BNRA တပ်ဖွဲ့ ခေါင်းဆောင် နဂါး ခေါ် ထင်လင်းဟာ ၂၀၂၆ ခု၊ ဖေဖော်ဝါရီလ ၁၈ ရက်နေ့မှာ ရန်သူ စစ်အာဏာရှင်တွေရှေ့ ဒူးထောက် လက်နက်ချပြီး တော်လှန်ရေးကို သစ္စာဖောက်သွားလေပြီ။ ရန်သူ စစ်အုပ်စုရှေ့ အညံ့ခံ ပူးပေါင်းသွားတာဟာ လက်နက်ချ သစ္စာဖောက် လုပ်ရပ်ပဲ။ ဒါကို ဘယ်သူမှ ငြင်းလို့ မရဘူး။ ဒီလုပ်ရပ်ကို ဘယ်လို ဆင်ခြေနဲ့မှ တရားထူထောင်လို့လဲ မရပါဘူး။ ဒါ ကျနော်တို့ သဘောထားပဲ။ သစ္စာဖောက် လက်နက်ချသွားသူတွေရဲ့ သမိုင်းကား မြောင်းပုပ်ထဲ ရောက်လေပြီ။
ဒီနေရာမှာ မေးစရာ ရှိတာက နဂါး ဘာ့ကြောင့် ဒီလမ်းကို ရွေးသွားသလဲ။ ဒါကို နားလည်ဖို့ အရေးကြီးပါတယ်။ အရင်ဆုံး မြင်သာတဲ့ အချက်က အစပြုလိုက်ရအောင်။ နုဂျီ လက်အောက်ခံ လက်နက်ကိုင် တပ်တွေက နဂါးတို့ အဖွဲ့ကို ဝိုင်းပတ် ချေမှုန်းတာတွေ လုပ်ခဲ့တယ်။ နဂါး တပ်ဖွဲ့ထဲက တချို့ တပ်ရင်းတွေလဲ နုဂျီ တပ်တွေဆီ အညံ့ခံ လက်နက်ချလိုက်ရတယ်။ ဒီလို အခြေအနေမှာ နဂါး အနေနဲ့ ဘာကို ရွေးမလဲ။ နုဂျီဆီ လက်နက်ချမလား၊ စစ်အုပ်စုဆီ လက်နက်ချမလား၊ ဒါမှမဟုတ် လွတ်ရာပြေးမလား၊ တိုက်ရင်း အသေခံမလား။ ရွေးစရာ ဒါအကုန်ပဲ ထင်ပါတယ်။
ပထမ ရွေးလမ်း ဖြစ်တဲ့ နုဂျီဆီ လက်နက်ချတဲ့ လမ်းကို ရွေးမယ်ဆိုရင် နဂါး ဘာဖြစ်မလဲ။ အသက် ချမ်းသာရာရဖို့ မသေချာပါဘူး။ အသတ်ခံရနိုင်ချေ များတယ်။ ဒီလို အသတ်ခံရမှာ ကြောက်လို့ပဲ ဒီလမ်းကို ရွေးမသွားတာလို့ ယူဆစရာ ရှိပါတယ်။ နုဂျီဘက်က နဂါးတို့အဖွဲ့ကို အမြစ်ပြတ်ချေမှုန်းရေး စစ်ဆင်နေတာ ထောက်ရှုရင် နဂါးကို သူတို့ အရှင်မထားဘူးဆိုတာ တွက်ဆလို့ ရပါတယ်။
ဒါဆိုရင် သေရမှာ ကြောက်လို့ စစ်အုပ်စုဆီ လက်နက်ချသွားတာ မှန်ကန်တဲ့ ရွေးချယ်မှုလား။ ကျနော်တော့ အဲသလို မယူဆဘူး။ အကြီးမားဆုံး မှားယွင်းမှုလို့သာ ဆိုချင်တယ်။ စစ်အုပ်စုဆီ လက်နက်ချလို့ လတ်တလော အသက်ချမ်းသာရာ ရချင်ရမယ်၊ သို့သော် သစ္စာဖောက်ဘဝနဲ့ စစ်အုပ်စုကို အလုပ်အကျွေးပြုရင်း ရှင်သန်ရတဲ့ ဘဝဟာ ဘာအဓိပ္ပါယ် ရှိမလဲ။ ခန္ဓာအသက်တော့ တည်မြဲကောင်း တည်မြဲမယ် (တကယ်တော့ ဒါတောင် ရေရှည်မှာ မသေချာဘူး)၊ နိုင်ငံရေး ဂုဏ်သိက္ခာ၊ လူ့ဂုဏ်သိက္ခာကတော့ လူမသေခင်က သေဆုံးနှင့်ပြီ။
