ဆန္ဒပြလူထုက ဖက်ဒရယ် ပါလီမန်၊ နိုင်ငံတော် တရားရုံးချုပ်၊ နိုင်ငံရေး ပါတီရုံးတွေနဲ့ စီနီယာ နိုင်ငံရေးသမားတွေရဲ့ အိမ်တွေကို မီးတင်ရှို့လိုက်ကြတယ်။ အစိုးရ အဖွဲ့ဝင် ဝန်ကြီးတွေနဲ့အတူ ဝန်ကြီးချုပ်လဲ နှုတ်ထွက်လိုက်ရပြီ။ စစ်တပ်က နိုင်ငံရေးသမားတွေကို နေအိမ်အသီးသီးကနေ ကယ်ထုတ်နေရတယ်။ ဆင်းရဲမွဲတေမှုကို နှစ်ပေါင်းများစွာ အပြင်းအထန် ခံစားလာခဲ့ရတဲ့ နီပေါလ် လူငယ်တွေ ဒီထက် သည်းခံလို့ မရတော့ဘူး။ သမိုင်းဇာတ်ခုံပေါ် သူတို့ကိုယ်တိုင် ချဉ်းနင်း ဝင်ရောက်လာခဲ့ပြီ။
မာ့(က်စ်) ပြောခဲ့ဖူးသလိုပဲ၊ အရင်းရှင်စနစ်အောက်မှာ “ဓနဥစ္စာတွေက ဝင်ရိုးစွန်း တဖက်မှာ သွားစုနေပြီး ဆန့်ကျင်ဖက် ဝင်ရိုးစွန်းမှာတော့ ဆင်းရဲ ဒုက္ခတွေ၊ နာကျင်ပင်ပန်းမှုတွေ၊ မချိမဆံ့ ဝေဒနာတွေ၊ ကျွန်ပြုခံရခြင်းတွေ၊ မသိနားမလည်ခြင်းတွေ၊ ရက်စက်ကြမ်းကြုတ်မှုတွေ၊ စိတ်ပိုင်းဆိုင်ရာ သိမ်ငယ်ကျဆင်းမှုတွေပဲ စုပုံနေတယ်။” ဒီဖြစ်စဉ်ကို စံပြ သာဓကဆောင်သွားတာ နီပေါလ် နိုင်ငံပဲ။
နီပေါလ် နိုင်ငံမှာ ပျမ်းမျှ လုပ်အားခ တနှစ်လုံးမှ ဒေါ်လာ ၁၄၀၀ ပဲ ရှိတယ်။ လူငါးယောက်မှာ တယောက်က ဆင်းရဲမွဲတေနေတယ်။ ဒါ့အပြင် အလုပ်လက်မဲ့နှုန်းက ၁၀.၇ ရာခိုင်နှုန်း ရှိတယ်။ လူငယ်တွေကြား အလုပ်လက်မဲနှုန်းက ၂၀ ရာနှုန်းကျော်တယ်။ အချမ်းသာဆုံး ၁၀% က နီပေါလ် နိုင်ငံအတွင်း မြေယာ စုစုပေါင်းရဲ့ ၄၀% ကို ပိုင်ဆိုင်ထားပြီး အများတကာ့ အများစု လူထုကြီးကတော့ မြေယာ လက်မဲ့ ဖြစ်နေတယ်။
ဒီလို ထွက်ပေါက်မဲ့နေတဲ့ အခြေအနေ အရပ်ရပ်ကြောင့် ပြည်ပထွက် အလုပ်ရှာဖို့ နေ့စဉ် လူပေါင်း ၁၀၀၀ လောက် တိုင်းပြည်ကို စွန့်ခွာသွားရတယ်။ ဒီလိုနဲ့ ပြည်ပရောက်သွားရတဲ့ နီပေါလ် နိုင်ငံသား စုစုပေါင်း ၂သန်းလောက် ရှိနေပြီ။ သူတို့ ပြည်ပမှာ အလုပ်လုပ်ပြီး အိမ်ကို ပြန်ပို့တဲ့ ငွေပမာဏက နီပေါလ် ဂျီဒီပီ စုစုပေါင်းရဲ့ ၂၆ ရာခိုင်နှုန်းလောက် ရှိတယ်။ နီပေါလ် ပြည်တွင်းက မိသားစုအားလုံးရဲ့ တဝက်လောက်က အဲဒီလို နိုင်ငံခြားထွက် အလုပ်လုပ်သူ ဆွေးမျိုးသားချင်းတွေရဲ့ ငွေကြေး အထောက်အပံ့ကို မှီခို စားသောက်နေရတယ်။
လူထုက အသက်ရှင်ဖို့တောင် ခက်ခက်ခဲခဲ ရုန်းကန်နေရချိန် တိုင်းပြည်ရဲ့ အခွင့်ထူးခံ လက်တဆုပ်စာကတော့ ခင်ဗျားတို့ ကျနော်တို့ စိတ်ကူးယဉ်ရုံပဲ ယဉ်နိုင်တဲ့ ဘဝတွေကို ခံစား စံစားနေကြရတယ်။ ဒီအခြေအနေဟာ လူထုကြား ခံပြင်းဒေါသတွေ အကြီးအကျယ် ဖြစ်စေခဲ့တယ်။ ဆိုရှယ်မီဒီယာပေါ်မှာ မကြာသေးခင် ဖြစ်သွားတဲ့ ထရန်းက ဒီအချက်ကို ထင်ဟပ်ပြနေတယ်။ လူကုန်ထံတွေရဲ့ ဘဝနဲ့ အများတကာ့ အများစုကြီးရဲ့ ဘဝ ကွာချင်တိုင်း ကွာခြားနေတာကို တစ်တော့(ခ်) ဗီဒီယိုတွေမှာ တောက်လျှောက် မြင်တွေ့ခဲ့ရတယ်။ အထူးသဖြင့် သားစဉ်မြေးဆက် အခွင့်ထူးခံဝါဒနဲ့ ချမ်းသာလာတဲ့ လူကုန်ထံ သားသမီးတွေ ‘nepo babies’ (ဆိုလိုတာက နိုင်ငံရေးသမားတွေ၊ စီးပွားရေးသမားတွေရဲ့ အခွင့်ထူးခံ သားသမီးတွေ) ထင်သလို ဖြုန်းနေကြပုံကို အဓိကထား ထောက်ပြကြတယ်။
(အာဏာရ နီပေါလ် ကွန်ဂရက် ပါတီ) က ခေါင်းဆောင် နိုင်ငံရေးသမား ဖြစ်ပြီး အကျင့်ပျက် ခြစားမှုတွေနဲ့ နာမည်ပျက်နေသူ Bindu Kuma Thapa ရဲ့ သားကို ခရစ်(စ်)မတ် သစ်ပင်ဘေးမှာ ဓာတ်ပုံရိုက်ထားတာ မြင်တွေ့ရတယ်။ အဲဒီသစ်ပင်ကို အရွက်တွေ၊ အခေါက်တွေနဲ့ ဖန်တီးထားတာ မဟုတ်ဘူး၊ (ကမ္ဘာကျော် ဘရန်းတွေဖြစ်တဲ့) Louis Vuitton, Gucci and Cartier ဗူးလေးတွေနဲ့ အလှဆင်ထားတာ။
အဲဒီဓာတ်ပုံဟာ #PoliticiansNepoBabyNepal ဆိုတဲ့ hashtag နဲ့ လူမှုကွန်ယက်ပေါ် အတော်လေး ပြန့်သွားခဲ့တယ်။ အလားတူပဲ၊ နိုင်ငံတော် တရားရုံးချုပ်မှာ တရားသူကြီးချုပ် လုပ်ခဲ့သူ Gopal Parajuli ရဲ့ သားကို တစ်တော့(ခ်) ဗီဒီယို တပုဒ်မှာ ကားအမျိုးမျိုးနဲ့ ဈေးကြီးပေ့ဆိုတဲ့ စားသောက်ဆိုင်တွေမှာ မြင်တွေ့ရတယ်။ အဲဒီဗီဒီယိုကို တင်ထားသူက “ဇိမ်ခံ ကားတွေ၊ နာရီတွေကို လူမှုကွန်ယက် မီဒီယာတွေပေါ် ဗြောင်ထုတ်ကြွားနေကြတယ်။ သူတို့ ဒီလိုလုပ်ပြနေတာကို အခုထိ စိတ်မပျက်ကြသေးဘူးလား” လို့ ကပ်ရှင်တပ်ထားတယ်။
