ဆူဒန် ပြည်တွင်းစစ် – တန်ပြန် တော်လှန်ရေးရဲ့ ဆိုးဝါးသော အကျိုးဆက်များ

၂၀၂၅ ဩဂုတ်လ ၁၅ ရက်နေ့ထုတ် ဂါးဒီးယန်း မဂ္ဂဇင်းမှာ “ငါတို့ကို တိရစ္ဆာန်တွေအလား အမဲဖျက်သွားခဲ့တယ်” ဆိုတဲ့ ဆောင်းပါးကို မျက်နှာဖုံး story အဖြစ် ဖော်ပြခဲ့တယ်။ ၂၀၂၅ ဧပြီလ ဒုတိယပတ်မှာ ဆူဒန် နိုင်ငံ၊ ဒါဖော ဒေသက Zamzam စစ်ပြေး ဒုက္ခသည်စခန်းကို RSF (Rapid Support Forces) အကြမ်းဖက် တပ်ဖွဲ့တွေက ဝင်ရောက် စီးနင်း တိုက်ခိုက်ခဲ့တဲ့ ဖြစ်စဉ်ကို စုံစမ်း ဖော်ထုတ် ရေးသားထားခြင်း ဖြစ်ပါတယ်။

ဒီဖြစ်စဉ်ဟာ ဧပြီ ၁၁ ရက် သောကြာနေ့ မနက်မှာ အစပြုခဲ့တယ်။ ဇမ်ဇမ် စစ်ပြေး ဒုက္ခသည်စခန်းကို RSF စစ်သွေးကြွ တန်ပြန် တော်လှန်ရေး အင်အားစုတွေက မျိုးတုန်းသတ်ဖြတ်ရေး လုပ်နေချိန်လောက်မှာပဲ ယူကေ အစိုးရက ဆူဒန် ငြိမ်းချမ်းရေး ဖော်ဆောင်ပေးမယ့် ကမ္ဘာလုံးဆိုင်ရာ ထိပ်သီး ညီလာခံတခုကို ကျင်းပနေခဲ့တယ်။ တကယ်တမ်း ဒီသတ်ဖြတ်မှုတွေအကြောင်း အစီရင်ခံစာတွေ ထွက်ပေါ်လာချိန်မှာ ယူကေ အစိုးရက နှုတ်ဆိတ်နေခဲ့တယ်။ ထောက်လှမ်းရေး အစီရင်ခံစာတွေ၊ မျက်မြင်သက်သေတွေရဲ့ ပြောကြားချက်တွေကို အခြေခံပြီး ဧပြီလ အမဲဖျက်ပွဲကြီးမှာ ဘာတွေ ဖြစ်ခဲ့သလဲ၊ ဘာ့ကြောင့် မတားဆီးနိုင်ခဲ့သလဲ ဆိုတာတွေကို ပထမဆုံး ဖော်ထုတ်ရေးသားထားကြောင်း ဂါးဒီးယန်းက ဆိုပါတယ်။

ဒီဖြစ်စဉ်ကို ဧပြီလ ၁၁ ရက် မနက်ခင်း၊ ၈ နာရီ လောက်က စပြီး အချိန်အပိုင်းအခြားအလိုက် ကွက်ကွက်ကွင်းကွင်း ရေးသား ဖော်ပြထားတာ တွေ့ရတယ်။ ဇမ်ဇမ် ဒုက္ခသည် စခန်းဟာ နှစ်ပေါင်း ၂၀ သက်တမ်းအတွင်း တဟုန်ထိုး ကြီးထွားလာခဲ့တယ်။ ဒီဒုက္ခသည်စခန်းမှာ နေထိုင်သူ လူဦးရေ ငါးသိန်းခန့် ရှိပါတယ်။ အများစုက အမျိုးသမီးနဲ့ ကလေးငယ်တွေ ဖြစ်ပါတယ်။ အကာအကွယ်မဲ့ ဖြစ်နေတယ်။ ငတ်မွတ်ခေါင်းပါးမှု ဒဏ်ကြောင့် သေဆုံးသူ အလွန်များပါတယ်။ တနှစ်အောက် ကလေးငယ်တွေဟာ ၂နာရီ တယောက်နှုန်း သေဆုံးနေတယ်။ vulnerable အဖြစ်ဆုံးလို့ ဆိုနိုင်တဲ့ လူ့အသိုက်အဝန်းတခုကို RSF အုပ်စုအနေနဲ့ လက်ရှောင်လိမ့်မယ်လို့ တချို့ ထင်ခဲ့ကြတယ်။

သို့သော်လဲ အလွန်တရာ ဖောက်ပြန်တဲ့ RSF စစ်သွေးကြွတွေဟာ ဇမ်ဇမ် ဒုက္ခသည်စခန်းကို ဧပြီ ၁၁ ရက် မနက် ၈ နာရီလောက်က စပြီး လက်နက်ကြီးတွေနဲ့ လှမ်းထုခဲ့တယ်၊ ဒီနောက် ဒရုန်းတွေ တဝီဝီ ပျံသန်းလာခဲ့တယ်။ လက်နက်မဲ့ အရပ်သား ဒုက္ခသည်စခန်းအပေါ် RSF ရဲ့ ထိုးစစ်ဟာ အဲသလို စတင်ခဲ့တယ်။

ဒီနောက် ၉ နာရီခွဲလောက်မှာ RSF က ကူကယ်ရာမဲ့ ဒုက္ခသည်စခန်းကို ဘက်ပေါင်းစုံကနေ စစ်မျက်နှာဖွင့်ပြီး ထိုးစစ်ဆင်ပါတော့တယ်။ ဆယ်ကျော်သက် မိန်းကလေးငယ်တွေကို ပြန်ပေးဆွဲ ဖမ်းခေါ်သွားတာ ကနေ့အထိ ပြန်မတွေ့ရတော့ဘူး။ သက်ကြီးရွယ်အို၊ နာမကျန်းသူ၊ ကျားမ မရွေး၊​ နို့စို့ကလေးပါ မချန် တွေ့သမျှ ပစ်သတ်ခဲ့တယ်။ ကျန်းမာရေး စောင့်ရှောက်မှု ပေးနေတဲ့ ဆေးဝန်ထမ်းတွေကိုလဲ ချန်မထားပါဘူး၊ ကတုတ်ကျင်းတွေထဲအထိ လိုက်ပစ်သတ်ခဲ့တယ်။ ကောက်ရိုးတမျှင်အဖြစ် ဆေးပေးခန်းနဲ့ စာသင်ကျောင်း (Sheikh Farah Quranic) ထဲ ဝင်ပုန်းနေတဲ့ ကလေးသူငယ်နဲ့ လူကြီးတွေကို အပြင်ဆွဲထုတ်ပြီး တန်းစီပစ်သတ်သွားခဲ့တယ်။ ထွက်ပြေးသူတွေကိုလဲ လက်လွှတ်မပေးခဲ့ဘူး။ အမျိုးသမီးတွေကို မုဒိမ်းကျင့် သတ်ဖြတ်ခဲ့တယ်။ ဒါတင် မကသေး။ ဒုက္ခသည်စခန်းကို လုယက်ဖျက်ဆီးပြီး မီးတင်ရှို့လိုက်သေးတယ်။

Zamzam camp ကို RSF စစ်သွေးကြွများ တိုက်ခိုက်နေစဉ်

ဇမ်ဇမ် ဒုက္ခသည်စခန်းမှာ နာရီ ၇၀ အတွင်း အသတ်ခံရသူ ၄၀၀ အထိ ရှိမယ်လို့ တရားဝင် ခန့်မှန်းချက်တွေက ဆိုပါတယ်။ ဒါပေမယ့် သေဆုံးသူ အရေအတွက်ကို အတိအကျ ဖော်ထုတ်ဖို့ စုံစမ်းစစ်ဆေးရေး လုပ်ခဲ့တဲ့ ကော်မတီတခုက သေဆုံးသူ ၁၅၀၀ ကျော် တွေ့ရှိထားတယ်။ မကုန်သေးဘူး၊ နောက်ဆုံး စာရင်းက ဒီထက် အများကြီး ပိုလိမ့်မယ်လို့ ကော်မတီ အဖွဲ့ဝင် မဟာမက်(ဒ်) ရှရိ(ဖ်)က ပြောပါတယ်။ ဒါဖော ဒေသ ရက်စက် ကြမ်းကြုတ်မှုများအရေး ကျွမ်းကျင်သူတဦးက ဇမ်ဇမ် ဒုက္ခသည်စခန်း အမဲဖျက်ပွဲကနေ လွတ်မြောက် ရှင်သန်လာသူတွေကို အင်တာဗျူး လုပ်ခဲ့တယ်၊ သူကတော့ သေဆုံးသူစာရင်း ၂၀၀၀ ကျော်မှာ “သေချာပါတယ်” လို့ ပြောထားတယ်။

