ရိုဟင်ဂျာ လူမျိုးတုန်း သတ်ဖြတ်မှုကြံရာပါ၊ လူမျိုးရေး အဓိကရုဏ်းတွေနောက်ကွယ်က လက်မည်းတချောင်း (သို့) စစ်ဗိုလ်ဟောင်း ဇော်ဌေး

Revolutionary Marxism | ၂၃ မေလ၊ ၂၀၂၂ |

ဒီနေ့မနက်ပိုင်းမှာ သေသွားပြီလို့ သတင်းကြားလိုက်ရတဲ့ ဗိုလ်ဇော်ဌေးမှာ ဂုဏ်ပုဒ်တွေက များလှပါတယ်။ ရိုဟင်ဂျာ လူမျိုးရေးသတ်ဖြတ်မှုကို အားပေးထောက်ခံသူ၊ သမ္မတရုံးပြောခွင့်ရ ပုဂ္ဂိုလ်တဦးအနေနဲ့ ဗမာ အစိုးရ စစ်တပ်က ရိုဟင်ဂျာ လူထုအပေါ် လူမျိုးတုန်းသတ်ဖြတ်မှုကို တစိုက်မတ်မတ် ငြင်းပယ်ခဲ့သူ၊ ပြည်သူကိုသတ် မုဒိမ်းကျင့်တဲ့ စစ်တပ်က ဗိုလ်မှူးဟောင်းတဦး၊ ဗိုလ်သိန်းစိန် ခေါင်းဆောင်တဲ့ ကြံ့ဖွတ်အစိုးရလက်ထက်မှာ သမ္မတရုံး ညွှန်မှူးလုပ်ခဲ့သူ၊ စသဖြင့် များလှပါတယ်။ ဒါတင်မကသေး၊ ၂၀၁၂ ခုနှစ်က ဖြစ်ခဲ့တဲ့ လူမျိုးရေး အဓိကရုဏ်းတွေရဲ့ နောက်ကွယ်က မီးမွေးသူ လက်မည်းတချောင်းလည်း ဖြစ်ခဲ့တယ်။

သို့သော်လည်း ဒီကနေ့ ဗိုလ်ဇော်ဌေး သေဆုံးတဲ့ သတင်းတွေ တက်လာချိန်မှာတော့ mainstream မီဒီယာကြီးတွေမှာ အဆိုပါ ဂုဏ်ပုဒ်တွေ မတွေ့ရတော့။ နမူနာထုတ်ပြရရင် –

• ခေတ်သစ်မီဒီယာမှာ – “NLD အစိုးရလက်ထက် သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ညွှန်ကြားရေးမှူးဟောင်း ဦးဇော်ဌေး (မှူးဇော်) ကွယ်လွန်”လို့ သတင်းခေါင်းစဉ်တပ်ပါတယ်။

• BBC မြန်မာပိုင်း သတင်းဌာနက – “သမ္မတရုံး ညွှန်ချုပ်ဟောင်း ဦးဇော်ဌေးကွယ်လွန်” လို့ ခေါင်းစဉ်တပ်ပါတယ်။ သတင်းနိဂုံးအပိုဒ်မှာတော့ – “ကြံ့ခိုင်ရေးအစိုးရနဲ့ NLD အစိုးရလို မတူညီတဲ့ အစိုးရနှစ်ဆက်လုံးရဲ့ ယုံကြည်မှုကိုရခဲ့ပြီး အစိုးရ မူဝါဒတွေကို သတင်းစာရှင်းလင်းပွဲတွေမှာ ထွက်ပြောခဲ့သူဖြစ်ပါတယ်” လို့ ဆိုထားတယ်။

• RFA မြန်မာပိုင်း သတင်းဌာနမှာလည်း – “NLD အစိုးရ သမ္မတရုံး ပြောခွင့်ရသူ ဦးဇော်ဌေးကွယ်လွန်” လို့ ခေါင်းစဉ်တပ်ထားပါတယ်။