ပြီးခဲ့တဲ့ နှစ်တွေမှာ အစိုးရ ထိပ်ပိုင်း အရာရှိကြီးတွေရဲ့ မကောင်းသတင်း အပုပ်နံ့တွေ အမြောက်အမြား ထွက်လာခဲ့တယ်။ ဒါဟာ နီပေါလ် လူ့အဖွဲ့အစည်း ထိပ်ပိုင်းမှာ ရှိနေသူများ ပြောင်ပြောင်တင်းတင်း ကျူးလွန်ထားတဲ့ ခြစားမှုတွေကို ဖွင့်ထုတ်ပြလိုက်ခြင်းပဲ။ မနှစ်ကတင် ထိပ်ပိုင်း အရာရှိကြီး အတော်များများကို ၂၀၁၇ တုန်းက လေယာဉ်နှစ်စင်း ဝယ်ယူတဲ့ ဖြစ်စဉ်မှာ ဒေါ်လာ ၁၀.၄ သန်းအထိ ငွေကြေး အလွဲသုံးစားမှုနဲ့ စီရင်ချက်ချခဲ့သေးတယ်။
အရင်နှစ်ကလဲ ကတ်ဘိနက် ဝန်ကြီး အတော်များများကို ‘ဘူတန် ဒုက္ခသည်များ အရှုပ်တော်ပုံ’ မှာ ပါနေတယ်လို့ စွဲချက်တင်ခဲ့ရတယ်။ ဒီဖြစ်စဉ်မှာ ဆင်းရဲသား နီပေါလ်တွေဆီက ငွေ အမြောက်အမြား ညှစ်ထုတ်ခဲ့တယ်။ အသည်းအသန် အလုပ်ရှာနေတဲ့ နီပေါလ် ဆင်းရဲသားတွေကို ဘူတန် ဒုက္ခသည်တွေအဖြစ် ပုံဖော်ပြီး အမေရိက ပို့ဖို့ လုပ်ခဲ့တယ်။ ဒီဂန်းစတားတွေ သူတို့ ကိုယ်ကျိုးစီးပွားအတွက် အများပြည်သူပိုင် အရင်းမြစ်တွေကို အဓမ္မ သိမ်းပိုက်ယူတဲ့ ဖြစ်စဉ်တွေ မရေမတွက်နိုင်အောင် ရှိသေးတယ်။
ဆိုရှယ် မီဒီယာကို ပိတ်ချလိုက်ခြင်း
ဒီနောက်ခံ အနေအထားမှာ အစိုးရက ဖေ့စ်ဘွတ်(ခ်)၊ အင်စတဂရမ်၊ ယူကျု၊ ဝပ်စ်အပ် အစရှိတဲ့ ဆိုရှယ် မီဒီယာ ကုမ္ပဏီတွေကို စက်တင်ဘာ ၄ ရက် ကြာသပတေးနေ့ကစပြီး ပိတ်ချလိုက်ပါတယ်။
“သတင်းတု သတင်းမှားတွေ”၊ “အမုန်းပွားစေတဲ့ ပြောဆိုမှုတွေေ”၊ “အွန်လိုင်း ငွေလိမ်မှုတွေ” ကိုင်တွယ်ဖို့ အခုလို အရေးယူလိုက်ရတာ ဖြစ်ကြောင်း နီပေါလ် အစိုးရက ဆိုပါတယ်။ အိုင်ဒီအတုနဲ့ လူတွေက ဆိုင်ဘာပြစ်မှုတွေ ကျူးလွန်ပြီး လူမှု သဟဇာတဖြစ်မှုကို အနှောင့်အယှက်ပေးနေကြတယ်လို့ လူဆိုး သူခိုး ဂန်းစတား အစိုးရက ဆိုပါတယ်။ ဒါ့ကြောင့် ဆိုရှယ် မီဒီယာ ကုမ္ပဏီတွေဘက်က ဆက်ဆံရေး အရာရှိ တဦးစီ နီပေါလ် နိုင်ငံမှာ ခန့်ထားပေးဖို့ တောင်းဆိုခဲ့တယ်။ အဲသလို မလိုက်နာတဲ့ ကုမ္ပဏီတွေကို နီပေါလ်မှာ ပိတ်ချလိုက်ပါတယ်။
သို့သော်လဲ အဲဒီ ဆင်ခြေတွေဟာ ဒီမိုကရေစီ အရေးအခွင့်တွေကို နှိပ်ကွပ်ပစ်ဖို့ အသုံးချတဲ့ အလွန်ဗြောင်ကျသော အလိမ်အညာတွေမှန်း ချက်ချင်း မြင်လိုက်ကြတယ်။
လူဦးရေရဲ့ ၈ ရာနှုန်းလောက် ပြည်ပမှာ နေထိုင် အလုပ်လုပ်နေတဲ့ အချက်ကို ထည့်တွက်မယ်ဆိုရင် အခုလို ဆိုရှယ်မီဒီယာတွေ ပိတ်ချလိုက်ခြင်းဟာ နီပေါလ် ပြည်သူတွေကို သူတို့ ချစ်ခင်ရသူတွေနဲ့ အဆက်အသွယ် ဖြတ်တောက်လိုက်တဲ့ လုပ်ရပ်ဆိုတာ ထင်ရှားတယ်။
ဘူဇွာ ဒီမိုကရေစီဟာ အရင်းရှင်စနစ်အတွက် အကောင်းဆုံး အကာပဲလို့ အန်းဂယ်(လ်စ်) ပြောခဲ့ဖူးတယ်။ အကြောင်းကတော့ ဘူဇွာ ဒီမိုကရေစီ ရှိနေရင် လူတွေရဲ့ စိတ်ထဲ အပြောင်းအလဲ ဖြစ်နိုင်သေးတယ်လို့ ယုံကြည်နေကြလို့ပဲ။ သို့သော်လဲ ဘူဇွာ ဒီမိုကရေစီကို ဆက်ထိန်းထားချင်ရင် လူထုကို တစုံတရာ ပေးနိုင်စွမ်း ရှိရမယ်။ လူထုကို ထမင်းမှ နပ်မှန်အောင် ကျွေးမထားနိုင်တဲ့အခါ နီပေါလ် အစိုးရက လူထုရဲ့ ဒီမိုကရေစီ အခွင့်အရေးတွေကို ကန့်သတ်ချုပ်ခြယ်ပြီး ဆန့်ကျင်သံတွေကို တားမြစ်ပိတ်ပင်ဖို့ လုပ်လိုက်တာပဲ။
အရေးအခင်းများ
စက်တင်ဘာ(၈) ရက်၊ တနင်္လာနေ့ မနက် ၉ နာရီမှာ ဆန္ဒပြပွဲတခု လုပ်ဖို့ ခေါ်သံပေးလိုက်တယ်။ ဒီဆန္ဒပြပွဲ စီစဉ်သူတွေထဲက တယောက် ပြောစကားအရဆို ကနဦး ရည်ရွယ်ခဲ့တာက ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ပျော်ပျော်ပါးပါး ဆန္ဒပြသွားဖို့ပဲ။ ဆိုရှယ်မီဒီယာတွေကို ပိတ်ပစ်လိုက်ခြင်းက စနက်မီး ဖြစ်ခဲ့တယ် ဆိုပေမယ့် ဆန္ဒပြ လူထုရဲ့ ဒေါသက ဒီတချက်တည်းကိုပဲ ဦးတည်တာ မဟုတ်တော့ဘူး။ ဆန္ဒပြသူတဦး ရှင်းပြခဲ့သလိုပဲ ဆန္ဒပြ လူထုရဲ့ အဓိက ရည်ရွယ်ချက်က “ဆိုရှယ်မီဒီယာ ပိတ်ပစ်ခြင်းကိုပဲ ဦးတည်တာ မဟုတ်တော့ဘူး၊ အကျင့်ပျက် ခြစားမှုကို ဖယ်ရှားပစ်ရေး ဖြစ်သွားပြီ။”
