ဒါရိုက်တာ နိုလန်းရဲ့ လက်ရာ Oppenheimer ရုပ်ရှင်က ဗမာပရိသတ်ကြားမှာလဲ ရေပန်းစားတာ သတိထားမိတယ်။ Kai Bird နဲ့ J. Sherwin တို့ ပြုစုတဲ့ စာအုပ် (American Prometheus) ကို အခြေခံပြီး ရုပ်ရှင်အဖြစ် ဖန်တီးထားတဲ့ လက်ရာ။ နာမည်ကြီး ရုပ်ရှင်ဆိုတော့ ရီဗျူးတွေလဲ ပလူပျံအောင် ရေးကြတာ တွေ့ရပါတယ်။ ဒီရုပ်ရှင်နဲ့ ပတ်သက်လို့ မြန်မာဒါရိုက်တာတဦး ရေးတဲ့ ပို့စ်တခုလဲ ဖတ်ရတယ်။
ဒီရုပ်ရှင်အကြောင်း ကြည့်ရတော့ ပြောချင်တာလေးတွေ ရှိလာတယ်။ ရုပ်ရှင်ပညာရပ်အကြောင်း နားလည်လို့ မဟုတ်ပါ။ သာမန်ရုပ်ရှင်ကြည့် ပရိသတ်တဦးအနေနဲ့ ကိုယ်မြင်တဲ့အပိုင်းကို ဖောက်သည်ချချင်ရုံပါ။ ဒီတော့ ဒါရိုက်တာ နိုလန်း ဘယ်လိုတော်တာ၊ ကီလီယန်း မာဖီ သရုပ်ဆောင်ချက် ဘယ်လိုကောင်းတာတွေ သုံးသပ်ပြမှာ မဟုတ်ပါဘူး။ မြင်းထိန်းငတာက ရွှေပြည်ဝန်ကြီးကို ချီးကျူးသလို ဖြစ်ကုန်လိမ့်မယ်။
ဒီရုပ်ရှင်ကို ကြည့်အပြီးမှာ ပထမဆုံး သတိရမိတာက ရီဗျူးတော်တော်များများဟာ အမေရိကန် သမိုင်းမှာ အမည်းစက်ကြီး ဖြစ်နေတဲ့ မက္ကာသီခေတ် ကွန်မြူနစ်ဆန့်ကျင်ရေး ခရူးဆိတ်အကြောင်းကို သိပ်မပြောကြဘူး။ Oppenheimer ရုပ်ရှင်မှာ မက္ကာသီခေတ် anti-communist hysteria ကို ပေါ်လွင်အောင် ရိုက်ပြထားနိုင်တာ တွေ့ရတယ်။
ဒီကနေ့ခေတ် ရုပ်ရှင်ပရိသတ်အဖို့ မေးခွန်းတခု ပေါ်လာဖွယ်ရှိတယ်။ အိုပင်ဟိုင်းမားက ကွန်မြူနစ် sympathizer တယောက်ဖြစ်တယ်၊ (အမေရိကန် ထောက်လှမ်းရေးကတော့ ကွန်မြူနစ်လို့ စွပ်စွဲတယ်၊ ထားပါ)၊ ဒါ့အပြင် သူ့ချစ်သူက ကွန်မြူနစ်ပါတီဝင်၊ သူ့ညီက ကွန်မြူနစ် ပါတီဝင်၊ သူ့ဇနီးဖြစ်လာသူက ကွန်မြူနစ်ပါတီဝင် (ဖြစ်ဖူးသူ)၊ သူ့သူငယ်ချင်း လူရင်းတွေကလဲ ကွန်မြူနစ်ပါတီဝင်။ အဲဒီလို လူတယောက်က အမေရိကန် အစိုးရရဲ့ အနုမြူဗုံး ထုတ်လုပ်ရေး ပရောဂျက်မှာ ဘာ့ကြောင့် ဝင်ပါခဲ့တာလဲ။ အမေရိကန် အစိုးရကရော အဲဒီလို ကွန်မြူနစ်အနွယ်တယောက်ကို ဘာ့ကြောင့် အဲလိုတာဝန်ပေးအပ်သလဲ။ ဒုတိယမေးခွန်းကိုတော့ ရုပ်ရှင်ထဲမှာ အဖြေပါပြီးသားလို့ ထင်ပါတယ်။ အိုပင်ဟိုင်းမားနဲ့ ဗိုလ်ချုပ် Grooves တို့ ပြောတဲ့ ဇာတ်ဝင်ခန်းတခန်းမှာ တွေ့နိုင်ပါတယ်။
