တော်လှန်ရေး နည်းဗျူဟာဆိုင်ရာ ပေးစာများ

Photo - Viewpoint Magazine

စကားဦး

၁၉၁၇ ခုနှစ်၊ ဧပြီလ (၄)ရက်နေ့မှာ ခေါင်းစဉ်ပါ အကြောင်းအရာနဲ့ ပတ်သက်လို့ အစီရင်ခံစာ တင်ပြခွင့် ရခဲ့တယ်။ ပီထရိုဂရက်မြို့တော်က ဘော်ရှီဗစ် အစည်းအဝေးမှာ ပထမဆုံး တင်ပြခွင့်ရခဲ့တယ်။ ဒီအစည်းဝေးမှာ မိမိနေအိမ်ကို စွန့်ခွာပြီး အလုပ်သမား၊ စစ်သား ဆိုဗီယက်တွေရဲ့ ရပ်ရှားတပြည်လုံးဆိုင်ရာ ကွန်ဖရင့်ကို တက်ရောက်ကြမယ့် ကိုယ်စားလှယ်တွေ ရှိနေတော့ ဒီတင်ပြချက်တွေကို နေ့ရွှေ့ ညရွှေ့ လုပ်လို့ မရတော့ဘူး။ ဒီအစည်းဝေးပြီးတော့ သဘာပတိဖြစ်တဲ့ ရဲဘော် G. Zinoviev က အစည်းအဝေး တက်လာသူတွေရဲ့ ကိုယ်စား ဒီအစီရင်ခံစာကို ဘော်ရှီဗစ်၊ မင်ရှီဗစ် ကိုယ်စားလှယ်များ ပူးတွဲအစည်းအဝေးမှာ ထပ်မံ တင်ပြပေးဖို့ တောင်းဆိုလာတယ်။ အဲဒီ ပူးတွဲအစည်းအဝေးမှာ ရပ်ရှား ဆိုရှယ်ဒီမိုကရက်တစ် လေဘာပါတီ ပေါင်းစည်းရေး ပြဿနာကို ဆွေးနွေးချင်ကြတယ်။

ဒီအစီရင်ခံစာကို နောက်တကြိမ် ချက်ချင်းလက်ငင်း ထပ်တင်ပြဖို့ရာ ခက်ခဲပေမယ့်လည်း ကျနော့်ရဲဘော်တွေနဲ့ မင်ရှီဗစ်တွေက တောင်းဆိုလာတဲ့အခါ ငြင်းဖို့အခွင့်မသာတော့။ သူတို့တတွေဟာ မကြာခင် ခွဲခွာကြရတော့မှာ ဖြစ်လို့ အချိန်ရွှေ့နေလို့လည်း မဖြစ်တော့။

၁၉၁၇ ခုနှစ်၊ ဧပြီ(၇)ရက်နေ့က ထုတ်ဝေခဲ့တဲ့ Pravda အမှတ်စဉ်(၇)မှာ ဖော်ပြပြီးသား စစ်တမ်းတွေကို အစီရင်ခံစာ အဖြစ် ဖတ်ကြားခဲ့ခြင်း ဖြစ်တယ်။ ဒီစစ်တမ်းတွေကော၊ အစည်းအဝေးမှာ တင်သွင်းခဲ့တဲ့ အစီရင်ခံစာကော ၂ခုလုံးဟာ ဘော်ရှီဗစ်တွေကြားမှာ သဘောထားကွဲလွဲမှုတွေ ဖြစ်စေခဲ့သလို ပရား(ဗ်)ဒါ သတင်းစာ အယ်ဒီတာတွေကြားမှာလည်း သဘောထားကွဲလွဲမှုတွေ ဖြစ်စေခဲ့တယ်။ အကြေအလည် ဆွေးနွေးပြီးတဲ့နောက် သဘောထားကွဲလွဲမှုတွေကို ပွင့်ပွင့်လင်းလင်း ချဆွေးနွေးတာ ကောင်းလိမ့်မယ်လို့ တညီတညွတ်တည်း သုံးသပ်ခဲ့ကြတယ်။ ဒါ့ကြောင့်ပဲ ၁၉၁၇ ခုနှစ်၊ ဧပြီလ ၂ဝရက်နေ့မှာ ပြုလုပ်မယ့် ငါတို့ပါတီ (ဗဟိုကော်မတီအောက် စုစည်းထားတဲ့ ရပ်ရှား ဆိုရှယ် ဒီမိုကရက်တစ် လေဘာပါတီ) ရဲ့ ရပ်ရှားတပြည်လုံး ကွန်းဖရင့်မှာ တင်သွင်းဖို့ ဒီအစီရင်ခံစာကို ပေးထားတယ်။

ဆွေးနွေးဖို့ ချမှတ်ထားတဲ့ ဆုံးဖြတ်ချက်နဲ့အညီ ဒီပေးစာတွေကို ကျနော် ရေးသားဖြန့်ချိလိုက်ခြင်း ဖြစ်တယ်။ ဒီစာတွေထဲမှာ ဆွေးနွေးကြမယ့် ပြသနာနဲ့ ပတ်သက်လို့ အပြည့်အစုံ လေ့လာထားပြီးပြီလို့ မဆိုထားဘူး၊ အလုပ်သမား လှုပ်ရှားမှုရဲ့ အဓိက လုပ်ငန်းတာဝန်တွေ ထမ်းဆောင်ဖို့ရာ အင်မတန် အရေးကြီးတဲ့ အခြေခံ အချက်တွေကို အကြမ်းဖျင်း ဆွေးနွေးထားရုံသာ ဖြစ်ပါတယ်။

ပထမပေးစာ

လက်ရှိအခြေအနေကို သုံးသပ်ခြင်း

မာ့(ခ်စ်)၀ါဒအရ ချဉ်းကပ်ရင် သက်ဆိုင်ရာ သမိုင်းခေတ် အခြေအနေရဲ့ အခိုင်အမာ ၀ိသေသတွေနဲ့ လူတန်းစား ဆက်ဆံရေးတွေကို တိတိကျကျနဲ့ ဆန္ဒစွဲကင်းကင်း သုံးသပ်ကြဖို့ လိုအပ်တယ်။ ကျနော်တို့ ဘော်ရှီဗစ်တွေဟာ ဒီလိုအပ်ချက်ကို ပြည့်မီအောင် အမြဲကြိုးစားကြတယ်။ ဒါဟာ ပေါ်လစီတခုကို သိပ္ပံနည်းကျ အခြေခံ အုတ်မြစ်ချဖို့ မရှိမဖြစ် လိုအပ်ချက် ဖြစ်တယ်။

မာ့(ခ်စ်)နဲ့ အန်းဂယ်(စ်)တို့က “ငါတို့တင်ပြနေတဲ့ သဘောတရားဟာ တရားသေပြဌာန်းချက် မဟုတ်ဘူး၊ အလုပ် လမ်းညွှန်တခုသာ ဖြစ်တယ်” လို့ အမြဲ ပြောခဲ့တယ်၊ “ဖော်မြူလာတွေ” ကို အလွတ်ကျက် ပြန်ရွတ်ပြခြင်းကို ထေ့ငေါ့ခဲ့ကြတယ်။ မာ့(ခ်စ်)နဲ့ အန်းဂယ်(စ်) တင်ပြခဲ့တဲ့ သဘောတရားဟာ ယေဘုယျ အလုပ်တွေကို သတ်မှတ်ပေးဖို့သာ ဖြစ်တယ်၊ သက်ဆိုင်ရာ သမိုင်းခေတ်မှာ ရှိနေတဲ့ အခိုင်အမာ စီးပွားရေး၊ နိုင်ငံရေး အခြေအ နေတွေပေါ် မူတည်ပြီး ပြုပြင်ယူဖို့ လိုအပ်တယ်။ ဒါဆိုရင် တော်လှန်ရေး ပစ္စည်းမဲ့ပါတီရဲ့ လုပ်ငန်းတွေ၊ လုပ်ဟန်တွေကို အခုချိန်မှာ လမ်းညွှန်ပေးရမယ့် ပကတိ အချက်အလက်တွေက ဘာတွေဖြစ်မလဲ။ (၁၉၁၇ ခုနှစ်၊ မတ်လ ၂၁ နဲ့ ၂၂ မှာ ထုတ်ဝေခဲ့တဲ့ ပရားဗ်ဒါ အမှတ်စဉ် ၁၄ နဲ့ ၁၅ မှာ ဖော်ပြခဲ့တဲ့) ကျနော်ရဲ့ “အဝေးရောက် ပေးစာ-၁” နဲ့ ဧပြီစစ်တမ်းတွေမှာ “လက်ရှိ ရပ်ရှား အခြေအနေရဲ့ အဓိက ၀ိသေသ” ဟာ တော်လှန်ရေးရဲ့ ပထမ အဆင့်ကနေ ဒုတိယ အဆင့်ကို ကူးပြောင်းနေတဲ့ ကာလ ဖြစ်တယ်လို့ သတ်မှတ်ထားတယ်။ ဒါ့ကြောင့် “ဒီကနေ့ လုပ်ရမယ့် တာဝန်”ကို အခုလို စဉ်းစားခဲ့တယ်၊ “အလုပ်သမားတွေဟာ ပစ္စည်းမဲ့ လူတန်စားရဲ့  သူရဲကောင်းဆန်မှု၊ လူထုရဲ့ ရဲဝံ့မှုကို ဇာဘုရင်စနစ် တိုက်ဖျက်ရေး ပြည်တွင်းစစ်မှာ မယုံနိုင်လောက်အောင် စွမ်းဆောင်ပြခဲ့ပြီ၊ တော်လှန်ရေး ဒုတိယအဆင့်မှာ အောင်ပွဲဆင်နိုင်အောင် ပြင်ဆင်ထားဖို့ ပစ္စည်းမဲ့ လူတန်းစားရဲ့ ဖွဲ့ စည်းမှု၊ လူထု တရပ်လုံး စုစည်းမှုကို မယုံနိုင်လောက်အောင် ပြုလုပ်ကြရတော့မယ်။

ဒါဖြင့် တော်လှန်ရေးရဲ့ ပထမအဆင့်က ဘာလဲ။ ဘူဇွှာ လူတန်းစားလက်ထဲ နိုင်ငံရေး အာဏာ ရောက်ရှိသွားခြင်းဟာ တော်လှန်ရေးရဲ့ ပထမအဆင့်ပဲ။ ၁၉၁၇ ဖေဖော်ဝါရီ – မတ် တော်လှန်ရေး မတိုင်ခင်က နိုင်ငံတော် အာဏာဟာ Nicholas Romanov ဦးဆောင်သော မြေရှင် ပဒေသရာဇ် လူတန်းစားဆိုတဲ့ လူတန်းစားဟောင်း လက်ထဲမှာ ရှိနေခဲ့တယ်။ တော်လှန်ရေး ဖြစ်ပြီးတဲ့အခါ နိုင်ငံရေး အာဏာဟာ လူတန်းစား အသစ်ဖြစ်တဲ့ ဘူဇွှာ လူတန်းစား လက်ထဲ ရောက်သွားပြီ။ လူတန်းစား တရပ်ဆီကနေ အခြား လူတန်းစား တရပ်ဆီ နိုင်ငံရေးအာဏာ ကူးပြောင်းသွားခြင်းဟာ တော်လှန်ရေး တရပ်ရဲ့ ပထမဆုံး၊ အဓိကကျလှတဲ့ အခြေခံ လက္ခဏာပဲ။ တော်လှန်ရေးရဲ့ အနက်ကို သိပ္ပံနည်းကျကျ အဓိပ္ပါယ်ဖွင့်လည်း ဒီသဘောပဲ၊ လက်တွေ့ နိုင်ငံရေးအရ အဓိပ္ပါယ်ဖွင့်လည်း ဒီသ ဘောပဲ။