ဒီလို လူထောင်ပေါင်းများစွာ သတ်ဖြတ်ခဲ့တဲ့အထဲ RSF စစ်သွေးကြွတွေ အလိုရှိဆုံး သူတယောက် ရှိပါတယ်။ သူကတော့ Hanadi ဆိုတဲ့ သူနာပြု အမျိုးသမီးတဦးပဲ ဖြစ်ပါတယ်။ ဇမ်ဇမ် ဒုက္ခသည်စခန်းက ပြည်သူတွေကို အညံ့မခံဘဲ ကြံ့ကြံ့ခံ ရင်ဆိုင်ဖို့ ဆော်ဩခဲ့တဲ့ လူငယ် အမျိုးသမီး သူနာပြု Hanadi ကို RSF စစ်သွေးကြွတွေ မျက်မုန်းကျိုးနေခဲ့ကြတယ်။ Hanadi ရဲ့ သူငယ်ချင်း Manahel ပြောခဲ့သလိုပဲ “သူတို့က မိန်းမတွေကို မုန်းတယ်။ အထူးသဖြင့် သူတို့ကို ရင်ဆိုင်ရဲတဲ့ မိန်းမတွေကိုဆို ပိုမုန်းတယ်။”

လွန်ခဲ့တဲ့ နှစ် ၂၀ လောက်ကတော့ ဇမ်ဇမ် ဒုက္ခသည် စခန်းဟာ အာရပ် စစ်သွေးကြွတွေ လိုက်သတ်တာ ခံနေရတဲ့ အာဖရိကန် မျိုးနွယ်စုတွေအတွက် ခိုလှုံရာ ဖြစ်ခဲ့တယ်။ အဲဒီတုန်းက ဒါဖော ဒေသမှာ လူပေါင်း သုံးသိန်းအထိ သတ်ဖြတ်ခဲ့တဲ့ စစ်သွေးကြွတွေဟာ RSF ဖြစ်လာမယ့် အကြမ်းဖက် အဖွဲ့ပါပဲ။ အဲဒီ ဂျီနိုဆိုက် အကြမ်းဖက်မှုတွေ စတင်ခဲ့တဲ့ ၂၀၀၃ မှာ Hanadi ကို မွေးဖွားခဲ့တယ်။ ကလေးဘဝအရွယ်ကတည်းက ဒုက္ခ အထွေထွေကို ရင်ဆိုင်ခဲ့ရတဲ့ Hanadi ဟာ သူနာပြုအလုပ်ကို ရွေးချယ်ခဲ့တယ်။ RSF သားသတ်သမားတွေ ဝင်ရောက် အမဲဖျက်နေချိန် သူထွက်မပြေးခဲ့ဘူး။ “ဂုဏ်သိက္ခာရှိရှိ သေမယ်၊ နောက်ဆုံးအချိန်ထိ ဒီမှာ ရှိနေမယ်” လို့ သူပြောခဲ့သလိုပဲ နောက်ဆုံး အချိန်ထိ ဒဏ်ရာရ လူနာတွေကို ပြုစုကုသရင်း တိုက်ပွဲဝင်သွားခဲ့တယ်။

ဇမ်ဇမ် ဒုက္ခသည်စခန်းနဲ့ မလှမ်းမကမ်းမှာ El Fasher မြို့ ရှိပါတယ်။ ၁၁ ကီလိုမီတာပဲ ဝေးပါတယ်။ အဲဒီ မြို့မှာ ဆူဒန် စစ်တပ် အထိုင်ချထားပါတယ်။ ဇမ်ဇမ် ဒုက္ခသည်စခန်းကို RSF စစ်သွေးကြွတွေ အမဲဖျက်နေချိန် သူတို့ လာကယ်မလားလို့ မျှော်လင့်ခဲ့ကြတယ်။ တုတ်တုတ်မှ မလုပ်ခဲ့ဘူး။ သူတို့ ဘာ့ကြောင့် ရောက်မလာသလဲ အခုထိ မသိသေးဘူးလို့ ကျောင်းဆရာတယောက်ဖြစ်တဲ့ မဟာမက်(ဒ်)​အဒမ်က ပြောပါတယ်။

အဲဒီ အယ်လ်ဖာရှား မြို့လဲ အောက်တိုဘာ ၂၇ ရက်နေ့မှာ RSF လက်ထဲ ကျရောက်သွားခဲ့တယ်။ မြို့ကို သိမ်းယူပြီး ရက်ပိုင်းအတွင်းမှာပဲ RSF က အရပ်သား ပြည်သူ နှစ်ထောင်ကျော်ကို အစုလိုက် အပြုံလိုက် သတ်ဖြတ်ခဲ့တယ်။

၂၀၂၃ ကစတင်ခဲ့တဲ့ ဆူဒန် ပြည်တွင်းစစ် ၂ နှစ်ကျော် ကာလအတွင်း အနည်းဆုံး လူပေါင်း ၁၅၀,၀၀၀ အသတ်ခံထားရတယ်။ တန်ပြန် တော်လှန်ရေး စစ်တပ် နှစ်ခုကြားက ပြည်တွင်းစစ်ကြောင့် လူပေါင်း ၁၂ သန်း စစ်ပြေးဖြစ်သွားခဲ့တယ်။ နှစ်ဖက်လုံးက တန်ပြန် တော်လှန်ရေး စစ်တပ်တွေဟာ အကြမ်းဖက်မှုတွေကို ရက်ရက်စက်စက် ကျူးလွန်ထားကြတယ်။ ပြည်ပ နယ်ချဲ့ ပါဝါတွေကလဲ သတ္တု သယံဇာတ ပေါများပြီး သေနင်္ဂဗျူဟာအရ အလွန် အရေးပါတဲ့ အာဖရိကန် တိုင်းပြည်ကို ဖရဲသီးကြီး ပိုင်းသလို ပိုင်းယူဖို့ လုံးပမ်းနေကြလေရဲ့။

 

ဆယ်စုနှစ်များစွာ သွေးထွက်သံယို ပဋိပက္ခတွေ ဖြစ်ခဲ့ပြီး ၂၀၁၁ မှာ အပိုင်းပိုင်း လှီးဖြတ်ခံထားရတဲ့ ဆူဒန်ဟာ အခုတချီလဲ အစိတ်စိတ် အမွှာမွှာ ဆုတ်ဖြဲခံနေရပြီ။ ဒီတချီ စစ်ပွဲဟာ ဗိုလ်ချုပ် Abdel Fattah al-Burhan ဦးဆောင်တဲ့ ‘တရားဝင်’ စစ်တပ် (SAF, Sudanese Armed Forces) နဲ့ ဟေမက်တီလို့ လူသိများတဲ့ Muhammad Hamdan Dagalo Musa ခေါင်းဆောင်တဲ့ RSF (Rapid Support Forces) လက်နက်ကိုင် တပ်ဖွဲ့တွေကြား ဖြစ်ပွားနေတဲ့ ဖောက်ပြန်ရေး ပြည်တွင်းစစ် ဖြစ်ပါတယ်။ လူမဆန်တဲ့ စစ်တပ် နှစ်အုပ်စုလုံးဟာ ဆူဒန် တော်လှန်ရေးကို သွေးချောင်းစီးအောင် ပူးပေါင်း နှိပ်ကွပ်ခဲ့ကြတယ်။ အခုတော့ သူတို့ နှစ်အုပ်စုက အဝေမတည့်ဘဲ စစ်ခင်းနေကြပြီ။

အနောက်ဖက်ခြမ်း ဒါဖော ဒေသဟာ စကားလုံးနဲ့ မဖော်ပြနိုင်လောက်တဲ့ ရက်စက်ကြမ်းကြုတ်မှုတွေ ရင်ဆိုင်နေရတယ်။ စစ်သွေးကြွ လက်နက်ကိုင် အုပ်စုတွေက တွေ့သမျှကို သတ်ဖြတ်၊ မုဒိမ်းကျင့်၊​ လုယက်နေတယ်။ အပျက်အစီး အတိုင်းအဆ ဘယ့်လောက်ကြီးသလဲဆိုရင် ကောင်းကင်အမြင့်ကနေ လှမ်းမြင်နေနိုင်တယ်။ တချိန်တည်းမှာ (အနောက် မီဒီယာတွေမှာ ‘လေးစားစရာကောင်းတဲ့’ အင်အားစုလို့ ပုံဖော်နေကြတဲ့) SAF အစိုးရ စစ်တပ်က အရပ်သားနဲ့ လက်နက်ကိုင် မခွဲခြားဘဲ ဗုံးမိုးရွာနေတယ်၊ သာမန် ပြည်သူတွေကို အငတ်ဘေးဆိုက်အောင် ပိတ်ဆို့ ဖြတ်တောက်ထားတယ်။ ဒီလို အိပ်မက်ဆိုးကြီးကို ဘယ်လို ရောက်ရှိခဲ့တာလဲ။

