ပြီးခဲ့တဲ့ နာရီပိုင်းလောက်ကပဲ အမေရိကန် စစ်တပ်က ဗင်နီဇွဲလားကို missile တွေနဲ့ တိုက်ခိုက်ခဲ့လို့ မြို့တော် ကရာကပ်(စ်)အနီး ပေါက်ကွဲမှုတွေ အပြင်းအထန် ဖြစ်သွားခဲ့တယ်။ အခုဆိုရင် ဒီအကြောင်း သတင်းတွေလဲ တောက်လျှောက်တက်နေပါပြီ။ ဒီအဖြစ်အပျက်ကို သတင်းတွေမှာ ဘယ်လို ဖော်ပြနေသလဲ အရင် ကြည့်ရအောင်။
ဂါးဒီးယန်းရဲ့ developing story ကို လိုက်ကြည့်တဲ့အခါ လွန်ခဲ့တဲ့ ၂ နာရီက အခုလို ရေးပါတယ် –
“Venezuela’s authoritarian government has accused the US of risking plunging Latin America into chaos with “an extremely serious” act of “imperial aggression” after Donald Trump reportedly ordered strikes against the South American country”
သူတို့ ရေးတဲ့ အာဘော်ကို စာဖတ်သူတွေကိုယ်တိုင် သုံးသပ်ကြည့်လို့ရအောင် ဘာသာမပြန်ဘဲ မူရင်းအတိုင်း ကောက်နှုတ်ဖော်ပြလိုက်ခြင်း ဖြစ်ပါတယ်။ ယူအက်(စ်) အစိုးရက အချုပ်အခြာ အာဏာပိုင် နိုင်ငံတခုဖြစ်တဲ့ ဗင်နီဇွဲလားကို ရန်စ တိုက်ခိုက်လိုက်ခြင်း ဖြစ်ပါတယ်။ ဒါပေမယ့် ဒီအချက်ကို တည့်တည့်မရေးကြဘူး။ “ဗင်နီဇွဲလား အာဏာရှင် အစိုးရ” က ယူအက်(စ်)ကို စွပ်စွဲထား ဆိုတဲ့ အသုံးအနှုန်းနဲ့ စဖွင့်တယ်။ ကျူးကျော် တိုက်ခိုက်ခံရသူကို အာဏာရှင် အစိုးရလို့ သုံးနှုန်းဖော်ပြတယ်ဆိုရင် အချုပ်အခြာ အာဏာပိုင် နိုင်ငံတခုကို ကျူးကျော်တိုက်ခိုက်တဲ့ ယူအက်(စ်) အစိုးရကို “နယ်ချဲ့ အစိုးရ” လို့ တိတိကျကျ ဖော်ပြဖို့ တာဝန်ရှိသွားပြီ။ ဒါပေမယ့် “ယူအက်(စ်)” လို့ပဲ neutral ဖြစ်တဲ့ အသုံးနဲ့ ဖော်ပြပါတယ်။
ဒေါ်နယ်ထရမ့်ကိုယ်တိုင် ဒီတိုက်ခိုက်မှုကို သူအမိန့်ပေးထားကြောင်း လူသိရှင်ကြား ထုတ်ပြောထားပါရက်နဲ့ ဗင်နီဇွဲလားဘက်က “စွပ်စွဲ” လို့ ဘာ့ကြောင့် ရေးသလဲ မေးစရာ ရှိလာတယ်။ ဒါက စွပ်စွဲချက် အဆင့် မဟုတ်တော့ဘူး။ လယ်ပြင်မှာ ဆင်သွားတာထက် ထင်ရှားနေပြီးသား “fact” ဖြစ်ပါတယ်။ ဘက်မလိုက်ဘူးလို့ ကြွေးကြော်ထားတဲ့ သတင်း မီဒီယာတွေက “fact” ကို ရဲရဲတင်းတင်း ဖော်ပြပေးဖို့ လိုအပ်တယ်။
လွန်ခဲ့တဲ့ မိနစ်ပိုင်းက တက်လာတဲ့ ဒေါ်နယ်ထရမ့်ရဲ့ Truth social ပို့စ်မှာ အခုလို ရေးထားတယ် –
“The United States of America has successfully carried out a large scale strike against Venezuela and its leader, President Nicolas Maduro, who has been, along with his wife, captured and flown out of the Country. ….”