ဒီသဘောအရဆိုရင် ရပ်ရှားမှာ ဘူဇွှာ တော်လှန်ရေး (၀ါ) ဘူဇွာ ဒီမိုကရေစီ တော်လှန်ရေး ပြီးမြောက်သွားပြီ။ ဒါပေမယ့် “ဘော်ရှီဗစ် လူဟောင်းကြီးတွေ” က ဒီအချက်ကို လုံးဝ သဘောမတူကြောင်း ကျယ်ကျယ်လောင်လောင်လေး ဆန့်ကျင်လာကြတယ်။ ဘူဇွှာ ဒီမိုကရေစီ တော်လှန်ရေးဟာ “ပစ္စည်းမဲ့ လူတန်းစားနဲ့ လယ်သမားထုရဲ့ တော်လှန်ရေး ဒီမိုကရေစီ အာဏာရှင်စနစ်” (revolutionary-democratic dictatorship of the proletariat and the peasantry) ထူထောင်ပြီးမှသာ ပြီးမြောက်မှာဖြစ်ကြောင်း ငါတို့ (ဘော်ရှီဗစ်တွေ) အမြဲ သတ်မှတ်ထားခဲ့တယ် မဟုတ်ပါလားလို့ “ဘော်ရှီဗစ် လူဟောင်းကြီးတွေ” က ဆိုကြတယ်။ ဘူဇွှာဒီမိုကရေစီ တော်လှန်ရေးတခုဖြစ်တဲ့ မြေယာတော်လှန်ရေးဟာ ပြီးမြောက်သွားပြီလား၊ မြေယာတော်လှန်ရေး စကို မစရသေးဘူးဆိုတာ မငြင်းနိုင်တဲ့ အချက် မဟုတ်ဘူးလားလို့ “ဘော်ရှီဗစ် လူဟောင်းကြီးတွေ” က မေးခွန်းဆက်ထုတ်ကြတယ်။

Photo – Britannica

ကျနော့်ရဲ့ အဖြေက “ဘော်ရှီဗစ် ကြွေးကြော်သံတွေ နဲ့ သဘောတရား တခုလုံးကို သမိုင်းက သက်သေထူပြီးသွားပြီ၊ ဒါပေမယ့် အခိုင်အမာ လက်တွေ့ အခြေအနေတွေဟာ (ဘော်ရှီဗစ်တွေ ကြိုတင်တွက်ဆထားတာနဲ့) ကွဲပြားခြားနားစွာ ဖြစ်ပေါ်လာတယ်။ အခိုင်အမာ လက်တွေ့ အခြေအနေတွေဟာ ဘယ်သူမှ ကြိုမခန့်မှန်းနိုင်လောက်အောင် ပိုပြီး ဆန်းသစ်နေတယ်၊ ပိုထူးခြားတယ်၊ ပိုပြီး အရောင်အသွေး စုံတယ်”။

ဒီအချက်ကို လစ်လျှူရှုခြင်းဟာ “ဘော်ရှီဗစ် လူဟောင်းကြီးတွေ” လို လိုက်မှားခြင်းပဲ။ “ဘော်ရှီဗစ် လူဟောင်းကြီးတွေ”ဟာ သစ်လွင်နေတဲ့ ရှင်သန်နေသော အရှိတရားရဲ့ ထူးခြားချက်တွေကို လေ့လာ ဆန်းစစ်ရမယ့်အစား အတိတ်က ချမှတ်ခဲ့တဲ့ ပုံသေနည်းတွေကိုပဲ ကြက်တူရွေးလို အဓိပ္ပါယ် ဘာမှန်းမသိ ပြန်ရွတ်ပြနေလို့ ငါတို့ပါတီ သမိုင်းမှာ နောင်တရဖွယ် အမှားကို ပြုခဲ့သူတွေဖြစ်တယ်။ “ပစ္စည်းမဲ့ လူတန်းစားနဲ့ လယ်သမားထုရဲ့ တော်လှန်ရေး ဒီမိုကရေစီ အာဏာရှင်စနစ်” ဟာ ရပ်ရှား တော်လှန်ရေးမှာ လက်တွေ့ အရှိတရား ဖြစ်လာခဲ့ပြီ။ အကြောင်းကတော့ ဒီ “ပုံသေနည်း” ဟာ လူတန်းစား ဆက်ဆံရေးတခုကိုသာ တင်ကူး တွက်ဆခဲ့တာဖြစ်တယ်၊ ဒီဆက်ဆံရေး (အလုပ်သမား လယ်သမား လူတန်းစား ပူးပေါင်းမှု) ကို လက်တွေ့ ဖော်ဆောင်တဲ့ နိုင်ငံရေး အင်စတီကျူးရှင်း တခုအဖြစ် ရည်ရွယ် သတ်မှတ်ခဲ့တာ မဟုတ်လို့ပဲ။

အလုပ်သမား ကိုယ်စားလှယ်များ ဆိုဗီယက်နဲ့ စစ်သား ကိုယ်စားလှယ်များ ဆိုဗီယက်တွေ လက်တွေ့ အကောင် အထည်ပေါ်လာပြီ (ဒါဟာ ပစ္စည်းမဲ့ လူတန်းစားနဲ့ လယ်သမားထုရဲ့ တော်လှန်ရေး ဒီမိုကရေစီ အာဏာရှင်စနစ် တည်ရှိနေတာပဲ)။ ဖြစ်ရပ်တွေဟာ ပုံသေနည်း နယ်နိမိတ်ကနေ လက်တွေ့ အရှိတရား နယ်နိမိတ်ဆီ ပြောင်းရွှေ့သွားပြီ၊ အရိုးတွေ အသားတွေနဲ့ ဖွဲ့စည်းတည်ဆောက်လိုက်ပြီ၊ လက်တွေ့ အခိုင်အမာ ရုပ်လုံးဖော်ပြီး လိုအပ်သလို ပြုပြင်မွမ်းမံလိုက်ပြီ။

အခု ငါတို့လုပ်ရမယ့် တာဝန်က အရင်ကနဲ့ မတူတော့ဘူး၊ အသစ်ဖြစ်သွားပြီ။ ဒီအာဏာရှင်စနစ် (ပစ္စည်းမဲ့ လူတန်းစားနဲ့ လယ်သမားထုရဲ့ တော်လှန်ရေး ဒီမိုကရေစီ အာဏာရှင်စနစ်ကိုဆိုလို) အတွင်းက ပစ္စည်းမဲ့ လူတန်းစား အစိတ်အပိုင်းတွေ နဲ့ ဓနရှင်ပေါက်စ အစိတ်အပိုင်းတွေကို ပိုင်းခြားပစ်ရမယ်။ ပစ္စည်းမဲ့ လူတန်းစား အစိတ်အပိုင်းတွေက (ဖေဖော်ဝါရီ တော်လှန်ရေးအပြီး ပေါ်ပေါက်လာတဲ့ ဘူဇွှာ လူတန်းစား အစိုးရ ပထမကမ္ဘာစစ်အတွင်း ဆက်ပါနေခြင်းဟာ တော်လှန်ရေး အသီးအပွင့်ကို ဆက်ကာကွယ်နေခြင်း ဖြစ်တယ်၊ ဒါ့ကြောင့် ဇာဘုရင်ကို ဆန့်ကျင်သလို ဆန့်ကျင်လို့ မဖြစ်ဘူး၊ ငါတို့က ခုခံကာကွယ်ရမယ်လို့ ဟစ်ကြွေးနေတဲ့) defencist တွေကို ဆန့်ကျင်သူတွေ ဖြစ်တယ်၊ နိုင်ငံတကာ၀ါဒီတွေ ဖြစ်တယ်၊ ဘုံစနစ်ကို ချီတက်ရေး အားသန်နေတဲ့ ကွန်မြူနစ်တွေဖြစ်တယ်။ ဓနရှင်ပေါက်စ အစိတ်အပိုင်းတွေကတော့ ဘူဇွှာ လူတန်းစားနဲ့ ဘူဇွှာ အစိုးရကို လိုလားပြီး ဘုံစနစ်ဆီ ချီတက်ရေးကို ဆန့်ကျင်ကြသူတွေ ဖြစ်တယ်၊ Chkheidze, Tsereteli, Steklov နဲ့ ဆိုရှယ် ရက်ဗလူရှင်နရီတွေ၊ တော်လှန်ရေးအပြီး ပေါ်ပေါက်လာတဲ့ ဘူဇွှာ အစိုးရက ပထမကမ္ဘာစစ်ထဲ ဆက်ပါနေခြင်းကို တော်လှန်ရေးကို ခုခံကာကွယ်ခြင်းအဖြစ် သဘောထားနေတဲ့ revolutionary defencist တွေ ဖြစ်တယ်။

အခုချိန်မှာ “ပစ္စည်းမဲ့ လူတန်းစားနဲ့ လယ်သမားထုရဲ့ တော်လှန်ရေး ဒီမိုကရေစီ အာဏာရှင်စနစ်” ကိုပဲ ပြောသူတွေဟာ အတိတ်မှာ ကျန်ခဲ့သူတွေဖြစ်တယ်။ အကျိုးဆက်အနေနဲ့ သူတို့ဟာ ပစ္စည်းမဲ့လူတန်းစား တိုက်ပွဲကို ဆန့်ကျင်ပြီး ဓနရှင်ပေါက်စ လူတန်းစားဘက် ရောက်သွားကြတယ်။ ဒီလို လူတွေကို တော်လှန်ရေးမတိုင်ခင်က ရှေးဟောင်း “ဘော်ရှီဗစ်” မော်ကွန်းတိုက်ထဲ စာရင်းသွင်းသင့်တယ်။ (“ဘော်ရှီဗစ် လူဟောင်းကြီးတွေ” ရဲ့ မော်ကွန်းတိုက်လို့ ခေါ်နိုင်တယ်)။

“ပစ္စည်းမဲ့ လူတန်းစားနဲ့ လယ်သမားထုရဲ့ တော်လှန်ရေး ဒီမိုကရေစီ အာဏာရှင်စနစ်” ကို လက်တွေ့ အကောင်အထည်ဖော်ပြီးပြီ။ ဒါပေမယ့် တော်လှန်ရေး မဖြစ်ခင်က တင်းကူးမှန်းဆထားသလို ဖြစ်မလာပဲ အင်မတန် ဆန်းသစ်တဲ့ ပုံစံနဲ့ ဖြစ်တည်လာခြင်းဖြစ်တယ်၊ ပြုပြင်မွမ်းမံချက်တွေ အများကြီးနဲ့ ပေါ်ပေါက်လာခြင်း ဖြစ်တယ်။ ဒီအချက်တွေကို နောက်ပိုင်းစာတွေမှာ သီးခြား ဆွေးနွေးသွားပါမယ်။ အခု လောလောဆယ်တော့ မာ့(ခ်စ်)၀ါဒီတယောက်ဟာ တကယ့်ဘဝ၊ အရှိတရားရဲ့ အချက်အလက် အမှန်တွေကို သိရှိနားလည်အောင် လုပ်ရတယ်၊ အတိတ်က သီအိုရီတခုကိုပဲ ဖက်တွယ်ထားရမှာ မဟုတ်ဘူးဆိုတဲ့ ငြင်းဖျက်မရနိုင်သော အမှန်တရားကို ဖမ်းဆုပ်မိဖို့ အင်မတန် အရေးကြီးတယ်။ အတိတ်က သီအိုရီတခုဟာ တခြားသီအိုရီတွေလိုပဲ အဓိကကျတဲ့ အချက်တွေ နဲ့ ယေဘုယျသဘော ပုံကြမ်းကိုသာ ရေးဆွဲပေးနိုင်တယ်၊ အင်မတန် ရှုပ်ထွေးလှတဲ့ ဘဝကို အနီးစပ်ဆုံး ချဉ်းကပ်ရုံသာ တတ်နိုင်တယ်။ “ဒီမှာ မိတ်ဆွေ၊ သီအိုရီဆိုတာ အရောင် မှိန်တယ်၊ ဘဝဆိုတဲ့ ထာဝရ သစ်ပင်ကတော့ စိမ်းစိုနေတယ်”။ (ဂါးထယ်ရဲ့ ဖော့စ် ထရက်ဂျဒီထဲက Mephistopheles ရဲ့ စကားလုံးကို လီနင်က ကိုးကား ပြောလိုက်ခြင်း ဖြစ်တယ်)။