အဆုံးမရှိသော အနိဋ္ဌာရုံများ

ဒီကပ်ဘေးကြီးရဲ့ လက်ငင်း အကြောင်းရင်းကတော့ ၂၀၁၈ ကနေ ၂၀၂၁ အထိ ဖြစ်ပွားခဲ့တဲ့ ဆူဒန် တော်လှန်ရေး အရေးနိမ့်သွားလို့ပဲ။ ဆူဒန် နိုင်ငံဟာ အရှေ့အလယ်ပိုင်း ဒေသကြီးနဲ့ Sub-Saharan အာဖရိကတိုက်တို့ကြား တည်ရှိနေတဲ့ အရင်းအမြစ် ကြွယ်ဝတဲ့ တိုင်းပြည်တခု ဖြစ်သလို ပင်လယ်နီနဲ့ နိုင်း(လ်)မြစ်တို့ကို အသုံးချနိုင်တယ်။ ဒီအချက်ဟာ ဆူဒန် နိုင်ငံ ကံဆိုးမိုးမှောင်ကျရခြင်းနဲ့ တသားတည်း ချိတ်ဆက်နေတယ်။ ဒီအနေအထားကြောင့် ဆူဒန် နိုင်ငံဟာ သူ့ထက်ငါ ဗိုလ်ကျလုယက်ဖို့ တာဆူနေတဲ့ အရင်းရှင် အကျိုးစီးပွားတွေရဲ့  နှလုံးသည်းပွတ် ဖြစ်သွားခဲ့တယ်။

ဆူဒန်ဟာ ဗြိတိန်နဲ့ အီဂျစ်တို့ရဲ့ ကိုလိုနီ ဖြစ်ခဲ့တယ်။ ဗြိတိန်ဟာ သုံးနေကျ သွေးခွဲ အုပ်ချုပ်ရေး ပေါ်လစီကို ကျင့်သုံးပြီး ဆူဒန်ကို ထိန်းချုပ်ထားခဲ့တယ်။ ဆူဒန်မှာ မျိုးနွှယ်စုကြီး ၁၉ ခု၊ လူမျိုးစု အခွဲ ၅၉၇ ခုနဲ့ ဘာသာစကား အုပ်စုပေါင်း ၁၀၀ ကျော်ရှိတယ်။ အဲဒီ အုပ်စုတွေကြား တင်းမာမှုတွေ ပြင်းထန်လာအောင် ဗြိတိန် အရင်းရှင် နယ်ချဲ့က တမင် ထိုးဆွပေးခဲ့တယ်။ အထူးသဖြင့် ဆူဒန် မြောက်ပိုင်းက မွတ်စလင် အာရပ်တွေကို အခြေပြုပြီး ဆူဒန် တောင်ပိုင်းက ခရစ်ယာန်တွေနဲ့ လူမည်း အာဖရိကန်တွေကို ဆန့်ကျင် ရန်ပြုခဲ့တယ်။

၁၉၅၀ ပြည့်လွန်နှစ်တွေမှာ လွတ်လပ်ရေး ရပြီးကတည်းက ဆူဒန်ကို စစ်ခေါင်းဆောင် တသိုက်ကပဲ အုပ်စိုးခဲ့တာ များတယ်။ စစ်ခေါင်းဆောင်တွေဟာ တိုင်းပြည်ကို သွေးစုပ်ခြယ်လှယ်ရင်း ကြီးပွားချမ်းသာလာခဲ့ကြတယ်၊ ပြည်သူတွေကြား သွေးကွဲနေအောင် လူမျိုးရေး အက်ကြောင်းကို ရည်ရွယ်ချက်ရှိရှိ ထိုးဆွပေးခဲ့ကြတယ်။ ဆူဒန် စစ်တပ် SAF ကို အရင်းရှင်စနစ်နဲ့ တသားတည်း ပူးချည်ထားတယ်။ ဆူဒန် စစ်တပ် SAF က ဗဟိုဘဏ်မှာ ရှယ်ယာ အများဆုံး ပိုင်သူ ဖြစ်သလို မြေယာနဲ့ အိမ်ခြံမြေတွေလဲ အများကြီး ပိုင်ထားပါတယ်။ ဒါ့အပြင် ကဏ္ဍအသီးသီးက လုပ်ငန်း အကျိုးစီးပွားတွေဟာလဲ သူတို့ စက်ကွင်းထဲမှာ ရှိတယ်၊ အဲဒီလို စီးပွားရေး အင်ပိုင်ယာ ထူထောင်ထားတဲ့ SAF ဆူဒန် စစ်တပ်ဟာ ရေနံနဲ့ ရွှေ တူးဖော်ရေး လုပ်ငန်းတွေကနေ အမြတ်တွေ တနင့်တပိုး ရခဲ့တယ်။

 

၂၀၀၀ ပြည့်လွန်နှစ်တွေက ဒါဖော ဒေသမှာ အကျပ်အတည်းဆိုက်တော့ အာရပ်မဟုတ်တဲ့ သူပုန်တွေက မြို့တော် ခါတွန်းက ဗဟို အစိုးရကို ပုန်ကန်ထကြွခဲ့ကြတယ်။ အဲဒီတုန်းက ခါတွန်းမှာ စိုးစံနေတဲ့ ဗိုလ်ချုပ်ကြီး အိုမာ အယ်(လ်)ဘရှား (Omar Al-Bashir) က သူပုန်တွေကို နှိမ်နင်းဖို့ Janjaweed ဂျန်ဂျဝိ(ဒ်) မျိုးနွယ်စု တပ်ဖွဲ့တွေကို စေလွှတ်ခဲ့တယ်။ Hemedti ဟေမက်တီ ဦးဆောင်တဲ့ အာရပ်အနွယ် နိုမက်(ဒ်) အုပ်စုတွေနဲ့ ဖွဲ့စည်းထားတဲ့ ဂျန်ဂျဝိ(ဒ်) လက်နက်ကိုင် အဖွဲ့တွေဟာ ရက်စက်ကြမ်းကြုတ်ခြင်း အရာမှာ အလွန် နာမည်ကြီးခဲ့တယ်၊ အာရပ် မဟုတ်သော မျိုးနွယ်စုတွေကို မျိုးတုန်းသတ်ဖြတ်မှုတွေ ကျုးလွန်ခဲ့တယ်။ အဲဒီလို ခေတ်နောက်ပြန်ဆွဲတဲ့ ကြေးစား လူသတ်အဖွဲ့တွေကို စစ်ဗိုလ်ချုပ်ကြီး အယ်(လ်)ဘရှားက ၂၀၁၃ ခုနှစ်မှာ Rapid Support Forces (RSF) အဖြစ် တရားဝင် မြေတောင်မြှောက်ပေးခဲ့တယ်။

အဲဒီကစလို့ ဟေမက်တီဟာ နိုင်ငံရေး၊ စီးပွားရေး အာဏာတွေ အများကြီး ရလာခဲ့တယ်။ နယ်စပ် မျိုးနွယ်စု ဒေသတွေမှာ အားကောင်းတဲ့ ဟေမက်တီဟာ သယံဇာတ ပေါများတဲ့ ရွှေတောကို ထိန်းချုပ်ထားခဲ့တယ်။ အဲဒီ ရွှေတွင်းတွေက ထွက်သမျှ ရွှေအားလုံးရဲ့ ၉၅% လောက်ကို ပြည်ပနိုင်ငံတွေဆီ တရားမဝင် တင်ပို့လျက်ရှိတယ်။

ဒါဖော ဒေသမှာ သွေးချောင်းစီးအောင် လူသတ်ပေးခဲ့လို့ ဆူဒန် အနောက်ဖက် ဒေသက Jebel Amir ရွှေတွင်းတွေကို ဟေမက်တီ အပိုင်စား ရခဲ့တယ်။ ၂၀၁၈ နောက်ပိုင်း ယီမင် နိုင်ငံမှာ ဟူသီ သူပုန်တွေကို ယူအေအီး အစိုးရက ချေမှုန်းရာမှာလဲ RSF ကြေးစား တပ်ဖွဲ့တွေက ဝင်တိုက်ပေးခဲ့တယ်။ ဒီလိုနဲ့ ဟေမက်တီဟာ ဓနအင်အား ပိုတောင့်ပြီး ဩဇာလဲ တက်လာခဲ့တယ်။

Gen Mohamed Hamdan Dagalo, better known by his nickname, Hemedti. Photograph: AP

 

၂၀၁၈ မှာ ဆူဒန် တော်လှန်ရေး ဖြစ်လာတဲ့အခါ ဟေမက်တီက တန်ပြန် တော်လှန်ရေးကို ဦးဆောင် ဆင်နွှဲခဲ့တယ်။ ဟေမက်တီက ခေတ်နောက်ပြန်ဆွဲတဲ့ မျိုးနွှယ်စုနဲ့ အစဉ်အလာ ခေါင်းဆောင်တွေကြား ထောက်ခံမှုရအောင် လုပ်ပြီး တန်ပြန် တော်လှန်ရေးအတွက် အားစုခဲ့တယ်။ ခေတ်နောက်ပြန်ဆွဲတဲ့ မျိုးနွယ်စု ခေါင်းဆောင်တွေဟာ တော်လှန်ရေး အောင်သွားခဲ့ရင် သူတို့ အခွင့်ထူးခံနေရတာတွေ ပျောက်ဆုံးသွားမှာကို စိုးရွံ့ခဲ့ကြတယ်။ (သူတို့ ကြောက်မယ်ဆိုလဲ ကြောက်သင့်ပါတယ်)။

