“ချီလီသင်ခန်းစာ၊ ရှစ်လေးလုံးသင်ခန်းစာနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ထောင်ချောက်”

The Communist 
▪️ဖွဲ့စည်းပုံထောင်ချောက်ထဲ တွန်းပို့ခံရတဲ့ ချီလီလူထုအုံကြွမှု
ပြီးခဲ့တဲ့ (၂၀၁၉) နိုဝင်ဘာ (၁၂) ရက်နေ့က ချီလီမှာ အထွေထွေသပိတ် ဆင်နွှဲခဲ့ကြတယ်။ အဖိနှိပ်ခံလူထု သန်းနဲ့ချီပြီး နိုင်ငံတဝှမ်း ဆင်နွှဲခဲ့တဲ့ အထွေထွေသပိတ် ဖြစ်တယ်။ Santiago ဆန်တီယဂိုမှာ လူပေါင်း ၃သိန်း၊ Valparaíso ဗယ်ပရိုင်စိုမှာ လူပေါင်း ၄သောင်း၊ Concepcion ကွန်ဆက်ဆီယွန်မှာ လူပေါင်း တသိန်း ပါဝင် သပိတ်မှောက်ခဲ့ကြတယ်။ ပညာရေး၊ ကျန်းမာရေးနဲ့ ပြည်သူ့ဝန်ထမ်းကဏ္ဍ၊ သတ္ထုတူးဖော်ရေး စက်ရုံတွေ၊ ဆိပ်ကမ်းလုပ်ငန်းတွေ နဲ့ တခြားစက်မှုကဏ္ဍ အသီးသီးက အလုပ်သမားတွေ ကျယ်ကျယ်ပြန့်ပြန့် ပါဝင် သပိတ်မှောက်ခဲ့ကြတယ်။
အရင်းရှင် တိုင်းပြည်တခုမှာ လူ့အဖွဲ့အစည်း တရပ်လုံး သွက်ချာပါဒလိုက်၊ ရပ်ဆိုင်းသွားအောင် အလုပ်သမား လူတန်းစားက လုပ်ပစ်နိုင်တဲ့ အင်အားရှိကြောင်း ထုတ်ဖော်ပြနိုင်ခဲ့တယ်။ အုပ်စိုးသူ လူတန်းစားဘက်က ဖိနှိပ်မှုတွေ တရစပ် လုပ်လာခဲ့ပေမယ့် ချီလီ လူထု အုံကြွမှုကတော့ တလနီးပါးကြာတဲ့အထိ အရှိန်ကျသွားခြင်း မရှိခဲ့ဘူး၊ ရှေ့ဆက်ချီတက်နေဆဲ ဖြစ်တယ်။
အဲဒီနေ့ ညနေ၊ ဆန္ဒပြချီတက်ပွဲတွေ အပြီးမှာ ရဲတပ်နဲ့ လူထုကြား ပဋိပက္ခတွေ ဖြစ်ပွားခဲ့တယ်။ အစိုးရ ရဲတပ်ရဲ့ ရက်ရက်စက်စက် နှိပ်ကွပ်မှုတွေကြောင့် အကြမ်းဖက်မှုတွေ ဖြစ်ပေါ်လာတယ်။ အဲဒီနေ့ မတိုင်ခင် ည (၂၀၁၉၊ နိုဝင်ဘာ ၁၁ ရက်ည) က Lo Hermida ကို အစိုးရ ရဲတပ်တွေ အကြမ်းဖက် ဝင်စီးခဲ့ကြတယ်။ လူ့အခွင့်အရေးတွေ တောက်လျှောက် ကျူးလွန် ဖိနှိပ်ခံလာရတဲ့ လူထုကို ပိုခံပြင်း ဒေါသထွက်စေခဲ့တယ်။
ဒါ့ကြောင့် လက်တင်အမေရိကတိုက်အတွင်း အကြီးမားဆုံး စစ်ကြောရေးဌာန တည်ရှိရာ စစ်တပ်ရဲ့ တီဂျပ်(စ်)ဗားဒီး(စ်) တပ်ရင်းကြီးကို တိုက်ပွဲဝင် ဆန္ဒပြ လူတစုက မီးတင်ရှို့ခဲ့ကြတယ်။ လူငယ်ထုက အစိုးရရဲတပ်ကို ရက်ပေါင်းများစွာ ခုခံတိုက်ပွဲဝင်ခဲ့ကြတယ်။ ကာကွယ်ရေး၊ လုံခြုံရေး ကော်မတီတွေ ဖွဲ့စည်းပြီး လူထုလှုပ်ရှားမှုကို ခုခံကာကွယ်ဖို့ လိုအပ်နေတယ်။
