သိပ္ပံနည်းကျ ဆိုရှယ်လစ်ဝါဒဆိုတာ သမိုင်းကို စက်ယန္တရားဆန်တဲ့အမြင်နဲ့ ပုံဖော်ပြတာပဲ၊ သူ့မှာ ပုဂ္ဂိုလ်တဦးချင်းစီရဲ့ အခန်းကဏ္ဍကို ထည့်မစဉ်းစားဘူး၊ လွတ်လပ်တဲ့ စိတ်ဆန္ဒရဲ့ အခန်းကဏ္ဍကိုလည်း ထည့်မစဉ်းစားဘူး လို့ မာ့က်စ်ဝါဒ ဝေဖန်ရေးသမားတွေက ဆိုလေ့ရှိတယ်။ ဒီဆောင်းပါးမှာ ရှောင်လွဲလို့မရတဲ့အဖြစ်နဲ့ မတော်တဆဖြစ်ရပ်တို့ကြားက ပဟေဠိ၊ နောက်ပြီး တော်လှန်ရေးခေါင်းဆောင်မှု လိုအပ်ပုံတို့ကို ဒန်နီယယ် မော်လီက ဆွေးနွေးထားပါတယ်။
မာ့က်စ်ဝါဒကို ဆန့်ကျင်သူတွေက မာ့က်စ်ဝါဒဟာ သမိုင်းကို ‘ကံကြမ္မာ စီရင်ပြဋ္ဌာန်းထားတဲ့အတိုင်း လိုက်နာရတယ်’ ဒါမှမဟုတ် ‘တယ်လီရော်လော်ဂျီဆန်ဆန်’ ရှုမြင်တယ်လို့ အမြဲလိုလို စွပ်စွဲကြတယ်။ တနည်းပြောရရင် မာ့က်စ်ဝါဒီတွေက သမိုင်းတခုလုံးမှာ အသေသတ်မှတ်ပြီးသား ပန်းတိုင် ဒါမှမဟုတ် ရည်ရွယ်ချက်တခု ရှိသလိုမျိုး မြင်ကြတယ်ဆိုပြီး စွပ်စွဲတာပါပဲ။
သမိုင်းတခုလုံးအပေါ် ကြိုတင်စီရင်ပြဌာန်းထားတဲ့အတိုင်း ရှုမြင်တဲ့ ရှေ့ဖြစ်ဟော ဘာသာရေး အသစ် တခုလိုမျိုး မာ့က်စ်ဝါဒကို ပုံဖျက်ပြောဆိုကြတယ်။ ‘ခရစ်ယာန် ဘာသာဝင်တွေအတွက် ဘုရားသခင်ရဲ့ နိုင်ငံတော်ဆိုတာ တနေ့မဟုတ်တနေ့ ကြုံရမှာ ဖြစ်သလို ကွန်မြူနစ်စနစ်ဟာလဲ မြေကြီး လက်ခတ်မလွဲ ကြုံတွေ့ရမယ့်အရာ ဖြစ်တယ်၊ ဒါကို နှောင့်ယှက်ဟန့်တားလို့ မရသလို ပြောင်းလဲလို့လဲ မရဘူးလို့ မာ့က်စ်ဝါဒီတွေက ယူဆထားကြသလိုလို စွပ်စွဲကြတယ်။
အရင်းရှင်စနစ်ဘက်တော်သား ဩစတြီးယား အဘိဓမ္မာဆရာ ကားလ်ပေါ့ပါက မာ့က်စ်ဝါဒဟာ ‘အတုအယောင် သိပ္ပံပညာရပ်’ပါလို့ လူသိရှင်ကြား စွပ်စွဲခဲ့တယ်။ ပို့စ်မော်ဒန်ဝါဒီတွေကလည်း အလားတူ စွပ်စွဲကြတာပဲ။ သူတို့က မာ့က်စ်ဝါဒကို ‘metanarrative’ တခုလို့ ပုတ်ခတ်ပြောဆိုတယ်၊ ရှုပ်ထွေးပွေလီတဲ့ သမိုင်းဖြစ်စဉ်တွေကို ဘယ်တော့မှ ဖြစ်မလာနိုင်မယ့် လွတ်မြောက်ရေး ဇာတ်လမ်း တပုဒ်အဖြစ် ခပ်လွယ်လွယ် လျှော့ချပစ်ဖို့ ကြိုးပမ်းချက်လို့ စွပ်စွဲကြတယ်။
တော်လှန်ပြောင်းလဲရေးအတွက် တိုက်ပွဲဝင်နေလို့ ဘာမှ ထူးမသွားဘူး ဆိုတဲ့ အဆိုးမြင်စိတ်ကို တည်ဆဲအခြေအနေ ထောက်ခံသူတွေက ဖြန့်ဖြူးတဲ့ နေရာမှာ ဒီစွပ်စွဲချက်တွေက တော်တော် အသုံးတည့်ပါတယ်။ တကယ်မရှိတဲ့ အရာအတွက် တိုက်ပွဲဝင်တာဟာ ယုတ္တိမရှိဘူး၊ တုံးအရာ ရောက်တယ်လို့ သူတို့က ဆိုကြတယ်။ လုပ်ရမှာက ရှင်းရှင်းလေး။ တည်ဆဲ အခြေအနေက ကိစ္စရပ်တွေကို မေးခွန်းမထုတ်ဘဲနဲ့ လက်ခံလိုက်တာထက် သိပ္ပံနည်းကျတဲ့ အရာ ရှိနိုင်ပါဦးမလား။
ဒီလိုအမြင်မျိုးက မာ့ခ်စ်ဝါဒဟာ လူပုဂ္ဂိုလ်ရဲ့ အခန်းကဏ္ဍကို ဖယ်ထုတ်ပစ်တာပဲလို့ ဆိုတယ်။ မာ့က်စ်ဝါဒမှာ အသိစိတ်နဲ့ လွတ်လပ်တဲ့ စိတ်ဆန္ဒအတွက် နေရာမရှိဘူး။ အသက်မပါတဲ့ စက်ယန္တရားဆန်ဆန် လောကအမြင် တခုအဖြစ် မာ့က်စ်ဝါဒကို ပုံဖော်ကြတယ်။ တနည်းဆိုရရင် ကျနော်တို့တွေဟာ ပြောင်းလို့မရနိုင်တဲ့ သမိုင်းနိယာမတွေရဲ့ အချုပ်အနှောင်ခံထားရတဲ့သူတွေပဲလို့ ဆိုလိုတာဖြစ်တယ်။
ဒီလို ဝေဖန်မှုတွေဟာ တဖက်သက်အမြင်သာဖြစ်တယ်။ ဆန့်ကျင်ဘက် တရားတွေဟာ သီးခြားစီ ဖြစ်နေတာမဟုတ်၊ အတူတကွ ပေါင်းစည်းနေတယ် ဆိုတာ နားလည်နိုင်စွမ်း မရှိတာပဲ။ မာ့က်စ်ဝါဒကို ဆန့်ကျင်သူတွေအတွက်တော့ သမိုင်းဆိုတာ ငြင်း လုံးလုံး၊ ဟုတ် လျားလျားပဲ။ (မာ့က်စ်ဝါဒီတွေရဲ့ ယူဆချက်ဆိုပြီး သူတို့ ပြောကြသလို) အရာအားလုံးဟာ ကြိုတင်ပြဌာန်းထားပြီးသား ဖြစ်ရင်ဖြစ်၊ အဲသလိုမှ မဟုတ်ရင် ကြုံသလို ဖြစ်ချင်ရာ ဖြစ်နေတာမျိုး၊ မျိုးဆက်တိုင်းက လွတ်လပ်မှု အပြည့်အဝနဲ့ စည်းလွတ်ဝါးလွတ် ရေးချင်သလို ရေးလို့ရတဲ့ ဗလာစာအုပ်တအုပ်လိုပေါ့။
ရွေးစရာဆိုလို့ အမြင်နှစ်မျိုးပဲ ရှိသလို ဖြစ်နေတယ်။ တခုက ကံကြမ္မာစီရင်ပြဌာန်းခံဝါဒ ဖြစ်ပြီး နောက်တခုက ကျနော်တို့အခေါ် စိတ်ဆန္ဒပဓာနဝါဒ ဖြစ်တယ်။ တကယ်တမ်းကျ အဲဒီနှစ်ခုလုံးက မှားပါတယ်။ ဒင်္ဂါးပြားတခုရဲ့ ခေါင်းနဲ့ပန်းကို ခွဲထုတ်ဖို့ ကြိုးစားသလို ဆန့်ကျင်ဖက် ဝင်ရိုးစွန်းတွေကို ဖြတ်တောက် ခွဲခြားပစ်လိုက်တာပဲ။
