှတယ်။ (နှိုင်းယှဉ်ချက် ဇယားကို ကြည့်ပါ)။
Crime Against Humanity
ယူအက်(စ်)နဲ့ အစ္စရေးတို့ လက်ရှိ စစ်ပွဲမှာ ကျူးလွန်ထားတဲ့ စစ်ရာဇဝတ်မှုတွေ တခု မကဘူးလို့ အထက်မှာ ပြောခဲ့တယ်။ မတ်လ (၇) ရက်နေ့မှာ အစ္စရေးက အီရန်ရဲ့ မြို့တော် ထဲရန်းမှာ ရှိတဲ့ ရေနံ သိုလှောင်ကန်တွေကို လေကြောင်းကနေ တိုက်ခိုက်ခဲ့တယ်။ ယူအက်(စ်)-အစ္စရေးဘက်က စာသင်ကျောင်းတွေ၊ ဆေးရုံတွေ၊ အရပ်သား လူနေအိမ်တွေ အပါအဝင် အရပ်သား ပစ်မှတ်တွေကို ရွေးပြီး လေကြောင်း တိုက်ခိုက်တာကတော့ နေ့စဉ် လုပ်နေတဲ့ ကိစ္စပဲ။
သို့သော် မတ်လ ၇ ရက်နေ့ တိုက်ခိုက်မှုက အရပ်သား ပစ်မှတ်ကို တိုက်ခိုက်တယ် ဆိုတာထက် အများကြီး ပိုဆိုးပါတယ်။ ထဲရန်းမြို့ရဲ့ နေရာ လေးခုက oil facilities တွေကို ရွေးတိုက်ခဲ့တာ ဖြစ်တယ်။ ယူအက်(စ်)-အစ္စရေးတို့ တိုက်ခိုက်မဲ့ ရက်၊ တိုက်ခိုက်မဲ့ နေရာတွေမှာ မိုးရွာမယ် ဆိုတာလဲ မိုးလေဝသ ခန့်မှန်းချက်တွေအရ ကြိုသိပြီးသား ဖြစ်ပါတယ်။ ကြိုသိထားလို့ကို အဲဒီရက်၊ အဲဒီ နေရာက ရေနံသိုလှောင်ကန်တွေကို ရွေးပြီး တိုက်ခိုက်သွားခြင်း ဖြစ်ပါတယ်။ တိုက်ဆိုင်မှုသက်သက် မဟုတ်ပါဘူး။
ဒီတိုက်ခိုက်မှုကြောင့် ရေနံကန်တွေ ပျက်စီးသွားရုံ၊ အနီးအနားက အရပ်သားတွေ ထိခိုက်သေဆုံးရုံ ဖြစ်ခဲ့တာ မဟုတ်ဘူး။ ယူအက်(စ်)-အစ္စရေးတို့က မိုးရွာမဲ့ ရက်ကို ရွေးပြီး တိုက်ခိုက်ခဲ့လို့ ရွာတဲ့ မိုးတွေဟာ အက်ဆစ်မိုးတွေ ဖြစ်ခဲ့တယ်။ မီးတွေ အကြီးအကျယ် လောင်တယ်။ လူဦးရေ ၁၀ သန်း ရှိတဲ့ ထဲရန်မြို့ ကောင်းကင်မှာ ကြက်ခိုးတွေအတိ ဖုံးလွှမ်းသွားခဲ့တယ်။ လူဦးရေး ဆယ်သန်းဟာ ဓာတု အဆိပ်ငွေ့တွေ ရှူရိုက်ရင်း နိုးထလာခဲ့ရတယ်။ အဆိပ်တွေ၊ အက်ဆစ်တွေ၊ ဓာတုပစ္စည်းတွေ ရောပြွန်းနေတဲ့ မိုးရေတွေက ရေလှောင် ဆည်တွေထဲ စီးဝင်သွားကြတယ်။ ဒီဆည်ရေတွေကို ထဲရန် မြို့နေ ပြည်သူတွေ အဓိက အားကိုးနေရခြင်း ဖြစ်တယ်။
