အပုပ်နံ့တထောင်းထောင်းထနေတဲ့ မာဖီးယား အစိုးရကို ဆန့်ကျင်ဖို့ လူငယ်တွေ ဦးဆောင်တဲ့ လူထုဆန္ဒပြပွဲတွေအတွင်း လူပေါင်း ၁ သိန်းကျော်ဟာ ဘူလ်ဂေးရီးယား နိုင်ငံ့မြို့တော်ရဲ့ လမ်းမတွေထက် ပြည့်နှက်သွားခဲ့တယ်။ ဆန္ဒပြပွဲတွေဟာ အစပိုင်းမှာတော့ ၂၀၂၆ ခုနှစ်အတွက် ဘက်ဂျက်လျာထားချက် မူကြမ်းကြောင့် စတင်ခဲ့တာဖြစ်ပြီး အစိုးရက ဒီဘတ်ဂျက်ကို ဒီဇင်ဘာလ ၂ ရက်နေ့မှာပဲ ချက်ချင်း ပြန်ရုပ်သိမ်းပေးခဲ့ရတယ်။ ဒါပေမဲ့ ဆန္ဒပြပွဲတွေက ရပ်တန့်မသွားဘဲ ပိုမိုအားကောင်းလာခဲ့တယ်။ ၉ ရက်အကြာမှာတော့ အစိုးရကို ရာထူးကနေနုတ်ထွက်သွားအောင်အထိဖိအားပေးနိုင်ခဲ့တယ်။
ဒီဆန္ဒပြပွဲတွေဟာ နိုင်ငံ သမိုင်းတလျှောက် အကြီးမားဆုံး ဆန္ဒပြပွဲ လှိုင်းလုံးကြီးတွေထဲက တခုဖြစ်ပြီး စိတ်အားတက်ကြွစရာ ဒီဆန္ဒပြလှုပ်ရှားမှုတွေကို ကျောင်းသားလူငယ်တွေ၊ ဌာနဆိုင်ရာ ဝန်ထမ်းတွေက တနိုင်ငံလုံးအတိုင်းအတာနဲ့ ဝန်းရံထောက်ခံခဲ့ကြတယ်။ ဒါ့အပြင် လုပ်ခလစာ တိုးမြှင့်ရရှိဖို့အတွက် တိုက်ပွဲဝင်နေကြတဲ့ ကျန်းမာရေးဝန်ထမ်းတွေရဲ့ လှုပ်ရှားမှုနဲ့တောင် ချိတ်ဆက်သွားနိုင်ခဲ့တယ်။ မကြာသေးခင်က ကောက်ယူခဲ့တဲ့ လူထုစစ်တမ်းတခုအရ ဘူလ်ဂေးရီးယားနိုင်ငံသား ၇၀ ရာခိုင်နှုန်းကျော်က ဒီဆန္ဒပြပွဲတွေကို ထောက်ခံကြတယ်လို့ သိရတယ်။
မကြုံစဖူး ထူးကဲလှတဲ့ ဒီဆန္ဒပြပွဲတွေမှာ စစ်မှန်တဲ့ ဒီမိုကရေစီရဲ့ ပုံရိပ်ကို မြင်တွေ့ရတယ်။ ဒါဟာ လွှတ်တော်တွင်း ရာထူးလုနေကြတဲ့ ကစားပွဲမျိုး မဟုတ်ဘူး။ လူထုတိုက်ပွဲနည်းနာတွေနဲ့ လူ့အဖွဲ့အစည်းတွင်းက လုပ်သားထုအများစုကြီးနဲ့ လူငယ်တွေရဲ့ စုစည်းလှုံ့ဆော်မှုတွေအပေါ်မှာ အခြေခံထားတာ ဖြစ်တယ်။ ဘူလ်ဂေးရီးယား လူငယ်တွေဟာ ဒီနှစ် ဆောင်းဦးရာသီမှာ ဖြစ်ပွားခဲ့တဲ့ Gen Z ဆန္ဒပြပွဲတွေကို အတုယူစံပြုခဲ့ကြတာ ဖြစ်တယ်။ ‘မင်းတို့ ဒေါသထွက်အောင် လုပ်မိတာ မျိုးဆက်မှားသွားပြီ’၊ ‘Gen Z နဲ့ အဂတိလိုက်စားမှု တိုက်ပွဲ’ နဲ့ ‘Gen Z လာနေပြီ’ ဆိုတဲ့ စာသားတွေပါဝင်တဲ့ ဆိုင်းဘုတ်တွေကို ကိုင်ဆောင်ကာ ဆန္ဒပြခဲ့ကြတယ်။