စိတ်ဆန္ဒပဓာနဝါဒ
ဆန့်ကျင်ဘက်တရားတွေကို သီးခြားစီ ခွဲထုတ်ကြည့်မယ်ဆိုရင် အဓိပ္ပါယ်ကောက် မှားရုံတင်မကဘဲ တခုနဲ့တခု ခွဲမရနိုင်အောင် ဖြစ်သွားမယ်။ အာကာသထဲမှာလို ပိန်းပိတ်အောင်မှောင်နေမှ လူတစ်ယောက်ကို မမြင်မကန်း ဖြစ်သွားစေတာ မဟုတ်ပါဘူး။ လင်းလွန်းအားကြီးပြီး ထိန်ထိန်ညီးနေရင်လည်း မမြင်မကန်း ဖြစ်စေနိုင်တာပါပဲ။ စိတ်ဆန္ဒပဓာနဝါဒဆိုတာလည်း ဒီအတိုင်းပဲ။
ဒီအယူအဆရဲ့ နမူနာတခုကတော့ ‘မဟာ လူသားတွေကို သမိုင်း ဖန်တီးသူတွေ’ အဖြစ် ယူဆတဲ့ သမိုင်း အမြင်ပဲ။ သိစိတ်ရှိတဲ့ လူသားတွေက သမိုင်းကို ဖော်ဆောင်တာ ဖြစ်တဲ့အတွက် သမိုင်းထဲက အဓိကဇာတ်လိုက်တွေရဲ့ အတွေးအခေါ်တွေကပဲ သမိုင်းကို ထုဆစ်ပုံဖော်တယ် ဆိုတဲ့အချက်ကို ဒီအမြင်က ကိုင်စွဲပါတယ်။ ခရွန်းဝဲလ်တို့လို၊ နပိုလီယံတို့လို မဟာလူသားတွေမှာ တမူထူးခြားတဲ့ ပင်ကိုယ်စရိုက်တွေ ရှိတဲ့အတွက် သူတို့ရဲ့ ယုံကြည်ချက်တွေကို လက်တွေ့အကောင်အထည်ဖော်လိုက်တဲ့အခါ ကြီးကျယ်ခမ်းနားတဲ့ သမိုင်းဖြစ်ရပ်တွေ ဖြစ်ပေါ်လာရတယ်ဆိုပြီး ပြောလေ့ရှိတယ်။
အဒမ် ကားတစ်စ်ဟာ မကြာသေးခင်က ထွက်ရှိထားတဲ့ မှတ်တမ်းရုပ်သံ ဇာတ်လမ်းတွဲတခုမှာ မင်းမဲ့ဝါဒီတဦးဖြစ်တဲ့ မနုဿဗေဒပညာရှင် ဒေးဗစ် ဂရေဗာရဲ့ စကားတခုနဲ့ မှတ်တမ်း ရုပ်သံကို စထားသလို၊ အဲဒီစကားနဲ့ပဲ အဆုံးသတ်ထားတယ်။ ဖတ်ကြည့်လိုက်ရင် အဲစကားဟာ လူပုဂ္ဂိုလ်အသားပေး၊ စိတ်ဆန္ဒအသားပေးတဲ့ voluntarist အမြင်ဆိုတာ တွေ့ရလိမ့်မယ် –
“အမှန်တရားဆိုတာ ကျွန်တော်တို့ လုပ်လို့ ပေါ်လာတဲ့ အရာဖြစ်တယ်။ ဒီပုံစံနဲ့မကြိုက်ရင် နောက်ပုံစံတမျိုးဖြစ်အောင် လွယ်လင့်တကူ ပြောင်းလဲဖန်တီးယူလိုက်လို့ရတယ်။ ဒါကိုသိရင် လောကကြီးရဲ့ အင်မတန်လျှို့ဝှက်နက်နဲတဲ့ အခြေခံအကျဆုံး အမှန်တရားကို ဖော်ထုတ်မိတာပဲ။”
ဒါ့ကြောင့် ချုပ်ခြယ်မှု အားလုံးကနေ လွတ်မြောက်သွားသယောင် ပြောထားတဲ့ ဒီကောက်ချက်အရ သမိုင်းကို အခြားတနည်းနဲ့ အလွယ်ကလေး ပြောင်းလဲဖန်တီးယူလို့ပဲ ရနေသလိုလို။ ကောင်းနိုးရာရာ အတွေးအမြင် အယူအဆတွေကို စိတ်ကြိုက်ရွေးချယ်ပြီး အရာရာကို ကောင်းသထက် ကောင်းသွားအောင် လုပ်လို့ ရနေသလိုလို ဖြစ်နေတယ်။
ဒီစိတ်ဆန္ဒ ပဓာနဝါဒဟာ သူကိုယ်၌က လူ့သဘာဝကို အလွန်အမင်း အမွှန်းတင်တဲ့ အမြင်ပေါ်မှာ အခြေတည်ထားတာဖြစ်နေတယ်။ လွတ်လပ်တဲ့ စိတ်ဆန္ဒကို အရူးအမူး ကိုးကွယ်လွန်းတယ်။ ဒါပေမဲ့ ရယ်စရာကောင်းတာက ဒီတဖက်စောင်းနင်း အမြင်ကြောင့်ပဲ သူနဲ့ လုံဝဆန့်ကျင်ဘက်ဖြစ်တဲ့ ကံကြမ္မာစီရင်ပြဌာန်းခံဝါဒဘက် အခြမ်းထဲ မသိလိုက် မသိဘာသာ ကျရောက်သွားရတော့တယ်။
လူပုဂ္ဂိုလ်တဦးတယောက်က သူ့ရဲ့ အဲဒီ ပုဂ္ဂိုလ်ရေး အခန်းကဏ္ဍဆိုတဲ့ အခြေခံအချက် လေးလောက်ကို သဘောပေါက်ထားရုံနဲ့ ကမ္ဘာလောကကြီးကို စိတ်ကြိုက်ပြောင်းလဲပြီး သမိုင်းကို ဖန်တီးနိုင်တယ်ပဲထား။ ဒါဆို ဒီမှာ မေးစရာရှိတာက ‘ဘာလို့ လူတိုင်း မဖန်တီးတာလဲ။’ ‘ကမ္ဘာလောကကြီးဟာလည်း တခြားပုံစံ ဖြစ်မနေဘဲ ဘာလို့ အခုလို သူ့သဘော သူဆောင်ပြီး လည်ပတ်နေတာလဲ။
သာလွန်ကောင်းမွန်တဲ့ လူ့အဖွဲ့အစည်းပုံစံတွေကို တင်ပြခဲ့သူတွေ သမိုင်းတလျှောက် ဒုနဲ့ ဒေး။ တချို့လူတွေမှာ နောက်လိုက် သန်းနဲ့ချီပြီးတောင် ရှိခဲ့ကြသေးတယ်။ ဒါတောင်မှ အဲဒီသာလွန်ကောင်းမွန်တဲ့ လူ့အဖွဲ့အစည်းဆိုတာ အခုထက်ထိ ဖြစ်မလာနိုင်သေးဘူး။
ဒီလောကအမြင်ဟာ နောက်ဆုံးတော့ အရာရာဟာ ကြုံသလို ဖြစ်နေတာဆိုတဲ့ ဘူတာကိုပဲ ဆိုက်သွားပါတယ်။ သမိုင်းဟာ ဦးတည်ရာမဲ့ ဖြစ်နေတဲ့ပုံ ပေါက်သွားတယ်။ အတော်ဆိုးရွားတဲ့ အရာတွေ ဖြစ်လာတယ် ဆိုတာကလည်း ကျုပ်တို့က ဆိုးအောင် လုပ်လိုက်လို့ကို ဆိုးတာ။ ဘာအကြောင်းပြချက်မှ မယ်မယ်ရရ မရှိတဲ့ ပုံစံ ပေါက်နေတယ်။ အဲဒီတော့ ဆိုးရွားတဲ့ အရာတွေ အများကြီး ဘာကြောင့် ဖြစ်ရတာလဲ ဆိုတာ ရှင်းပြလို့ မရတဲ့ ပဟေဠိ ဖြစ်သွားသလို အဲသလို ဆိုးနေတာတွေအစား အကောင်းတွေ ဖြစ်လာအောင် ဘယ်လိုလုပ်မှ ရမလဲဆိုတာပါ လျှို့ဝှက်ဆန်းကြယ်တဲ့ အရာကြီး ဖြစ်သွားတော့တယ်။