ဒီတော့ ယူအက်(စ်)-အစ္စရေးတို့ရဲ့ ဒီတိုက်ခိုက်မှုက oil facilities တွေကို တိုက်ခိုက်တယ် ဆိုတာထက် အများကြီး ပိုဆိုးပါတယ်။ အလွန် ယုတ်မာကောက်ကျစ်တဲ့ စီမံကိန်းနဲ့ တိုက်ခိုက်သွားခြင်း ဖြစ်တယ်။ အဲဒီ တိုက်ခိုက်မှုဟာ အရပ်သား ပြည်သူ သန်းပေါင်းများစွာကို သောက်ရေ၊ သုံးရေ ပြတ်လပ်အောင် လုပ်ပြီး အဆိပ်ခတ် သတ်တာနဲ့ ဘာထူးသလဲ။ ယူအက်(စ်)-အစ္စရေးတို့ရဲ့ ဒီတိုက်ခိုက်မှုကြောင့် အရေပြားနဲ့ အဆုတ် ရောဂါတွေအပြင် နောက်ဆက်တွဲ climate catastrophe လဲ ဆိုးဆိုးရွားရွား ဖြစ်သွားနိုင်တယ်။
အခြေအနေကတော့ ကမ္ဘာပျက်တဲ့အတိုင်းပဲ “apocalyptic” လို့ ထဲရန်းမြို့နေ နိုင်ငံရေး အကျဉ်းသားဟောင်းတဦးက The Guardian နဲ့ အင်တာဗျူးမှာ ပြောသွားခဲ့တယ်။ အင်မတန် ဆိုးရွားတဲ့ မြင်ကွင်းတွေကို နိုင်ငံတကာ သတင်း ရုပ်သံတွေမှာ အတိုင်းသား တွေ့ရလိမ့်မယ်။ ကျနော့် ဆောင်းပါးမှာ စာနဲ့ ရေးပြတာထက် အဆမတန် ပိုဆိုးတဲ့ မြင်ကွင်းတွေ တွေ့ရလိမ့်မယ်။
ဒါ့ကြောင့် ယူအက်(စ်)-အစ္စရေးတို့ရဲ့ ဒီတိုက်ခိုက်မှုကို လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှု “crime against humanity” လို့ ပြောခြင်း ဖြစ်တယ်။ ဒေါ်နယ်ထရမ့်နဲ့ နတန်ယာဟုတို့ အမြင်မှာ ဒီလို အရပ်သား ပြည်သူ သန်းချီ ထိခိုက်စေတဲ့ တိုက်ခိုက်မှုတွေ လုပ်လိုက်ရင် အီရန် ပြည်သူတွေက ဒေါသူပုန်ထပြီး သူတို့ အစိုးရကို ထကြွ ပုန်ကန်လိမ့်မယ်၊ ဒါဆိုရင် သူတို့ လိုချင်တဲ့ မင်းပြောင်းမင်းလွှဲ ဖြစ်ပြီလို့ တွက်ခဲ့ပုံရတယ်။ သို့သော် အခုဆို သီတင်း သုံးပတ် ကြာသွားပြီ။ သူတို့ တွက်ကိန်း ဘယ့်လောက် မှားလိုက်သလဲ။
အီရန် အစိုးရလဲ ပြုတ်မကျတဲ့အပြင် ယူအက်(စ်)-အစ္စရေးကို ကောင်းကောင်းကြီး လက်တုံ့ပြန် တိုက်ခိုက်နိုင်ဆဲ ဖြစ်တယ်။ ဒါ့အပြင် အီရန်က ဟော်မု(ဇ်) ရေလက်ကြားကို ပိတ်ချလိုက်တဲ့အခါ ယူအက်(စ်) အပါအဝင် အနောက် နယ်ချဲ့ အုပ်စု မျက်ကလူးဆန်ပြာ ဖြစ်သွားတယ်။ တကယ်တော့ ယူအက်(စ်)-အစ္စရေးဘက်ကသာ ရန်စတိုက်ခိုက်မှုတွေ လုပ်လာရင် ဒီရေလက်ကြားကို ပိတ်ပစ်မယ်လို့ အီရန်ဘက်က ကြိုသတိပေးထားပြီးသား။