အရေးကြီးတဲ့အချက်ကတော့ ဒီလူငယ်မျိုးဆက်ဟာ ၁၉၉၀ ပြည့်လွန်နှစ်တွေက စတာလင်ဝါဒ (Stalinism) ပြိုလဲသွားတဲ့ဖြစ်စဉ်နဲ့ ပတ်သက်လို့ အမှတ်ရစရာ ဘာမှ မရှိဘူး။ သူတို့ ကြုံခဲ့ရတဲ့ ဘူလ်ဂေးရီးယား အရင်းရှင်စနစ် ဆိုတာ လှည့်ဖျားမှုတခုသာ ဖြစ်တယ်။ အခုဆိုရင် လူငယ်တွေရဲ့ နက်ရှိုင်းတဲ့ ဒေါသနဲ့ တည်ဆဲစနစ် (Establishment) အပေါ် သူတို့ရဲ့ ယုံကြည်မှု ကင်းမဲ့နေပုံတွေကို အထင်အရှား မြင်တွေ့လိုက်ရပြီ။
ပုပ်သိုးနေတဲ့စနစ်
၂၀၂၆ ခုနှစ် ဘတ်ဂျက်လျာထားချက်ဟာ အစိုးရရဲ့ အသုံးစရိတ်တွေကို ကာမိဖို့အတွက် အခွန်ကောက်ခံမှုကို တိုးမြှင့်ပစ်ဖို့ ကြိုးစားမှုတခုပဲ။ နောက်တနည်းနဲ့ ပြောရရင် အသေးစား လုပ်ငန်းရှင်တွေဆီကနေ အခွန်ငွေတွေ ညှစ်ထုတ်ဖို့က တစိတ်တပိုင်းအားဖြင့် ပါဝင်နေသလို၊ အဓိကအားဖြင့်တော့ ဘူလ်ဂေးရီးယား အရင်းရှင်စနစ်ကြောင့် ဖြစ်ပေါ်လာတဲ့ လူမှုရေးနဲ့ စီးပွားရေး အကျပ်အတည်းတွေကို အလုပ်သမား လူတန်းစားနဲ့ လူငယ်တွေကပဲ ခါးစည်းခံပေးရအောင် လုပ်ဆောင်လိုက်တာပဲ။ ဒါဟာ ဘူလ်ဂေးရီးယားနိုင်ငံမှာ ဇန်နဝါရီလ ၁ ရက်နေ့က စတင်ပြီး ယူရိုငွေကြေး (Euro) အသုံးပြုတော့မယ့် ကိစ္စနဲ့ တိုက်ဆိုင်နေပြီး ဒီ ငွေကြေးပြောင်းလဲမှုကြောင့် ကုန်ဈေးနှုန်းတွေ ပိုမြင့်တက်လာစေမယ့် အခြေအနေလဲ ရှိနေပြီ။
တိုင်းပြည်ရဲ့ စီးပွားရေးကို ကပ်ပါးကောင် လက်တဆုပ်စာ လူချမ်းသာတွေက အဓမ္မ လုယူသိမ်းပိုက်ထားတာ ကြာလှပြီလို့ လူအများက နားလည်ထားတယ်။ ဒါကြောင့်လဲ မကြာသေးခင်က ပြုလုပ်ခဲ့တဲ့ ဆန္ဒပြပွဲတွေမှာ လူငယ်တွေက ‘ဘူလ်ဂေးရီးယားဟာ ဝက်တွေပိုင်တဲ့ တိုင်းပြည် မဟုတ်ဘူး’ ဆိုတဲ့ ဆိုင်းဘုတ်တွေကို ကိုင်ဆောင်ခဲ့တယ်။ နေရာအနှံ့မှာရှိနေတဲ့ အဂတိလိုက်စားမှုတွေဟာ ‘သည်းခံနိုင်စရာမရှိတော့တဲ့ အခြေအနေ’ ကို ရောက်နေပြီဖြစ်လို့ ဆန္ဒပြပွဲမှာ ပါဝင်လာတာဖြစ်ကြောင်း အသက် ၂၄ နှစ်အရွယ် ဆိုင်ဝန်ထမ်း အမျိုးသမီးတဦးက သတင်းထောက်တွေကို ပြောကြားခဲ့တယ်။ ၂၀၂၆ ဘတ်ဂျက်လျာထားချက်ဟာ အလုပ်သမားထုနဲ့ လူငယ်တွေရဲ့ ဘဝအခြေအနေကို ပိုမိုဆိုးရွားသွားစေလိမ့်မယ်။ အလုပ်သမားထုနဲ့ လူငယ်တွေဟာ အခွန်ကောက်ခံမှု ထိုးတက်လာတဲ့ ဒဏ်ကို အပြင်းအထန် ခံရမှာ ဖြစ်တယ်။ ဒါ့အပြင် ဒီဘတ်ဂျက်လျာထားချက်ဟာ အရင်းရှင်ကြီးတွေရဲ့ အိတ်ထဲ ငွေဖြည့်ပေးဖို့အတွက် အလုပ်သမားထုနဲ့ အသေးစား လုပ်ငန်းရှင်တွေကို ချနင်းပစ်ဖို့ စီစဉ်ထားတာဖြစ်တယ်ဆိုတာ ထင်ရှားတယ်။