‘သမိုင်းကို တနည်းတဖုံဖြစ်အောင် လွယ်လင့်တကူ ပြောင်းလဲပစ်ပြီးပြီ’ ဆိုရင် ရုပ်ဆိုးအကျည်းတန်တဲ့ သမိုင်းတွေ တကျော့ပြန် အားကောင်းမလာအောင် ဘယ်လိုကြိုတင် ကာကွယ်ရမလဲဆိုတာ လျှို့ဝှက်ဆန်းကြယ်တဲ့ ကိစ္စတခု ဖြစ်နေတုန်းပဲ။ အဲဒီတော့ သမိုင်းဆိုတာ ရှင်းပြလို့ မရတဲ့ အရာကြီး ဖြစ်သွားတယ်။ ယုတ္တိမရှိတဲ့ အရာကြီး ဖြစ်သွားတယ်။ ဟင်နရီဖို့ဒ် ပြောခဲ့တဲ့အတိုင်း ဆိုရရင် သောက်ကျိုးနည်း ကိစ္စတွေ တခုပြီး ဖြစ်နေတဲ့ပုံပဲ ပေါက်သွားတယ်။ အဆုံးမတော့ လူတိုင်းဟာ ပဟေဠိဆန်တဲ့ သမိုင်းဇာတ်ခုံပေါ်မှာ ကံဇာတ်ဆရာ အလိုကျ လှုပ်ရှားရတဲ့ သားကောင်တွေအဖြစ်နဲ့သာ ဆက်ရှိနေတော့တယ်။
ငါတို့ကိုယ်တိုင် သမိုင်းကို ဖန်တီးကြခြင်း ဖြစ်တယ်လို့ ပြတ်ပြတ်သားသား ဆိုလိုက်ခြင်းအားဖြင့် စိမ်းကား ကင်းကွာခြင်းနဲ့ ခိုကိုးရာမဲ့ ဖြစ်နေခြင်းတို့ကို ကျော်လွှားသွားနိုင်မယ်လို့ ဂရေဘာက ဆိုတယ်။ အနှစ်သာရမရှိတဲ့ စိတ်ဆန္ဒ ပဓာနဝါဒဟာ အနှစ်သာရ မရှိတာတွေပဲ မွေးဖွားပေးတယ်။
ကြောင်းကျိုးဆက်နွယ်မှုနဲ့ လောကနိယာမတွေကို စွန့်ခွာထွက်ပြေးနေတာဟာ လွတ်မြောက်မှု အစစ်အမှန် မဟုတ်၊ အဲဒါတွေကို နားလည်ပြီး အသုံးချနိုင်တာကသာ လွတ်မြောက်မှု အစစ်အမှန်လို့ မာ့က်စ်ဝါဒက ရှင်းပြပါတယ်။ လူ့အဖွဲ့အစည်းရဲ့ နိယာမတွေကို နားလည်သဘောပေါက်သွားရင် အဲဒီလူ့အဖွဲ့အစည်းကို ပြောင်းပစ်နိုင်မယ့် စွမ်းပကားတွေ ရလာမယ်။ ကြောင်းကျိုးတရားတွေကို မျက်စိစုံမှိတ် မျက်ကွယ်ပြုထားရင်တော့ အမှန်အတိုင်း မြင်နိုင်မှာ မဟုတ်ဘူး။
တိုးတက်မှုဖြစ်စဉ်
မာ့က်စ်ဝါဒီတွေဟာ ရုပ်ဝါဒီတွေ ဖြစ်တယ်။ လူသားတွေဟာ ရုပ်ခန္ဓာနဲ့ သက်ရှိတွေ ဖြစ်တယ်။ ကျနော်တို့ရဲ့ အတွေးစိတ်ကူးတွေက ရုပ်ဘဝ အတွေ့အကြုံကို ထုတ်ဖော်ပြသတယ်။ စိတ်ခံစားမှုတွေနဲ့ စိတ်ကူးအိပ်မက်တွေဆိုတာ အခြေခံအားဖြင့် ကျနော်တို့ရဲ့ ရုပ်ပိုင်းဆိုင်ရာ လိုအပ်ချက်တွေကနေ ပေါက်ဖွားလာခြင်း ဖြစ်တယ်။
သမိုင်းဟာ ဖြစ်ချင်ရာ ဖြစ်နေတာချည်း မဟုတ်သလို နတ်ဘုရားတွေက ကြိုတင်စီမံထားတဲ့အတိုင်း ဖြစ်နေတာလည်း မဟုတ်ဘူး။ သဘာဝဖြစ်စဉ်တွေ အားလုံးမှာ နိယာမတွေ ရှိသလို သမိုင်းမှာလည်း နိယာမတွေ ရှိတယ်။ ဒါ့ကြောင့် သမိုင်းကို နားလည်နိုင်တယ်။ သမိုင်းရဲ့ နိယာမတွေကို ကြည့်လိုက်တော့ သမိုင်းဟာ ရှေ့ကို ဆက်လက် တိုးတက်နေတယ်ဆိုတာ တွေ့ရတယ်။ ကုန်ထုတ်စီးပွား ဖွံ့ဖြိုးတိုးတက်မှု မြင့်မားလာပြီး ပိုရှုပ်ထွေးလာတဲ့ လူ့အဖွဲ့အစည်း ပုံစံတွေဆီ တက်လှမ်းနေတယ်ဆိုတဲ့ အလားအလာကို ပြနေတယ်။
ပို့စ်မော်ဒန်သမားတွေက အဲဒီသဘောတရားကို နယ်ချဲ့ဝါဒဆန်တယ် ဒါမှမဟုတ် လူမျိုးရေး ခွဲခြားတယ်ဆိုပြီး သမုတ်ကြတယ်။ ‘အဲဒီသဘောတရားက အနောက်လူ့အဖွဲ့အစည်းဟာ ကိုယ်ကျင့်တရားပိုင်းမှာ တခြားလူ့အဖွဲ့အစည်းတွေထက် ပိုသာလွန်တယ်’ ဆိုပြီး သွယ်ဝိုက် ရည်ညွှန်းရာရောက်တယ်လို့ သူတို့က သမုတ်ကြတာ ဖြစ်တယ်။ ဒါကြောင့်ပဲ တခြား လူ့အဖွဲ့အစည်းတွေကို လွှမ်းမိုး ခြယ်လှယ်ခွင့် ရှိတယ်လို့ ဆိုကြတယ် (အကြောင်းက ပိုပြီးတော့ ရှေ့တန်းရောက်လို့) ။ တကယ်တော့ မာ့က်စ်ဝါဒီတွေဟာ အမာခံ နယ်ချဲ့ ဆန့်ကျင်ရေးသမားတွေ ဖြစ်တယ်။
ဒါပေမယ့် အကယ်လို့ သမိုင်းမှာ ဖြစ်ပေါ်တိုးတက်မှု မရှိဘူးဆိုရင် ပထမဆုံးသော လူသားတွေက အမဲလိုက် ရှာဖွေ စုဆောင်းသူတွေအဖြစ် အစမပြုဘဲ အရင်းရှင်စနစ်နဲ့ မြို့ပြ လူ့အဖွဲ့အစည်းကို ကောက်ကာငင်ကာ ထူထောင်ခဲ့မှာပေါ့လို့ ပြောလာရင် ယုတ္တိရှိတယ်။ ဒါမှမဟုတ် အရင်းရှင်စနစ်ကို တော်လှန်ရေးနဲ့ အောင်အောင်မြင်မြင် ဖြိုဖျက်လိုက်နိုင်ရင် ဆိုရှယ်လစ်စနစ်ကို မရောက်ဘဲ မြေရှင် ပဒေသရာဇ် စနစ်ဆီ ပြန်ရောက်သွားမယ်လို့ ပြောရင်လဲ ယုတ္တိကျတာပဲ။