ဆန္ဒပြပွဲမှာ လူငယ်တွေ အမြောက်အမြား ပါဝင်ခဲ့ကြောင်း ဆန္ဒပြပွဲမှာ ကိုယ်တိုင်ပါခဲ့သူ Aayush Basyal က ပြောပါတယ်။ ဒီလူငယ်တွေဟာ သီရိလင်္ကာနဲ့ ဘင်္ဂလားဒေ့ရ်ှက ဆန္ဒပြပွဲတွေကို အားကျခဲ့ကြသလို သူတို့ တိုင်းပြည်မှာ ဆင်းရဲချမ်းသာ ကွာဟမှု အလွန်ဆိုးရွားကြောင်း ဖွင့်ထုတ်ပြတဲ့ တစ်တော့(ခ်) ဗီဒီယိုတွေကြောင့်လဲ ဒီဆန္ဒပြပွဲကို ရောက်လာကြတာလို့ သူက ထောက်ပြတယ်။ “ငါတို့ အနာဂတ်အတွက် ရပ်တည် တိုက်ပွဲဝင်ဖို့” သူဒီကို ရောက်လာတာ ဖြစ်ကြောင်း နောက်လူငယ်တဦးက ပြောပါတယ်။ “လူတိုင်း ပညာရေး၊ ဆေးရုံ၊ ဆေးဘက်ဆိုင်ရာ အဆောက်အအုံတွေကို လွယ်လင့်တကူ လက်လှမ်းမီဖို့၊ တောက်ပတဲ့ အနာဂတ်ကို ပိုင်ဆိုင်ဖို့ ဒီတိုင်းပြည်ကို အကျင့်ပျက် ခြစားမှုတွေ ကင်းစင်သွားစေချင်ကြောင်း” သူ ဆက်ပြောတယ်။
အချိန်တွေ ကြာလာတာနဲ့အမျှ နီပေါလ် လူ့အဖွဲ့အစည်းမှာ ခံပြင်းနာကျည်းမှုတွေ တစတစ ကိန်းအောင်း စုပြုံလာခဲ့တယ်။
မော်ဝါဒီတွေရဲ့ ပုန်ကန်မှု အားကောင်းလာပြီး ၂၀၀၆ ခုနှစ်မှာ လူထု ဆန္ဒပြပွဲကြီးတွေ ထွက်ပေါ်လာခဲ့တယ်။ ဒီလှုပ်ရှားမှုကြီး ဖြစ်ပေါ်လာပြီး နောက် ၂နှစ်အကြာမှာ ရာစုနှစ် ၂ခု သက်တမ်းကြာညောင်းခဲ့တဲ့ ဘုရင်စနစ်ကို တရားဝင် ဖျက်သိမ်းနိုင်ခဲ့တယ်။ အဲဒီအချိန်ကစလို့ နီပေါလ် အစိုးရ ၁၄ ဆက် ပြောင်းသွားခဲ့ပြီ။ ဘယ်အစိုးရမှ လူထုရဲ့ လူနေမှု အဆင့်အတန်းကို တိုးတက်မြင့်မားအောင် မစွမ်းဆောင်နိုင်ခဲ့ဘူး။ ငါးနှစ်သက်တမ်း ပြည့်အောင် နေသွားရတဲ့ အစိုးရလဲ တဆက်မှ မရှိသေး။
တနေ့က နှုတ်ထွက်သွားရတဲ့ ဝန်ကြီးချုပ် KP Sharma Oli ဟာ ငါးနှစ်အတွင်း ငါးယောက်မြောက် ဝန်ကြီးချုပ် ဖြစ်ပါတယ်။ သူ့ပါတီရဲ့ နာမည်က နီပေါလ် ကွန်မြူနစ် ပါတီ (ညီညွတ်သော မာ့က်စ်-လီနင်ဝါဒီ) ဖြစ်ပါတယ်။ သူက ဘူဇွာ ပါတီတခုနဲ့ ညွန့်ပေါင်း အစိုးရ ဖွဲ့ပြီး ဝန်ကြီးချုပ် လုပ်နေခြင်း ဖြစ်တယ်။ အခုလို ညွန့်ပေါင်း အစိုးရဖွဲ့တာမျိုးက၂၀၀၈ နောက်ပိုင်း နီပေါလ် နိုင်ငံရေးမှာ တွေ့နေကျ ဝိသေသ တခု ဖြစ်ပါတယ်။ အခုချိန်မှာ အဓိက အတိုက်အခံ ပါတီ ဖြစ်နေတဲ့ နီပေါလ် ကွန်မြူနစ် ပါတီ (မော်ဝါဒီ ဗဟို) ဆိုရင် ဘုရင်စနစ်ဝါဒီ ပါတီတခုနဲ့ ညွန့်ပေါင်း အစိုးရဖွဲ့ပြီး ၂၀၂၂ အထိ အာဏာ ရခဲ့တယ်။
ဒီတိုင်းပြည်မှာ ကွန်မြူနစ် နာမည်ခံ ပါတီတွေ အများကြီး ရှိတယ်။ သို့သော် သူတို့ထဲက ပါတီတခုခု အာဏာရသွားတိုင်း အရင်းရှင်စနစ်ကို စီမံခန့်ခွဲတာပဲ လုပ်ကြတယ်၊ အုပ်စိုးသူ လူတန်းစား အလိုရှိတဲ့ အတင်းအကျပ် ခြိုးခြံရေး ပေါ်လစီကို အကောင်အထည်ဖော်ပေးကြတယ်။ ဒါတင်မကသေး၊ တည်ဆဲ အဆောက်အအုံအတွင်းက တခြားသူတွေလိုပဲ သူတို့မှာလဲ ‘nepo babies’ (သားစဉ်မြေးဆက် ကောင်းစားရေးဝါဒနဲ့ အခွင့်ထူးခံနေရသော သားသမီးတွေ) ရှိကြတယ်။ မကြာသေးခင်ကပဲ မော်ဝါဒီ ဗဟို ပါတီ ခေါင်းဆောင် Pushpa Kamal Dahal ရဲ့ မြေးမလေး မင်္ဂလာဆောင်က အလွန်တရာ ကြီးကျယ်ခမ်းနားလွန်းလို့ နီပေါလ် အလုပ်သမားတွေနဲ့ လူငယ်ထု အမျက်ဒေါသ ထွက်ခဲ့ကြတယ်။ ဒီလုပ်ရပ်တွေကြောင့် သူတို့ကို လူထုက အယုံအကြည်မဲ့လာတယ်။
ဘုရင်စနစ်ကို ဖြိုချပစ်ခဲ့တာ ကြီးကျယ်ခမ်းနားတဲ့ ခြေလှမ်းတခု ဖြစ်ခဲ့တယ်။ ဒါပေမယ့် နီပေါလ် လူထုရဲ့ လူနေမှု အဆင့်အတန်းကတော့ ဘာဆို ဘာမှ ထူးမလာခဲ့ဘူး။ ဒါ့ကြောင့် တိုးပွားပြီးရင်း တိုးပွားလာတဲ့ မကျေနပ်ချက်တွေ၊ ခံပြင်း နာကျည်းမှုတွေ စုပြုံလာတဲ့အခါ နီပေါလ် လူ့အဖွဲ့အစည်းက ပေါက်ကွဲခါနီး ယမ်းအိုးကြီးလို ဖြစ်သွားခဲ့တယ်။ ဒီယမ်းအိုးကြီး ထပေါက်ကွဲဖို့ မီးပွားလေး တစပဲ လိုတော့တယ်။ စက်တင်ဘာ ၈ ရက်နေ့မှာ အဲဒီ မီးပွားလေး ကျသွားတာပဲ။
ဆန္ဒပြပွဲမှာ ထောင်သောင်းချီတဲ့ လူငယ်တွေ ပါလီမန်ဆီ ချီတက်ခဲ့ကြပုံကို နျူးယော့ခ်တိုင်း(စ်)က ဖော်ပြထားတယ်။ သူတို့ချီတက်ရာ လမ်းမှာ ရဲတန်းတခုက ကန့်လန့်ခံထားတယ်။ “လွှတ်တော် အဆောက်အဦ အမိုးပေါ်ကနေ အမတ်တွေ သူတို့ကို လှမ်းကြည့်နေတာကို” ဆန္ဒပြ လူငယ်တွေ မြင်ခဲ့ရတယ်။
ဒီမတိုင်ခင် ရှေ့ရက် အနည်းငယ်ကပဲ ဝန်ကြီးချုပ် အိုလီက ဆန္ဒပြ ပြည်သူတွေဟာ “လွတ်လပ်စွာ မတွေးခေါ်နိုင်ဘဲ လွတ်လပ်ရေးအကြောင်း ပြောချင်ကြတယ်” လို့ ဆိုထားတယ်။ ဆန္ဒပြ ပြည်သူ အများစုကတော့ အကျင့်ပျက် ခြစားပြီး အောက်ခြေလွတ်နေတဲ့ နိုင်ငံရေးသမားတွေ သူတို့ကို လှောင်ပြောင် စော်ကားလိုက်ခြင်းပဲလို့ မှတ်ယူလိမ့်မယ်။ ပြည်သူတွေ လိုချင်တာက လူချင်းတူတူ သူချင်းမျှမျှ နေနိုင်မယ့် လူနေမှု ဘဝပါ၊ ဒါပေမယ့် သူတို့ကို နလဗိန်းတုန်း အရူးတွေလို ဆက်ဆံနေကြတယ်။ အမည်မဖော်လိုတဲ့ ဆန္ဒပြ ပြည်သူတဦး ပြောခဲ့သလိုပဲ “ထိန်းမနိုင် သိမ်းမရဖြစ်ပြီး ဒေါသပုန်ထသွားအောင် မီးလောင်ရာ ဓာတ်ဆီလောင်းပေးလိုက်တာပဲ။”
