မာ့(က်စ်)ရဲ့ ဒဿနဆိုင်ရာ တော်လှန်ရေး – ဖွိုက်ယဘက်ခ် စစ်တမ်းများ လေ့လာချက်

Alan Woods 

“လူသားရဲ့ စဉ်းစားတွေးခေါ်မှုက ဓမ္မဓိဋ္ဌာန်ကျကျ မှန်ကန်မှု ရှိသလား ဆိုတဲ့ ပြဿနာကို သဘောတရားရေး ငြင်းခုန်မှုသက်သက်နဲ့ မဖြေရှင်းနိုင်၊ လက်တွေ့ လုပ်ဆောင်မှုနဲ့သာ ဖြေရှင်းနိုင်တယ်။ လူဟာ အမှန်တရားကို သက်သေထူပြရမယ်၊ ဆိုလိုသည်မှာ လူသားရဲ့ အတွေးအခေါ် အယူအဆတွေက ရုပ်ကမ္ဘာကြီးနဲ့ ကိုက်ညီမှုရှိပြီး အပြောင်းအလဲကို ဖြစ်ပေါ်စေနိုင်တဲ့ စွမ်းပကား ရှိကြောင်း၊ လူရဲ့ စဉ်းစားတွေးခေါ်မှုက ရုပ်ဘဝမှာ အခြေတည်ထားကြောင်း လက်တွေ့ကျကျ စမ်းသပ်လုပ်ဆောင်ပြီး သက်သေထူရမယ်။ လက်တွေ့လုပ်ဆောင်မှု မပါဘဲ အတွေးအခေါ်တွေ မှန် မမှန် ထိုင်ငြင်းနေခြင်းဟာ ကျောင်းတော်ဝါဒီဆန်တဲ့ အချည်းနှီး လုပ်ရပ်ပဲ။” (မာ့က်စ်၏ ‘ဖွိုက်ယဘက်ခ် ဒုတိယစစ်တမ်း’  မြန်မာပြန် – သူရိန်မွန်)  

သိမှုဗေဒ ပြဿနာဟာ ဒဿနိကဗေဒ နယ်ပယ်ရဲ့ နှလုံးသည်းပွတ် ဗဟိုချက်နေရာကို ယူထားခဲ့တာ ရာစုနှစ်များစွာ ကြာခဲ့ပါပြီ။ ဒါပေမဲ့ ဒီပြဿနာဆိုတာကြီးဟာ လူသားရဲ့ သိမြင်မှတ်သားမှုကို  

(က) ရုပ်ခန္ဓာမှ သီးခြားကင်းကွာနေသော တစုံတရာအဖြစ်၊ နောက် 

(ခ) ရုပ်ကမ္ဘာလောကမှ သီးခြားကင်းကွာနေသော တစုံတရာအဖြစ် မှတ်ယူလိုက်မှသာ ထွက်ပေါ်လာခြင်း ဖြစ်တယ်။  

ဒီနေရာမှာ ကျနော်တို့ တွေ့ရတာက အသိစိတ်ကို တဖက်သတ်ကျကျ ရှုမြင်ခြင်း ဖြစ်တယ်။ အသိစိတ်ကို ကျနော်တို့နဲ့ “ပြင်ပဗဟိဒ္ဓ” ကမ္ဘာလောကကြား တံတိုင်းခတ်ထားတဲ့ အဟန့်အတားတရပ် အဖြစ် ရှုမြင်ပုံ ဖြစ်တယ်။ တကယ့် တကယ်တမ်းမှာတော့ ကျနော်တို့ဟာ ဒီကမ္ဘာလောကရဲ့ တစိတ်တပိုင်းသာ ဖြစ်တယ်။ ဒီကမ္ဘာလောကမှ ကင်းကွာနေခြင်း မရှိဘူး။ အသိစိတ်ဟာလည်း ကျနော်တို့နဲ့ ကမ္ဘာလောကကို သီးခြားဆီ ကွဲပြားစေတာမျိုး မဟုတ်ဘူး၊ ကျနော်တို့ကို ကမ္ဘာလောကနဲ့ ချိတ်ဆက်ပေးတဲ့ အရာသာ ဖြစ်တယ်။ အစအဦးတည်းက လူသားတွေနဲ့ ရုပ်ကမ္ဘာလောကကြားက ဆက်နွှယ်ပတ်သက်မှုဟာ ပြင်ပကနေ ဆင်ခြင်သုံးသပ်ရုံသက်သက် မဟုတ်ဘဲ၊ ကမ္ဘာလောကအတွင်း တသားတည်း သက်ဝင်လှုပ်ရှား ပါဝင်ခြင်းဖြစ်တယ်။  

