အယ်ဒီတာ့ အာဘော်

The Struggle မဂ္ဂဇင်း အသစ် ထွက်ပြီ

ဘာ့ကြောင့် ဒိုင်ယာလက်တစ်လဲ

“ပီယာနိုသမား တယောက်က လက်ချောင်း လေ့ကျင့်ခန်း လုပ်နေဖို့ လိုအပ်သလို တော်လှန်ရေးသမား တယောက်ဟာလဲ ဒိုင်ယာလက်တစ်နည်းကျ တွေးခေါ်တတ်အောင် သူ့စိတ်ကို လေ့ကျင့်ထားဖို့ လိုအပ်တယ်။ ပြဿနာ အားလုံးကို ပြောင်းလဲခြင်းမရှိတဲ့ category တွေလို့ မမြင်ဘဲ process တွေအဖြစ် ချဉ်းကပ်ဖို့ ဒိုင်ယာလက်တစ်က တောင်းဆိုတယ်။”

ဒီမှတ်ချက်ကို ပြောခဲ့သူကတော့ လီနင်နဲ့အတူ အောက်တိုဘာ တော်လှန်ရေးကို ဦးဆောင်ခဲ့ပြီး တပ်နီတော်ကို ထူထောင်ခဲ့သူ လီယွန် ထရော့စကီး ဖြစ်ပါတယ်။

ဒီတခေါက် The Struggle မဂ္ဂဇင်းမှာ ဒိုင်ယာလက်တစ်ကို ဘာ့ကြောင့် “main theme” အနေနဲ့ တင်ဆက်ထားသလဲ မေးစရာ ရှိပါတယ်။ အထူးသဖြင့် ပြည်တွင်းစစ်မီး တောက်နေချိန်၊ ရန်သူ စစ်အုပ်စိုးသူ လူတန်းစားက အဆုံးစွန် အကြမ်းဖက် သတ်ဖြတ်နေချိန် ငါတို့တော့ ဒိုင်ယာလက်တစ်တွေ ဘာတွေ စိတ်မဝင်စားနိုင်ဘူး။ ရန်သူ စစ်အစိုးရကို ဖြိုချဖို့သာ ဆန္ဒရှိတယ်လို့ ပြောနိုင်ပါတယ်။

၁၉၀၀ ဝန်းကျင်လောက်က ရုရှားပြည်မှာ အန်နားခစ်အနွယ် နိုင်ငံရေး အင်အားစု တခုဖြစ်တဲ့ Social Revolutionaries တွေလဲ လီနင်တို့ မာ့(က်စ်)ဝါဒီတွေကို ဒီလို ဝေဖန်ခဲ့ဖူးတယ်။ လီနင်တို့ ထုတ်နေတဲ့ Iskra စာစောင်က ဒိုင်ယာလက်တစ် ရုပ်ဝါဒ ဂိုဏ်းတခုကို ထူထောင်ချင်ပြီး၊ ငါတို့ SR တွေကတော့ ဇာဘုရင် သက်ဦးဆံပိုင်စနစ်ကို ဖြိုချချင်တယ်လို့ ပြောခဲ့ကြတယ်။ ပြောတဲ့အတိုင်းလဲ သူတို့ လက်ပစ်ဗုံး ကိုင်ပြီး ဇာဘုရင်ကို တိုက်ပွဲဝင်ခဲ့တယ်။ သို့သော် Burnham ဆီ ပေးစာမှာ ထရော့စကီး ထောက်ပြခဲ့သလိုပဲ “သမိုင်းတလျှောက် အကြီးမြတ်ဆုံး တော်လှန်ရေးကြီးကို ဦးဆောင်ခဲ့တာ လက်ပစ်ဗုံးနဲ့ အစပြုခဲ့တဲ့ ပါတီ မဟုတ်ဘူး၊​ ဒိုင်ယာလက်တစ် ရုပ်ဝါဒနဲ့ အစပြုခဲ့တဲ့ ပါတီ ဖြစ်တယ်”။

ထရော့စကီးရဲ့ ဒီမှတ်ချက်က အထက်ပါ မေးခွန်းကို လုံလောက်တဲ့ အဖြေ ပေးပြီးသားလို့ ယုံကြည်ပါတယ်။ ဒိုင်ယာလက်တစ်ဟာ စိတ်ကူးယဉ် ထိုးဇာတ် မဟုတ်သလို mysticism လဲ မဟုတ်ဘူး။ တွေးခေါ်စဉ်းစားမှု ပညာရပ်တခု (science) ဖြစ်တယ်။ ဘယ်ပညာရပ်မဆို စနစ်တကျ မလေ့လာဘဲ မတတ်နိုင်ဘူး။ ဒါ့ကြောင့် ဒိုင်ယာလက်တစ်ကိုလဲ သေချာ လေ့လာ၊ လေ့ကျင့်ထားဖို့ လိုအပ်တယ်။” (အယ်ဒီတာ့အာဘော်မှ ကောက်နှုတ်ချက်)

Against Cartesian Reductionism

ဘူဇွာ လူ့အဖွဲ့အစည်းရဲ့ လူမှု အိုင်ဒီယော်လဂျီကို အနှစ်ချုပ်လိုက်ရင် တသီးပုဂ္ဂ လူသားက လူ့အဖွဲ့အစည်းထက် ရှေ့ကျတယ်၊ တသီးပုဂ္ဂလ လူသားက ontologically အရင် တည်ရှိခဲ့တာလို့ ဆိုကြတယ်။ အဲဒီလို သူတို့ ယူဆထားတဲ့ တသီးပုဂ္ဂလတွေဟာ လွတ်လပ်စွာ သီးခြား ရပ်တည်နိုင်တဲ့ လူမှု အက်တမ်တွေ ဖြစ်တယ်။ အဲဒီ လူမှု အက်တမ် တခုချင်းစီမှာ ကိုယ်ပိုင် ဂုဏ်သတ္တိတွေ ရှိကြတယ်။ ကိုယ်ပိုင် အကျိုးစီးပွားတွေ ရှိကြတယ်။ ဒီလို လူမှု အက်တမ်တွေက အချင်းချင်း တုံ့လှယ်ဆက်ဆံရင်း လူမှု ဆက်ဆံရေး ဆိုတာ ဖြစ်လာတယ်။ ဒီ လူမှု အက်တမ်တွေ ပေါင်းစည်းရာက လူ့အဖွဲ့အစည်း ဆိုတာ ဖြစ်လာတယ်။ ဒါ့ကြောင့် လူ့အဖွဲ့အစည်းကို နားလည်ချင်ရင် “ပါဝင်ဖွဲ့စည်းထားသော” တသီးပုဂ္ဂလတွေရဲ့ ဂုဏ်အင်တွေကို နားလည်ရမယ်လို့ ဆိုလေ့ရှိတယ်။

