လိင်ပိုင်းဆိုင်ရာ ဖိနှိပ်မှု၊ အမြတ်ထုတ်မှု ကျူးလွန်တဲ့ ကေ့စ်တွေ အတော်များလာတယ်။ အထူးသဖြင့် နိုင်ငံရေး၊ တော်လှန်ရေး လုပ်နေပါတယ်ဆိုတဲ့ သူတွေထဲက ကျူးလွန်ကြတဲ့ ကေ့စ်တွေ။
မတရားမှုတွေ၊ ဖိနှိပ်မှုတွေ ဒင်းကြမ်းပြည့်နေတဲ့ ဒီလူ့အဖွဲ့အစည်းမှာ ဒီလို ကျူးလွန်တဲ့ ကေ့စ်တိုင်းကို ဘယ်သူမှ အကုန် မသိနိုင်ပါဘူး။ သိလို့ တနေကုန် condemn ထိုင်လုပ်နေမယ် ဆိုရင်တောင် အချိန်လောက်မှာ မဟုတ်ပါဘူး။
ဒါပေမယ့် အဲသလို ကျူးလွန်သူကို သူပါဝင်ပတ်သက်နေတဲ့ အဖွဲ့အစည်းတွေ၊ သက်ဆိုင်ရာ အသိုင်းအဝိုင်းတွေကတော့ မသိဘဲ မနေဘူး။ အရေးမယူဘဲ နေလို့လဲ မရပါဘူး။ အရေးယူကို ယူရမယ့် တာဝန် ရှိပါတယ်။ ဒီနေရာမှာလဲ ပုပ်လို့ ပွထွက်လာမှ လူကြားကောင်းရုံ၊ အဖွဲ့အစည်း နာမည် မပျက်ရုံ ဟန်ပြ အရေးယူပြတာမျိုး မဖြစ်ဖို့ အလွန် အရေးကြီးတယ်။
ကျူးလွန်သူရဲ့ ပါဆင်နယ် ပြစ်ချက်ပဲ၊ လူတိုင်းမှာ dark side ရှိကြတာပဲ၊ သူ့မှာလဲ ရှိမှာပေါ့၊ ဒါဟာ သူ့ပရော်ဖက်ရှင်နယ်နဲ့ မဆိုင်ပါဘူး၊ သူ့နိုင်ငံရေးနဲ့ မဆိုင်ပါဘူးလို့ dichotomy တွေ ခွဲထုတ်ပြီး ဆင်ခြေပေးတာမျိုးလဲ မကြာခဏ မြင်တွေ့ခဲ့ရဖူးပြီ။ ဆိုင်ပါသော်ကော။ sexual exploitation လုပ်နေသူ တဦးက လူသားတွေ လွတ်မြောက်ရေးမှာ စွမ်းစွမ်းတမံ လုပ်နေပါတယ်လို့ ဘာ့ကြောင့် ယုံရမှာလဲ၊ ဘယ်လို ယုံနိုင်မလဲ။
တော်လှန်ရေးရဲ့ အနှစ်သာရက ဘာလဲ။ exploitation နဲ့ oppression ပေါင်းစုံကနေ လွတ်မြောက်ရေးအတွက် တော်လှန်ရေး လုပ်ရတာပဲ။ တော်လှန်ရေး ခေါင်းစဉ်အောက်မှာနေရင်း၊ တော်လှန်ရေး အဖွဲ့အစည်းတခုခုမှာ ပါဝင်ရင်း ဒီလို ပြစ်မှုတွေ ကျူးလွန်ခဲ့ပြီး အဲသလို dichotomy ဆင်ခြေတွေ ပေးတာဟာ လုံးဝ အဓိပ္ပါယ် မရှိတဲ့ ကိစ္စပဲ။