အဖိနှိပ်ခံလူထုက အထွေထွေ သပိတ် ဆင်နွှဲလိုက်ခြင်းဟာ Piñera ပီညာရရဲ့ “လှည့်ကွက်”ကို ပြတ်ပြတ်သားသား ငြင်းဆန် ကန့်ကွက်လိုက်ခြင်း ဖြစ်တယ်။ ပီညာရရဲ့ “လှည့်ကွက်” က လက်ရှိ လွှတ်တော် အမတ်တွေနဲ့ ဖွဲ့စည်းပုံရေးဆွဲရေး ကွန်းဂရက် “constituent congress” တခု ခေါ်ပြီး လူထု အုံကြွမှုကို လမ်းလွှဲပစ်ရေး ဖြစ်တယ်။ လူထုအုံကြွမှုက နိုင်ငံတော် ယန္တယားတစုံလုံးကို ဆန့်ကျင်နေတယ်၊ အစိုးရက အပေါ်ကနေ ပြုပြင်ရေး လုပ်ပြပြီး အုံကြွနေတဲ့ လူထုကို ဇက်သတ်ဖို့ လုံးပမ်းနေတယ်။
ဒီလိုနဲ့ နောက်ဆုံးမှာ ဘာမှ ခြေခြေမြစ်မြစ် ပြောင်းလဲမသွားတော့ဘူး။ ဒီလိုအချိန်မှာ အတိုက်အခံ ပါတီတွေက ပီညာရရဲ့ အဆိုပြုချက်ကို ငြင်းပယ်လိုက်ပြီး ဖွဲ့စည်းပုံအသစ် ရေးဆွဲရေး တိုင်းပြုပြည်ပြု ညီလာခံ (Constituent Assembly) တခု ခေါ်ပေးဖို့ တောင်းဆိုနေကြတယ်။ နောက်တနေ့ (နိုဝင်ဘာလ ၁၃ရက်နေ့) မှာ အုပ်စိုးသူ လူတန်းစား ပါတီနဲ့ အတိုက်အခံ ပါတီတွေကြား စေ့ စပ်ညှိနှိုင်းရေး လုပ်ခဲ့ကြတယ်။
(နိုဝင်ဘာလ ၁၅ရက်နေ့) မနက်ခင်းမှာ အုပ်စိုးသူ လူတန်းစား ပါတီနဲ့ အတိုက်အခံ ပါတီတွေကြား စေ့စပ်ညှိနှိုင်းရေး လုပ်ရာက “ဖွဲ့စည်းပုံ အခြေခံဥပဒေ အသစ်” ရေးဆွဲရေး သဘောတူညီချက် ထွက်ပေါ်လာတယ်။ အဓိက အချက်တွေက –
• ၂၀၂၀ ဧပြီလမှာ ဖွဲ့စည်းပုံအသစ် ရေးဆွဲရေးကို သဘောတူ/မတူ၊ တကယ်လို့ အသစ် ရေးဆွဲမယ်ဆိုရင် ဘယ်လို ဘယ်ပုံ ရေးကြမလဲဆိုတဲ့ ပြဿနာ ၂ရပ်ကို တပြည်လုံး အတိုင်းအတာနဲ့ ဆန္ဒခံယူပွဲ ကျင်းပရေး။ ဘယ်လို ဘယ်ပုံ ရေးကြမလဲဆိုရာမှာ တိုင်းပြုပြည်ပြု ညီလာခံကို ရွေးကောက်တင်မြှောက်လိုက်တဲ့ ကိုယ်စားလှယ်တွေ၊ လက်ရှိ လွှတ်တော်အမတ်တွေ ပူးပေါင်းပါဝင်တဲ့ ညွန့်ပေါင်း ညီလာခံတခု (Mixed Convention) ခေါ်ယူ ရေးဆွဲရေးလား၊ ဒါမှမဟုတ် (Constitutional Convention) ဖွဲ့စည်းပုံ ရေးဆွဲရေး ညီလာခံကို ရွေးကောက်ခံ ကိုယ်စားလှယ် အားလုံးနဲ့သာ ခေါ်ယူ ရေးဆွဲရေးလား ဆိုတဲ့ ကိစ္စက သော့ချက် ပြဿနာ ဖြစ်တယ်။
• ရွေးကောက်ခံ ကိုယ်စားလှယ် အားလုံးနဲ့သာ ခေါ်ယူကျင်းပတဲ့ တိုင်းပြုပြည်ပြု ညီလာခံ (Constitutional Convention) ကိုပဲ ရွေးချယ် သဘောတူခဲ့တယ်ဆိုရင် ကိုယ်စားလှယ် ရွေးပွဲကို ၂၀၂၀ အောက်တိုဘာလမှာ ကျင်းပကြလိမ့်မယ်။
• ရေးဆွဲကာလ အလွန်ဆုံး တနှစ်အကြာမှာ ဖွဲ့စည်းပုံ အခြေခံဥပဒေ အသစ်ကို လူထု ဆန္ဒခံယူပွဲ ကျင်းပလိမ့်မယ်။
