ကျားဖြန့်နဲ့ ဘတ်ငွေ မာလာခြင်း၊ ထိုင်း-ဗမာ စီးပွားရေးကို ဘယ်လို ရိုက်ခတ်မှု ရှိမလဲ

ဗမာနိုင်ငံရဲ့ အိမ်နီးချင်းဖြစ်တဲ့ ထိုင်းနိုင်ငံဟာ ပြီးခဲ့တဲ့ ၂၀၂၅ ကာလတလျှောက် အကြပ်အတည်းပေါင်းစုံကို ရင်ဆိုင်ခဲ့ရပါတယ်။ ခရီးသွားလာမှု tourism လုပ်ငန်းဟာ နှစ်စဉ် ထိုင်းနိုင်ငံရဲ့ GDP 10-20% ထိ ရှာပေးနေတဲ့ လုပ်ငန်းတခုဖြစ်ပြီးတော့ ဒီလုပ်ငန်းဟာ ထိုင်းနိုင်ငံရဲ့ ဝယ်ယူစားသုံးမှုကို လှုံ့ဆော်ရေးမှာရော၊ ဝင်ငွေအရရော တကယ်အရေးပါတဲ့ လုပ်ငန်းတခုပါပဲ။ 

ဒါပေမဲ့ ၂၀၂၄ လောက်ကစလို့ ထိုင်းနိုင်ငံရဲ့ tourism လုပ်ငန်းဟာ ဒေသတွင်းပြိုင်ဘက်တွေဖြစ်တဲ့ ဗီယက်နမ်နဲ့ မလေးရှားတို့ရဲ့ ဈေးကွက်လုယူမှုကို သိသိသာသာစခံလာရတယ်။ ခရီးတို အလည်လာတဲ့ ပမာဏ သိသိသာသာ ကျဆင်းသွားခဲ့တယ်။ ဥပမာ၊ တရုတ်ပြည်ကနေ ထိုင်းကို လာလည်တဲ့ ပမာဏ (၃၃%)၊ ဟောင်ကောင်ကနေ ထိုင်းကို လာလည်တဲ့ ပမာဏ (၂၉%)၊ ဗီယက်နမ်ကနေ လာလည်တဲ့ ပမာဏ (၃၃%)နဲ့ ထိုင်ဝမ်က (၁၁%) ကျဆင်းပြီးနောက်1တိုးရစ် အများအပြားဟာ အရှေ့တောင် အာရှရဲ့ အခြားနိုင်ငံတွေဖြစ်တဲ့ ဗီယက်နမ်နဲ့ မလေးရှားဈေးကွက်ဆီ ရောက်သွားကြတယ်။ 

ဒီနေရာမှာ ထည့်ပြောဖို့လိုလာတာက ထိုင်းကို ခရီးတို လည်ပတ်သူ ပမာဏ ကျမသွားဘဲ တိုးလာတဲ့ နိုင်ငံထဲ ဗမာပြည် ပါဝင်နေတယ်။ ၁၇% တိုးလာတယ်လို့ သိရပါတယ်။ 

အနောက် ဥရောပ နိုင်ငံတွေကနေ ခရီးရှည် အလည်လာတဲ့ ပမာဏ တိုးလာတာ ရှိပေမဲ့ ခရီးတို အလည်လာတဲ့ ပမာဏ ကျဆင်းသွားတာကို ပြန်မကုစားနိုင်သေးဘူး။ ဥပမာ၊ တရုတ်ကနေ လာလည်တဲ့ လူဦးရေ ပမာဏဟာ ပြည်ပက ရောက်လာသူ စုစုပေါင်းရဲ့ ၂၈% လောက်ရှိတယ်။ ဒါ့ကြောင့် အပြည်ပြည်ဆိုင်ရာ ခရီးသွားလုပ်ငန်းဟာ နှစ်အလိုက် ပျမ်းမျှတွက်ကြည့်ရင် ၇%လောက် ကျဆင်းသွားပါတယ်။

ထိုင်းနိုင်ငံရဲ့ အဓိကစီးပွါးရေး လုပ်ငန်းကြီးတခုဖြစ်တဲ့ ခရီးသွားလာရေးလုပ်ငန်း ဝင်ငွေ တအိအိကျဆင်းလာတာမှာ အကြောင်းများစွာ ရှိပါတယ်။ ဒါပေမဲ့ ဘယ်လိုမှ ချန်ထားခဲ့လို့ မရတဲ့ အကြောင်းရင်းတွေထဲက တခုကတော့ scam center လို့ခေါ်တဲ့ ကျားဖြန့်လုပ်ငန်းတွေပါပဲ။

 

၂၀၂၅ ဇန်နဝါရီလမှာ တရုတ် ဆယ်လီဘရစ်တီတယောက် ထိုင်းနိုင်ငံမှာ ကျားဖြန့်တွေရဲ့ ပြန်ပေးဆွဲခံလိုက်ရတဲ့အကြောင်း တကမ္ဘာလုံး အုပ်‌အော်သောင်းနင်း ဖြစ်သွားရာကနေ တရုတ်ပြည်တွင်းက ခရီးသွားတွေအနေနဲ့ ထိုင်းနိုင်ငံရဲ့ လုံခြုံရေးအကြောင်းကို စပြီးတော့ မေးခွန်းထုတ်လာကြတယ်2