RFAရဲ့ အဆိုပါသတင်းမှာပဲ “ဒေါ်အောင်ဆန်းစုကြည်နဲ့လည်း နီးနီးကပ်ကပ် အလုပ်လုပ်ခဲ့ရပြီး ဒေါ်အောင်ဆန်းစုကြည်ကို မူဝါဒ ခိုင်မာတဲ့ ခေါင်းဆောင်ဖြစ်ကြောင်းနဲ့ ပုဂ္ဂိုလ်ရေး ယုံကြည်မှုရှိကြောင်း ထုတ်ဖော်ပြောဆိုခဲ့”၊ “ဒေါ်အောင်ဆန်းစုကြည်ရဲ့ ယုံကြည်ကိုးစားမှုကိုလည်း ရရှိခဲ့ပါတယ်” ဆိုတဲ့ စာပိုဒ်တွေ ဖော်ပြထားပြန်တယ်။

• မြန်မာနောင်း သတင်းဌာနကလည်း – “သမ္မတရုံးပြောခွင့်ရ ပုဂ္ဂိုလ်ဟောင်း ဦးဇော်ဌေးသေဆုံး”လို့ ခေါင်းစီးတပ် ဖော်ပြထားပါတယ်။

လူအများစုဆီရောက်တဲ့ ပင်မမီဒီယာကြီးတွေက ဗိုလ်ဇော်ဌေးလို သွေးစွန်းနေသူတယောက်ကို “NLD” “ဒေါ်အောင်ဆန်းစုကြည်” အစရှိတဲ့ လူအများစု လက်ခံနှစ်သက်ပြီးသား ပုံရိပ်တွေနဲ့ တွဲစပ်ဖော်ပြလိုက်တဲ့အခါ သတင်းဖတ်သူတွေရဲ့ တုံ့ပြန်မှု ဘယ်လိုရှိမယ်ဆိုတာ ကြိုတွက်လို့ ရပါတယ်။ ဗိုလ်ဇော်ဌေးရဲ့ လုပ်ရပ်တွေ၊ လူမျိုးရေး အဓိကရုဏ်း မီးမွှေးခဲ့တာတွေကို သိမှီနားလည်လိုက်သူတွေရဲ့ အသံက ပျောက်ဆုံးသွားပြီး သတင်းခေါင်းစီးမှာ မြင်လိုက်ရတဲ့ ပုံရိပ်ကောင်းတွေက လူတွေစိတ်ထဲ တန်းပေါ်သွားတော့တယ်။ ပြည်သူ့ဖက်က ရပ်တည်ပါတယ်ဆိုတဲ့ မီဒီယာတွေကိုယ်တိုင်က ဒီလို လုပ်လိုက်ခြင်း ဖြစ်တယ်။

၂၀၁၂ လူမျိုးရေး အဓိကရုဏ်းရဲ့ နောက်ကွယ်က ဗိုလ်မှူးဟောင်း ဇော်ဌေး (သို့) မှူးဇော်အကောင့်ပိုင်ရှင်

NLD အစိုးရလက်ထက်မှာ သတင်းမီဒီယာတွေရှေ့ ထွက်ပြောခဲ့သူလို့ မီဒီယာကြီးတွေမှာ ဖော်ပြကြပေမယ့် ဗမာ အစိုးရစစ်တပ်က ရိုဟင်ဂျာ လူမျိုးတုန်းသတ်ဖြတ်မှုကို မီဒီယာတွေရှေ့မှာ တစိုက်မတ်မတ် ငြင်းဆိုခဲ့သူလို့ မဖော်ပြခြင်းဟာ အခိုင်အမာ အချက်အလက်ကို ထိမ်ချန်ဖော်ပြခြင်းတမျိုး ဖြစ်တယ်။ ဒီအကြောင်းတွေဆိုတာ ဘာ ကြာသေးလို့လဲ။ အတော်များများ မှတ်မိကြပါလိမ့်မယ်။