ဘူလ်ဂေးရီးယားနိုင်ငံဟာ ဥရောပရဲ့ အဆင်းရဲဆုံးနဲ့ အဂတိလိုက်စားမှု အများဆုံး နိုင်ငံတွေထဲမှာ ပါနေတယ်။ လူထုရဲ့ ဒေါသဟာ လက်ရှိအစိုးရအဖွဲ့ကို ဆန့်ကျင်ရုံသက်သက်ထက် ပိုနက်ရှိုင်းပါတယ်။ သူတို့ဟာ တည်ဆဲစနစ် တခုလုံးရဲ့ အသွေးအသားထဲ စနစ်တကျ အမြစ်တွယ်နေတဲ့ ပြဿနာတွေကို မျက်မြင်တွေ့နေရတာ ဖြစ်တယ်။
အခုဆိုရင် လေးနှစ်အတွင်း ရှစ်ကြိမ်မြောက် အထွေထွေရွေးကောက်ပွဲနဲ့ ရင်ဆိုင်ရမယ့် အလားအလာရှိနေတယ်။ အခုအခြေအနေမှာ အစိုးရအဖွဲ့ နှုတ်ထွက်လိုက်ခြင်းဟာ အလုပ်မဖြစ်တော့တဲ့ ဖဲချပ်ဟောင်းတွေကို ပြန်ပြီးရောမွှေလိုက်တာထက် မပိုပါဘူး။ ဘယ်အစိုးရကမှ လူ့အဖွဲ့အစည်း ရင်ဆိုင်နေရတဲ့ အခြေခံပြဿနာတွေကို မဖြေရှင်းနိုင်ခဲ့သလို၊ အစိုးရတိုင်းမှာလဲ အဂတိလိုက်စားမှုတွေ ရှိနေခဲ့တယ်။ ဒါကြောင့် အခုလဲ ရင်းနှီးကျွမ်းဝင်နေပြီးသား သံသရာဟောင်းကြီး တပတ်ပြန်လည်စပြုနေတာကို မြင်တွေ့နေရပြန်ပြီ။ ရွေးကောက်ခံမဟုတ်တဲ့ တတ်သိပညာရှင်တွေ (Technocrats) ပါဝင်သော အိမ်စောင့် အစိုးရကို ဖွဲ့စည်းမယ်၊ ပြီးရင် ရွေးကောက်ပွဲအသစ်တွေ လုပ်မယ်၊ ဒီနောက် တည်ဆဲ အာဏာအဝန်းအဝိုင်းက တည်ငြိမ်တဲ့ အစိုးရအဖွဲ့တခုကို ဖွဲ့စည်းဖို့ ကြိုးစားပေမယ့် အရာမထင် ထပ်ဖြစ်မယ်။ ဒါဟာ မကြာသေးခင်နှစ်တွေက ဖြစ်ပျက်ခဲ့တဲ့ အခြေအနေတွေလိုပဲ လာလိမ့်မယ်။ နောက်ထပ်တက်လာမယ့် အစိုးရအဖွဲ့လဲ အယုံအကြည်မရှိအဆို (Vote of no-confidence) နဲ့ ပြုတ်ကျသွားမယ့် ဖြစ်နိုင်ခြေ အတော်များတယ်။
လှည့်ကွက်ခင်းလာတဲ့ အစိုးရ
အစိုးရအဖွဲ့ ပြုတ်မကျခင်လေးတင် ၂၀၂၆ ခုနှစ်အတွက် ဘတ်ဂျက် လျာထားချက်ကို ‘ပြင်ဆင်’ ရေးဆွဲခဲ့တယ်။ ရှက်စရာကောင်းတာက ပြင်ထားတဲ့ မူကြမ်းကို အလုပ်သမားသမဂ္ဂတွေကပါ ထောက်ခံချက်ပေးခဲ့ကြတာပဲ။