အစိုးရ စစ်တပ်ရဲ့ သာမန် တပ်သားတွေက တော်လှန်ရေးဘက်ကို စာနာကြောင်း ပြလာတဲ့အခါ အုပ်စိုးသူ လူတန်းစားအနေနဲ့ သူ့တပ်သူ မယုံရဲတော့ဘူး။ ဒီအခြေအနေမှာ ဟေမက်တီရဲ့ RSF တပ်သားတွေက တန်ပြန် တော်လှန်ရေးရဲ့ ဓားသွားအဖြစ် အသုံးတော်ခံခဲ့တယ်။ ၂၀၁၉ တုန်းက မြို့တော် ခါတွန်းက စစ်ရုံးချုပ် အပြင်ဘက်မှာ ရှိတဲ့ တော်လှန်ရေး သပိတ်စခန်းကို အစုလိုက်အပြုံလိုက် သတ်ခဲ့တာ သူတို့ပဲ။

ဟေမက်တီဟာ လက်မရွံ့ လူသတ်ကောင် ဖြစ်တယ်။ ဒါပေမယ့် သူဟာ ရည်မှန်းချက်ကြီးတဲ့ နိုင်ငံရေးသမား တယောက်လဲ ဖြစ်တယ်။ စစ်အုပ်စုက သူ့ကို အမဲလိုက် ခွေးအဖြစ် ငှားရမ်းခဲ့ခြင်းသာ ဖြစ်တယ်၊ အပြည့်အဝ မယုံဘူး။ ဒီတော့ လက်နက်ကိုင် တပ်သား တသိန်းလောက် အင်အားတောင့်လာပြီဖြစ်တဲ့ ဟေမက်တီက မဟာမိတ် ဖြစ်ခဲ့ဖူးသူ စစ်ဗိုလ်ချုပ် အယ်(လ်)ဘာဟန်းကို ပုန်ကန်ခြားနားပါတော့တယ်။

ပြည်တွင်းစစ်

၂၀၂၃ ဧပြီမှာ RSF မိုးကြိုးစစ်ဆင်ရေး စတင်ခဲ့တယ်။ မြို့တော် ခါတွန်းကို သိမ်းယူပြီး လေဆိပ်ကိုပါ ထိန်းချုပ်ခဲ့တယ်။ စစ်အခြေစိုက်စခန်းတွေကို တိုက်ခိုက်ခဲ့တယ်။ အယ်(လ်)ဘာဟန်းလဲ Port Sudan အထိ ဆုတ်ခဲ့ရတယ်။ ဟေမက်တီက အာဖရိကတိုက်တခွင် သံတမန်ရေး ခရီး ထွက်ပြီး သူသာ ဆူဒန်ပြည်ရဲ့ အုပ်စိုးသူ အသစ်လို့ ပုံဖော်ခဲ့တယ်၊ မဟာမိတ်တွေ ထူထောင်ဖို့ ကြိုးပမ်းခဲ့တယ်။ မေလမှာ ယူအက်(စ်)နဲ့ ဆော်ဒီတို့ ကြားဝင် ဆောင်ရွက်ခဲ့တဲ့ အပစ်ရပ်ရေး သဘောတူညီချက်လဲ မကြာခင် ပျက်ပြယ်သွားခဲ့တယ်။ အရပ်သားတွေ ထိခိုက်မှုမရှိအောင် ကာကွယ်ရေး ကတိကဝတ်တွေကို နှစ်ဖက်လုံးက အကြိမ်ကြိမ် ချိုးဖော်ခဲ့ပြီး ရက်စက်မှုတွေသာ မီးကုန်ရမ်းကုန် ကျူးလွန်ခဲ့ကြတယ်။

ဆူဒန် အစိုးရ စစ်တပ်က ကနဦး ဆုံးရှုံးမှုတွေ ကြုံခဲ့ရပေမယ့် မြို့တော် ခါတွန်းနဲ့ ဘေးပတ်ပတ်လည် ဒေသ အတော်များများကို ၂၀၂၅ မတ်လမှာ ပြန်သိမ်းနိုင်ခဲ့တယ်။ အဲဒီ ‘လွတ်မြောက်မှု’ ဟာ ရလိုက်တာနဲ့ မကာမိအောင် အဆုံးအရှုံး အလွန်ကြီးမားတဲ့ အောင်ပွဲ ဖြစ်သွားခဲ့တယ်။ အစိုးရ ဝန်ကြီးဌာနတွေ၊ ဘဏ်တွေ၊ ရုံး အဆောက်အဦတွေ၊ ဆေးရုံတွေ အားလုံး လေကြောင်းက တရစပ် တိုက်ခိုက်ခံရတယ်။ အပျက်အစီး ပမာဏဟာ အစ္စရေး စစ်တပ်ရဲ့ ဂျီနိုဆိုက် စစ်ပွဲအပြီး ဂါဇာ ကမ်းမြှောင်ကို မြင်တွေ့ရသလောက် ကြီးမားပါတယ်။ ဒီအချက်ကို ဂြိုဟ်တု ဓာတ်ပုံတွေက သက်သေခံနေတယ်။

Sudanese Armed Forces soldiers celebrate after taking over the presidential palace in Khartoum. Photograph: AP

RSF ကတော့ ဒါဖော ဒေသကို ထိန်းချုပ်နိုင်ရေး အားပြန်စိုက်ခဲ့တယ်။ အခုဆိုရင် အဲဒီ ဒေသတခုလုံးနီးပါး သူတို့ ထိန်းချုပ်ထားနိုင်တယ်။ တဖက်မှာ ဆူဒန် အစိုးရ စစ်တပ်ဘက်က ဒါဖော ဒေသကို လေကြောင်းကနေ အပြင်းအထန် တိုက်ခိုက်ခဲ့တယ်။ အရပ်သားနဲ့ လက်နက်ကိုင် မခွဲခြားဘဲ တရစပ် ပစ်ခတ်တိုက်ခိုက်ခဲ့တယ်။ ၂၀၂၅ ဧပြီမှာ RSF က မျိုးနွယ်စု သူပုန် အုပ်စု အသီးသီးကို သူ့ထိန်းချုပ်မှုအောက် ဆွဲသွင်းပြီး စင်ပြိုင် အစိုးရအဖြစ် သူ့ဘာသာ ကြေညာခဲ့တယ်။ တပြည်လုံးကို သိမ်းပိုက်ပြီး အစိုးရလုပ်ဖို့ ကြံရွယ်ထားတဲ့ RSF က သူ့အစိုးရကို နာမည်ပေးထားတာကတော့ အော်ဝဲလီယန်း ဆန်လှပါတယ်။ ငြိမ်းချမ်းရေးနဲ့ ညီညွတ်ရေး အစိုးရတဲ့။

၂၀၂၅ အောက်တိုဘာ ၂၇ မှာ ဆူဒန် အနောက်ဖက် ဒေသရဲ့ အကြီးဆုံးမြို့ ဖြစ်တဲ့ El-Fasher ဟာ RSF လက်ကျရောက်သွားခဲ့တယ်။ SAF အဖို့ အဲဒီ ဒေသက သူ့နောက်ဆုံး ခံတပ်ကို စွန့်လွှတ်လိုက်ရတာပဲ။ ဒီလို အသိမ်းမခံရခင် တနှစ်ခွဲလောက် ပိတ်မိနေတဲ့ ကာလမှာ အယ်လ်ဖာရှား မြို့က အရပ်သား ပြည်သူတွေဟာ ငတ်မွတ်ခေါင်းပါးခြင်း၊ အစာရေစာ ပြတ်လပ်ခြင်းနဲ့ နေ့စဉ် ဗုံးကြဲခံရခြင်းတို့ကို ရင်ဆိုင်ခဲ့ရတယ်။ RSF လက်ကိုသာ မြို့ကျသွားခဲ့ရင် သွေးချောင်းစီး လူသတ်ပွဲကြီးတွေ ဖြစ်လာမှာကို သူတို့ ကြောက်နေခဲ့ကြတယ်။ ဒီရှေ့မှာလဲ ဟေမက်တီ ခေါင်းဆောင်တဲ့ RSF စစ်သွေးကြွတွေဟာ ဒါဖော ဒေသက Geneina မြို့ခံ Masalit လူမျိုးတွေကို မျိုးတုန်းသတ်ဖြတ်မှုတွေ ကျုးလွန်ထားကြတယ်။