ဘူဇွှာတော်လှန်ရေးကို အရင်နည်းဟောင်းအတိုင်း “ပြီးမြောက်သလား” စဉ်းစားခြင်းဟာ ရှင်သန်နေတဲ့ မာ့(ခ်စ်) ၀ါဒကို အသက်မရှိတဲ့ စာတမ်းတခုအဖြစ် ချေဖျက်ပစ်လိုက်တာပဲ။ အရင်နည်းဟောင်းအတိုင်း စဉ်းစားရင် ဘူဇွှာ လူတန်းစား အုပ်စိုးမှုပြီးရင် ပစ္စည်းမဲ့ လူတန်းစားနဲ့ လယ်သမားထုရဲ့ အာဏာရှင်စနစ် လိုက်ပါလာရမယ်။

တကယ့်ဘဝမှာ ဖြစ်ရပ်တွေဟာ ကြိုတွက်ထားသလို မဟုတ်ဘဲ ကွဲပြားခြားနားစွာ ထွက်ပေါ်လာတယ်၊ အင်မတန်ကို ထူးခြား ဆန်းသစ်ပြီး တခါမှ မကြုံဖူးအောင် ဖြစ်ရပ်တခုနဲ့ တခု ထွေးရောယှက်တင် ဖြစ်ကုန်တယ်။ ဘူဇွှာလူတန်းစား အုပ်စိုးမှု (Lvov နဲ့ Guchkov တို့ရဲ့ အစိုးရ) နဲ့ ပစ္စည်းမဲ့ လူတန်းစားနဲ့ လယ်သမားထုရဲ့ တော်လှန်ရေး ဒီမိုကရေစီ အာဏာရှင်စနစ်ဟာ တပြိုင်တည်း အတူတွဲ တည်ရှိနေတယ်။ ပစ္စည်းမဲ့ လူတန်းစားနဲ့ လယ်သမားထုရဲ့ တော်လှန်ရေး ဒီမိုကရေစီ အာဏာရှင်စနစ်ဟာ ဘူဇွှာလူတန်းစား လက်ထဲကို စိတ်လိုလက်ရ အာဏာ ထိုးထည့်ပေးနေတယ်၊ သူ့ကိုယ်သူ ဘူဇွှာလူတန်းစားရဲ့ ဘေးအစွယ်အပွားလေးဖြစ်သွားအောင် စိတ်လို လက်ရ လျှော့ချပစ်နေတယ်။

ပီထရိုဂရက်မှာ အာဏာက အလုပ်သမားနဲ့ စစ်သားတွေ လက်ထဲမှာပဲ တကယ်ရှိနေခြင်း ဖြစ်တယ်၊ ဒီအချက်ကို မေ့ထားလို့ မရဘူး။ အစိုးရအသစ်ဟာ ဒီအလုပ်သမား၊ စစ်သား ဆိုဗီယက်တွေကို အကြမ်းဖက် ဖြိုခွဲတာမျိုး မလုပ်နိုင်ဘူး။ အစိုးရလက်ထဲမှာ လူထုနဲ့ ကင်းကွာနေတဲ့ အမြဲတမ်းစစ်တပ်၊ ရဲတပ်နဲ့ အုပ်ချုပ်ရေး ယန္တယား မရှိတော့ဘူး။ ဒါဟာ ပါရီကွန်မြူးပုံစံကို ထင်ဟပ်နေတဲ့ အချက်ပဲ။ ဒီအချက်ဟာ အရင် ပုံသေနည်းဟောင်းနဲ့ အံဝင်ခွင်ကျ မဖြစ်ဘူး။ ပစ္စည်းမဲ့ လူတန်းစားနဲ့ လယ်သမားထုရဲ့ တော်လှန်ရေး ဒီမိုကရေစီ အာဏာရှင်စနစ် ဆိုတဲ့ အခုချိန်မှာ အဓိပ္ပါယ် မရှိတော့တဲ့ စကားလုံးတွေကို ယေဘုယျ ဆန်ဆန် တတွတ်တွတ် ရွတ်နေမယ့်အစား ပုံသေနည်းတွေကို တကယ့် အချက်အလက်တွေနဲ့ ကိုက်ညီအောင် ပြုပြင်ယူရမယ်။

ဒီပြဿနာကို ပိုပြီး မြင်သာအောင် နောက်ရှုထောင့် တခုကနေ ချဉ်းကပ်ကြည့်ရအောင်။ မာ့(ခ်စ်)၀ါဒီတယောက်ဟာ လူတန်းစား ဆက်ဆံရေး ဆန်းစစ်ချက်ကို ဂရုတစိုက် ပြုလုပ်ရတယ်။ ဘူဇွှာလူတန်းစား လက်ထဲမှာ အာဏာရထားပြီ။ “ဒါပေမယ့် လယ်သမားထုဟာ ဘူဇွှာလူတန်းစားပဲ မဟုတ်လား၊ ဘူဇွှာလူတန်းစားရဲ့ ကွဲပြားခြားနားတဲ့ လူတန်းစား အလွှာတခုသာ ဖြစ်တယ် မဟုတ်လား၊ မတူညီတဲ့ စရိုက်လက္ခဏာရှိသော ဘူဇွှာ အလွှာတခုပဲ မဟုတ်လား၊ ဆိုတော့ ဒီအလွှာအာဏာရရှိပြီး ဘူဇွှာ ဒီမိုကရေစီ တော်လှန်ရေး ပြီးမြောက်သွားတာမျိုး မဖြစ်နိုင်ဘူးလား၊ ဘာ့ကြောင့် မဖြစ်နိုင်ရမှာလဲ”။

ဒါဟာ ဘော်ရှီဗစ်လူဟောင်းတွေ ငြင်းချက်ထုတ်နေကြ ပုံစံပဲ။ ကျနော့်အဖြေကတော့ ဒါဟာ ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ပကတိအခြေအနေကို အကဲဖြတ် သုံးသပ်ရာမှာ မာ့(ခ်စ်)၀ါဒီတယောက်ဟာ ဖြစ်နိုင်တဲ့ အရာကနေ အစပြုတာ မဟုတ်ဘူး၊ တကယ်ဖြစ်နေတဲ့ အရာကနေသာ အစပြုတယ်။

Photo -Britannica

လွတ်လပ်စွာ ရွေးကောက်ထားတဲ့ စစ်သား၊ လယ်သမား ကိုယ်စားလှယ်တွေဟာ စင်ပြိုင် (ဘူဇွှာ) အစိုးရကို လွတ်လပ်စွာ ပူးပေါင်းနေကြတယ်၊ လွတ်လပ်စွာ ပံ့ပိုးပေးနေကြတယ်၊ ဘူဇွှာအစိုးရ အားကောင်းလာအောင် ကူညီပေးနေကြတယ် ဆိုတာကို တကယ့် အရှိတရားက ဖွင့်ထုတ်ပြနေတယ်။ သူတို့ (လွတ်လပ်စွာ ရွေးကောက်ထားတဲ့ စစ်သား၊ လယ်သမား ကိုယ်စားလှယ် ဆိုဗီယက်တွေ) ဟာ ဘူဇွှာ လူတန်းစားကို (လွတ်လပ်စွာ) အာဏာထိုးအပ်နေကြတယ်။ ဒါဟာ မာ့(ခ်စ်)၀ါဒ သဘောတရားကို နည်းနည်းလေးမှ ချိုးဖောက်ခြင်း မရှိဘူး၊ ဘာလို့လဲဆိုတော့ ဘူဇွှာလူတန်းစားက အာဏာကို ဆက်ထိန်းထားနိုင်တာ အကြမ်းနည်း သက်သက်တင် မဟုတ်၊ အဖိနှိပ်ခံ လူထုက လူတန်းစားအသိနဲ့ အဖွဲ့အစည်း ကင်းမဲ့နေပြီး၊ ဖိနှိပ်ခံရပါ များလာတော့ ပြန်ခုခံဖို့ စိတ်ဓာတ်ကို မရှိတော့ဘဲ နေမြဲအတိုင်း နေခြင်းကြောင့်လည်း အာဏာကို ဆက်ထိန်းထားနိုင်ခြင်း ဖြစ်တယ်လို့ ကျနော်တို့ ထပ်တလဲလဲ ထောက်ပြခဲ့တယ်။

ဒီကနေ့ ပကတိ အခြေအနေအရ ဒီအချက်ကို မျက်ကွယ်ပြုပြီး “ဖြစ်နိုင်ချေတွေ”ကို ပြောနေခြင်းဟာ အတော် အူကြောင်ကြောင်နိုင်တာပဲ။ လယ်သမားထုဟာ မြေယာတွေ အားလုံးကို သိမ်းပြီး နိုင်ငံရေး အာဏာကိုပါ သိမ်းနိုင်တယ် ထားပါတော့။ ဒီဖြစ်နိုင်ချေကို မေ့မထားဘဲ၊ လက်ရှိဖြစ်နေတဲ့ အခြေအနေကိုပဲ ကန့်သတ်မထားဘဲ၊ ဖြစ်ရပ် အသစ်ကို အလေးအနက်ထား စဉ်းစားပြီး မြေယာလုပ်ငန်းစဉ်ကို ကျနော် ရှင်းရှင်းလင်းလင်း တည်ဆောက်ထားတယ်။ ဖြစ်ရပ်အသစ်ဆိုတာကတော့ မြေယာအလုပ်သမား၊ ဆင်းရဲလယ်သမားတွေက တဖက်၊ လယ်ပိုင် မြေပိုင် လူတန်းစားကတဖက် ကြီးကြီးမားမား ကွဲပြားနေတဲ့ အချက်ပဲ။

ဒါပေမယ့် နောက်ထပ် ဖြစ်နိုင်ချေတခုလည်း ရှိသေးတယ်၊ လယ်သမားတွေက ဆိုရှယ် ရက်ဗလူရှင်နရီ (SR)လို ဓနရှင်ပေါက်စ ပါတီရဲ့ အကြံပေးချက်ကို ရယူတာမျိုးလည်း ဖြစ်နိုင်သေးတယ်။ SR ပါတီဟာ ဘူဇွှာလူတန်းစား ရဲ့ သြဇာအောက် ရောက်နေပြီး defencist ရပ်တည်ချက်ကို ကိုင်စွဲထားတယ်၊ တိုင်းပြုပြည်ပြု ညီလာခံ (Constituent Assembly) ခေါ်တဲ့အချိန်ထိ စောင့်ဆိုင်းပေးဖို့ အကြံပြုနေကြတယ်။ ဒီညီလာခံ ဘယ်ချိန်ခေါ် မယ်ဆိုတာတော့ အခုထိ မသတ်မှတ်ရသေးဘူး။*

(ဒီနေရာမှာ သူ့ရဲ့ဆိုလိုရင်းက အဓိပ္ပါယ်ကောက်လွဲမှာ စိုးလို့ လီနင်က အောက်ခြေမှတ်စုနဲ့ ဖြည့်စွက် ရှင်းလင်းခဲ့တယ်။ လီနင်ရဲ့ ဖြည့်စွက်မှတ်စု –

“ကျနော့် ပြောဆိုချက်ကို အဓိပ္ပါယ်မှားကောက်မှာစိုးလို့ ဒီအချက်ကို တခါတည်း ပြောထားရလိမ့်မယ်၊ ကျနော်ဟာ မြေယာအလုပ်သမားနဲ့ လယ်သမား ဆိုဗီယက်တွေ မြေယာအားလုံးကို ချက်ချင်း ဝင်သိမ်းတာကို လိုလား ထောက်ခံသူဖြစ်တယ်၊ ဒါပေမယ့် ဒီလို ဝင်သိမ်းပြီးရင် ဆိုဗီယက်တွေက စည်းကမ်း တင်းတင်းကြပ်ကြပ်နဲ့ ဖွဲ့ စည်းမှုကို တည်ဆောက်ထားရမယ်၊ စက်ယန္တယားတွေ အဆောက်အဦတွေ ကျွဲနွားတွေကို အပျက်အစီးမရှိအောင် ထိန်းသိမ်းထားရမယ်၊ မြေယာကုန်ထုတ်လုပ်ငန်းကို မပြိုကွဲအောင် စုစည်းရမယ်၊ ဖွံ့ဖြိုးအောင် လုပ်ရလိမ့်မယ်၊ လူထုကို အငတ်ထားလို့ မဖြစ်သလို စစ်သားတွေဟာလည်း ရိက္ခာ နှစ်ဆတိုး လိုအပ်နေချိန် ဖြစ်တယ်။”)