ပထမမေးခွန်းကတော့ အဲဒီခေတ် သမိုင်းနောက်ခံနဲ့ ချိတ်ဆက်ကြည့်မှ အဖြေပေါ်မယ် ထင်ပါတယ်။ အဲဒီကာလမှာ အရင်းရှင်စနစ်က (Great Depression) ပျက်ကပ်ကို အလူးအလဲ ခံထားရတယ်။ တဖက်မှာ ဆိုဗီယက်ပြည်ထောင်စုက nationalized planned economy နဲ့ တရှိန်ထိုး တိုးတက်နေတယ်။ တချိန်တည်းမှာ ဂျာမနီ (အိုပင်ဟိုင်းမား မိဘတွေရဲ့ ဇာတိနိုင်ငံ) မှာ ဟစ်တလာခေါင်းဆောင်တဲ့ နာဇီဖက်ဆစ်တွေ အာဏာရနေတယ်။ စပိန်မှာ ဗိုလ်ချုပ်ဖရန်ကို ခေါင်းဆောင်တဲ့ ဖက်ဆစ်တွေ သောင်းကျန်းနေတယ်။
ဒါ့အပြင် အိုပင်ဟိုင်းမားတို့နဲ့ နီးစပ်တဲ့ အမေရိကန် ကွန်မြူနစ်ပါတီ (CPUSA) က စတာလင်နစ်(စ်) ပါတီတခု ဖြစ်တယ်။ အဲဒီကာလမှာ စတာလင် ဗျူရိုကရေစီက popular front ပေါ်လစီကို ကျင့်သုံးနေချိန်။ လက်ရှိအချိန်မှာ ဖက်ဆစ်တွေကို တိုက်ရေးသာ အဓိက၊ ဘူဇွာတွေနဲ့ တပ်ပေါင်းစု ဖွဲ့ရမယ်ဆိုတဲ့ အမြင်။ စတာလင်၊ ချာချီ၊ ရုစဗဲ့တို့ မဟာမိတ်ဖွဲ့ခဲ့တာ အဲဒီပေါ်လစီကြောင့်ပဲ။ ဒီအယူအဆက CPUSA နဲ့ နီးစပ်တဲ့ အိုပင်ဟိုင်းမားတို့လို ပညာတတ် လက်ဝဲအသိုင်းအဝိုင်းကြားမှာလဲ လွှမ်းမိုးမှု ရှိခဲ့လိမ့်မယ်။
ဒီလောက်ဆို ဆိုဗီယက်နဲ့ ယူအက်(စ်)တို့ မဟာမိတ်ဖွဲ့ထားချိန်၊ ဖက်ဆစ်အန္တရာယ် အလွန်ကြီးမားနေချိန် ကွန်မြူနစ် လိုလားတဲ့ အိုပင်ဟိုင်းမား အမေရိကန် အနုမြူဗုံး ထုတ်လုပ်ရေး ပရောဂျက်ထဲ ဘာ့ကြောင့် ဝင်ပါခဲ့သလဲ သဘောပေါက်နိုင်ပါတယ်။
စတာလင် ဗျူရိုကရေစီက သူ့မဟာမိတ် အမေရိကန်၊ ဗြိတိန်တို့ ကြည်ဖြူအောင် ၁၉၄၃ မှာ ကွန်မြူနစ် အင်တာနေရှင်နယ်ကို (ဟန်ပြ ကွန်ဂရက်တောင် မခေါ်ဘဲ၊ မဲခွဲမနေဘဲ) တခါတည်း ဖျက်သိမ်းပစ်လိုက်ပါတယ်။ စတာလင်နစ်(စ်) ဗျူရိုကရက်တွေဘက်က အဲသလို မူမဲ့ capitulate လုပ်ခဲ့ပေမယ့် အမေရိကန် Strategist တွေဘက်ကတော့ ဆိုဗီယက်ကို မဟာမိတ်လို့ သဘောမထားပါဘူး၊ မဟာမိတ်ဖွဲ့ထားချိန်မှာကို ရန်သူလိုပဲ မြင်ပါတယ်။ ဒီသမိုင်း နောက်ခံကားချပ်တွေကို နိုလန်း ဖော်ထုတ်သွားတာ တွေ့ရမယ်။ ငါတို့ စစ်တိုက်နေတာ ဘယ်သူနဲ့လဲ အိုပင်ဟိုင်းမား ကိုယ်တိုင် အလန့်တကြား မေးခွန်းထုတ်လိုက်တဲ့ အခန်းကို သတိထားကြည့်ပါ။