ဒီလို ဖြစ်နိုင်ခြေတွေ ချရေးပြလိုက်တော့ သမိုင်းရဲ့ ဖြစ်ပေါ်တိုးတက်မှုနဲ့ နိယာမသဘောကို ငြင်းပယ်ခြင်းဟာ ဘယ်လောက် အနှစ်သာရ ကင်းမဲ့နေသလဲ ဆိုတာ မြင်သာသွားတယ်။ ဒီလိုပြောလိုက်လို့ သမိုင်းဟာ မျဉ်းဖြောင့်တကြောင်းလို အဟန့်အတားမရှိ ဖြစ်ပေါ်တိုးတက်နေတယ်လို့ ဆိုလိုတာ မဟုတ်ဘူး။ ကျုပ်တို့ နားလည်သိမြင်နိုင်တဲ့ ယထာဘူတကျတဲ့ သမိုင်းဆိုင်ရာ နိယာမတွေ ရှိတယ်လို့ ပြောချင်တာ။ သမိုင်းရဲ့ ပင်မ လမ်းကြောင်းက ပိုပြီးအဆင့်မြင့်တဲ့ လူ့အဖွဲ့အစည်း ပုံစံတွေဆီ ဦးတည် ချီတက်နေတယ်လို့ ပြောချင်တာ။
အကြွင်းမဲ့ ပြဋ္ဌာန်းခံဝါဒ (Absolute determinism)
ဒါဖြင့် ကံကြမ္မာ စီရင်ပြဌာန်းခံဝါဒဆိုတာ ဘာလဲ။ ကျုပ်တို့ ဒါကို ဘာလို့လက်မခံရတာလဲ။ ၁၈ရာစုမှာ ကံကြမ္မာစီရင်ပြဌာန်းခံဝါဒ၊ သို့မဟုတ် အကြွင်းမဲ့ပြဌာန်းခံဝါဒရဲ့ အယူအဆတွေ စပြီး အားကောင်းလာတယ်။ အဲဒီအချိန်တုန်းကတော့ ဒါဟာ အဘိဓမ္မာ နယ်မှာ ရှေ့ဆက် တက်လှမ်းခြင်းပဲ၊ လူ့အဖွဲ့အစည်းကို သိပ္ပံနည်းကျ နားလည်ဖို့ အားထုတ်မှု တစုံတရာ ဖြစ်ခဲ့တယ်။
ဥပမာ Laplace ပြောခဲ့ဖူးတဲ့ အတော် ပြောင်မြောက်တဲ့ စကားတခု ရှိတယ်။ ‘အက်တမ် တလုံးစီရဲ့ အနေအထားနဲ့ အလျင်ကို သိပြီး သူတို့ကို လွှမ်းမိုးနေတဲ့ နိယာမတွေကို သိမယ်ဆိုရင် အရာရာကို ထာဝရ ကြိုတင် ခန့်မှန်းနိုင်လိမ့်မယ်’ တဲ့။
ဒါဟာ စူးရှမှန်ကန်တဲ့ အမြင်ပဲ။ တကယ်လည်း သဘာဝတရားထဲမှာ အရာအားလုံးက သဘာဝ နိယာမတွေကို လိုက်နာရပြီး အချင်းချင်း အပြန်အလှန် ဆက်နွှယ်နေကြတာကိုး။ ဒါပေမဲ့ အဲဒီအမြင်က အလွယ်ပြုတာ လွန်ကဲသွားတယ်။ အဲဒီအမြင်ဟာ ကြောင်းကျိုးဆက်နွှယ်မှုတွေကို အစဉ်လိုက်သဘောမျိုး ကောက်ယူတယ်။ ဆိုလိုတာက အတိတ်က ဖြစ်ရပ်ကို အကြောင်းပြုပြီးတော့သာ အကျိုးဆက်ဖြစ်ရပ်တခု ပေါ်လာတယ်၊ နိယာမတခုစီက သီးခြားစီ ထုတ်ဖော်ပြသတယ်လို့ ယူဆထားတယ်။
အမှန်တော့ ဖြစ်ရပ်တိုင်းဟာ အကန့်အသတ်မဲ့ အကြောင်းတရားပေါင်း များစွာရဲ့ ရလဒ်တခုပဲ၊ အကြောင်းတရားအားလုံးက ကြောင်းကျိုးဆက်နွှယ်မှု ကွန်ရက်အတွင်း အပြန်အလှန် သက်ရောက်နေကြတယ်။ နိယာမတွေဟာ သူတို့ဘာသာ တိုက်ရိုက် ထုတ်ဖော်ပြလေ့ မရှိသလို ပကတိအတိုင်း ဖော်ပြမှာလဲ မဟုတ်ဘူး၊ နိယာမတခုကို တခြား နိယာမတွေရဲ့ လုပ်ဆောင်ချက်က အခြေအနေ အရပ်ရပ်အပေါ် မူတည်ပြီး ပုံစံအမျိုးမျိုးနဲ့ ပြုပြင်စီရင်ပေးကြတယ်။
Laplace လို အလွယ်လမ်းလိုက်တဲ့ အမြင်မျိုးနဲ့ သမိုင်းကို ရှုမြင်ကြတယ် ဆိုပြီး မာ့က်စ်ဝါဒီတွေကို ပုံဖျက် တိုက်ခိုက်လေ့ရှိတယ်။ ဝေဖန်သူတွေ အဆိုအရ မာ့ခ်စ်ဝါဒီတွေရဲ့ အမြင်မှာ လူ့အဖွဲ့အစည်းကို ထိန်းချုပ်ထားတဲ့ နိယာမတွေဟာ စီးပွားရေး နိယာမတွေသာ ဖြစ်တယ်။ ဒါ့အပြင် အဲဒီနိယာမတွေက ပကတိအတိုင်း တိုက်ရိုက် လုပ်ဆောင်နေကြတာ ဖြစ်လို့ လူ့အဖွဲ့အစည်း ဘယ်လို ဖြစ်ပေါ် တိုးတက်သွားမလဲ အတိအကျ ကြိုမြင်နိုင်တယ်၊ ရှောင်တခင် ဖြစ်ရပ်မျိုး မရှိနိုင်ဘူးလို့ ထိုဝေဖန်သူတွေက ဆိုတတ်ကြတယ်။
၁၈ရာစုက စက်ယန္တရားဗေဒ ရုပ်ဝါဒီတွေဟာ အသိစိတ်ရဲ့ အရေးပါပုံကို ထည့်မစဉ်းစားခဲ့ကြဘူး။ အသိစိတ်ကြောင့် ဖြစ်လာရတဲ့ အရာဆိုလို့ ဘာတခုမှ မရှိဘူး၊ အသိစိတ်ဟာ ရေနက်စီးကြောင်းတွေ ဘောင်ဘင်ခတ်လို့ ဖြစ်လာတဲ့ လှိုင်းထိပ်က အမြှုပ်တွေလို အပြုခံသက်သက် အကျိုးဆက် တခုသာ ဖြစ်တယ်၊ သူတို့ ဒီလိုပဲ ယူဆခဲ့ကြတယ်။
ဒါဟာ သိပ္ပံပညာမှာ တော်တော်များများ လုပ်မိတတ်တဲ့ အမှားပဲ။ Reductionism လို့ခေါ်တယ်။
‘eliminative materialism’ လို့ ပေါလ်ချာ့(ခ်ျ) လန်း(ဒ်) ပြောတဲ့ neurophilosophy ဟာ အမြင်သာဆုံး ဥပမာပဲ။ သူပြောပုံအရဆို ယုံကြည်မှု ဆိုတာတွေက တကယ် မရှိဘူး။ နျူရွန် ဆဲလ်တွေပဲ ရှိတယ်။ လူသားတွေရဲ့ အပြုအမူကို နားလည်သဘောပေါက်ဖို့ဆိုရင် နျူရွန်ဆဲလ်တွေကို နားလည် သဘောပေါက်အောင် လုပ်ဖို့ပဲ လိုအပ်တယ်။ အဲသလို သိပ္ပံပညာရှင်တွေဟာ ရုပ်တရားကြောင့် အသိစိတ် ဖြစ်လာရတယ်ဆိုတဲ့ အချက်လောက်ကိုသာ ကိုင်စွဲထားပြီး အသိစိတ်က အရာရာကို အကျိုးသက်ရောက်နိုင်စွမ်း ရှိတယ်ဆိုတဲ့ အချက်ကိုတော့ လက်မခံကြဘူး။