လယ်သမားတွေက ဘူဇွှာလူတန်းစားနဲ့ အပေးအယူကို ကြာရှည် ဆက်လုပ်နေမယ် ဆိုတာလည်း ဖြစ်နိုင်သေးတယ်။ လယ်သမားနဲ့ ဘူဇွှာလူတန်းစားကြား အပေးအယူဟာ “အလုပ်သမား၊ စစ်သား ကိုယ်စားလှယ်များ ဆိုဗီယက်” ကနေ ပုံသဏ္ဍန်အနေနဲ့သာမက လက်တွေ့အရပါ အပီအပြင် ထွက်ပေါ်ထားပြီး ဖြစ်တယ်။

ဖြစ်နိုင်တာတွေကတော့ အများကြီးပဲ။ မြေယာလှုပ်ရှားမှုနဲ့ မြေယာလုပ်ငန်းစဉ်ကို မေ့ထားရင် အမှားကြီး မှားမယ်။ ဒါပေမယ့် တကယ့် အရှိတရားကို မေ့ထားတာလည်း မဟာအမှားပဲ။ တကယ့်အရှိတရားက ဘူဇွှာလူတန်းစားနဲ့ လယ်သမားထုကြား သဘောတူညီမှု ရယူထားတယ်၊ (ဥပဒေဆန်တဲ့ စကားမဟုတ်ဘဲ ပိုပြီးတိကျတဲ့ ဘောဂဗေဒ အသုံးနဲ့ ပြောရရင်) ဘူဇွှာလူတန်းစားနဲ့ လယ်သမားထုကြား လူတန်းစား ပူးပေါင်းရေး class collaboration လုပ်ထားတယ်။ ဒီအခိုင် အမာ အချက်အလက်ဟာ တကယ် မရှိတော့ရင်၊ လယ်သမားလူတန်းစားက ဘူဇွှာလူတန်းစားနဲ့ လမ်းခွဲထွက်လာပြီး ဘူဇွှာ လူတန်းစား ရှိနေပေမယ့် မြေယာနဲ့ အာဏာကို သိမ်းပိုက်လာတဲ့အခါ ဘူဇွှာဒီမိုကရေစီ တော်လှန်ရေးရဲ့ အဆင့်သစ်တခုကို ရောက်လာလိမ့်မယ်။ ဒါက သီးခြားကိုင်တွယ်ရမယ့် ကိစ္စ ဖြစ်လိမ့်မယ်။

အဲဒီလို အနာဂတ်မှာ ဖြစ်နိုင်ချေရှိတာကိုပဲ စဉ်းစားနေတဲ့ မာ့(ခ်စ်)၀ါဒီတယောက်ဟာ လယ်သမားထုက ဘူဇွှာ လူတန်းစားနဲ့ သဘောတူ ပူးပေါင်းနေတဲ့ လက်ရှိအချိန်မှာ လုပ်ရမယ့် တာဝန်တွေကို မေ့နေတယ်၊ ဓနရှင်ပေါက်စတွေဘက် မျက်နှာမူလာတယ်။ သူဟာ လက်တွေ့မှာတော့ ပစ္စည်းမဲ့ လူတန်းစားကို ဓနရှင်ပေါက်စ လူတန်းစားကို ယုံကြည်မှုထားဖို့ စည်းရုံး ပြောဆိုနေတာပဲ။ လယ်သမားထုက ဘူဇွှာလူတန်းစားရဲ့ နောက်မြီးဆွဲ မဖြစ်တဲ့၊ SR တွေ၊ Chkheidzes, Tseretelis, and Steklovs က ဘူဇွှာအစိုးရရဲ့ အစွယ်အပွားလေးတွေ မဖြစ်တဲ့ အင်မတန် သာယာဖွယ် အနာဂတ်တခု “ဖြစ်နိုင်ချေ” ရှိနေတာကြောင့် အခုလက်ရှိ မနှစ်မြို့ဖွယ် ပကတိအခြေအနေကို မေ့ထားကြတယ်။ လက်ရှိ ပကတိအခြေအနေမှာ လယ်သမားထုဟာ ဘူဇွှာလူတန်းစားရဲ့ နောက်မြီးဆွဲဖြစ်နေတယ်၊ SR တွေ ဆိုရှယ်ဒီမိုကရက်တွေက ဘူဇွှာ လူတန်းစားရဲ့ အစွယ်အပွားဘဝကို အခုထိ မစွန့်လွှတ်သေးဘူး။

ဒီလို ဖြစ်နိုင်ချေကိုပဲ မှန်းဆနေတဲ့ လူဟာ ချိုမြိန်တဲ့ Louis Blanc (ဒါမှမဟုတ်) သကာလိုချိုတဲ့ Kautskyite ပဲ ဖြစ်လိမ့်မယ်၊ တော်လှန်ရေးသမား မာ့(ခ်စ်)၀ါဒီတော့ လုံးဝ မဟုတ်ဘူး။

ဒါပေမယ့် ဘူဇွှာဒီမိုကရေစီ တော်လှန်ရေးကို ‘ခုန်ကျော်’ လိုက်ပြီး ဆိုရှယ်လစ် တော်လှန်ရေးကို တန်းရောက်ချင်ရင် ငါတို့ဟာ ဆန္ဒစွဲဝါဒ အမှားကို ကျူးလွန်မိရက်သား ဖြစ်မနေဘူးလား။ (ဘူဇွှာ ဒီမိုကရေစီ တော်လှန်ရေးက မပြီးဆုံးသေးဘူး၊ မြေယာလယ်သမား တော်လှန်ရေးကို ဆုံးခန်းတိုင် မဆင်နွှဲရသေးဘူး၊ ဒါ့ကြောင့် ဆိုရှယ်လစ် တော်လှန်ရေးကို ပြောခြင်းဟာ အဆင့်ကျော်ပြီး ကိုယ့်စိတ်ဆန္ဒအလိုကို လိုက်လုပ်ခြင်းပဲလို့ ဆိုကြတယ်)။ “ဇာဘုရင်စနစ် အလိုမရှိ၊ အလုပ်သမား အစိုးရသာ တည်ဆောက်ကြ” လို့ ကျနော်ပြောခဲ့ရင် ဆန္ဒစွဲအမှားကို ကျူးလွန်တာ ဖြစ်နိုင်တယ်။ ဒါပေမယ့် ဒီလိုမျိုး မပြောခဲ့ဘူး၊ တခြားအရာသာ ကျနော်ပြောခဲ့ခြင်း ဖြစ်တယ်။ ရပ်ရှားမှာ အလုပ်သမား ဆိုဗီယက်၊ မြေယာအလုပ်သမား ဆိုဗီယက်၊ စစ်သားနဲ့ လယ်သမား ဆိုဗီယက် အစိုးရကလွဲလို့ ဘူဇွှာ အစိုးရအပါအဝင် တခြား အစိုးရ မရှိနိုင်ဘူးလို့ပဲ ကျနော် ပြောခဲ့တယ်။ အခုချိန်မှာ ရပ်ရှား နိုင်ငံတော် အာဏာကို Guchkov နဲ့ Lvov ဘူဇွှာအစိုးရ လက်ထဲကနေ ဒီဆိုဗီယက်တွေ လက်ထဲ ကူးပြောင်းသွားဖို့သာ ကျနော် ပြောခဲ့တယ်။ ဒီဆိုဗီယက်တွေထဲမှာ လယ်သမားတွေ၊ စစ်သားတွေ ရှိတယ်၊ သာမန်အရပ်သားအသုံးနဲ့ မဟုတ်ဘဲ သိပ္ပံနည်းကျ မာ့(ခ်စ်)၀ါဒ ဝေါဟာရနဲ့ ပြောရရင် လူတန်းစား သတ်မှတ်ချက်အရ ဓနရှင်ပေါက်စတွေ ရှိနေတယ်။ ကျနော့် စစ်တမ်းတွေထဲမှာ မပြီးဆုံးသေးတဲ့ လယ်သမားတိုက်ပွဲကို ခုန်ကျော်ပစ်တာ (၀ါ) ဓနရှင်ပေါက်စ လှုပ်ရှားမှု တစုံလုံးကို ခုန်ကျော်ပစ်တာကို ဆန့်ကျင်ကြောင်း၊ အလုပ်သမားအစိုးရက အာဏာသိမ်းဖို့ ပြောခြင်းကို ဆန့်ကျင်ကြောင်း၊ Blanquist အရဲစွန့်မှုပုံစံ အားလုံးကို ဆန့်ကျင်ကြောင်း အတိအလင်း ဆိုထားတယ်၊ အကြောင်းကတော့ ကျနော်ဟာ ပါရီကွန်မြူး အတွေ့အကြုံကိုသာ သေချာ ကိုးကားထားလို့ပဲ။

ပါရီကွန်မြူး အတွေ့အကြုံဟာ Blanquism ကို လုံးဝဖယ်ရှားပစ်ခဲ့တယ်၊ လူထုက တိုက်ရိုက်၊ ခြွင်းချက်မရှိ အုပ်စိုးခြင်းကိုသာ အခိုင်အမာ ဖြစ်စေခဲ့တယ်၊ သိစိတ်ရှိရှိ လုပ်ဆောင်နေတဲ့ လူထုရဲ့ လှုပ်ရှားမှုကိုသာ အဓိကထားခဲ့တယ်။ ဒါကို မာ့(ခ်စ်)က ၁၈၇၁ ခုနှစ်မှာ အကျယ်တဝင့် သက်သေပြထားခဲ့သလို အန်းဂယ်(စ်) ကလည်း ၁၈၉၁ ခုနှစ်မှာ သက်သေပြခဲ့တယ်။ ဒါကို ကျနော်တို့အားလုံး သိထားကြပြီး ဖြစ်တယ်။ (ဧပြီစစ်တမ်းတွေထဲမှာ) လက်ရှိပြဿနာကို အလုပ်သမား ဆိုဗီယက်၊ မြေယာအလုပ်သမား ဆိုဗီယက်၊ လယ်သမားနဲ့ စစ်သားဆိုဗီယက်တွေအတွင်း (ဘော်ရှီဗစ်လမ်းစဉ်) လွှမ်းမိုးရေး တိုက်ပွဲအဖြစ် အတိအကျ ဖော်ထုတ်ခဲ့တယ်။ ဒီအချက်ကို နည်းနည်းလေးမှ ဝေတေဝါးတား မဖြစ်ရလေအောင် ဒီစစ်တမ်းတွေထဲမှာ “လူထုရဲ့ လက်တွေ့ လိုအပ်ချက်နဲ့ ကိုက်ညီသော” “ရှင်းလင်းဆွေးနွေးခြင်း” အလုပ်ကို စိတ်ရှည်ရှည်နဲ့ တောက်လျှောက် လုပ်ဖို့ လိုအပ်ကြောင်း နှစ်ကြိမ်တိတိ အလေးပေး ပြောခဲ့တယ်။ မစ္စတာ ပလက်(ခ်)နော့လို မာ့(ခ်စ်)၀ါဒ သစ္စာဖောက်တွေ (၀ါ) နလပိန်းတုန်းတွေကတော့ အနာခစ်ဇင်၊ ဘလန်းကွင်းဇင်၊ စသဖြင့် မျိုးစုံ စွပ်စွဲ အော်ဟစ်နေလိမ့်မယ်။ ဒါပေမယ့် စဉ်းစားတတ်တဲ့၊ လေ့လာချင်တဲ့ သူတွေကတော့ ဘလန်းကွင်းဇင်ဆိုတာ လူလက်တဆုပ်စာလေးက အာဏာသိမ်းခြင်းကို ဆိုလိုကြောင်း နားလည်ကြတယ်၊ ဒါပေမယ့် ဆိုဗီယက်တွေဆိုတာ အများစုသော လူထုကြီးရဲ့ စုဖွဲ့မှု၊ တိုက်ရိုက်အုပ်စိုးမှု ဖြစ်တယ်။