ဒီအချက် မှန် မမှန် အတိအကျ မသိရသေးပါဘူး။ ဒါပေမဲ့ ဒီအကြောင်းကို ဂါးဒီးယန်းက report လုပ်ရာမှာ “Trump claims US has captured Venezuelan dictator and wife” လို့ ခေါင်းစဉ်တပ်ပါတယ်။ အတွင်းစာပိုဒ် အဖွင့်စာကြောင်းမှာလဲ “ဗင်နီဇွဲလား အာဏာရှင်နဲ့ သူ့ဇနီးကို ယူအက်(စ်)ဘက်က “ဖမ်းစီးထားကြောင်း” ဒေါ်နယ်ထရမ့်က ဆို” လို့ ရေးပါတယ်။ ဒေါ်နယ်ထရမ့်ရဲ့ ပို့စ်မှာတောင် ဗင်နီဇွဲလား သမ္မတလို့ သုံးထားပေမဲ့ ဂါးဒီးယန်းက ဘာ့ကြောင့် ဗင်နီဇွဲလား အာဏာရှင်လို့ အထူးပြု ဖော်ပြရသလဲ။ sovereign တိုင်းပြည်တခုကို ရန်စ ကျူးကျော်တိုက်ခိုက်ဖို့ အမိန့်ပေးခဲ့တဲ့ ယူအက်(စ်) သမ္မတကို အာဏာရှင်လို့ မဖော်ပြသင့်ဘူးလား။ ဒါပေမယ့် ဒေါ်နယ်ထရမ့်ကိုတော့ အာဏာရှင်လို့ သူတို့ မသုံးဘူး။ ဘာ့ကြောင့်လဲ။
ဒီလို အသုံးအနှုန်း ကိစ္စလေးတွေ ဘာ့ကြောင့် တကူးတက ထည့်ပြောနေရသလဲ။ ရှင်းပါတယ်။ politically motivated ဖြစ်တဲ့ ရေးသား ဖော်ပြချက်တွေ ဖြစ်နေလို့ပဲ။ neutrality ကို တစာစာအော်တဲ့ လစ်ဘရယ် မီဒီယာတွေဟာ တကယ့် လက်တွေ့မှာ neutral မဖြစ်ဘူးဆိုတာ မြင်သာအောင် နမူနာ ထုတ်ပြလိုက်တာပဲ။ ဂါးဒီးယန်း တခုပဲ ဒီလို ဖြစ်နေတာ မဟုတ်ဘူး။ လွတ်လပ်ပါတယ် ဆိုတဲ့ အနောက် မီဒီယာကြီးတွေ အားလုံး ဒီအာဘော်အတိုင်းပဲ။ ပြည်တွင်း ပြည်ပ အခြေစိုက် local မီဒီယာ အသေးလေးတွေကလဲ သူတို့ အာဘော်အတိုင်း လိုက်ရေးတာက ခပ်များများ။
ပင်မရေစီး မီဒီယာကြီးတွေမှာ ထည့်သွင်း ဖော်ပြခြင်း မပြုဘဲ ချန်လှပ်ထားတဲ့ အရာ တချို့ကိုလဲ ထောက်ပြဖို့ လိုအပ်လာတယ်။ ၂၀၂၂ က ယူကရိန်းကို ရုရှားက ကျူးကျော်တိုက်ခိုက်တော့ “ယူကရိန်းရဲ့ အချုပ်အခြာ အာဏာ”၊ “ရုရှားရဲ့ နယ်ချဲ့ ကျူးကျော်မှု”၊ “unprovoked attack”၊ “နိုင်ငံတကာ ဥပဒေကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်ခြင်း”၊ “အာဏာရှင် ပူတင်ရဲ့ ဗိုလ်ကျအနိုင်ကျင့်မှု” အစရှိတဲ့ ကန့်ကွက်သံတွေ အုတ်အော်သောင်းနင်း ဖြစ်ခဲ့တယ်။