ထိုင်းအစိုးရအနေနဲ့ ကျားဖြန့်နှိမ်နင်းရေးကို အင်တိုက်အားတိုက် လုပ်ရတဲ့နေရာမှာ တချိန်က ထိုင်းနိုင်ငံကို တိုးရစ်တွေအပါအဝင် Digital nomad တွေ လာချင်စဖွယ် ဖြစ်စေခဲ့တဲ့ အခင်းအကျင်းတွေပါ ပြန်ရုပ်သိမ်းပစ်ရတဲ့အထိ ဖြစ်သွားခဲ့တယ်။ ဗီဇာကင်းလွတ်ခွင့် ပေးထားတဲ့ နိုင်ငံကြီးတွေက နိုင်ငံသားတွေကို အကြိမ်ကြိမ် visa run ခွင့်မရတော့အောင် အကြိမ်ရေ ကန့်သတ်ပစ်ရတာတွေ၊ ငွေကြေးခဝါချမှုတွေကို ပိတ်ပင်ကန့်သတ်ဖို့အတွက် ဘဏ်အကောင့်တွေအပေါ် ကန့်သတ်ပိတ်ပင်တာတွေ၊ အသစ်ဖွင့်မယ့် ဘဏ်အကောင့်တွေအတွက် လိုအပ်ချက်တွေ အများအပြား ပြဋ္ဌာန်းရတာတွေ လုပ်လာရတဲ့အခါမှာ ထိုင်းနိုင်ငံမှာ အခြေစိုက်တဲ့ Digital nomad တွေအတွက်ပါ ထိုင်းနိုင်ငံဟာ နေချင်စရာ မကောင်းလှတော့ဘူး။ 

အဲ့ဒါအပြင် ပြည်တွင်းမှာလည်း ထိုင်းနိုင်ငံရဲ့ အိမ်ထောင်စုကြွေးမြီတွေဟာ ကြောက်ခမန်းလိလိ ဖြစ်နေပြီးတော့ ၂၀၂၃ မှာဆိုရင် တိုင်းပြည် GDP ရဲ့ ၉၁.၃% ထိ ရှိနေပြီးတော့ တကမ္ဘာလုံး အတိုင်းအတာအဆင့်မှာပါ ထိုင်းနိုင်ငံဟာ အိမ်ထောင်စု ကြွေးမြီနဲ့ GDP အချိုး အမြင့်ဆုံး နိုင်ငံထဲ ပါနေခဲ့တယ်။ ၂၀၂၅ ဒုတိယ သုံးလပတ်မှာ အိမ်ထောင်စု ကြွေးမြီက ထိုင်း GDP ရဲ့ ၈၆.၈% ရှိခဲ့ပါတယ်။ Debt-service coverage ratio (DSCR) မှာဆိုရင် ၂၂.၃% ထိရှိနေပြီးတော့ ကမ္ဘာ့ နိုင်ငံကြီးတွေရဲ့ ပျမ်းမျှနှုန်းထား ၉.၈% ကိုတောင် များစွာ ကျော်နေပါပြီ။  

အောက်ပါပုံမှာ ကိုဗစ်မတိုင်မီနဲ့ ၂၀၂၃ခုနှစ် အိမ်ထောင်စု ကြွေးမြီတွေကို အခြားသော နိုင်ငံတွေနဲ့ ယှဉ်ပြထားပါတယ်။3

 

ထိုင်းနိုင်ငံအနေနဲ့ လွန်ခဲ့တဲ့ ၅နှစ်တာ ကာလကနေ အခုချိန်အထိ ရင်ဆိုင်နေရတဲ့ စီးပွါးရေးဆိုင်ရာ အကျပ်အတည်းကို မြင်သာအောင် အကျဉ်းချုပ်ပြောခဲ့တာ ဖြစ်ပါတယ်။ 

၂၀၂၆ အတွက် Bank of Thailand (BoT) နဲ့ Siam Commercial Bank(SCB) တို့ရဲ့ ခန့်မှန်းချက်အရ စီးပွါး‌ရေး တိုးတက်နှုန်းဟာ ၁.၅% လောက်ပဲ ရှိနိုင်ပါတယ်၊ ဒါဟာ ဆယ်စုနှစ် ၃ခုစာအတွင်း အနိမ့်ဆုံး အနေအထား ဖြစ်ပါတယ်။ 4

၂၀၂၃ ခုနှစ်က ကောက်ယူရရရှိတဲ့ အချက်အလက်တွေအရ ထိုင်းနိုင်ငံသားတွေရဲ့ အသက်အရွယ် အိုမင်းမှုဟာ ဆိုလို့ရှိရင်လည်း နိုင်ငံသားတွေရဲ့ ၂၀% ဟာ အသက် ၆၀ကျော်အရွယ်ထဲကို ရောက်ရှိလာပြီ ဖြစ်ပါတယ်။5 ဒီကိန်းဂဏန်း ပမာဏဟာ ဘယ်လိုမှ လျစ်လျူရှုလို့ မရတဲ့ အနေအထား ဖြစ်ပါတယ်။ လူငါးယောက်တိုင်းမှာ တစ်ယောက်က ပင်စင်စားအရွယ်ကို ချဉ်းနင်းဝင်ရောက်နေတာဖြစ်ပြီးတော့ ထိုင်းလုပ်သား အင်အားထုထဲက အားကောင်းမောင်းသန်အရွယ်တွေ အလွန်အမင်းလျော့ကျလာတာဖြစ်ပါတယ်။ 

 

ထိုင်းဘတ်မာရခြင်းရဲ့ နောက်ကွယ်

စီးပွါးရေးဝင်ငွေ၊ ကြွေးမြီ၊ လုပ်သားအင်အားထု၊ လူ့စွမ်းအားအရင်းအမြစ်၊ အားလုံးက အခြေအနေ မကောင်းပေမယ့် ထိုင်းဘတ် တန်ဖိုးကတော့ မြင့်တက်လျက်ရှိတယ်။ ကျဆင်းနေတဲ့ စီးပွါးရေးနဲ့ တန်ဖိုးမြင့်တက်နေတဲ့ ငွေကြေးဆိုတဲ့ အတွဲအစပ်က သိပ်ကောင်းလှတဲ့ အရာတော့ မဟုတ်တာ အမှန်ပါပဲ။ 

