ယူအက်(စ်) နယ်ချဲ့ အစိုးရရဲ့ ပြည်တွင်း ဖိနှိပ်ရေး ယန္တရား ICE

A Border Patrol agent pepper-sprays a protester in Minneapolis at the scene of where a federal agent fatally shot Renee Nicole Good earlier on Jan. 7. Photo by Alex Kormann/The Minnesota Star Tribune via Getty Images

ဗင်နီဇွဲလား နိုင်ငံကို စစ်ရေးအရ ကျူးကျော်ဝင်ရောက်ပြီး သမ္မတ မာဒူရိုကို ပြန်ပေးဆွဲ ဖမ်းဆီးခဲ့တဲ့ ထရမ့် အစိုးရဟာ အမေရိကန် နယ်ချဲ့ စနစ်ကို ဝတ်လစ်စလစ် ထုတ်ပြခဲ့သလို ပြည်တွင်းမှာလည်း သူရဲ့ ခါးပိုက်ဆောင်တပ်တွေနဲ့ ဖိနှိပ်ရေး ယန္တရားကို အသက်သွင်းလိုက်ပါတယ်။

နယ်ချဲ့ ထရမ့် အစိုးရဟာ ကမ္ဘာ့ မြေပုံကို မိုနိုပိုလီဂိမ်း ဘုတ်တခုလို သဘောထားကာ ဟိုနိုင်ငံ သိမ်းမယ်၊ ဒီနိုင်ငံ သိမ်းမယ်လို့  ကရားရေလွှတ် ပြောဆိုနေပေမယ့် ယူအက်စ်ကို ကမ္ဘာ အရပ်ရပ်ကနေ နည်းလမ်းအမျိုးမျိုးနဲ့  ရွှေ့ပြောင်းလာတဲ့ ဒုက္ခသည်တွေနဲ့  အလုပ်သမားတွေကို အမဲလိုက်သလို ဖမ်းဆီးနေပါတယ်။

ထရမ့်ရဲ့ ရွှေ့ပြောင်းအခြေချသူတွေ ဖိနှိပ်ရေး ယန္တရားကိုတော့ DHS လို့ခေါ်တဲ့  အမေရိကန် ပြည်ထဲရေး ဝန်ကြီးဌာနနဲ့  ICE လို့ခေါ်တဲ့ အမေရိကန် လူဝင်မှု ကြီးကြပ်ရေးနှင့် အကောက်ခွန်ဌာနတို့ ဦးဆောင်ပါတယ်။ ထရမ့်ရဲ့ ခါးပိုက်ဆောင်တပ် ICE ကတော့ ရက်သတ္တပတ်တခု အတွင်းမှာပင် သားသတ်သမားတွေသဖွယ် အမေရိကန် မြို့ကြီးအနှံ့အပြားမှာ ပြုမှုနေပါပြီ။

ဒီနေရာမှာ ထရမ့်ရဲ့ ခါးပိုက်ဆောင်တပ် ICE ဟာ ရွှေ့ပြောင်းအချေသူ၊ အမေရိကန် နိုင်ငံသား၊ လူဖြူ၊ လူမဲ မရွေး မြင်မြင်သမျှ ဖိနှိပ်ဖမ်းဆီးကာ အကြောက်တရား ရိုက်သွင်းနေတာကို ဆိုရှယ်မီဒီယာတိုင်းလိုလိုမှာ မြင်တွေ့နိုင်ပါတယ်။

ဒီလို ဖိနှိပ်မှုဟာ နယ်ချဲ့စနစ်ရဲ့ အစိတ်အပိုင်းတခု ဖြစ်တယ်ဆိုတာကို အမေရိကန် နယ်ချဲ့တွေက သမိုင်းတလျှောက် အကြိမ်ကြိမ် သက်သေပြခဲ့ပြီး ဖြစ်ပါတယ်။

ဒုတိယ ကမ္ဘာစစ်အပြီး ပြည်ပနိုင်ငံတွေကို စစ်ရေးအရ ကျူးကျော်တာ အပါအဝင် တခြားကျူးကျော်စွက်ဖက်မှုပေါင်း အကြိမ် ၁၀၀ ခန့် ပြုလုပ်ထားတဲ့ အမေရိကန် နယ်ချဲ့တွေဟာ “ငြိမ်းချမ်းရေး နဲ့  လွတ်လပ်ခွင့်” ဆိုတဲ့ စကားတွေကို အော်ဝဲလီးယန်းဆန်ဆန် အသုံးပြုခဲ့ကြတယ်။ ယန်ကီး နယ်ချဲ့ဝါဒကို ဆန့်ကျင်သူတွေနဲ့ အလုပ်သမား လူတန်းစားကို ဖိနှိပ်မှုတွေ အကြိမ်ကြိမ် ကျူးလွန်ခဲ့ပြီး ဖြစ်တယ်။

အဲ့ဒီထဲမှာ ဗီယက်နမ် ကျူးကျော်စစ် ဆန့်ကျင်သူတွေထဲက တဦးဖြစ်တဲ့ American Civil Rights Movement လှုပ်ရှားမှု ဦးဆောင်သူ မာတင် လူသာ ကင်း ဂျူနီယာကို နယ်ချဲ့ အရင်းရှင်တွေ တိတ်တဆိတ် လုပ်ကြံခဲ့တဲ့ ဖြစ်စဉ်ကတော့ အမေရိကန် နယ်ချဲ့စနစ် နဲ့ ပြည်တွင်း ဖိနှိပ်ရေး ယန္တရား တွဲပြီးလာတာကို သက်သေထူနေပါတယ်။

ဒီကနေ့ကာလမှာတော့ ယန်းကီး MAGA နယ်ချဲ့တွေဟာ မင်နီဆိုးတား ပြည်နယ်၊ မင်နီယာပိုလစ် လမ်းမပေါ်က လူမြင်ကွင်းမှာတင် တက်ကြွလှုပ်ရှားသူ၊ ကဗျာ ဆရာမ၊ သားသည် အမေတဦးဖြစ်တဲ့ ရီနေး နီကိုးလ် ဂွတ်(ဒ်)ကို ပစ်ခတ်သတ်ဖြတ်ခဲ့ပါတယ်။