စစ်အာဏာရှင်တွေဟာ ဒီလို လက်နက်ချ သစ္စာဖောက်တွေကို သူတို့အတွက် အသုံးတည့်တုန်း ခဏပဲ ထုတ်သုံးပါလိမ့်မယ်။ သူတို့ရဲ့ အသုံးဝင်တဲ့ အခန်းရပ်သွားရင် စတေးပစ်ဖို့ နှစ်ခါပြန် စဉ်းစားလေ့ မရှိပါဘူး။ တော်လှန်ရေး သမိုင်းမှာ သစ္စာဖောက် ဆိုတာ တယောက်မက ရှိခဲ့လေတော့ ဒီလို အဖြစ်မျိုးတွေလဲ အကြိမ်ကြိမ် မြင်တွေ့ခဲ့ရပြီးပြီ။
ဒီနေရာမှာ ကိုကျော်ဝင်းတို့လို “pragmatic and realistic” ဖြစ်တဲ့ နိုင်ငံရေးသမားတွေက အခုလို ပြောလာနိုင်တယ် –
“ငါတို့က နိုင်ငံရေး စံနှုန်းတွေကို အသေ ဖက်တွယ် မထားနိုင်ဘူး၊ နိုင်ငံရေး သိက္ခာတွေ၊ သမိုင်း တန်ဖိုးတွေ လာမပြောနဲ့၊ တကယ့် သေရေးရှင်ရေးနဲ့ ကြုံလာရင် အသက် ရှင်သန်ရေးကို ရွေးရမှာပဲ”။
တကယ်တော့ သူတို့ရဲ့ ငြင်းချက်ဟာ “wishful thinking” ပေါ်မှာ အခြေခံထားတာ။ စစ်အုပ်စုဆီ လက်နက်ချတဲ့ လမ်းကို ရွေးလို့ သက်သာရာရလိမ့်မယ်လို့ ဘယ်သူမှ အာမမခံနိုင်ဘူး။ စစ်အုပ်စုဆီ လက်နက်ချသွားသူတွေဟာ လူပီပီသသ ရှင်သန်ရတဲ့ ဘဝကို မရကြပါဘူး။ စစ်အုပ်စု မျက်မာန်ရှမဲ့ စကားဆို လေသံတောင် မဟရတဲ့ ဘဝ၊ ရှင်လျက်နဲ့ သေနေတဲ့ ဘဝကိုသာ ရသွားလေ့ရှိတယ်။
ဒါဆို ရွေးစရာ ဘာကျန်သလဲလို့ မေးစရာ ရှိပါတယ်။ တော်လှန်ရေးသမား ပီသရင် ရွေးစရာ တလမ်းပဲ ရှိပါတယ်။ ယုံကြည်ချက်အတွက် တိုက်ရင်း သေချင်သေပါစေ၊ ဘယ်သူ့ရှေ့မှ လက်နက်မချဘူး၊ ဒူးမထောက်ဘူး။ အဲဒီလို အသေခံရဲ၊ တိုက်ရဲမှ တော်လှန်ရေးသမား ပီသပါတယ်။
မင်းပြောတဲ့ဟာက နားထောင်လို့တော့ ကောင်းပါရဲ့၊ တကယ့် လက်တွေ့ဘဝမှာ ငါတို့တော့ အဲလို လူတွေ မတွေ့ဖူးပေါင်လို့ စောဒကတက်ချင် တက်နိုင်တယ်။ ဟုတ်ကဲ့၊ စိတ်ကူးယဉ် ပြောနေခြင်း မဟုတ်ပါဘူး။ ကျနော်တို့ ရဲဘော်ကြီး ကိုနှင်းအောင်ဟာ ၂၀၂၁ ဒီဇင်ဘာ လဆန်းမှာ ရန်သူ့လက် ကျရောက်ခဲ့တယ်၊ သူ့အသက် ချမ်းသာရာရရေးအတွက် ကိုနှင်းအောင်ဟာ ရန်သူ့ရှေ့ ဒူးမထောက်ခဲ့ဘူး၊ ရင်ကော့ပြီး အသေခံရင်း တိုက်ပွဲဝင်သွားခဲ့တယ်။