ဟော်မု(ဇ်) ရေလက်ကြားကို ပိတ်လိုက်တယ် ဆိုပေမဲ့ အီရန်က လုံးလုံး ပိတ်ပစ်လိုက်တာမျိုး မဟုတ်ဘူး။ အီရန်က ရေနံတင် သင်္ဘောတွေ၊ တရုတ်-အိန္ဒိယ-ရုရှားရဲ့ ရေနံတင် သင်္ဘောတွေ ဒီရေလက်ကြားကို ဖြတ်ပြီး အေးအေးဆေးဆေး သွားလာနေတာပဲ။ ဒါကို ယူအက်(စ်)လဲ သွားမထိရဲဘူး။ သွားထိလိုက်ရင် ကမ္ဘာ့ ရေနံဈေးကွက် အခုထက် ပိုဆိုးသွားမှာ သူတို့ ကြောက်တယ်။ ဒါက ဘာကို ပြနေသလဲ။ လက်ရှိ စစ်ပွဲမှာ အီရန်ဘက်က ယူအက်(စ်)-အစ္စရေး နယ်ချဲ့အုပ်စုကို လည်မြိုညှစ်ထားတဲ့ သဘောပဲ။
Major Escalations
ဒီလို ယူအက်(စ်) နယ်ချဲ့အုပ်စု အကျပ်ရိုက်နေချိန်မှာပဲ အစ္စရေးက အီရန်ရဲ့ South Pars gasfield ကို ထတိုက်လိုက်တယ်။ ကမ္ဘာ့ အကြီးဆုံး ဓာတ်ငွေ့သိုက်ကို အီရန်နဲ့ ကာတာတို့ ပူးတွဲ ပိုင်ဆိုင်ထားတာ ဖြစ်ပါတယ်။ အခု အစ္စရေးက အီရန်ပိုင်တဲ့ အခြမ်းကို လေကြောင်း တိုက်ခိုက်မှုတွေ လုပ်လိုက်တာဟာ အစ္စရေးဘက်က လက်ရှိ စစ်ပွဲကို ကြီးကြီးမားမား အရှိန်တင်လိုက်တာပဲ။
ဒီလို ကမ္ဘာ့ အကြီးဆုံး ဓာတ်ငွေ့သိုက်ကို တိုက်ခိုက်လိုက်ရင် နောက်ဆက်တွဲ ဆိုးကျိုးတွေ အများကြီး ရှိလာမယ်။ ရေနံနဲ့ ဓာတ်ငွေ့ ဈေးတွေ ထိန်းမနိုင် သိမ်းမရ ခုန်တက်ကုန်မှာ ဖြစ်သလို ကမ္ဘာ့ ရေနံနဲ့ ဓာတ်ငွေ့ စီးဆင်းမှုတွေ ဒီထက်ပိုပြီး ပြတ်တောက်ကုန်မယ်။ ဒီလို ထိန်းမနိုင် သိမ်းမရ မဖြစ်ရလေအောင် သူတို့ လက်ရှောင်ခဲ့ကြတဲ့ သဘော ရှိတယ်။
သို့သော် အစ္စရေးက ဆောက်(သ်)ပါး(စ်) ဓာတ်ငွေ့သိုက်ကို အခု တိုက်ခိုက်လိုက်ပြီ။ ဒီတော့ အီရန်က ကာတာဘက်ခြမ်းက ပိုက်လိုင်းတွေ၊ ဓာတ်ငွေ့ processing လုပ်တဲ့ အဆောက်အအုံတွေကို လက်တုံ့ပြန် တိုက်ခိုက်လိုက်တယ်။ ကာတာက လာတဲ့ ဓာတ်ငွေ့ရည် (LNG) ကို မှီခိုနေရတဲ့အထဲမှာ အာရှ နိုင်ငံတွေက အဓိက ဖြစ်ပါတယ်။