ဗမာ မိန်းစထွင်း မီဒီယာတွေနဲ့ လစ်ဘရယ်တွေကြားမှာတော့ ထရမ့် နယ်ချဲ့အစိုးရကို အာဏာရှင်ထိန်း ပုလိပ်သဖွယ် ချီးကျူးဂုဏ်ပြုရင်း အမေရိကန် ငရဲခွေး ICE ကို တရားဥပဒေ စိုးမိုးရေးအဖွဲ့လိုလို ရေးသားနေတာကိုလည်း တွေ့မြင်နေရပါတယ်။

နယ်ချဲ့ အစိုးရရဲ့ ခါးပိုက်ဆောင် သားသတ်သမားများ

အမေရိကန်ရဲ့ လမ်းမတွေပေါ်မှာ အကြမ်းဖက် ဖမ်းဆီး၊ သတ်ဖြတ်မှုတွေ လုပ်ဆောင်နေတဲ့ ICE ကို နယ်ချဲ့ ဂျော့ ဒဘလျူ ဘု(ရှ်)အစိုးရ လက်ထက် ၂၀၁၃ ခုနှစ်က စတင်ထူထောင်ခဲ့ပါတယ်။ ဒီမိုကရက် ကြောင်သူတော် အစိုးရတွေ လက်ထက်မှာတော့ ICE ယန္တရားကို ရွှေ့ပြောင်းအခြေချသူတွေကို တိတ်တဆိတ်ဖမ်းဆီးပြီး ပြည်နှင်ဒဏ် ပေးဖို့ အသုံးချခဲ့ပါတယ်။

ထရမ့်ရဲ့ ဒုတိယ သက်တမ်းမှာတော့ မူဝါဒတွေ ပြောင်းလဲကာ နယ်စပ်လုံခြုံရေး နဲ့ လူဝင်မှုကြီးကြပ်ရေး ကိစ္စတွေအပြင် နယ်စပ်မဟုတ်တဲ့ နေရာတွေမှာပါ ရွေ့ပြောင်းအခြေချသူတွေကို ဖမ်းဆီးဖိနှိပ်ဖို့ ခါးပိုက်ဆောင် တပ်သဖွယ် အသုံးချနေပါတယ်။

မြေပြင်မှာ ရွေ့ပြောင်းအခြေချသူတွေတင်မဟုတ်၊ အသားအရောင် ကွဲပြားသူတွေ အကုန်လုံးကို ဖမ်းဆီးဖိနှိပ်တာတွေ၊ သတ်ဖြတ်တာတွေ လုပ်ဆောင်နေပါတယ်။ အမေရိကန် ကွန်ဂရက် လွှတ်တော်ကလည်း ICE ရဲ့ လုပ်ငန်းစဉ်တွေအတွက် အမေရိကန် ဒေါ်လာ ၄၅ ဘီလီယံထိ တိုးမြှင့် သုံးစွဲခွင့်ပေးထားပါတယ်။

ထရမ့်ဟာ ICE အေးဂျင့်တွေ နဲ့ National Guard တွေကို ရည်ရွယ်ချက်ရှိရှိ အမေရိကန် နိုင်ငံအနှံ့မှာ ချထားတာ ဖြစ်ပါတယ်။ ဒီတပ်ဖွဲ့တွေဟာ ပြည်သူနဲ့ထိပ်တိုက် တွေ့လိုပြီး မလွဲမသွေ သေကျေပျက်စီးစေဖို့ ရည်ရွယ်တာ ဖြစ်ပါတယ်။

ထရမ့်ရဲ့ ခါးပိုက်ဆောင်တပ်ဟာ သူတို့ရဲ့ စစ်ဆင်ရေး စတင်ချိန်ကစလို့ ဒီနေ့အထိ လူပေါင်း ၁၆ ဦးအထိ သေနတ်နဲ့ ပစ်ခတ်ခဲ့ပါတယ်။

မင်နီဆိုးတား ပြည်နယ်၊ မင်နီယာပိုလစ် လမ်းမပေါ်မှာ ပစ်သတ်ခံခဲ့ရတဲ့ ရီးနေး ဂွတ်ဒ်ဟာ ICE အဖွဲ့သတ်ဖြတ်လို့ လေးယောက်မြောက် သေဆုံးသူ ဖြစ်ပါတယ်။ ဂွတ်ဒ် အသတ်ခံရပြီး နောက်တနေ့မှာလည်း  အော်ရီဂွန် ပြည်နယ်၊ ပေါ့တ်လန်း မြို့က ဇနီးမောင်နှံ နှစ်ဦးကို ICE အေးဂျင့်တွေက သေနတ်နဲ့ ပစ်ခတ်ခဲ့ပါတယ်။

အဲ့ဒီနောက် ဇန်နဝါရီ ၁၄ ရက်နေ့မှာလည်း ဗင်နီဇွဲလား ရွှေ့ပြောင်း အခြေချသူ အမျိုးသား တစ်ဦးကိုလည်း ICE က မင်နီယာပို့လစ် မြို့ရဲ့ လမ်းမပေါ်မှာ ထပ်မံပစ်ခတ်လို့ ဆေးရုံတင်ထားရပါတယ်။

ရီနေး ဂွတ်ဒ် ပစ်သတ်ခံရပြီး နောက်နေ့မှာပဲ ထရမ့်ဟာ မင်နီယာပိုလစ်ကို နောက်ထပ် အေးဂျင် ၂,၀၀၀ ဝန်းကျင် စေလွှတ်ခဲ့ပါတယ်။

DHS ရဲ့ အဆိုအရ ICE ရဲ့ စစ်ဆင်ရေးတွေ စတင်ချိန် ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလ အစောပိုင်းကနေ ဒီနေ့အထိ မင်နီယာပို့လစ် တမြို့တည်းမှာ လူပေါင်း ၂,၀၀၀ ကျော်အထိ ဖမ်းဆီးထားတယ်လို့ ဆိုပါတယ်။