ဒီသဘောတူညီချက်ထဲမှာ ညီလာခံနဲ့ဆိုင်တဲ့ အရေးကြီး ကန့်သတ်ချက်တွေ တသီကြီးပါနေတယ်။ အဲဒီ ကန့်သတ်ချက်တွေက –
• ဖွဲ့စည်းပုံ ရေးဆွဲရေး ညီလာခံအတွက် ကိုယ်စားလှယ်တွေ ရွေးကောက်တင်မြှောက်ရာမှာ အခုလက်ရှိ ဘူဇွှာ ပါလီမန် ရွေးကောက်ပွဲ စနစ်အတိုင်းပဲ ပြုလုပ်လိမ့်မယ်။ (သေချာတာကတော့ လက်ရှိ ပါတီတွေပဲ အသာစီးရလိမ့်မယ်)။
• ဖွဲ့စည်းပုံ ရေးဆွဲရေး ညီလာခံဟာ အချုပ်အခြာ အာဏာပိုင် အဖွဲ့အစည်း မဟုတ်ဘူး၊ အစိုးရယန္တယားရဲ့ တခြား ဒေါက်တိုင်တွေကို အာဏာ မသက်ရောက်နိုင်ဘူး၊ ကုန်ကုန်ပြောရရင် ညီလာခံ ကျင်းပခြင်းဆိုင်ရာ စည်းမျဉ်းတွေကိုတောင် သူကိုယ်တိုင် ချမှတ်နိုင်တဲ့ အာဏာ မရှိဘူး။
• ဖွဲ့စည်းပုံ ရေးဆွဲရေး ညီလာခံမှာ ကိုယ်စားလှယ် စုစုပေါင်းရဲ့ သုံးပုံနှစ်ပုံရဲ့ ထောက်ခံမဲနဲ့သာ ဆုံးဖြတ်အတည်ပြုတာတွေ လုပ်လို့ ရမယ်၊ သဘောကတော့ လက်ယာပါတီ ကိုယ်စားလှယ် သုံးပုံတပုံ ရှိခဲ့ရင် သူတို့လက်ထဲမှာ ဗီတိုအာဏာ ရှိသွားမယ်။
• လူထု အုံကြွမှုတွေကြောင့် လုံး၀ တရားမဝင်တော့တဲ့၊ လူထုရဲ့ ယုံကြည်ထောက်ခံမှု လုံးဝ ကင်းမဲ့နေတဲ့ လက်ရှိ ကွန်းဂရက်(စ်)က အဲဒီဖွဲ့စည်းပုံ အသစ်ကို တရားဝင် အတည်ပြုပေးမှာ ဖြစ်တယ်။
• အခု ဒီသဘောတူညီချက် (အုပ်စိုးသူ လူတန်းစား ပါတီနဲ့ အတိုက်အခံ ပါတီတွေကြား စေ့စပ်ညှိနှိုင်းရေးတွေ လုပ်ရာက ထွက်ပေါ်လာတဲ့ ဖွဲ့စည်းပုံ အသစ် ရေးဆွဲရေး သဘောတူညီချက်) နဲ့ပတ်သက်လို့ အငြင်းပွားမှု တစုံတရာ ရှိလာရင် အစိုးရနဲ့ အတိုက်အခံ ၂ဘက် ပူးတွဲ ဖွဲ့စည်းထားတဲ့ ကော်မရှင်က ကိုင်တွယ် ဖြေရှင်းပေးလိမ့်မယ်၊ သဘောကတော့ လက်ရှိ အာဏာပိုင် ပီညာရ အစိုးရကသာ အဆုံးအဖြတ်ပြုသွားမှာပဲ။
ဒီတော့ အတိုက်အခံပါတီတွေ အစိုးရနဲ့ သဘောတူညီချက် ယူထားတဲ့ ဖွဲ့စည်းပုံ ရေးဆွဲရေး ညီလာခံဆိုတာ အုပ်စိုးသူ အစိုးရက ဂုတ်ခွစီးထားတဲ့ ညီလာခံ ဖြစ်နေပါပကောလား။ တလကြာ လူထုအုံကြွမှုက အဆုံးအဖြတ် ပြုနိုင်ခြင်း မရှိအောင် လုပ်ထုံးလုပ်နည်းတွေနဲ့ ချည်တုပ်ထားတဲ့ ညီလာခံ တခု ဖြစ်နေတယ်။
အဲဒီ သဘောတူညီချက်ထဲမှာ အရေးအကြီးဆုံး အချက်က အခုလို ဆိုထားတယ်။ “အခု သဘောတူညီချက်ကို လက်ခံရေးထိုးသူ ပါတီအားလုံးဟာ ချီလီနိုင်ငံအတွင်း “ငြိမ်းချမ်းရေး နဲ့ ငြိမ်ဝပ်ပိပြားရေး”ကို ပြန်လည်ရရှိအောင် စွမ်းစွမ်းတမံ ကြိုးပမ်းအားထုတ်ကြရမယ်၊ လူ့အခွင့်အရေးနဲ့ လက်ရှိ ဒီမိုကရက်တစ် “အင်စတီကျူးရှင်းတွေ” ကို “ပြည့်ပြည့်၀၀ လေးစားကြရမယ်”။