ဒီဆိုဗီယက်တွေထဲမှာ (ဘော်ရှီဗစ် လုပ်ငန်းစဉ်) သြဇာလွှမ်းရေး တိုက်ပွဲအဖြစ် အလုပ်ကို သတ်မှတ်ထားခြင်းဟာ ဘလန်းကွင်းဇင် ဗွက်တောထဲ ရောက်မသွားပါဘူး။ အနာခစ်ဇင် ဗွက်တောထဲလည်း ချော်တောငေါ့မသွားပါဘူး၊ ဘာလို့လဲဆိုတော့ ဘူဇွှာလူတန်းစား အုပ်စိုးမှုကနေ ပစ္စည်းမဲ့ လူတန်းစား အုပ်စိုးမှုကို ကူးပြောင်းနေတဲ့ ကြားကာလမှာ အစိုးရနဲ့ အစိုးရအာဏာ လိုအပ်နေသေးတာကို အနားခစ်ဇင်က လက်မခံလို့ပဲ။ ဒါပေမယ့် ဒီအကူးအပြောင်းကာလမှာ အစိုးရအာဏာ လိုအပ်ပုံကို (အဓိပ္ပါယ်ကောက် လွဲစရာ မရှိအောင်ကို) အတိအလင်း ကျနော်တင်ပြခဲ့တယ်။ ဒါပေမယ့် မာ့(ခ်စ်)ရဲ့ လမ်းညွှန်သဘောတရား၊ ပါရီကွန်မြူး သင်ခန်းစာတွေနဲ့အညီ ခါတိုင်း တွေ့နေကျ ဘူဇွှာ ပါလီမန် အစိုးရမျိုးကိုတော့ လက်မခံဘူး၊ အမြဲတမ်းစစ်တပ် မရှိတဲ့ အစိုးရ၊ လူထုနဲ့ ဆန့်ကျင်သော ရဲတပ် မရှိတဲ့၊ လူထုနဲ့ ကင်းကွာနေသော ဗျူရိုကရေစီ မရှိတဲ့ အစိုးရကိုသာ တင်ပြခဲ့ခြင်း ဖြစ်တယ်။

မစ္စတာ ပလက်ခနော့က သူ့သတင်းစာ Yedinstvo ကနေ ဒါဟာ အနာခစ်ဇင်ပဲလို့ အစွမ်းကုန် အော်ဟစ်နေပြန်တယ်။ ဒီလို လုပ်လိုက်ခြင်းဟာ ပလက်ခနော့တယောက် မာ့(ခ်စ်)၀ါဒနဲ့ ဘယ်လောက်တောင် ပြဒါးတလမ်း သံတလမ်းဖြစ်နေသလဲ ဆိုတာ လက်တွေ့ပြနေတာပဲ။ ၁၈၇၁၊ ၁၈၇၂ နဲ့ ၁၈၇၅ခုနှစ်တွေမှာ မာ့(ခ်စ်)နဲ့ အန်းဂယ်(စ်) တို့ ဒီအကြောင်းအရာ (နိုင်ငံတော်အစိုးရ) နဲ့ ပတ်သက်လို့ ဘာတွေ သင်ကြားခဲ့သလဲ ကျနော်တို့ကို ပြောစမ်းပါလို့ ပရား(ဗ်)ဒါ အမှတ်စဉ် (၂၆) မှာ ပလက်ခနော့ကို ကျနော်က စိန်ခေါ်ခဲ့တယ်။ အဲဒီလို စိန်ခေါ်လိုက်တော့ မစ္စတာ ပလက်ခနော့က နိုင်ငံတော်အစိုးရ သဘောတရားကို ဘာတခွန်းမှ မဟတော့ဘဲ ရေငုံနှုတ်ပိတ်လုပ်နေတယ်၊ ပြီးမှ ဒေါသပုန်ထနေတဲ့ ဘူဇွှာ လူတန်းစားလို ထင်ရာမြင်ရာ စွပ်စွဲပုတ်ခတ်နေတယ်။ တခါက မာ့(ခ်စ်)၀ါဒီဖြစ်ခဲ့ဖူးသူ မစ္စတာ ပလက်ခနော့ဟာ နိုင်ငံတော်အစိုးရအပေါ် မာ့(ခ်စ်)၀ါဒ အမြင်သဘောထားကို နည်းနည်းလေးမှ နားမလည်ဘူး။ တိုက်တိုက်ဆိုင်ဆိုင်၊ ပလက်ခနော့ရဲ့ မသိနားမလည်မှုကို ဂျာမန်ဘာသာနဲ့ ထုတ်ဝေထားသော သူ့ရဲ့ အနာခစ်ဇင်စာအုပ်မှာလည်း တွေ့ရတယ်။

ကျနော့်ရဲ့ စစ်တမ်းတွေနဲ့ အပေါ်မှာ တင်ပြခဲ့တဲ့ အမြင်တွေကို ရဲဘော် Y. Kamenev က သဘောမတူကြောင်း ပရား(ဗ်)ဒါ အမှတ်စဉ်(၂၇)မှာ ဘယ်လိုတင်ပြထားသလဲ ကြည့်ရအောင်။ ဒါတွေ ဖတ်ကြည့်ရင် သူတို့အမြင်ကို အလွယ်တကူ ဖမ်းဆုပ်ကြည့်နိုင်လိမ့်မယ်။

Photo – Guardian

‘ရဲဘော်လီနင်ရဲ့ စစ်တမ်းတွေဟာ ဘူဇွှာဒီမိုကရေစီ တော်လှန်ရေး ပြီးဆုံးသွားပြီဆိုတဲ့ ယူဆချက်ကနေ အစပြုထားတယ်၊ ဒီတော်လှန်ရေးကို ဆိုရှယ်လစ် တော်လှန်ရေးအဖြစ် ချက်ချင်း ပြောင်းလဲပစ်ရမယ်လို့ ဆိုထားတယ်၊ ဒီတင်ပြချက်ဟာ ကျနော်တို့ (ဘော်ရှီဗစ်တွေ) အဖို့ ဘယ်လိုမှ လက်ခံနိုင်စရာ မရှိဘူး’ လို့ ရဲဘော် Kamenev က ရေးထားတယ်။

ဒီနေရာမှာ အဓိက အမှား ၂ခု ရှိတယ်။ ပထမတခုက ဘူဇွှာဒီမိုကရေစီ တော်လှန်ရေး ပြီးဆုံးသွားပြီဆိုတဲ့ ပြဿနာကို မှားမှားယွင်းယွင်း တည်ဆောက်ထားတယ်။ ပြဿနာကို (ပကတိအခြေအနေနဲ့ ကင်းလွတ်ပြီး) စိတ္တဇ ဆန်ဆန် ဖော်ထုတ်ထားတယ်၊ အရောင်တခုတည်း ရှိသယောင် ပုံဖော်ထားတယ်။ တကယ့် အရှိတရားနဲ့ ကိုက်ညီမှု မရှိဘူး။ “ဘူဇွှာ ဒီမိုကရေစီ တော်လှန်ရေး ပြီးဆုံးသွားပြီလား” လို့ပဲ မေးထားပြီး နောက်ထပ် တခွန်းမှ မဟခြင်းဟာ အင်မတန် ရှုပ်ထွေးတဲ့ ပကတိ အရှိတရားကို မမြင်နိုင်အောင် ဟန့်တား ပိတ်ပင်ထားတယ်၊ တကယ့် အရှိတရားဟာ အနည်းဆုံးတော့ အရောင်အသွေး ၂မျိုး ရှိနေတယ်။ ဒါက သီအိုရီအရ လွဲမှားနေတာ၊ လက်တွေ့မှာ ဒါဟာ ဓနရှင်ပေါက်စ တော်လှန်ရေးဝါဒကို လက်လျှော့ အရှုံးပေးလိုက်ရခြင်း ဖြစ်တယ်။ တကယ့် အရှိတရားမှာ အာဏာဟာ ဘူဇွှာလူတန်းစား လက်ထဲ ရောက်သွားပြီ (ခါတိုင်း တွေ့နေကျ ဘူဇွှာဒီမိုကရေစီ တော်လှန်ရေး ပြီးဆုံးသွားခြင်းကို ပြနေတယ်)၊ ဒီဘူဇွှာအစိုးရနဲ့ အပြိုင် “ပစ္စည်းမဲ့ လူတန်းစားနဲ့ လယ်သမားထုရဲ့ တော်လှန်ရေး ဒီမိုကရေစီ အာဏာရှင်စနစ်” ကို ကိုယ်စားပြုထားတဲ့ စင်ပြိုင် အစိုးရလည်း ရှိနေသေးတယ်။ ဒီ “ဒု တိယအစိုးရ” ဟာ သူ့လက်ထဲရှိနေတဲ့ အာဏာကို သူကိုယ်တိုင် ဘူဇွှာ လူတန်းစားလက်ထဲ လွှဲအပ်ပေးခဲ့တယ်၊ သူ့ကိုယ်သူ ဘူဇွှာ အစိုးရနဲ့ တွဲချည်ထားလိုက်တယ်။ “ဘူဇွှာ ဒီမိုကရေစီ တော်လှန်ရေး မပြီးဆုံးသေးဘူး” ဆိုတဲ့ ရဲဘော် Kamenev ရဲ့ ဘော်ရှီဗစ် ဖော်မြူလာ အဟောင်းက ဒီအရှိတရားကို ဖုံးကွယ်ထားနိုင်သလား။ [1]

ဖုံးကွယ်မထားနိုင်ဘူး။ ဒီဖော်မြူလာဟာ အတိတ်မှာ ကျန်ခဲ့ပြီ၊ လုံးဝခေတ်မမီတော့ဘူး။ လုံးဝ မကောင်းတော့ဘူး။ သေဆုံးသွားပြီ။ ဒီဖော်မြူလာကို ပြန်လည် အသက်သွင်းဖို့ ကြိုးစားနေတာ ဘာမှ အသုံးမဝင်ဘူး။

ဒုတိယအချက်က လက်တွေ့ပြဿနာ။ အခုချိန်မှာ ဘူဇွှာအစိုးရနဲ့ လုံးဝ လမ်းခွဲထွက်ပြီး ထူးခြားတဲ့ “ပစ္စည်းမဲ့ လူတန်းစားနဲ့ လယ်သမားထုရဲ့ တော်လှန်ရေး ဒီမိုကရေစီ အာဏာရှင်စနစ်” ရပ်ရှားမှာ ပေါ်ထွက်လာမယ်လို့ ဘယ်သူ သိနိုင်မလဲ။ မသိနိုင်တဲ့ အချက်ပေါ် အခြေခံပြီး မာ့(ခ်စ်)၀ါဒ နည်းဗျူဟာကို ချမှတ်ဖို့ မဖြစ်နိုင်ဘူး။ တကယ်လို့ ဖြစ်နိုင်တယ်ဆိုရင်တောင် ဒါကို အကောင်အထည်ဖော်ဖို့ တလမ်းသာ ရှိတော့တယ်။ အဲဒါကတော့ ဓနရှင်ပေါက်စ အစိတ်အပိုင်းတွေနဲ့ ပစ္စည်းမဲ့ လူတန်းစား ကွန်မြူနစ် အစိတ်အပိုင်းတွေကို ချက်ချင်း ပြတ်ပြတ်သားသား ခွဲခြားပစ်ရေးပဲ။