ဆိုမာလီနွယ်ဖွား အချို့ကို ဂိုဏ်းဖွဲ့ လိမ်လည်သူတွေလို့  စွပ်စွဲပြီးနောက် ထရမ့်ဟာ မင်နီဆိုးတားက ဆိုမာလီ အလုပ်သမားတွေ နဲ့ ရွေ့ပြောင်း အခြေချသူတွေကို ပစ်မှတ်ထားကာ အကြမ်းဖက်မှုတွေ ဆတိုး လုပ်လာတယ်။

ရှင်းရှင်းပြောရလျှင် အုပ်စိုးသူ လူတန်းစားဟာ လိမ်လည်မှုတွေကို ဂရုစိုက်သူတွေ မဟုတ်ကြပါဘူး။ ထရမ့်ကိုယ်တိုင်ပင် ငွေကြေး အများအပြား လိမ်လည်ပြီး အပြစ်ရှိတယ်လို့ ဝန်ခံထားတဲ့ သူတွေကို လွတ်ငြိမ်းချမ်းသာခွင့် ပေးခဲ့ဖူးပါတယ်။ တကယ့် လိမ်လည်သူ အစစ်တွေကတော့ ICE အော်ပရေးရှင်း နောက်ကွယ်က အုပ်စိုးသူ လူတန်းစာပဲ ဖြစ်ပါတယ်။

ICE ရဲ့ အကြမ်းဖက်မှု လှိုင်းဟာ  ထရမ့် နယ်ချဲ့ အစိုးရ လက်ထက် ဆိုးရွားလာတဲ့ စီးပွားရေး အခြေအနေကို အာရုံလွှဲရေးသာ ဖြစ်ပါတယ်။ ဒီကနေ့ခေတ် အမေရိကန် အလုပ်သမား လူတန်းစား ကြုံနေရတဲ့ ပြဿနာကို ထရမ့် အစိုးရ မဖြေရှင်းပေးနိုင်ဘူး၊ ဒါ့ကြောင့် လူထု ထောက်ခံမှု ကျဆင်းလာတာကို တွေ့ရလိမ့်မယ်။

ထရမ့်ဟာ ဆိုမာလီ ရွှေ့ပြောင်း အခြေချသူတွေ နဲ့ အလုပ်သမား လူတန်းစားကို ခုတုံးလုပ်ကာ အလုပ်သမားချင်း ရန်တိုက်ပေးဖို့ ကြိုးပမ်းနေတာသာ ဖြစ်ပါတယ်။ လက်ရှိ ဘူဇွာ နိုင်ငံတော်ဟာ အမေရိကန်က အလုပ်သမားတိုင်းရဲ့ လုပ်ခလစာကို ရည်ရွယ်ချက်ရှိရှိ လျှော့ချပစ်ဖို့ ကြိုးပမ်းနေပါတယ်။ ဒါကြောင့်ပဲ ဘူဇွာ နိုင်ငံတော် စပွန်ဆာ နဲ့ ညှဉ်းပန်းနှိပ်စက်တာ နဲ့  ခြောက်လှန့် အကြမ်းဖက်တာတွေ လုပ်ဆောင်လာတာပါ။

ထရမ့်ရဲ့  ခြိမ်းခြောက်မှု

ဇန်နဝါရီ ၁၄ ရက်နေ့ မှာ ICE အေးဂျင့်တွေဟာ ဗင်နီဇွဲလား ရွှေ့ပြောင်း အခြေချသူတဦးကို ပစ်ခတ်ခဲ့ပါတယ်။ သေနတ်နဲ့ ပစ်ခတ်ခံရသူဟာ ခြေထောက်ကိုထိမှန်ပြီး လက်ရှိ မင်နီယာပိုလစ်က ဆေးရုံတခုမှာ ဆေးကုသနေရတယ်လို့ ဂါးဒီးယန်း သတင်းက ဖော်ပြပါတယ်။

(ထရမ့် စစ်တပ်က  ဗင်နီဇွဲလားကို ဝင်တိုက်ပြီး သမ္မတ မာဒူရို ကို ပြန်ပေးဆွဲဖမ်းချိန်က အာဏာရှင် စနစ်ကို ဖြုတ်ချပြီး ဗင်နီဇွဲလား ပြည်သူတွေကို ကယ်တင်တော့မယ်လို့ ချီးယား လုပ်ခဲ့ကြတဲ့ လစ်ဘရယ်တွေရဲ့ အဖြစ်သနစ်ကို ပျက်ရယ်ပြုနေသလိုပါပဲ။ နယ်ချဲ့ အစိုးရဟာ ဗင်နီဇွဲလားမှာ ရှိတဲ့ ပြည်သူတွေကို ကယ်တင်ဖို့ နေနေသာသာ အမေရိကန်ရောက် ဗင်နီဇွဲလား နိုင်ငံရေး ခိုလှုံသူ တဦးကိုပါ ရက်ရက်စက်စက် ပစ်ခတ်ခဲ့တဲ့ သက်သေပါ။)

ဗင်နီဇွဲလား ရွှေ့ပြောင်း အလုပ်သမား ပစ်ခတ်ခံရပြီးနောက်မှာ မင်နီယာပိုလစ် မြို့ခံတွေဟာ ညတွင်းချင်း လမ်းပေါ် ထွက်လာပြီး ICE လုပ်ရပ်တွေကို စက်ဆုပ်ကြောင်း ဆန္ဒပြခဲ့ကြပါတယ်။

ဆန္ဒပြသူတွေ နဲ့ ICE အေးဂျင့်တွေအကြား ထိပ်တိုက်တွေ့ ခဲ့ပြီး ICE က မျက်ရည်ယိုဗုံးတွေ၊ အဓိကရုန်း နှိမ်နင်းရေး လက်နက်မျိုးစုံ သုံးကာ ဖြိုခွင်းခဲ့ပါတယ်။

ဒီလိုအချိန်မှာတောင်  ဒီမိုကရက်တွေရဲ့ သွေးကြောင်ပုံကတော့ ဆန္ဒပြ လူထုကို နေအိမ်ပြန်အိပ်ဖို့ တရားချနေပါတယ်။