အိုပင်ဟိုင်းမားဟာ ဂျီးနီးယပ်(စ်)တယောက်၊ ထိပ်တန်း ရူပဗေဒ ပညာရှင်တယောက်။ ဒါပေမယ့် သူ့နိုင်ငံရေး အမြင်က naïve ဖြစ်တယ်လို့ ယူဆစရာ အချက်တွေ တွေ့ရတယ်။ အမေရိကန်၊ ဗြိတိန်၊ ရုရှားတို့ မဟာမိတ်ဖွဲ့ပြီး နာဇီဂျာမနီကို ဝိုင်းတိုက်ကြမယ်၊ ဖက်ဆစ်တွေလက်ထဲ အနုမြူဗုံးမရခင် မဟာမိတ်တွေလက်ထဲ အနုမြူဗုံး ရရှိရေး ပရောဂျက်မှာ သူဝင်ပါနေတယ်လို့ အရိုးခံအတိုင်း ယုံကြည်ခဲ့ပုံရတယ်။
တကယ်တော့ အမေရိကန်၊ ဗြိတိန် အုပ်စိုးသူ လူတန်းစားရဲ့ အမြင်မှာ သူစိုးရိမ်သလို ဖက်ဆစ်အန္တရာယ်ကို မစိုးရိမ်။ သူထင်သလို ဆိုဗီယက်နဲ့ ပေါင်းတိုက်ဖို့လဲ မဟုတ်။ သူတို့ရဲ့ ကနဦး မဟာဗျူဟာက နာဇီနဲ့ ကွန်မြူနစ်တွေ အရင်ဆော်ကြပါလေ့စေ၊ သူတို့စစ်ပန်းသွားမှ ငါတို့ကောက်စားရုံပဲဆိုတဲ့ ‘ယာလဲညက်စေ၊ ကြက်လဲမောစေ’ ပေါ်လစီကို ကျင့်သုံးနေတာ။ ဟစ်တလာက သူတို့ကိုပါ ဦးချိုးဖို့ လုပ်လာမှ ဆိုဗီယက်နဲ့ လက်မတွဲချင်ဘဲ ပြေးတွဲရတာ။
ဒါ့ကြောင့်လဲ သူတို့ပရောဂျက်က တွေ့ရှိချက်တွေကို ဆိုဗီယက်ဆီ သတင်းပေါက်ကြားမှာ သေမလောက် ကြောက်နေခဲ့တယ်။ ဒီပရောဂျက်မှာ ပါဝင်တဲ့ ပညာရှင်အားလုံးရဲ့ လှုပ်ရှားမှုအားလုံးကို မျက်စိဒေါက်ထောက်ကြည့်နေခဲ့တယ်။ ဒီပရောဂျက်ထဲ ပါဝင်နေချိန်မှာလဲ compartmentalization စည်းမျဉ်းကို တင်းတင်းကြပ်ကြပ် လိုက်နာစေတယ်။
*Cold war က ဒုတိယ ကမ္ဘာစစ် မပြီးခင်ကတည်းက စနေပြီဆိုတဲ့ အချက်ကို နိုလန်း ရိုက်ပြသွားတာပဲ။ အစဉ်အလာ သမိုင်းစာအုပ်တွေမှာ ဒုတိယကမ္ဘာစစ်အလွန်မှ အမေရိကန်ဂိုဏ်းနဲ့ ဆိုဗီယက်ဂိုဏ်းတို့ cold war စတယ်လို့ ပုံဖော်လေ့ရှိတယ်။ တကယ်တော့ စစ်အတွင်းမှာကတည်းက cold war စနေပြီ။
*(မြင့်သန်း ဆိုသူက cold war ကို စစ်အေးတိုက်ပွဲလို့ ဘာသာပြန်ရမလားဆိုပြီး ရှေ့ကစာနယ်ဇင်းဆရာတွေကို ပတ်ရမ်းဖူးတယ်။ သူပြန်တာက ဝါဒရေးရာစစ်ပွဲတဲ့။ ဝါဒရေးရာသက်သက် လွန်ဆွဲနေကြတယ်များ ထင်သလားမသိဘူး။ ဝါဒရေးရာစစ်ပွဲလို့ ဘာသာပြန်မှသာ အပေါ်ယံဆန်လွန်းတဲ့ နားလည်မှုလို့ ပြောရလိမ့်မယ်။ ဤကား စကားချပ်)။