ဘာ့ကြောင့်လဲ။ ဓနရှင်ပေါက်စ လူတန်းစားတရပ်လုံး ရှိူဗင်နဇင် (ဖေဖော်ဝါရီ တော်လှန်ရေး အပြီး ပေါ်ပေါက်လာတဲ့ ဒီမိုကရေစီ သမ္မတနိုင်ငံတော်ကြီးကို ကာကွယ်ဖို့ ပထမကမ္ဘာစစ်မှာ ဝင်တိုက်နေတဲ့ ဘူဇွှာအစိုးရကို ခုခံ ကာကွယ်ပေးရမယ် ဆိုတဲ့ defencism) ဘက် ရောက်ကုန်တာ တိုက်ဆိုင်မှု မဟုတ်၊ လိုအပ်ချက် နိယာမအရ ရောက်ကုန်ခြင်း ဖြစ်တယ်၊ တိုက်ဆိုင်မှု မဟုတ်ဘဲ လိုအပ်ချက် နိယာမအရ ဘူဇွှာလူတန်းစားကို ထောက်ခံလာကြတယ်၊ ဘူဇွှာလူတန်းစားကို မှီခိုလာကြတယ်၊ ဘူဇွှာ လူတန်းစားနဲ့ ပြတ်ပြတ်သားသား လမ်းခွဲထွက်ရမှာကို စိုးရွံ့လာကြတယ်၊ စသဖြင့် စသဖြင့်။ အခုချိန်မှာ အာဏာရယူထားနိုင်တာတောင် အာဏာကို ဆက်ယူမထားချင်တဲ့ ဓနရှင်ပေါက်စတွေကို အာဏာ ဘယ်လို ထိုးအပ်မလဲ။ ပစ္စည်းမဲ့ လူတန်းစား ကွန်မြူနစ်ပါတီက ဒီဓနရှင်ပေါက်စ ငကြောက်တွေနဲ့ ပြတ်ပြတ်သားသား လမ်းခွဲထွက်ပြီး ပစ္စည်းမဲ့ လူတန်းစား တိုက်ပွဲကို ဆင်နွှဲတော့မှသာ အာဏာပြဿနာကို ဖြေရှင်းနိုင်မယ်။ ပစ္စည်းမဲ့ လူတန်းစားကို ဓနရှင်ပေါက်စ လူတန်းစား သြဇာအောက်ကနေ လေနဲ့သာ မဟုတ်ဘဲ လက်တွေ့အရပါ ကင်းလွတ်လာအောင် လုပ်ရမယ်။ ဒီတော့မှသာ (အခြေအနေပေးလာတာနဲ့ တပြိုင်နက်) ပစ္စည်းမဲ့ လူတန်းစားရဲ့ အင်အားကျစ်လစ် စုစည်းမှုနဲ့ အာဏာသိမ်းနိုင်လိမ့်မယ်။ (တချို့ အခြေအနေမှာ) (Chkheidze, Tsereteli, the S.R.s, and Steklov,) တို့ကို ဘူဇွှာ အစိုးရက အာဏာအပြည့် လွှဲပေးတာတောင် ဖြစ်နိုင်သေးတယ်။ အကြောင်းကတော့ သူတို့အားလုံးဟာ “defencist” တွေဖြစ်နေလို့ပဲ။

ဆိုဗီယက်တွေထဲမှာ ရှိနေတဲ့ ပစ္စည်းမဲ့ လူတန်းစား အစိတ်အပိုင်းတွေကို ဓနရှင်ပေါက်စ အစိတ်အပိုင်းတွေနဲ့ ချက်ချင်း ပြတ်ပြတ်သားသား ခွဲခြားပစ်ဖို့ဆိုတာ လှုပ်ရှားမှု တခုလုံးရဲ့ အကျိုးစီးပွားကို ဖြစ်နိုင်ချေ နှစ်မျိုးထဲက တနည်းနည်းနဲ့ မှန်မှန်ကန်ကန် ဖော်ထုတ်ပေးရေး ဖြစ်တယ်။ ပထမ တလမ်းက ဘူဇွှာလူတန်းစားအပေါ်  မှီခိုခြင်းမရှိတဲ့ “ပစ္စည်းမဲ့ လူတန်းစားနဲ့ လယ်သမားထုရဲ့ တော်လှန်ရေး ဒီမိုကရေစီ အာဏာရှင်စနစ်” နောက်ပုံစံတခု ရပ်ရှားမှာ ထွက်ပေါ်လာတာ ဖြစ်နိုင်တယ်။ ဒုတိယတခုက ဓနရှင်ပေါက်စ လူတန်းစားဟာ ဘူဇွှာ လူတန်းစားနဲ့ လမ်းခွဲမထွက်နိုင်ဘဲ ကျနော်တို့နဲ့ ဘူဇွှာ လူတန်းစားကြား အမြဲ ယိမ်းယိုင်နေတာမျိုး ဖြစ်နိုင်တယ်။

(တော်လှန်ရေးပါတီ) တခုရဲ့ လုပ်ငန်းတွေကို “ဘူဇွှာ ဒီမိုကရေစီ တော်လှန်ရေး မပြီးဆုံးသေးဘူး” ဆိုတဲ့ ဖော်မြူလာ သက်သက်နဲ့ လမ်းညွှန်ဖို့ဆိုရင် ဓနရှင်ပေါက်စ လူတန်းစားဟာ ဘူဇွှာ လူတန်းစားနဲ့ သီးခြားကင်းလွတ် ရပ်တည်နိုင်စွမ်း ရှိကြောင်း အာမခံဖို့ ဆုံးဖြတ်လိုက်တာပဲ။ ဒါဆိုရင်တော့ မင်းဟာ ဓနရှင်ပေါက်စ လူတန်းစားအပေါ် မင်းကိုယ်မင်း ပုံအပ်လိုက်တာပဲ။

တိုက်ဆိုင်လာလို့ “ပစ္စည်းမဲ့ လူတန်းစားနဲ့ လယ်သမားထုရဲ့ တော်လှန်ရေး ဒီမိုကရေစီ အာဏာရှင်စနစ်” ဖော်မြူလာနဲ့ ပတ်သက်လို့ ထည့်သွင်းဆွေးနွေးရဦးမယ်။ Two Tactics (၁၉၀၅ခုနှစ်၊ ဇူလိုင်လ) ကျမ်းထဲမှာ အခုလို အလေးထား ဖော်ပြခဲ့တယ် “ကမ္ဘာမှာရှိတဲ့ တခြားအရာ အားလုံးလိုပဲ ပစ္စည်းမဲ့ လူတန်းစားနဲ့ လယ်သမားထုရဲ့ တော်လှန်ရေး ဒီမိုကရေစီ အာဏာရှင်စနစ်မှာလည်း အတိတ်နဲ့ အနာဂတ် ရှိတယ်။ သူ့ရဲ့ အတိတ်က ဘုရင်စနစ်၊ မြေကျွန်စနစ်၊ သက်ဦးဆံပိုင်စနစ်နဲ့ အခွင့်ထူးတွေ … သူ့အနာဂတ်ကတော့ ပုဂ္ဂလိက ပိုင်ဆိုင်မှုကို တိုက်ဖျက်ခြင်း၊ အခစား အလုပ်သမားတွေက အရင်းရှင်ကို တိုက်ပွဲဝင်ခြင်း၊ ဆိုရှယ်လစ် စနစ်ဆီ တိုက်ပွဲဝင်ခြင်း…”

ရဲဘော် Kamenev ရဲ့ အမှားက ၁၉၁၇ မှာတောင် ပစ္စည်းမဲ့ လူတန်းစားနဲ့ လယ်သမားထုရဲ့ တော်လှန်ရေး ဒီမိုကရေစီ အာဏာရှင်စနစ်ရဲ့ အတိတ်ကိုပဲ မြင်နေသေးတာပဲ။ တကယ့် မြေပြင်မှာ သူ့ရဲ့ အနာဂတ်ကို အစပြုထားပြီ၊ လုပ်ခစား အလုပ်သမားနဲ့ ဓနရှင်ပေါက်စ လူတန်းစားတို့ရဲ့ အကျိုးစီးပွားဟာ ကွဲပြားခြားနားကြောင်း ထင်ရှားနေပြီ၊ နယ်ချဲ့စစ်ကို ဘယ်လို သဘောထားမလဲ ဒီမိုကရေစီ သမ္မတနိုင်ငံတော်ကို ကာကွယ်ကြလို့ သဘောထားမလား စတဲ့ အရေးကြီး ပြဿနာတွေမှာကို လုပ်ခစား အလုပ်သမားနဲ့ ဓနရှင်ပေါက်စ လူတန်းစားတို့ မတူကြတော့ဘူး။ [2]

အပေါ်မှာ ကိုးကားဖော်ပြခဲ့တဲ့ ရဲဘော် Kamenev စာထဲက ဒုတိယ အမှားကို ကြည့်ရအောင်။ ကျနော့် လုပ်ငန်းစဉ်ဟာ “ဒီ (ဘူဇွှာ ဒီမိုကရေစီ) တော်လှန်ရေးကို ဆိုရှယ်လစ် တော်လှန်ရေးအဖြစ် ချက်ချင်း ကူးပြောင်းခြင်း” အပေါ် အခြေတည်ထားတယ်လို့ Kamenev က ဝေဖန်တယ်။

ဒါဟာ မမှန်ပါဘူး။ ကျနော်ဟာ ဒီတော်လှန်ရေးကို ဆိုရှယ်လစ် တော်လှန်ရေးအဖြစ် “ချက်ချင်း ကူးပြောင်းခြင်း” ကို အခြေမခံထားရုံတင် မကဘူး၊ ဒီလို လုပ်ခြင်းကို လက်မခံကြောင်း သတိတောင် ပေးထားသေးတယ်။ ဒါနဲ့ပတ်သက်လို့ စစ်တမ်း နံပါတ်(၈)မှာ အခုလို ဖော်ပြထားတယ် “ဆိုရှယ်လစ်စနစ်ကို ချက်ချင်း စတင်ရေး (to ‘introduce’ socialism) ဟာ ငါတို့ အခုလုပ်ရမယ့် အလုပ် မဟုတ်ဘူး”။ ငါတို့ တော်လှန်ရေးကို ဆိုရှယ်လစ် တော်လှန်ရေးအဖြစ် ချက်ချင်း ကူးပြောင်းခြင်း မလုပ်တဲ့သူဟာ ဆိုရှယ်လစ်စနစ် စတင်ဖို့ရာ ပြင်ဆင်ထားတဲ့ လက်ငင်းတာဝန် (the immediate task of introducing socialism) ကို ဆန့်ကျင်စရာ အကြောင်းမရှိဘူး၊ [3]

ဒါ့အပြင် “ကွန်မြူးပုံစံ အစိုးရ” [4] ကိုတောင် ရပ်ရှားမှာ ချက်ချင်း အကောင်အထည်ဖော်လို့ မရသေးဘူး။ ဒီလို ကွန်မြူးပုံစံ အစိုးရကို ထူထောင်နိုင်ဖို့ဆိုရင် ဆိုဗီယက် အားလုံး (နီးပါး)မှာ ရှိတဲ့ ကိုယ်စားလှယ် အများစုက (SR တွေ၊ Chkheidze, Tsereteli, Steklov, etc) အကောင်အထည်ဖော်နေတဲ့ ပေါ်လစီအမှားတွေ၊ နည်းဗျူဟာ အမှားတွေနဲ့ ဒါတွေရဲ့ ထိခိုက်ပျက်စီးမှုကို ရှင်းရှင်းလင်းလင်း သဘောပေါက် လက်ခံကြဖို့ လိုတယ်။ ဒီတော့ ကျနော်ဟာ “စိတ်ရှည် လက်ရှည်” ရှင်းပြခြင်းကိုသာ အခြေပြု တည်ဆောက်ကြဖို့ မမှားနိုင်အောင် ကြေညာထားတယ် (ပြောင်းလဲမှု တခုကို “ချက်ချင်း” အကောင်အထည်ဖော်နိုင်ဖို့ စိတ်ရှည်ရှည်ထား ပြင်ဆင်ကြရမယ် မဟုတ်ပါလား)။ [5]