မင်နီယာပိုလစ်ရဲ့ မြို့တော်ဝန် ဂျက်ကော့ပ် ဂရေးက  “ICE ရဲ့ ပြုမူပုံတွေက ရွံရှာစရာကောင်းပြီး သည်းမခံနိုင်စရာ ဖြစ်တာကို ကျနော်သိပါတယ်။ ကျနော်တို့အနေနဲ့ ဒေါ်နယ်ထရမ့် ဖန်တီးနေတဲ့ မငြိမ်သက်မှုတွေနောက်ကို လိုက်လို့ မရပါဘူး။ ဒါ သူတို့က ထောင်ချောက်ဆင်နေတာပါ။ ကျနော်တစ်ခုတောင်းဆိုပါရစေ နေအိမ်ကို ပြန်ကြပါ။ ပြန်အိပ်ကြပါ။ ကျနော်တို့  အခုလို လုပ်နေတာဟာ ရွှေ့ပြောင်း နေထိုင်သူတွေကို ကူညီရာ မရောက်ပါဘူး” လို့  ပြောခဲ့ဆိုပြီး ICE  ဗျူရိုကရက်တွေကိုယ်စား ဆန္ဒပြပွဲကို ဖြိုခွင်းပေးခဲ့ပါတယ်။

ဒါ့ပေမယ့်လည်း အုပ်စိုးသူ လူတန်းစားဟာ ခြောက်လှန့် အကြမ်းဖက်တာတွေ မရပ်တန့်ပါဘူး။ နောက်တနေ့ မနက်မှာပဲ နယ်ချဲ့ ထရမ့်ဟာ သူရဲ့ လူမှုကွန်ရက် Truth Social ကနေ မင်နီယာပိုလစ်က ဆန္ဒပြပွဲတွေ မရပ်ဘူးဆိုရင် စစ်တပ် လွှတ်လိုက်မယ်လို့ ခြိမ်းခြောက်ပါတယ်။

ဒီဆန္ဒပြပွဲတွေကို  နှိမ်နင်းဖို့အတွက် စစ်တပ်စေလွှတ်နိုင်တဲ့  ဖက်ဒရယ် ဥပဒေထုတ်သုံးမယ်လို့ ထရမ့်က ပြောပါတယ်။

“မင်နီယာပိုလစ်က အကျင့်ပျက် နိုင်ငံရေးသမားတွေအနေနဲ့ သူတို့အလုပ် သူတို့လုပ်နေတဲ့ ICE မျိုးချစ်တွေကို တိုက်ခိုက်တဲ့ လှုံ့ဆော်သူတွေနဲ့ ပုန်ကန်သူတွေကို မတားဆီးဘူးဆိုရင်၊ စစ်တပ် စေလွှတ်နိုင်မယ့် ဥပဒေ Insurrection Act  ကို ကျနော် ထုတ်သုံးရပါမယ်လိမ့်မယ်” လို့ ထရမ့်က သူရဲ့ လူမှုကွန်ရက်မှာ ရေးသားခဲ့ပါတယ်။

ထရမ့် အခုလို ခြိမ်းခြောက်တာ ဒီတကြိမ်တည်း မဟုတ်ပါဘူး။ သူ ပထမအကြိမ် အာဏာရတုန်းက မင်နီယာပိုလစ် ရဲတွေက အမေရိကန် – အာဖရိကန် တဦးဖြစ်တဲ့ ဂျော့ ဖလွိုက် ကို လမ်းမပေါ်မှာတင် ရက်ရက်စက်စက်သတ်ဖြတ်ခဲ့မှုကြောင့် ပေါ်ပေါက်လာတဲ့ Black Lives Matter လှုပ်ရှားမှုကိုလည်း အခုလို ခြိမ်းခြောက်ဖူးပါတယ်။

အဲ့ဒီအချိန်က ဒီမိုကရက် သမ္မတလောင်း ဂျိုးဘိုင်ဒန်ဟာ ပြည်နယ်တွေက ဆန္ဒပြပွဲတွေဆီ စစ်တပ် စေလွှတ်တာဟာ  အခြေခံ ဥပဒေနဲ့ မညီဖူးလို့ ပြောရုံသာ တုံ့ပြန်နိုင်ခဲ့တယ်။

ထရမ့်ကတော့ Black Lives Matter လှုပ်ရှားမှုကို National Guard တွေစေလွှတ်ပြီး အကြမ်းဖက် ဖိနှိပ်ခဲ့ပါတယ်။

ဒီမိုကရက်နဲ့ တရားရုံးတွေကို အယုံအကြည် လုံးဝ မရှိ

ရီနေး နီကိုးလ် ဂွတ်ဒ် ပစ်ခတ် သတ်ဖြတ်ခံရပြီးချိန်ကစလို့ မင်နီယာပိုလစ် မြို့တော်ဝန် ဂျေးကော့ဖရေး နဲ့ မင်နီဆိုးတား အုပ်ချုပ်ရေးမှူး တင်မ်ဝေါ့စ် တို့ဟာ ICE ကို မင်နီဆိုးတားကနေ ဖယ်ရှားပေးဖို့ တောင်းဆိုနေကြပါတယ်။

သို့သော် သူတို့ရဲ့ ပြောစကားတွေဟာ အနှစ်သာရ မရှိသလို ဘောင်ပြင်ကနေ အလွတ်သဘော ပြောဆိုနေကြတာပါ။ အဲ့ဒီ ဒီမိုကရက် နှစ်ဦးလုံးမှာ ရွှေ့ပြောင်း အခြေချသူ အလုပ်သမားတွေကို ကာကွယ်ပေးဖို့ ဘာအစီစဉ်မှ မရှိပါဘူး။

ဒီထက်ပိုဆိုးတဲ့ အချက်တဲ့  အချက်ကတော့ ဆိုမာလီ အလုပ်သမားတွေအပေါ် ထရမ့်ရဲ့ စွပ်စွဲပြောဆိုချက်တွေ ပိုခိုင်မာအောင် ပြောဆို လုပ်ဆောင်ပေးနေကြပါတယ်။