ဆိုလိုရင်းကတော့ ဒီသဘောတူညီချက်ကို လက်မှတ်ရေးထိုးလိုက်ကြတဲ့ အတိုက်အခံပါတီတွေဟာ အစိုးရကို ဆန့်ကျင်အုံကြွနေကြတဲ့ လမ်းမပေါ်က လူထုတွေကို လမ်းလွှဲဖယ်ရှားပစ်ပေးရမယ်၊ “ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုတဲ့ ထောင်ချောက်” ထဲ ဆွဲခေါ်သွားပေးရမယ်။
အတိုက်အခံ ပါတီ အားလုံး (from the Christian Democrats, to the Socialist Party and the Frente Amplio) “အမျိုးသားညီညွတ်ရေး” နဲ့ “အင်စတီကျူးရှင်းနည်းတွေအရ” ဖြေရှင်းကြဖို့ သဘောတူခဲ့ကြတယ်။ ဒီ သဘောတူညီချက်ကို လက်မှတ် မရေးထိုးခဲ့တဲ့ ကွန်မြူနစ်ပါတီရဲ့ ရပ်တည်ချက်ကတော့ လေးစားစရာပါ။ ဒါပေမယ့် ကွန်မြူနစ်ပါတီ ပြောခွင့်ရပုဂ္ဂိုလ်တွေက အဲဒီ သဘောတူညီချက်ကို အခုထိ “မဟာအောင်ပွဲကြီး” အဖြစ် ဆက်ပြောနေကြဆဲ ဖြစ်တယ်။
အတိုက်အခံ ပါတီတွေက အစိုးရနဲ့ တိုင်းပြုပြည်ပြု ညီလာခံကျင်းပရေး သဘောတူညီချက် ယူခဲ့ကြပြီး၊ ကွန်မြူနစ်ပါတီက အဲဒီ သဘောတူညီချက်ကို မဟာအောင်ပွဲကြီးအဖြစ် သတ်မှတ်နေပေမယ့် တိုက်ပွဲဝင် လူထုကတော့ ဒေသအလိုက် ညီလာခံတွေ၊ လူထုကိုယ်တိုင် စုရုံးကျင်းပတဲ့ ပွင့်လင်းမြင်သာမှုရှိတဲ့ ကောင်စီတွေ (self-convened cabildos)၊ သပိတ်ကော်မတီ၊ ကာကွယ်ရေး ကော်မတီတွေ ဖွဲ့စည်း တိုက်ပွဲဝင်ခဲ့ကြတယ်။
သဘောကတော့ အောက်ခြေကနေ ဒီမိုကရေစီနည်းကျ လူထုအာဏာ ထူထောင် တိုက်ပွဲဝင်နေကြခြင်း ဖြစ်တယ်။ ၁၉၁၇ ရပ်ရှား တော်လှန်ရေးအတွင်းက ဆိုဗီယက်တွေနဲ့တောင် သွားတူတယ်။ ဒါပေမယ့် တိုက်ပွဲဝင် ချီလီ လူထုမှာ လီနင်နစ်(စ်) တပ်ဦးပါတီ မရှိဘူး ဖြစ်နေတယ်။ လက်ရှိ အာဏာ ယန္တယားအဟောင်းကို ဖြိုချဖျက် စီးပစ်ပြီး အောက်ခြေကနေ ဒီမိုကရေစီနည်းကျ လူထုအာဏာ ထူထောင်ထားခြင်း (ပစ္စည်းမဲ့ အာဏာရှင် စနစ်) နဲ့ အစားထိုးရမယ့်အစား ဖွဲ့စည်းပုံအသစ် ရေးဆွဲရေးဆိုတဲ့ ခြေဥထောင်ချောက်ထဲ အစိုးရနဲ့ အတိုက်အခံ ပါတီတွေရဲ့ တွန်းပို့ခြင်း ခံလိုက်ရတယ်။
▪️ ရှစ်လေးလုံးသင်ခန်းစာ