ကိုနှင်းအောင်ဟာ ရဲဘော် ချေကို စံပြထားသူ တယောက် ဖြစ်ပါတယ်။ ဒါ့ကြောင့်လဲ သူ့ ဖေ့(စ်)ဘွတ်(ခ်) အကောင့်ကိုတောင် ရဲနီချေလို့ နာမည်ပေးခဲ့သူ ဖြစ်တယ်။ ရဲဘော် ချေဂွေဗားရားသာ အမေရိကန် နယ်ချဲ့သမားရှေ့ လက်နက်ချ အညံ့ခံခဲ့မယ်ဆိုရင် အသက် သေချင်မှ သေလိမ့်မယ်၊ ဒါပေမဲ့ ရဲဘော်ချေဟာ တော်လှန်ရေးသမား ပီသစွာ ကျဆုံးသွားခဲ့တယ်။ ဒါ့ကြောင့်လဲ စံပြ သူရဲကောင်း ရဲဘော်ချေရယ်လို့ ဖြစ်လာတာပဲ။
ရဲဘော် ကိုနှင်းအောင်ဟာလဲ သူလေးစားရတဲ့ ရဲဘော်ချေလို သူရဲကောင်း ပီသစွာ ကျဆုံးသွားခဲ့တယ်။ အရေးတော်ပုံကို မိမိ ကိုယ်ကျိုးစီးပွားနဲ့ လဲမသွားခဲ့ဘူး။ ဒီတော့ မိမိအသက် သေရေးရှင်ရေးနဲ့ ကြုံလာရင်တောင် တော်လှန်ရေးကို သစ္စာမဖောက်ခဲ့တဲ့ သူရဲကောင်းတွေ၊ တော်လှန်ရေးသမား စစ်စစ်တွေ တကယ် ရှိပါတယ်။ အတိတ်သမိုင်းမှာ ရှိခဲ့သလို ဒီကနေ့ခေတ် သမိုင်းလဲ ရှိပါတယ်။
မှတ်ကျောက်တင်ဝံ့ မတင်ဝံ့
ကဲ ဒီတော့ တော်လှန်ရေး သူရဲကောင်း ဆိုတာ ဘာလဲ၊ သစ္စာဖောက် ဆိုတာ ဘာလဲ အဓိပ္ပါယ်ဖွင့်လို့ ရပြီ။
အဖိနှိပ်ခံ လူထု လွတ်မြောက်ရေး အရေးတော်ပုံ အကျိုးစီးပွားနဲ့ မိမိ ကိုယ်ကျိုးစီးပွား ယှဉ်လာတဲ့အခါ မိမိ ကိုယ်ကျိုးစီးပွားကို ရှေ့တန်းတင်သူတွေဟာ တော်လှန်ရေး သစ္စာဖောက် ဖြစ်သွားပြီး အရေးတော်ပုံ အကျိုးစီးပွားကို ရှေ့တန်းတင်သူဟာ တော်လှန်ရေး သူရဲကောင်း ဖြစ်သွားတယ်။
ဘယ်သူတွေက တော်လှန်ရေးကို သစ္စာဖောက်နေလဲ၊ တော်လှန်ရေးကို သစ္စာရှိနေသလဲ တိုင်းတာမယ် ဆိုရင် ဒီမှတ်ကျောက်နဲ့ တင်ကြည့်ဖို့ လိုပါလိမ့်မယ်။
နဂါးက မိမိကိုယ်ကျိုးစီးပွားကို ရှေ့တန်းတင်ပြီး ရန်သူ့ရှေ့ လက်နက်ချ ဒူးထောက်သွားလို့ သစ္စာဖောက် ဖြစ်သွားပြီ ဆိုတာ အလွန် ထင်ရှားတယ်၊ မြင်လဲ မြင်သာတယ်။ ဒါပေမဲ့ အဲသလို ဗြောင်ကျကျ သစ္စာဖောက်သွားတာ မဟုတ်ပေမဲ့ တော်လှန်ရေးကို သစ္စာဖောက်နေသူတွေ ဒုနဲ့ဒေး ရှိနေတာကိုလဲ မြင်အောင် ကြည့်ဖို့ အရေးကြီးတယ်။ တော်လှန်ရေး အရေခြုံပြီး တော်လှန်ရေးကို သစ္စာဖောက်နေပြီ ဆိုရင် ဗြောင်ကျကျ သစ္စာဖောက်သွားသူထက်တောင် ပိုကြောက်ဖို့ ကောင်းပါတယ်။