ဟေမက်တီရဲ့ နောက်ပစ်မှတ်က မြောက်ပိုင်း ကော်ဒိုဖန် ပြည်နယ်က ရေနံ အထွက်ကောင်းတဲ့ မြို့တော် El-Obeid ဖြစ်ပါတယ်။ အဲဒီမြို့မှာ လူဦးရေ ၁၃၇၀၀၀ လောက် နေထိုင်တယ်။ အောက်တိုဘာ ၂၅ မှာ RSF က Bara ကို ပြန်ထိန်းချုပ်လိုက်ပြီလို့ ကြေညာထားတယ်။ အယ်(လ်)အိုဘေး(ဒ်)မြို့နဲ့ ၅၉ ကီလိုမီတာပဲ ဝေးပါတယ်။ အဲဒီကနေ လက်နက်ကြီးနဲ့ လှမ်းထုတာ၊ လေကြောင်းက တိုက်ခိုက်တာတွေ လုပ်ခဲ့တယ်။ အယ်(လ်)အိုဘေး(ဒ်)ဟာ ဒါဖောနဲ့ ခါတွန်းကို ချိတ်ဆက်ပေးထားတဲ့ မဟာဗျူဟာမြောက် မြို့တမြို့ ဖြစ်ပါတယ်။ ဒါ့ကြောင့် RSF က ဒီမြို့ကို နောက်တချီ ဝိုင်းပတ်ချေမှုန်းဖို့ ပြင်ဆင်လာခြင်း ဖြစ်တယ်။ အယ်(လ်)အိုဘေး(ဒ်)မြို့ကို သိမ်းလိုက်နိုင်ရင် ဆူဒန် အစိုးရ စစ်တပ်အနေနဲ့ ခါတွန်းနဲ့ RSF ထိန်းချုပ်နယ်မြေကြားက အလွန်အရေးကြီးတဲ့ buffer ဒေသကို ဆုံးရှုံးသွားလိမ့်မယ်။ နောက်ထပ် လူသတ်ပွဲကြီးတွေလဲ မလွဲမသွေ ထပ်ဖြစ်လာလိမ့်မယ်။

တိုတိုပြောရရင် ဘယ်ဘက်ကမှ ဒီပဋိပက္ခကို လက်ရှိ အနေအထားအတိုင်း အဆုံးသတ်ဖို့ လက်ခံမှာ မဟုတ်ဘူး။ သူတို့လိုချင်သလိုလဲ ဘယ်ဘက်ကမှ ပြဌာန်းနိုင်မဲ့ အလားအလာ မရှိဘူး။ နိုဝင်ဘာ ၆ ရက်နေ့မှာ RSF ဘက်က ယူအက်(စ်) ခေါင်းဆောင်တဲ့ သုံးလ အပစ်ရပ်ရေး ကမ်းလှမ်းချက်ကို သဘောတူခဲ့တယ်။ ဒါပေမယ့် ဆူဒန် အစိုးရ စစ်တပ်ဘက်က ငြင်းဆန်ထားတယ်။ နောက်တရက်မှာပဲ RSF က ခါတွန်းကို ဒရုန်းနဲ့ တိုက်ခိုက်ခဲ့တယ်။ ဆူဒန် ပြည်သူတွေဟာ လက်မရွံ့ လူသတ်သမား ဂန်းစတား အုပ်စု နှစ်ခုကြားက အမှည့်ခြွေစစ်ပွဲအတွင်း ပိတ်မိနေတယ်။ ဒီပြည်တွင်းစစ် ရပ်သွားခဲ့ရင်တောင် သူတို့အဖို့ စစ်အာဏာရှင် အုပ်စိုးမှုပဲ ရစရာ ရှိတယ်။

တိုင်းပြည် လူဦးရေရဲ့ ငါးပုံ တပုံလောက်က နေရပ်စွန့်ခွာ ထွက်ပြေးနေရပြီး လူဦးရေရဲ့ ထက်ဝက် (၂၁ သန်းလောက်) က အသက်အန္တရာယ် ခြိမ်းခြောက်ခံရတဲ့အထိ အစာရေစာ ရှားပါးမှုကို ရင်ဆိုင်နေရတယ်လို့ ယူအန်က အစီရင်ခံထားတယ်။ ဆူဒန်ဟာ လွတ်လပ်ရေးရပြီး နောက်ပိုင်း တတိယအကြိမ် ပြည်တွင်းစစ်နဲ့ ဒုတိယအကြိမ် ဂျီနိုဆိုက်ကို ရင်ဆိုင်နေရတယ်။ ဒီအခြေအနေဟာ အဆုံးမရှိ အနိဋ္ဌာရုံများကို သရုပ်သကန်အပြည့် ဖော်ပြနေတာပဲ။

လူသေအလောင်းတွေပေါ်က ကိုယ်ကျိုးရှာ နယ်ချဲ့ ပါဝါများ

ဆူဒန်မှာ ဖြစ်ပွားလျက်ရှိတဲ့ ပျက်ကပ်ကြီးကို နယ်ချဲ့ ပါဝါ အသီးသီးက မီးထိုးပေးနေကြတယ်။ ဟေမက်တီရဲ့ အရေးကြီးဆုံး မဟာမိတ်ကတော့ ယူအေအီးပဲ။ ယီမင် စစ်ပွဲမှာ RSF ကြေးစားတွေ လွှတ်ပေးကတည်းက ဟေမက်တီက ယူအေအီးနဲ့ အတော် နီးစပ်သွားခဲ့တယ်။

ယူအေအီးက အာဖရိကတိုက်မှာ တစတစ ဩဇာတက်လာခဲ့တယ်။ ယူအေအီးက အာဖရိကတိုက်မှာ FDI နဲ့ တိုင်းတာမယ်ဆိုရင် စတုတ္ထမြောက် အကြီးဆုံး မြှုပ်နှံသူ ဖြစ်နေပြီ။ သူ့ရှေ့မှာ ယူအက်(စ်)၊ တရုတ်နဲ့ အီးယူတို့ပဲ ရှိတယ်။ အသစ်စတင်တဲ့ စီးပွားရေး ပရောဂျက် အရေအတွက်နဲ့သာ တွက်မယ်ဆိုရင် ယူအေအီးက အာဖရိကမှာ နံပါတ်တစ် ဖြစ်ပါတယ်။ ဒါ့အပြင် အာဖရိကတိုက်ထွက် ရွှေတွေကို အဓိက ဝယ်ယူနေသူဟာ ယူအေအီးပဲ။ အဲဒီလို ဝယ်ယူနေတဲ့ ရွှေတွေထဲမှာ RSF လို ဖောက်ပြန်တဲ့ လက်နက်ကိုင် အုပ်စုတွေ ပိုင်တဲ့ ရွှေတွင်းတွေက တရားမဝင် တင်ပို့လာတာတွေလဲ ပါဝင်တယ်။

RSF ကို လက်နက်တွေ အဓိက ပံ့ပိုးပေးနေတာ ယူအေအီးလို့ စွပ်စွဲထားကြတယ်။ ချတ်(ဒ်)၊ လစ်ဗျား၊ တောင်ဆူဒန်တို့ကို ဖြတ်ပြီး ယူအေအီးက လက်နက်တွေ ထောက်ပံ့ပေးနေတယ်။ RSF က ယူအေအီးထုတ် ဒရုန်းတွေ သုံးပြီး ဆူဒန် စစ်တပ်ရဲ့ လေကြောင်း စိုးမိုးမှုကို တန်ပြန် ခုခံနေခြင်း ဖြစ်တယ်။ Port Sudan လို ဆူဒန် အစိုးရ စစ်တပ်ရဲ့ အမာခံ ခြေကုပ်စခန်းတွေကိုတောင် RSF က ခြိမ်းခြောက်နေပြီ။

Bewildering … members of the RSF wave through commander Mohamed Hamdan Dagalo. Photograph: Ashraf Shazly/AFP/Getty Images

တဖက်မှာ ဆူဒန် အစိုးရ စစ်တပ်ကို အဓိက ကျားကန်ပေးထားသူက Abdel Fattah el-Sisi ခေါင်းဆောင်တဲ့ အီဂျစ် စစ်အာဏာရှင်စနစ်ပဲ။ အီဂျစ်နဲ့ ဆူဒန်ဟာ နိုင်း(လ်)မြစ်ကတဆင့် အရေးကြီးတဲ့ ကုန်သွယ်ရေး လမ်းကြောင်း ဖွင့်ထားတယ်။ တရုတ်က နှိုင်းယှဉ်ချက်အားဖြင့် လက်ရှောင်တဲ့ ရပ်တည်ချက်ကို ထိန်းထားတယ်။ ယေဘုယျအားဖြင့် ဗဟို အစိုးရကို ထောက်ခံပေမယ့် ကြားလူလို ပုံဖော်ထားတယ်။ ဆူဒန်ဟာ တရုတ် BRI ရဲ့ အရေးကြီး အစိတ်အပိုင်း ဖြစ်ပါတယ်။ ဆူဒန် အစိုးရက တရုတ် ဘဏ်တွေကို ဒေါ်လာ ၂.၅ ဘီလျံ အကြွေးတင်နေတယ်။ ရေနံတွေ တင်ပို့ပြီး ပြန်ဆပ်မယ်လို့ ယူဆရတယ်။ ဒါ့ကြောင့် ဘေဂျင်းက ‘တည်ငြိမ်မှုရှိရေး’ကို အလိုရှိတယ်။