ဒီမိုကရက် နဲ့  ရီပတ်ဘလစ်ကန် အစိုးရတွေဟာ ရွေ့ပြောင်း အလုပ်သမားတွေကို တိုက်ခိုက်ရာမှာ ညီညွတ်ကြပါတယ်။

ဘိုင်ဒန်-ဟားရစ် အုပ်ချုပ်ရေးအောက်မှာ ရွှေ့ပြောင်း အခြေချသူ  ၄.၄ သန်းကို ပြည်နှင်ဒဏ်ပေးခဲ့ပါတယ်။ ထရမ့် နဲ့ ဒီမိုကရက်တွေရဲ့ ကွာခြားချက်ကတော့ ဒီမိုကရက်တွေက ကြောင်သူတော်ဆန်ပြီး ရွှေ့ပြောင်း အခြေချသူတွေကို တိတ်တဆိတ် ပြည်နှင်ဒဏ်ပေးလိုကြတာပါ။

ထရမ့်ကတော့ သူရဲ့ ကျရှုံးမှုတွေကို အာရုံလွှဲဖို့ နဲ့ ကျဆင်းပြီးရင်း ကျဆင်းနေတဲ့ သူရဲ့ ပုံရိပ် နဲ့ MAGA အကွဲအပြဲကို ဖာထေးဖို့  အလုပ်သမားတွေကို တုန့်လှုပ်ဖွယ် မြင်ကွင်းတွေနဲ့ ဖြိုခွင်းရေးကို အလိုရှိနေတာပါ။

မြို့တော်ဝန် ဖရေးက ICE ရဲ့ အမုန်းတရားကို မေတ္တာတရားနဲ့ ဖြေရှင်းဖို့ ခေါင်းငုံ့ခံရေး တရားဟောခဲ့သလို  အုပ်ချုပ်ရေးမှူး ဝေါ့စ်ကတော့ ငြိမ်းချမ်းစွာ ဖြေရှင်းဖို့ တောင်းဆိုခဲ့ပါတယ်။

လွန်ခဲ့တဲ့ ခြောက်နှစ်က လူဖြူ ရဲတဦးက အမေရိကန် – အာဖရိကန်အမျိုးသား  ဖလွိုက်ကို ရက်ရက်စက်စက် ဒူးနဲ့ ဖိသတ်ခဲ့တဲ့ နေရာနဲ့ တမိုင်လောက် အကွာမှာပဲ ICE က ရီနေး ဂွတ်ဒ်ကို သတ်ဖြတ်ခဲ့တာပါ။

၂၀၂၀ က ဖြစ်ပွားခဲ့တဲ့  ဂျော့ဖလွိုက် ဆန္ဒပြပွဲတွေကိုလည်း အုပ်ချုပ်ရေးမှူး ဝေါ့စ်က National Guard စေလွှတ်ခဲ့တာကို မင်နီယာပိုလစ် ပြည်သူတွေ မေ့မရသေးပါဘူး။ ယခုတကြိမ်မှာလည်း ဝေါ့စ်ဟာ National Guard တွေကို အသင့်ပြင်ထားဖို့ အမိန့်ပေးတာတွေ လုပ်ဆောင်ခဲ့ပါတယ်။

ဒီမိုကရက်တွေ နဲ့ အလားတူပဲ ရီနေး ဂွတ်ဒ် သတ်ဖြတ်ခံရမှု နဲ့ ICE ရဲ့ အကြမ်းဖက်မှုတွေကို အဆုံးသတ်ဖို့အတွက် အမေရိကန် တရားရုံးတွေကို အားကိုးလို့ ရမှာ မဟုတ်ပါဘူး။

အမေရိကန် တရားရုံးတွေဟာ အလုပ်သမား နဲ့  အရင်းရှင်ကြားက သွေးစုပ်ခြယ်လှယ်မှု ဆက်ဆံရေးကို ဆက်လက် ထိန်းသိမ်းထားလိုသူတွေနဲ့ ဖွဲ့စည်းထားတာ ဖြစ်ပါတယ်။

ဖလွိုက်ကို သတ်ဖြတ်ခဲ့တဲ့  ဒဲရစ်ခ် ချောင်ဗင် အမှုမှာ စီရင်ချက်ချခဲ့ပုံကို ပြန်ကြည့်နိုင်ပါတယ်။ ဒီအမှုမှာ လူသတ်သမား ရဲဟာ ပြစ်ဒဏ်ချမှတ်ခံရပြီး ထောင်ကျခဲ့ပေမယ့် ရဲတပ်ဖွဲ့ တခုလုံး လူမျိုးခွဲခြားမှုတွေ၊ အကြမ်းဖက်မှုတွေ၊ ခြစားမှုတွေ အမြစ်တွယ်နေဆဲ ဖြစ်ပါတယ်။

ဒီကိစ္စတွေကို စနစ်တကျ ဖွဲ့စည်းထားတဲ့  အလုပ်သမား လူတန်းစားရဲ့ တိုက်ပွဲနဲ့သာ ဖြေရှင်းနိုင်မှာ ဖြစ်ပါတယ်။

အကြမ်းဖက်သမား အစစ်က ဘယ်သူလဲ

ဇန်နဝါရီလ ၇ ရက်နေ့က မင်နီယာပိုလစ် တောင်ပိုင်း လမ်းမပေါ် မှာ ရီနေး နီကိုးလ် ဂွတ်ဒ်ကို လူဝင်မှု ကြီးကြပ်ရေးနှင့် အကောက်ခွန် ဌာန (ICE) အေးဂျင့်တဦးက သတ်ဖြတ်ခဲ့ပါတယ်။

သားသမီး သုံးဦးရဲ့ မိခင်၊ ဆုရ ကဗျာဆရာမဟာ သူမ ပစ်ခတ် သတ်ဖြတ်ခံရတဲ့ နေရာနဲ့ အနည်းငယ်သာ လှမ်းတဲ့ နေရာမှာ နေထိုင်သူ ဖြစ်ပါတယ်။