ဒီအမြင်အရ လူ့အဖွဲ့အစည်း ဆိုသော “the whole” ထက် တသီးပုဂ္ဂလ ဆိုသော “the part” က ရှေ့ကျတယ်၊ the whole ဆိုတာ the part ကနေ ဖြစ်လာတာ၊ ဒါ့ကြောင့် the whole ကို နားလည်ချင်ရင် the part ကို အရင် နားလည်ရမယ်။ လူ့အဖွဲ့အစည်းနဲ့ ပတ်သက်တဲ့ ဒီအမြင်ကို သဘာဝကို ရှုမြင်တဲ့ နေရာမှာလဲ တွေ့ရမယ်။ ဘူဇွာ လူ့အဖွဲ့အစည်းအတွင်း ရှင်သန်နေရတဲ့ လူတွေဟာ ရုပ်လောက သဘာဝကြီးကို ကြည့်မြင်ရာမှာလဲ ဒီအတိုင်း မြင်တတ်ကြတယ်။

ဒီအမြင်ကို ကျကျနန ဖော်ထုတ်ပေးခဲ့သူကတော့ ဒေးကား (Descartes) ဖြစ်ပါတယ်။ ၁၇ ရာစုက ဒေးကားရဲ့ Discours စာအုပ်မှာ အခု အနှစ်ချုပ် တင်ပြခဲ့တဲ့ အယူအဆကို အတိအလင်း ဖော်ထုတ်ထားတာ တွေ့ရမယ်။ ကာတက်စီးယန်း (Cartesian) ကမ္ဘာဟာ နာရီကြီး တလုံးနဲ့ တူတယ်၊ အဲဒီ ကမ္ဘာမှာ ဖြစ်စဉ် ဖြစ်ရပ်တွေက သီးခြား အက်တမ်တွေ အတူပေါင်းစည်းမိရာက အကျိုးဆက်အနေနဲ့ ထွက်ပေါ်လာခြင်း ဖြစ်တယ်။ အဲဒီလို ပါဝင် ဖွဲ့စည်းထားတဲ့ အစိတ်အပိုင်း တခုချင်းမှာ ဂုဏ်သတ္တိ ကိုယ်စီ ရှိကြတယ်၊ သူတို့ ဖွဲ့စည်းပေးထားတဲ့ စနစ် တခုလုံးရဲ့ အပြုအမူကို ပါဝင်တဲ့ အစိတ်အပိုင်းတွေက ပြဋ္ဌာန်းပေးတယ်။

ကာတက်စီးယန်း အမြင်မှာ ကြောင်းကျိုးဆက်နွှယ်မှု လမ်းကြောင်းက ရှင်းပါတယ်၊ “part” ကနေ “whole”, အက်တမ်ကနေ မော်လက်ကျူး၊ မော်လက်ကျူးကနေ သက်ရှိ၊ သက်ရှိတကောင်ကနေ သက်ရှိ အစုအဝေး၊ “the individual” ကနေ “society” ၊ စသဖြင့်။

လူ့အဖွဲ့အစည်းမှာလိုပဲ သဘာဝ ရုပ်လောကမှာလဲ “part” က ontologically အရကို “whole” ထက် ရှေ့ကျတယ်။ ဒီနေရာမှာ part တွေအချင်းချင်း ကူးလူးဆက်ဆံရာက part တခုချင်းမှာ မရှိခဲ့တဲ့ ဂုဏ်သတ္တိ အသစ် တမျိုးမျိုး “whole” မှာ ထွက်ပေါ် မလာနိုင်ဘူးလား။ the whole က part တွေ ပေါင်းလဒ်ထက် ပိုကြောင်း ဆိုလေ့ရှိတယ်။

သို့သော် ဒီနေရာမှာ အဓိက ပြဿနာက part တွေ ပေါင်းစည်းမှုကြောင့် the whole မှာ ဂုဏ်သတ္တိအသစ် ထွက်ပေါ်လာခြင်း၊ မလာခြင်း ကိစ္စ မဟုတ်ဘူး။ “part က whole ထက် ရှေ့ကျတယ်၊​ အရင်လာတယ်” ဆိုတဲ့ ontological commitment ကြောင့် အခု ပြောနေတဲ့ သိမှုဗေဒ ပြဿနာ ထွက်ပေါ်လာခြင်း ဖြစ်တယ်။

အဲဒီ ကာတက်စီးယန်း လောက အမြင်ကို Cartesian Reductionism လို့ နာမည်ပေးထားပါတယ်။ တခါတလေ ကာတက်စီးယန်း နည်းလမ်းလို့ ပြောကြတယ်။ လူ့အဖွဲ့အစည်းနဲ့ သဘာဝအကြောင်း လေ့လာတဲ့ သိပ္ပံပညာရပ် နယ်ပယ်မှာ ဒီကနေ့ ခေတ်အထိ ဩဇာကြီးမားနေဆဲ ဖြစ်သလို ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုနေကြဆဲ ဖြစ်ပါတယ်။

“ဗမာပြည်မှာ ပြည်တွင်းစစ် ဖြစ်နေရတာ နိုင်ငံသား တဦးချင်းက ဒီမိုကရေစီနဲ့ မယဉ်ပါးသေးလို့၊ နိုင်ငံရေး ပြဿနာတွေကို ဒီမိုကရေစီ တန်ဖိုးတွေ ကိုင်စွဲပြီး ဒီမိုကရေစီ နည်းကျ ဖြေရှင်းတတ်တဲ့ အလေ့အကျင့် မရှိသေးလို့” ဖြစ်နေတာ၊ ဒါ့ကြောင့် “နိုင်ငံသား တဦးချင်းကို ဒီမိုကရေစီ နည်းလမ်းတွေ သင်ကြားပေးထားမယ်ဆိုရင် အကြမ်းဖက် နည်းလမ်းတွေ အသုံးပြုပြီး ဖြေရှင်းကြမှာ မဟုတ်ဘူး၊ လူ့အဖွဲ့အစည်းလဲ တည်ငြိမ်အေးချမ်းပြီး ဖွံ့ဖြိုးတိုးတက်သွားလိမ့်မယ်” လို့ လစ်ဘရယ် ဒီမိုကရက်တွေက ပြောလေ့ရှိတယ်။ ကြောင်းကျိုးဆက်နွှယ်မှု လိုင်းကို individuals ကနေ society ဆီ တလမ်းသွား ဆွဲထားတဲ့ absurdity သက်သက်ပဲ။

