မိန်းမတွေကို sexual object လို မြင်ထားတဲ့ လူ့အဖွဲ့အစည်းမှာ လိင်အကြမ်းဖက်မှုတွေ ဒင်းကြမ်းပြည့်နေတာပဲ။ ကိုယ်မသိတာပဲ ရှိမယ်။ ကနေ့ အွန်လိုင်းပေါ် တက်လာတဲ့ ကေ့စ်တွေဆိုတာ ရေခဲစိုင်ကြီးရဲ့ အဖျားအနားလောက်တောင် ရှိချင်မှ ရှိမှာ။ ဒါကို အွန်လိုင်းပေါ်မှာ ဒါမျိုး ပွဲတွေကလဲ များလိုက်တာလို့ သဘောထားမိရင် ဒီပြဿနာတွေရဲ့ အတိမ်အနက်ကို လျှော့တွက်မိရာ ရောက်သွားလိမ့်မယ်။ အဲဒါ ပွဲတွေ မဟုတ်ဘူး။ အဖိနှိပ်ခံရသူတွေရဲ့ အသံ။ ဒီလို အသံ ထွက်ခွင့်တောင် မရတဲ့ ဘဝတွေလဲ အများကြီး ရှိပါသေးတယ်။
မတရားမှုတွေ ဒင်းကြမ်းပြည့်နေတဲ့ လူ့အဖွဲ့အစည်းမှာ လူတိုင်းက ကေ့စ်တိုင်းကို မသိနိုင်၊ ဝင်မပါနိုင်တာ မှန်ပါတယ်။ ဒါပေမယ့် ကျူးလွန်သူကို အရင်က ဒီလိုမှန်း မသိလို့ ထောက်ခံခဲ့ဖူးရင်၊ ကြော်ငြာပေးခဲ့ဖူးရင် သိလိုက်ရချိန်မှာ ပြတ်ပြတ်သားသား ဆန့်ကျင်ဖို့ သင့်မှာ တာဝန် ရှိသွားပြီ။ ငါနဲ့ မဆိုင်ဘူး၊ သူတို့ အရှုပ်ထဲ ငါဝင်မပါဘူးလို့ ပြောမရတော့ဘူး။
နောက် ကျူးလွန်ခံရသူကို သက်သေ အထောက်အထား ပြခိုင်းတဲ့ ကိစ္စ။ လိင်အကြမ်းဖက်မှုတွေရဲ့ သဘော သဘာဝကို နားမလည်တာအပြင် ဒီလို ဖြစ်ရပ်တွေ လူ့အဖွဲ့အစည်းအတွင်း ဘယ့်လောက် များပြားနေလဲ ဆိုတာပါ လစ်လျူရှုထားကြလို့ ဒီမေးခွန်းကို ရှေ့တန်းတင်လာကြတာ။ (ရဲခေါင်လင်း ကေ့စ်မှာတော့ သူ့ထောက်ခံသူတွေက နားမလည်လို့ လုပ်နေတာထက် victim ကို တမင် ထိုးနှက်တိုက်ခိုက်ဖို့ လုပ်နေကြတာ အထင်းသား မြင်ရလိမ့်မယ်)။
လိင်ဆက်ဆံခြင်း ဆိုတာ ဘာမှန်း မသိသေးတဲ့ မိန်းမငယ်လေးကို ၆၀ အရွယ် ယောက်ျားတယောက်က မုဒိမ်းကျင့်မှု ဖြစ်ခဲ့တယ်။ အဲဒါကို တခြားသူတွေ မသိဘူး။ ဖြစ်သွားတာလဲ IDP camp လို နေရာမျိုးမှာ။ ကလေးမလေးက သူပြောတတ်သလို ပြန်ပြောတယ်။ အဲသလို ပြန်ပြောတဲ့အခါ နင်က လိင်ဆက်ဆံတာ ဘာမှန်းတောင် မသိသေးဘဲ နင့်ကို ဟိုလူကြီးက မုဒိမ်းကျင့်ပါတယ်လို့ နင် ဘယ်လို သိလဲ၊ နင့်မှာ ပြစရာ သက်သေ ဘာရှိသလဲ၊ သွားမေးလို့ ရမလား။ အခုပြောတာ နမူနာ ကေ့စ် ဆိုပေမယ့် အပြင်မှာ တကယ် ဖြစ်ခဲ့တဲ့ ကေ့စ်တခုကို အခြေခံ ပြောလိုက်တာ။
အခု အွန်လိုင်းပေါ်မှာ မုဒိမ်းကျင့်ခံခဲ့ရသူကို သက်သေ အထောက်အထား အကုန်ချပြဖို့ တောင်းဆိုနေတဲ့ ပုံစံတွေက စောစောက နမူနာ ကေ့စ်မှာ သက်သေ တောင်းတဲ့ ပုံစံမျိုး ဖြစ်နေပြီ။ မုဒိမ်းကျင့်ခံရပါတယ်ဆို ဘယ်သူက recording ယူထားနိုင်မှာလဲ။ မုဒိမ်းကျင့်တဲ့သူကရော video camera ဖွင့်ပြီး ကျင့်မှာတဲ့လား။ ဒါဆို သက်သေ ချပြခိုင်းသူတွေက ဘယ်လိုမျိုး သက်သေကို လိုချင်ကြတာလဲ မေးရတော့မယ်။
သက်သေ ဆိုတဲ့ နေရာမှာ ကိုလိုနီခေတ် မုဒိမ်းမှု ဥပဒေက တောင်းဆိုသလို physical sign တွေချည်း လိုက်တောင်းနေလို့ မရဘူး။ အဲသလို တောင်းခြင်းဟာ စွပ်စွဲခံရသူကို မှားယွင်း အပြစ်ပေးခြင်း မဖြစ်ရအောင် ကာကွယ်ပေးသလို ဟန်ဆောင်ထားပေမယ့် တကယ့် လက်တွေ့မှာ ကျူးလွန်ခံရသူကိုသာ ဖိထောင်းရာ ရောက်တယ်။ လိင်အကြမ်းဖက်မှုတိုင်းမှာ consent မပေးကြောင်း အထောက်အထား ပြစရာ အမြဲ ရှိနေမှာ မဟုတ်ဘူး။