ဖွဲ့စည်းပုံ အခြေခံဥပဒေ ထောင်ချောက်ထဲ တွန်းပို့ခံရတဲ့ ချီလီ လူထု အုံကြွမှုကို လေ့လာတဲ့အခါ ဗမာပြည်အတွင်း ၁၉၈၈ ခုနှစ်က ဖြစ်ခဲ့တဲ့ လူထု အရေးတော်ပုံကြီးကို ပြန်ပြောင်း အမှတ်ရလာစေတယ်။ ရှစ်လေးလုံး လူထုအရေး တော်ပုံကြီးအတွင်းမှာ တိုက်ပွဲဝင် လူထုက အစိုးရ ဗျူရိုကရေစီ ယန္တယားကို သွက်ချာပါဒလိုက် ရပ်ဆိုင်းသွားစေခဲ့ရုံမက၊ သက်ဆိုင်ရာ ဒေသအလိုက် သပိတ်ကော်မတီတွေ ဖွဲ့စည်းပြီး ပြည်သူ့အာဏာကို စင်ပြိုင်ထူထောင်ထား နိုင်ခဲ့ကြတယ်။
ဒါပေမယ့် ရှစ်လေးလုံး အရေးတော်ပုံမှာ တပြည်လုံး အတိုင်းအတာနဲ့ တပ်ဦးကနေ ဦးဆောင် ကာ အာဏာ ယန္တယား အဟောင်းကို ဖြိုချဖျက်စီးပစ်ပြီး ပစ္စည်းမဲ့ လူတန်းစား အာဏာရှင် စနစ်နဲ့ အစားထိုးနိုင်တဲ့ လီနင်နစ်(စ်) တပ်ဦးပါတီ ကင်းမဲ့နေတယ်။
ဒီလို အနေအထားမှာ ဗိုလ်နေဝင်းကို မလွန်ဆန်ရဲတဲ့ စစ်ထွက်တွေ၊ နယ်ချဲ့တိုင်းပြည်မှာ လစ်ဘရယ်ဒေသနာနဲ့ ကြီးပြင်းလာပြီး အာဏာမသိမ်းရဲတဲ့ အောင်ဆန်းစုကြည်တို့ စုဖွဲ့မိပြီး တိုက်ပွဲဝင် လူထုက လက်မခံတော့လို့ တည်းတည်းလေးသာ ကျန်တော့တဲ့ အစိုးရ အဟောင်းကို ကြားဖြတ်အစိုးရ ဖွဲ့ခိုင်းတာ၊ ရွေးကောက်ပွဲ ကျင်းပခိုင်းတာတွေ တောင်းဆိုခဲ့ကြတယ်။
လက်ဝဲသမား ဆိုသူတွေကလည်း စတာလင်-မော် တို့ရဲ့ Stagist Theory အရ ရှစ်လေးလုံး အရေးတော်ပုံကို တပါတီ အာဏာရှင်စနစ်ကို ဖြုတ်ချတဲ့ ဒီမိုကရေစီ တော်လှန်ရေးအဆင့် အဖြစ်သာ ပုံသေ သတ်မှတ်ထားကြတယ်။ ဒီလို အဆင့်အသေအဖြစ် သတ်မှတ်ထားခဲ့ကြလို့ပဲ လစ်ဘရယ် ဓနရှင်ပေါက်စ လူတန်းစားကို ခေါင်းဆောင်တင်ပြီး နောက်မြီးဆွဲလုပ်ကာ စင်တင် ပေးခဲ့ကြတယ်။
လီနင်ဝါဒအရ အလုပ်သမားလူတန်းစား တပ်ဦးပါတီကသာ တော်လှန်ရေးကို ဦးဆောင်ပြီး၊ အစိုးရ ယန္တရား အဟောင်းကို တစစီ ဖြိုချဖျက်စီးပြီး (အမြဲတမ်း စစ်တပ်ကို ဖြိုဖျက်၊ လက်နက်ကိုင်လူထုနဲ့ အစားထိုး၊ ဗျူရိုကရေစီ ယန္တယားကို ဖျက်သိမ်း၊ လူထုကိုယ်တိုင် ပါဝင်အုပ်ချုပ်ရေးနဲ့ အစားထိုး) ပစ္စည်းမဲ့ အာဏာရှင် စနစ်နဲ့ အစားထိုးရေး လုပ်ရမယ့်အစား လစ်ဘရယ် ဓနရှင်ပေါက်စ ပါတီ နောက်မြီးဆွဲ လုပ်ခဲ့ကြလို့ လူထုအရေးတော်ပုံကို ဖွဲ့စည်းပုံအခြေခံ ဥပဒေ ထောင်ချောက်ထဲ တွန်းပို့ခံခဲ့ရတယ်။
၁၉၉၀ ရွေးကောက်ပွဲ၊ အမျိုးသားညီလာခံ ခေါ်ယူကျင်းပပြီး ဖွဲ့စည်းပုံအသစ်ရေး၊ ဖွဲ့စည်းပုံ အသစ်ကို ဆန္ဒခံယူပွဲလုပ်ကာ ရွေးကောက်ပွဲကျင်းပ၊ ဒါတွေ အားလုံးဟာ ဖွဲ့စည်းပုံအခြေခံ ဥပဒေ ထောင်ချောက်ထဲ လူထုအရေးတော်ပုံကို တွန်းပို့ခံလိုက်ရခြင်းပဲ၊ ဒီ ထောင်ချောက်ထဲ အခုထိ ပိတ်မိနေခြင်းပဲ။