ဒီပစ်ခတ်မှုကြောင့် လူထုဒေါသဟာ အကြီးအကျယ် ပေါက်ကွဲထွက်လာပြီး မင်နီယာပိုလစ် လမ်းမပေါ်တွေမှာ လူထောင်ချီ စုဝေးကာ ICE ကို ဆန္ဒပြခဲ့ကြပါတယ်။ ဆန္ဒပြပွဲတွေဟာ မင်နီဆိုတာ တပြည်နယ်လုံးနဲ့  နိုင်ငံအနှံ့က မြို့ကြီးတွေကို ပျံ့နှံ့သွားခဲ့ပါတယ်။

ဒီအချိန်မှာ ဒေါ်နယ်ထရမ့်၊ ဂျေဒီ ဗန့်စ် နဲ့ ပြည်တွင်း လုံခြုံရေး ဝန်ကြီး ခရစ်စတီ နွန်းမ် တို့ ရှေ့ထွက်လာကြပြီး လူသတ်သမား ICE အေးဂျင့် ဂျိုနသန် ရော့(စ်)ကို ကာကွယ်ခဲ့ကြတယ်။

သတ်ဖြတ်ခံရသူ ရီနေး ဂွတ်ဒ်ကို ပြည်တွင်း အကြမ်းဖက်သမားလို့ နာမည်ဖျက် စွပ်စွဲခဲ့ကြတယ်။ “သူမရဲ့ အပြုအမူက အရမ်း ဆိုးဝါးတယ်၊ ပြီးတော့ သူမက ICE အေးဂျင့်ကို ကားနဲ့ တိုက်ခဲ့တယ်” လို့ ထရမ့်က ပြောခဲ့တယ်။

ပြည်တွင်း လုံခြုံရေး ဝန်ကြီး ခရစ်စတီ နွန်းမ်ကလည်း “သူမက ကားကို လက်နက်တခုလို အသုံးပြုခဲ့တယ်။ ဒါကြောင့် ရော့စ်က ပစ်သတ်ခဲ့တယ်” လို့ ပြောဆိုခဲ့တယ်။

ဒုသမ္မတ ဆိုတဲ့  ဂျေဒီ ဗန့်စ်ရဲ့ ပြောစကားကတော့ ပိုလို့တောင် ဆိုးရွားပါသေးတယ်။ သေဆုံးသူဟာ “လက်ဝဲ တက်ကြွလှုပ်ရှားသူ” ဖြစ်ပြီး ICE အေးဂျင့်တွေကို နှောက်ယှက်ခဲ့လို့ ပစ်ခတ်ခံရတာ ဖြစ်ကြောင်း ပြောဆိုသွားခဲ့တယ်။

သို့သော် ရှုထောင့်ပေါင်းစုံကနေ ရိုက်ထားတဲ့ ဗီဒီယိုတွေနဲ့ မျက်မြင်သက်သေတွေရဲ့  ပြောကြားချက်အရ လူသတ်သမားကို ကာကွယ်ပေးနေတဲ့ ထရမ့် အုပ်ချုပ်ရေး ယန္တရားရဲ့ ပြောဆိုချက်တွေဟာ အဖြစ်မှန်နဲ့ တက်တက်စင်အောင် လွဲနေပါတယ်။

မျက်မြင် သက်သေတဦး ရိုက်ကူး ရယူထားတဲ့ ဗီဒီယိုတခုမှာ ICE အေးဂျင့်တွေဟာ ကြောက်မက်ဖွယ် အပြုမှုကို လုပ်ဆောင်ခဲ့ကြတာ တွေ့ရတယ်။

ICE အေးဂျင့်တဦးက ဂွတ်ဒ်ရဲ့ ကားတံခါးကို အတင်းအဓမ္မ ဖွင့်ဖို့ ကြိုးစားပါတယ်။ သူမက ကားကို တံခါး မဖွင့်ပေးဘဲ လှည့်ထွက်ဖို့ ကြိုးစားနေချိန်မှာ လူသတ်သမား ဂျိုနသန်ရော့စ်က သုံးချက်တိတိ ပစ်ခတ်ပြီး ဂွတ်ဒ်ကို သတ်ဖြတ်လိုက်ပါတယ်။

မျက်မြင် သက်သေတွေရဲ့ အဆိုအရ ICE အေးဂျင့်တွေဟာ ဂွတ်ဒ်ကို ပစ်သတ်ပြီး ရှေးဦးသူနာပြု နည်းတွေနဲ့ ကူညီဖို့ ကြိုးစားတာကို ခွင့်မပြုခဲ့ဘူး၊ ဆေးဘက်ဆိုင်ရာ အကူအညီပေးသူ အများအပြား ရောက်လာမှသာ အခင်းဖြစ်ပွားရာ နေရာကနေ ထွက်ခွာသွားခဲ့ကြတယ်။

ထရမ့် အစိုးရက  ဂွတ်ဒ်ဟာ ရော့စ်ရဲ့ လက်မောင်းကို ဒဏ်ရာရစေခဲ့တယ်လို့ ပြောဆိုခဲ့ပါတယ်။ ဒါဟာ အမှန်ဖြစ်ခဲ့ရင်တောင် လမ်းပေါ်မှာ  ချက်ချင်း အဆုံးစီရင် သတ်ဖြတ်ပစ်ရလောက်တဲ့  ရာဇဝတ်မှု မဟုတ်ပါဘူး။ အမှန်တရားကတော့ အမေရိကန် အုပ်စိုးသူ ယန္တရားက တရားဝင် ခွင့်ပြုထားတဲ့ လူသတ်မှုသာ ဖြစ်ပါတယ်။

ICE အေးဂျင့်တွေ ပစ်သတ်လို့ သေခဲ့ရတဲ့ ကလေးသုံးယောက် မိခင် ရီနေး ဂွတ်ဒ်ဟာ အကြမ်းဖက်သမား မဟုတ်ဘူး။ တကယ့် အကြမ်းဖက်သမား အစစ်တွေက ICE အေးဂျင့်တွေ နဲ့ သူတို့ကို စေလွတ်ထားတဲ့ ထရမ့် နယ်ချဲ့ အစိုးရ တာဝန်ရှိသူတွေပဲ။