သူတို့အမြင်မှာ လူ့အဖွဲ့အစည်းထက် တသီးပုဂ္ဂလ လူက အရင်ကျတယ်။ ဒါဆို အဲဒီ လူကို နားလည်ဖို့ လိုတယ်။ လူကို နားလည်ချင်ရင် အဲဒီ လူကို ဖွဲ့စည်းထားတဲ့ “genetic makeup” ကို သိရမယ်။ လူရဲ့ အပြုအမူ၊ အတွေးအကြံ အားလုံးကို “genetically coded” လုပ်ထားတယ်။ ဒါ့ကြောင့် genetic level အထိ ဆင်းလေ့လာမှ လူ့အပြုအမူ၊ လူ့သဘာဝကို နားလည်ပြီး ပိုကောင်းတဲ့ လူ့အဖွဲ့အစည်းကို ပုံသွန်းနိုင်မယ် ဆိုတဲ့ အယူအဆတွေ ကျယ်ပြန့်လာခဲ့တယ်။

တကိုယ်ကောင်းဆန်တာ၊ အများအကျိုး သယ်ပိုးလိုတာ၊ လောဘကြီးတာ၊ ဉာဏ်ရည်နိမ့်တာ မြင့်တာ၊ racist ဆန်တာ၊ မူးယစ်ဆေးစွဲတာ၊ ရာဇဝတ်မှု ကျူးလွန်ချင်တာ၊ အစရှိတဲ့ trait အားလုံးကို ဗီဇမှာ ခြေရာခံနိုင်တယ်လို့ ထင်လာကြတယ်။ ဒါ့ကြောင့် “genetically determined individuals” က လူ့အဖွဲ့အစည်းကို ပုံဖော်ပေးနေခြင်း ဖြစ်တယ် ဆိုတဲ့ ကောက်ချက်ကို ရောက်ပါတယ်။ ဒီအယူအဆတွေကို ဘာ့ကြောင့် reductionism လို့ ပြောသလဲ စာဖတ်သူများ နားလည်ဖို့ မခက်ဘူး ထင်ပါတယ်။

Reexamining part and whole

ဒိုင်ယာလက်တစ် အမြင်က ကာတက်စီးယန်း သဘာဝတ္ထ အမြင်နဲ့ ဆန့်ကျင်ဖက် ဖြစ်တယ်။ ဒိုင်ယာလက်တစ် အမြင်အရ the whole မရှိဘဲ ကနဦး တည်ရှိနေသော the part ဆိုတာ မရှိနိုင်ဘူး။ တနည်းအားဖြင့် part ရဲ့ “prior existence” ဆိုတာ မရှိဘူး။ part နဲ့ whole ကြားမှာ အထူး ဆက်နွှယ်ချက် ရှိတယ်။ အထက် နဲ့ အောက် လိုပဲ တခု မရှိဘဲ အခြားတခု မရှိနိုင်ဘူး။ part လို့ ခေါ်တဲ့ အရာကို သူပါဝင် ဖွဲ့စည်းထားတဲ့ whole က သတ်မှတ်ပေးခြင်း ဖြစ်တယ်။ ဒါ့အပြင် part ရဲ့ ဂုဏ်သတ္တိတွေဟာ တစုံတခုသော whole ရဲ့ အစိတ်အပိုင်း ဖြစ်နေလို့သာ ရရှိလာခြင်း ဖြစ်တယ်၊ နဂိုကတည်းက သူ့ဘာသာ သီးခြား တည်ရှိနေခဲ့တာမျိုး (intrinsic properties) မဟုတ်ဘူး။ the whole အဖြစ် ပေါင်းစည်းထားရင်း the part တွေမှာ ဂုဏ်သတ္တိတွေ ရရှိလာသလို the whole ကိုလဲ ဂုဏ်သတ္တိအသစ်တွေ ထွက်ပေါ်လာစေတယ်။ part နဲ့ whole ဟာ ဒီဆက်နွှယ်မှုရဲ့ အကျိုးဆက်အဖြစ် ဆင့်ကဲပြောင်းလဲသွားတယ်၊ ဒီဆက်နွှယ်မှု ကိုယ်တိုင်လဲ ဆင့်ကဲ ပြောင်းလဲခြင်း ဖြစ်ပါတယ်။ ဒါဟာ ဒိုင်ယာလက်တစ်ကျတယ်လို့ ကျနော်တို့ ပြောလေ့ရှိတဲ့ ဂုဏ်သတ္တိတွေပဲ၊ အကြောင်းချင်းရာ တခုဟာ အခြား တခု မရှိဘဲ မတည်ရှိနိုင်ဘူး၊ အချင်းရာ တခုက အခြားတခုနဲ့ ဆက်နွှယ်ရင်း ဂုဏ်သတ္တိတွေ ရရှိလာတယ်၊ သူတို့ချင်း အပြန်အလှန် interpenetration ဖြစ်နေတာရဲ့ အကျိုးဆက်အဖြစ် နှစ်ခုလုံးရဲ့ ဂုဏ်သတ္တိတွေလဲ ဆင့်ကဲ ပြောင်းလဲသွားကြတယ်။

ဒါဝင်ရဲ့ သီအိုရီဟာ ဘူဇွာ အသိဉာဏ် တော်လှန်ရေးရဲ့ အမြင့်ဆုံး ထုတ်ကုန်ပဲ။ ပထမဆုံး အချက်အနေနဲ့ ပလေတိုးနစ် စိတ်ကူးစံတွေကို ငြင်းပယ်ပြီး အမှန်တကယ် တည်ရှိနေသော ဒြပ်ပစ္စည်းတွေကြားက အင်အားစု အစစ်အမှန်တွေနဲ့ အစားထိုးလိုက်တဲ့ ရုပ်ဝါဒ သီအိုရီ ဖြစ်တယ်။ ဒုတိယအချက်က တည်မြဲခြင်းကို ဆန့်ကျင်တဲ့ ပြောင်းလဲခြင်း သီအိုရီ တခု ဖြစ်တယ်။ သဘာဝ စနစ်တွေ၊​ လူမှု စနစ်တွေ အားလုံးက အမြဲတစေ ပြောင်းလဲနေတယ်လို့ အီဗလူးရှင်း လောကအမြင်က ဆိုပါတယ်။ ဒါဝင် သီအိုရီမှာ တွေ့ရတဲ့ ရုပ်ဝါဒကို ပြတ်ပြတ်သားသား ကိုင်စွဲခြင်းနဲ့ ပြောင်းလဲခြင်း နိယာမကို အခိုင်အမာ ဖမ်းဆုပ်ထားခြင်းတို့ဟာ ဒိုင်ယာလက်တစ်ဆန်တဲ့ အမြင်ကို ကိုယ်စားပြုပါတယ်။