▪️ ဖွဲ့စည်းပုံအခြေခံဥပဒေ ထောင်ချောက်ကို ရိုက်ချိုးကြ
ချီလီမှာပဲဖြစ်ဖြစ်၊ ရှစ်လေးလုံး လူထု အရေးတော်ပုံမှာပဲဖြစ်ဖြစ် တိုက်ပွဲဝင်လူထုက အောက်ခြေကနေ ဒီမိုကရေစီနည်းကျ ဖွဲ့စည်းထားတဲ့ အမြုတေ အစိုးရ ယန္တယားအသစ် (ချီလီမှာ cabildos လို့ခေါ်တဲ့ ကောင်စီတွေ၊ ရှစ် လေးလုံး ကာလမှာ သပိတ်ကော်မတီတွေ) ကို ထူထောင်ထားကြတယ်။
ဒီလို အနေအထားမှာ အတိုက်အခံ ပါတီတွေက တိုက်ပွဲဝင် လူထုကို ဖွဲ့စည်းပုံ အခြေခံဥပဒေ ထောင်ချောက်ထဲ တွန်းချခဲ့ကြတယ်။ ဒီလို ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ထောင်ချောက်ထဲ ရောက်သွားတဲ့အခါ လက်ဝဲ အမည်ခံထားသူတွေက မကောင်းတဲ့ ဒီမိုကရေစီနည်း မကျတဲ့ ဖွဲ့စည်း ပုံအခြေခံဥပဒေကို ဖျက်သိမ်းပစ်နိုင်ရေးဟာ လူထု တိုက်ပွဲလမ်းစဉ်အဖြစ် တင်ပြလာကြတယ်။ ဒါဟာ အုပ်စိုးသူ လူတန်းစားနဲ့ လစ်ဘရယ်တွေ ခင်းထားတဲ့ ထောင်ချောက်ထဲက မထွက်နိုင်သေးတဲ့ လမ်းစဉ်ဖြစ်တယ်။ ဖွဲ့စည်းပုံအဟောင်းကို ဖျက်ပြီး အသစ်ရေးရုံ သက်သက်ဟာ ဖွဲ့စည်းပုံ အခြေခံဥပဒေ ထောင်ချောက်ထဲ ပိတ်မိနေဆဲ လမ်းစဉ် ဖြစ်တယ်ဆိုတာကို အခုထိ မသိကြသေးဘူး။
မာ့(ခ်စ်)ဝါဒ သမိုင်းရေးအမြင်အရ ကြည့်မယ်ဆိုရင် အခြေခံဥပဒေအပါအဝင် ဥပဒေမှန်သမျှ လူ့အဖွဲ့အစည်း အခြေခံအုတ်မြစ်ထက် ကျော်လွန်ပြီး မသွားနိုင်ဘူး။ လူ့အဖွဲ့အစည်း အခြေခံအုတ်မြစ်နဲ့ ကိုက်ညီတဲ့ အဟပ်ညီတဲ့ ဥပဒေ၊ တရားစီရင်ရေး၊ နိုင်ငံရေးစနစ်တွေပဲ ဖြစ်ပေါ်နိုင်တယ်။ လူ့အဖွဲ့အစည်းရဲ့ အခြေခံအုတ်မြစ်ဆိုတာ ကုန်ထုတ် ဆက်ဆံရေး စုစုပေါင်းကို ခေါ်ခြင်းဖြစ်တယ်။
ကုန်ထုတ် ဆက်ဆံရေးဆိုတာ အလွယ်ပြောရရင် means of production လို့ခေါ်တဲ့ ကုန်ထုတ် ပစ္စည်းတွေကို ဘယ်လူတန်းစားက ပိုင်ဆိုင်အုပ်စိုးထားနိုင်သလဲ၊ ဘယ်လူတန်းစားက မပိုင်ဆိုင် မအုပ်စိုးနိုင်ဘူးလဲ ဆိုတာကို ရည်ညွှန်းခြင်း ဖြစ်တယ်။ အရင်းရှင် လူတန်းစားက ကုန်ထုတ် ပစ္စည်းတွေကို ပိုင်ဆိုင်အုပ်စိုးထားပြီး အလုပ်သမား လူတန်းစားက ကုန်ထုတ်ပစ္စည်းတွေကို မပိုင်ဆိုင်နိုင် မအုပ် စိုးနိုင်တဲ့ ကုန်ထုတ် ဆက်ဆံရေး ဖြစ်နေလို့ အရင်းရှင်စနစ်လို့ ခေါ်ခြင်းဖြစ်တယ်။