ဒုတိယ ကမ္ဘာစစ်ကို ခပ်မြန်မြန် အဆုံးသတ်သွားအောင်၊ စစ်ကြောင့် သေဆုံးနေရတဲ့ ဘဝတွေ နည်းပါးသွားအောင် အနုမြူဗုံးကို သုံးလိုက်ရတာပါဆိုတဲ့ အမေရိကန် အစိုးရရဲ့ ဝါဒဖြန့်အာဘော်ကို စိန်ခေါ်သွားတာ တွေ့ရလိမ့်မယ်။ တကယ်တော့ ဂျာမနီရော၊ ဂျပန်ရော စစ်ရှုံးဖို့ သေချာနေပြီ၊ ဂျပန်ကလဲ လက်နက်ချမယ်ဆိုတာ ကြိမ်းသေနေပြီ။ ဒါကိုသိသိရက်နဲ့ ဟီရိုရှီးမားနဲ့ နဂါဆာကီကို အနုမြူဗုံး ကြဲချတာဟာ အမေရိကန် နယ်ချဲ့အစိုးရက သူ့လက်ထဲ အလွန်စွမ်းအားပြင်းတဲ့ လက်နက် ပိုင်ဆိုင်ထားပြီ၊ တကမ္ဘာလုံးမှာ ငါသာ ဗိုလ်ပဲလို့ ပြချင်တာ၊ အထူးသဖြင့် သူ့ပြိုင်ဖက် ဆိုဗီယက် ရုရှားကို ပုခုံးချင်းလာမယှဉ်နဲ့ မက်ဆေ့ဂ်ျပေးလိုက်တာပဲ။ ရုပ်ရှင်ထဲမှာတော့ အိုပင်ဟိုင်းမားရဲ့ conscience လွန်ဆွဲပွဲတွေ၊ ဆိုဗီယက်နဲ့ နျူလက်နက် (arm race) မဖြစ်အောင် အိုပင်ဟိုင်းမားရဲ့ ကြိုးပမ်းချက်တွေ တွေ့ရလိမ့်မယ်။
ဒုတိယ ကမ္ဘာစစ်အလွန်မှာ အမေရိကန်က ကမ္ဘာ့ဗိုလ် ဖြစ်လာပါတယ်။ နေမဝင်အင်ပိုင်ယာ ဗြိတိန်ရဲ့ နေဝင်ချိန် ရောက်သွားပါတယ်။
နျူကလိယာ လက်နက်ပိုင်ရှင်ဖြစ်လာတဲ့ ကမ္ဘာ့နယ်ချဲ့ပါဝါ အမေရိကန်က အေဗုံးလောက်နဲ့ မတင်းတိမ်နိုင်ဘူး၊ H ဗုံး ထုတ်လုပ်ရေးကို ဇွတ်အတင်းလုပ်လာတယ်။ အေဗုံးဖခင်ကြီး ဆိုပြီး နာမည်ကျော်လာတဲ့ အိုပင်ဟိုင်းမားက အမေရိကန် အစိုးရရဲ့ အဲဒီပေါ်လစီကို ကျယ်ကျယ်လောင်လောင်လေး ကန့်ကွက်တယ်။ တိုးတိုးတိတ်တိတ် သူပြောကြည့်တယ်၊ မရပါဘူး။ အဲဒီမှာ အမေရိကန် အစိုးရက သူ့ကို နိုင်ငံတော် လုံခြုံရေး အန္တရာယ်ပေးနိုင်သူ ဆိုပြီး စွဲချက်တင် ဒုက္ခပေးတော့တာပဲ။
၁၉၅၀ ခုနှစ်တဝိုက်က မက္ကာသီခေတ် ကွန်မြူနစ် ဆန့်ကျင်ရေး လှိုင်းလုံးကြီးကို ခံခဲ့ရတာ အိုပင်ဟိုင်းမား တယောက်ထဲတော့ မဟုတ်ပါဘူး။ အိုပင်ဟိုင်းမားရဲ့ ညီ (ရူပဗေဒ ပညာရှင်)ကိုလဲ ဘဝပျက်အောင် လုပ်ခဲ့တာပဲ။ CPUSA အဖွဲ့ဝင်၊ ပါတီလိုလားသူ ထောင်ပေါင်းမြားစွာ ဘဝပျက်၊ အလုပ်ပြုတ်ဖြစ်ခဲ့ရတယ်။ ရာပေါင်းများစွာ ထောင်ချခံခဲ့ရတယ်။ အတော်များများက ပြည်ပကို ထွက်ပြေးခဲ့ရတယ်။