တော်လှန်ရေး အရေခြုံထားသော်ငြား၊ တော်လှန်ရေး ဆိုတဲ့ စကားကို ပါးစပ်ဖျားက မချသော်ငြား မိမိ ကိုယ်ကျိုးစီးပွားအတွက် ခါးပိုက်ဆောင် တပ်တွေ မွေးနေပြီ ဆိုရင် တော်လှန်ရေးကို သစ္စာစဖောက်နေပြီလို့ အတိအကျ ပြောနိုင်တယ်။ သူတို့ဟာ ပြည်သူ့ ဖိနှိပ်ရေး ခါးပိုက်ဆောင် တပ်တွေ မွေးထားပေမဲ့ ပြည်သူ့ ကာကွယ်ရေးလို့ နာမည် တပ်ထားကြတယ်။ ဘယ့်လောက်တောင် အော်ဝဲလီယန်း (Orwellian) ဆန်လိုက်သလဲ။
အဲဒီလို ခါးပိုက်ဆောင် တပ်တွေ မွေးပြီး ငါတို့သာ တရားဝင် အစိုးရလို့ ကြွေးကြော်မယ်၊ ငါတို့ လက်အောက် မဝင်ရင် ရန်သူလို့ သတ်မှတ်ပြီး ခါးပိုက်ဆောင် တပ်တွေနဲ့ အမြစ်ပြတ် ချေမှုန်းစစ်ဆင်မယ်၊ အဲဒီလို လုပ်လာပြီ ဆိုရင် သေချာတယ်၊ တော်လှန်ရေး အကျိုးစီးပွားထက် မိမိ အကျိုးစီးပွားကို ဦးထိပ် ပန်ဆင်လာတာပဲ။ ဒါဆိုရင် သူတို့ တတွေကိုရော တော်လှန်ရေး လုပ်နေတဲ့ အဖွဲ့လို့ ပြောမလား၊ တော်လှန်ရေးကို ကာယကံမြောက် သစ္စာဖောက်နေတဲ့ အဖွဲ့လို့ ပြောမလား။ ဝေခွဲရခက်နေရင် အပေါ်မှာ ပြောခဲ့တဲ့ မှတ်ကျောက်နဲ့ တင်ကြည့်လိုက်ပါ။ ဖားလား ငါးလား ကွဲသွားပါလိမ့်မယ်။
နုဂျီ လုပ်နေတာ တန်ပြန် တော်လှန်ရေး
ဒီလို အခိုင်အမာ ဆန်းစစ်ကြည့်လိုက်မယ်ဆိုရင် နုဂျီ လက်အောက် မဝင်တဲ့ အဖွဲ့တွေကို ရန်သူနဲ့ ပေးစားပြီး လိုက်လံ ချေမှုန်းတဲ့ လုပ်ရပ်ဟာ တော်လှန်ရေး မဟုတ်ဘူး၊ တော်လှန်ရေးကို ဖျက်စီးတဲ့ တန်ပြန် တော်လှန်ရေး (counter-revolution) ဆိုတာ ရှင်းရှင်းလင်းလင်း နားလည်လာလိမ့်မယ်။
နုဂျီ ခေါင်းဆောင်တွေ၊ နုဂျီ လော်ဘီတွေကတော့ သူတို့ လုပ်ရပ် မှန်ကန်ကြောင်း အမျိုးမျိုး တရား ထူထောင်ပြနေကြတယ်။ နဂါးက စစ်အုပ်စုဆီ လက်နက်ချသွားတော့ ပိုလို့တောင် အသံကျယ်လာသေးတယ်။ နဂါး စစ်အုပ်စုဆီ လက်နက်ချ သစ္စာဖောက်တာနဲ့ နုဂျီရဲ့ တန်ပြန် တော်လှန်ရေးကတော့ မှန်ကန်တဲ့ ပေါ်လစီ ဖြစ်မသွားဘူး။ နုဂျီရဲ့ တန်ပြန် တော်လှန်ရေး လုပ်ရပ်ဟာ တော်လှန်ရေးကို ဖျက်စီးမြဲ ဖျက်စီးနေတယ်။