လူထုက ထောင်းခနဲဖြစ်သွားပြီ၊ ဆက်သည်းမခံနိုင်တော့ဘူး၊ ဘလိတ်ဆူးကြိုးတွေနဲ့ တားထားပေမယ့် ဇွတ်ဝင်တိုးပစ်ကြတယ်၊ ရဲတွေ နောက်ပြန်ခေါက်လိုက်ရတယ်။ ပါလီမန် အဆောက်အအုံကို သွားဝိုင်းကြတယ်။ ရဲတွေက မျက်ရည်ယိုဗုံးတွေနဲ့ ပစ်တယ်၊ မီးသတ်ပိုက်တွေနဲ့ထိုးတယ်။ ဒါပေမယ့် ဆန္ဒပြ လူထုက အရမ်းများလွန်းတော့ သူတို့ ဘာမှ မတတ်နိုင်ဘူး။ “နေ့လည် တနာရီကျ ဆန္ဒပြပွဲ နေရာတခုလုံး ဝရုန်းသုန်းကား ဖြစ်နေပြီ။” မျက်ရည်ယိုဗုံးနဲ့ ရာဘာ ကျည်တွေက ဆန္ဒပြ ပြည်သူတွေရဲ့ ခေါင်းပေါ် တဖွဲဖွဲ ဝဲပျံနေရော။
ဆန္ဒပြသူ တဦးက ရဲတွေဘက် အော်ပြောနေတာ မြင်လိုက်ရတယ်၊ ဒီနောက် နှစ်စက္ကန့်လောက်နေတော့ မြေပြင်ပေါ် သူလဲကျ သေဆုံးသွားတာ တွေ့လိုက်ရကြောင်း ဆန္ဒပြ ပြည်သူတဦးက ပြောပါတယ်။ ရဲတွေဘက်က အကြမ်းဖက်မှုကို အရှိန်တင်လိုက်ပြီး ဆန္ဒပြလူအုပ်ထဲ ကျည်အစစ်တွေနဲ့ လှမ်းပစ်ခဲ့တယ်။
ဒီလို အကြမ်းဖက် ဖိနှိပ်မှုတွေဟာ လူထု ဒေါသကို ကျဆင်းသွားအောင် မတတ်နိုင်ဘူး၊ ပိုပြီး ဒေါသပုန်ထအောင်သာ လုပ်နိုင်တယ်။ ဆန္ဒပြ ပြည်သူတွေက သူတို့လက်ထဲ ရှိတာနဲ့ ပြန်တိုက်ခဲ့တယ်။ သစ်ကိုင်းရှိ သစ်ကိုင်း၊ ရေသန့်ဗူးရှိ ရေသန့်ဗူးနဲ့ ပြန်ပေါက်တယ်။ နောက်ဆုံးမှာတော့ ဆန္ဒပြ ပြည်သူတချို့ ပါလီမန် အဆောက်အဦကို မုန်တိုင်းဝင်မွှေနိုင်ခဲ့ကြတယ်။ ဒီဆန္ဒပြ လှုပ်ရှားမှုကြီးဟာ Kathmandu မြို့တော်ကို ကျော်လွန်ပြီး Biratnagar, Bharatpur နဲ့ နီပေါလ် အနောက်ခြမ်းက Pokhara အထိ ပြန့်နှံ့သွားတော့တယ်။ အာဏာပိုင်တွေက အကြမ်းဖက် ဖြိုခွဲရေးကို အကြီးအကျယ် လုပ်ခဲ့တယ်။ စုစုပေါင်း ၁၉ ဦး သေဆုံးပြီး လူ ၄၀၀ ဒဏ်ရာရသွားခဲ့ပြီ။
အလွန်တရာ တုန်လှုပ်ခြောက်ခြားသွားတဲ့ အစိုးရက ကာဖျူး အမိန့်ထုတ်ဖို့ ကြိုးစားခဲ့တယ်။ လွှတ်တော်နဲ့ အခြား အစိုးရ အဆောက်အဦတွေနား ပြည်သူတွေ မစုဝေးနိုင်အောင် ကာဖျူးထုတ်လိုက်တာပဲ။ သို့သော် ဒီအမိန့်ကို ဘယ်သူကမှ အဖက်မလုပ်ခဲ့ဘူး။ ကာဖျူးထုတ်တဲ့ ညနေမှာပဲ ဆန္ဒပြ ပြည်သူတွေ လွှတ်တော်နဲ့ အစိုးရ အဆောက်အဦတွေနား စုဝေးခဲ့ကြတယ်။ ၂၃ နှစ်အရွယ် ဆန္ဒပြ လူငယ်တဦး ရှင်းပြထားသလိုပဲ “ပြည်သူ ၂၀ လောက်ကို နိုင်ငံတော်က သတ်လိုက်တာ”။ ဒါ့ကြောင့် အဲဒီ လူသတ်သမားတွေ “တာဝန်ခံရမယ့်” အချိန်ကျပြီ။
ဒိုင်းနမိုက် တချောင်းကို မီးရှို့လိုက်လို့ ပေါက်ကွဲသွားသလို မျိုသိပ်ထားရတဲ့ လူထု ဒေါသမီးတွေ တဟုန်ထိုး ပေါက်ကွဲထွက်သွားခဲ့တယ်။ ကျော်ခဲ့ရတဲ့ ထမင်းတနပ်တိုင်း၊ အချိန်နှောင်းမှ လုပ်အားခ ထုတ်ပေးခဲ့တဲ့ လ တလတိုင်း၊ အုပ်စိုးသူ လူတန်းစားရဲ့ စည်းစိမ်ဥစ္စာတွေ ထုတ်ကြွားပြတဲ့ ဗီဒီယိုတပုဒ်တိုင်းက အလွန်တရာ ကြီးမားတဲ့ ဒေါသတွေကို ထပ်လောင်း များပြားစေခဲ့တယ်၊ အခု အဲဒီ လူထု ဒေါသတွေ တရားသဖြင့် လက်စားချေဖို့ ပေါက်ကွဲထွက်ခဲ့ပြီ။
ပါလီမန်ကို စီးနင်းတိုက်ခိုက်ပြီးတာနဲ့ ဆန္ဒပြ လူထုက မီးတင်ရှို့လိုက်တယ်။ ဆယ်စုနှစ် နှစ်ခုနီးပါး ဘာမှ သုံးစားမရခဲ့တဲ့ နိုင်ငံရေး ပါတီ အားလုံးကို အပြစ်ပေးတဲ့အနေနဲ့ ပါတီ ရုံး အများအပြားကို မီးရှို့ပစ်လိုက်တယ်။ တရားမျှတမှု ကင်းမဲ့နေတဲ့ တရားဥပဒေ စနစ်ဟာ အကျင့်ပျက် ခြစားမှုကို စနစ်အတွင်း တသားတည်း ဖြစ်နေအောင် ခွင့်ပြုပေးထားတယ်။ အခု အဲဒီ မတရားတဲ့ တရားရေး စနစ်ကို အပြီးတိုင် ငြင်းပယ်ပြီး နိုင်ငံတော် တရားရုံးချုပ်ကို မီးတင်ရှို့လိုက်ကြပြီ။ စနစ်ကျနေပြီဖြစ်သော အကျင့်ပျက် ခြစားမှုကို အပြင်းအထန် အပြစ်ပေး အရေးယူချင်တဲ့ ပြည်သူတွေဟာ ဝန်ကြီးချုပ်နဲ့ အခြား နိုင်ငံရေးသမားတွေရဲ့ တိုက်တာနေအိမ်တွေကို မီးတင်ရှို့လိုက်တယ်။ နိုင်ငံရေးသမားတွေကို စစ်တပ်က ဟယ်လီကော်ပတာနဲ့ ကယ်ထုတ်နေပြီလို့ သတင်းကြားတဲ့အခါ ဆန္ဒပြ ပြည်သူတွေ လေဆိပ်ထဲ အတင်းဝင်ပြီး လေဆိပ်ကို မီးရှို့လိုက်ကြတယ်။ လူထုကသာ တကယ် လှုပ်ရှားလာပြီဆိုရင် ကမ္ဘာပေါ်က ဘယ်အာဏာကမှ လူထုကို တားဆီးနိုင်စွမ်း မရှိကြောင်း အဲဒီည အရေးအခင်းတွေက သက်သေပြနေတယ်။