မျှော်လင့်ထားတဲ့အတိုင်းပါပဲ၊ ဒီဘတ်ဂျက်ဟာ ပယ်ချခံလိုက်ရတဲ့ မူလဘတ်ဂျက်နဲ့ အနှစ်သာရအားဖြင့် ဘာကွာခြားချက်မှ မရှိဘူး။ ဒါဟာ အရှိန်မြင့်တက်လာတဲ့ ဆန္ဒပြပွဲတွေကို ရင်ဆိုင်နေရတဲ့ အစိုးရဘက်က အချိန်ဆွဲဖို့ကြိုးစားတဲ့ စက်ဆုပ်စရာ လှည့်ကွက်တခုသက်သက်ပဲ။ ဒီဘတ်ဂျက်ရဲ့ ရည်ရွယ်ချက်က လူနေမှုအဆင့်အတန်း မြင့်မားလာဖို့ မဟုတ်ဘူး၊ EU ရဲ့ အရင်းရှင်၊ နယ်ချဲ့ အကျိုးစီးပွားတွေက ပြဌာန်းထားတဲ့ ယူရိုဇုန် ဝင်ခွင့် သတ်မှတ်ချက်တွေနဲ့ ကိုက်ညီအောင် အောက်ကျို့ဆောင်ရွက်ပေးဖို့ ရည်ရွယ်ရင်း ဖြစ်တယ်။ ဆိုလိုရင်းကတော့ ယူရိုဇုန်ဝင်ခွင့်ရဖို့ အစိုးရက အကြွေးတွေ ထပ်ယူမယ်၊ နေတိုး (NATO) အဖွဲ့ရဲ့ ရည်မှန်းချက်တွေနဲ့ ကိုက်ညီအောင် စစ်ရေးအသုံးစရိတ်တွေကို စံချိန်တင် တိုးမြှင့်မယ်၊ EU တခုလုံး နစ်မွန်းနေတဲ့ အကြွေးအကျပ်အတည်းရဲ့ ကုန်ကျစရိတ်တွေကို အလုပ်သမားထု ပုခုံးပေါ် ပစ်တင်ပေးဖို့ အတင်းအကြပ် ခြိုးခြံချွေတာရေး အစီအစဉ်တွေ ပြင်ဆင်ထားတယ်၊ တချိန်တည်းမှာ အရင်းရှင်ကြီးတွေနဲ့ အာဏာရှိ သူဌေးကြီးတွေကို ဒီအကျပ်အတည်းဒဏ်မခံရအောင် အကာအကွယ်ပေးထားတယ်။
ဘတ်ဂျက်ထဲမှာ စစ်ရေး အသုံးစရိတ်ကို အများဆုံးဖြစ်အောင် စီစဉ်ထားတယ်။ ကာကွယ်ရေး အသုံးစရိတ်ကို ယူရို ၂.၇ ဘီလီယံအထိ တိုးမြှင့်ဖို့ စီစဉ်ထားတယ်။ ဒါဟာ နေတိုး (NATO) အဖွဲ့ရဲ့ သတ်မှတ်ချက်တွေနဲ့အညီ ဘူလ်ဂေးရီးယားရဲ့ စစ်ရေး အသုံးစရိတ်ကို ဂျီဒီပီ (GDP) ရဲ့ ၂.၂၅ ရာခိုင်နှုန်းအထိ ရောက်ရှိသွားစေမှာ ဖြစ်တယ်။ အာဏာရ လူတန်းစားဟာ လာမယ့်နှစ်တွေမှာ စစ်ရေးအသုံးစရိတ်ကို ထပ်မံတိုးမြှင့်ဖို့ ဖိအားပေးတာ ခံရလိမ့်ဦးမယ်။ အကြောင်းကတော့ နေတိုးအဖွဲ့က ဆယ်စုနှစ် တခုအတွင်း စစ်သုံးစရိတ်ကို ဂျီဒီပီရဲ့ ငါးရာခိုင်နှုန်းအထိ တိုးမြှင့်ဖို့ သတ်မှတ်ထားလို့ပဲ။ လူမှုဖူလုံရေးနဲ့ ပြည်သူ့ဝန်ဆောင်မှု အသုံးစရိတ်တွေ ဖြတ်တောက်ပြီး ဒီအစီအစဉ်တွေကို အကောင်အထည်ဖော်သွားလိမ့်မယ်။
၂၀၂၆ ဘတ်ဂျက်လျာထားချက်မှာ ဌာနဆိုင်ရာဝန်ထမ်းတွေရဲ့ လစာကို ၁၀ ရာခိုင်နှုန်း တိုးမြှင့်ပေးမယ့် အလျှော့ပေးမှုတခု ပါဝင်ခဲ့ပေမဲ့၊ ဒီအတွက် တခြားကဏ္ဍတွေကို ဘဏ္ဍာရေးအရ ဖြတ်တောက်ပစ်ရလိမ့်မယ်။ ဥပမာအားဖြင့်ဆိုရင် ကျန်းမာရေးဝန်ထမ်းကဏ္ဍ ဘဏ္ဍာရေးကို ၇၅ ရာခိုင်နှုန်းအထိ အကြီးအကျယ် လျှော့ချပစ်ခဲ့တာမျိုး။ ဒီလုပ်ရပ်ဟာ ဆန္ဒပြပွဲမီးတောက်ကို လောင်စာ ထပ်ဖြည့်ပေးလိုက်သလို ဖြစ်ခဲ့တယ်။
