ပြီးခဲ့တဲ့ မေ ၁၄ ရက်နေ့က စစ်တွေမြို့ကို ဖြတ်သန်းသွားခဲ့တဲ့ မိုခါမုန်တိုင်းဟာ စစ်တွေမြို့ကို နာရီပိုင်းအတွင်း မြို့ပျက်ကြီးတခု ဖြစ်သွားစေခဲ့တယ်။ ဆက်သွယ်ရေးလိုင်းတွေ ပြတ်တောက်သွားခဲ့ပေမယ့် မုန်တိုင်းဒဏ် ခံလိုက်ရတဲ့ အခြေအနေတွေကို အွန်လိုင်းမီဒီယာတွေကနေ အများပြည်သူ မြင်တွေ့ခဲ့ကြရပါတယ်။ အဲဒီအချိန်မှာ ရိုဟင်ဂျာ ဒုက္ခသည်စခန်းတွေ ဘယ့်လောက်တောင် ကမ္ဘာပျက်နေမလဲဆိုတာတော့ မသိနိုင်ခဲ့ကြပါဘူး။
မုန်တိုင်း ဖြတ်သန်းပြီး နောက်ရက်တွေကျမှသာ ရိုဟင်ဂျာတွေ ရာနဲ့ချီပြီး လူမသိသူမသိ အသက်ဆုံးရှုံးခဲ့ကြရမှန်း သိခဲ့ရတယ်။ မသေသင့်ဘဲ သေသွားခဲ့ရတဲ့ လူ့အသက်တွေ။ ဘယ်သူ့မှာ တာဝန်ရှိသလဲမေးရင် အာဏာသိမ်း စစ်အစိုးရဟာ နံပတ်တစ် လူသတ်တရားခံလို့ အတိအကျ ပြောနိုင်တယ်။ ကျည်ဖိုးမကုန်ဘဲ၊ လေယာဉ်ဆီဖိုး မကုန်ရဘဲ ရိုဟင်ဂျာတွေကို အစုလိုက်အပြုံလိုက် သတ်ပစ်လိုက်တာ ဖြစ်တယ်။ မိုခါမုန်တိုင်းကို လူသတ်လက်နက်အဖြစ် ပြောင်းပစ်လိုက်တာ မင်းအောင်လှိုင် ခေါင်းဆောင်တဲ့ အာဏာသိမ်း စစ်အစိုးရပဲ။
ဘာ့ကြောင့် ဒီလိုပြောရသလဲ။ ရှင်းပါတယ်။ အဖျက်စွမ်းအားအလွန်ကြီးတဲ့ မိုခါမုန်တိုင်းဝင်လာရင် ပင်လယ်ကမ်းနားမှာ ရွက်ဖျင်တဲစုတ်လေးတွေနဲ့ နေကြရတဲ့ ဒုက္ခသည်စခန်းက လူတွေ အမြောက်အမြား အသက်ဆုံးရှုံးနိုင်မှန်း လူလိုသိသူတိုင်း နားလည်ပါတယ်။ မုန်တိုင်းမဝင်ခင် ရက်ပိုင်းအတွင်း ဒီလူတွေကို ဘေးလွတ်ရာ အကုန်ခေါ်ထုတ်သွားလို့ ရပါတယ်။ အဲဒီလို ခေါ်ထုတ်ပေးနိုင်တဲ့ means of transportation တွေ အုပ်စိုးသူ အာဏာပိုင်တွေလက်ထဲမှာ ရှိပြီးသားပဲ။ ဒါပေမယ့် သူတို့လုပ်ခဲ့သလား။ မလုပ်ခဲ့လို့ အခုလို မသေသင့်ဘဲ သေခဲ့ကြရတာ။ သေမင်းခံတွင်းထဲကို တမင်ပစ်ချထားခဲ့ကြတာပဲ။