တူရကီနဲ့ အီရန်တို့လိုပဲ ဆော်ဒီကလဲ အယ်(လ်)ဘာဟန်းကို ကျားကန်ပေးထားတယ်။ တူရကီနဲ့ အီရန်တို့က ဆူဒန် အစိုးရ စစ်တပ်ကို ဒရုန်းတွေ ပံ့ပိုးပေးထားတယ်။ ရုရှားက ဝတ်(ဂ်)နာ ကြေးစားတပ်တွေ လွှတ်ပြီး RSF ကို လေ့ကျင့်ပေးခဲ့ဖူးတယ်၊ RSF က ရုရှားကို ရွှေတွေ ပြန်ပေးတယ်။ ရလာတဲ့ ရွှေတွေကို ရုရှားက ယူကရိန်း စစ်ပွဲမှာ သုံးခဲ့တယ်။ ဒါပေမယ့် ၂၀၂၄ ရောက်တော့ ပူတင်က ဗျူဟာ ပြောင်းသွားခဲ့တယ်။ ဆူဒန်ရဲ့ ပင်လယ်နီ ကမ်းခြေအနီး ရေတပ် စခန်း တည်ဆောက်ဖို့ ပူတင်က အယ်(လ်)ဘာဟန်းနဲ့ အပေးအယူလုပ်ခဲ့တယ်။ ဆီးရီးယားမှာ အာဆတ်(ဒ်) အစိုးရ ပြုတ်ကျသွားပြီး နောက်ပိုင်း ဒေသတွင်း ခြေကုပ်ယူနိုင်အောင် ရုရှားက အဲသလို လုပ်ခဲ့တယ်။

အယ်(လ်)ဘာဟန်းရဲ့ ဗဟို အစိုးရကို ယူအက်(စ်) အရင်းရှင် နယ်ချဲ့နဲ့ ‘နိုင်ငံတကာ အသိုင်းအဝိုင်း’ ဆိုတာတွေက မသိမသာ ထောက်ခံမှု ပေးထားတယ်။ ဆူဒန်ပြည် ဖရိုဖရဲ ဖြစ်မသွားအောင် ဆက်ထိန်းပေးမယ့် အင်အားစု အဖြစ် ဗဟို အစိုးရကို သူတို့က ထောက်ခံပေးကြတယ်။ အနောက် စာနယ်ဇင်းတွေဟာ ဆူဒန်ပြည်တွင်း အနိဋ္ဌာရုံတွေကို အခုမှ အရေးတယူ လုပ်လာကြတယ်။ များသောအားဖြင့် RSF ရဲ့ ရာဇဝတ်မှုတွေကိုသာ ဇောင်းပေးဖော်ပြကြတယ်။

ပထမဆုံး ရှင်းအောင် ပြောရရင် အယ်(လ်)ဘာဟန်းလဲ စစ်ရာဇဝတ်မှုတွေ ကျူးလွန်းထားတယ်၊ မကြာသေးခင်ကအထိ သူနဲ့ ဟေမက်တီတို့ဟာ တကျိတ်တည်း တဉာဏ်တည်း ဖြစ်ခဲ့ကြတယ်။ ဒုတိယအချက်အနေနဲ့ အနောက်က ဒီမိုကရေစီ ဆိုတဲ့ အစိုးရတွေကိုယ်တိုင် ဒီစစ်ပွဲတလျှောက် သွေးစွန်းထားပြီး ဖြစ်တယ်။

၂၀၁၁ ခုနှစ်က တောင် ဆူဒန် ခွဲထွက်ရေးကို ယူအက်(စ်) နယ်ချဲ့က အားတက်သရော ထောက်ခံခဲ့တယ်။ ဒါမှ ဆူဒန်က ရေနံသိုက်တွေကို ယူအက်(စ်)က လွယ်လွယ်သိမ်းပိုက်ပြီး ဒေသတွင်း ဩဇာတက်လာတဲ့ တရုတ်ကိုလဲ ဖယ်ထုတ်နိုင်မယ်။ ဒီခွဲထွက်မှုရဲ့ အကျိုးဆက်ကတော့ နိုင်ငံတော် အသစ်မှာ သွေးချောင်းစီး ပြည်တွင်းစစ် ဖြစ်ခဲ့တယ်။ နယ်ခြားစည်း နှစ်ဖက်လုံးမှာ စီးပွားရေး အကျပ်အတည်းတွေ ဆိုက်ခဲ့တယ်။ ယူအက်(စ်)နဲ့ ဗြိတိန်တို့ဟာ ယီမင်က ဟူသီ ဆန့်ကျင်ရေး စစ်ပွဲမှာ လက်တွဲညီခဲ့ကြတယ်။ အဲဒီ စစ်ပွဲက RSF ကို ဒေါ်လာ ဘီလျံပေါင်းများစွာ ထောက်ပံ့ပေးခဲ့တယ်။

ဒါတင်မကသေး။ အီးယူရဲ့  ‘Khartoum Process’ ကနေ ဟေမက်တီကို အင်အား ကြီးထွားလာစေခဲ့တယ်။ ဒီဖြစ်စဉ်မှာ အီးယူက RSF ကို ငွေကြေး တိုက်ရိုက် ထောက်ပံ့ပြီး နယ်ခြားစောင့် တပ်ဖွဲ့တွေအဖြစ် ဆယ်စုနှစ် တခုစာ လေ့ကျင့်ပေးခဲ့တယ်။ အီးယူက RSF ကို အဲသလို မွေးခဲ့တဲ့ အကြောင်းကတော့ လစ်ဗျားကနေ ဥရောပကို ဝင်ရောက်လာမယ့် ဒုက္ခသည်တွေကို ပိတ်ပင် တားဆီးထားဖို့ ဖြစ်ပါတယ်။ အီးယူရဲ့ ဒီစီမံကိန်းဟာ ဆူဒန် ပြည်တွင်းစစ် ပေါက်ကွဲလာမယ့် ၂၀၂၃ ကျမှ ရပ်သွားခဲ့တယ်။ ဆူဒန် တော်လှန်ရေးအတွင်း RSF က သွေးချောင်းစီး သတ်ဖြတ်မှုတွေ လုပ်နေသော်ငြား အီးယူက RSF ကို အထောက်အပံ့ မရပ်ခဲ့ဘူး။

ဆူဒန်ရဲ့ ကိုလိုနီ အရှင်သခင်ဟောင်း ဗြိတိန် အရင်းရှင်နယ်ချဲ့ရဲ့ criminal role ကိုလဲ အထူး အလေးပေး ဖော်ပြဖို့ လိုအပ်ပါတယ်။ ဗြိတိန်ဟာ ဆူဒန်ရဲ့ penholder ဆိုသော နေရာကို ယူထားသူ ဖြစ်ပါတယ်။ ဆိုလိုတဲ့သဘောက ယူအန်မှာ ဆူဒန်အတွက် သံတမန်ရေး တာဝန်ကို လက်လွှဲယူထားသူဟာ ဗြိတိန် ဖြစ်ပါတယ်။ သို့သော် ဗြိတိန်က အဲဒီ နေရာကို ဆူဒန်ပြည်ရဲ့ အကျိုးစီးပွားအတွက် အသုံးမပြုဘဲ သူ့အကျိုးစီးပွားအတွက်သာ အသုံးပြုခဲ့တယ်။ ဗြိတိန် အရင်းရှင်နယ်ချဲ့ဟာ မရေတွက်နိုင်တဲ့ ဆူဒန် ပြည်သူတွေရဲ့ အလောင်းပေါ်ကနေ ကိုယ်ကျိုးရှာ အမြတ်ထုတ်ခဲ့တယ်။

ဗြိတိန် အရင်းရှင် နယ်ချဲ့သမားတွေဟာ ဆူဒန်မှာ ဖြစ်ပွားနေတဲ့ ပျက်ကပ်ကြီးကို လစ်လျူရှုထားခဲ့တယ်။ ဂါးဒီးယန်း သတင်းဌာနက ဖွင့်ချခဲ့သလိုပဲ အယ်(လ်)ဖရှားမြို့ ပိတ်ဆို့ခံရပြီး ၆ လအကြာမှာ ဂျီနိုဆိုက် မကြာခင် ဖြစ်တော့မယ့်အကြောင်း ဗြိတိန် ထောက်လှမ်းရေးက သိခဲ့တယ်။ ဒါပေမယ့် ဗြိတိန် အစိုးရက ဆူဒန် အရပ်သားတွေကို ကာကွယ်ဖို့ “least ambitious” အစီအမံကိုသာ ရွေးချယ်ခဲ့တယ်။

တကယ့် လက်တွေ့မှာ ဂျီနိုဆိုက် ကာကွယ်ရေးကို ဗြိတိန်က ဘာမှ မလုပ်ခဲ့ပါဘူး။ ဒါ့ကြောင့် ယူအက်(စ်) အခြေစိုက် လူ့အခွင့်အရေး အဖွဲ့တခု ဖြစ်တဲ့ Paema (Preventing and Ending Mass Atrocities) အဖွဲ့က ဆူဒန်အရေး ကျွမ်းကျင်သူ Shayna Lewis က ဗြိတိန် အစိုးရလဲ “ဒါဖော ပြည်သူတွေကို မျိုးတုန်း သတ်ဖြတ်မှုမှာ ကြံရာပါပဲ” လို့ ပြောခဲ့ခြင်း ဖြစ်တယ်။

A displaced Sudanese who fled El-Fasher after the city fell to the Rapid Support Forces (RSF), rest on a mat in the camp of Um Yanqur, located on the southwestern edge of Tawila, in war-torn Sudan’s western Darfur region on November 3, 2025. (Photo by AFP)