ဒါဆို ဘာကြောင့် ကျုပ်တို့မှာ အတွေးအခေါ်တွေ ရှိတာလဲ။ ဘာကြောင့် လူတန်းစားတွေဟာ အယူဝါဒတွေ တည်ထောင်ပြီး ဝါဒဖြန့်ချိဖို့အရေး အလွန်အမင်း အားထုတ်နေရတာလဲ။ ဘာကြောင့် နိုင်ငံရေးပါတီတွေ ဖွဲ့စည်းကြတာလဲ။ သူ့သဘော သူဆောင်တဲ့ စီးပွားရေး နိယာမတွေက အရာရာကို မောင်းနှင်သွားတယ်ဆိုရင် အယူဝါဒရေးရာ၊ သဘောတရားရေးရာ တိုက်ပွဲတွေ ဆင်နွှဲဖို့ ဘာလို့ ရေးကြီးခွင်ကျယ်လုပ် ပြောနေမှာလဲ။
သမိုင်းကို စီးပွားရေးနိယာမတွေကပဲ စီရင်ပြဌာန်းတယ်ဆိုပါစို့။ ဒါဆို အဲဒီနိယာမတွေက ဘာလို့ အဲသလို စီရင်ပြဌာန်းတာမျိုး လုပ်ရတာလဲ ဆိုတာရှင်းပြဖို့ အတော်ခက်သွားပြီ။ အဲဒီနိယာမတွေဟာ ဘယ်ကနေ ရောက်လာတာလဲ။ ဘယ်လိုလုပ်ပြီး သူတို့မှာ အဲသလို အစွမ်းတွေ ရှိနေရတာလဲ။
ပရပ်ရှားပြည်အဓိပတိ ဘစ်စ်မာ့က်ခ်(Bismarck)ဟာ ဒီလိုမျိုး တဖက်သတ်ဆန်တဲ့ စက်ယန္တရားရုပ်ဝါဒ အမြင်မျိုးကို မသိလိုက်မသိဘာသာ ထုတ်ဖော်ပြောဆိုဖူးတယ်။ အဲ့တုန်းက သူပြောတာက “ကျုပ်တို့တွေ သမိုင်းကို မဖန်တီးနိုင်ပါဘူး – သမိုင်းကို ဖန်တီးနေချိန် ကျုပ်တို့ စောင့်ဆိုင်းနေရမယ်။” ဒါဆိုရင် သမိုင်းကို ဘယ်သူတွေက ဖန်တီးနေတာလဲ။ နောက်ပြီး ဘာကြောင့် ဒီလိုပုံစံနဲ့ ဖန်တီးတာလဲ။
မာ့ခ်စ်က ဒီအယူမှားကို ဝေဖန်ခဲ့တယ်။
“သမိုင်းက ဘာမှ မလုပ်ဘူး။ သမိုင်းမှာ ကျိကျိတက် ကြွယ်ဝချမ်းသာမှုတွေလဲ မပိုင်ဆိုင်ဘူး။ သမိုင်းက ဘာစစ်ပွဲမှ မဆင်နွှဲဘူး။ ဓနဥစ္စာတွေ ပိုင်တာ၊ စစ်တိုက်တာ၊ ဒါတွေ အားလုံးကို သက်ရှိထင်ရှား လူသားတွေကပဲ လုပ်နေကြတာ။ လူနဲ့ သီးခြားဖြစ်နေတဲ့ သမိုင်းက သူ့ရည်မှန်းချက်တွေ ပြည့်မြောက်အောင် လူတွေကို လက်နက်သဖွယ် အသုံးချသွားတာမျိုး မဟုတ်ဘူး။ တကယ်တော့ သမိုင်းဆိုတာ တခြား ဟုတ်နိုင်ပါရိုးလား၊ ကိုယ်စီ ရည်မှန်းချက်တွေ ဖော်ဆောင်နေကြတဲ့ လူသားတွေရဲ့ လှုပ်ရှားဆောင်ရွက်မှုသာ ဖြစ်တယ်” လို့ မာ့က်စ်က ပြောင်မြောက်စွာ ဆိုခဲ့တယ်။
ဒါဖြင့် သက်ရှိထင်ရှား လူပုဂ္ဂိုလ်တွေကပဲ သမိုင်းကို ဖန်တီးတယ် ဆိုရင် ဒီအချက်က သမိုင်းရဲ့ နိယာမသဘောကို ပစ်ပယ်ရာ ရောက်မသွားပေဘူးလား။ အကြောင်းက လူတဦးချင်းအလိုက် တမူထူးခြားမှု ရှိသလို သူတို့ကို ကြိုတင် ခန့်မှန်းဖို့လဲ မဖြစ်နိုင်ဘူး။ စက်ယန္တရားဆန်တဲ့ အကြွင်းမဲ့ ပြဌာန်းခံဝါဒကို ဆန့်ကျင်ရင်း စိတ်ဆန္ဒ ပဓာနဝါဒဘက် ကျုပ်တို့ ပြန်ရောက်မသွားပေဘူးလား။
နိယာမသဘော နဲ့ ရှောင်တခင်သဘော
ဒီမေးခွန်းကို ဖြေဖို့အတွက် ရှောင်တခင်သဘောနဲ့ မလွှဲမရှောင်သာ လိုအပ်ခြင်းသဘော (တနည်းဆိုရရင် နိယာမသဘော) ဆိုတာ ဘာကိုပြောတာလဲ နားလည်ဖို့ လိုအပ်တယ်။ အဲသလို နားလည်ဖို့ဆိုရင် သူတို့ကြားက ဆက်နွယ်မှုကို သဘောပေါက်ဖို့ လိုပါတယ်။
သမိုင်း အချိုးအကွေ့တွေမှာ ရှောင်တခင် ဖြစ်ရပ်တွေရဲ့ သက်ရောက်မှုက ကြီးမားတယ်ဆိုတာ မှန်ပါတယ်။ လူတွေကို သတ်မှတ်ထားတဲ့ အချိန်၊ သတ်မှတ်ထားတဲ့ နေရာမှာ သေချာပေါက် ရှိစေတဲ့နည်းနဲ့ သူ့ရည်ရွယ်ချက်တွေ ဖြည့်ဆည်းဖို့ လူတွေကို ရွေးချယ်တဲ့ “သမိုင်း နတ်ဘုရား” ဆိုတာ မရှိပါဘူး။ အရေးအကြီးဆုံး ဖြစ်ရပ်တွေဟာ တိုက်ဆိုင်မှု တခုခုကြောင့် လုံးလုံးလျားလျားကြီး ကွဲပြားသွားတာမျိုး ဖြစ်နိုင်ပါတယ်။ ဥပမာပေးရရင် ခေါင်းဆောင် တဦး သူစီးရမယ့် ရထားနဲ့ လွဲသွားတာကြောင့် သမိုင်း ဖြစ်ရပ်ကြီး တမျိုးတဖုံ ဖြစ်သွားတမျိုး။
ဒီတော့ သမိုင်းဆိုင်ရာ နိယာမသဘောကို ဘယ်လို ပြောနိုင်မလဲ။
နိယာမသဘောနဲ့ ရှောင်တခင်သဘောဟာ အပြန်အလှန် ဖယ်ထုတ်နေတာမျိုး မဟုတ်ဘဲ အပြန်အလှန်မှီတည်နေတာမျိုး ဖြစ်ကြောင်း ဂျာမန် တွေးခေါ်ပညာရှင် ဟေဂယ်လ် (Hegel) က ပြောင်မြောက်စွာ ဖော်ပြခဲ့တယ်။
“ဘုရားသခင်က အကျိုးစီးပွားကိုယ်စီ၊ ပြင်းပြမှုရမက် ကိုယ်စီ ရှိတဲ့ လူတွေကို သူတို့ သဘောရှိ လုပ်ခွင့်ပြုတယ်၊ ဒါပေမယ့် ရလဒ်ကတော့ သူတို့ အစီအမံအတိုင်း ဖြစ်သွားတာ မဟုတ်ဘူး၊ ဘုရားသခင် စီမံထားသလို အထမြောက်သွားခြင်းသာ ဖြစ်တယ်”လို့ ဟေဂယ်လ်က ရှင်းပြခဲ့တယ်။ (Encyclopaedia Logic, §13).