နဂါး စစ်အုပ်စုဆီ လက်နက်ချသွားလို့ နုဂျီက BNRA ကို အမြစ်ဖြတ် ချေမှုန်းရေး လုပ်တာ မှန်သယောင် တရား ထူထောင်ပြလို့ မရဘူး။ ဘာ့ကြောင့်လဲ။ ပြည်သူ လူထုကြီး လွတ်မြောက်ရေးလို့ ကြွေးကြော်ပြီး ပြည်သူ့ ချွေးနှဲစာတွေနဲ့ တပ်ဆင်ထားတဲ့ လက်နက်တွေဟာ ပြည်သူတွေကို ဖိနှိပ်ဖို့၊ ပြည်သူ့ ရင်သွေးတွေကို ပြန်သတ်ဖို့ မဟုတ်ဘူး။ အခု နုဂျီ လုပ်နေတာ အဲဒီလို ပြန်သတ်တဲ့ လုပ်ရပ် ဖြစ်နေပြီ။ ဒါ့ကြောင့် နုဂျီရဲ့ တန်ပြန် တော်လှန်ရေးကို ဘယ်လို ဆင်ခြေနဲ့မှ ကာလို့ မရဘူး။
သို့သော် နုဂျီဘက်ကတော့ လက်မလျှော့ဘူး။ နဂါး ရန်သူ့ဘက် လက်နက်ချသွားတာကိုပဲ အောင်ပွဲကြီး တခု ရလိုက်သလိုလို လက်ခမောင်း ခတ်လာကြတယ်။ တကယ်တော့ နဂါးလို ဒေသခံ တပ်ဖွဲ့တွေအကြောင်း ထဲထဲဝင်ဝင် သိထားသူ တယောက် စစ်အုပ်စုဘက်က ရလိုက်တာဟာ သူတို့အတွက် အများကြီး အမြတ်ထွက်ပါတယ်။ စစ်အုပ်စုအတွက် စစ်ရေး၊ နိုင်ငံရေး အမြတ်ထွက်လေ အဖိနှိပ်ခံ ပြည်သူတွေ အထိနာလေပဲ။
ဒီတော့ နဂါး လက်နက်ချသွားလို့ ဝမ်းသာနေတဲ့ နုဂျီ လော်ဘီ အသိုင်းအဝိုင်းဟာ ပြည်သူတွေ အထိနာမဲ့ အရေးကို အောင်ပွဲအဖြစ် သဘောထားကြတာလား။ ဒါဆိုရင် မင်းတို့ လုပ်နေတာ၊ ထောက်ခံနေတာ တော်လှန်ရေး မဟုတ်ဘူးလို့ ထပ်ပြောရမယ်။ တနည်းအားဖြင့် စစ်အာဏာရှင်စနစ်ကို သွယ်ဝိုက် ထောက်ခံနေတာပဲ။ ခါးပိုက်ဆောင်တပ် မွေးပြီး ဗိုလ်ကျတဲ့ စနစ်ကို ဗြောင် ထောက်ခံလိုက်တာပဲ။
နုဂျီဘက်က နောက်တမျိုး ထွင်လုံး ထုတ်လာတာကတော့ တော်တော်လေး conspiracy ဆန်လွန်းပါတယ်။ နုဂျီရဲ့ ဒုစီးဦးစီးချုပ် ဆိုသူရဲ့ ပြောစကားကိုပဲ နမူနာ ထုတ်ပြပါမယ်။
“တော်လှန်ရေး အဖွဲ့အချင်းချင်း ဖြစ်ကြတာကို စကမက ကြားထဲက ဒိုင်စားခြင်း မဟုတ်။ နဂိုကတည်းက သူတို့ မြှုပ်ထားတဲ့ အပင်းကို သူတို့ ဘာသာ ပြန်နှုတ်သွားခြင်းသာလျှင် ဖြစ်တယ်” လို့ ကိုစိုးသူရဇော်က ဆိုပါတယ်။