Photo – Irish Linen Centre

ရဲဘော် Kamenev ဟာ သူ့ဖြစ်ချင်တဲ့ စိတ်ဆန္ဒပြင်းပြမှုကို ထိန်းမနိုင် သိမ်းမရဖြစ်လာပြီး ပါရီကွန်မြူးနစ်အပေါ် ဘူဇွှာလူတန်းစားရဲ့ ဘက်လိုက်မြင်စိတ်ကို ထပ်တလဲလဲ လှစ်ဟပြခဲ့တယ်၊ ပါရီကွန်မြူးဟာ ဆိုရှယ်လစ်စနစ်ကို “ချက်ချင်း” စတင်ဖို့ လောကြီးခဲ့တယ်လို့ ထပ်တလဲလဲ ထုတ်ပြောခဲ့တယ်။ တကယ်တော့ ဒီလို မဟုတ်ဘူး။ ပါရီ ကွန်မြူးဟာ ဆိုရှယ်လစ်စနစ်ကို စတင်ရာမှာ နှေးကွေးလွန်းခဲ့တယ်။ ကွန်မြူးရဲ့ တကယ့်အနှစ်က ဘူဇွှာတွေ မြင်နေကျ အရာမဟုတ်ဘူး၊ ထူးခြားတဲ့ အစိုးရပုံစံ ဖန်တီးခဲ့ခြင်းဟာ ကွန်မြူးရဲ့ တကယ့်အနှစ်သာရပဲ။ ကွန်မြူး အစိုးရပုံစံဟာ ရပ်ရှားမှာ စတင်ပေါ်ထွန်းလာပြီ။ အဲဒါကတော့ အလုပ်သမား ဆိုဗီယက်နဲ့ စစ်သားဆိုဗီယက်တွေပဲ။

ရဲဘော် Kamenev ဟာ ပေါ်ပေါက်လာတဲ့ ဆိုဗီယက်တွေရဲ့ အရေးပါမှု၊ ဒီဆိုဗီယက်တွေနဲ့ ကွန်မြူးအစိုးရ အမျိုးအစားတူတာ၊ လူမှု-နိုင်ငံရေး လက္ခဏာ တူနေတာတွေကို အလေးအနက်ထား မစဉ်းစားဘူး။ ဒီအချက်ကို လေ့လာရမယ့်အစား ကျနော်ဟာ အနာဂတ်ကို ချက်ချင်းလက်ငင်း တည်ဆောက်နေတယ်လို့ စွပ်စွဲပြောဆိုနေတယ်။ ရလဒ်ကတော့ ဘူဇွှာတွေ သုံးနေကျ နည်းကိုပဲ ထပ်ဖန်တလဲလဲ အသုံးပြုမိတာပဲ။ ဆိုဗီယက်ဆိုတာ ဘာတွေလဲ၊ ဆိုဗီယက်တွေဟာ ပါလီမန်သမ္မတ နိုင်ငံတော်ထက် ပိုအဆင့်မြင့်သလား၊ ဆိုဗီယက်တွေဟာ လူထုအတွက် ပိုအသုံးဝင်သလား၊ ပိုပြီး ဒီမိုကရေစီကျသလား၊ လူတန်းစားတိုက်ပွဲအတွက် ပိုအဆင်ပြေသလား ဥပမာ- သီးနှံတွေပြတ်တောက်ကုန်တာကို ဖြေရှင်းရာမှာ ပိုအသုံးတည့်သလား စသဖြင့်။ ဒီလို လက်တွေ့မှာ သေရေး ရှင်ရေး အရေးကြီးတဲ့ ပြဿနာတွေကနေ ဘာမှ အနှစ်မပါတဲ့ (သိပ္ပံနည်းကျ ဖြစ်ကောင်းဖြစ်လိမ့်မယ်) ပညာတတ်ဆန်လွန်းတဲ့ “ချက်ချင်းကူးပြောင်းခြင်းအပေါ် အခြေခံထားခြင်း” လိုမျိုး မေးခွန်း အသေတွေဆီ အာရုံလွှဲပစ်လိုက်တယ်။

(ရဲဘော် Kamenev ဟာ) ပျင်းရိငြင်းငွေ့ဖွယ် ပြဿနာကို မှားမှားယွင်းယွင်း ပုံဖော်ခဲ့ခြင်း ဖြစ်တယ်။ အလုပ်သမားတွေ၊ စစ်သားတွေနဲ့ လယ်သမားတွေက ခက်ခဲတဲ့ လက်တွေပြဿနာတွေ၊ သီးနှံတွေ ပိုထွက်အောင် ထုတ်လုပ်ခြင်း ပြဿနာတွေကို ဗျူရိုကရက် အရာရှိတွေထက် ကောင်းကောင်း ဖြေရှင်းနိုင်တယ်၊ စားနပ်ရိက္ခာတွေ ဖြန့်ဖြူးခြင်းနဲ့ စစ်သားတွေကို ထောက်ပံ့ခြင်း စတဲ့ စတဲ့ ပြဿနာတွေကိုလည်း အရာရှိတွေထက် ကောင်းကောင်း လုပ်နိုင်တယ်။ ကျနော်ဟာ ဒီအချက်ပေါ်မှာပဲ အခြေခံထားခြင်း ဖြစ်တယ်။

ဆိုဗီယက်တွေဟာ လူထုရဲ့ အမှီအခိုကင်းကင်းနဲ့ လွတ်လွတ်လပ်လပ် လုပ်ဆောင်ခြင်းကို ပါလီမန် သမ္မတနိုင်ငံတော်ထက် ပိုပြီးမြန်မြန်ဆန်ဆန် ထိထိရောက်ရောက်နဲ့ လက်တွေ့ ဖော်ဆောင်နိုင်လိမ့်မယ်လို့ ကျနော် အလေးအနက်ထား ပြောပါတယ်။ (ဆိုဗီယက်စနစ်နဲ့ ပါလီမန် သမ္မတ နိုင်ငံတော်ကို နောက်စာတပုဒ်မှာ အကျယ်တဝင့် နှိုင်းယှဉ်တင်ပြပါဦးမယ်)။ ဆိုရှယ်လစ် စနစ်ဆီ ချီတက်ရာမှာ လုမ်းရမယ့် ခြေလှမ်းတိုင်းကို ဆိုဗီယက်တွေက ထိထိရောက်ရောက်နဲ့ ပိုပြီးလက်တွေ့ကျစွာ၊ ပိုပြီးမှန်ကန်စွာ ဆုံးဖြတ်နိုင်လိမ့်မယ်၊ ဒီအလုပ်တွေကို ဘယ်လို အကောင်အထည် ဖော်ရမလဲ ဆိုတာလဲ ပိုပြီးလက်တွေ့ကျစွာ၊ ပိုပြီးမှန်ကန်စွာ ဆုံးဖြတ်နိုင်လိမ့်မယ်။ ဘဏ်တွေ အားလုံးကို ဗဟိုဘဏ် တခုတည်းအဖြစ် ပေါင်းစည်ပြီး ဆိုဗီယက်တွေက ထိန်းချုပ်ခြင်းဟာ ဆိုရှယ်လစ်စနစ် မ ဟုတ်သေးဘူး၊ ဆိုရှယ်လစ်စနစ်ဆီ ချီတက်ရာ ခြေတလှမ်းသာ ဖြစ်တယ်။ ဂျာမနီမှာ ဒီခြေလှမ်းတွေကို ဘူဇွှာ လူတန်းစားက လူထုကို သွေးစုပ်ရာမှာ စလှမ်းထားပြီ။ အစိုးရအာဏာ တစုံလုံးသာ ဆိုဗီယက်တွေ လက်ထဲ ရောက်သွားရင် ဆိုဗီယက်တွေက လူထုအကျိုးအတွက် ဒီခြေလှမ်းတွေကို ပိုပြီးထိထိရောက်ရောက် အကောင်အထည် ဖော်နိုင်လိမ့်မယ်။

ဆိုရှယ်လစ်စနစ် ချီတက်ဖို့ ဘာတွေက တွန်းအားပေးနေတာလဲ။ သရောကြီးခိုင်းခြင်း၊ စီးပွားရေး ပြိုကွဲလာခြင်း၊ ပြိုကျလုဆဲဆဲ ဖြစ်လာခြင်း၊ စစ်ရဲ့ ရက်စက်ကြမ်းကြုတ်မှုတွေ၊ လူသားမျိုးနွယ်ပေါ်  စစ်ကြောင့် ဖြစ်ပေါ် လာတဲ့ ထိခိုက်နာကျင်မှုတွေ။ ဒါတွေက ဆိုရှယ်လစ်စနစ်ဆီ ချီတက်ရေးကို တွန်းအားပေးနေတယ်။

ရဲဘော် Kamenev က ဒီမှတ်ချက်နဲ့ သူ့ဆောင်းပါးကို အဆုံးသတ်ထားတယ် “နောက်ဆုံးချိန်ထိ တော်လှန်သော လူထုရဲ့ ပါတီကို ပစ္စည်းမဲ့ လူတန်းစား ပါတီ ဆက်ဖြစ်နေစေဖို့ နဲ့ ကွန်မြူနစ် ၀ါဒဖြန့်ချိရေး အုပ်စုအဆင့် လျှောကျမသွားဖို့ဆိုရင် ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးတဲ့အခါ တော်လှန်သော ဆိုရှယ်ဒီမိုကရေစီရဲ့ တခုတည်းသော သူ့ရဲ့ ရှုမြင်သုံးသပ်ချက်ကို ဆက်လက်ကိုင်စွဲသွားမယ်လို့ မျှော်လင့်ထားတယ်”။

ကျနော့်အဖို့ ဒီစကားလုံးတွေဟာ ပကတိ အခြေအနေကို လုံးဝ မှားယွင်းစွာ အကဲဖြတ်သုံးသပ်မှုကို ဖော်ပြနေတယ်။ ရဲဘော် Kamenev က “လူထုပါတီ” နဲ့ “၀ါဒဖြန့်ချိရေး အုပ်စု” ကို ဆန့်ကျင်ဖက်ပြု နှိုင်းယှဉ်ပြတယ်။ ဒါပေမယ့် “လူထု” ဟာ “တော်လှန်သော” defencism ရဲ့ သွေးထိုးလှုံ့ဆော်မှုကို မငြင်းဆန်နိုင်ကြဘူး။ အခုကာလမှာ အင်တာနေရှင်နယ်ဝါဒီတွေအနေနဲ့ လူထုနဲ့အတူ စီးမြောရေးထက် “လူထု” အဆိပ်တက်နေခြင်းကို ခုခံနိုင်ကြောင်း ပြဖို့ ပိုမလိုအပ်ဘူးလား၊ ဆိုလိုတာက အထွေထွေ ကပ်ဘေးကို မရှောင်ရှားနိုင်ဘူးလား။ နယ်ချဲ့စစ်ကို တိုက်နေကြတဲ့ ဥရောပ တိုင်းပြည်အားလုံးမှာ ရှိူဗင်နစ်တွေက သူတို့ဟာ “လူထုနဲ့အတူရှိနေချင်ပါတယ်” ဆိုပြီး တရားထူထောင်ပြတာ ကျနော်တို့ တွေ့မနေရဘူးလား။ “လူထု” အဆိပ်သင့်နေတာကို ဆန့်ကျင်တားဆီးဖို့ အချိန် တခုကြာအောင် ငါတို့ဟာ အနည်းစုအဖြစ် ရပ်ခံနိုင်စွမ်း မရှိကြဘူးလား။ အခုလိုအချိန် defencist မှိုင်းတွေနဲ့ ဓနရှင်ပေါက်စ “လူထု” အဆိပ်သင့်မှုတွေကနေ ပစ္စည်းမဲ့ လူတန်းစားလိုင်းကို ခွဲထုတ်ရေးမှာ ၀ါဒဖြန့်ချိရေးအလုပ်က အဓိက မကျပေဘူးလား။ လူထု ဆိုတဲ့ အရာထဲမှာ လူတန်းစား ကွာခြားချက်တွေ ဘေးဖယ်ပြီး ပစ္စည်းမဲ့ လူတန်းစားနဲ့ ပစ္စည်းမဲ့ လူတန်းစား မဟုတ်သူတွေ ရောထွေးနေခြင်းဟာ defencist ကပ်ဘေး ပေါ်ပေါက်လာစေတဲ့ ရေခံမြေခံ တခုဖြစ်နေတယ်။ ပစ္စည်းမဲ့ လူတန်းစားလိုင်းကို ဖော်ထုတ်နေတဲ့ “၀ါဒဖြန့်ချိရေး အုပ်စု” ကို အထင်သေးသလို နှိမ့်ချသလို ပြောခြင်းဟာ ဘယ်လိုမှ အဓိပ္ပါယ်ရှိတဲ့ လုပ်ရပ် မဟုတ်ဘူး။