အဲ့ဒီ အုပ်စိုးသူ လူတန်းစားဟာ ဂါဇာမှာ ပါလက်စတိုင်းတွေကို လူမျိုးတုံး သတ်ဖြတ်နေတဲ့ အစ္စရေး အစိုးရကို လက်နက် တပ်ဆင်ပေးထားပြီး ဗင်နီဇွဲလားက အရပ်သားတွေကို ဗုံးကြဲခဲ့သူတွေ ဖြစ်ပါတယ်။

နယ်ချဲ့ အကြမ်းဖက် အုပ်စိုးသူ လူတန်းစားကို ကျနော်တို့ဘက်က လူတန်းစား တိုက်ပွဲ နည်းတွေနဲ့ ရင်ဆိုင်တုံ့ပြန်သွားရလိမ့်မယ်။

ICE ကို လူတန်းစား တိုက်ပွဲနဲ့ ပြန်တိုက်

အမေရိကန် ပြည်ထောင်စု တဝှမ်းက ပြည်သူတွေ ရင်ဆိုင်ကြုံတွေ့နေရတဲ့ အကျပ်အတည်းတွေအတွက် ရွှေ့ပြောင်း အလုပ်သမားတွေမှာ တာဝန် မရှိဘူး။ အရင်းရှင် လူတန်းစား နဲ ပျက်စီးယိုယွင်းနေတဲ့ စနစ်ကိုသာ အပြစ်တင်ရမယ်။

အလုပ်သမားထုက ICE ရဲ့ အကြမ်းဖက်မှုတွေကို ရဲရင့်ပြတ်သားတဲ့ လူတန်းစား ကာကွယ်ရေး နည်းတွေသုံးပြီး  ရင်ဆိုင်ရလိမ့်မယ်။ ICE ကို ဆန့်ကျင်တဲ့ တိုက်ပွဲဟာ အရင်းရှင် စနစ်တခုလုံးကို ဆန့်ကျင်တဲ့ တိုက်ပွဲ ဖြစ်ရမယ်။

လက်သည်းဆိတ်တော့ လက်ထိပ်က နာတယ် (An injury to one is an injury to all)။ လေဘာ လှုပ်ရှားမှုအနေနဲ့ ဒီတိုက်ပွဲကို ဦးဆောင်ဖို့ တာဝန်ရှိတယ်။

လက်ရှိ အမေရိကန် ပြည်ထောင်စုရဲ့ အလုပ်သမား သမဂ္ဂ ခေါင်းဆောင်မှုဟာ တိုက်ပွဲဝင်နိုင်ဖို့ အသင့် အနေအထားမှာ ရှိနေပါတယ်။ မင်နီဆိုးတား ပြည်နယ်က အလုပ်သမား ၃ သိန်းကျော် ဟာ AFL-CIO မှာ စုစည်းထားပြီး၊ အင်အား ၈ သောင်းရှိတဲ့  မင်နီယာပိုလစ်  အလုပ်သမား အဖွဲ့ချုပ် (Minneapolis Regional Labor Federation) လည်း အပါအဝင် ဖြစ်ပါတယ်။

သမဂ္ဂ ခေါင်းဆောင်တွေဟာ  ရွှေ့ပြောင်း အလုပ်သမားတွေကို  နှုတ်နဲ့ ထောက်ခံကြသော်လည်း ယခုအချိန်ထိ ICE ကို ဆန့်ကျင်ဖို့ ပြတ်ပြတ်သားသား လုပ်ဆောင်တာ တခုမှ မရှိသေးဘူး။ ဥပမာ၊ သပိတ်မှောက်တာ၊ သပိတ်တားတာ၊ အင်အားကြီးမားတဲ့ ဆန္ဒပြပွဲတွေ အကောင်အထည်ဖော်တာ၊ စသဖြင့် လုပ်လို့ရတာတွေ အများကြီး ရှိပါတယ်။ သမဂ္ဂတွေအနေနဲ့  ဒါကို စုစည်းဖော်ဆောင်ဖို့ ပျက်ကွက်နေကြဆဲ ဖြစ်တယ်။

မင်နီယာပိုလစ် အလုပ်သမား သမဂ္ဂတွေအနေနဲ့ အဖွဲ့အစည်း မရှိသေးတဲ့ အလုပ်သမားတွေကို စည်းရုံးစုစည်းဖို့ ကြိုးစားသင့်တယ်။ ဒါ့အပြင် ICE ပစ်မှတ်ထားတဲ့ ရပ်ကွက်နဲ့ လုပ်ငန်းခွင် အသီးသီးမှာ အလုပ်သမားထုကိုယ်တိုင် ခုခံကာကွယ်ရေး ကော်မတီတွေ (workers’ self-defense committees) ထူထောင်ဖို့ ဆော်ဩပေးရမယ်။ ဒီလို ခုခံကာကွယ်ရေး ကော်မတီတွေက ညီလာခံတခု ပြုလုပ်ပြီး မြို့နယ်အဆင့် ခေါင်းဆောင်တွေကို ရွေးကောက်ဖွဲ့စည်းရမယ်။ ဒီလို စုစည်းမှုနဲ့ တိုက်ပွဲဖော်ပြီး ICE အဖွဲ့ကို မင်နီယာပိုလစ်ကနေ အပြီးတိုင် မောင်းထုတ်ပစ်နိုင်တယ်။

အလုပ်သမားထုအနေနဲ့ ဒီလောက်နဲ့ မရပ်တန့်သင့်ဘူး။ ICE အကြမ်းဖက်မှုနဲ့ သူတို့ကို ဖန်တီးထားတဲ့ အရင်းရှင် စနစ်ကို အဆုံးသတ်နိုင်ဖို့ အမေရိကန် ပြည်ထောင်စုရဲ့ မြို့ကြီးတိုင်းမှာ အလားတူ ကော်မတီတွေ ပေါ်ပေါက်လာအောင် ကြိုးပမ်းရမယ်။