ဒါပေမဲ့ ဘာဖြစ်လို့ အခုလိုမျိုး ဖြစ်နေရသလဲ။ ပုံမှန်အားဖြင့်ဆိုရင်တော့ တိုင်းပြည်တခုရဲ့ စီးပွါးရေး တိုးတက် အားကောင်းနေတဲ့ အချိန်မှာ ပြည်တွင်းသာမက ပြည်ပ ရင်းနှီးမြှုပ်နှံသူတွေကပါ ပြည်တွင်းငွေကြေးနဲ့ ရင်းနှီးမြှုပ်နှံလို့ ဝယ်လိုအားတက်ပြီး ငွေကြေးဈေးမြင့်တာ မှန်ပေမယ့် အခုဖြစ်နေတာက မျက်စိလည်စရာပဲ။

ရွှေဈေးဟာ ၂၀၂၅ခုနှစ်မှာ စံချိန်တင် မြင့်တက်ခဲ့တယ်၊ အရင်နှစ်ကထက် ၆၇ % မြင့်တက်သွားခြင်း ဖြစ်ပါတယ်။ ထိုင်းနိုင်ငံဟာ ရွှေကို အကြီးအကျယ် ရောင်းဝယ်ဖေါက်ကားတဲ့ နေရာတခုလို ဖြစ်လာပြီးတော့ ရောင်းဝယ်တဲ့အခါမှာ ထိုင်းဘတ်ကို အသုံးချတာကြောင့် ဘတ်တန်ဖိုး မာနေခြင်း ဖြစ်နိုင်တယ်လို့ တချို့က ဆိုပါတယ်။6

နောက်ထပ် အရေးကြီးတဲ့ အကြောင်းရင်းတခုကတော့ ထိုင်း-ဗမာ-လာအို-ကမ္ဘောဒီးယား နယ်စပ်တဝိုက်က ကျားဖြန့်စင်တာတွေပါပဲ။ သူတို့ဆီကနေ ဘီချံနဲ့ချီတဲ့ ငွေမည်းတွေ ထိုင်းနိုင်ငံအတွင်း စီးဝင်လာပြီး ငွေကြေးခဝါချတာတွေ လုပ်နေကြတယ်။ ဒီအချက်ဟာ လတ်တလော ထိုင်းဘတ်မာရခြင်းရဲ့ နောက်ကွယ်က အကြောင်းရင်း တခု ဖြစ်ပါတယ်။

ဗမာပြည်မှာ ကျပ်ငွေတန်ဖိုး ထိုးကျနေတာကို လူထုတရပ်လုံး ခါးစီးခံနေရတယ်။ ကိုယ့်လက်ထဲက ကျပ်ငွေဟာ တနေ့တခြား စက္ကူစုတ်နဲ့ မခြား ဖြစ်လာတယ်။ ကျပ်ငွေတန်ဖိုး ကျဆင်းလာခြင်းကြောင့် ကိုယ်ရတဲ့ လုပ်ခလစာရဲ့ အမှန်တကယ် ဝယ်ယူစားသုံးနိုင်စွမ်းကို ဖျက်စီးပစ်နေတာပဲ။ အရင်က သောင်းတန်တရွက်ကိုင်ပြီး မိသားစုတခုလုံး အသားငါး ဝယ်ချက်ကျွေးနိုင်ခဲ့တဲ့ အိမ်ရှင်မဟာ အခုဆိုရင် အသားတန်း ငါးတန်းရှေ့က ဖြတ်မလျှောက်ရဲတော့ဘူး။ အဲဒါ ကျပ်ငွေ depreciation ဖြစ်သွားလို့ အလုပ်သမားထု ရရှိနေတဲ့ လုပ်ခလစာတွေရဲ့ purchasing power ထိုးကျသွားခြင်းပဲ။ 

အခု ပြောနေတဲ့ ထိုင်းဘတ်က ဒါနဲ့ ပြောင်းပြန်ဖြစ်ပါတယ်။ ဘတ်ငွေ မာလာခြင်း “appreciation” ဖြစ်ပါတယ်။ ဘတ်က ကျပ်နဲ့ ယှဉ်လို့ မာတယ် ထင်ရတာ မဟုတ်ပါဘူး။ အမေရိကန် ဒေါ်လာယှဉ်ရင်ကို ၁၀% နီးပါး တန်ဖိုးတက်လာတဲ့ အနေအထား ဖြစ်ပါတယ်။ 

ဒီတော့ ရုတ်တရက်ကြည့်ရင် အလွန်ကောင်းတာပဲလို့ ထင်စရာ ရှိတယ်။ အထူးသဖြင့် ဗမာပြည်က လူတယောက်အနေနဲ့ အဲလို ထင်မိမှာပဲ။ ကိုယ့်လက်ထဲက ဘတ်တရာတန်ဟာ အရင်ကထက် ပိုအသုံးခံလာတာ မကောင်းဘူးလား။ ဟုတ်ကဲ့၊ တကယ့် လက်တွေ့မှာတော့ အဲသလို မဟုတ်ဘူးလို့ပဲ ပြောရပါလိမ့်မယ်။ ဘာ့ကြောင့်ပါလဲ။

အကြောင်းကတော့ ဘတ်ငွေမာခြင်း၊ ပျော့ခြင်းဟာ သူ့ချည်းသီးသန့် ဖြစ်နေတဲ့ ကိစ္စ မဟုတ်လို့ဘဲ။ ဒါကိုလဲ ဒိုင်ယာလက်တစ် အတွေးအခေါ်နဲ့ကြည့်မှ ပိုရှင်းပါတယ်။ ဘယ် အစိတ်အပိုင်းကမှ သူ့ချည်း သီးခြား ရပ်တည်နေတာမျိုး မဖြစ်နိုင်ဘူး၊ သူပါဝင်ရာ the whole ရဲ့ အစိတ်အပိုင်းအဖြစ်သာ တည်ရှိနေခြင်း ဖြစ်တယ်။ ဒီတော့ ထိုင်းဘတ်မာခြင်း ကိစ္စကိုလဲ အရင်းရှင်စနစ် ဆိုတဲ့ the whole နဲ့ ကင်းလွတ်ပြီး နားမလည်နိုင်ဘူး။