ရှေ့ဆက်တိုးရင် ထိုးကျသွားမယ့် ချောက်ကမ်းပါးကို ရပ်ကြည့်ပြီးတဲ့နောက် အစိုးရ ဝန်ကြီးများ ခြေလှမ်းပြန်ရုတ်လိုက်တယ်။ လူထု ဆန္ဒပြပွဲတွေကို အကြမ်းဖက် မဖြိုခွဲနိုင်မှန်း နားလည်သွားတဲ့အခါ အချိုသပ် လိုက်လျောတဲ့နည်းကို သူတို့ စမ်းကြည့်ပြန်တယ်။ အစိုးရက ဆိုရှယ်မီဒီယာတွေ ပြန်ဖွင့်ပေးလိုက်ပြီး “အကြမ်းဖက်မှုတွေကို စုံစမ်းစစ်ဆေးရေး လုပ်ဖို့၊ သေဆုံးသွားသူတွေရဲ့ ကျန်ရစ်သူ မိသားစုတွေကို နစ်နာကြေး ပေးဖို့၊ ထိခိုက်ဒဏ်ရာရသူတွေကို အခမဲ့ ဆေးဝါး ကုသပေးဖို့” ကော်မတီတရပ် ဖွဲ့ပေးမယ်လို့ ကတိပြုတယ်။ ဝန်ကြီးချုပ် အိုလီက မိကျောင်းမျက်ရည်တွေ တဖြိုင်ဖြိုင်ကျရင်း ဒီသေဆုံးမှုတွေကြောင့် အူလှိုက်သဲလှိုက် ဝမ်းနည်းရကြောင်း ပြောခဲ့တယ်။ ဒါပေမယ့် ဆန္ဒပြပွဲတွေက ရပ်မသွားခဲ့ဘူး။
တော်လှန်ရေး တရပ် ဒီရေတက်နေချိန်မှာ သူတို့ လုပ်နိုင်တာ ဘာမှ မရှိသလောက်ပဲ။ တကယ်လို့ အစိုးရဘက်က အကြမ်းဖက် နှိမ်နှင်းမယ်ဆိုရင် လူထု ဒေါသ ပေါက်ကွဲပြီး တိုက်ပွဲ ပြင်းထန်သွားတာပဲ အဖတ်တင်မယ်။ တကယ်လို့ အစိုးရမင်းများဘက်က လိုက်လျောမှုတွေ လုပ်လာမယ်ဆိုရင်လဲ လူထုကို ရဲဆေးတင်ပေးလိုက်သလို ဖြစ်သွားမယ်။ ဒီတော့ လူထု တိုက်ပွဲ ရှေ့ဆက် ချီတက်ဖို့ပဲ ရှိတယ်။
ဒီအဆင့်မှာ ဘူဇွာ လူတန်းစားနဲ့ အစိုးရတို့ ခြေမကိုင်မိ လက်မကိုင်မိ ဖြစ်သွားပြီ။ အစိုးရ ဝန်ကြီးတွေ တသီကြီး နှုတ်ထွက်ကုန်တယ်။ သင်္ဘောတစင်း မြုပ်တဲ့အခါ ကြွက်တွေ ထွက်ပြေးကြသလိုပဲ။ ဒါ့အပြင် ဝန်ကြီးချုပ်ရဲ့ ပါတီတွင်းမှာလဲ လှုပ်လှုပ်ခတ်ခတ် ဖြစ်နေပြီ။ သူ့ပါတီကို နီပေါလ် ‘ကွန်မြူနစ်’ ပါတီ (ညီညွတ်သော မာ့က်စ်-လီနင်ဝါဒီ) လို့ အမည်ပေးထားတယ်။ ဒါပေမယ့် ဒီပါတီ အာဏာရနေတဲ့ သက်တမ်းတလျှောက် အရင်းရှင်စနစ်ကို စီမံခန့်ခွဲဖို့ပဲ ဝင်လုပ်ခဲ့တယ်၊ အရင်းရှင်စနစ် ဖယ်ရှားပစ်ရေး ဘာတခုမှ မလုပ်ခဲ့ဘူး။
ဖြစ်ခဲ့တာတွေကို ဆန့်ကျင်တဲ့အနေနဲ့ ဒေသန္တရ ခေါင်းဆောင်ပိုင်း၊ ပါတီ ဗဟို ခေါင်းဆောင်ပိုင်းက အဖွဲ့ဝင် အတော်များများ နှုတ်ထွက်စာ တင်ကုန်ကြပြီ။ တချို့ နှုတ်ထွက်တာကတော့ အသိတရားရသွားလို့ ဖြစ်ချင်ဖြစ်လိမ့်မယ်၊ ဒါပေမယ့် တချို့နှုတ်ထွက်တာကတော့ လူထု ဒေါသကို ကြောက်လို့ ထွက်လိုက်ရတာပဲ။
ဒီလိုနဲ့ အင်္ဂါနေ့ မနက်ပိုင်းမှာ ဝန်ကြီးချုပ် အိုလီ အညံ့ခံလိုက်ရတယ်။ “တိုင်းပြည်အတွင်း အခြေအနေ ဆိုးရွားလာခြင်းကြောင့် ဖွဲ့စည်းပုံ ပြဌာန်းချက်နဲ့အညီ နိုင်ငံရေးနည်းလမ်းတကျ ဖြေရှင်းနိုင်ရန်” သူနှုတ်ထွက်လိုက်ပြီလို့ ပြောခဲ့တယ်။ တကယ်တော့ စိတ်ဆန္ဒအလျောက် နှုတ်ထွက်ခြင်း မဟုတ်ပါဘူး။ သူ့ကို စစ်တပ်က ဟယ်လီကော်ပတာနဲ့ ကယ်ထုတ်သွားခဲ့ရတာပါ။
ဒါဟာ ကြီးကျယ်ခမ်းနားတဲ့ အောင်မြင်မှုတခု ဖြစ်ပါတယ်။ နီပေါလ် လူထုကြီးက ဖိနှိပ်ရေး အင်အားစုတွေကို ထိပ်တိုက် ရင်ဆိုင်ပြီး အစိုးရ ပေါ်လစီကို ပြောင်းပြန်လှန်ပစ်ခဲ့တယ်၊ ဒီနောက် အစိုးရအဖွဲ့ကိုယ်တိုင် ပြိုကျသွားခဲ့ရတယ်။
သို့သော် ကျနော်တို့ အလေးထားရမယ့် အချက်က ဒါဟာ တိုက်ပွဲတပွဲမှာ ရလိုက်တဲ့ အောင်ပွဲတခုသာ ဖြစ်တယ်။ စစ်ပွဲကြီးတခုလုံးကို အနိုင်တိုက်ယူရဦးမယ်။ နီပေါလ် လူထုရဲ့ ရန်သူတွေက သူတို့အနာကို လျှာနဲ့သပ်ရင်း အင်အားပြန်စုနေကြပြီ။ အာဏာ ပလ္လင်ပေါ် ဆက်ထိုင်နေဆဲ ဖြစ်တဲ့ သမ္မတက ‘အမျိုးသား ညီညွတ်ရေး’ ရှိဖို့ ပြောလာတယ်။ ဆန္ဒပြနေတဲ့ နိုင်ငံသားတွေ အပါအဝင် လူတိုင်းလူတိုင်းက ငြိမ်းငြိမ်းချမ်းချမ်းနည်းနဲ့ ပူးပေါင်း အဖြေရှာကြဖို့ သူ ဆော်ဩထားတယ်။ “ဘက်အသီးသီးက အင်အားစု အားလုံး ထိန်းထိန်းသိမ်းသိမ်း လုပ်ကြဖို့လဲ” ဖျောင်းဖျထားသေးတယ်။ သမ္မတဖြစ်သူက အမျိုးသား ညီညွတ်ရေးကို ပြောတယ်၊ သို့သော် နီပေါလ် ဆင်းရဲသား ပြည်သူတွေနဲ့ လူကုန်ထံတွေဟာ တိုင်းပြည် မတူကြဘူး။ မယုံနိုင်လောက်အောင် ဆင်းရဲ ချမ်းသာ ကွာဟမှု ကြီးမားလွန်းတဲ့ အချက်ကို ကြည့်မယ်ဆိုရင် လူချမ်းသာတွေက သီးခြား ကမ္ဘာတခုမှာ ရှင်သန်နေကြသလိုပဲ။