ဒါကလက်ငင်း ဖြစ်သွားတဲ့ အခြေအနေ။ ဒီထက်စောတဲ့ ရှေ့ဆယ်စုနှစ်ကို ပြန်ကြည့်ရအောင်။ ရိုဟင်ဂျာတွေကို ကိုယ့်အိမ်ကိုယ် နေခွင့်မရှိအောင် လုပ်ခဲ့တယ်။ ဒုက္ခသည်စခန်းဆိုပြီး လူလိုမနေရတဲ့ ဝက်လူးဗွက်အိုင်လို နေရာမျိုးတွေမှာ ပိတ်လှောင်အကျဉ်းချထားခဲ့တယ်။ (ရခိုင်ပြည်နယ်၊ မြေပုံက ရိုဟင်ဂျာ ဒုက္ခသည်စခန်း အတွေ့အကြုံကို အခြေခံပြီး ပြောပါမယ်။ ကျန်တဲ့ စစ်တွေ၊ ပေါက်တော အစရှိတဲ့ နေရာတွေက ရိုဟင်ဂျာ ဒုက္ခသည်စခန်းတွေလည်း အခြေအနေချင်း သိပ်မကွာဘူးလို့ သိရပါတယ်။) မြို့ထဲကို သွားလာခွင့် မရှိဘူး။ ကျန်းမာရေးအတွက် ဆေးရုံတက်ခွင့် မရှိဘူး။ ပညာရေးအတွက် ကျောင်းတက်ခွင့် မရှိဘူး။
ကျန်းမာရေးအတွက် နိုင်ငံတကာ အဖွဲ့အစည်းဆိုတာတွေရဲ့ မသဒ္ဓါရေစာကို အားကိုးရတယ်။ ဆေးရုံတက်ဖို့ လိုအပ်ရင်တောင် မြို့နယ်ဆေးရုံကို တင်ခွင့်၊ လွှဲခွင့်မရှိဘူး၊ ရေကြောင်းကနေ စစ်တွေဆေးရုံကိုသာ ပို့ရတယ်။ ဒီမှာလည်း ကိုယ့်သဘောနဲ့ကိုယ် ဆေးရုံသွားတက်လို့ မရပြန်ဘူး။ သက်ဆိုင်ရာ အဖွဲ့အစည်းက လွှဲရင်တောင် ထွေအုပ်နဲ့ ရဲက ခွင့်ပြုမှ စစ်တွေဆေးရုံကို တက်ခွင့်ရကြတယ်။
စစ်တွေ၊ ပေါက်တော ရိုဟင်ဂျာ စခန်းတွေက ရိုဟင်ဂျာတွေအတွက် နယ်စည်းမထား ဆရာဝန်များအဖွဲ့ (MSF) က ကျန်းမာရေး စောင့်ရှောက်မှုတွေ ပေးနေတာ တွေ့ခဲ့ရတယ်။ အဲဒီမှာလည်း ရိုဟင်ဂျာတွေဟာ သူတို့ဘာသာ ဆေးရုံသွားတက်ခွင့် မရကြဘူး။ MSF က ရေလမ်းကနေ စစ်တွေအထိ ခေါ်လာပေးပြီး ကားနဲ့တဆင့်တင်၊ ပြီးမှ ဆေးရုံဘက်ကို ပြန်လွှဲပေး။ အဲသလိုလုပ်ပေးမှ ဆေးရုံတက်ခွင့်ရကြတယ်။
ဆေးရုံပေါ်ရောက်ပြန်တော့ မွတ်စလင်တွေ ရိုဟင်ဂျာတွေကို သီးခြားခွဲထားတယ်။ အမေရိကမှာ ကျင့်သုံးခဲ့တဲ့ racial segregation ကို ဗမာပြည်အာဏာပိုင်တွေက ရိုဟင်ဂျာတွေအပေါ် ကျင့်သုံးနေတာ ဖြစ်တယ်။ ၂၀၁၅-၂၀ အရပ်သားတပိုင်း အစိုးရလက်ထက်မှာလည်း ဒီအတိုင်း