အဲဒီလို Red Scare ခေတ်နောက်ခံမှာ ပုဂ္ဂိုလ်ရေး အငြိုးထားမှုလေးတွေ၊ လုပ်ဖော်ကိုင်ဖက်ချင်း မနာလိုမှုလေးတွေကနေ အိုပင်ဟိုင်းမားကို ချောက်ချမှု ဇာတ်လမ်းဖြစ်လာ၊ လူမသိသူမသိ တရားမဝင် kangaroo ခုံရုံးဖွဲ့ စစ်ဆေးမှုတွေ ဖြစ်လာတာပဲ။
ဇာဏ်ခီရေးသလို ‘ကမ္ဘာပေါ်မှာ အကြီးမားဆုံးသော နိုင်ငံရဲ့ အကြီးမားဆုံး nuclear project မှာတောင် ကလေးဆန်တဲ့ နိုင်ငံရေးသမားက ပါလာရ’လို့ မဟုတ်ဘူး။ ပုဂ္ဂိုလ်ရေး မကျေနပ်မှု၊ မနာလို ခြေပုန်းခုတ်မှု သက်သက်ကြောင့် ဖြစ်လာတာ မဟုတ်ဘူး။ ဒီလိုပြောရအောင် ကွန်မြူနစ်တံဆိပ်ကပ်၊ ဆိုဗီယက် လိုလားသူဆိုပြီး ဘဝပျက်အောင် ဖျက်ခံခဲ့ရတာ အိုပင်ဟိုင်းမား တယောက်တည်းမှ မဟုတ်ဘဲ။
သမိုင်းနောက်ခံ နိုင်ငံရေးဇာတ်လမ်းကို အဲသလို အပေါ်ယံရှပ်ပြောရုံနဲ့ အားမရသေးဘဲ အမေရိကန် ဘုန်းတော်ဘွဲ့ပါ ရွတ်သေးသဗျ။ ‘ဒါပေမယ့် မူကခိုင်မာတော့ ယိမ်းယိုင်မှုတော့ မရှိခဲ့’ ဆိုပဲ။ မက္ကာသီခေတ်မှာ ဘဝပျက်ခဲ့ရတဲ့ ထောင်သောင်းချီတဲ့ အနုပညာရှင်တွေ၊ သိပ္ပံပညာရှင်တွေ၊ သမဂ္ဂအဖွဲ့ဝင်တွေဟာ ဇာဏ်ခီ အမြင်မှာ ‘အသင်းတူ ခြေထိုးတော့’ ဖြစ်လာရတဲ့ ‘မလိုအပ်တဲ့ ရှုပ်ထွေးမှုတွေ’ပဲ။ အမေရိကန် အစိုးရက မူခိုင်မာတယ်ဆိုတာ စစ်နိုင်နေမှန်း သေချာရက်နဲ့ အရပ်သားတွေကို အနုမြူဗုံးကြဲသတ်တာ၊ ဒါတင် အားမရသေးဘဲ ဟိုက်ဒရိုဂျင်ဗုံးကို သူ့ထက်ငါဦးအောင် အလုအယက်ထုတ်တာကို ဇာဏ်ခီပြောချင်တာများလား။ အမေရိကန် ပြည်သူတွေကတော့ မက္ကာသီခေတ်ကို ရှက်စရာ အမည်းစက်ကြီးလို့ မြင်ကြတယ်။
အမေရိကန် ဒီမိုကရေစီကို တဖွဖွအမွှန်းတင်နေကြသူတွေအနေနဲ့ နိုလန်းရဲ့ ရုပ်ရှင်ကို ကြည့်ပြီးရင် ဒါလား ဒီမိုကရေစီလို့ မေးခွန်းထုတ်သင့်တယ်။ အရင်းရှင် ဒီမိုကရေစီမှာ အုပ်စိုးသူ လူတန်းစား ကြည်ဖြူသလောက်ပဲ လွတ်လပ်ခွင့် ပေးထားကြောင်း အိုပင်ဟိုင်းမား ရုပ်ရှင်က မီးမောင်းထိုးပြလိုက်တယ်။ ဒါကိုမှ အမေရိကန် ဘုန်းတော်ဘွဲ့ရွတ်ပြီး အိုပင်ဟိုင်းမား ရုပ်ရှင်က ဘယ်လိုကောင်းတာပါလို့ ပြောနေရင် အဲဒီလူတွေ ရုပ်ရှင် ဘယ်လိုကြည့်သလဲ စိတ်ဝင်စားမိပါရဲ့။
ရီထွေး
မက္ကာသီခေတ် ပရိုမီးသိယပ်(စ်)