ဒါ့အပြင် နီပေါလ် စစ်တပ်က တနိုင်ငံလုံး ကာဖျူး အမိန့်ထုတ်ထားတယ်။ ပြည်သူတွေကို ထိန်းထိန်းသိမ်းသိမ်း လုပ်ကြဖို့ တိုက်တွန်းထားသေးတယ်။ သမ္မတနဲ့ စစ်တပ်ဘက်က ဆန္ဒပြပြည်သူတွေ ထိန်းထိန်းသိမ်းသိမ်း လုပ်ဖို့ ပြောနေရတာကိုက လက်ရှိ အခြေအနေကို သူတို့ မထိန်းသိမ်းနိုင်ဘူး ဆိုတာ ပြနေတာပဲ။ ဂျာနယ်လစ်တယောက် ပြောထားသလိုပဲ လက်တွေ့မှာ တာဝန်ယူ အုပ်ချုပ်နေသူ ဘယ်သူမှ မရှိဘူး။ လူထုကို ဘယ်ဖိနှိပ်ရေး အင်အားစုကမှ မတားဆီးနိုင်တော့ဘူး။ ဒါပေမယ့် တဖက်မှာလဲ အလွန်တရာ ကြီးမားတဲ့ လူထု အင်အားကို စုစည်း ဦးဆောင်နိုင်တဲ့ အင်အားစုလဲ တခုမှ မရှိဘူး ဖြစ်နေတယ်။
မနေ့ညနေကပဲ လုံခြုံရေး အင်အားစုတွေဘက်က ပူးတွဲ ကြေငြာချက် ထွက်လာတယ်၊ “တည်ငြိမ်ရေးနဲ့ တရားဥပဒေ စိုးမိုးရေး ပြန်လည်အသက်သွင်းနိုင်အောင် ဒိုင်ယာလော့ဂ်နည်းနဲ့ ငြိမ်းငြိမ်းချမ်းချမ်း ဖြေရှင်းကြဖို့” ပြောထားတယ်။ မာ့(က်စ်) ရှင်းပြခဲ့သလိုပဲ နောက်ဆုံးသတ္ထုချလိုက်ရင် နိုင်ငံတော် ဆိုတာ ပုဂ္ဂလိက ပိုင်ဆိုင်မှုကို ကာကွယ်ပေးရတဲ့ လက်နက်ကိုင် အင်အားစုသာ ဖြစ်တယ်။ နိုင်ငံတော် ယန္တရားအတွင်းက အရာရှိအရာခံတွေ၊ ရဲချုပ်တွေ၊ ထိပ်သီး ဗျူရိုကရက်တွေဆိုတာ ဘူဇွာ လူတန်းစား အကျိုးစီးပွားကို ကိုယ်စားပြု ကာကွယ်ဖို့ရာ စနစ်တကျ ရွေးထုတ် လေ့ကျင့်ပေးထားသူတွေ ဖြစ်တယ်။
နီပေါလ်မှာ အပြောင်းအလဲအတွက် တိုက်ပွဲဝင်နေသူတွေဟာ ဒီလူတွေရဲ့ နှုတ်ထွက်စကားကို သေချာ သတိထားကြည့်ဖို့ လိုတယ်။ သူတို့ ဘာလိုချင်တာလဲ။ အကျင့်ပျက်ခြစားမှုကို သူတို့ တကယ် အဆုံးသတ်ချင်သလား၊ ဒါမှမဟုတ် နီပေါလ် လူ့အဖွဲ့အစည်းရဲ့ ဓနဥစ္စာတွေကို ညီတူမျှတူ ခွဲဝေခံစားစေချင်သလား။ သူတို့မှာ အဲသလို ဆန္ဒ လုံးဝ မရှိဘူး။ သူတို့အလိုရှိတာ “ငြိမ်ဝပ်ပိပြားမှု ပြန်လည်ရရှိရေး”ပဲ။ တနည်းဆိုရရင် စက်တင်ဘာ ၇ ရက် မတိုင်ခင် အရင်အခြေအနေကို ပြန်သွားဖို့သာ သူတို့ အလိုရှိတယ်။ ထိပ်ပိုင်းမှာ လူစားလဲတာလောက် သူတို့ လုပ်ချင်လုပ်လိမ့်မယ်။ ဒီတော့ အရင်အတိုင်း ဆက်မွဲ၊ အရင်တိုင်း အလုပ်လက်မဲ့ ဆက်ဖြစ်၊ အရင်အတိုင်း အကျင့်ပျက် ခြစားပဲ ဖြစ်နေလိမ့်မယ်။
အရေးကြီးတဲ့ နောက်ပြဿနာတခုက ပထဝီ နိုင်ငံရေး အခြေအနေပဲ။ နီပေါလ်ကို သီးခြား ခွဲထုတ်ပြီး ကြည့်ဖို့ မဖြစ်နိုင်ဘူး။ ဒေသတွင်း ပါဝါတွေကြားက တိုက်ပွဲလဲ ရှိသေးတယ်။ အစဉ်အဆက် နီပေါလ်ကို စိုးမိုးထားတဲ့ အဓိက ပါဝါက အိန္ဒိယပဲ။ ဒါပေမယ့် ပြုတ်ကျသွားတဲ့ ဝန်ကြီးချုပ် အိုလီက တရုတ် နီးစပ်သူ။ အခု သူ ဖယ်ရှားခံလိုက်ရပြီဆိုတော့ နယ်ချဲ့ပါဝါတွေက ‘သူတို့လူ’ တယောက်ယောက် အာဏာရအောင် ခြေရှုပ်ကြလိမ့်မယ်။
ဘာဆက်ဖြစ်မလဲ
လတ်တလော အထင်ကရ ဖြစ်လာတဲ့ လူကတော့ ကတ်မန်ဒူ မြို့တော်ဝန် Balendra Shah ပဲ။ အရင်က ဟစ်ဟော့(ပ်) အနုပညာရှင် တယောက်အနေနဲ့ အကျင့်ပျက်ခြစားမှုကို ဆန့်ကျင်တဲ့ သီးချင်းတွေ သူ ထုတ်ခဲ့ဖူးတယ်။ နိုင်ငံရေး ပါတီအားလုံးကို ဆန့်ကျင် ရပ်တည်ရင်း ၂၀၂၂ ရွေးကောက်ပွဲမှာ သူ မဲနိုင်သွားခဲ့တယ်။
သူ့ကို တည်ဆဲ နိုင်ငံရေး အဆောက်အအုံ ပြင်ပက လူလို့ မြင်ခဲ့ကြလို့ မဲနိုင်သွားခြင်း ဖြစ်တယ်။ အခု သူက ထိန်းထိန်းသိမ်းသိမ်း လုပ်ကြဖို့ ပြောလာပြီ။ “လူသတ်ကောင် နှုတ်ထွက်သွားရပြီပဲ၊” ဒါ့ကြောင့် အောင်မြင်မှုက လက်ထဲ ရောက်နေတဲ့ သဘော သူပြောထားတယ်။ အခုချိန်ကစပြီး “မင်းတို့မျိုးဆက်က ဒီတိုင်းပြည်ကို ဦးဆောင်ရတော့မယ်” လို့ သူ ပြောပါတယ်။
အလားတူပဲ၊ Sudhan Gurung ဆိုတဲ့ နောက်ထပ် ရပ်ပါ တယောက် ဦးဆောင်ဖွဲ့ထားတဲ့ Hami Nepal ဆိုတဲ့ အန်ဂျီအိုတခုကလဲ တောင်းဆိုချက် စာရင်းတခု ထုတ်ပြန်ထားတယ်။ အဲဒီ စာရင်းထဲမှာ ဒီအချက်တွေ ပါဝင်တယ် –
- “တစ် – ဒီအစိုးရ ချက်ချင်း ဆင်းပေးရမယ်၊
- နှစ် – ဒေသန္တရ အသီးသီးက ဝန်ကြီးအားလုံး နှုတ်ထွက်ပေးရမယ်၊
- သုံး – ငါတို့ရဲ့ အပြစ်မဲ့ ညီကိုမောင်နှမများကို ပစ်သတ်ဖို့ အမိန့်ပေးသူတွေကို သက်ညှာခြင်း လုံးဝမရှိဘဲ ချက်ချင်း စီရင်ချက်ချရမယ်၊
- လေး – တရားမျှတပြီး တာဝန်ခံမှုရှိသော အနာဂတ်ကို မျှော်ရည်ပြီး လူငယ်တွေ ဦးဆောင်တဲ့ ကြားဖြတ် အစိုးရတရပ် ဖွဲ့စည်းရမယ်။”