တကယ့် လက်တွေ့မှာ အဲလို ခွဲထုတ်လို့ ရသလား။ သမိုင်းမှာ ဖြစ်ခဲ့တဲ့ နမူနာတွေ ပြန်ကြည့်သင့်တယ်။ သခင်စိုး ဘယ်လို ဇာတ်သိမ်းသွားသလဲ။ တချိန်က ဖက်ဆစ် ဂျပန် တော်လှန်ရေးမှာ နိုင်ငံရေး ခေါင်းဆောင်အဖြစ် ကိုအောင်ဆန်း အပါအဝင် သူ့ခေတ်ပြိုင်တွေက အသိအမှတ် ပြုခဲ့ရသူ။ နောက် မကြာပါဘူး၊ ၁၉၄၅ ဂျပန် တော်လှန်ရေးအပြီး ဂိုဏ်းဂဏဆန်တဲ့ သူ့လုပ်ရပ်အမှားတွေကြောင့် ပါတီ အထွေထွေ အတွင်းရေးမှူး နေရာက အချခံရတယ်။ လိင်မှုကိစ္စ ပြဿနာတွေကြောင့် ပါတီတွင်း သူ့ဩဇာ ကျလာတာလဲ ပါတယ်။ (ဦးသိန်းဖေမြင်၊ မြန်မာ့နိုင်ငံရေး ကန့်လန့်ဖြတ်မြင်ကွင်း စာအုပ်ကိုရှု)
ဒီနေရာမှာ သခင်စိုးရဲ့ လိင်မှုပွေလီတဲ့ ကိစ္စဆိုတာ တကယ်တော့ sexual exploitation ပါပဲ။ အဲဒီခေတ်ကတော့ လူအကြည်ညိုပျက်တယ်၊ သိက္ခာကျတယ်၊ ဒါ့ကြောင့် သူ့ကို ပါတီ ရာထူးက ချတယ်၊ ဒီလောက်ပဲ အရေးယူခဲ့တယ်လို့ နားလည်ပါတယ်။ တကယ်တော့ ရာထူးကချရုံလောက် အရေးယူရမယ့် ကိစ္စ မဟုတ်ပါဘူး။ ပါတီတွင်းက ထုတ်ပစ်ပြီး ပြတ်ပြတ်သားသား အရေးယူရမယ့် ကိစ္စ ဖြစ်ပါတယ်။ ၁၉၄၅ ဗကပ ဒုကြိမ် ကွန်ဂရက်မှာ ဒီကိစ္စကို အပြတ်ရှင်းခဲ့ရမယ်။ ဒါပေမယ့် အဲသလို ထိထိရောက်ရောက် အရေးမယူနိုင်ခဲ့ဘူး။
အဓိကကတော့ ဖက်ဆစ် တော်လှန်ရေး ကာလမှာ နိုင်ငံရေး ဩဇာတက်လာတဲ့ သခင်စိုးကို သူ့ခေတ်ပြိုင် ရဲဘော်တွေက လွန်ဆန်နိုင်ခဲ့ပုံ မရဘူး။ ဒီတော့ ၁၉၄၆ ဖေဖော်ဝါရီ ပါတီ ဗဟို ကော်မတီ အစည်းအဝေးကျ သခင်စိုးက ထသောင်းကျန်းပါတယ်။ ဒီမှာလဲ နိုင်ငံရေး လမ်းစဉ်မှာ သူ့လိုင်းကို ဗဟို ကော်မတီက လက်ခံလိုက်ရတာပဲ၊ သူတင်တဲ့ စည်းရုံးရေး လမ်းစဉ်ကျမှ လက်မခံဘဲ ကန့်ကွက်မဲ ပေးလိုက်ကြတာ။ သူ့စည်းရုံးရေး လမ်းစဉ်က ပေါလစ်ဗျူရိုကို ဗဟိုကော်မတီက ရွေးရမယ့်အစား သူတဦးတည်းက သူကြိုက်တဲ့သူ ရွေးဖွဲ့မယ်လို့ လုပ်တာပဲ။ ဒီတော့ မဲခွဲတဲ့အခါ ဗဟို ကော်မတီဝင် ၂၈ မဲမှာ သူ့ဘက်က ၈မဲပဲ ရတယ်။ ဟိုဘက်က မဲအများစုနဲ့ အနိုင်ရတာကို သူလက်မခံနိုင်ဘူး။ အဲဒီမှာ အလံနီဆိုပြီး ပါတီခွဲထောင်တာပဲ။ နောက်ဆုံး သခင်စိုးရဲ့ နိုင်ငံရေး ဘဝ ဘယ်လို ဇာတ်သိမ်းသွားလဲ အားလုံး သိကြပါတယ်။