သို့သော် အီဗလူးရှင်း သီအိုရဲ့ တတိယ မျက်နှာစာ ဖြစ်တဲ့ adaptation မက်တဖောကတော့ ကာတက်စီးယန်း အမြင် စစ်စစ်ပဲ။ ဒါဝင် အမြင်မှာ အမြဲ ပြောင်းလဲနေတဲ့ ပြင်ပ ပတ်ဝန်းကျင် လောကကြီးကို သက်ရှိတွေက adapt လုပ်နေရတယ်၊ သက်ရှိနဲ့ သူ့ပတ်ဝန်းကျင်က သီးခြားစီ ဖြစ်တည်နေကြတယ်၊ သီးခြား ဂုဏ်သတ္တိတွေ ရှိနေတယ်လို့ ယူဆတယ်။ ပတ်ဝန်းကျင်က သူ့ဘာသာ ပြောင်းလဲနေပြီး သက်ရှိတွေက အဲဒီ ပြောင်းလဲမှုကို တုံ့ပြန်ရင်း ပြောင်းလဲသွားတယ်၊ သက်ရှိဟာ အဲဒီ ပတ်ဝန်းကျင် လောကနဲ့ သီးခြား ခွဲထုတ်ခံထားရတယ်။ ဒါဟာ သက်ရှိတွေကို ပြင်ပ ဝန်းကျင် အင်အားစုတွေရဲ့ alienated object လို့ ယူဆထားတဲ့ ကာတက်စီးယန်း အမြင်ပဲ၊ ဒိုင်ယာလက်တစ် အမြင်ကတော့ သက်ရှိနဲ့ ပတ်ဝန်းကျင်ဟာ interpenetrating ဖြစ်နေတယ်၊ ဒါ့ကြောင့် သူတို့ နှစ်ခုလုံးက တချိန်တည်းမှာ သမိုင်း ဖြစ်စဉ်ရဲ့ subject ဖြစ်သလို object လဲ ဖြစ်နေတယ်။

ရူပ လောကနဲ့ ဇီဝ လောက သာမက လူမှု လောက လေ့လာရာမှာ လွှမ်းမိုးနေတဲ့ ဆန်းစစ်ရေး နည်းလမ်းကတော့ အခု တင်ပြခဲ့တဲ့ Cartesian reductionism ဖြစ်ပါတယ်။ ကာတက်စီးယန်း နည်းလမ်းမှာ ontological commitments (၄) ချက် တွေ့ရတယ် –

(၁) ဘယ်စနစ် (whole) မှာမဆို ပါဝင်ဖွဲ့စည်းထားတဲ့ အခြေခံ ယူနစ် (သို့မဟုတ်) part တွေ သဘာဝကျကျ ရှိနေတယ်။

(၂) အဲဒီ ယူနစ်တွေဟာ သူတို့အတွင်းသားမှာ homogeneous ဖြစ်နေတယ်။ အနည်းဆုံးတော့ သူတို့ part အဖြစ် ပါဝင်ထားတဲ့ the whole ကို သက်ရောက်မှု ရှိနေသရွေ့ သူတို့ဟာ homogeneous ဖြစ်တယ်။

ဒါ့ကြောင့် ဒီ ကာတက်စီးယန်း reductionist အမြင်ကို ကိုင်စွဲထားတဲ့ သိပ္ပံပညာရပ်တွေရဲ့ ရည်ရွယ်ချက်က internally homogeneous ဖြစ်တဲ့ အသေးငယ်ဆုံး ယူနစ်တွေကို ရှာဖွေ ဖော်ထုတ်ရေး ဖြစ်ခဲ့တယ်။ ဓာတုဗေဒ၊ ရူပဗေဒ သမိုင်းကို ပြန်ကြည့်ရင် ဒီအချက်ကို အထင်အရှား တွေ့ရမယ်။ atomos ဆိုတဲ့ ဂရိစကားက indivisible (ထပ်မံ ခွဲခြမ်းလို့ မရတော့ဘူး၊ အက်တမ်သာ အသေးငယ်ဆုံး ယူနစ်) လို့ အဓိပ္ပါယ် ထွက်ပါတယ်။ သို့သော် အက်တမ် သီအိုရီ တိုးတက်လာတာနဲ့အမျှ ဒီအမြင် မှားယွင်းကြောင်း သိလာကြတယ်။ အက်တမ်တွေကို ပရိုတွန်၊ နျူတရွန်၊ အီလက်တရွန်တို့နဲ့ ဖွဲ့စည်းထားပြီး အက်တမ်ရဲ့ homogeneity လဲ ပျောက်ဆုံးသွားတယ်။

ကာတက်စီးယန်း လောကအမြင်ရဲ့ ဝိသေသတွေကို ပြန်ဆက်ရရင် –

(၃) part တွေက the whole အရင် ontologically တည်ရှိနေခဲ့ပြီးသား ဖြစ်တယ်။ ဆိုလိုတဲ့ သဘောက part တွေက သူ့ဘာသာ သီးခြား တည်ရှိနေပြီးသား၊ the whole ဖြစ်လာအောင် အတူ လာပေါင်းကြခြင်း ဖြစ်တယ်။ အဲဒီ part တွေမှာ သူ့နဂို အတွင်းသား ဂုဏ်သတ္တိတွေလဲ ရှိနှင့်ပြီးသား၊ သူတို့ချင်း ပေါင်းစည်းမိတဲ့အခါ the whole ကို သူတို့ဂုဏ်သတ္တိတွေ မျှပေးလိုက်ပေးကြတယ်။ ရိုးရှင်းတဲ့ ဖြစ်ရပ်တွေမှာ the whole ဆိုတာ part တွေ ပေါင်းလဒ်ထက် မပိုဘူး၊ ရှုပ်ထွေးတဲ့ ဖြစ်စဉ်တွေမှာသာ part တွေအချင်းချင်းကြား interaction ဖြစ်ရာက the whole မှာ ဂုဏ်သတ္တိအသစ်တွေ ထွက်ပေါ်လာစေတယ်။

(၄) အကြောင်းတရားနဲ့ အကျိုးဆက်က သီးခြားစီ ဖြစ်တယ်။ အကြောင်းတရားက subject ရဲ့ ဂုဏ်သတ္တိ ဖြစ်ပြီး အကျိုးဆက်က object ရဲ့ ဂုဏ်သတ္တိ ဖြစ်တယ်။ (စာရင်းအင်းပညာရပ်မှာ independent variable နဲ့ dependent variable လို့ ခွဲခြားပြောနေကြတာ ဒီသဘောပဲ)။

ဒီသဘောတရားတွေကို အခြေခံပြီး ရှုမြင်ထားတဲ့ ရုပ်ကမ္ဘာကို alienated world လို့ ကျနော်တို့ သတ်မှတ်ပါတယ်။ ဒါဟာ alienated လူမှု လောကရဲ့ ဖွဲ့စည်းတည်ဆောက်ပုံကို ရောင်ပြန်ဟပ်ထားတဲ့ ရုပ်လောက ဖြစ်တယ်။ ၁၃ ရာစုမှာ အစပြုခဲ့ပြီး ၁၇ ရာစု၊ ၁၈ ရာစု ဘူဇွာ တော်လှန်ရေးတွေမှာ အမြင့်ဆုံး ရောက်လာပြီ ဖြစ်တဲ့ လူမှု ဆက်ဆံရေးတွေက alienated individual ကို အခြေခံ အကျဆုံး social actor အဖြစ် ရှေ့တန်းတင်ခဲ့ကြတယ်။ တသီးပုဂ္ဂလက ကိုယ်ပိုင် ဂုဏ်သတ္တိရှိသော လူမှု အက်တမ် ဖြစ်လာခဲ့တယ်။