အထက်မှာ ပြောခဲ့သလိုပဲ ထိုင်း အရင်းရှင်စနစ်ဟာ ထိုင်းမှိုင်းနေတာ ကြာပြီ။ ဂျီဒီပီ တိုးတက်မှုက လောက်လောက်လားလား မရှိဘူး။ ၂၀၁၂ ကနေ ၂၀၂၅ အထိ ပျမ်းမျှ ၂% တောင် မရှိတော့ဘူး။ ဒါကလဲ အကြောင်းမဲ့ မဟုတ်ဘူး။ ကမ္ဘာ့ အရင်းရှင် လူတန်းစားနည်းတူ ထိုင်း အရင်းရှင် လူတန်းစားဟာလဲ ကုန်ထုတ်လုပ်ရေးဘက်မှာ ဟုတ်တိပတ်တိ ရင်းနှီးမြှုပ်နှံမှု မလုပ်ချင်ဘူး။ ဘန်ကောက်ပို့(စ်)လို ဘူဇွာ မီဒီယာတွေကတောင် ထုတ်ညည်းနေတာ ခဏခဏပဲ။ ၁၉၉၇ အရှေ့ပိုင်းတုန်းက ကုန်ထုတ်လုပ်ရေးမှာ ရင်းနှီးမြှုပ်နှံမှု ပမာဏ ဂျီဒီပီရဲ့ ၄၀% အထိ ရှိခဲ့တယ်၊ အဲဒီနောက် ကျဆင်းလာလိုက်တာ ၂၀-၂၃% လောက်ပဲ ရှိတော့တယ်လို့ ဘန်ကောက်ပို့(စ်)က ဆိုပါတယ်။

ဒီကြားထဲ ထိုင်းမှာ အိမ်ထောင်စု ကြွေးမြီတွေ နင့်သထက် နင့်လာတယ်။ ဒီတော့ ဘဏ်တွေက အရင်လို ခရက်ဒစ် လွယ်လွယ်နဲ့ ထုတ်မချေးတော့ဘူး။ အကုန် တင်းကြပ်လာတယ်။ အကျိုးဆက်အနေနဲ့ ပြည်တွင်း ဝယ်လိုအား ကျဆင်းလာတယ်။ 

ပြည်ပက ဝင်လာမဲ့ ဧည့်သည်တွေဆီက ဝယ်လိုအားကို မျှော်နေရချိန် ခရီးသွား လုပ်ငန်းဘက်ကလဲ အကျပြလာတယ်။ ထိုင်းဘတ်က မာနေတော့ ပြည်ပ ခရီးသွားတွေအနေနဲ့ ထိုင်းကို အလည်လာရတာ အရင်ကထက် အကုန်အကျ ပိုများတယ်လို့ မြင်လာမှာပဲ။ ဒီတော့ ပြည်ပ ပို့ကုန်ကို ပိုအားထားရတဲ့ အခြေအနေ ရောက်လာတယ်။ 

ဒီနေရာမှာလဲ productive investment နည်းနည်းနဲ့ ထုတ်ထားတဲ့ ရောင်းကုန်တွေကို ကမ္ဘာ့ ဈေးကွက်မှာ ယှဉ်တိုးရတာ ဖြစ်ပါတယ်၊ ဒီကြားထဲ ဘူးလေးရာ ဖရုံဆင့် ဆိုသလို ထိုင်းဘတ်က မာနေတော့ နိုင်ငံတကာ ဈေးကွက်မှာ သူများနဲ့ ယှဉ်တဲ့အခါ ထိုင်းပစ္စည်းတွေက ဈေးပိုကြီးသလို ဖြစ်နေမယ်။ အဲဒါကို “less competitive” ဖြစ်နေတယ်လို့ ပြောကြတာပဲ။ 

ဒီတော့ ပြည်ပ ပို့ကုန်အပေါ်  မှီခိုအားထားရတဲ့ ထိုင်း စိုက်ပျိုး မွေးမြူရေး လုပ်ငန်း လုပ်ကိုင်သူတွေ အထိနာကုန်ပါပြီလို့ အော်လာကြတယ်။ ဆိုလိုတဲ့ သဘောက အကြီးစား အရင်းရှင် လူတန်းစားကိုပဲ ထိတာ မဟုတ်ဘဲ သာမန် အသေးစား ထုတ်လုပ်သူလေးတွေကိုပါ ပိုအထိနာသွားစေခဲ့တယ်။ 

ကိုယ်ပိုင် လုပ်ငန်း မရှိတဲ့ အခစား အလုပ်သမားတွေကျ ထိုင်းဘတ်မာတာ ပိုမကိုက်ဘူးလား။ ဒါလဲ မျက်နှာစာ တခုတည်းက ကြည့်ရင် မှန်ပါတယ်။ ဒါပေမယ့် ထိုင်းစီးပွားရေး ချိနဲ့လာချိန်၊ low investment ဖြစ်နေချိန် ဝယ်လိုအား ကျလာ၊ နိုင်ငံတကာ ဈေးကွက်မှာ ထိုင်း ပို့ကုန်တွေက ယှဉ်ပြိုင်နိုင်စွမ်း နည်းလာတဲ့ အခြေအနေမှာ အလုပ်သမား လူတန်းစားအဖို့ အလုပ်ရဖို့ ပိုခက်ခဲ မသွားဘူးလား။ ခက်ခဲသွားရုံမက ရှိပြီးသား အလုပ်တောင် ပြုတ်သွားနိုင်သေးတယ်။ အရင်းရှင် လူတန်းစားဆိုတာ သူ့အတွက် အမြတ်နည်းရင်၊ တွက်ခြေမကိုက်ရင် ထုတ်လုပ်ရေးဘက်ကို cost လျှော့ချမှာပဲ။ အလုပ်သမား အင်အား လျှော့မယ်၊ လခလျှော့မယ်၊ နောက်ဆုံး ထုတ်လုပ်ရေးဘက် invest မလုပ်တော့ဘူး၊ စက်ရုံတွေ ပိတ်ချလိုက်မယ်၊ စသဖြင့်။ ဒီနည်းနဲ့ အရင်းရှင်စနစ် အကျပ်အတည်းကို အလုပ်သမား လူတန်းစား ပုခုံးပေါ် ပစ်တင်လေ့ရှိတယ်။ 