ဂါဇာနဲ့ ဆူဒန်က ဂျီနိုဆိုက် သတ်ဖြတ်မှုကြီးတွေဟာ ဗြိတိန် နိုင်ငံရေးနဲ့ လုံးဝ သက်ဆိုင်တယ်။ အကြောင်းကတော့ ဗြိတိန် အစိုးရက ဒီဂျီနိုဆိုက် နှစ်ခုလုံးကို လက်နက်တပ်ဆင်ပေးထားလို့ပဲ။ ဗြိတိန်က အစ္စရေးရဲ့ war machine ကို လက်နက်တွေ၊ စစ်ပစ္စည်းတွေ ထောက်ပံ့ပေးနေတဲ့ အချက်ဟာ လျှို့ဝှက်ချက်တောင် မဟုတ်ဘူး။ စုံစမ်းစစ်ဆေးရေး အစီရင်ခံစာက ဖော်ပြထားသလိုပဲ ဗြိတိန်ဟာ ယူအေအီးကို လက်နက်တွေ ရောင်းနေတယ်။ သူတို့ ရောင်းလိုက်တဲ့ လက်နက်တွေ RSF လက်ထဲ ရောက်သွားပြီး ဆူဒန်က လူသတ်ကွင်းတွေမှာ အသုံးချနေမှန်း ဗြိတိန် အရင်းရှင် နယ်ချဲ့ ကောင်းကောင်း သိပါတယ်။

ကုလ လုံခြုံရေး ကောင်စီက ကြည့်ရှုစစ်ဆေးထားတဲ့ မှတ်တမ်းတွေအရ ဗြိတိန်လုပ် လက်နက်ငယ်သုံး ပစ်မှတ် အားကောင်းရေး ပစ္စည်းတွေ၊ စစ်ယာဉ်သုံး အင်ဂျင်တွေကို ခါတွန်းနဲ့ အွန်ဒါမန်းမြို့တွေက စစ်မြေပြင်မှာ တွေ့ရှိထားတယ်လို့ သိရတယ်။ ဗြိတိန်က RSF နဲ့ လျှို့ဝှက် ညှိုနှိုင်ရေးတွေ လုပ်ထားပြီး မဟာမိတ် အာဖရိကန် နိုင်ငံတွေက သံအမတ်တွေကိုလဲ ယူအေအီးကို ဗြောင်ထုတ် မဝေဖန်ဖို့ ဖိအားပေးထားကြောင်း အစီရင်ခံစာတွေ ထွက်လာတယ်။

အရှေ့အလယ်ပိုင်းမှာ အစ္စရေး ဘာလုပ်လုပ် အရင်းရှင် နယ်ချဲ့ အစိုးရတွေက သူ့ကို စွန့်မပစ်နိုင်ဘူး၊ အစ္စရေးက အရှေ့အလယ်ပိုင်းမှာ အဲ့လောက်ထိ အရေးပါတဲ့ ပထဝီ နိုင်ငံရေး မဟာမိတ် ဖြစ်တယ်။ အဲလိုပဲ ဗြိတိန်မှာလဲ ယူအေအီးနဲ့ ပူးချည်ထားတဲ့ မဟာဗျူဟာမြောက် အကျိုးစီးပွားတွေ ရှိသလို အရေးကြီးတဲ့ ကုန်သွယ်ရေး ရှိတယ်။ ၂၀၁၃ တုန်းက ဝန်ကြီးချုပ် လုပ်နေတဲ့ ဒေးဗစ် ကင်မရွန်းဟာ လျှို့ဝှက် အစိုးရ အဖွဲ့တခု ဖန်တီးပြီး ရေနံ သူဌေး အာရပ် စော်ဘွားတွေဆီက ရင်းနှီးမြှုပ်နှံမှုကို ဆွဲဆောင်ဖို့ ကြိုးပမ်းခဲ့တယ်။ ဒီပေါ်လစီကို အခု စတားမားရဲ့ လေဘာ ပါတီက ဆက်အကောင်အထည်ဖော်နေတယ်။

ဆူဒန် ပြည်သူတွေရဲ့ အသက်တွေဟာ ဗြိတိန် အရင်းရှင် အကျိုးစီးပွားတွေကို ကာကွယ်ဖို့ ပေးလိုက်ရတဲ့ small price ပဲ။ ဒါ့ကြောင့် ဗြိတိန်နဲ့ အခြားဒေသက အစ္စရေး အလိုတော်ရိတွေက ဂါဇာ ဂျီနိုဆိုက် ဆန့်ကျင်သူတွေကို မင်းတို့က ပါလက်စတိုင်း အရေးပဲ အော်နေတယ်၊ ဆူဒန်က ပြည်သူတွေ အသတ်ခံနေရတာကျ မသိကျိုးကျွံပြုထားတယ်လို့ ပြောလာရင် “မုသားတွေချည်း ပြည့်နေတဲ့ မင်းတို့ ပါးစပ်က ဆူဒန် ပြည်သူတွေကို ခုတုံး မလုပ်စမ်းပါနဲ့” လို့ ပြတ်ပြတ်သားသား ပြောရလိမ့်မယ်။

ယူအက်(စ်) အရင်းရှင်နယ်ချဲ့ကလဲ ဆူဒန် ပြည်တွင်းစစ်မှာ လောင်စာဖြည့်ပေးနေတဲ့ ယူအေအီးကို မျက်နှာလွှဲထားပါတယ်။ အကြောင်းကတော့ ဒေသတွင်း တရုတ် ဩဇာကို ပြန်ကန့်ထားဖို့ ယူအက်(စ်)က ယူအေအီးကို အားကိုးနေရလို့ပဲ။ အနှစ်ချုပ်လိုက်ရင် ဗြိတိန်နဲ့ ယူအက်(စ်)တို့က နှစ်ဖက်လုံးကို ခွကစားနေတာပဲ။

ယူအန်ကတော့ ချွတ်ခြုံကျမြဲ ကျနေတယ်။ ICJ ကတော့ ဆူဒန်ဟာ သူ့စီရင်မှုအောက် မရှိလို့ RSF က ဂျီနိုဆိုက် ကျူးလွန်သလားဆိုတာ ဆုံးဖြတ်ဖို့ ငြင်းဆန်ထားပါတယ်။

တော်လှန်ရေးမှ ‌တန်ပြန် တော်လှန်ရေး ဖြစ်သွားခဲ့တဲ့ ဆူဒန်

စစ်မဖြစ်ခင်ကတည်းက ဆူဒန်ဟာ ကမ္ဘာပေါ်က အဆင်းရဲဆုံး နိုင်ငံတွေထဲက တနိုင်ငံ ဖြစ်ပါတယ်။ တကယ်တော့ ဆူဒန်မှာ သဘာဝ သယံဇာတတွေ အမြောက်အမြား ရှိပါတယ်။ ၂၀၂၂ ခုနှစ်မှာ ဆူဒန် ပြည်သူ ၄၆ သန်းဟာ တနှစ်တာ ပျမ်းမျှ ဝင်ငွေ ဒေါ်လာ ၇၅၀ လောက်နဲ့ အသက်ရှင်နေကြရတယ်။

ဒီစစ်ကြီးဟာ အခြေအနေအရပ်ရပ်ကို ဆိုးသထက် ဆိုးသွားစေခဲ့တယ်။ လွန်ခဲ့တဲ့ နှစ်က ဆူဒန် နိုင်ငံတော်ရဲ့ ဝင်ငွေ ၈၀% ကျဆင်းသွားကြောင်း ဘဏ္ဍာရေး ဝန်ကြီးက ထုတ်ပြောခဲ့တယ်။ တိုင်းပြည် စီးပွားရေး တခုလုံးအနေနဲ့ ၄၀% ပြိုလဲသွားခဲ့တယ်။ စစ်ကြောင့် လူတွေ သိန်းချီ သေဆုံးရုံသာမက အခုလို စီးပွားရေး ပျက်ကပ်ပါ ထပ်ဆောင်းခံနေရတယ်။

ဒီကနေ့ ဆူဒန် ပြည်သူတွေ ကြုံနေရတဲ့ ဒုက္ခ အတိုင်းအဆ ကြီးမားသလို ဆူဒန် တော်လှန်ရေး အင်အားကလဲ ကြီးမားခဲ့တယ်။ အာဏာဟာ ဆူဒန် လူထု လက်ထဲ တကြိမ်မက ကျရောက်ခဲ့တယ်။ ၂၀၁၉ ခုနှစ်က အထွေထွေ သပိတ်တွေဟာ ဆူဒန် မြို့တော်က လူအားလုံး နီးပါး ပါဝင်တဲ့အထိ အားကောင်းခဲ့သလို တိုင်းပြည်တခုလုံးကို သွက်ချာပါဒလိုက်သွားစေခဲ့တယ်။ ရပ်ကွက်အလိုက် ခုခံကာကွယ်ရေး ကော်မတီတွေ ထူထောင်ခဲ့ကြတယ်၊ ဒီလိုနဲ့ အလုပ်သမားထု အာဏာ ကနဦးအဆင့် ပေါ်ထွန်းလာခဲ့တယ်။ ဒီအခြေအနေမှာ တော်လှန်ရေးဘက်က အစိုးရအသစ် ကြေညာပြီး စစ်ဗိုလ်ချုပ်တွေကို ဖမ်းဆီးပစ်ဖို့ပဲ လိုတော့တယ်။ တဆက်တည်း တော်လှန်ရေးနဲ့ အောက်ခြေ တပ်သားတွေကြား သွေးစည်းမှု အားကောင်းလာအောင် လုပ်ရင်း လူထုကို လက်နက်တပ်ဆင်ရမယ်။ ဒီလိုသာ လုပ်ခဲ့ရင် တော်လှန်သော လူထုဘက်က အဆုံးသတ် တိုက်ပွဲ ဆင်နွှဲနိုင်ခဲ့လိမ့်မယ်။