victim က တိုက်ရိုက်/သွယ်ဝိုက် coercion တခုခုကြောင့် သဘောတူသယောင် ဆောင်လိုက်ရတဲ့ အဖြစ်တွေလဲ ဒုနဲ့ဒေး ရှိနေတာပဲ။ နာမည်ကြီး ကေ့စ်တခု ဖြစ်တဲ့ မင်းရာဇာ မုဒိမ်းကျင့်တဲ့ ကေ့စ်ကိုပဲ ကြည့်။ အိမ်ဖော် မိန်းကလေးက မင်းရာဇာ မုဒိမ်းကျင့်တိုင်း consent မပေးခဲ့ပါဘူး ဆိုတဲ့ အထောက်အထား ပြပါဆိုရင် ဘယ်လို ပေးကြမလဲ။ အဲလို သက်သေ မပြနိုင်တာနဲ့ ဒီကောင် မလုပ်လောက်ပါဘူး၊ နာမည်ကြီး မင်းသားမို့ နာမည်ပျက်အောင် တမင် အသရေဖျက်တာပါလို့ ကောက်ချက်ဆွဲကြမလား။
တဖက်မှာကျ rape myth တွေ ထုတ်သုံးတယ်။ မင်းရာဇာ မိန်းမကိုယ်တိုင်က rape myth တွေ တွင်တွင်ကျယ်ကျယ် ထုတ်ပြောခဲ့တယ်။ ကျူးလွန်ခံရသူက အရည်ထွက်လို့၊ orgasm ဖြစ်လို့ ဒါ အလိုတူခဲ့တာပဲ ဆိုပြီး myth တွေ ဖြန့်တာ။ မုဒိမ်းကျင့်ခံရသူဟာ သူပြောသလို orgasm ဖြစ်ခဲ့ရင်တောင် အဲဒါ rape မဟုတ်ပါဘူးလို့ ငြင်းမရဘူး။ orgasm ဖြစ်တယ်ဆိုတာ physiological response သာ ဖြစ်တယ်၊ အဲဒါက autonomous nervous system အောက်မှာ ရှိနေတဲ့ ကိစ္စ။ ကျုးလွန်ခံရသူရဲ့ conscious action မဟုတ်ဘူး။ ဒါ့ကြောင့် orgasm ဖြစ်ရင် rape မဟုတ်ဘူးလို့ လုံးဝ ပြောမရဘူး။
အခု ရဲခေါင်လင်း ကေ့စ်မှာကျ အဲဒီ myth ကို ဆွဲဆန့်လိုက်ကြတယ်။ တိုက်ခန်း တခုကိုတောင် အလိုတူ အလိုပါ ငှားနေခဲ့သေးတာပဲ၊ သူ consent မပေးဘူးဆိုတာ ငါတို့ ဘယ်လို သိနိုင်မလဲလို့ ကြောင်တောင်တောင် စဉ်းစားတတ်ကြတယ်။ နှစ်ဖက်မျှတွေးသလိုလို။ အဲဒီအတွေးက orgasm တောင် ဖြစ်ခဲ့သေးတာပဲ၊ သူ့ဘက်က consent မပါခဲ့ဘူးဆိုတာ ဖြစ်နိုင်ပါ့မလား၊ သူ consent ပါခဲ့ မပါခဲ့ ငါတို့ ဘယ်သိနိုင်မှာလဲ ဆိုတဲ့ စဉ်းစားပုံနဲ့ အတူတူပဲ။
အဲဒီ စဉ်းစားချက်အားလုံးက rape myth တွေကို မကျော်နိုင်တာ။ တိုက်ခန်း တခုတည်း အတူနေသူ မပြောနဲ့၊ တအိပ်ယာတည်း အတူအိပ်တဲ့ လင်မယားကြားမှာတောင် မုဒိမ်းမှုဆိုတာ ရှိတယ်။
နောက် လူနှစ်ဦးကြားက လိင်ကိစ္စကို အပြင်လူတွေက ဘယ်သိနိုင်မလဲ၊ ဒါ့ကြောင့် သက်သေ ဆိုတာကို တောင်းနေရတာလို့ စောဒက တက်ဦးမယ်ဆိုရင် သက်သေဆိုတာ physical evidence ကိုပဲ ဆိုလိုတာ မဟုတ်ဘူး။ circumstantial evidence ဆိုတာလဲ ရှိသေးကြောင်း သိဖို့ လိုပါတယ်။
နောက်ဆုံးတချက် ထောက်ပြရရင် ကျူးလွန်သူလို့ စွပ်စွဲခံရသူက rape myth တွေသုံးပြီး victim ကို တရစပ် ထိုးနှက်နေပြီဆိုရင် rape ကို myth တွေနဲ့ ဖုံးပစ်ဖို့ ကြိုးစားနေတဲ့ လုပ်ရပ်လို့ မဆိုနိုင်ပေဘူးလား။ လက်တွေ့ ဖြစ်ရပ်တွေမှာလဲ ဒီနည်းကို rapist တွေ အစဉ်အဆက် သုံးခဲ့တာ တွေ့ရလိမ့်မယ်။
အေမီ