အခုဆိုရင် ရာထူးကနေ နုတ်ထွက်သွားရတဲ့ အစိုးရအဖွဲ့က ရွေးကောက်ပွဲ မကျင်းပမီကာလအထိ ‘အရေးကြီး နိုင်ငံတော် လုပ်ငန်းဆောင်တာတွေ’ အနှောင့်အယှက်မရှိ ဆက်လက် လည်ပတ်နိုင်ဖို့အတွက် အရေးပေါ် ‘တိုးချဲ့ ဘတ်ဂျက်’ တခု အတည်ပြုမှာ ဖြစ်ကြောင်း ထုတ်ပြန်ကြေညာထားတယ်။
‘ပြန်လည်ပြင်ဆင်ထားတဲ့’ ဘက်ဂျက်လျာထားချက်ကို သူတို့ ကိုင်တွယ်တဲ့ပုံစံကို သုံးသပ်ကြည့်ရရင် အခု ‘တိုးချဲ့ ဘတ်ဂျက်’ ဟာလဲ ဆန္ဒပြပွဲတွေကို ဦးဆောင်နေတဲ့ အလုပ်သမားတွေနဲ့ လူငယ်တွေအတွက် ဘာထူးခြားတဲ့ ရလဒ်မှ ပေးနိုင်မှာ မဟုတ်ဘူး။ အလုပ်သမား လူတန်းစားဟာ အရင်းရှင်တွေဆီကနေ လိုက်လျောမှုတွေ အကျပ်ကိုင်ရယူဖို့ လူ့အဖွဲ့အစည်းရဲ့ လည်ပတ်မှုယန္တရားတခုလုံးကို သွက်ချာပါဒလိုက်သွားစေနိုင်တဲ့ တခုတည်းသော အင်အားစုပဲ။ လှုပ်ရှားမှုကို ဒီထက် အရှိန် မြှင့်တင်ပြီး တိုက်ပွဲထဲ ပါမလာသေးတဲ့ အလုပ်သမား လူတန်းစား အလွှာအသီးသီးဆီ ရောက်သွားအောင် မလုပ်နိုင်ဘူးဆိုရင် အုပ်စိုးသူ လူတန်းစားက အခြေအနေကို ပြန်လည်ထိန်းချုပ်ပြီး ဘတ်ဂျက်ကို တနည်းမဟုတ် တနည်း အတည်ပြုသွားမှာပဲဆိုတဲ့ perspective ကို ဆန္ဒပြလှုပ်ရှားမှုကြီးအနေနဲ့ ပြတ်ပြတ်သားသား ကိုင်စွဲထားရလိမ့်မယ်။
ဒီတပတ်အတွင်းမှာပဲ နောက်ထပ် လူထုဆန္ဒပြပွဲတရပ် ပြုလုပ်ဖို့ စီစဉ်ထားတယ်။ ဒီတကြိမ်မှာတော့ ယူရိုဇုန်ထဲ ဘူလ်ဂေးရီးယားနိုင်ငံ ဝင်ရောက်မယ့် အစီအစဉ်ကို ဆန့်ကျင်ဖို့ ဖြစ်တယ်။ ဘူလ်ဂေးရီးယား နိုင်ငံသား ထက်ဝက်ကျော်ဟာ ဒီအစီအစဉ်က သူတို့ အကျိုးစီးပွားနဲ့ မကိုက်ညီဘူးဆိုတာ သိနေတဲ့အတွက် ယူရိုဇုန်ထဲ ဝင်ရောက်ရေးကို ထောက်ခံခြင်းမရှိဘူး။
ဘူလ်ဂေးရီးယား အရင်းရှင်စနစ်ဟာ အကျပ်အတည်းနဲ့ ရင်ဆိုင်နေရပြီး သူတို့ကို ကိုယ်စားပြုနိုင်မယ့် တည်ငြိမ်သော အစိုးရတရပ်ကိုလဲ ဖွဲ့စည်းနိုင်ခြင်း မရှိဘူး။ အစိုးရသစ်တိုင်းက အတင်းအကျပ် ခြိုးခြံရေးအစီအစဉ်တွေ ချမှတ်ပြီး စီးပွားရေးအခြေအနေ ကောင်းလာအောင် ကြိုးစားလေ့ရှိတယ်။ ဒါပေမယ့် ဒီလို လုပ်လိုက်တိုင်း လူထုရဲ့ ဆန့်ကျင်ကန့်ကွက်မှုတွေ ထွက်ပေါ်လာစမြဲ။ ဒါဟာ ပြင်သစ်လို အဓိကကျတဲ့ နိုင်ငံတွေကနေစလို့ စီးပွားရေးကျဆင်းမှုဒဏ်ကို ပိုပြင်းပြင်းထန်ထန် ခံစားရတဲ့ အစွန်အဖျား နိုင်ငံတွေအထိ ဥရောပသမဂ္ဂ (EU) တခုလုံးမှာ ဖြစ်ပေါ်နေတဲ့ ပြဿနာတရပ်လဲ ဖြစ်တယ်။ ယူရိုဇုန်ထဲကို ထဲထဲဝင်ဝင် ဝင်ရောက်သွားတဲ့အတွက် ဘူလ်ဂေးရီးယားအနေနဲ့ ဒီမိုကရေစီနဲ့ တည်ငြိမ်မှုတို့ရှိရာ သုခဘုံဆီ ရောက်မှာတော့ မဟုတ်ဘူး။ ဥရောပအရင်းရှင်စနစ်ရဲ့ အထွေထွေအကျပ်အတည်းထဲ ပို နက်နက်ရှိုင်းရှိုင်း ဆွဲသွင်းခံရဖို့ပဲ ရှိတယ်။
နက်ရှိုင်းပြင်းထန်တဲ့ နိုင်ငံရေး အကျပ်အတည်း
ဘူလ်ဂေးရီးယား လူထုက ရွံရှာမုန်းတီးတဲ့ အစိုးရကို ဦးဆောင်နေသူတွေက (နှစ်ရှည်လများ မာဖီးယားစတိုင် အုပ်ချုပ်ခဲ့တဲ့ ဝန်ကြီးချုပ်ဟောင်း) ဘောရစ်ဆော့ဖ်၊ (DPS ပါတီနဲ့ အလွမ်းသင့်ပြီး အမေရိကန်နဲ့ ယူကေတို့က မဂ်နစ်စကီ အက်ဥပဒေအရ ပိတ်ဆို့အရေးယူထားတဲ့ မီဒီယာ လုပ်ငန်းရှင်ကြီး) ပီယက်ဖ်စကီတို့လို ခြကောင်ကြီးတွေ ဖြစ်တယ်။ သူတို့နှစ်ဦးဟာ ၂၀၀၉ ခုနှစ်တည်းက အစိုးရသက်တမ်း အများစုမှာ အာဏာရနေခဲ့သူတွေ ဖြစ်တယ်။ ဆန္ဒပြလှုပ်ရှားမှုထဲက လူငယ်တွေရဲ့ နိုင်ငံရေးဘဝ တလျှောက်လုံးဟာ သူတို့ အစိုးရ လက်အောက်မှာ ကုန်ဆုံးခဲ့ရတယ်။
ဘောရစ်ဆော့ဖ်ရဲ့ ပါတီကို လူထုက ကြိမ်ဖန်များစွာ စိန်ခေါ်တိုက်ခဲ့တယ်။ အထူးသဖြင့် လွန်ခဲ့တဲ့ ငါးနှစ်တုန်းက နောက်ဆုံးဖြစ်ပွားခဲ့တဲ့ ဆန္ဒပြပွဲလှိုင်းမှာပဲ။ ဒီလှုပ်ရှားမှုကနေ ‘အတိုက်အခံပါတီ’တွေ တသီကြီး ထွက်ပေါ်လာစေခဲ့တယ်။ ဒီပါတီတွေဟာ အခြေခံအားဖြင့်တော့ တည်ဆဲအစိုးရနဲ့ ဘာမှ မကွာဘူး။ ဒီထဲမှာ လက်ရှိ အတိုက်အခံတွေထဲက ဦးဆောင်ပါတီတရပ်ဖြစ်တဲ့ ‘We Continue the Change – Democratic Bulgaria’ (PP-DB) လဲ ပါဝင်တယ်။
PP-DB ဟာ ဆန္ဒပြလှုပ်ရှားမှုရဲ့ ဦးဆောင်မှုနေရာကို အချောင်သမားဆန်ဆန် ရယူခဲ့တယ်။ အလွန်အမင်း ကြောင်သူတော်ဆန်လှတဲ့ ‘ခြစားမှုတိုက်ဖျက်ရေး’ ကြွေးကြော်သံအောက်မှာ လူလတ်တန်းစား ထောက်ခံသူတွေ စုဆောင်းနိုင်ခဲ့တယ်။ အဓိကအားဖြင့် ဘက်ဂျက်လျာထားချက်မှာ အဆိုပြုထားတဲ့ အမြတ်ဝေစုခွန် (dividend tax) နဲ့ လူမှုဖူလှုံရေးထည့်ဝင်ကြေး တိုးကောက်မယ့် ကိစ္စကို ဆန့်ကျင်ပြီး ခုလို စုစည်းနိုင်လာတာဖြစ်တယ်။ မီဒီယာတွေရဲ့ အကူအညီနဲ့ ဒီအစီအမံတွေကို ‘လှုမှုဦးစားပေး’ ဒါမှမဟုတ် ‘လက်ဝဲယိမ်း’ အစီအမံတွေအဖြစ်တောင် ပုံဖော်လာကြတယ်။ ယူရိုငွေကြေး အသုံးပြုခြင်းနဲ့အတူ ဒွန်တွဲဖြစ်ပေါ်လာမယ့် စီးပွားရေး မတည်မငြိမ်ဖြစ်မှုတွေ၊ ငွေကြေးဖောင်းပွမှုတွေရဲ့ အရင်းခံအကြောင်းတရားအဖြစ် ပုံဖော်လာကြတယ်။