အစ္စရေးရဲ့ ဒီတိုက်ခိုက်မှုကို ဒေါ်နယ်ထရမ့် အစိုးရရဲ့ သဘောတူချက်နဲ့ ပူးပေါင်း ဆောင်ရွက်ခဲ့ခြင်း ဖြစ်တယ်လို့ အစ္စရေး အစိုးရ အရာရှိတွေကို ကိုးကားပြီး Axios သတင်းဌာနက ရေးတယ်။ ချက်ချင်းဆိုသလို ဒေါ်နယ်ထရမ့်က ဒီတိုက်ခိုက်မှုနဲ့ ပတ်သက်လို့ သူဘာမှ ကြိုမသိခဲ့ဘူး၊ အစ္စရေးကိုလဲ နောက်ထပ် ဒီလို မတိုက်ဖို့ သူပြောထားကြောင်း ဆိုတယ်။ အစ္စရေးဘက်ကတော့ ဒေါ်နယ်ထရမ့်ကို သူတို့ ကြိုအကြောင်းကြားခဲ့တယ်လို့ ပြောပါတယ်။ ဒေါ်နယ်ထရမ့် မသိဘဲ အစ္စရေးဘက်က တိုက်ခိုက်လိုက်တယ် ဆိုတာ မဖြစ်နိုင်ဘူး။ သို့သော် အရှေ့အလယ်ပိုင်း ဒေသတွင်း စစ်ပွဲကို ကျယ်ပြန့် နက်ရှိုင်းအောင် လုပ်လိုက်တဲ့ ဒီတိုက်ခိုက်မှုမှာ ကြံရာပါ ဖြစ်မှာလဲ သူကြောက်နေပြီ။
ကာတာဘက်က အီရန်ရဲ့ တိုက်ခိုက်မှုကို ကန့်ကွက်ရှုတ်ချသလို အစ္စရေးရဲ့ တိုက်ခိုက်မှုကိုလဲ ဒေါသတကြီး တုံ့ပြန်မှုတွေ လုပ်ခဲ့တယ်။ ဓာတ်ငွေ့သိုက်တွေကို ပစ်မှတ်ထား တိုက်ခိုက်တာဟာ “dangerous and irresponsible step” လို့ ကာတာ နိုင်ငံခြားရေး ဝန်ကြီးဌာနက ဆိုပါတယ်။
နယ်ချဲ့အုပ်စုရဲ့ ကြောင်သူတော်ဆန်မှု
မတ်လ ၁၉ ရက်နေ့က ယူကေ၊ ပြင်သစ်၊ ဂျာမနီ၊ အီတလီ၊ နယ်သာလန်၊ ဂျပန်၊ ကနေဒါတို့ရဲ့ ပူးတွဲ ထုတ်ပြန်ချက် ထွက်လာပါတယ်။ အီရန်က ဟော်မု(ဇ်) ရေလက်ကြားကို ပိတ်ထားလို့ ‘အပြင်းထန်ဆုံး ကန့်ကွက် ရှုတ်ချပါသည်’ ဆိုတဲ့ စာကြောင်းနဲ့ စဖွင့်ပါတယ်။
သူတို့ ထုတ်ပြန်ချက်အတိုင်းဆိုရင် အီရန်က တဖက်သတ် ရန်လိုပြီး ဟော်မု(ဇ်) ရေလက်ကြားကို ထပိတ်သလိုလို။ ယူအက်(စ်)-အစ္စရေးက အီရန်ကို အမဲဖျက်ဖို့ စတင် ဆင်နွှဲခဲ့တဲ့ နယ်ချဲ့ စစ်ပွဲ ဆိုတာကို သူတို့ ထည့်မပြောဘူး။ အရေးအကြီးဆုံး objective reality ကို သူတို့ မျက်ကွယ်ပြုထားလိုက်ကြတယ်။
ဒုတိယ စာပိုဒ်ကိုတော့ အခုလို ဖွင့်ထားတယ် –
“We express our deep concern about the escalating conflict.”