ဟိုး လွန်ခဲ့တဲ့ ဆယ်နှစ်က ဒီလို မေလထဲမှာပဲ ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ်၊ ကျောက်နီမော်ကျေးရွာက မသီတာထွေး ဆိုတဲ့ အမျိုးသမီးတဦး မုဒိမ်းကျင့် အသတ်ခံရတဲ့ သတင်းကို ဗိုလ်မှူးဇော်ဌေးတို့ ကြံ့ဖွတ် အစိုးရ သတင်း ဌာနတွေမှာ အစောဆုံး ဖော်ပြလာခဲ့ကြတယ်။ မုဒိမ်းစစ်တပ်က ကျောက်နီမော် ကျေးရွာသူလေး မုဒိမ်းကျင့်ခံရတာကို စာနာသနားတယ် ဆိုတာမျိုးပေါ့လေ။ အဲဒီကာလမှာ ကြံ့ဖွတ်အစိုးရ သမ္မတရုံး ညွှန်မှူးလုပ်နေသူ ဗိုလ်ဇော်ဌေးက Hmuu Zaw ဆိုတဲ့ အကောင့်ကနေ အဆိုပါသတင်းကို တွင်တွင်ဖြန့်ပါတယ်။ ဘယ်သူဘယ်ဝါ ကျူးလွန်မှန်း မသိရသေးဘဲ ရိုဟင်ဂျာတွေက မုဒိမ်းကျင့်တာပါလို့ စွပ်စွဲတယ်။ မုဒိမ်းသမားမှာ လူမျိုးမရှိပါဘူး၊ သမိုင်းအဆက်ဆက် မုဒိမ်းမှုအကျူးလွန်ဆုံး သူတွေကို လက်ညှိုးထိုးပြပါဆိုရင် ဗိုလ်ဇော်ဌေးတို့ စစ်တပ်ပါပဲ။ ဒါပေမယ့် ဗိုလ်ဇော်ဌေးတို့က လူမျိုးတံဆိပ်ကပ်ပြီး ရန်တိုက်ပေးတော့တယ်။ သူ့လိုပဲ တွင်တွင်ဖြန့်ခဲ့သူ နောက်တဦးကတော့ ပြန်ကြားရေး ဝန်ကြီးဟောင်း ဗိုလ်ရဲထွဋ်။ ဗိုလ်ဇော်ဌေးတို့က ကျူးလွန်သူ ရိုဟင်ဂျာတွေကို ဖမ်းဆီး အရေးယူသွားမှာလို့လည်း တောက်လျှောက်တင်ခဲ့ကြတယ်။



အဲဒီနှစ် မေလကုန်လောက်မှာ ဘူးသီးတောင်၊ မောင်းတောဘက်ကိုသွားတဲ့ ရန်ကုန်က မွတ်ဆလင် ဘာသာရေး ခေါင်းဆောင်တချို့ အသတ်ခံလိုက်ရပါတယ်။ ဒီဖြစ်ရပ်ကို ဗိုလ်ရဲထွဋ်တို့ အစိုးရ ပြန်ကြားရေးက ထုတ်ပြန်ချက်တွေမှာ ကုလားတွေ အသတ်ခံရတာလို့ ဖော်ပြခဲ့ပါတယ်။ ဗိုလ်ဇော်ဌေးကတော့ Hmuu Zaw အကောင့်ကနေ အင်္ဂလိပ် မြန်မာ နှစ်ဘာသာနဲ့ တွင်တွင်ဖြန့်ခဲ့ပါတယ်။

ဒီလို စစ်ဗိုလ်ဟောင်း ညွှန်မှူးတွေ၊ ပြန်ဝန်တွေက လူမှုကွန်ယက်ပေါ်ကနေ အမုန်းတရားတွေ တွင်တွင်ဖြန့်ခဲ့ခြင်း၊အစိုးရပိုင် မီဒီယာတွေ၊ စစ်တပ်မွေး ပုဂ္ဂလိက မီဒီယာတွေကနေ လူမျိုးရေး မီးရှို့ခဲ့ခြင်းတွေရဲ့ အကျိုးဆက်ကတော့ ၂၀၁၂ ဇွန်လဆန်းမှာ မော်လဝီဆရာတွေ အသတ်ခံခဲ့ရသလို ဇွန် ၈ ရက်နေ့မှာပဲ မောင်တောမှာ လူမျိုးရေး ပဋိပက္ခစဖြစ်တော့တယ်။ ချိန်သားကိုက်အနေနဲ့ ဗိုလ်ရဲထွဋ်တို့ ဗိုလ်ဇော်ဌေးတို့က ဝတ်ပြုပြန်လာတဲ့ မွတ်ဆလင်တွေက စတင်တိုက်ခိုက်တာပါလို့ စတင်ဖော်ပြကြတော့တယ်။