ဒိုင်ယာလက်တစ် အမြင်

ကာတက်စီးယန်း အမြင်နဲ့ ဆန့်ကျင်ဖက်ဖြစ်သော ဒိုင်ယာလက်တစ် လောကအမြင်က ဒြပ်ပစ္စည်း အားလုံးဟာ ဘယ်အဆင့်မှာမဆို internally heterogeneous ဖြစ်တယ်လို့ ယူဆတယ်။ ဒါ့ကြောင့် ဒိုင်ယာလက်တစ်ရဲ့ ပထမဆုံး အခြေခံ သဘောတရားက whole ဆိုတာ heterogeneous parts တွေရဲ့ ဆက်နွှယ်မှု တခုပဲ။ အဲဒီ part တွေဟာ whole မဖြစ်ခင် part အဖြစ် သီးခြား တည်ရှိမနေနိုင်ဘူး။ ဒါ့ကြောင့် ဒုတိယ ထွက်ပေါ်လာတဲ့ အခြေခံ သဘောတရားက part တွေရဲ့ ဂုဏ်သတ္တိဟာ နဂိုတည်းက ရှိနေခဲ့တာ မဟုတ်ဘူး၊​ whole တခုခုရဲ့ part ဖြစ်နေခြင်းကြောင့် ရရှိလာတဲ့ ဂုဏ်သတ္တိတွေသာ ဖြစ်တယ်။

လူတယောက်က သူ့လက်နှစ်ဖက်ကို တောင်ပံခတ်ပြီး မပျံသန်းနိုင်ဘူး။ အဲသလိုပဲ လူအုပ်စုလိုက်ကြီး အတောင်ခတ်ပြီး ပျံမယ်ဆိုလဲ အရာထင်မှာ မဟုတ်ဘူး။ ဒါပေမယ့် လေယာဉ်ပျံတွေ၊ လေယာဉ်မောင်းသူတွေ၊ လေယာဉ်ဆီတွေ ဖန်တီးထုတ်လုပ်ပေးထားတဲ့ လူ့အဖွဲ့အစည်းကြောင့် လူတွေ ပျံသန်းသွားလာနိုင်ကြတယ်။ လူ့အဖွဲ့အစည်းက ပျံသန်းသွားတာ မဟုတ်ဘူး။ လူ့အဖွဲ့အစည်း အတွင်းက လူတွေ (individuals) ပျံသန်းသွားကြခြင်း ဖြစ်တယ်။ အဲဒီ လူတွေဟာ လူ့အဖွဲ့အစည်းရဲ့ ပြင်ပမှာဆို ဒီဂုဏ်သတ္တိကို ဘယ်တော့မှ မရရှိနိုင်ဘူး။ လူတွေ ပျံသန်းသွားနိုင်ခြင်းဟာ တသီးပုဂ္ဂလ လူသားမှာ နဂိုတည်းက ရှိနေတဲ့ (intrinsic properties) ကြောင့် မဟုတ်ဘူး။ လူ့အဖွဲ့အစည်း ဆိုသော the whole ရဲ့ အစိတ်အပိုင်း ဖြစ်နေခြင်းကြောင့် ရရှိလာတဲ့ ဂုဏ်သတ္တိတွေသာ ဖြစ်တယ်။

ဒိုင်ယာလက်တစ်လိုပဲ whole ကို ဇောင်းပေးပြောတဲ့ တခြား အတွေးအခေါ် ဂိုဏ်းတွေ ရှိပါတယ်။ ဥပမာ၊ ဇီဝကမ္မ ဖြစ်စဉ်တွေ၊ စိတ်ပိုင်းဆိုင်ရာ ဖြစ်စဉ်တွေကို သီးခြားစီ ခွဲထုတ်လို့ မရကြောင်း ဇောင်းပေးပြောတဲ့ holistic ကျန်းမာရေး လှုပ်ရှားမှု၊ သဘာဝ တရားကြီးရဲ့ ပေါင်းစည်းညီညွတ်မှု အကြောင်း ဇောင်းပေးပြောတဲ့ ဂေဟဗေဒ လှုပ်ရှားမှုတို့၊ စသဖြင့်။

အဲဒီ အုပ်စုတွေနဲ့ ဒိုင်ယာလက်တစ် အမြင်ဟာ အဓိက ကွားခြားချက် နှစ်ခု ရှိပါတယ်။ holistic ကျန်းမာရေး လှုပ်ရှားမှုဆိုရင် the individual ကို အဓိက အခြေခံပြီး စဉ်းစားတယ်။ ဂေဟဗေဒ လှုပ်ရှားမှုရဲ့ အခြေခံ သဘောတရားက သဘာဝတရားကြီးနဲ့ သဟဇာတဖြစ်ဖြစ်၊ ညီညွတ်မျှတမှုရှိရှိ၊ တသားတည်းဖြစ်နေဖို့ အဓိကထားတယ်။ ဒိုင်ယာလက်တစ် အမြင်က the whole ဟာ ဟာမိုနီဖြစ်ပြီး ပင်ကိုအားဖြင့် ညီညွတ်မျှတနေတာမျိုး မဟုတ်ဘူး။ the whole ရဲ့ ဖြစ်တည်မှုက တည်မြဲနေတာမျိုး မဟုတ်ဘူး။ the whole ဟာ အတွင်းသား ဆန့်ကျင်ဖက် ဖြစ်စဉ်တွေရဲ့ ဆုံချက် ဖြစ်တယ်။ ဒီဆန့်ကျင်ဖက် အင်အားစုတွေရဲ့ ရလဒ်အဖြစ် ဟန်ချက်ညီနေတာမျိုးကလဲ အခိုက်အတန့်သဘောပဲ။

part နဲ့ whole တို့ interpenetration ဖြစ်နေခြင်းဟာ subject နဲ့ object, အကြောင်းနဲ့ အကျိုးတို့ တရားသေ တလမ်းသွား ဖြစ်မနေဘဲ အပြန်အလှန် အစားထိုး နေရာပြောင်းနိုင်ခြင်းကြောင့် ဖြစ်တယ်။ ဒါဟာ ဒိုင်ယာလက်တစ်ရဲ့ တတိယ အခြေခံ သဘောတရားပဲ။