ဟေဂယ်လ်ရဲ့ ဘာသာရေး အမြင်တွေကို ဖယ်လိုက်ရင် သူထောက်ပြခဲ့တာက အခြေအနေ အကြောင်းချင်းရာတို့ရဲ့ နိယာမသဘောဟာ ပြင်ပကနေ လမ်းညွှန်ပြနေသလို ကြိုတင် ဖြစ်တည်နေတာမျိုး မဟုတ်ဘူး၊ အခိုင်အမာသဘော ရှောင်တခင် လုပ်ဆောင်မှုတွေကနေသာ ထွက်ပေါ်လာခြင်း ဖြစ်တယ်။
သာဓကကောင်း တခုကတော့ ဆင့်ကဲဖြစ်ပေါ်မှုပဲ။ တချို့သော သိပ္ပံပညာရှင်တွေ အပါအဝင် လူတော်တော်များများဟာ “ဒီအင်္ဂါကို အမြင် အာရုံအတွက် ဖန်တီးထားတာပဲ” လို့ လွဲမှားစွာ ပြောတတ်ကြတယ်။ ဒီအဆိုဟာ သမိုင်းဆိုင်ရာ နိယာမတွေက လူ့အဖွဲ့ အစည်းကို ကြိုတင် ပြဋ္ဌာန်းထားတာပဲလို့ တွေးခေါ်တာနဲ့ တသဘောတည်း ဖြစ်နေတယ်။
ဒါပေမယ့် ဆင့်ကဲဖြစ်ပေါ်မှု သဘောတရား တခုလုံးရဲ့ အဓိက ဆိုလိုရင်းက သက်ရှိတွေရဲ့ သမိုင်းဆိုင်ရာ ဖြစ်ပေါ်တိုးတက်မှုကို မည်သည့် ရှေ့ဆောင် ရည်ရွယ်ချက်မှ မပါဘဲ (သို့မဟုတ်) မည်သည့် ဖန်ဆင်းရှင်မှ မပါဘဲ ရှင်းပြဖို့ ဖြစ်တယ်။ ကိုယ်အင်္ဂါ အစိတ်အပိုင်းတွေဟာ သိစိတ်ရှိရှိ ထုတ်ဆစ်ထားခြင်း မရှိဘဲ ဆင့်ကဲပြောင်းလဲလာတာ ဖြစ်ကြောင်း ကျနော်တို့ သိတယ်။ ဆင့်ကဲဖြစ်ပေါ်မှု နိယာမဟာ သဘာဝ ပတ်ဝန်းကျင်ရဲ့ ဖိအားတွေအောက် သိစိတ်မဲ့ ဖြစ်ပေါ်နေတဲ့ အော်ဂဲနစ် ဖြစ်ထွန်း တိုးတက်မှုကို ဖော်ထုတ်ပေးတာပဲ လုပ်ပါတယ်။
ရေကို နမူနာကြည့်ရအောင်။ အရည်ဖြစ်မှုမှာ နေရာမရွေး တသဘောတည်း ဖြစ်နေမဲ့ ရုပ်ပိုင်းဆိုင်ရာ နိယာမတွေနဲ့ ပြောင်းလဲပုံတွေ ရှိတယ်။ ဒါပေမယ့် ဒီ ’စိုစွတ်မှု’က ဘယ်မှာ ရှိသလဲ။ ရေရဲ့ ပြင်ပကနေ စိုစွတ်မှုကို ပေးထားတာလား။ မဟုတ်ပါဘူး။ စိုစွတ်မှုက ရေနဲ့ ကင်းကွာပြီး သီးခြား တည်ရှိနေတာမျိုး မဟုတ်ဘူး။ သူ့ရဲ့ အစိတ်အပိုင်းတွေ (ဆိုလိုတာက ရေမော်လီကျူးတွေ) ကနေ စိုစွတ်မှု ထွက်ပေါ်လာခြင်း ဖြစ်တယ်၊ သို့သော် အဲဒီ ရေမော်လီကျူးတွေ ကိုယ်တိုင်ကတော့ စိုစွတ်ခြင်း မရှိဘူး။
အလားတူပဲ၊ ကျနော်တို့ဟာ ရေမော်လီကျူး တလုံးစီရဲ့ ရွေ့လျားပုံ အတိအကျကို ကြိုတင် မခန့်မှန်းနိုင်ဘူး။ ရေမော်လီကျူး တလုံးချင်းအပေါ် သက်ရောက်မှုတွေ အမြောက်အမြား ရှိနေတယ်။ ဒီတော့ ရေရဲ့ အစိတ်အပိုင်းတွေက မစိုစွတ်ဘူး၊ ပြီးတော့ သူတို့ တခုချင်းရဲ့ အပြုအမူကိုလဲ ကြိုတင် မခန့်မှန်းနိုင်ဘူး ဆိုရင် အရည်ဖြစ်မှု နိယာမတွေကို ကျနော်တို့ ဘယ်လို ပြောနိုင်မလဲ။
နိယာမသဘောလို့ ကျနော်တို့ ပြောတဲ့အခါ ရေ မော်လီကျူးတွေရဲ့ အပြုအမူ ဒါမှမဟုတ် လူ့အဖွဲ့အစည်း အတွင်းက လူတဦးချင်းရဲ့ ပြုမူပုံတွေကို အာမခံပေးတဲ့ ကနဦး တည်ရှိနေတဲ့ အစီအမံ တခုသဘော မဟုတ်ဘူး။ စနစ်တခုရဲ့ တကယ့် အစိတ်အပိုင်းတွေ အပြန်အလှန် သက်ရောက်ရာက ပေါ်ထွက်လာတဲ့ ယူနီဗာဆယ် သဘော (အချိန်မရွေး နေရာမရွေး တသဘောတည်း ဖြစ်နေသော) အကြောင်းတရားတွေကို ဆိုလိုခြင်း ဖြစ်တယ်။ ဥပမာ၊ မြေဆွဲအား ဒါမှမဟုတ် အရင်းရှင်စနစ် အကျပ်အတည်းနဲ့ ပတ်သက်တဲ့ နိယာမတွေ။
အရင်းရှင် လူ့အဖွဲ့အစည်းဟာ ဘယ်လောက် ရှုပ်ထွေးနေသော်ငြား အရင်းရှင်စနစ် အကျပ်အတည်းတွေဟာ ပုံမှန် ထွက်ပေါ်လာလေ့ ရှိတယ်။ နောက်ပြီး မာ့ခ်စ် သက်သေပြခဲ့သလိုပဲ ဒီအကျပ်အတည်းတွေ ဘာကြောင့် ဖြစ်ရသလဲ ဆိုတာကို ကျနော်တို့ နားလည် သဘောပေါက်နိုင်တယ်။
မခန့်မှန်းနိုင်သော အစိတ်အပိုင်းတွေနဲ့ ဖွဲ့စည်းထားတဲ့ ရှုပ်ထွေးပွေလီသော စနစ် နမူနာတွေ အများကြီး ရှိပါတယ်။ ဒါပေမယ့် ဘယ်လိုပဲဖြစ်ဖြစ် တခွင်တပြင်လုံး အဆင့်ကျရင် သူတို့ကို ခန့်မှန်းနိုင်တယ်။ ဥပမာ – မိုးလေဝသ အခြေအနေ။ သိစိတ်ရှိ လူသား တယောက်ရဲ့ လုပ်ဆောင်ချက်တွေကို ကျနော်တို့ အတိအကျ ခန့်မှန်းလို့ မရနိုင်သလိုပဲ ဒီနေ့ကနေ နောက်တနှစ်တိတိ ပြည့်တဲ့ နေ့၊ တိကျတဲ့ နေရာ တနေရာက မိုးလေဝသ အခြေအနေကို ကွက်တိ ခန့်မှန်းဖို့ မဖြစ်နိုင်ပါဘူး။
ဒါပေမယ့် အတိုင်းအတာ တခု ရောက်သွားတဲ့အခါ ကြိုတင်ခန့်မှန်းလို့ ရသွားတယ်။ တနှစ်တာ ပျမ်းမျှ အပူချိန်တွေကို ကျနော်တို့ အတိအကျ ခန့်မှန်းနိုင်တယ်။
လူတယောက်ယောက် ဘယ်အချိန် သေဆုံးမလဲ ဆိုတာကို ကျနော်တို့ မခန့်မှန်းနိုင်ပါဘူး။ အချမ်းသာဆုံး လူတောင် မတော်တဆ အကြောင်း တခုခုနဲ့ နောက်တရက်မှာ သေဆုံးသွားနိုင်တယ်။ ဒါပေမယ့် လူ့အဖွဲ့အစည်း အတိုင်းအတာနဲ့ ကြည့်ပြီး လူသေနှုန်းကို ခန့်မှန်းနိုင်ပါတယ်၊ ပြည်သူ့ ကျန်းမာရေး ကျွမ်းကျင်သူတွေဟာ ရှေရှည် ပျမ်းမျှ နှုန်းထက် ကျော်လွန်တဲ့ သေဆုံးမှု ပမာဏကို ကြည့်ပြီးတော့ ကပ်ဘေး ကာလအတွင်း ကိုဗစ် ရောဂါကြောင့် သေဆုံးသူ အရေအတွက်ကို ခန့်မှန်းနိုင်ကြတယ်။
တသီးပုဂ္ဂလ လူသားနဲ့ လူ့အဖွဲ့အစည်း