“မွတ်စလင်အများစု နေထိုင်သည့် မောင်တောမြို့၌ ၂၀၁၂ ဇွန်လ ၈ရက် သောကြာနေ့တွင် နေ့ဝတ်ပြု ဆုတောင်းပွဲအပြီး ဗလီအတွင်းမှ ထွက်လာသော ထောင်နှင့်ချီသည့် ဘင်္ဂါလီမွတ်စလင်များသည် တုတ်ဓားကိုင်ဆွဲ၍ ရခိုင် တိုင်းရင်းသား ဗုဒ္ဓဘာသာဝင်များနှင့် နေအိမ် အဆောက်အအုံများ၊ ဗုဒ္ဓဘာသာရေး အဆောက်အအုံများကို တိုက်ခိုက်ကြတော့သည်” ဆိုတဲ့ ပို့စ်တွေ ဗိုလ်ဇော်ဌေးတို့ တွင်တွင်ဖြန့်ခဲ့ကြတယ်။

လူမျိုးရေး၊ ဘာသာရေး မတူကွဲပြားတဲ့ လူတွေကြား ရန်လိုမုန်းတီးမှုတွေ ထိုးဆွပေးပြီး လူမျိုးရေး ဘာသာရေး အဓိကရုဏ်း မဖြစ်ဖြစ်အောင် တွန်းပို့ပေးတဲ့ လုပ်ကြံရေးသားမှုတွေကို သာမန် ဖေ့စ်ဘွတ်ခ်သုံးသူတယောက်က လုပ်တာမျိုး မဟုတ်။ အစိုးရ ဝန်ကြီးဌာနကိုယ်တိုင်၊ သမ္မတရုံး ညွှန်မှူးကိုယ်တိုင်၊ အစိုးရ ပြန်ဝန်ကိုယ်တိုင်၊ လူသိများတဲ့ စစ်တပ်မွေး ပုဂ္ဂလိက မီဒီယာတွေကိုယ်တိုင် လုပ်ခဲ့ကြခြင်း ဖြစ်တယ်။ အထက်ပါ စာပိုဒ်ကိုပဲ ကြည့်ပါ – တိုင်းရင်းသား ရခိုင်နဲ့ ကျူးကျော်ဝင်ရောက်လာသူ အကြမ်းဖက်သမား alien ဘင်္ဂါလီဆိုတဲ့ ရန်ဖက်ပဋိပက္ခပုံစံ ဖော်ထုတ်ထားတာ အထင်အရှား တွေ့ရမယ်။ ခိုးဝင်ဘင်္ဂါလီ လုပ်ဇာတ်ကို အမြစ်တွယ် ခိုင်မာစေခဲ့သူတွေထဲမှာ NLD သမ္မတရုံး ပြောခွင့်ရဟောင်း ဗိုလ်ဇော်ဌေး ထိပ်ဆုံးက ပါခဲ့တယ်။

၂၀၁၂ ဇွန်လ ၈ရက်နေ့ တညနေလုံးလိုပဲ မောင်တောမြို့နယ်ထဲကို ဘင်္ဂလားဒေ့(ရှ)ကနေ အလုံးအရင်းနဲ့ ဝင်ရောက်လာနေပြီဆိုတဲ့ သတင်းတွေကို သမ္မတရုံး တာဝန်ရှိသူဆိုတဲ့ ဗိုလ်ဇော်ဌေးတို့တတွေ ဝိုင်းတင်ခဲ့ကြတယ်။ အဲဒီည တစ်နာရီလောက်ထိ ဘယ်နေရာကိုတော့ ဘင်္ဂါလီတွေက မီးရှို့နေပါပြီဆိုတာမျိုး သတင်းအမှားတွေ ဖြန့်ပြီး လူမျိုးရေး ဘာသာရေး ပဋိပက္ခကို ဓာတ်ဆီလောင်းပေးခဲ့ကြတယ်။ ဗမာပြည် နေရာအနှံ့အပြားမှာ ရွာလုံး ကျွတ် မီးရှို့လူသတ်နေတဲ့ စစ်တပ်က ဗိုလ်မှူးဟောင်းတွေက အဖိနှိပ်ခံ လူနည်းစု ရိုဟင်ဂျာတွေကို အဲဒီလို အပြစ်ဖို့ပြီး လူမျိုးရေး ဘာသာရေး ရန်မီးမွှေးရင်း ဒင်းတို့အပေါ် ကျရောက်လာမယ့် အဖိနှိပ်ခံလူထုကြီးရဲ့ ဒေါသကို အာရုံလွှဲပေးခဲ့ကြတယ်။