ဒိုင်ယာလက်တစ်လိုပဲ heterogeneity ကို အသိအမှတ်ပြုတဲ့ အတွေးအခေါ် ဂိုဏ်းနှစ်ခု ရှိတယ်။ အရာရာတိုင်းကို အဖြူ မဟုတ်ရင် အမည်းလို့ ပြောမရကြောင်း လစ်ဘရယ်တွေ ပြောတတ်ကြတယ်။ ဘယ်ဟာမဆို ကောင်းကျိုး ရှိသလို ဆိုးပြစ်လဲ ရှိတယ်။ ဒါ့ကြောင့် cost နဲ့ benefit ချင့်ချိန်ပြီး အဖြေထုတ်ရမယ်၊ တနည်းအားဖြင့် အစွန်း နှစ်ခုကြားထဲက အလယ်မှာ အမှန်တရား ရှိတယ်လို့ သူတို့ ယူဆတယ်။ သူတို့ အမြင်မှာ မတူညီမှုတွေက quantitative သက်သက်ပဲ၊ ပဋိပက္ခကို အလျှော့အတင်း အပေးအယူလုပ် ကြားချပြီး ဖြေရှင်းလိုက်ရင် ပြေလည်သွားမယ်။

တရုတ် တာအို အစဉ်အလာမှာ yin နဲ့ yang ဆိုတဲ့ ဆန့်ကျင်ဖက်တွေ ဟန်ချက်ညီနေရင် the whole ကို ထိန်းထားနိုင်တယ်လို့ ယူဆတယ်။ ဒီလို ဟန်ချက်ညီနေပေမယ့် yin နဲ့ yang တို့ဟာ သူတို့ရဲ့ identity ပျောက်ဆုံး မသွားဘူး။ yin လွန်ကဲနေပြီး yang ချို့တဲ့နေရင် ရောဂါဖြစ်နေပြီလို့ တရုတ် ဆေးပညာက ယူဆတယ်။ ဒါ့ကြောင့် ဟန်ချက်ညီနေခြင်းကို သဘာဝကျပြီး လိုလားအပ်တဲ့ အခြေအနေလို့ သတ်မှတ်တယ်။ ဟန်ချက်ညီ သဟဇာတ ဖြစ်တဲ့ အခြေအနေ ပြန်ရောက်အောင် ဆေးဝါးနဲ့ ကြားဝင်ကုသပေးရမယ်လို့ ယူဆတယ်။ ဒီတော့ တာအို holism က ဟာမိုနီဖြစ်ရေး ဒေသနာပဲ၊ ဖြစ်ပေါ်တိုးတက်မှု သဘောတရား မဟုတ်ဘူး။

ဒြပ်ပစ္စည်းတွေဟာ တုံ့လှယ်ဆက်ဆံရင်း တခုကို တခု ဖန်တီးပေးနေကြတယ်၊ သူတို့ part အဖြစ် ပါဝင်နေတဲ့ the whole က ဒြပ်ပစ္စည်းတွေကို ပြန်လည် ဖန်တီးတယ်၊ ဒါ့ကြောင့် ပြောင်းလဲခြင်းဟာ စနစ် အားလုံးနဲ့​ စနစ် မျက်နှာစာ အားလုံးရဲ့  အခြေခံ ဝိသေသ တခု ဖြစ်တယ်။ ဒါဟာ ဒိုင်ယာလက်တစ်ရဲ့ စတုတ္ထမြောက် အခြေခံ သဘောတရားပဲ။

ပြောင်းလဲခြင်းနဲ့ ပဋိပက္ခ

ဘူဇွာ အတွေးအခေါ်မှာ ပြောင်းလဲခြင်းဆိုတာ နဂို ရှိနေပြီးသား (အခြေခံအားဖြင့် ဗီဇထဲ ကိန်းအောင်းနေပြီးသား) အရာတခုခု သဘာဝကျကျ unfolding ဖြစ်လာခြင်းလို့ မြင်လေ့ရှိတယ်။ အဲဒီ ပြောင်းလဲခြင်းရဲ့ ရလဒ်တွေ တန်းစီ စားရင်းပြုပြီး သက်ရှိ (သို့မဟုတ်) လူမှု ဖွံ့ဖြိုးမှု အဆင့်တွေအဖြစ် ပြောလေ့ရှိတယ်။

ပြောင်းလဲခြင်းကို process အဖြစ်ကနေ product အဖြစ် မြင်လာတဲ့ ဒီရောဂါက ဆိုရှယ်လစ် အတွေးအခေါ်ကိုလဲ ကူးစက်ခဲ့တယ်။ သမိုင်းကို လူတန်းစား တိုက်ပွဲ သမိုင်းအဖြစ် ရှုမြင်တဲ့ dynamic အမြင်အစား သမိုင်းဦး ဘုံစနစ်ကနေ ကျေးပိုင်ကျွန်ပိုင်စနစ်၊ ပဒေသရာဇ်စနစ်၊ အရင်းရှင်စနစ်၊ ဆိုရှယ်လစ်စနစ်၊ စသဖြင့် အဆင့်တွေ တခုပြီး တခု ချီတက်သွားတယ်လို့ ယူဆထားတဲ့ ပုံသေကားချပ် အမြင်နဲ့ အစားထိုးခဲ့ကြတယ်။ ဒိုင်ယာလက်တစ်နဲ့ ဆန့်ကျင်ဖက်ဖြစ်တဲ့ ဒီအမြင်ကို စတာလင်နစ် “stagist theory” မှာ အထင်အရှား တွေ့ရမယ်။

အရာအားလုံးဟာ internally heterogeneous ဖြစ်တယ် ဆိုတဲ့ အဆိုပြုချက်က ကျနော်တို့ကို လမ်းနှစ်သွယ်ဆီ ပို့ပေးတယ်။ ပထမ တလမ်းက တင်ကူးပြဋ္ဌာန်းထားတဲ့ basement ဆိုတာမျိုး မရှိဘူး။ ဆိုလိုတဲ့ သဘောက သဘာဝ လောကအပေါ် “a priori imposition” မရှိဘူး၊ အတွေ့အကြုံကနေ ယေဘုယျသဘော ထုတ်ယူခြင်းသာ ရှိမယ်။ တချိန်က နောက်ထပ် ဖြိုခွဲလို့ မရနိုင်သော “basic unit” တွေလို့ ယူဆခဲ့တာ အားလုံး ဖြိုခွဲလို့ရတာတွေ ဖြစ်ကုန်တယ်။ ဒီလို ထပ်မံ ခွဲခြမ်းစိတ်ဖြာလို့ ရလာတဲ့အတွက် လေ့လာစရာ၊ လက်တွေ့ လုပ်စရာ နယ်ပယ်တွေ ပိုများလာတယ်။