စီးပွားရေး အင်အားစုတွေက လူ့အဖွဲ့အစည်းကို သက်ရောက်တဲ့ တခုတည်းသော အကြောင်းတရားတွေ မဟုတ်ပါဘူး။ လူ့အဖွဲ့အစည်းရဲ့ ကဏ္ဍတိုင်းဟာ တခြား မျက်နှာစာ အသီးသီးအပေါ် လွှမ်းမိုး စီရင်ကြတယ်။ သို့သော်လဲ ဒီဝဲဩဃကြီးထဲ ရေရှည်ကြည့်လိုက်ရင် အကြောင်းတရားတခုက ထင်းထင်းကြီးကြီး ထွက်ပေါ်လာတယ်၊ အဲဒါက စီးပွားရေး အင်အားစုပါပဲ။ ဘာကြောင့် အဲသလို ဖြစ်ရတာလဲ။
အန်ဂယ်စ်က ဂျေ ဘလော့ခ်ဆီ ပေးပို့တဲ့ စာတစောင်မှာ အခုလို အကျဉ်းချုပ် ဖော်ပြခဲ့တယ် -“လူတဦးချင်းအလိုက် လိုလားတဲ့ အရာဟာ အခြား လူတွေရဲ့ လိုလားချက်နဲ့ ထိပ်တိုက်တိုးပြီး ပိတ်ဆို့ တားဆီးခံရတယ်၊ ဒီလိုနဲ့ ထွက်လာတဲ့ ရလဒ်က ဘယ်သူ တဦးမှ အလို မရှိခဲ့တဲ့ အရာ ဖြစ်သွားတယ်။ ပုဂ္ဂလ လူသား တဦးချင်းရဲ့ လိုအင် ဆန္ဒတွေကို သူတို့ရဲ့ ရုပ်ခန္ဓာ ဖွဲ့စည်းပုံနဲ့ ပြင်ပ အခြေအနေတွေ (နောက်ဆုံး သတ္တုချလိုက်ရင် စီးပွားရေး အခြေအနေတွေ) က စေ့ဆော်ပေးခြင်း ဖြစ်တယ်။ လူတွေဟာ သူတို့ တဦးချင်း ဆန္ဒရှိတဲ့ အရာတွေကို ရမှာ မဟုတ်ဘူး၊ ဒါပေမယ့် အဲဒီ တဦးချင်း လိုအင်တွေကနေ စုစုပေါင်း ပျမ်းမျှသဘော ဘုံ ရလဒ်တခုအဖြစ် ပေါင်းစည်းသွားကြတယ်၊ ဒီအချက်ကို အခြေခံပြီး သူတို့ တဦးချင်း ဆန္ဒတွေ အဟောသိကံ ဖြစ်သွားတယ်လို့ ကောက်ချက်ဆွဲမရပါဘူး။ ဒါနဲ့ ဆန့်ကျင်ဘက်ပဲ၊ တဦးချင်းရဲ့ အလို ဆန္ဒတွေဟာ နောက်ဆုံး ရလဒ်ကို တမျိုးစီ ဖြည့်ဆည်းပေးလိုက်တာ ဖြစ်တယ်၊ အဲသလို ဖြည့်ဆည်းပေးတဲ့အလျောက် ဒီထဲမှာ သူတို့လဲ ပါဝင်သွားကြတယ်။”
ဟုတ်ပါတယ်၊ ပုဂ္ဂလလူသား တဦးချင်းဟာ ကြိုတင် ခန့်မှန်းလို့ မရနိုင်ဘူး၊ တမူ ထူးခြားနေကြတယ်။ သူတို့ဟာ စီးပွားရေး အင်အားစုတွေ ပြုသမျှ နုရတဲ့ ဖိုးသုညတွေ မဟုတ်ဘူး။ ဒါပေမယ့် တမူထူးခြားပြီး ခန့်မှန်းမရဘူး ဆိုတာလဲ အကြွင်းမဲ့တော့ မဟုတ်ဘူး။
ဒီလို ဖြစ်နေရတဲ့ အကြောင်းကတော့ ရုပ်ဘဝကြောင့်ပါပဲ။ ကျနော်တို့ အားလုံးဟာ တူညီတဲ့ မျိုးစိတ်ဝင်တွေ ဖြစ်တယ်။ ကျနော်တို့ အားလုံး သဘာဝကြီးထဲက သက်ရှိတွေ ဖြစ်တယ်။ ဒါကြောင့်ပဲ စားရတယ်၊ သောက်ရတယ်၊ အမိုးအကာ ရှာဖွေရတယ်၊ စသဖြင့်။
တသီးပုဂ္ဂလ ဆိုတာ ယေဘုယျ အများကနေ ဖြစ်ထွန်းလာတာပဲ။ တနည်းအားဖြင့် လူတဦးချင်းဟာ လူ့အဖွဲ့အစည်း ရှိနေလို့ တသီးပုဂ္ဂလ အဖြစ်ကို ရနိုင်တာ။ ကျနော်တို့ဟာ မိသားစု တခုခုမှာ မွေးဖွားလာတယ်၊ ကျနော်တို့ လူ့အဖွဲ့အစည်းရဲ့ ဘာသာစကားကို သင်ယူရတယ်၊ လူ့အဖွဲ့အစည်းထဲမှာ ပညာသင်ယူရတယ်၊ ကျနော်တို့ရဲ့ တသီးပုဂ္ဂလဖြစ်မှုကို ပေးစွမ်းတဲ့ တဦးချင်း အကြိုက်တွေ၊ မနှစ်မြို့တာတွေ အားလုံး လူ့အဖွဲ့အစည်းကနေ ရလာတာပဲ။
လူတိုင်းလိုပဲ၊ လူသား တဦးချင်းဟာ အသက်ရှင် ရပ်တည်ရေးအတွက် ကုန်ထုတ် စီးပွားရေး စနစ်ထဲ ပါဝင် လုပ်ဆောင်ရတယ်။ ဒီအချက်က ကျနော်တို့အပေါ် ယေဘုယျ အကျိုးစီးပွားနဲ့ တွေးခေါ် စဉ်းစားပုံတွေ ပြဋ္ဌာန်းပေးတယ်။
ကုန်ထုတ် ပစ္စည်းတွေ ဖြစ်ပေါ်တိုးတက်မှုအပေါ် မူတည်ပြီး ရှင်သန်ရပ်တည်ရေးအတွက် ကျနော်တို့ ဝင်ရောက်သွားရတဲ့ ကုန်ထုတ် ဆက်ဆံရေးများနဲ့ လူ့အဖွဲ့အစည်း အမျိုးအစားဟာ တိကျတဲ့ ပုံသဏ္ဍာန် ရှိပါတယ်။ ဥပမာ အရင်းရှင် စနစ်အောက်မှာ လူဦးရေ အများစုဟာ အလုပ်သမားတွေ ဖြစ်တယ်၊ သူတို့ဟာ ထမင်း နပ်မှန်မှန် စားနိုင်ဖို့အရေး ငွေဝင်မဲ့ အလုပ်ကို ရှာဖွေရတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး ကျနော်တို့မှာ ရွေးချယ်စရာ သိပ်မရှိပါဘူး။ ဒါ့ကြောင့် တသီးပုဂ္ဂလ လူသားဟာ ကန့်သတ် ချုပ်ချယ်ခံထားရတယ်။
အလားတူပဲ အရင်းရှင်တိုင်းမှာလည်း သူတို့ကိုယ်ပိုင် စရိုက်လက္ခဏာတွေ ရှိပါတယ်။ တချို့ အရင်းရှင်တွေဆိုရင် အလုပ်သမားတွေကို သွေးစုပ်ခြယ်လှယ်တာမျိုး မလုပ်ချင်ကြဘူး။ သူတို့ လုပ်ငန်းတွေကို ဘယ်လို လည်ပတ်တဲ့ နေရာမှာ သူတို့ရဲ့ တကိုယ်ရည် စရိုက် လက္ခဏာတွေက အတိုင်းအတာ တခုထိ ပုံဖော်ပေးတယ်။ ဘယ်လိုပဲဖြစ်ဖြစ် အရင်းရှင်မှန်ရင် အလုပ်သမားတွေကို သွေးစုပ်ရမှာပဲ။ အရင်းရှင်စနစ်ရဲ့ ယေဘုယျ ဝိသေသတွေက သွေးစုပ်ခြယ်လှယ်မှု လုပ်ဖို့ရာ တောင်းဆိုနေလို့ပဲ။
ဒါဟာ နိယာမသဘောက ရှောင်တခင် ဖြစ်ရပ်တွေကနေ ထုတ်ဖော်ပြသပုံ ဖြစ်တယ်။ လူ့အဖွဲ့အစည်းရဲ့ နိယာမတွေဟာ တသီးပုဂ္ဂလ လူသားတွေကတဆင့် တည်ရှိနေခြင်း ဖြစ်တယ်။ ပဟေဠိဆန်တဲ့ သမိုင်း အင်အားစု တခုခုက ကျနော်တို့ကို ရှေ့ဆောင်နေတာမျိုး မဟုတ်ဘူး။ ကျနော်တို့အားလုံးဟာ ကိုယ့်အကျိုးစီးပွားနဲ့ကိုယ် လုပ်ရှားနေကြခြင်းသာ ဖြစ်တယ်။ ဒါပေမယ့် အဲဒီ တသီးပုဂ္ဂလ ရည်မှန်းချက်တွေနောက် လိုက်ရင်း ကျနော်တို့ဟာ တခြားသူတွေနဲ့ ကူးလူးဆက်ဆံရတယ်၊ ကျနော်တို့ ထိန်းချုပ်နိုင်စွမ်း မရှိတဲ့ အခြေအနေတွေအောက် အဲသလို တုံ့လှယ် ဆက်ဆံရခြင်း ဖြစ်ပါတယ်။