သူ့ ကောက်ချက်ကို မဝေဖန်ခင် စစ် ထောက်လှမ်းရေးကို အထင်ကြီးလှချည်လားလို့ အရင် မှတ်ချက်ပြုရလိမ့်မယ်။ စစ်ထောက်လှမ်းရေးက ရေရှည်မြှုပ်ထားတဲ့ သူလျှိုက တော်လှန်ရေး လုပ်ဖို့ လက်နက်ကိုင် တပ်ဖွဲ့တခု ထူထောင်နိုင်ခဲ့တာ သမိုင်းမှာ မရှိခဲ့ဖူးဘူး၊ နဂါးနဲ့ ပတ်သက်လို့ အခုလို ကောက်ချက်ဆွဲကြပေမဲ့ ဘာသက်သေ အထောက်အထားမှ မပြနိုင်ကြပါဘူး။ ဒီအချက်က အခြေအမြစ် မရှိပေမဲ့ ဟောလိဝုဒ်က စီအိုင်အေ ဇာတ်လမ်းတွေ အကြည့်များသူတွေတော့ ယုံချင် ယုံကြလိမ့်မယ်။
တကယ်တော့ နဂါးလို အင်အား တစုံတရာ ရှိတဲ့ လက်နက်ကိုင် တပ်ဖွဲ့ထောင်ပြီး လှုပ်ရှားနေတာမျိုးကို မအလ တို့ စစ်အုပ်စုက ဘယ်သူ့ကိုမှ ခွင့်မပြုနိုင်ဘူး၊ ဒါ့ကြောင့်လဲ BNRA ကို ဖြိုခွဲ ချေမှုန်းဖို့ သူတို့ အမြဲ လုပ်ခဲ့တယ်။ မအောင်မြင်ခဲ့ဘူး၊ အခု နုဂျီ ဝင်တိုက်ပေးမှ မအလတို့ ကြံရွယ်ချက် အထမြောက်တော့တယ်။ မအလ စစ်တပ်ကို အံတုမဲ့ လက်နက်ကိုင် တဖွဲ့လဲ ပြိုကွဲသွားသလို အဖွဲ့ ခေါင်းဆောင် ဖြစ်သူကိုလဲ သူတို့ ရလိုက်တော့ နှစ်ခါပြန် မြတ်ပါတယ်။
ဒီတော့ မအလ စစ်တပ်နဲ့ နုဂျီ စစ်တပ်ဟာ လုပ်ရပ်အားဖြင့် ကတုတ်ကျင်း တဖက်တည်းမှာ အတူတူ ရှိသွားပြီလို့ မဆိုနိုင်ပေဘူးလား။ Action speaks louder than words!
အပေါ်က ကောက်စာကို ပြန်ဆက်ရရင် နုဂျီ ဒုစီးဦးစီးချုပ်ရဲ့ နိုင်ငံရေး အမြင်က တိမ်လှချည်လားလို့ မှတ်ချက်ပြုရလိမ့်မယ်။ ဒါက လျှော့ပေါ့ ပြောထားတာပါ။ တကယ်တော့ ဒီထက် အများကြီး ဖောက်ပြန်ပါတယ်။ နုဂျီက လူသူ လက်နက် သာလွန် အင်အားသုံးပြီး အင်အားသေးတဲ့ အဖွဲ့လေးတွေကို လိုက်လံ ချေမှုန်းတဲ့ စစ် ဆင်နေတာ ဖြစ်ပါတယ်။ ဒါကို “တော်လှန်ရေး အဖွဲ့အချင်းချင်း ဖြစ်ကြတာ” လို့ ပြောလာရင် ကိုစိုးသူရဇော်တို့ နုဂျီဘက်က နာစရာ မရှိဘူး၊ ငါတို့ကို သက်သက်ညှာညှာ ပြောပေးနေပါလား ဆိုပြီး ကျေးဇူးတောင် တင်သင့်တာ။
အခုတော့ BNRA ကို “တော်လှန်ရေး အဖွဲ့အချင်းချင်း” လို့ နုဂျီဘက်က သဘောမထားနိုင်ဘူး ဆိုတာ သူကိုယ်တိုင် ဝန်ခံလိုက်တာပဲ။ ဒါကိုက “ငါတို့သာ အစိုးရ၊ မင်းတို့က ငါတို့ လက်အောက်ခံ လုပ်ရမယ်” ဆိုတဲ့ ဗိုလ်ကျလိုတဲ့ သဘောထားကို လှစ်ဟပြလိုက်တာပဲ။