အရာအားလုံးဟာ internally heterogeneous ဖြစ်တယ် ဆိုတဲ့ အဆိုပြုချက်ကနေ ဒုတိယ ထွက်ပေါ်လာတဲ့ အကျိုးဆက်က တစုံတရာရဲ့ ပြောင်းလဲခြင်းကို ယင်းတစုံတရာအတွင်း ပေါင်းစည်းတည်ရှိနေတဲ့ ဆန့်ကျင်ဖက် ဖြစ်စဉ်တွေနဲ့ ရှင်းပြနိုင်တယ်။ Heterogeneity ဆိုတာ စုံလင်ကွဲပြားခြင်း (diversity) သက်သက် မဟုတ်ဘူး။ တစုံတခုအတွင်း ရှိနေတဲ့ part တွေ (သို့မဟုတ်) ဖြစ်စဉ်တွေက တခုကို တခု ဆန့်ကျင်ဖက်များအဖြစ် confront လုပ်တယ်။ ဒီဆန့်ကျင်ဖက်တွေဟာ သူတို့ part အဖြစ် ပါဝင်နေသော the whole အပေါ် မူတည် ဖြစ်ပေါ်နေတယ်။

ဒိုင်ယာလက်တစ် ကမ္ဘာဟာ ဘယ်ရှုထောင့် ဘယ်မျက်နှာစာကပဲကြည့်ကြည့် အမြဲမပြတ် ပြောင်းလဲ လှုပ်ရှားနေတယ်။ သို့သော် ဒီပြောင်းလဲ လှုပ်ရှားမှုက တပြေးညီ၊ တသမတ်တည်း ဖြစ်ပေါ်နေတာ မဟုတ်ဘူး။ သူ့ဝင်ရိုးပေါ် သူ လည်ပတ်နေတဲ့ ကမ္ဘာတောင် ဘူမိ အချိန်နဲ့ တိုင်းတာမယ်ဆိုရင် တသမတ်တည်း မဟုတ်ဘူး ဆိုတာ တွေ့ရမယ်။ အချိန်နဲ့အမျှ စနစ်တွေ ဖြစ်ပေါ်တိုးတက်နေတာဟာ ဆန့်ကျင်ဖက် အင်အားစုတွေ၊​ ဆန့်ကျင်ဖက် ရွေ့လျားမှုတွေကြောင့်လို့ ဆိုနိုင်တယ်။

ဆန့်ကျင်ဖက် အင်အားစုတွေ ဖြစ်ပေါ်လာခြင်းကနေ ဒိုင်ယာလက်တစ် အတွေးအခေါ်မှာ အငြင်းပွားဆုံး၊ အခက်ခဲဆုံး ဖြစ်သလို အရေးကြီးဆုံး အယူအဆ ဖြစ်တဲ့ ပဋိပက္ခ သဘောတရား ထွက်ပေါ်လာတယ်။ တချို့အတွက် ပဋိပက္ခဟာ သိမှုဗေဒ သဘောတရား သက်သက်ပဲ။ သမိုင်းတလျှောက် ဆန့်ကျင်ဖက် သီအိုရီတွေ ထွက်ပေါ်လာရာက သဘာဝ လောကကို အမြင်အသစ်နဲ့ နားလည်လာတယ် ဆိုတဲ့ ပုံစံ ဖော်ပြလေ့ရှိတယ်။ Kuhn (၁၉၆၂) ရဲ့ သိပ္ပံ ပညာရပ် တော်လှန်ရေး သီအိုရီမှာတောင် ဒီသဘောမျိုး တွေ့ရမယ်။ ရှေ့က သီအိုရီ တခုရှိမယ်၊ အဲဒီ သီအိုရီကို ဆန့်ကျင်တဲ့ နောက် သီအိုရီ တခု ထွက်ပေါ်လာမယ်၊ သူတို့ချင်း ပဋိပက္ခ ဖြစ်မယ်၊ ဒီကနေ ပိုသစ်လွင်တဲ့ သီအိုရီတခု ထပ်ထွက်လာမယ်၊ ဒါပေမယ့် ပဋိပက္ခ ချုပ်ငြိမ်းမသွားဘူး၊​ အသစ်တမျိုး ထပ်ထွက်လာမယ်။

တချို့ကျတော့ ပဋိပက္ခကို သိမှုဗေဒအပြင် နိုင်ငံရေးမှာပါ လက်ခံထားကြတယ်။ လူတန်းစားတွေကြားက ပဋိပက္ခဟာ သမိုင်းရဲ့ မောင်းနှင်အားလို့ သူတို့ လက်ခံတယ်။ ဒီတော့ ပဋိပက္ခက အနည်းဆုံး လူ့အဖွဲ့အစည်းမှာ အဆင့်မှာ ontological property ရှိလာတဲ့ သဘောပဲ။

ကျနော်တို့အမြင်က ပဋိပက္ခဟာ သိမှုဗေဒနဲ့ နိုင်ငံရေးမှာပဲ ရှိနေတာ မဟုတ်ဘူး၊​ အကျယ်ပြန့်ဆုံး အနက်နဲ့ ontological ဖြစ်တယ်လို့ လက်ခံထားတယ်။ ပဋိပက္ခဟာ နေရာတိုင်းမှာ ရှိတယ်၊ လူ့အဖွဲ့အစည်း အင်စတီကျူးရှင်းတွေမှာပဲ ရှိနေတာမျိုး မဟုတ်ဘူး၊​ သဘာဝလောကမှာလဲ နေရာတိုင်းမှာ ပဋိပက္ခ ရှိတယ်။ ဒါ့ကြောင့် အန်းဂယ်(စ်)က Dialectics of Nature မှာ အခုလို မှတ်ချက်ပြုခဲ့တယ် –

“ကျနော့်အဖို့ သဘာဝရဲ့ ဒိုင်ယာလက်တစ် နိယာမတွေကို တည်ဆောက်ယူရမယ့် ပြဿနာ ဆိုတာ မရှိနိုင်ဘူး၊ သဘာဝအတွင်း ရှိနေတဲ့ ယင်းနိယာမတွေကို တူးဆွရှာဖွေပြီး အဆင့်ဆင့် ဖော်ထုတ်သွားဖို့ပဲ ရှိတယ်။”

ရုပ်ပစ္စည်းတွေဟာ ဆန့်ကျင်ဖက် အင်အားစုတွေရဲ့ လုပ်ဆောင်ချက်ကြောင့် ပြောင်းလဲတယ်၊ ရုပ်ပစ္စည်းတွေရဲ့ လက်ရှိ ဖြစ်တည်မှုဟာ ဆန့်ကျင်ဖက် အင်အားစုတွေ ယာယီ ဟန်ချက်ညီနေခြင်းကြောင့် ဖြစ်တယ်။ ဒိုင်ယာလက်တစ် အမြင်အရ မျှခြေ ဆိုတာ ရုပ်ပစ္စည်းတွေရဲ့ သဘာဝ အခြေအနေ မဟုတ်ဘူး၊​ ဒီအခြေအနေမှာ တည်ရှိနေခြင်းရဲ့ ရှင်းလင်းချက်ကို ဆန့်ကျင်ဖက် အင်အားစုတွေရဲ့ လုပ်ဆောင်ချက် အသီးသီးမှာ ရှာဖွေရမယ်။