NLD သမ္မတရုံး ပြောခွင့်ရလို့ သတင်းမီဒီယာတွေမှာ တခုတ်တရ ဖော်ပြခံလိုက်ရသူ ဗိုလ်ဇော်ဌေးဆိုတာ ရိုဟင်ဂျာ ဂျီနိုဆိုက်ကို မီဒီယာတွေရှေ့ တွင်တွင်ငြင်းခဲ့သူတယောက်သာမက လူမျိုးတုန်း သတ်ဖြတ်မှုတွေ မဖြစ်ခင်ကတည်းက ကျူးလွန်ဖို့ နှိုးဆော်တိုက်တွန်းခဲ့သူတဦးလည်း ဖြစ်တယ်။ အောက်ပါပုံထဲက Hmuu Zaw ရဲ့ ပို့စ်ကို ကြည့်ပါ –

‘ရိုဟင်ဂျာသွေးစည်းညီညွတ်ရေးအဖွဲ့ဝင်များအမည်ခံ ရိုဟင်ဂျာ အကြမ်းဖက်သမားများ လက်နက်များဖြင့် နယ်စပ်ကို ဖြတ်ကျော်လာကြောင်း သိရှိရပါသည်။ ပြည်ပမှ ရိုဟင်ဂျာများ ဝင်လာခြင်း ဖြစ်ပါသည်။ မိမိတပ်များမှ ကြိုတင်သတင်းရရှိထားပြီး ဖြစ်သောကြောင့် အပြီးတိုင် ချေမှုန်းသွားမည် ဖြစ်ပါသည်။ ချေမှုန်းနေပြီဟု ယူဆပါသည်။

ဤအတွက်တော့ လူသားချင်းစာနာထောက်ထားမှုတွေ၊ လူ့အခွင့်အရေးတွေ လာမပြောစေလိုပါ။ ရွှေပြည်အေး တရားတွေ၊ မေတ္တာရှင်ကြီးလိုလိုလာပြီး ဆရာကြီး မလုပ်ကြစေလိုပါ။ အသံကောင်း မဟစ်ကြစေလိုပါ။

(ရခိုင်ပြည်က ဘူးသီးတောင်၊ မောင်တော ဒေသများကို သွားကြည့်ပါ။ ကျွန်တော်တို့ တိုင်းရင်းသားတွေ ကျီးလန့် စာစားနေရတဲ့အပြင် ကိုယ့်မြေ ကိုယ့်ရေမှာ လုံခြုံမှု မရှိတော့တဲ့ ဘဝရောက်နေကြရပြီ။ ဒီအတွက် ကျွန်တော် ရင်နာမိတယ်။ ဒါ ကျွန်တော်တို့ တိုင်းပြည်ကြီးလေ – ဒါကျွန်တော်တို့ မြေလေ။)

(အားလုံးကို ဆိုလိုပါသည်) နိုင်ငံရေး ပါတီများ၊ လွှတ်တော်အမတ်များ၊ Civil Society များ၊ အမြဲတမ်း အတိုက်အခံလုပ်နေရမှ ကျေနပ်နိုင်သော၊ သမ္မတကြီးနှင့် အစိုးရအပေါ် မကောင်းပြောရမှ စာရင်းအိပ်ပျော်ကြသူများ အားလုံးကို တိုက်ရိုက်ရည်ညွှန်းပြောကြားခြင်း ဖြစ်ပါသည်’ ဆိုပြီး ‘ဒေါ်အောင်ဆန်းစုကြည်ရဲ့ ယုံကြည်ကိုးစားမှုကိုလည်း ရရှိခဲ့ပါတယ်’လို့ RFA သတင်းဌာနက ညွှန်းဆိုထားသူ ဗိုလ်ဇော်ဌေး ရေးခဲ့တာပါ။