PP-DB ဟာ ၂၀၂၃-၂၄ ခုနှစ်အတွင်း (ဘောရစ်ဆော့ဖ်ရဲ့ GERB ပါတီနဲ့ ပူးပေါင်းပြီး) ညွန့်ပေါင်းအစိုးရမှာ ခေတ္တပါဝင်ခဲ့စဉ်တုန်းက လုံခြုံရေးအဖွဲ့တွေကို လက်ကိုင်တုတ်သဖွယ် အသုံးချပြီး ပြိုင်ဘက်အဖွဲ့အစည်းတွေကို တိုက်ခိုက်ခဲ့တယ်။ ဒါဟာ ပီယက်ဖ်စကီးတို့လို လူတွေ လုပ်နေကျ နည်းလမ်းနဲ့ တထပ်တည်းပဲ။ အခုတော့ သူတို့ကိုယ်တိုင်က အဂတိလိုက်စားမှု သတင်းဆိုးတွေနဲ့ ပတ်သက်ဆက်နွှယ်နေကြပြီ။ ဘောရစ်ဆော့ဖ်ရဲ့ ခြစားမှုကွန်ယက်တွေကို ဖယ်ရှားပစ်နိုင်သမျှ နေရာတိုင်းမှာ သူတို့ကိုယ်ပိုင်လူယုံတွေနဲ့ အစားထိုးခဲ့ကြတယ်။
ဒါဟာ သူတို့ရဲ့ လူတန်းစားအခြေခံနဲ့ လူမှုအမြင်ကနေ တိုက်ရိုက်ဆင်းသက် ဖြစ်ပေါ်လာတာ ဖြစ်တယ်။ GERB နှင့် DPS တို့ဟာ အာဏာနဲ့ လက်သပ်မွေးပြီး ကြိုးကိုင် ထိန်းချုပ်ထားတဲ့ မာဖီးယားစတိုင် စီးပွားရေးယန္တရားတွေလို လည်ပတ်တယ်။ PP-DB ကတော့ သူတို့နဲ့ မတူဘူး။ PP-DB က မြို့ပြ လစ်ဘရယ်ဘူဇွှာ လူတန်းစား (ဆိုလိုတာက လူလတ်တန်းစား အထက်လွှာ၊ စီမံခန့်ခွဲမှုအလွှာနဲ့ NGO ကွန်ယက်တွေ)ရဲ့ အတွေးအခေါ်နဲ့ အကျိုးစီးပွားကို ကိုယ်စားပြုဖော်ပြတယ်။
သူတို့ရဲ့ နိုင်ငံရေးမူဝါဒတွေဟာ အလုပ်သမားအဖွဲ့အစည်းတွေအပေါ် ရန်လို ဆန့်ကျင်ဘက်ပြုတဲ့ သဘောထားနဲ့ တတ်သိပညာရှင်ဗဟိုပြု အယူအဆပေါ် အခြေခံထားတယ်။ လူ့အဖွဲ့အစည်းကို အများစု လူထုကြီးက မအုပ်ချုပ်သင့်ဘူး၊ ဟားဗတ်နဲ့ ဝေါစထရိမှာ ပညာသင်လာတဲ့ ‘ကျွမ်းကျင်ပညာရှင်တွေ’ကပဲ အုပ်ချုပ်သင့်တယ်လို့ ဆိုတယ်။
သူတို့ကိုယ်သူတို့ ဘယ်လိုပဲ ‘မော်ဒန် လစ်ဘရယ်တွေ’ပါလို့ ဆိုဆို၊ တကယ့် အရှိတရားမှာတော့ သူတို့ဟာ အတွေးအခေါ်အရ သဘောထား တင်းမာတဲ့ လက်ယာဂိုဏ်းသမားတွေ ဖြစ်တယ်။ EU နဲ့ NATO ရဲ့ အမာခံ ထောက်ခံသူတွေ ဖြစ်တယ်။ လက်တွေ့မှာ အလုပ်သမားထုနဲ့ ဆင်းရဲသား လူထုကို ရန်လိုစွာ ဆန့်ကျင်ဘက်ပြုသူတွေ ဖြစ်တယ်။ ပြီးခဲ့တဲ့ လအနည်းငယ်တုန်းကတောင် သူတို့ကို