DC ဟာ အရေးကြီးပါတယ်။ ဗမာ့ သမိုင်းရဲ့ အရေးကြီး အချိုးအကွေ့မှာ DC ကို ချိုးဖောက်ပြီး ပါတီခွဲထောင်သွားတယ်။ တကယ်တော့ သူကျူးလွန်ထားတဲ့ ပြစ်မှုက အလွန် ကြီးမားပါတယ်။ ဒီအပြစ်ကိုသာ ပြတ်ပြတ်သားသား အရေးယူခဲ့ကြရင် သခင်စိုးအနေနဲ့ ပါတီ ခွဲထောင်ဖို့ အခွင့်အလမ်း ရနိုင်ခဲ့ပါ့မလား။ စဉ်းစားစရာ။
လူတယောက်ရဲ့ အတွေးအခေါ်၊ စဉ်းစားချက်၊ အပြုအမူ၊ ဒါတွေကို ကဏ္ဍအလိုက် တပိုင်းစီ ခွဲမြင်လို့ မရပါဘူး။ သူတို့ကြား ယှက်နွှယ်မှုတွေကို မြင်အောင် သတိထားကြည့်ဖို့ အရေးကြီးတယ်။
ကျနော်တို့က moralist တွေ မဟုတ်ပါဘူး။ ဒါပေမယ့် အဖိနှိပ်ခံ လူထု လွတ်မြောက်ရေးအတွက် တိုက်ပွဲဝင်မယ့် အဖွဲ့အစည်းတခုရဲ့ moral ဟာ အမြင့်ဆုံး အဆင့်ကို ထားရပါတယ်။ အဲသလို အဖွဲ့အစည်းမှာ ပါဝင်တဲ့ အဖွဲ့ဝင်တိုင်းကိုလဲ ကိုယ်ကျင့်တရားဆိုင်ရာ အမြင့်ဆုံး စံနှုန်းကို တောင်းဆိုပါတယ်။ ဒါ့ကြောင့် sexual exploitation လို အပြစ်မျိုး ကျူးလွန်ခြင်းဟာ တော်လှန်ရေး အဖွဲ့အစည်းတခုအဖို့ red line လို့ မြင်သင့်တယ်။ ဒါ့ကြောင့် ထိထိရောက်ရောက် အရေးယူဖို့ အရေးကြီးတယ်။
လူတန်းစား လူ့အဖွဲ့အစည်းမှာ ရှင်သန်ကြီးပြင်းလာရတဲ့ လူတွေပဲ တော်လှန်ရေး လုပ်ကြတာ ဖြစ်လို့ ဘယ်သူမှ ခြောက်ပြစ်ကင်း သဲလဲစင် မဖြစ်နိုင်ဘူး။ ဘယ်လူတန်းစားက လာသူမို့ ဒါမျိုးတွေ မလုပ်ပါဘူးကွာ ဆိုတာမျိုးလဲ မရှိဘူး။
ကိုယ်တိုင်က အဖိနှိပ်ခံ အပယ်ခံဘဝ ရောက်နေပေမယ့် သက်ငယ် မုဒိမ်းမှု ကျူးလွန်တဲ့ အသက် ၆၀ ကျော် ဘိုးတော်ကြီးလဲ တွေ့ခဲ့ရဖူးတယ်။ ကျေးလက်/မြို့ပြ အလုပ်သမား/ လယ်သမားလူတန်းစားထဲမှာလဲ မုဒိမ်းမှု ကျူးလွန်သူတွေ ရှိတာပဲ။
အလုပ်သမား လူတန်းစားရဲ့ တော်လှန်ရေး အခန်းကဏ္ဍလို့ ကျနော်တို့ အမြဲ ပြောပါတယ်။ ဒါပေမယ့် အလုပ်သမား လူတန်းစားကို idealise မလုပ်ပါဘူး။ လူ့အဖွဲ့အစည်းအတွင်း အလုပ်သမား လူတန်းစား ရောက်ရှိနေတဲ့ ထုတ်လုပ်ရေး အခန်းကဏ္ဍနဲ့ social position ကို အခြေခံပြီး အလုပ်သမား လူတန်းစားရဲ့ တော်လှန်ရေး ဦးဆောင် အခန်းကဏ္ဍကို ပြောခြင်းဖြစ်တယ်။