အဲဒီပို့စ်ရဲ့ ထိပ်ဆုံးမှာ ဗိုလ်ဇော်ဌေးက (ပုဂ္ဂလိကအမြင် တင်ပြခြင်း ဖြစ်ပါသည်) လို့ ရေးထားပေမယ့် သူ့စကားတွေက လူသတ်စစ်တပ်ရှေ့မှာ မိန့်ခွန်းချွေနေတဲ့ နာဇီစစ်ဗိုလ်တယောက် လေသံအပြည့်ဖြစ်နေတယ်။ ‘ရိုဟင်ဂျာ အကြမ်းဖက်သမားများ၊ ပြည်ပမှ ရိုဟင်ဂျာများ ဝင်လာခြင်း’ ဆိုတဲ့စကားတွေက ပုဂ္ဂလိက အမြင်ကို ပြောနေတာ မဟုတ်ဘဲ အထောက်အထားမဲ့ စွပ်စွဲခြင်း ဖြစ်တဲ့အပြင် ဒီစကားကြားလိုက်သူတွေ စိတ်ထဲမှာ ငါတို့ကို ပြည်ပက ရန်သူတွေ ဝင်တိုက်နေပြီဆိုတဲ့ ကြောက်လန့်စိတ်၊ လူမျိုးရေး ဘာသာရေးအရ ရန်လိုစိတ်၊ ဗိုလ်ဇော်ဌေးတို့ စစ်တပ်ကြီးကို မိမိအသက်အိုးအိမ် ကာကွယ်ပေးသူတွေလို့ ထင်မြင်မှုတွေ ဖြစ်လာအောင် စေ့ဆော်ပေးတယ်။

ဗိုလ်ဇော်ဌေးတို့ စစ်တပ်လို့ သုံးနှုန်းခြင်းကို ဘဝင်မကျဘူးဆိုရင် ဗိုလ်ဇော်ဌေးကိုယ်တိုင် သုံးနှုန်းခဲ့တဲ့ စကားလုံးတွေကို ကြည့်ပါ – “မိမိတပ်များမှ အပြီးတိုင် ချေမှုန်းသွားမည် ဖြစ်ပါသည်”လို့ အတိအလင်း ရေးထားတယ်။ နာဇီ စစ်ဗိုလ်တယောက်ရဲ့ သေချာရေရာမှုမျိုးနဲ့ ပြတ်ပြတ်သားသားကို လူသတ်ခိုင်းနေတာပါ။ လူတွေရဲ့ စိတ်ထဲမှာ ရန်သူတွေ ကျူးကျော်လာနေပြီ၊ အမျိုးဘာသာစောင့် စစ်တပ်ကြီးက ကာကွယ်ပေးတော့မယ်လို့ militarized လုပ်အပြီးမှာတော့ လူ့အခွင့်အရေးတွေ၊ လူသားချင်းစာနာမှုတွေ လာမပြောဖို့ဆိုပြီး ခြိမ်းခြောက်ပါတော့တယ်။ ဗိုလ်ဇော်ဌေးတို့ရဲ့ စစ်ဝါဒမှိုင်းကို ဆန့်ကျင်လာမယ့် အသံအားလုံးကို ဒီလိုနည်းနဲ့ silence လုပ်ပစ်ပါတယ်။

ရခိုင်ပြည်နယ်က အဖိနှိပ်ခံ လူထုကြီးကို နှိပ်စက်ကလူပြု၊ သွေးစုပ်ခြယ်လှယ်တဲ့ အစိုးရစစ်တပ်က တိုက်ပုံဝတ် ဗိုလ်မှူးဇော်ဌေးဟာ ရခိုင်ပြည်နယ်က ‘တိုင်းရင်းသားတွေ’ကို စာနာသနားသတဲ့။ လေလေးနဲ့ သနားပြရာမှာတောင် ‘တိုင်းရင်းသား’ပဲ စာနာသနားနိုင်သူ အာဂ သူတော်ကောင်းကြီးပါတကား။ တကယ်တော့ သနားကြောင်း မိကျောင်းမျက်ရည်ကျပြရင်း တိုင်းရင်းသား Vs ဘင်္ဂါလီ လုပ်ဇာတ်ကို အမြစ်တွယ်အောင် ရိုက်ထည့်နေတာပါ။ ပြည်ပက ဝင်လာသူတွေလို့ စွပ်စွဲပြီး သူတို့ကြောင့်ပဲ တိုင်းရင်းသားတွေ ဒုက္ခရောက်နေသယောင် လုပ်ဇာတ် ဖန်တီးလိုက်ခြင်းအားဖြင့် တကယ့်တရားခံ ဒင်းတို့စစ်တပ်၊ စစ်အာဏာရှင်တွေအပေါ် လူထု ဒေါသကျမလာအောင် လုပ်ခြင်းဖြစ်တယ်။