ကုန်ထုတ်ပစ္စည်းတွေကို ပိုင်ဆိုင်အုပ်စိုးထားနိုင်တဲ့ အရင်းရှင် လူတန်းစားဟာ အုပ်စိုးသူ လူတန်းစား ဖြစ်တာနဲ့အညီ သူ့လူတန်းစား အကျိုးစီးပွားနဲ့ ကိုက်ညီတဲ့ ဥပဒေတွေ၊ နိုင်ငံရေးစနစ်တွေကို ထူထောင်ကျင့်သုံးတယ်။ ဒါ့ကြောင့် မာ့(ခ်စ်)နဲ့ အန်းဂယ်(လ် စ်) တို့က ပါရီ ကွန်မြူး အတွေ့အကြုံကို အခြေခံပြီး ကွန်မြူနစ် ကြေညာစာတမ်း အမှာစာမှာ “သွေးစုပ်သူ လူတန်း စားက သူ့အကျိုးစီးပွားအတွက် တည်ဆောက်ထားတဲ့ အစိုးရယန္တယားကို အလုပ်သမား လူတန်းစားက လွယ်လင့်တကူ ကောက်သုံးလို့ မရဘူး” လို့ အခိုင်အမာ ဖြည့်စွက်ရေးသားခဲ့ခြင်းဖြစ်တယ်။ (The 1872 German Edition of the Communist Manifesto)
ဒီသမိုင်း သင်ခန်းစာကို လီနင်က “အစိုးရနဲ့ တော်လှန်ရေး” ကျမ်းမှာ ကိုးကား၊ ချဲ့ထွင်တင်ပြခဲ့ပြန်တယ်။ နယ်ချဲ့ခေတ်မှာ တော်လှန်ရေးကို ပစ္စည်းမဲ့ လူတန်းစားကသာ တပ်ဦးကနေ ဦးဆောင်ရမယ်၊ ဘူဇွှာဒီမိုကရေစီ တော်လှန်ရေးပဲဖြစ်ဖြစ်၊ ပစ္စည်းမဲ့ ဆိုရှယ်လစ် တော်လှန်ရေးပဲဖြစ်ဖြစ် ပစ္စည်းမဲ့ လူတန်းစားကသာ တပ်ဦးက ဦးဆောင်နိုင်တယ်၊ ဦးဆောင်ရမယ်။
ဒီတော့ ရှစ်လေးလုံး အရေးတော်ပုံဟာ ဗိုလ်နေဝင်း မဆလ တပါတီ အာဏာရှင်စနစ်ကို ဖြုတ်ချတဲ့ ဒီမိုကရေစီ တော်လှန်ရေးအဆင့်သာ ဖြစ်လို့ လက်ဝဲပါတီက ဒေါ်စုခေါင်းဆောင်တဲ့ လစ်ဘရယ်ပါတီ နောက်မြီးဆွဲ လုပ်ခြင်းဟာ လီနင်ဝါဒနဲ့ လုံးဝဆန့်ကျင်တဲ့ စတာလင်နစ်(စ်) Stagist Theory ကို အကောင်အထည်ဖော်ခြင်း ဖြစ်တယ်။
လီနင်ရဲ့ အစိုးရနဲ့ တော်လှန်ရေး ကျမ်းမှာ အစိုးရယန္တယား အဟောင်း (အထူးသဖြင့် အမြဲတမ်းစစ်တပ်နဲ့ ဗျူရိုကရေစီ) ကို ဖြိုဖျက်ပစ်ပြီး ဆိုဗီယက် အာဏာ၊ (တနည်း) ပစ္စည်းမဲ့ လူတန်းစား အာဏာရှင်စနစ်နဲ့ အစားထိုးရေးကိုသာ တင်ပြခဲ့တယ်။ ၁၉၁၇ကစလို့ တိုင်းပြုပြည်ပြု ညီလာခံ ခေါ်ယူရေး (Constituent Assembly) ကို လီနင် လက်မခံတော့ဘူး။
ဒီမတိုင်ခင်တုန်းက ဘော်ရှီဗစ်ပါတီရဲ့ လုပ်ငန်းစဉ်မှာ တော်လှန်ရေး အောင်ရင် တိုင်းပြုပြည်ပြု ညီလာခံခေါ်ရေး၊ ရွေးကောက်ပွဲ ကျင်းပရေးကို တင်ပြထားခဲ့တယ်။ ဒါပေမယ့် ၁၉၁၇ ဧပြီစစ်တမ်းတွေကစလို့ လီနင်ဟာ ဖွဲ့စည်းပုံရေးဆွဲရေး ညီလာခံ ခေါ်ယူပြီး ရွေးကောက်ပွဲလုပ်တဲ့ လမ်းစဉ်ဟာ ဘူဇွှာ ပါလီမန် ဒီမိုကရေစီဘောင်ထဲသာ ရှိနေသေးလို့ လက်မခံတော့ဘူး။ ပါရီ ကွန်မြူး နမူနာကို ယူပြီး ဆိုဗီယက် အာဏာ ထူထောင်ရေးကိုသာ ဇောင်းပေးတင်ပြခဲ့တယ်။