တိုက်ပွဲ အစဉ်အလာ

မင်နီယာပိုလစ်မြို့ဟာ  လူတန်းစား တိုက်ပွဲ သမိုင်း ထွန်းပြောင်တဲ့ မြို့တမြို့ဖြစ်ပါတယ်။ အထက်က ပြောခဲ့တဲ့ လူတန်းစား တိုက်ပွဲ နည်းနာတွေကို ဒီမြို့မှာပဲ အောင်အောင်မြင်မြင် အသုံးပြုခဲ့ဖူးတယ်။

၁၉၃၄ ခုနှစ် ဇူလိုင်လ ၂၀ ရက်မှာ မင်နီယာပိုလစ် ကုန်တင်ယာဉ်မောင်း သပိတ်အတွင်း လူ ၆၇ ဦးကို ရဲတွေက ပစ်ခတ်ခဲ့လို့ “သွေးစွန်းသော သောကြာနေ့” (Bloody Friday) ဖြစ်ခဲ့ရတယ်။ ပစ်ခတ်ခံရသူ တော်တော်များများဟာ သပိတ်တားတဲ့ နေရာနား ရပ်ကြည့်နေသူတွေ ဖြစ်ပြီး ဒဏ်ရာရသူ အများစုဟာ နောက်ကျောက ပစ်ခတ်ခံခဲ့ရသူတွေ ဖြစ်ပါတယ်။ ဒီသပိတ် တိုက်ပွဲအတွင်း ဟင်နရီနက်စ် နဲ့  ဂျွန်ဘီလာ ဆိုတဲ့ အလုပ်သမား နှစ်ဦး ကျဆုံးခဲ့တယ်။

အုပ်စိုးသူ လူတန်းစားရဲ့ အကြမ်းဖက်မှုကို တုံ့ပြန်တဲ့အနေနဲ့ ကုန်တင်ယာဉ်မောင်း သမဂ္ဂ အဖွဲ့ခွဲ ၅၇၄ (Teamsters Local 574) ဟာ မြို့အနှံ့က သမဂ္ဂတွေနဲ့ ချိတ်ဆက်ပြီး သယ်ယူ ပို့ဆောင်ရေး အလုပ်သမား အားလုံး ပါဝင်တဲ့ တရက်တာ သပိတ်ကို ဆင်နွဲခဲ့တယ်။ ဘတ်(စ်) ယာဉ်မောင်းတွေက သပိတ်ဖြိုခွဲမဲ့ National Guardsmen တွေကို သွားလိုရာ မောင်းမပို့ဘဲ ငြင်းဆန်ခြင်းအားဖြင့် သပိတ်တိုက်ပွဲထဲ ပါဝင်ခဲ့ကြတယ်။

ဇူလိုင်လ ၂၄ ရက်နေ့မှာ  မြို့လူဦးရေရဲ့ ၁၀ ရာခိုင်နှုန်း ရှိတဲ့ လူပေါင်း ၄ သောင်းဟာ ဟင်နရီနက်စ်ရဲ့ ဈာပနပို့ရင်း စီတန်းလှည့်လည်ခဲ့ကြတယ်။ ဒီချီတက်ပွဲကြောင့် မင်နီယာပိုလစ် မြို့တခုလုံး ရပ်ဆိုင်းသွားခဲ့တယ်။

သပိတ်ခေါင်းဆောင်တဦးလည်းဖြစ်၊  အမေရိကန် ကွန်မြူနစ် အဖွဲ့ချုပ် (Communist League of America) အဖွဲ့ဝင် တဦးဖြစ်သူ ဖာရယ် ဒေါ့စ် (Farrell Dobbs) ကတော့ “ခိုင်မာပြတ်သားတဲ့ လူထု ထောင်သောင်းချီ စုရုံးလာချိန်မှာ ရဲတယောက်မှ မမြင်တွေ့ရတော့ဘူး” လို့ဆိုပါတယ်။ စနစ်တကျရှိပြီး စည်းလုံး ညီညွတ်တဲ့ အလုပ်သမား လူတန်းစားကို ရင်ဆိုင်ရချိန် အုပ်စိုးသူတွေရဲ့ လက်ကိုင်တုတ် ရဲတပ်ဖွဲ့ဟာ  မျှော်လင့်ချက် ကင်းမဲ့စွာ ပုန်းအောင်းနေခဲ့ရတယ်။

၁၉၃၄ ခုနှစ် သပိတ်တွေက ရရှိတဲ့ သင်ခန်းစာကတော့ ရှင်းလင်းပါတယ်။ အရင်းရှင် လူတန်းစား နဲ့ သူတို့ရဲ့ နိုင်ငံတော် ဖိနှိပ်ရေး ယန္တရားဟာ စနစ်တကျ ဖွဲ့စည်းမှု အားကောင်းတယ်။ အလုပ်သမားထုအနေနဲ့ သူတို့ အင်အားကို မိမိအင်အားနဲ့ ရင်ဆိုင်ဖို့ဆိုရင် ကိုယ်ပိုင် အဖွဲ့အစည်း လိုအပ်တယ်။

၁၉၃၄ ခုနှစ် ကုန်တင်ယာဉ်မောင်း သမဂ္ဂ အောင်ပွဲရဖို့ အမေရိကန် ကွန်မြူနစ် အဖွဲ့ချုပ်ရဲ့  ဦးဆောင်မှုဟာ မရှိမဖြစ် အရေးပါခဲ့တယ်။ ယနေ့ခေတ်မှာလည်း  Revolutionary Communists of America ဟာ ကမ္ဘာတလွှားက Revolutionary Communist International ရဲ့ ရဲဘော်တွေနဲ့ လက်တွဲပြီး အလားတူ ပါတီမျိုး အမေရိကမှာ တည်ဆောက်နေတယ်။

အောင်ဇေသစ် ရေးသည်။

မှီငြမ်းကိုးကား ။    ။

United States: ICE murder of Renee Good – who are the real terrorists?  By Minneapolis RCA 09 January 2026

Federal agent shoots man in Minneapolis as tensions in city run high By Maanvi Singh in Minneapolis and Gabrielle Canon in Oakland

Trump threatens to use Insurrection Act to end Minneapolis protests ByAl Jazeera Staff  Published On 15 Jan 2026