ကျင့်သုံးသွားခဲ့တာပဲ။ ဆေးရုံပေါ်ရောက်တာနဲ့ အဲသလို ခွဲထုတ်ကန့်သတ်ထားသလို ရိုဟင်ဂျာတွေမှာ မိုဘိုင်းဖုန်းပါလာခဲ့ရင်တောင် အသုံးပြုခွင့် ပိတ်ပင်ထားတယ်။ ဆေးရုံ လူနာဆောင်မှာ လက်နက်ကိုင် ရဲအစောင့် ချထားတယ်။ မိသားစုနဲ့ဆက်သွယ်လိုတဲ့ လူနာဟာ အဲဒီအစောင့်ရဲတွေကို ဖုန်းဆက်ခ မတန်တဆပေးပြီး ဆက်ကြရတယ်။ ဆေးရုံက ဆေးဝါးလည်း အလုံအလောက် မပေးတော့ အပြင်ကနေ ဆေးဝယ်ကြရတယ်။ ဒီအခါ ရိုဟင်ဂျာတွေမှာ ဆေးရုံပြင်ပ ခြေတလှမ်း ထွက်ခွင့်မရလေတော့ လက်နက်ကိုင် ရဲဆိုသူ ကြားပွဲစားတွေကို အားကိုးကြရပြန်တယ်။
ဒါဟာ အရပ်သားတပိုင်း အစိုးရလက်ထက်မှာ ဖြစ်ခဲ့သလို အာဏာသိမ်း စစ်အစိုးရလက်ထက်မှာလည်း ဆက်ဖြစ်နေတုန်းပဲ။ ရှင်လျက်နဲ့ ငရဲကျနေအောင် လုပ်ထားခဲ့ကြတာ ဖြစ်တယ်။ ငရဲဆိုတာ နောင်ဘဝမှာ မရှိပေမယ့် လက်ရှိလူ့ဘဝမှာ အတိအကျကို ရှိနေတာပဲ။
ဒီလို အခြေအနေတွေကို အန်ဂျီအိုနည်းတွေနဲ့ ချဉ်းကပ်လာခဲ့ကြတာ ဆယ်စုနှစ်တွေ ကြာခဲ့ပြီ။ ရိုဟင်ဂျာတွေဘဝ ဘာတွေများ တိုးတက်ပြောင်းလဲခဲ့သလဲ။ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးအော်ကြတဲ့ အဖွဲ့အစည်းတွေဟာ အခြေခံ ဒီမိုကရေစီ အခွင့်အရေးတရပ်ဖြစ်တဲ့ လွတ်လပ်စွာ လှုပ်ရှားသွားလာခွင့်ကိုတောင် ထုတ်ဖော်တိုက်ပွဲဝင်တာမျိုး မလုပ်ခဲ့ကြဘူး။ အာဏာပိုင်တွေ ခွင့်ပြုတဲ့ ဘောင်ထဲကနေသာ ရိုဟင်ဂျာတွေကို သနားစရာ သတ္တဝါလေးတွေလို၊ victim တွေလို ရှုမြင်ပြီး ကယ်တင်ရှင်ကြီးဂိုက် ဖမ်းခဲ့ကြတယ်။ အဖိနှိပ်ခံ လူထုကိုယ်တိုင် ရှေ့ထွက် တိုက်ပွဲဝင်တဲ့ လူထုတိုက်ပွဲနည်းကို လေသံပင် မဟရဲခဲ့ကြဘူး။ အကျိုးဆက်ကို မိုခါမှာ မြင်ခဲ့ရတာပဲ။
ဒီလိုအခြေအနေမှာ မုန်တိုင်းသတင်းလေး ကြေညာပေးရုံနဲ့ ရိုဟင်ဂျာတွေက ဘယ်ကို ပြေးရမလဲ။ ပြေးစရာ မြေက ဘယ်မှာလဲ။ ခိုစရာ အိမ်က နတ္ထိ။ ဒါကို သိသိရက်နဲ့ ရွှေ့ရကောင်းမှန်း နားမလည်လို့ သေကြရတာ ပြောရင် သေသူတွေကို စော်ကားရာရောက်တယ်။