အခု ဗင်နီဇွဲလားကို ယူအက်(စ်)က “unprovoked attack” လုပ်လာတော့ အဲဒီ ကန့်ကွက်သံတွေ ကြက်ပျောက် ငှက်ပျောက် ပျောက်နေတယ်။ ဗင်နီဇွဲလားရဲ့ အချုပ်အခြာ အာဏာကို ပြောင်ပြောင်တင်းတင်း စော်ကားမှုလို့ ပြောဆိုသံတွေအစား ဗင်နီဇွဲလား အာဏာရှင် ဆိုတဲ့ ပြောဆိုချက်က ရှေ့တန်းရောက်လာတယ်။ ဗင်နီဇွဲလားဘက်က ယူအက်(စ်)ကို ရန်ပြုတိုက်ခိုက်နေခြင်း အလျဉ်းမရှိဘဲ ယူအက်(စ်)ဘက်က တဖက်သတ် ဗိုလ်ကျ တိုက်ခိုက်မှု ဖြစ်ပေမယ့် “unprovoked attack” လို့ သုံးနှုန်းဖော်ပြခြင်း မရှိဘူး။
“ယူအက်(စ်)ရဲ့ နယ်ချဲ့ ကျူးကျော်စစ်၊ နိုင်ငံတကာ ဥပဒေကို မထီမဲ့မြင်ပြု စော်ကားခြင်း၊ အာဏာရှင် ထရမ့်ရဲ့ ဗိုလ်ကျ အနိုင်ကျင့်မှု” ဆိုတဲ့ ရှုတ်ချကန့်ကွက်သံတွေ ထူးထူးဆန်းဆန်း တိတ်ဆိတ်နေခြင်းဟာ “နိုင်ငံတကာ အသိုင်းအဝိုင်း” ဆိုတာရဲ့ “utter hypocrisy” လို့ ပြောရလိမ့်မယ်။
ယူအက်(စ်) နယ်ချဲ့ အစိုးရက ဗင်နီဇွဲလားကို အခုလို ကျူးကျော်စစ် ဆင်နွှဲတာဟာ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးအတွက် မဟုတ်ဘူး ဆိုတာ ငါးနှစ်ကလေးတောင် သိပါတယ်။ ဒါပေမယ့် ဗင်နီဇွဲလား ဆိုတဲ့ အသံကြားတာနဲ့ ယူအက်(စ်)က ဗိုလ်ကျ နယ်ချဲ့နေလဲ ယူအက်(စ်) အစိုးရကို ထောက်ခံမဲ့သူတွေက ပြည်တွင်းစစ်ဒဏ် ခံနေရတဲ့ ဗမာပြည်မှာကို မနည်းမနော ရှိတယ်။ ဒီလို မိုက်မဲတဲ့ ရပ်တည်ချက်မျိုး ဘာ့ကြောင့် ဖြစ်ပေါ်လာသလဲ စေ့ငုကြည့်မယ်ဆိုရင် ပင်မရေစီး မီဒီယာကြီးတွေရဲ့ အထက်ပါ လုပ်ရပ်ကို မေ့ထားလို့ မရဘူး။ ဗင်နီဇွဲလား အစိုးရကို အာဏာရှင်၊ အမေရိကန် အစိုးရကို ဒီမိုကရေစီ ဖခင်ကြီးလို့ တလျှောက်လုံး ပုံဖော်လာတော့ အမေရိကန်က နယ်ချဲ့ ဗိုလ်ကျ စစ်ခင်းနေလဲ နယ်ချဲ့ စစ်ခင်းနေတယ်လို့ မမြင်နိုင်လောက်အောင် အမှောင်ဖုံးသွားရော။