 

နှစ်နိုင်ငံကြား စီးပွားရေး သက်ရောက်မှုများ

ထိုင်းစီးပွားရေး ထိုင်းရုံမကလို့ ပြိုလဲသွားပါစေ၊ ဗမာပြည်က ငါတို့နဲ့ ဘာဆိုင်သလဲလို့ မေးစရာ ရှိပါတယ်။ ညောင်ဦးကမ်းပါး ပြိုတာနဲ့ စမ္ပာနဂိုက နွားမ ပေါင်ကြိုးတာ ဘာဆိုင်လဲလို့ ထင်စရာ ရှိပါတယ်။ ဆိုင်သမှ သိပ်ကို ဆိုင်ပါတယ်။ အဲသလို ထင်တတ်သူတွေ ဝေးဝေးကြည့်စရာ မလိုပါဘူး၊ ကိုယ့်ကိုယ်ကိုယ် ပြန်ကြည့်လိုက်ပါ၊ မနက်နိုးတော့ သွားတိုက်တဲ့အခါ ဘယ်နိုင်ငံကထုတ်တဲ့ သွားတိုက်ဆေးနဲ့ တိုက်ခဲ့လဲ၊ ဘယ်ကထုတ်တဲ့ ဒယ်အိုးနဲ့ ထမင်းကြော်ခဲ့လဲ၊ ဟင်းချက်ခဲ့လဲ၊ ဘယ်က ထုတ်တဲ့ ပေါင်းအိုးနဲ့ ထမင်းတည်ပြီး စားခဲ့သလဲ၊ တခုချင်း လိုက်ကြည့်လိုက်ပါ။ မိတ်ဆွေ နေ့တဓူဝ စားသုံးနေတာ အားလုံး ထိုင်း စီးပွားရေးနဲ့ ကင်းလွတ်တာ ဘယ်နှခု ရှိမလဲ ချတွက်လိုက်ပါ။ 

ဒီလို လက်တွေ့ကျကျ စဉ်းစားလိုက်မယ်ဆိုရင် ဗမာပြည်ဟာ ကုန်ပစ္စည်း အမျိုးအစား အမြောက်အမြားကို ထိုင်းကနေ တင်သွင်းနေရတယ် ဆိုတာ သိလာလိမ့်မယ်။ အဲဒီလို သိလာရင် ထိုင်းဘတ်မာနေခြင်းဟာ ဗမာပြည် ဈေးကွက်ထဲက ကုန်ပစ္စည်းတွေ ဈေးကြီးနေခြင်းနဲ့ တိုက်ရိုက် ပတ်သက်နေတာ အထင်းသား မြင်လာလိမ့်မယ်။ နိုင်ငံတကာ ဈေးကွက်မှာ ထိုင်းပစ္စည်းတွေက less competitive ဖြစ်တယ် ဆိုပေမဲ့ ဗမာပြည်အနေနဲ့တော့ ထိုင်းပို့ကုန်အပေါ် သိသိသာသာ မှီခိုနေရတာ အားလုံး အသိပဲ။ အထူးသဖြင့် စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဒီမှီခိုမှုဟာ ပိုများလာတယ်။ ပြည်တွင်းစစ်ကာလ တရုတ်-ဗမာ ကုန်သွယ်ရေး လမ်းကြောင်းတွေ ပိတ်သွားလေ ဗမာက ထိုင်းကို ပိုမှီခိုလာရလေ ဖြစ်ခဲ့တယ်။ 

ဗမာက ထိုင်းကို ပို့ကုန် တင်ပို့ရင်လဲ ထိုင်းဘတ်က မာနေတော့ ဗမာဘက်ကပဲ အရှုံးပြပါတယ်။ ဒါ့အပြင် ဗမာက ထိုင်းဘက်က manufactured goods ကို တင်သွင်းရတာ ဖြစ်ပြီး ထိုင်းက ဗမာဘက်က ကုန်ကြမ်းကို တင်သွင်းရတာ ဖြစ်ပါတယ်။ ဒီတော့ ကျပ်က တန်ဖိုးကျပြီး ဘတ်က မာနေတဲ့ အခြေအနေမှာ နှစ်ပြန် ရှုံးပါတယ်။ ဒါက ကုန်သွယ်ဆက်ဆံရေးကနေ အတိုင်းသား မြင်တွေ့ရတဲ့ တိုက်ရိုက် သက်ရောက်မှုတွေပဲ​ ဖြစ်ပါတယ်။ 

အရေးကြီးတဲ့ နောက်ကဏ္ဍတခုကတော့ FDI ပါ။ ဗမာပြည်မှာ ထိုင်းရဲ့ FDI က စစ်အာဏာသိမ်းပြီးနောက်ပိုင်း ပိုများလာတယ်။ ဒီနေရာမှာလဲ ထိုင်းဘတ်မာနေခြင်းဟာ ဗမာပြည်အတွက် အနှုတ်ပြပြန်တယ်။ 

တခါ ဗမာပြည်က ကျားဖြန့်ခေါ် call center scammer ဂိုဏ်းတွေကလဲ ထိုင်း စီးပွားရေးအပေါ် negative impact ကြီးကြီးမားမား သက်ရောက်ပါတယ်။ 