နုဂျီ တလျှောက်လုံး ကျင့်သုံးလာတာ အဲဒီ ပေါ်လစီပဲ။ ဒါကို ဖုံးလို့လဲ မရတော့ပါဘူး။ ဖုံးမရတာကို အရှက်ပြေ ကာဖို့ ထွင်လုံး တမျိုး ထုတ်လာတာပဲ။ အဲဒါကတော့ “နဂိုကတည်းက သူတို့ မြှုပ်ထားတဲ့ အပင်း” ဆိုတဲ့ လံကြုတ် ဇာတ်လမ်း။ တော်တော်လဲ စီအိုင်အေ ဆန်တဲ့ ဇာတ်လမ်းပဲ။
နုဂျီနဲ့ သူ့လော်ဘီတွေ အခုလို လံကြုတ်ဇာတ်ထွင်ပြီး သူတို့ လုပ်ရပ်ကို တရား ထူထောင်နေကြတာဟာ နောင်လဲ ဒီလို လုပ်ရပ်တွေ ထပ်လုပ်ဖို့ စီမံကိန်း ရှိလို့ပဲ။ အကြောင်းမဲ့ စွပ်စွဲတာ မဟုတ်ဘူး။ SRA မဟာမိတ်အဖွဲ့ဝင် GZA အဖွဲ့ကိုလဲ နုဂျီဘက်က ချေမှုန်းစစ် စတင်ထားပြီ။ အရင်ကလဲ သူ့လက်အောက် မဝင်ရင် အဖွဲ့သေးလေးတွေကို ဖိအားမျိုးစုံ ပေးခဲ့တာပဲ။ အဖွဲ့သေးလေးတွေက အင်အား တောင့်လာပြီ ဆိုရင် ရန်သူနဲ့ ပေးစားတော့တာပဲ။ နဂါးလို လက်နက်ချ သစ္စာဖောက် ပေါ်လာတော့ သူတို့ အကြိုက် ဖြစ်သွားတယ်။ “ငါတို့ မပြောခဲ့ဘူးလား” ဆိုတဲ့ အပေါက် ချိုးလာတယ်။ တကယ်တော့ နဂါးပဲ လက်နက်ချသွားတာ၊ BNRA က စစ်အုပ်စုဆီ လက်နက်ချသွားတာ မဟုတ်ဘူး၊ BNRA ကို နုဂျီက ဖျက်စီးလိုက်တာသာ ဖြစ်တယ်။ ဒီတော့ “ငါတို့ မပြောခဲ့ဘူးလား” ဆိုပြီး ပြောပိုင်ခွင့် မရှိဘူး။
အဲဒီလို လက်ခမောင်းခတ်နေတဲ့ နုဂျီ အသိုင်းအဝိုင်းက “တတိယ အုပ်စု (third party)” ဆိုတဲ့ စကားကို တွင်တွင်သုံးပါတယ်။ ဒါဟာ တန်ပြန် တော်လှန်ရေး အတွေးအခေါ်ကလာတဲ့ စကားပဲ။ ဒီကနေ့ လူတန်းစား တိုက်ပွဲ သမိုင်းကို အနီ Vs အစိမ်း တိုက်ပွဲအဖြစ် ပုံဖော်ပြီး အခုလို တတိယ အုပ်စု ဆိုတဲ့ အယူအဆကို တစာစာ အော်လာကြတာပဲ။
ဒီလို အော်လာတဲ့ သူတွေဟာ ၂၀၂၁ နွေဦး တော်လှန်ရေးကို အနီ Vs အစိမ်း တိုက်ပွဲအဖြစ် ပုံဖော်ပြီး “စုရွေးလွှတ်” လိုင်းကို တင်ခဲ့ကြတယ်။ တနည်းအားဖြင့် စစ်အာဏာရှင်စနစ် ဖြိုချရေး တိုက်ပွဲကို NLD အာဏာပြန်ရရေး တိုက်ပွဲသဖွယ် လမ်းကြောင်းပြောင်းဖို့ ကြိုးစားခဲ့သူတွေ ဖြစ်တယ်။ အဖိနှိပ်ခံ လူထု လွတ်မြောက်ရေး တော်လှန်ရေးအစား ပါတီတခု အာဏာရရေး (တိတိကျကျ ဆိုရရင် သူတို့ အုပ်စု အာဏာရရေး) လုပ်နေသူတွေက စစ်မှန်တဲ့ တော်လှန်ရေး ဆင်နွှဲလိုသူ မည်သည့် အင်အားစုကိုမဆို တတိယ အုပ်စု ဆိုပြီး တံဆိပ်ကပ်ခဲ့ကြတယ်။