ဒီနေရာမှာ အလုပ်သမား လူတန်းစားရဲ့ collective action အရေးပါမှုကို ရှေ့တန်းတင်တာနဲ့ individual အလုပ်သမား လုပ်သမျှ အမှန်လို့ ထောက်ခံတာ မတူပါဘူး။ မာ့က်စ်ဝါဒီတွေ ပြောတာ ပထမ အချက်သာ ဖြစ်တယ်။ ဒုတိယ အချက်နဲ့ မဆိုင်။ ပထမ အချက်ကို ထိုးနှက်ချင်တဲ့အခါ အလုပ်သမား လူတန်းစားထဲက individuals ကို လက်ညှိုးထိုးပြီး “revolutionary ဆန်တာ ဒါလား” လို့ စကားနာထိုးတတ်ကြတယ်။ class နဲ့ individuals ကို ရောသုတ်တဲ့ အမှား။
The German Ideology ကျမ်းမှာ မာ့က်စ်နဲ့ အန်းဂယ်လ်စ်တို့ ရေးခဲ့တဲ့ စာပိုဒ်နဲ့ အဆုံးသတ်လိုက်ပါရစေ –
“လူထုအတိုင်းအတာနဲ့ ကွန်မြူနစ် အသိစိတ် ထွက်ပေါ်လာပြီး အရေးတော်ပုံ အောင်မြင်ဖို့အတွက် လူထုတရပ်လုံး လူသစ်စိတ်သစ် ပြောင်းလဲသွားဖို့ လိုအပ်တယ်။ ဒီလို ပြောင်းလဲမှုမျိုးက တော်လှန်ရေးဆိုတဲ့ လက်တွေ့ လှုပ်ရှားမှုအတွင်းမှာသာ ဖြစ်ပေါ်နိုင်တယ်။ ဒါ့ကြောင့် တော်လှန်ရေးကို လိုအပ်ခြင်း ဖြစ်တယ်။ လိုအပ်ရတဲ့ အကြောင်းက အုပ်စိုးသူ လူတန်းစားကို တော်လှန်ရေးနဲ့သာ ဖြိုချနိုင်လို့ပဲ၊ ဒါတင်မကသေး၊ ဒီလို ဖြိုချမယ့် လူတန်းစားကိုယ်တိုင် ခေတ်အဆက်ဆက်က ပါလာတဲ့ အညစ်အကြေးတွေကို တော်လှန်ရေး ဆင်နွှဲမှသာ ဖယ်ရှားပစ်နိုင်တယ်၊ ဒီတော့မှ လူ့အဖွဲ့အစည်း အသစ်ကို ထူထောင်ဖို့ အံဝင်ခွင်ကျ ဖြစ်သွားမယ်။”
“Both for the production on a mass scale of this communist consciousness, and for the success of the cause itself, the alteration of men on a mass scale is, necessary, an alteration which can only take place in a practical movement, a revolution; this revolution is necessary, therefore, not only because the ruling class cannot be overthrown in any other way, but also because the class overthrowing it can only in a revolution succeed in ridding itself of all the muck of ages and become fitted to found society anew.”
ဒင်နူး