ကျားဖြန့် ဂိုဏ်းတွေရဲ့ နောက်ကွယ်မှာ နိုင်ငံရေး အာဏာ ကြီးကြီးမားမား ကိုင်ထားသူတွေ ပါဝင် ပတ်သက်နေတယ် ဆိုတဲ့ စွပ်စွဲချက်တွေ ထွက်ပေါ်လာပြီး နောက်ပိုင်း ထိုင်း ဒုဘဏ္ဍာရေးဝန်ကြီး နှုတ်ထွက်ခဲ့ရတဲ့အထိ ရိုက်ခတ်မှု ကြီးမားခဲ့တယ်။ 

 

ကျားဖြန့် နိုင်ငံတော်

ကျားဖြန့်ဂိုဏ်း အများအပြားဟာ ကမ္ဘောဒီးယား နိုင်ငံ၊ ထိုင်း-မြန်မာနယ်စပ်တွေမှာ တည်ရှိပြီးတော့ နှစ်စဉ် ထိုင်းနိုင်ငံအပါအဝင် ကမ္ဘာအနှံ့က လူတွေဆီကနေ လိမ်လည်ရရှိငွေဟာ ဒေါ်လာဘီလျံ ရာချီပါတယ်။ အဲဒီဒုစရိုက် လိမ်လည်မှုတွေကနေ ရလာတဲ့ ငွေတွေကို ငွေဖြူဖြစ်အောင် ငွေကြေးခဝါချဖို့ လိုလာတဲ့အခါ ထိုင်းနိုင်ငံထဲက စွမ်းအင် ကုမ္ပဏီကြီးတွေနဲ့ ငွေကြေး ကုမ္ပဏီကြီးတွေမှာ ရှယ်ယာ အမြောက်အမြား ဝယ်ယူပြီးတော့ ငွေမဲတွေကို ငွေဖြူဖြစ်အောင် လုပ်ပါတယ်။ ဒီလိုနည်းနဲ့ ထိုင်း စီးပွားရေး စနစ်အတွင်း fictitious capital (ထွင်ထားတဲ့ အရင်း) တွေ အလုံးအရင်းနဲ့ ဝင်လာခဲ့တယ်။ 

ဒါဟာ ထိုင်းနိုင်ငံရဲ့ real economy အပေါ် ဆိုးကျိုးတွေပဲ တသီကြီး သက်ရောက်စေမှာ ဖြစ်လို့ အုပ်စိုးသူတွေ မျက်ခုံးလှုပ်နေကြခြင်း ဖြစ်ပါတယ်။ ဒါ့ကြောင့် လောလောဆယ် ဘတ်ငွေမာနေပေမဲ့ သူတို့ မပျော်ရဲဘူး။

ကျားဖြန့်လို့ တရုတ်လိုခေါ်တဲ့ ငွေလိမ်ဂိုဏ်းတွေဟာ အစောကတည်းက ရှိခဲ့ပေမယ့် ကိုဗစ်-၁၉ ကပ်ဘေး ကာလအတွင်း ဒစ်ဂျစ်တယ် လုပ်ငန်းတွေ ပိုမိုခေတ်စားလာတဲ့ ၂၀၂၀နောက်ပိုင်းမှာ ပိုပြီးတော့ အရှိန်အဟုန် အားကောင်းလာပါတော့တယ်။ 

ဗမာနိုင်ငံမှာတော့ ပြည်တွင်းစစ်၊ လက်နက်ကိုင်ဂိုဏ်းဂဏနဲ့ အကျိုးစီးပွါး ပဋိပက္ခတွေ၊ အကျင့်ပျက်ခြစားမှုတွေ အားကောင်းတဲ့အခါ အဲ့ဒီဂိုဏ်းတွေအတွက် ရေခံမြေခံကောင်းတခုလို  ဖြစ်နေတဲ့အတွက် ၂၀၂၁ နောက်ပိုင်း ထိုင်း-မြန်မာနယ်စပ် မြန်မာနိုင်ငံဘက်အခြမ်းမှာ အပြိုင်းအရိုင်းကို ပေါ်ပေါက်လာပါတယ်။ 

ကျားဖြန့်လုပ်ဖို့ ဆိုတာကလည်း အမှန်တကယ်တော့ အခြေခံ အဆောက်အအုံ အများကြီးလိုလှတာတော့ မဟုတ်ပါဘူး။ ရုံးခန်းပုံစံလုပ်ဖို့ နေရာလွတ်ကျယ်ကျယ်၊ လျှပ်စစ်မီး၊ ကွန်ပြူတာနဲ့ အင်တာနက်ရှိရင်ကို လုပ်လို့ရတဲ့ ရာဇဝတ်မှုမျိုး ဖြစ်ပါတယ်။ ဒါ့ကြောင့် ကျားဖြန့် စင်တာကြီးတွေကို ဖြိုခွဲလိုက်ရင်တောင် နေရာပေါင်းစုံကို ပြန့်ကြဲသွားပြီး ပေါင်းပင်တွေလို အချိန်တိုတွင်း အပြိုင်းအရိုင်း ပေါ်လာနိုင်တယ်။

ထိုင်း-မြန်မာနယ်စပ်က လက်နက်ကိုင် နယ်မြေတွေဟာ ကျားဖြန့် သုခဘုံလို ဖြစ်လာခဲ့တယ်။ စစ်အစိုးရအဆက်ဆက်က လက်ကိုင်တုတ်အဖြစ် သူတို့ မွေးထားတဲ့ လူမျိုးစု လက်နက်ကိုင်တပ်တွေကို အကျိုးစီးပွါးနဲ့ ချည်နှောင်ထားဖို့ အသုံးပြုတဲ့ ပထမတနည်းကတော့ သက်ဆိုင်ရာ ဒေသအတွင်း သယံဇာတလုပ်ကွက်တွေ ပေးပြီး စီးပွါးဖြစ်‌စေတဲ့ “အပစ်ရပ် အရင်းရှင်စနစ်” ဖြစ်ပါတယ်။ နောက်တနည်းကတော့ အဆိုပါ လူမျိုးစု လက်နက်ကိုင်တွေ လုပ်တဲ့ တရားမဝင် စီးပွါးရေး လုပ်ငန်းတွေကို မျက်စိမှိတ်ပေးထားတာပဲ ဖြစ်ပါတယ်။ 