နီပေါလ် အရေးအခင်းတွေကြောင့် စိတ်အားတက်နေသူ အားလုံးကို ပြောရလိမ့်မယ် – ဒီလုပ်ငန်းစဉ်ဟာ လုံးဝ မလုံလောက်ဘူး။ နီပေါလ် လူထုက ဘင်္ဂလားဒေ့ရ်ှနဲ့ သီရိလင်္ကာ လူထုဆီကနေ စေ့ဆော်မှု ယူခဲ့တာ အလွန်ကောင်းပါတယ်။ သို့သော် စေ့ဆော်မှု ရနိုင်သလိုပဲ အဲဒီ နမူနာတွေက ထင်ရှားတဲ့ သတိပေးချက်တခုလဲ ထုတ်ပေးထားတယ်။ သီရိလင်္ကာနဲ့ ဘင်္ဂလားဒေ့ရ်ှ လူထုတွေ အံ့မခန်း သတ္တိကောင်းပြီး သူရဲကောင်းပီသမှု အပြည့်ရှိခဲ့ပေမယ့် စိတ်မကောင်းစရာ အချက်ကတော့ အဲဒီတိုင်းပြည်တွေမှာ ဘာတခုမှ အမှန်တကယ် ပြောင်းလဲ မသွားခဲ့ဘူး။
ဘင်္ဂလားဒေ့ရ်ှမှာလဲ လူငယ်တွေ ဦးဆောင်ပြီး ဆင်းရဲမွေတေမှု၊ ဖိနှိပ်မှုနဲ့ မညီမျှမှုတွေကို တိုက်ခဲ့တာပဲ။ အဲဒီ လှုပ်ရှားမှုကြီးက ရှိတ်ခ် ဟာဆီနာ ဦးဆောင်တဲ့ အစိုးရကို ဖယ်ရှားပစ်ခဲ့တယ်။ တော်လှန်ရေး ဦးဆောင်သူ အတော်များများ အစိုးရ အဖွဲ့ထဲ ဝင်ပါခဲ့တယ်။ သို့သော်လဲ အစိုးရ အဖွဲ့ဝင် မျက်နှာတွေသာ ပြောင်းသွားတယ်၊ အရင်းရှင်စနစ်ကို မချိုးဖျက်ခဲ့ဘူး။ ဒီတော့ ဆင်းရဲမှု၊ ဖိနှိပ်မှုနဲ့ မညီမျှမှုတွေ အရင်အတိုင်း ဆက်ရှိနေတယ်။
လူထုကြီး ဒုက္ခပင်လယ်ဝေနေရခြင်းရဲ့ အခြေခံ အကြောင်းရင်းက အရင်းရှင်စနစ်ပဲ။ အထူးသဖြင့် အရင်းရှင် နယ်ချဲ့စနစ် ဗိုလ်ကျစိုးမိုးတာ ခံနေရတဲ့ စီးပွားရေး နိမ့်ပါးသော တိုင်းပြည်တွေမှာ ဒီအချက်ကို ပြတ်ပြတ်ထင်ထင် မြင်ရလိမ့်မယ်။
ဆန္ဒပြသူ တဦး ပြောသွားသလိုပဲ “ဝန်ကြီးချုပ် နှုတ်ထွက်ရုံနဲ့ မလုံလောက်ဘူး။” ပါတီတွေ တခုပြီးတခု အာဏာရလာပေမယ့် လူထုအဖို့ ဘာတခုမှ အခြေခံကျကျ ပြောင်းမသွားဘူး ဆိုတဲ့ သံသရာ စက်ဝန်းကို ရိုက်ချိုးဖို့ အချိန်ကျပြီ။
နောက်ဆုံးမှာ အရင်းရှင်စနစ်ကို ဖြိုမချဘဲ လှုပ်ရှားမှုထဲက ခေါင်းဆောင်တချို့ကို အစိုးရ အဖွဲ့ထဲ ဆွဲသွင်းပြီး အရူး လုပ်တာမျိုး မခံရမှ နီပေါလ် လူထု အောင်ပွဲ ရနိုင်မယ်။
ခေါင်းဆောင်မှု ရှိဖို့ လိုအပ်ခြင်း
နီပေါလ်၊ သီရိလင်္ကာ၊ ဘင်္ဂလားဒေ့ရ်ှနဲ့ အင်ဒိုနီးရှားတို့ဟာ ပြီးခဲ့တဲ့ နှစ်အနည်းငယ်အတွင်း ဖြစ်ခဲ့တဲ့ တော်လှန်ရေး နမူနာတွေပဲ။ သာမန် အခြေအနေမှာ လူထုက နိုင်ငံရေးကို စိတ်မဝင်စားဘူး။ နာရီပေါင်းများစွာ အလုပ်တွေ လုပ်နေရလို့ သူတို့မှာ အချိန်မရတာလဲ ပါတယ်၊ ဒါမှမဟုတ် ဘယ်အစိုးရတက်တက် ဘာအပြောင်းအလဲမှ ဖြစ်မလာလို့ စိတ်မဝင်စားတာလဲ ရှိတယ်။ များသောအားဖြင့် ဒီနှစ်ချက် ပေါင်းမိနေလို့ပဲ။
သို့သော်လဲ လူထုရဲ့ ခံပြင်းဒေါသတွေ ဆတက်ထမ်းပိုး များလာတဲ့အခါ အတားအဆီးအားလုံးကို ချိုးဖျက်ပြီး လူထုကိုယ်တိုင် နိုင်ငံရေးထဲ တိုက်ရိုက် ဝင်ပါလာတဲ့ အချိန်တွေ ရှိတယ်။ အဲဒါ ထရော့စကီးပြောတဲ့ တော်လှန်ရေး ဖွင့်ဆိုချက်ပဲ။
အဲသလို လူထုကြီးက တော်လှန်ရေး တရပ် ဆင်နွှဲပြီး နိုင်ငံရေးထဲ ပထမဆုံးအကြိမ် ဝင်ရောက်လာတဲ့အခါ သူတို့မှာ ရိုးအမှုတွေ မလွဲမသွေ ပါလာမှာပဲ။ တော်လှန်ရေးမှာ သူတို့ မြန်မြန်ဆန်ဆန် သင်ယူလိုက်ကြတယ်။ နိုင်ငံတော် ဆိုတာ ပုဂ္ဂလိက ပိုင်ဆိုင်မှုကို ကာကွယ်ပေးတဲ့ အကြမ်းဖက် အင်အားစု ဖြစ်ကြောင်း သူတို့ နားလည်သွားကြတယ်။ လီနင်ရဲ့ နိုင်ငံတော်နဲ့ တော်လှန်ရေး ကျမ်းကို ဖတ်ပြီး နားလည်သွားတာ မဟုတ်ဘူး၊ မီးသတ်ပိုက်နဲ့ ထိုးခွဲခံလိုက်ရလို့ နားလည်သွားတာ။

ပြဿနာက လူထုကြီးဟာ ထာဝရ တိုက်ပွဲဝင်မနေနိုင်ဘူး။ ခင်ဗျား သူငယ်ချင်းတယောက် ခင်ဗျား မျက်စိရှေ့မှာ ပစ်သတ်ခံလိုက်ရတာ မြင်လိုက်ရမယ်၊ မျက်ရည်ယိုဗုံးကြောင့် အသက်ရှူကျပ်သွားတာမျိုး ဒါမှမဟုတ် အဖမ်းမခံရအောင် ရဲတွေလက်က ထွက်ပြေးရတာမျိုး လုပ်နေရမယ်ဆိုရင် အားအင် အလွန် ကုန်ခမ်းပါတယ်။ ဒါ့ကြောင့် ရှေ့ဆက်ရမယ့် လမ်းကြောင်းကို လူထုက အချိန်မီ မမြင်နိုင်တာမျိုး ဖြစ်လေ့ရှိတယ်။
ဒီနေရာမှာ တော်လှန်ရေး ခေါင်းဆောင်မှု ဝင်လာတာပဲ။ တော်လှန်သော မာ့(က်စ်)ဝါဒီတွေ ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ တော်လှန်ရေးတွေ ဖြစ်နေမှာပဲ။ ဒီအဆိုအတွက် သက်သေလိုချင်သပဆို ဒီကနေ့ခေတ်မှာ သတင်းတွေ ပုံမှန် စောင့်ကြည့်နေဖို့ပဲ လိုပါတယ်။ သို့သော် တော်လှန်ရေးတခု အောင်မလား၊ အရေးနိမ့်မလား ဆိုတာကျ မှန်ကန်တဲ့ ခေါင်းဆောင်မှု ရှိ မရှိ အပေါ် မူတည်သွားတယ်။