ထောက်ခံသူတွေက အများပြည်သူသုံး သယ်ယူပို့ဆောင်ရေးကဏ္ဍ အလုပ်သမားတွေကို ဆန့်ကျင်ဖို့ Sofia မြို့ ပြည်သူတွေကို စည်းရုံးခဲ့သေးတယ်။ “ကျွမ်းကျင်မှု သိပ်မလိုတဲ့ အလုပ်တွေကို တတ်သိပညာထက် ဦးစားပေးခြင်း အလိုမရှိ” ဆိုတဲ့ ကြွေးကြော်သံနဲ့ ဆန္ဒပြပွဲတခုတောင် လုပ်လိုက်သေးတယ်။ ‘’ကျွမ်းကျင်မှု သိပ်မလိုတဲ့’ သယ်ယူပို့ဆောင်ရေး အလုပ်သမားတွေရဲ့ လုပ်ခလစာဟာ ဆရာဝန်တွေနဲ့ တခြားသော ကျွမ်းကျင်ပညာရှင်တွေရဲ့ လုပ်ခလစာထက် ပိုမရသင့်ဘူးလို့ တောင်းဆိုခဲ့ကြတယ်။
PP-DB အနေနဲ့ ရွေးကောက်ပွဲအသစ် ကျင်းပဖြစ်အောင် တွန်းအားပေးပြီး ဘူလ်ဂေးရီးယားကို ယူရိုငွေကြေးစနစ် ကျင့်သုံးပြီး အုပ်ချုပ်နိုင်လောက်အောင် ‘အရည်အချင်းပြည်ဝသူတွေ’ အဖြစ် လုပ်ပြဖို့ ရည်ရွယ်ထားတယ်။ ဒါပေမဲ့ လက်ရှိ ဆန္ဒပြလှုပ်ရှားမှုတွေက သူတို့ရဲ့ လုပ်ငန်းစဉ် အကန့်အသတ်ကို ကျော်လွန်သွားပြီး ယူရိုဇုန်ထဲ ဘူလ်ဂေးရီးယားနိုင်ငံ ဝင်ရောက်ရေးကိုပါ ဆန့်ကျင်လာတဲ့အထိ ကျယ်ပြန့်လာခဲ့တယ်။ ဒါဟာ PP-DB အနေနဲ့ အလုပ်သမားထုနဲ့ လူငယ်တွေရဲ့ သဘောထားကို ထိထိရောက်ရောက် ထိန်းချုပ်နိုင်ဖို့ ရုန်းကန်ရတော့မယ်ဆိုတာကို ပြသနေတာပဲ ဖြစ်တယ်။
ကွန်မြူနစ်တွေရဲ့ အလုပ်က အုပ်စိုးသူ လူတန်းစားထဲက ဂိုဏ်းတခုခုကို ထောက်ခံအားပေးဖို့ မဟုတ်သလို၊ ‘အတိုက်အခံပါတီ’ ဆိုတာတွေအပေါ် မျှော်လင့်ချက် ထားနေဖို့လဲ မဟုတ်ဘူး၊ အမှီအခိုကင်း လွတ်လပ်သော၊ စနစ်တကျ စည်းရုံးစုစည်းထားသော၊ နိုင်ငံရေးအသိစူးရှတဲ့ အလုပ်သမား လူတန်းစား အင်အားစု တည်ဆောက်ရေး ဖြစ်တယ်။
ရှင်းလင်းပြတ်သားသော ဆိုရှယ်လစ်လုပ်ငန်းစဉ်ကို ကိုင်စွဲထားနိုင်တဲ့ အဲသလို အဖွဲ့အစည်းမျိုးကသာ အလိုအလျောက်သဘော ပေါက်ကွဲထွက်လာတဲ့ ဒေါသတရားကို ခိုင်မာတည်တံ့တဲ့ တိုက်ပွဲအဖြစ် ပြောင်းလဲပေးနိုင်လိမ့်မယ်။ ဒီလိုမှသာ လက်ရှိ ဘက်ဂျက်မူကြမ်းနဲ့ အကျင့်ပျက်ခြစားမှုကို မွေးထုတ်ပေးလိုက်တဲ့ စနစ်တစုံလုံးကို စိန်ခေါ်ဖြိုဖျက်နိုင်လိမ့်မယ်။
Source: Gen Z led protests force government collapse in Bulgaria by Emily Wall and Manon Powrie,16 December 2025
ဘာသာပြန် – လီယိုလင်းဆက်