သင်ခန်းစာယူတတ်ဖို့

သေသွားပြီဖြစ်တဲ့ လူတစ်ယောက်ရဲ့ အမှားတွေကို ပြန်ရေးပြနေတော့ ဘာထူးမှာလဲလို့ ဆရာကြီးတွေက စောဒကတက်နိုင်တယ်။ အိုမင်းပုပ်သိုးနေတဲ့ လူ့အဖွဲ့အစည်းတခု အခုလို ဘက်ပေါင်းစုံက အကျပ်ဆိုက်လာတဲ့အခါ အုပ်စိုးသူ လူတန်းစားက ဗိုလ်ဇော်ဌေးတို့ လုပ်ခဲ့သလို၊ ဗိုလ်ရဲထွဋ်တို့ လုပ်ခဲ့သလို အဖိနှိပ်ခံ လူနည်းစုတခုခုကို အပြစ်ပုံချ တရားခံလုပ်ပြီး လူမျိုးရေး ဘာသာရေး ရန်ပွဲတွေအဖြစ် ဖန်တီးလေ့ရှိတယ်။ ကိုလိုနီခေတ်မှာ ဖြစ်ခဲ့သလို ဗိုလ်နေဝင်း မဆလခေတ်မှာလည်း ဖြစ်ခဲ့တယ်။ ဗိုလ်သိန်းစိန်တို့ ခေတ်မှာလည်း ထပ်ဖြစ်ခဲ့တာပဲ။ အုပ်စိုးသူ လူတန်းစားက ဒင်းတို့ကိုယ်စားလှယ်တွေနဲ့ state machine ကို သုံးပြီး ထပ်တလဲလဲ ဖန်တီးခဲ့တာပဲ။ အဖိနှိပ်ခံ လူမျိုးစုတွေကြား ဒါမျိုး ထပ်မဖြစ်ဖို့ဆိုရင် အတိတ်ကနေ သမိုင်းအမှန်ကို သိဖို့လိုအပ်သလို သင်ခန်းစာ ထုတ်ယူကြဖို့လည်း လိုအပ်တယ်။ ဒီကနေ့ မီဒီယာကြီးတွေ လုပ်ပုံမျိုးနဲ့ကတော့ သတင်းဖတ်သူတွေ ဗိုလ်ဇော်ဌေး သေတာကို ဝမ်းနည်စရာ နှမြောစရာပဲ အောက်မေ့သွားကြမယ်။ မအလ အာဏာသိမ်းတာကိုပဲ သဘောမတူတဲ့ ‘ကိုယ့်လူ’လိုလို ထင်သွားကြမယ်။

ဗိုလ်ဇော်ဌေး သေလို့ ဝမ်းနည်းခြင်း ဝမ်းနည်းရင် လူထု တရားစီရင်မှုဖော်ဆောင်ပြီး ရိုဟင်ဂျာတွေအတွက် လူမျိုးရေး ဘာသာရေး အဓိကရုဏ်းတွေမှာ အသတ်ခံလိုက်ရတဲ့ အဖိနှိပ်ခံ ပြည်သူတွေအတွက် တရားမျှတမှု မရလိုက်လို့ ဝမ်းနည်းတာပဲ ဖြစ်သင့်တယ် မဟုတ်ပါလား။

သမိုင်းသင်တာ မအအောင်လို့ ဆိုတဲ့စကားကို ကြက်တူရွေးလို ရွတ်နေရုံဖြင့်တော့ အလကားပါပဲ။