ဘယ်သူက escalate လုပ်နေတာလဲ သူတို့ မပြောဘူး။ ယူအက်(စ်)-အစ္စရေးက crime against humanity နဲ့ စစ်ရာဇဝတ်မှုတွေ ပြောင်ပြောင်တင်းတင်း ကျူးလွန်ပြီး ကမ္ဘာ့ အကြီးဆုံး ဓာတ်ငွေ့သိုက်ကို တိုက်ခိုက်ပြီး စစ်မီးကို ကျယ်ပြန့် နက်ရှိုင်းအောင် လုပ်နေတာတွေ မမြင်ချင်ယောင် ဆောင်ထားလိုက်တယ်။ ပြီးတော့ မျက်နှာပြောင်တိုက်ပြီး အခုလို ဆက်ပြောတယ် –
“We call on Iran to cease immediately its threats, laying of mines, drone and missile attacks and other attempts”
ရိုးရိုးလေးပဲ စဉ်းစားကြည့်ပါ မိတ်ဆွေ။ စစ်ပွဲ ဆိုတာ အနည်းဆုံးတော့ ရန်ဖက် အင်အားစု နှစ်ခု ပါတယ်။ လူကြားကောင်းအောင် ‘နှစ်ဖက်လုံး အပစ်ရပ်ကြပါတော့’ လို့ မပြောသင့်ဘူးလား။ အဲသလောက်ကို သူတို့ ဟန်မဆောင်နိုင်ဘူး ဖြစ်နေတယ်။ ရုပ်ပျက်ဆင်းပျက် ကြောင်သူတော်ဆန်နေကြတယ်။
သူတို့ ကြောင်သူတော်ဆန်တာက ဒီတင် မရပ်သေးဘူး။ အခုလို ဆက်ပြောသေးတယ် –
“Freedom of navigation is a fundamental principle of international law”
မောင်မင်းကြီးသားတွေက နိုင်ငံတကာ ဥပဒေတို့၊ လွတ်လပ်စွာ သွားလာလှုပ်ရှားခွင့်က အခြေခံ မူဖြစ်တယ်တို့ ထအော်နေပါရောလား။ မီနပ်ဘ်က ကျောင်းသူလေးတွေကို တော်မဟော့(ခ်) ဒုံးနဲ့ ပစ်သတ်တာကရော ဘယ်နိုင်ငံတကာ ဥပဒေနဲ့ ညီပါသလဲ။ ဆောက်(သ်)ပါး(စ်) ဓာတ်ငွေ့သိုက်ကို ယူအက်(စ်)-အစ္စရေးက တိုက်ခိုက်တာကရော နိုင်ငံတကာ ဥပဒေနဲ့ ကိုက်ညီပါသလား။ ယူအက်(စ်)-အစ္စရေးတို့က အီရန်နဲ့ လက်ဘနွန်ကို နယ်ချဲ့စစ် ထတိုက်တာကရော နိုင်ငံတကာ ဥပဒေနဲ့ ညီရဲ့လား။
နယ်ချဲ့ ဂန်းစတား အငယ်လေးတွေဟာ နယ်ချဲ့ ဂိုဏ်းခေါင်းဆောင် ဒေါ်နယ်ထရမ့်နဲ့ နတန်ယာဟုတို့ မျက်မာန်တော်ရှမှာ ကြောက်လေတော့ အီရန်ကိုပဲ တဖက်သတ် ကန့်ကွက် ရှုတ်ချရဲတယ်။ သွေးရူးသွေးတန်း ဖြစ်နေတဲ့ အိမ်ဖြူတော်က သူတို့ မာစတာကို ချွေးသိမ့်ဖို့ မစားရဝခမန်း ကတိတွေလဲ ပေးရသေးတယ်။ ဘာတဲ့ –
“We express our readiness to contribute to appropriate efforts to ensure safe passage through the Strait”
ဒီထုတ်ပြန်ချက်ကို အခုလို အနှစ်ချုပ်ပေးလို့ ရတယ်။
ဒေါ်နယ်ထရမ့်။ ။ ‘ဟေ့ကောင်တွေ ခုန်လိုက်စမ်း’
စတားမား၊ မာခရွန်းနဲ့ အပေါင်းအပါများ။ ။ ‘အမြင့် ဘယ့်လောက်လဲ သခင်ကြီး’။
ဒီလို နယ်ချဲ့ ဂန်းစတားတွေ ပါးစပ်က လူ့အခွင့်အရေးတို့၊ ဒီမိုကရေစီတို့၊ နိုင်ငံတကာ ဥပဒေတို့၊ ငြိမ်းချမ်းရေးတို့ ပြောလာရင် ဘယ်သူမှ မယုံတာ ဆန်းသလား။
မေဆန် ရေးသည်။
(၂၀၊ မတ်လ၊ ၂၀၂၆)