ဒါတွေကို ပြန်လည်ရေးသားနေရတာက လတ်တလော ချီလီ သင်ခန်းစာ၊ ရှစ်လေးလုံး သင်ခန်းစာတွေကြောင့်ပဲ၊ ဒါ့အပြင် အခုချိန်အထိ လက်ဝဲသမား ဆိုသူတွေက ရှစ်လေးလုံးလို လူထုအုံကြွမှု နောက်ထပ်ဖြစ်လာရင် တိုင်းပြုပြည်ပြု ညီလာခံ (Constituent Assembly) ခေါ်ယူ ကျင်းပရေး၊ ရွေးကောက်ပွဲကျင်းပ၊ အစိုးရ တင်မြှောက်ရေး လမ်းကြောင်းကို အောင်ပွဲဆီချီရာ လမ်းအဖြစ် မြင်နေကြဆဲ၊ တနည်းဆိုရရင် ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ထောင်ချောက်ကို မမြင်ဘဲ ထောင်ချောက်ထဲ ဝဲလည်နေကြဆဲ ဖြစ်နေတယ်။
ဆိုဗီယက် သို့မဟုတ် သပိတ်ကော်မတီတွေကနေ အဆင့်ဆင့် ဒီမိုကရေစီနည်းကျ ရွေးကောက် တင်မြှောက်လိုက်တဲ့၊ အလုပ်သမား လူတန်းစား အကျိုးစီးပွားကို သစ္စာဖောက်သွားရင် ချက်ချင်းဖြုတ်ချနိုင်တဲ့ ကိုယ်စားလှယ်တွေနဲ့ နိုင်ငံလုံးဆိုင်ရာ ကွန်ဂရက် ခေါ်ယူပြီး အစိုးရယန္တယား အဟောင်းကို ဖြိုချဖျက်စီးပစ်ရေးကို ချီလီမှာကော ရှစ်လေးလုံး အရေးတော်ပုံမှာပါ မလုပ်ခဲ့ကြဘူး။
အုပ်စိုးသူ လူတန်းစားက သူ့အကျိုးစီးပွားအတွက် ရေးဆွဲထားတဲ့ ဥပဒေကို ဖျက်ပစ်ပြီး အသစ်ရေးရုံလောက်ဟာ တော်လှန်ရေး မဟုတ်ဘူး။ ဒါကို တော်လှန်ရေးလို့ ထင်နေရင် အုပ်စိုးသူ လူတန်းစားနဲ့ လစ်ဘရယ်တွေ ခင်းတဲ့ ခြေဥထောင်ချောက်ထဲ တန်းခနဲ ဝင်သွားမယ်။
မာ့(ခ်စ်)ဝါဒအရ တော်လှန်ရေးဆိုတာ လူ့အဖွဲ့အစည်းရဲ့ အခြေခံ အုတ်မြစ်ကို လုံးလုံးလျားလျား အမြစ်ကလှန် ပြောင်းလဲပစ်ခြင်းပဲ။ အဲဒီလို အုတ်မြစ်ကနေ တော်လှန် ပြောင်းလဲပစ်နိုင်ရင် လူမှုစနစ်ဟောင်းနဲ့ အံကိုက်ဖြစ်ခဲ့တဲ့ အပေါ်ထပ် အဆောက်အအုံ တခုလုံးဟာ လူမှုစနစ်အသစ်နဲ့ ဘယ်လိုမှ အံမကိုက်တော့လို့ အလိုလို ဖြိုဖျက်ပစ်ခံရမယ်၊ လွယ်လင့်တကူ ပြိုကျပါလိမ့်မယ်။ အဲ့သလို မဟုတ်ဘဲ ဖွဲ့စည်းပုံအဟောင်းကို ဖျက်သိမ်းပစ်ပြီး အသစ်ရေးဆွဲဖို့သက်သက်ကိုပဲ လွတ်မြောက်ရာ လမ်းထင်နေရင် အခု ချီလီလူထု ခံရသလို ထပ်ကျော့ခံရလိမ့်မယ်။
ကိုတင်ဦး
နိုဝင်ဘာ၊ ၂၀၁၉
Revolutionary Marxism ရဲ့ မူလ စာမျက်နှာ The Communist တွင် ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလက ဖော်ပြခဲ့သော ဆောင်းပါးကို အမှတ်တရ ပြန်လည်ဖော်ပြလိုက်ပါတယ်။