အဲသလို အမှောင်ဖုံးနေတဲ့ အဖြစ်ကို မသိလေတော့ ဗင်နီဇွဲလား အာဏာရှင်ကို ဒီမိုကရေစီ ဖခင်ကြီးက ဆုံးမနေပြီလို့ ထင်သွားတယ်။ ဒါနဲ့တင် အားမရသေးဘဲ ဗမာပြည်က စစ်အာဏာရှင်ကို လာဆုံးမပေးပါဦး ဆိုပြီး ပထွေးကို လှမ်းတသူတွေက ရှိသေးတယ်။ ဗမာပြည်က စစ်အာဏာရှင်ကို ဖြိုချရေးဟာ ဗမာပြည်သူတွေရဲ့ အလုပ်သာ ဖြစ်တယ်။ ဘယ်နယ်ချဲ့ပါဝါမှ ဝင်ပါစရာ မလိုဘူး။ အဲသလိုပဲ ဗင်နီဇွဲလား အစိုးရက အာဏာရှင် ဖြစ်တယ်ဆိုရင်လဲ ဗင်နီဇွဲလား ပြည်သူတွေကိုယ်တိုင် ဖြေရှင်းပါလိမ့်မယ်။ ဘယ်နယ်ချဲ့ အစိုးရကမှ ဝင်ဗိုလ်ကျစရာ မလိုဘူး။
အမေရိကန် ထောက်ခံသူ (တိတိကျကျ ပြောရရင် အမေရိကန်ရဲ့ နယ်ချဲ့စစ် ထောက်ခံသူတွေ) ကို မေးစရာ တခုပဲ ရှိပါတယ်။ အမေရိကန် နယ်ချဲ့ ဝင်မွှေလို့ ဒီမိုကရေစီ ရသွားတဲ့ တိုင်းပြည် ကမ္ဘာပေါ်မှာ ရှိပါသလား။ ဒီမိုကရေစီ နာမည်ခံ နယ်ချဲ့ ရုပ်သေး အစိုးရကို မဆိုလိုဘူး၊ genuine democracy ကို ဆိုလိုခြင်း ဖြစ်တယ်။ သမိုင်းတလျှောက် တနိုင်ငံမှ မရှိသေးဘူးလို့ ပြတ်ပြတ်သားသား ပြောရဲပါတယ်။ သေချာတာကတော့ အမေရိကန် ဝင်မွှေလို့ တိုင်းပြည်ပျက်ပြီး ဒုက္ခပင်လယ်ဝေနေတဲ့ နိုင်ငံတွေ ဒုနဲ့ဒေး ရှိပါတယ်။
ဒါ့ကြောင့် အမေရိကန်က နယ်ချဲ့ ကျူးကျော်စစ် ဆင်နွှဲနေတာကို နယ်ချဲ့ ကျူးကျော်စစ်လို့ ရိုးရိုးရှင်းရှင်း မြင်တတ်ဖို့ အရေးကြီးပါတယ်။ ဗင်နီဇွဲလား အစိုးရက အာဏာရှင်ဆန်တာ ဘာညာ လျှောက်ပြောနေဖို့ မလိုဘူး။ အဲသလို ပြောကြေးဆိုရင် “အာဏာရှင်ဆန်တဲ့ ဒေါ်နယ်ထရမ့်ကို ဖြုတ်ချဖို့ လက်တင် အမေရိကတိုက် ပြည်သူတွေက ယူအက်(စ်)ကို ဝိုင်းတိုက်စို့” အရင် ဆော်ဩရလိမ့်မယ်။ ဒါမှ သူတို့ပြောတဲ့ လော့ဂျစ်အရ consistent ဖြစ်မယ်။
ဒါ့ကြောင့် ကွန်မြူနစ်တွေရဲ့ ရပ်တည်ချက်က ရှင်းပါတယ် –
“ဗင်နီဇွဲလားကို မထိနဲ့”
“ယန်ကီးတွေ အိမ်ပြန်ကြ”
“အရင်းရှင် နယ်ချဲ့စစ်ကို ဆန့်ကျင်ကြ”
ရေးသူ – သူရိန်မွန်