ထိုင်းအစိုးရဘက်က ၂၀၂၅မှာ ကျားဖြန့် နှိမ်နှင်းရေး လုပ်ရာမှာ DKBA ဘက်က ဖမ်းဆီးရမိသူ အများအပြားကို လွှဲပြောင်းပေးအပ်တာတွေ လုပ်ခဲ့ပေမယ့် ထိုင်း-မြန်မာနယ်စပ်က ကျားဖြန့်နဲ့ ပတ်သက်နေတဲ့ လူမျိုးစု လက်နက်ကိုင်တပ်က DKBA တစ်ခုတည်း မဟုတ်တဲ့အတွက် အခြားသော လက်နက်ကိုင်တပ်တွေ မှောင်ခိုကူးပြီး ခေါ်ယူလာတဲ့ လူတွေဟာ နယ်စပ်မှာ လပေါင်းများစွာ လျစ်လျူရှုထားခံခဲ့ရတယ်။ 

လက်ရှိမှာ ဗမာစစ်တပ်အနေနဲ့ ၁၉၆၀နောက်ပိုင်း အကြီးမားဆုံးသော မြို့နဲ့ နယ်မြေ ဆုံးရှုံးမှုတွေ ကြုံနေရတယ်။ လက်ရှိပိုင်ဆိုင်ထားတဲ့ နယ်မြေတွေကို ထပ်မံ ဆုံးရှုံးမသွားဖို့အတွက် သူ့ရဲ့ မဟာမိတ်တွေကို အရင်တုန်းက လိုအပ်ခဲ့တာထက် ပိုလိုအပ်နေပါတယ်။ 

ဒီလို အခြေအနေမှာ အာဏာသိမ်း စစ်တပ်အနေနဲ့ ကျားဖြန့် စီးပွားရေး လုပ်နေသူ သူ့မဟာမိတ် လက်နက်ကိုင် အဖွဲ့တွေကို အဆုံးရှုံးခံမှာ မဟုတ်ဘူး။ တကယ်တော့ အာဏာသိမ်း စစ်ဗိုလ်ချုပ်ကြီးတွေကိုယ်တိုင် ကျားဖြန့်ဂိုဏ်းတွေရဲ့ နောက်ကွယ်မှာ ပါဝင်ပတ်သက်နေတာ သေချာပါတယ်။ ဗမာ စစ်ဗိုလ်ချုပ်ကြီးတွေ မြှောက်စားထားသူတွေကိုယ်တိုင် ကျားဖြန့်လုပ်ရင်း ဘီလျံနာကြီးတွေ ဖြစ်လာကြတယ်။ ဒါ့ကြောင့် ဗမာပြည် စစ်အာဏာရှင်စနစ်ကို ကျားဖြန့် နိုင်ငံတော်လို့တောင် ခေါ်ဝေါ်ရမလို ဖြစ်လာတယ်။ 

 

ကျားဖြန့်က ဖန်တီးပေးတဲ့ fictitious capital

ကျားဖြန့်နည်းနဲ့ ရလာတဲ့ ငွေမည်းတွေဟာ ဗမာပြည် အရင်းရှင်စနစ်အတွင်း fictitious capital (ထွင်ထားတဲ့ အရင်း) တွေအဖြစ် အလုံးအရင်းနဲ့ ဝင်ရောက်နေတာ သေချာပါတယ်။ ၂၀၂၃ တနှစ်တည်းတင် ဗမာပြည် အခြေစိုက် ကျားဖြန့်က ရတဲ့ ဝင်ငွေဟာ ဒေါ်လာ ၁၅.၃ ဘီလျံရှိပါတယ်၊ ဒီပမာဏဟာ အဲဒီနှစ် ဗမာပြည် ဂျီဒီပီရဲ့ ၂၃% ရှိပါတယ်။ ဒါဟာ နည်းနည်းနောနော ပမာဏ မဟုတ်ပါဘူး။ သေချာတာကတော့ ၂၀၂၃ နောက်ပိုင်း ဒီထက် ပိုများလာဖို့သာ ရှိပါတယ်။

ဒီငွေမည်းတွေကို ခဝါချပြီး fictitious capital (ထွင်ထားတဲ့ အရင်း) တွေအဖြစ် ဈေးကွက်အတွင်း လောင်းထည့်လိုက်ကြတယ်လို့ ကျနော် ပြောခဲ့ပါတယ်။ ဒီငွေတွေကို ကုန်ထုတ်စီးပွားရေးမှာ ပြန်လည်မြှုပ်နှံနေကြတယ်လို့ ဆိုလိုတာ မဟုတ်ဘူး။ ဒီလို ခဝါချထားတဲ့ ငွေမည်းတွေနဲ့ ငွေကြေး ဈေးကွက်မှာ ဝင်ကစားကြတယ်၊ အိမ်ခြံမြေတွေ တိုက်ခန်းတွေ လှိမ့်ဝယ်ကြမယ်၊ အမာခံ ငွေကြေးတွေ (ဒေါ်လာတွေ၊ ဘတ်တွေ) ဝယ်ကြမယ်၊ အဲသလိုနဲ့ နဂိုကတည်းက ယိုင်နေတဲ့ ဗမာပြည် အရင်းရှင်စနစ်ဟာ ပိုနဲ့လာမယ်။ 