အခုထိ အဲသလို တံဆိပ်ကပ်ပြီး ငါတို့သာ တော်လှန်ရေး လုပ်ရမယ်၊ မင်းတို့ တော်လှန်ရေး လုပ်ချင်ရင် ငါတို့ လက်အောက်ဝင်ရမယ်လို့ ရာဇသံပေးနေဆဲ။ အခုတော့ ရာဇသံ ပေးတဲ့ အဆင့်ကနေ ကိုယ်ထိလက်ရောက် တိုက်ခိုက်ချေမှုန်းတဲ့ အဆင့် ရောက်လာပြီ။
ရန်သူစစ်စစ် မိတ်ဆွေစစ်စစ်
ရှင်းအောင် ပြောပါမယ်။ တော်လှန်ရေး ဆိုတာ မအလ အာဏာသိမ်းလိုက်လို့ အစိုးရ ဖွဲ့ခွင့်မရတဲ့ လစ်ဘရယ် ဘူဇွာ တစု အာဏာပြန်ရရေး မဟုတ်ဘူး။ စစ်အာဏာရှင်စနစ်ကို ဖြိုချပြီး လူ့အဖွဲ့အစည်းကို အမြစ်ကနေ တော်လှန်ပြောင်းလဲရေး ဖြစ်တယ်။ ဒီတော့ အရင်းရှင်စနစ်ကို ဖြိုမချဘဲ စစ်အာဏာရှင်စနစ် မပြိုလဲသလို လူ့အဖွဲ့အစည်း အသစ်ဆိုတာလဲ ပေါ်ထွန်း မလာနိုင်ဘူး။
အခုတော့ ပြောင်းပြန်။ အဲဒီလို တော်လှန်ရေး စစ်စစ် ဆင်နွှဲလိုသူတွေကို လစ်ဘရယ် ဘူဇွာ တစု အာဏာပြန်ရရေး လုပ်နေသူတွေက တတိယ အုပ်စု ဆိုပြီး တံဆိပ်ကပ်လာကြတယ်။ ဒါ့ကြောင့် တတိယ အုပ်စု အယူအဆကို ချေဖျက်ပစ်ရမယ်၊ တတိယ အုပ်စု ဆိုတဲ့ တံဆိပ်ကပ်ပြီး တန်ပြန် တော်လှန်ရေး ဆင်နွှဲနေသူတွေကိုလဲ ပြတ်ပြတ်သားသား ဆန့်ကျင်ရမယ်။
ကဗျာဆရာ မောင်ချောနွယ်ကတော့ ရန်သူ စစ်စစ်၊ မိတ်ဆွေ စစ်စစ်သာ လိုချင်သတဲ့။ ဟုတ်ကဲ့၊ ရန်သူ စစ်စစ် ဖြစ်သွားတဲ့ နဂါးလို လူတွေရဲ့ အန္တရာယ်က မြင်သာတယ်၊ သိုးရေခြုံထားတဲ့ ဝံပုလွေတွေ ရှိနေတာကို မသိရင်တော့ အန္တရာယ် ပိုကြီးပါတယ်။
တော်လှန်ရေးကို သစ္စာဖောက်သွားသူတွေ၊ ရန်သူ့ဆီ လက်နက်ချသွားသူတွေ ဆိုတာ သမိုင်းမှာ မနည်းမနော ရှိပါတယ်။ တချိန်တည်းမှာပဲ ရန်သူ့ဆီ လက်နက်မချသေးပေမဲ့ တော်လှန်ရေးကို ကာယကံမြောက် ဖျက်စီးနေသူတွေလဲ ဒုနဲ့ဒေး ရှိပါတယ်။ အဲသလို အင်အားစုတွေကို တန်ပြန် တော်လှန်ရေး အင်အားစုလို့ ခေါ်ပါတယ်။ သိုးရေခြုံထားတဲ့ counter-revolutionary force တွေကို သတိကြီးကြီးသာ ထားကြပေတော့လို့ တိုက်တွန်းလိုက်ပါရစေ။
ရေးသူ – မေဆန်
စာပြီးရက်စွဲ၊ ၁၉ ဖေဖော်ဝါရီ ၂၀၂၆