ဒီကနေ့အချိန်မှသာ အနောက်အုပ်စု မျက်နှာသာရလိုတဲ့ လစ်ဘရယ်ဘူဇွာတွေက ရိုဟင်ဂျာတွေအတွက် အသံကောင်း ဟစ်လာပေမယ့် တကယ်တမ်း သူတို့တတွေ အာဏာလေး ရစဉ်က ဘာတွေများ လုပ်ခဲ့ကြသလဲ။ ရိုဟင်ဂျာဆိုတဲ့ နာမည်တောင် ပီပီသသ မခေါ်ရဲခဲ့ကြဘူး မဟုတ်လား။ racial segregation ကျင့်သုံးနေတာကို မသိကျိုးကျွံ ပြုခဲ့ကြတယ် မဟုတ်လား။
ပြည်မက မြန်မာတွေလည်း အဖိနှိပ်ခံရတယ်၊ တခြားလူမျိုးစုအသီးသီးလည်း အဖိနှိပ်ခံကြရတယ်၊ ဒါ့ကြောင့် ဗမာလူမျိုးကြီးဝါဒကိုချည်း လက်ညှိုးထိုးမနေဘဲ အဖိနှိပ်ခံ လူမျိုးစုံ သွေးစည်းကြပါလို့ အော်နေရုံနဲ့ မရသလို ရခိုင်တွေလည်း အဖိနှိပ်ခံရတယ်၊ ရိုဟင်ဂျာတွေလည်း အဖိနှိပ်ခံရတယ်၊ အဖိနှိပ်ခံချင်း သွေးစည်းကြပါလို့ ပြောနေရုံနဲ့ မရသေးဘူး။ အေအေ အာဏာရလာရင် ရိုဟင်ဂျာတွေ လွတ်မြောက်သွားမယ်လို့ တရားဟောနေရင် ပိုလို့တောင် မဖြစ်သေး။ အဲဒီမက်လုံးလေးနဲ့ပဲ လူမျိုးစုတွေကြားက မယုံကြည်မှုကို ချေဖျက်နိုင်မယ် ထင်နေရင် စိတ်ကူးယဉ်လွန်းတာပဲ။ တခြားအဖိနှိပ်ခံ လူမျိုးစုတွေရဲ့ ဘဝတွေ လွတ်မြောက်ရေးအတွက် တောင်းဆို တိုက်ပွဲဝင်တော့မှသာ နှစ်ရှည်လများ အမြစ်တွယ်လာတဲ့ လူမျိုးကြီးဝါဒ၊ အုပ်စိုးသူ အဆက်ဆက် ရေလောင်း ပေါင်းသင်ပေးခဲ့တဲ့ လူမျိုးရေး အမုန်းတရားတွေကို ချေဖျက်ပေးနိုင်မှာ။ ဒီလို အတူလက်တွဲ တိုက်ပွဲဝင်ရင်းမှသာ ယုံကြည်မှု၊ သွေးစည်းချစ်ကြည်မှုဆိုတာ ဖြစ်ပေါ်လာနိုင်မှာ။
အဲလို မဟုတ်ရင်တော့ အာဏာသိမ်း စစ်တပ်ရဲ့ လူအစုလိုက် အပြုံလိုက် သတ်ဖြတ်ပွဲကြီးတွေမှာ မိကျောင်းမျက်ရည် ကျပြတာထက် ပိုလာမှာ မဟုတ်ဘူး။
ဂျက်(ခ်) ရေးသည်
ရိုဟင်ဂျာ အမြောက်အမြားကို ကျည်မကုန်ဘဲ သတ်ပစ်လိုက်တဲ့ မအလ စစ်အစိုးရ