Protesters gather in the busy Jabra district of southern Khartoum last month. Photograph: AFP/Getty Images

ဒါပေမယ့် စပိန် တော်လှန်ရေး အစမှာ ထရော့စကီး သတိပေးခဲ့သလိုပဲ ညံ့ဖျင်းတဲ့ ခေါင်းဆောင်မှုက အောင်ပွဲရဖို့ အလားအလာ အကောင်းဆုံး အခြေအနေမျိုးကိုတောင် ဖျက်ဆီးပစ်နိုင်တယ်။ ဆူဒန် လူထုကို ခေါင်းဆောင်ခဲ့သူတွေဟာ အာဏာ အရယူပြီး ဆိုရှယ်လစ် စနစ် တည်ဆောက်ဖို့အထိ အမြော်အမြင် ရှိတဲ့ ဘော်ရှီဗစ် ပါတီ မဟုတ်ဘူး။ လစ်ဘရယ်တွေ၊ ရွှေပြည်အေးသမားတွေနဲ့ အမျိုးသားရေးဝါဒီတွေ သောင်းပြောင်း ပါဝင်နေတဲ့ အစုအဖွဲ့တခုသာ ဖြစ်ပါတယ်။ အဲဒီထဲ အစိတ်အပိုင်း အတော်များများက အနောက် အန်ဂျီအိုတွေရဲ့ ဩဇာလွှမ်းမိုးမှု ခံနေရသူတွေ ဖြစ်တယ်။ သူတို့ရဲ့ မြော်မြင်ချက်က စစ်ဗိုလ်ချုပ်တွေနဲ့ ‘စေ့စပ်ညှိနှိုင်းပြီး’ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး လုပ်ဖို့လောက်ပဲ ရှိခဲ့တယ်။ စစ်ဗိုလ်ချုပ်တွေက တန်ပြန် တိုက်ခိုက်ဖို့ အားမွေးရင်း အခွင့်အခါကောင်းကို အသာလေး စောင့်နေခဲ့ကြတယ်။

ရက်စက်ကြမ်းကြုတ်လှတဲ့ ဖောက်ပြန်ရေး အင်အားစုတွေ ရှေ့မှောက်မှာ ဆူဒန် လူထုကို အကာအကွယ်မဲ့ ပစ်ထားခဲ့တယ်။ လစ်ဘရယ် ခေါင်းဆောင်မှုက တော်လှန်ရေး အင်အားစုတွေနဲ့ တန်ပြန် တော်လှန်ရေး အင်အားစုတွေကြား ပြည်တွင်းစစ် မဖြစ်အောင် ရှောင်ကွင်းဖို့ ကြိုးစားရင်း တန်ပြန် တော်လှန်ရေးအတွင်း ပြည်တွင်းစစ် ဖြစ်အောင် တဖက်လှည့်နဲ့ ကူပေးခဲ့ကြတယ်။ တချိန်တည်းမှာ တော်လှန်ရေးကို တန်ပြန် တော်လှန်ရေးဘက်က ချေမှုန်းပစ်ခဲ့တယ်၊ အလုပ်သမားနဲ့ လူငယ် အဖွဲ့အစည်းတွေအားလုံးလဲ ဖြိုခွဲခံလိုက်ရတယ်။ ဒီလိုနဲ့ ဆူဒန်ကို ဘာဘရစ်ဇင် ခေတ် ရောက်သွားစေခဲ့တယ်။ ဒီအခြေအနေက ဘယ့်လောက်ထိ ကြာဦးမလဲ ကျနော်တို့ မပြောနိုင်ဘူး။ လောလောဆယ် ဆူဒန် တော်လှန်ရေး တကျော့ပြန် ခေါင်းထောင်လာဖို့ဆိုရင် ပြင်ပက စေ့ဆော်အား ကြီးကြီးမားမား ရှိဖို့ လိုအပ်နေတယ်။ (ဒေသတွင်း ရှေ့တန်း အရောက်ဆုံး တိုင်းပြည်ဖြစ်တဲ့) အီဂျစ်က အလုပ်သမား လူတန်းစားဟာ ဆူဒန် တော်လှန်ရေးအတွက် အဓိက မဟာမိတ် အင်အားပဲ။

အ,ကာလ အမှောင်ဖုံးနေတဲ့ ဖောက်ပြန်ရေး အခြေအနေတွေ လတ်တလော မင်းမူနေသော်ငြား ဆူဒန် လူထုကြီးရဲ့ သူရဲကောင်းပီသသော တိုက်ပွဲက ဧရာမ တော်လှန်ရေး စွမ်းအင်တွေ ကမ္ဘာတဝှမ်း ကိန်းအောင်း တည်ရှိနေကြောင်း ပြသနေတယ်။ ဒီစာတွေ ရေးနေချိန် အာရှနဲ့ အာဖရိက တလွှား ဖြစ်ပွားသွားတဲ့ ပုန်ကန်အုံကြွမှု လှိုင်းကြီးမှာလဲ ကိန်းအောင်း တည်ရှိနေတဲ့ အဲဒီ စွမ်းအင်တွေကို နောက်တချီ မြင်တွေ့ခဲ့ရပြီးပြီ။ ဒီကနေ့ခေတ် တိုက်ပွဲဝင် မျိုးဆက်သစ်အတွက် ဆူဒန်ဟာ သိသာထင်ရှားတဲ့ သတိပေးချက်တခု ဖြစ်နေပါတယ်။ အဲဒါကတော့ တော်လှန်ရေးတရပ်ကို တဝက်တပျက် သွားလုပ်လို့ မရဘူး။

ဆူဒန် တော်လှန်ရေးရဲ့ ခေါင်းဆောင်ပိုင်း နေရာ ရောက်သွားတဲ့ လစ်ဘရယ်တွေဟာ ဒီမိုကရေစီ အုပ်ချုပ်ရေးကို အရယူနိုင်လောက်အောင် စွမ်းဆောင်ရည် လုံးဝ မရှိဘူးဆိုတာ သူတို့ဘာသာ ဖွင့်ပြသွားခဲ့တယ်။ ဒီလိုနဲ့ သူတို့ဟာ လူထုကို သစ္စာဖောက်သွားတာပဲ။ ဒီမိုကရေစီကို အရယူပြီး ဆူဒန် လူထုတရပ်လုံး ဂုဏ်သိက္ခာရှိရှိ ရှင်သန်နိုင်ရေး စွမ်းဆောင်နိုင်တဲ့ တခုတည်းသော အင်အားကတော့ ခုခံကာကွယ်ရေး ကော်မတီတွေအဖြစ် စုစည်းထားတဲ့ အလုပ်သမား၊ လူငယ်နဲ့ ဆင်းရဲသား လူထုကြီးပဲ ဖြစ်ပါတယ်။

၂၀၁၈-၂၀၂၁ မှာ လစ်ဟင်းနေတာဆိုလို့ တခုပဲ ရှိပါတယ်။ အဲဒါကတော့ လူထုတရပ်လုံးကို လွှမ်းခြုံနိုင်ပြီး တော်လှန်ရေးကို အဆုံးထိ ဆင်နွှဲလိုတဲ့ ပါတီတခု မရှိခဲ့တာပဲ။ ဒီလိုသာ အဆုံးထိ ဆင်နွှဲနိုင်ခဲ့ရင် အာဖရိကနဲ့ အရှေ့အလယ်ပိုင်း ဒေသက လူထုအားလုံးအတွက် အလွန်တရာ အားကောင်းတဲ့ လှုံ့ဆော်အားပေးမှုကြီး ဖြစ်ခဲ့လိမ့်မယ်။ ဆူဒန် တော်လှန်ရေး မီးပွားလေးကနေ ပိုကျယ်ပြန့်တဲ့ တော်လှန်ရေး လှုပ်ရှားမှုကြီး ဖြစ်ပေါ်လာပြီး အဲဒီ ဒေသကြီးတခုလုံးကနေ အရင်းရှင်စနစ်ကို ဖယ်ရှားပစ်နိုင်ခဲ့လိမ့်မယ်။

ထရော့စကီးကို နောက်တကြိမ် ကိုးကားပြီး ပြောရရင် အနာဂတ်မှာ ဖြစ်လာမဲ့ ဘယ်တော်လှန်ရေးမဆို အောင်မြင်ဖို့ အခြေအနေ သုံးရပ် ရှိရမယ် –

a party; once more a party; again a party!

မေဆန်

(၂၆ ရက်၊ ဒီဇင်ဘာ၊ ၂၀၂၅)

မှီငြမ်းကိုးကား။    ။

Sudan’s hidden horror: inside the 15 August Guardian Weekly

Sudanese Civil War: the devastating consequences of counter-revolution by Joe Attard (10 November 2025)