တကယ်လို့ နီပေါလ်မှာသာ လူထုကြား အမြစ်တွယ်ထားနိုင်တဲ့ စစ်မှန်သော ကွန်မြူနစ် ပါတီတခု ရှိမယ်၊ အဲဒီ ပါတီကလဲ လူထုနားထဲ ရောက်နိုင်အောင် လုံလုံလောက်လောက် ကြီးမားတယ်ဆိုရင် အခြေအနေ တခုလုံးကို ပြောင်းပစ်နိုင်လိမ့်မယ်။ အဲဒီလို စစ်မှန်သော ကွန်မြူနစ် ပါတီကြီးတခုက လူထုရဲ့ သင်ယူမှု ဖြစ်စဉ်ကို အရှိန်မြန်စေမယ့် catalyst အဖြစ် ထမ်းဆောင်နိုင်တယ်။ သူတို့က အလုပ်သမား လူတန်းစားရဲ့ ခေါင်းဆောင်မှု နေရာကို တဆင့်ချင်း သိမ်းပိုက်သွားပြီး အလုပ်သမား လူတန်းစားကို အာဏာ အရယူရေး အောင်ပွဲဆီ ဦးဆောင်သွားနိုင်မယ်။
နီပေါလ်မှာ မြင်ခဲ့ရတာတွေက အနှစ်သာရအားဖြင့် ၁၉၁၇ ရုရှား ဖေဖော်ဝါရီ တော်လှန်ရေးနဲ့ အတော်တူတယ်။ လူထုကြီးက ဝန်ကြီးချုပ်ကို ဖြုတ်ချပြီး သူတို့ရဲ့ စွမ်းပကားကို ထုတ်ပြခဲ့တယ်။ ဒါပေမယ့် အရင်းရှင်စနစ် ဖြိုချရေးအထိ ဆက်သွားဖို့ အသိစိတ် နိုးကြားမှု လုံလုံလောက်လောက် ရှိသေးပုံ မရဘူး။ ဒီကနေ့ နီပေါလ်မှာ လစ်ဟာနေတဲ့ အချက်က လူထုကို အရင်းရှင်စနစ် ဖြိုချရေးဆီ ဦးဆောင်သွားနိုင်တဲ့ ဘော်ရှီဗစ်ပါတီမျိုး မရှိတာပဲ။
လောလောဆယ် အုပ်စိုးသူ လူတန်းစားက ဒီလှုပ်ရှားမှုကြီးကို အကြမ်းဖက် ဖိနှိပ်ပြီး မနှိမ်နင်းနိုင်သေးသလို ပျားရည်နဲ့လဲ ဝမ်းချလို့ မရသေးဘူး။ သို့သော် လူထုကြီးက ရှေ့ဆက်ရမယ့် လမ်းကို မမြင်သေးဘူး။ လူထုကြီး ကြားနိုင်လောက်အောင် ကြီးမားတဲ့ ပါတီတခု ရှိခဲ့မယ်ဆိုရင်၊ အဲဒီလို ပါတီကြီးက အလုပ်သမား လယ်သမားတွေကို “ဂျန်ဇီး” တော်လှန်ရေးကို ခုခံကာကွယ်ရေး မြို့တိုင်း၊ ရပ်ကွက်တိုင်းမှာ ကော်မတီတွေ ဖွဲ့စည်းကြဖို့ တပ်လှန့်ပေးခဲ့မယ်ဆိုရင်၊ အဲဒီ ကော်မတီအသီးသီးက ကိုယ်စားလှယ်တွေ ရွေးကောက်ပြီး နိုင်ငံလုံးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ကော်မတီကြီး ဖွဲ့လိုက်မယ်ဆိုရင် ဒါဟာ အရင်နဲ့ လုံးဝ မတူတဲ့ အုပ်စိုးမှု ပုံစံတခုကို ထူထောင်လိုက်တဲ့ ပထမခြေလှမ်း ဖြစ်လိမ့်မယ်။
အကျင့်ပျက် ခြစားနေတဲ့ ဒီစနစ်ကို စီမံခန့်ခွဲဖို့ နိုင်ငံရေးသမား အုပ်စုတွေ အပြောင်းအလဲ လုပ်နေတာမျိုး မဟုတ်တော့ဘဲ အလုပ်သမားထုရဲ့ အစိုးရ ပေါ်ထွက်လာလိမ့်မယ်။ အဲဒီလိုသာ လုပ်နိုင်ခဲ့ရင် အင်ဒိုနီးရှားက အလုပ်သမား၊ လယ်သမားတွေကိုလဲ ဒီလမ်းကြောင်းကို လိုက်ဖို့ နှိုးဆော်နိုင်မယ်။ ဒီလိုနဲ့ အာရှတိုက်တခုလုံး တော်လှန်မီး တဟုန်းဟုန်း တောက်သွားလိမ့်မယ်။
ကမ္ဘာတလွှားက တော်လှန်ရေးသမားတွေ နီပေါလ်ကို အာရုံစိုက် လေ့လာသင့်တယ်။ နီပေါလ်က ဂျာနယ်လစ် တယောက် ပြောသွားသလိုပဲ လူတိုင်း အံ့အားသင့် ရှော့ခ်ရကုန်တယ်။ ဒီအဆင့်ထိ ခုန်တက်သွားမယ်လို့ ဘယ်သူမှ ထင်မထားခဲ့ဘူး။ သို့သော် ဒီကနေ့ခေတ်ရဲ့ ဆောင်ပုဒ်ကိုက “မျှော်လင့်မထားတာတွေ ဖြစ်လာလိမ့်မယ်လို့ မျှော်လင့်ထားရမယ်။” ဒီကနေ့ ကမ္ဘာတလွှားက နိုင်ငံ အများစုမှာ လူနေမှု အဆင့်အတန်း ကျဆင်းမှု ဖိအားတွေ၊ နိုင်ငံရေး ခေါင်းဆောင်တွေ၊ အင်စတီကျူးရှင်းတွေ၊ အစရှိတဲ့ တည်ရှိ အခြေအနေတခုလုံးအပေါ် မကျေနပ်ချက်တွေ စုပုံများပြားလာတယ်၊ ဒါ့အပြင် အလုပ်သမားထုရဲ့ မှတ်ဉာဏ်ထဲ ကြီးမားတဲ့ ရှုံးနိမ့်မှုတွေ မရှိသေးဘူး။
ဘယ်နေရာ ဘယ်အချိန်မှာ တော်လှန်အုံကြွမှုတွေ ထဖြစ်မလဲ ကျနော်တို့ မသိနိုင်ဘူး။ ဒါပေမယ့် နီပေါလ်က အခြေအနေမျိုး ကမ္ဘာ့ နိုင်ငံအသီးသီးမှာ ရှိနေတယ်။ ဒီကနေ့ နီပေါလ် ဆိုရင် မနက်ဖန်ကျ ဗြိတိန်၊ ပြင်သစ်၊ အမေရိကနဲ့ အခြား နိုင်ငံတွေမှာ ဖြစ်လာလိမ့်မယ်။
တော်လှန်ရေးတွေက ဖြစ်လာမှာပဲ။ တော်လှန်ရေးတွေ အောင်မြင်မလား ဆိုတာတော့ အောင်ပွဲဆီ ဦးဆောင်သွားနိုင်မယ့် တော်လှန်ရေး ပါတီတွေ အချိန်မီ တည်ဆောက်ထားနိုင်သလား ဆိုတဲ့ အချက်က အဆုံးအဖြတ် ပေးသွားလိမ့်မယ်။
Source: Rulers cower as Nepalese masses seek to burn the system down by Jack Halinski-Fitzpatrick (10 September 2025)
မြန်မာပြန်သူ – လန်းနာ့(ဒ်)