ငါတို့က ကွန်ဒိုလဲ မဝယ်နိုင်ဘူး၊ ရွှေလဲ မကိုင်နိုင်ဘူး၊ မြေကွက်လဲ မကစားနိုင်ဘူး၊ ဒီကိစ္စတွေ ငါတို့နဲ့ မဆိုင်ဘူးလို့ မထင်လိုက်ပါနဲ့။ သာမန် အလုပ်သမား ပြည်သူတွေ တဘဝလုံး ကုန်းရုန်းလုပ်ပြီး ခြစ်ကုတ်စုတာတောင် တိုက်ခန်း တခန်း၊ အိမ်လေးတလုံး၊ ခြံလေးတကွက် မပိုင်နိုင်ဘူးဆိုတာ အဲသလို speculation လုပ်နေသူတွေကြောင့်ပဲ။ ကိုယ်ပိုင် အိမ်တလုံး မဝယ်နိုင်တာ အသာထားပါ၊ အခု လောလောဆယ် ခင်ဗျား ငှားနေတဲ့ အိမ်ခန်းခ ဈေးတက်နေတာတောင် သူတို့ လက်ချက်နဲ့ မကင်းဘူး ဆိုတာ ပြောချင်တယ်။ 

ထိုင်းနဲ့ ဗမာ အရင်းရှင် စီးပွားရေးဟာ ကမ္ဘာ့ အရင်းရှင်စနစ် ချိန်းကြိုးကြီးရဲ့ ကွင်းဆက်တွေပဲ၊ ဒါ့ကြောင့် တိုက်ရိုက် သက်ရောက်မှုတွေ၊​ တဆင့်ခံ သက်ရောက်မှုတွေ၊​ အပြန်အလှန် သက်ရောက်မှုတွေဟာ အခု ရေးပြခဲ့တာထက် အများကြီးပိုပါတယ်။ ချန်ထားခဲ့လို့ မရတဲ့ တိုက်ရိုက်သက်ရောက်မှု တခုကိုလဲ ထည့်ပြောပါရစေ။

 

ကျားဖြန့်ရဲ့ ရေသောက်မြစ်

တပ်သားသစ် လိုအပ်နေတဲ့ အာဏာသိမ်း စစ်တပ်ရဲ့ အတင်းအဓမ္မ ပြန်ပေးဆွဲဖမ်းဆီးမှုတွေကြောင့် အရွယ်ကောင်း လူငယ် အများအပြားဟာ ထိုင်းနိုင်ငံတွင်း ရွှေ့ပြောင်းအခြေချလာရတယ်။ သူတို့ဟာ ထိုင်းနိုင်ငံအတွင်း ပညာရေး ဗီဇာနဲ့ဖြစ်စေ၊ အလုပ်သမားကတ်နဲ့ဖြစ်စေ နေထိုင်နေရတယ်။ 

IOM က ၂၀၂၅ မှာ ထုတ်ပြန်တဲ့ အချက်အလက်တွေအရ ထိုင်းနိုင်ငံအတွင်း နေထိုင်တဲ့ ဗမာနိုင်ငံသား ဦးရေဟာ ၄.၁ သန်းခန့် ရှိပြီးတော့ အဲ့ထဲမှာ တရားဝင် ရွှေ့ပြောင်း လုပ်သား အရေအတွက်က ၂.၃သန်းပဲ ရှိပါတယ်။ 7

အဲ့ဒါကြောင့် ထိုင်းနိုင်ငံရဲ့ အကျပ်အတည်းဟာ ထိုင်း အလုပ်သမား လူတန်းစားကို တိုက်ရိုက် ထိခိုက်စေသလို စားဝတ်နေရေး၊ လုံခြုံရေးကြောင့် ရွှေ့ပြောင်းခိုလှုံနေရတဲ့ ဗမာ နိုင်ငံသား ၄သန်းကျော်ကိုလဲ  တိုက်ရိုက် သက်ရောက်မှု ရှိနေမှာ ဖြစ်ပါတယ်။

အရင်းရှင်စနစ်ဟာ ကမ္ဘာ့ စနစ်ကြီး ဖြစ်သွားတာ ရာစုနှစ်ကျော်ခဲ့လေပြီ။ အဲသလိုပဲ၊ အရင်းရှင်စနစ် အကျပ်အတည်းဟာလဲ နိုင်ငံ နယ်နိမိတ် တခုတည်းမှာတင် ရပ်နေမှာ မဟုတ်ဘူး။ terminal decline ကို ရောက်နေပြီဖြစ်တဲ့ အရင်းရှင်စနစ်ဟာ ကမ္ဘာ့ အလုပ်သမား လူတန်းစားအတွက် အလုပ်အကိုင်တောင် လုံလုံလောက်လောက် ဖန်တီးမပေးနိုင်တော့ဘူး။ 

ဒီလိုနဲ့ ထွက်ပေါက်မဲ့လာတဲ့ လူငယ်တချို့ဟာ ကျားဖြန့် ရာဇဝတ်ဂိုဏ်းတွေရဲ့ သားကောင်ဘဝ ကျရောက်သွားခဲ့တယ်။ ကျားဖြန့်ဟာ ဒီကနေ့ အရင်းရှင်စနစ်ရဲ့ သရုပ်သကန်ကို အပြည့်ဝဆုံး ဖော်ထုတ်ပေးနေတာပဲလို့ ဆိုနိုင်တယ်။ ဒီကနေ့ အရင်းရှင်စနစ်ဟာ ကြွယ်ဝချမ်းသာမှုတွေအစား ကျားဖြန့်တွေကိုသာ အပြိုင်းအရိုင်း ပေါ်ထွန်းစေတယ်။ 

ဒါ့ကြောင့် ကျားဖြန့်တွေကို အမြစ်ကနေ နှုတ်ပစ်ဖို့ဆိုရင် ကမ္ဘာ့ အလုပ်သမားထု သွေးစည်းမှုနဲ့ အရင်းရှင်စနစ်ကို ဖြိုချပစ်နိုင်ဖို့ လိုအပ်တယ်။ အရင်းရှင် အစိုးရတွေ၊ အာဏာပိုင်တွေကတော့ ဘယ်တော့မှ ဖြေရှင်းပေးနိုင်မှာ မဟုတ်ဘူး။ 

 

Written by Abdul Yasha and Ko Tin Oo

 

—————————————————————————————–