ကျနော်တို့က ပဋိပက္ခကို self-negation လို့ ပထမဆုံး မြင်တယ်။ ဒီနေရာမှာ self-negation က ပြောင်းလဲခြင်း တရားအကြောင်း ငြင်းချက်တွေ ထုတ်ရာက ထွက်ပေါ်လာတဲ့ ယေဘုယျသဘော ဖြစ်နိုင်ချေသက်သက် မဟုတ်ဘူး။ ကျနော်တို့ self-negation ကို သဘာဝနဲ့ လူ့အဖွဲ့အစည်းမှာ အမြဲ တွေ့နေရတာပဲ။ အထင်ကရ နမူနာတခု ပေးရရင် အရင်းရှင်စနစ်မှာ လွတ်လပ်စွာ ယှဉ်ပြိုင်ခြင်းကို ကဖျက်ယပျက် လုပ်ခဲ့လို့ monopoly ထွက်ပေါ်လာတာ မဟုတ်ဘူး။ လွတ်လပ်စွာ ယှဉ်ပြိုင်ခြင်းကို အောင်အောင်မြင်မြင် ကျင့်သုံးနိုင်ခဲ့လို့ အကျိုးဆက်အနေနဲ့ monopoly ထွက်ပေါ်လာခြင်း ဖြစ်တယ်။ သတင်းစာ လွတ်လပ်ခွင့်က စာနယ်ဇင်း ပိုင်ရှင်တွေရဲ့ လွတ်လပ်စွာ သတင်းထိန်းချုပ်ပိုင်ခွင့် ဖြစ်သွားခဲ့တယ်။

ပဋိပက္ခရဲ့ ဒုတိယ မျက်နှာစာက အပြန်အလှန် ဖယ်ထုတ်နေတဲ့ ဆန့်ကျင်ဖက် အင်အားစုတွေ၊ ဖြစ်စဉ်တွေဟာ ခွဲထုတ်လို့ မရအောင် အပြန်အလှန် ထိုးဖောက်ပြီး စိမ့်ဝင်ပျံ့နှံနေကြတယ်။ သက်ရှိနဲ့ ပတ်ဝန်းကျင်၊ subject နဲ့ object, အကြောင်းနဲ့ အကျိုး၊ အစရှိသည်တို့ interpenetration (အပြန်အလှန် စိမ့်ဝင်ပျံ့နှံ့ခြင်း) ကို သာဓကဆောင်ပြလို့ ရပါတယ်။

random နဲ့ deterministic ဟာ ရုတ်တရက်ကြည့်ရင် ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်နေတဲ့ သဘောတွေ။ သို့သော် ဒီနှစ်ခုဟာ သီးခြားခွဲထုတ်လို့ မရအောင် အပြန်အလှန် ထိုးဖောက် စိမ့်ဝင်နေတယ်။ ကွန်ပြူတာ stimulation အတွက် အသုံးပြုဖို့ random ကိန်းဂဏန်းတွေ ထွက်လာအောင် deterministic process က လုပ်ပေးနေခြင်း ဖြစ်တယ်။ လမ်းပေါ်က ယဉ်တိုက်မှုတွေ၊ ထိခိုက် သေဆုံးမှုတွေဟာ random ဖြစ်နေတာပဲ။ ဒါပေမယ့် အဲဒီ random ဖြစ်စဉ်တွေကို အခြေခံပြီး deterministic ခန့်မှန်းချက်တွေ တွက်ယူလို့ရကြောင်း အသက်အာမခံ ကုမ္ပဏီကြီးတွေ ကောင်းကောင်းသိတယ်။

လေဘာနဲ့ အရင်းဟာ ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်နေတဲ့ အင်အားစုတွေ ဖြစ်တယ်။ သို့သော် လေဘာ ဆိုတာ မရှိရင် Capital ဆိုတဲ့ အရင်းလဲ မတည်ရှိနိုင်ဘူး။ အလုပ်သမား လူတန်းစားရဲ့ လေဘာကနေ ပိုလျှံ တန်ဖိုး (surplus value) ထုတ်ယူနိုင်ခြင်း မရှိရင် အရင်း ဆိုတာ မရှိနိုင်သလို အရင်းရှင် လူတန်းစားနဲ့ အရင်းရှင် လူ့အဖွဲ့အစည်းလဲ မတည်ရှိနိုင်ဘူး။ ဒါ့ကြောင့် အရင်းရှင် စနစ်က သူ့ကို ဖြိုချပစ်မယ့် (social force) ခေတ်သစ် အလုပ်သမား လူတန်းစားကို မွေးထုတ်ပေးခဲ့ခြင်း ဖြစ်တယ်လို့ မာ့(က်စ်) ပြောခဲ့တာပဲ။

အောက်တိုဘာ တော်လှန်ရေးက မာ့(က်စ်)ရဲ့ ဒိုင်ယာလက်တစ် ရုပ်ဝါဒ မှန်ကန်ကြောင်း သက်သေပြခဲ့ပြီ။ အောက်တိုဘာ တော်လှန်ရေးက စတင်ခဲ့တဲ့ ကမ္ဘာ့ ဆိုရှယ်လစ် တော်လှန်ရေးကို ဆုံးခန်းတိုင် ဆင်နွှဲရေးဟာ ကျနော်တို့ ပုခုံးထက် ကျရောက်လာခဲ့ပြီ။

မှတ်ချက်။   ။ အယ်ဒီတာ့ အာဘော် ဆိုပေမယ့် ဒိုင်ယာလက်တစ်နဲ့ ပတ်သက်တဲ့ ဖွင့်ဆိုချက်တွေ၊​ အမြင်တွေဟာ ကျနော်တို့ရဲ့ original idea တွေ၊ တီထွင်ကြံဆချက်တွေ မဟုတ်ပါဘူး၊ Richard Levins နဲ့ Richard Lewontin တို့ ရေးသားတဲ့ “The Dialectical Biologist” စာအုပ်ကို လေ့လာပြီး တင်ပြထားခြင်း ဖြစ်ပါတယ်။

မိတ်ဆွေက ဒီမဂ္ဂဇင်းပါ အယူအဆတွေကို သဘောတူ နှစ်ခြိုက်တယ်ဆိုရင် RM facebook ပေ့ဂ်ျ မက်ဆန်ဂျာက ဖြစ်စေ၊ RM website ရဲ့ “join us form” ကဖြစ်စေ ဆက်သွယ်လိုက်ပါ။