Letters on Tactics Written by V.I. Lenin between April 8 and 13 (21 and 26), 1917

လီနင် နှစ်(၁၅၀) ပြည့် အထိမ်းအမှတ် အဖြစ် ဘာသာပြန် ဖော်ပြခဲ့ခြင်းဖြစ်သည်။

စာတည်းအဖွဲ့

ကွန်မြူနစ်စာစောင်

(၁၄ရက်၊ ဒီဇင်ဘာ၊ ၂၀၂၀)

[1]

လီနင် ဦးဆောင်တဲ့ ရပ်ရှား ဆိုရှယ်ဒီမိုကရက်တစ် လေဘာပါတီ စတင်ထူထောင်ချိန်က နေ ၁၉၁၇ ဖေဖော်ဝါရီ တော်လှန်ရေးအထိ ရပ်ရှား တော်လှန်ရေးဟာ ဘူဇွှာ ဒီမိုကရေစီ တော်လှန်ရေးသာ ဖြစ်တယ်။ ဒါ့ကြောင့် ဒီမိုကရေစီ တော်လှန်ရေးအပြီး ပေါ်ပေါက်လာမယ့် အစိုးရဟာ ပစ္စည်းမဲ့ လူတန်းစားနဲ့ လယ်သမားထုရဲ့ တော်လှန်ရေး ဒီမိုကရေစီ အာဏာရှင်စနစ် ဖြစ်ရမယ်။ ဒီဖော်မြူလာကို လီနင်ရေးတဲ့ two tactics of social democracy ကျမ်းမှာ စတင်ဖော်ထုတ်ခဲ့ခြင်း ဖြစ်တယ်။ ဘော်ရှီဗစ်တွေဟာ ဆယ်စုနှစ်တခုကျော် ဒီဖော်မြူလာကို လုပ်ငန်းစဉ်အဖြစ် ကိုင်စွဲပြီး တိုက်ပွဲဝင်လာခဲ့ကြတယ်။ ၁၉၁၇ ဖေဖော်ဝါရီ တော်လှန်ရေးအပြီး ပေါ်ပေါက်လာတဲ့ အခြေအနေတွေ ပြောင်းလဲသွားပေမယ့် ဒီဖော်မြူလာ အဟောင်းကိုပဲ ဆက်ကိုင်စွဲနေကြဆဲ ဖြစ်တယ်။ ဒီဖော်မြူလာကို စတင်ဖော်ထုတ်ခဲ့တဲ့ လီနင်ကတော့ ပစ္စည်းမဲ့ လူတန်းစား အာဏာရှင်စနစ် ထူထောင်ရေး၊ ဘူဇွှာဒီမိုကရေစီ တော်လှန်ရေးအဆင့်တင် ရပ်မနေဘဲ ဆိုရှယ်လစ် တော်လှန်ရေး အဆင့်ကို ဆက်တိုက် ချီတက်ရေးကို ဖော်ထုတ်လာတယ်။ ဒီအခါ ဘော်ရှီဗစ် ပါတီအတွင်း လီနင်ရဲ့ လုပ်ငန်းစဉ်ကို အများစုက လက်မခံကြဘူး။ အရင် ဖော်မြူလာအဟောင်းကိုသာ ဆက်လက်ကိုင်စွဲထားကြတယ်။ ရပ်ရှားမှာ မြေယာ တော်လှန်ရေးတောင် မပြီးသေးဘဲ လီနင်က ဘူဇွှာ ဒီမိုကရေစီ တော်လှန်ရေး ပြီးဆုံးပြီ ပြောခြင်းကို သူတို့ ဘယ်လိုမှ လက်မခံနိုင်ကြဘူး။

[2]

မှတ်ချက်။ ။ လီနင်ပြောနေတဲ့ ဓနရှင်ပေါက်စ လူတန်းစားထဲမှာ လယ်သမား လူတန်းစားနဲ့ လယ်သမား လူတန်းစားကိုယ်စားပြု SR ပါတီတွေ ပါဝင်တယ်။ လယ်သမားထုအတွင်းမှာ မြေယာ အလုပ်သမားနဲ့ ဆင်းရဲလယ်သမားတို့ကတဖက်၊ မြေပိုင်လယ်ပိုင် လူတန်းစား တနည်း ပုဂ္ဂလိက ပိုင်ဆိုင်မှု အတိုင်းအတာ တခုထိရှိတဲ့ လယ်သမား လူတန်းစားရဲ့ အကျိုးစီးပွား မတူညီပုံအပေါ် လီနင်တင်ပြခဲ့တာ မှတ်မိမယ် ထင်ပါတယ်။ လယ်သမားထု တခုလုံးအနေနဲ့ ဘုံလူတန်းစား တခုတည်း တသားတည်း ဖြစ်မနေဘူးဆိုတာ သတိချပ်ဖို့ လိုတယ်။ ဒီထဲက သက်သာချောင်ချိတဲ့ ဓနရှင်ပေါက်စ လယ်သမားနဲ့ ကိုယ်စားလှယ်တွေက ဘူဇွာ အစိုးရ နောက်မြီးဆွဲ ဖြစ်ကုန်တာကို လီနင် တိုက်နေရခြင်း ဖြစ်တယ်။

[3]

ဒီနေရာမှာ လီနင် ပြောနေတာကို သတိထားဖတ်ဖို့ အကြံပြုပါရစေ။ ဆိုရှယ်လစ်စနစ်ကို ချက်ချင်း စတင်ရေးကို သူလုပ်ဖို့ ပြောတာမဟုတ်ဘူး၊ ဒါပေမယ့် ဘူဇွှာဒီမိုကရေစီ တော်လှန်ရေးမှာတင် တန့်နေရမှာမဟုတ်ဘဲ ဆိုရှယ်လစ်စနစ်ကို စတင်နိုင်အောင် ပြင်ဆင်ထားရမယ့်၊ လက်ငင်းလုပ်ရမယ့် အလုပ်ကို ပြောနေခြင်း ဖြစ်တယ်။ ဆိုရှယ်လစ်စနစ်ကို ချက်ချင်းစတင်ရေး (to ‘introduce’ socialism) နဲ့ ဆိုရှယ်လစ်စနစ်ကို ချက်ချင်း စတင်နိုင်အောင် လက်ငင်းလုပ်ရမယ့် အလုပ် (the immediate task of introducing socialism) ကို လီနင်က ခွဲရှင်းနေခြင်း ဖြစ်တယ်။ ဆိုရှယ်လစ်စနစ်ကို ချက်ချင်း စတင်ဖို့ သူပြောနေတာ မဟုတ်ဘူး၊ ဆိုရှယ်လစ်စနစ်ကို စတင်နိုင်အောင် လက်ငင်းလုပ်ရမယ့် တာဝန်ကိုပဲ သူပြောနေတာဆိုတော့ အဲဒီ လက်ငင်းအလုပ်က ဘာပါလဲ။ လီနင် ပြောတာ ဆက်နားထောင်ရအောင်။

[4]

ပါရီကွန်မြူး နမူနာကို ယူပြီး ဖွဲ့စည်းထားတဲ့ အစိုးရကို ရည်ညွှန်းပြောခြင်း ဖြစ်တယ်။

[5]

ဒီစာကို လီနင်ရေးနေတာ ၁၉၁၇ ဧပြီလထဲမှာပါ။ Kamenev တို့လို ပရားဗ်ဒါ အယ်ဒီတာအဖွဲ့က လီနင်ဟာ ဖေဖော်ဝါရီ တော်လှန်ရေးကို ဆိုရှယ်လစ် တော်လှန်ရေးအဖြစ် ချက်ချင်းကူးပြောင်းသွားရေး ပြောနေတယ်လို့ ဝေဖန်တယ်။ ဒါကို လီနင် ပြန်ချေဖျက်တာ အင်မတန် သိမ်မွေ့လွန်းလို့ ဘာသာပြန်လိုအပ်ချက်ကြောင့် အဓိပ္ပါယ် အကောက်မလွဲရအောင် ဖြည့်စွက်ရေးသားနေရခြင်း ဖြစ်ပါတယ်။ လီနင်က ဖေဖော်ဝါရီ တော်လှန်ရေးအပြီး ဧပြီလထဲမှာပဲ ဆိုရှယ်လစ် တော်လှန်ရေးကို ချက်ချင်းကူးပြောင်းဖို့ သူတင်ပြနေတာ မဟုတ်ဘူး၊ ဆိုရှယ်လစ်စနစ်ကို စတင်နိုင်ဖို့ရာ ပြင်ဆင်ထားရမယ့် လက်ငင်းတာဝန်ကိုသာ သူတင်ပြနေကြောင်း ရှင်းပြတယ်။ အဲဒီ လက်ငင်းတာဝန်က ဆိုဗီယက်ကိုယ်စားလှယ် အများစုကို SR နဲ့ မင်ရှီဗစ်တွေရဲ့ နည်းဗျူဟာအမှား၊ ပေါ်လစီအမှားကို သိလာအောင် စိတ်ရှည်ရှည်ထား ရှင်းပြရေးပဲ။ လီနင်တင်ပြတဲ့ လမ်းစဉ်ကို ဆိုဗီယက်အားလုံးနီးပါးက တကယ်နားလည် လက်ခံလာရေးဟာ ဆိုရှယ်လစ်စနစ် စတင်နိုင်အောင် လက်ငင်းလုပ်ရမယ့် အလုပ်ပဲ။ လီနင်ဟာ တော်လှန်ရေးဆိုတာ လူထု ကိုယ်တိုင်ရဲ့  conscious act ဖြစ်ကြောင်း လက်တွေ့ပြသလိုက်တာ ဖြစ်တယ်။ လူထုကိုယ်တိုင် သိစိတ်ရှိရှိ နားလည်လက်ခံပြီးမှသာ ဆိုရှယ်လစ်စနစ်ကို စတင်နိုင်မှာဖြစ်ကြောင်း ကောင်းကောင်း သဘောပေါက်သလို လက်တွေ့လဲ ကျင့်သုံးပြခဲ့တယ်။ ဒါ့ကြောင့် ဘော်ရှီဗစ်တွေရဲ့ လက်ငင်း အလုပ်က ဆိုရှယ်လစ်စနစ် ချီတက်ရေးကို ဆိုဗီယက်အားလုံးနီးပါး သဘောပေါက်လာအောင် Patiently explain လုပ်ရေးလို့ သူတင်ပြခဲ့ခြင်း ဖြစ်တယ်။ Kamenev တို့ စွပ်စွဲဝေဖန်သလို ဧပြီလထဲမှာတင် ဆိုရှယ်လစ် တော်လှန်ရေး ကောက်လုပ်ရေး မဟုတ်။ စိတ်ရှည်ရှည်ထား ရှင်းလင်း စည်းရုံးပြီး ဆိုဗီယက် အားလုံးနီးပါးက ဘော်ရှီဗစ် လမ်းစဉ်ကို နားလည်လက်ခံလာတဲ့ ၁၉၁၇ အောက်တိုဘာကျမှ ဆိုရှယ်လစ် တော်လှန်ရေးကို ဆင်နွှဲ ခဲ့ခြင်း ဖြစ်တယ်။