တဖန် တသီးပုဂ္ဂလ လူသားရဲ့ အကျိုးစီးပွားတွေဟာ အတိုင်းအတာ တခုအထိ သီးခြားသဘောဆောင်သော်ငြား ကျနော်တို့ နေထိုင်တဲ့ လူ့အဖွဲ့အစည်းရဲ့ ပုံသွင်းခြင်း၊ ကန့်သတ်ချုပ်ချယ်ခြင်းကို ခံရစမြဲ ဖြစ်တယ်။
တော်လှန်ရေး ခေါင်းဆောင်မှု
ကွန်မြူနစ်စနစ်ဟာ ရှောင်လွှဲမရတဲ့ လိုအပ်မှု ဖြစ်တယ်။ အရင်းရှင်စနစ်ဟာ ကမ္ဘာ့ ဈေးကွက်တွေ၊ ဧရာမ လက်ဝါးကြီးအုပ် လုပ်ငန်းစုကြီးတွေနဲ့ အလုပ်သမား လူတန်းစားကို ဖြစ်ပေါ် တိုးတက်စေခြင်းအားဖြင့် ဆိုရှယ်လစ် စနစ်နဲ့ ကွန်မြူနစ် စနစ်အတွက် စီးပွားရေးဆိုင်ရာ၊ လူအဖွဲ့အစည်းဆိုင်ရာ ရေခံမြေခံကို ပြင်ပေးရတယ် (တကယ်လဲ ပြင်ပေးထားတယ်)။ ကွန်မြူနစ် စနစ်ကသာ အရင်းရှင်စနစ်ရဲ့ ပဋိပက္ခတွေကို ဖြေရှင်းမယ့် တခုတည်းသော နည်းလမ်း ဖြစ်တယ်။
အရင်းရှင် စနစ်က အကျပ်အတည်း ဆိုက်သွားမယ်၊ အလုပ်သမား လူတန်းစားက စည်းရုံး စုစည်းသွားမယ်၊ ပြီးတော့ တော်လှန်ရေးတွေ ပေါက်ကွဲထွက်လာမယ်၊ ဒါဟာ မလွဲမသွေ ဖြစ်လာမဲ့ အရာတွေပဲ။
ဒါပေမယ့် ကွန်မြူနစ် စနစ်ကို ကြိုတင်ပြဋ္ဌာန်းပြီး မလွဲဧကန် ဖြစ်ရမယ်လို့ အာမခံထားတာမျိုး မဟုတ်ဘူး။ ကျနော်တို့မှာ ရွေးချယ်စရာ တခု ရှိတယ်။ ဒါပေမယ့် ဒီရွေးချယ်မှုဟာ အကန့်အသတ်နဲ့ ဖြစ်တယ်။ အကယ်လို့ အရင်းရှင် စနစ်ကို ဖြိုမချနိုင်ဘူးဆိုရင် (ဖြိုမချနိုင်တာလဲ ဖြစ်နိုင်ချေတခုပဲ) အဆုံးသတ်မှာ အရင်းရှင်စနစ်က လူ့အဖွဲ့အစည်းကို ဖျက်စီးပစ်လိမ့်မယ်၊ လူ့အဖွဲ့အစည်းနဲ့အတူ ကမ္ဘာဂြိုလ်ကိုပါ ပျက်သုဉ်းသွားစေနိုင်တယ်။
ဒါပေမယ့် ကျနော်တို့တွေ အရင်းရှင် စနစ်ကို ဖြိုချဖို့၊ ဆိုရှယ်လစ် စနစ်ကို ထူထောင်ဖို့ ကျရှုံးသွားတာမျိုး ဘာ့ကြောင့် ဖြစ်နိုင်သလဲ။ ကျနော်တို့တတွေ မြေကြီးလက်ခတ်မလွဲ ကြုံရမယ့် ဆိုရှယ်လစ် စနစ်ကို ဘာ့ကြောင့် ဒီတိုင်း လက်ပိုက်ပြီး စောင့်မနေနိုင်တာလဲ။
စိတ်မကောင်းစရာက အုပ်စိုးသူ လူတန်းစားကလဲ လူတန်းစား တိုက်ပွဲရဲ့ နိယာမသဘောကို နားလည်တယ်၊ အနည်းဆုံးတော့ အတိုင်းအတာ တခုထိ သူတို့ နားလည်ထားတယ်။ ဒီတော့ အဲဒီ နိယာမသဘောကို ဖြစ်ပေါ်ခွင့် ပေးမှာ မဟုတ်ဘူး။ တကယ်လို့သာ အသာတကြည် လက်ပိုက်ကြည့်နေခဲ့မယ်ဆိုရင် အခုချိန် ဆိုရှယ်လစ် စနစ်ကို ထူထောင်ပြီးသား ဖြစ်နေလောက်ပြီ။
အုပ်စိုးသူလူတန်းစားဟာ အလုပ်သမား လူတန်းစားရဲ့ ကြီးထွားနေတဲ့ အင်အားကို ကောင်းကောင်း နားလည်တယ်။ နောက်ပြီး ဆိုရှယ်လစ်၊ ကွန်မြူနစ် လှုပ်ရှားမှုတွေကို ကမ္ဘာ့ရန်အဖြစ် သူတို့ မြင်ထားတယ်။ ဒါကြောင့် အရင်းရှင်တွေက တော်လှန်ရေးဆီ ဦးတည်တဲ့ ဘယ်လှုပ်ရှားမှုကိုမဆို တားဆီးဖို့ ကျားကုတ်ကျားခဲ တိုက်ပွဲဝင်ရင်း သိစိတ်ရှိရှိ ကြားဝင်ဖျက်ကြတယ်။
ဒီလို ကြားဝင် နှောင့်ယှက်ခြင်းကို ကျနော်တို့ဘက်က သိစိတ်ရှိရှိ ဆန့်ကျင်ချေဖျက်ပစ်ရမယ်။ ဆိုလိုတဲ့ သဘောက ဆိုရှယ်လစ် စနစ် ထူထောင်ဖို့ လိုအပ်ကြောင်း၊ အဲသလို ဆိုရှယ်လစ် စနစ် ဖော်ဆောင်ခြင်းကို ပိတ်ဆို့ဟန့်တားဖို့ အုပ်စိုးသူ လူတန်းစားဘက်က အစွမ်းကုန် ကြိုးပမ်းကြောင်း ရှင်းရှင်းလင်းလင်း နားလည် သဘောပေါက်တဲ့ တော်လှန်ရေး အဖွဲ့အစည်း တခု တည်ဆောက်ထားရမယ်။
အဲဒီလို ပါတီတခု မရှိလဲ တော်လှန်ရေးတွေကတော့ ဖြစ်နေဦးမှာပဲ၊ (အရင်းရှင် လူတန်းစားအနေနဲ့ ရှောင်လွှဲမရတဲ့ ဒီလိုအပ်မှုကို တားဆီးနိုင်စွမ်း မရှိပါဘူး)။ ဒါပေမယ့် တော်လှန်ရေး ပါတီ မရှိဘူးဆိုရင် အဲဒီ တော်လှန်ရေးတွေဟာ အရေးနိမ့်သွားလိမ့်မယ်။
အလုပ်သမား လူတန်းစားကိုယ်တိုင် မိမိအင်အားကို သိရှိသွားအောင် လုပ်ဆောင်ပေးနိုင်တဲ့ တော်လှန်ရေး ခေါင်းဆောင်မှု တည်ဆောက်ရေး၊ တော်လှန်သော အခြေအနေတွေ ထွက်ပေါ်လာတဲ့အခါ အလုပ်သမား လူတန်းစားကိုယ်တိုင် အာဏာ အရယူနိုင်အောင် စည်းရုံး စုစည်းပေးနိုင်တဲ့ တော်လှန်ရေး ခေါင်းဆောင်မှု တည်ဆောက်ရေးဟာ နိုင်ငံတကာ မာ့ခ်စ်ဝါဒီ အင်အားစုက တစိုက်မတ်မတ် နှစ်မြှုပ် လုပ်ဆောင်နေတဲ့ အလုပ် ဖြစ်တယ်။
အရင်းရှင် စနစ်ရဲ့ အကျပ်အတည်းက တော်လှန်ရေး ဖြစ်ရပ်တွေ မကြာခင် ပေါက်ကွဲထွက်လာအောင် ပြင်ဆင်ပေးထားတယ်။ တကယ်တော့ တော်လှန်ရေး ဖြစ်ရပ်တွေ ကမ္ဘာတဝှမ်း ပေါက်ကွဲထွက်နေပြီ ဖြစ်တယ်။ ကျနော်တို့ အချိန်ဖြုန်းနေလို့ မရဘူး။ ကျနော်တို့နဲ့ ပူးပေါင်းပြီးတော့ ကွန်မြူနစ် စနစ်ရဲ့ သမိုင်းဆိုင်ရာ မဖြစ်မနေ လိုအပ်ချက်ကို ကူညီဖော်ဆောင်ကြပါ။
မြန်မာပြန်သူ – အောင်ဂျာ
တည်းဖြတ် – ကိုတင်ဦး
Source: Fatalism and free will – Do we make our own history? By Daniel Morley