ကျနော်တို့ဟာ ဦးနှောက်နဲ့ပဲ တွေးခေါ်တာ မဟုတ်ဘူး၊ ခန္ဓာကိုယ်တခုလုံးနဲ့ တွေးခေါ်သမှု ပြုကြတယ်။ တွေးခေါ်မှုကို (“ခန္ဓာစက်ယန္တရားအတွင်းက ဝိညာဉ်လိပ်ပြာ”လို) သီးခြားတည်ရှိနေသော လုပ်ဆောင်ချက် တရပ်အဖြစ် ရှုမြင်လို့ မရဘူး။ တွေးခေါ်စဉ်းစားခြင်းကို လူသား အတွေ့အကြုံတစုံလုံးရဲ့ အစိတ်အပိုင်းအဖြစ်၊ လူသား အာရုံခံစား လုပ်ဆောင်မှုရဲ့ အစိတ်အပိုင်းအဖြစ်၊ နောက် ကမ္ဘာလောကနဲ့ တခြားသော လူတွေနဲ့ တုန့်ပြန်ဆက်နွှယ်မှုရဲ့ အစိတ်အပိုင်းအဖြစ် ရှုမြင်မှရမယ်။  တွေးခေါ်မှုကို ဒီရှုပ်ထွေးလှသော စဉ်ဆက်မပြတ် တုန့်ပြန်ဆက်နွှယ်မှု ဖြစ်စဉ်ကြီးရဲ့ အတွင်းသား အစိတ်အပိုင်းအဖြစ် မြင်ရမယ်။ အတွေ့အကြုံ ပြင်ပမှာ စက်ယန္တရားဆန်ဆန် နေရာချထားတဲ့ သီးခြား လုပ်ဆောင်မှုအဖြစ် မြင်လို့ မရဘူး။ 

စိတ်၊ အသိစိတ်၊ ဝိညာဏ စတာတွေကို ရုပ်တရားနဲ့ သီးခြားကင်းကွာနေသော တစုံတရာအဖြစ် ရှုမြင်တဲ့ အယူအဆကို ရုပ်ဝါဒက ငြင်းပယ်တယ်။ အတွေးအခေါ်ဟာ ဦးနှောက် တည်ရှိခြင်းရဲ့ သက်ဝင်လှုပ်ရှားမှု ပုံစံသာ ဖြစ်တယ်။ တွေးခေါ်စဉ်းစားနိုင်စွမ်းဟာ အသက်ဓာတ်လိုပဲ ဒြပ်တွေကို အလွန်တရာ ရှုပ်ထွေးပြီး အဆင့်မြင့်မြင့် စုစည်းထားမှသာ ထွက်ပေါ်လာနိုင်တယ်။ စိတ်ဆိုတာ ဦးနှောက်နဲ့ အာရုံကြောစနစ်ရဲ့ လုပ်ဆောင်ချက် အားလုံးကို စုစည်းပေါင်းရုံးထားခြင်း ဖြစ်တယ်။ သို့ပေမဲ့ ဒိုင်ယာလက်တစ်နည်းအရ တစုံလုံး သဘောတရားဟာ ပါဝင်ရာ အစိတ်အပိုင်း အားလုံး ပေါင်းလဒ်ထက် ပိုသာလွန်တယ်။  

ဒီရုပ်ဝါဒအမြင်ဟာ ဦးနှောက်ရဲ့ လုပ်ဆောင်ချက်နဲ့ လျှို့ဝှက်ချက်များကို တစတစ ဖော်ထုတ်ပြလာတဲ့ သိပ္ပံ တွေ့ရှိချက်များနဲ့ တော်တော်လေး ဟပ်မိတယ်။ ဆန့်ကျင်ဘက်အားဖြင့် စိတ်ဝါဒသမားများဟာ အသိစိတ်ကို ကျနော်တို့ နားမလည်နိုင်သော “လျှို့ဝှက်ဆန်းကြယ်မှု”တရပ်အဖြစ် ဆက်လက် တင်ပြနေကြဆဲ ဖြစ်တယ်။ ဒီအခါ ကျနော်တို့ရဲ့ မိတ်ဟောင်းကြီး စိတ်ဝိညာဉ် (soul) က အောင်ပွဲခံပြီး တကျော့ပြန် ထွက်ပေါ်လာတော့တယ်။ သိပ္ပံပညာက ပြတိုက်ထဲ ပို့ပြီး ချောင်ထိုးထားသင့်တာ ကြာပြီ ဖြစ်တဲ့ အထွတ်မြတ်ဆုံး ဝိညာဉ်တော်၊ တမန်တော်၊ မာရ်နတ်မင်းနဲ့ တခြားသော မှော်ဝင် တိုလီမုတ်စအပေါင်းလဲ သူနဲ့ တွဲပါလာတယ်။ 

ဒေးကားနဲ့ ရုပ်နာမ်ဒွန်တွဲဝါဒ  

ဒဿနိက စိတ်ဝါဒရဲ့ လူအထင်ကြီးစရာ ဗန်းပြမျက်နှာဖုံးအောက်မှာ ဘာသာရေးနဲ့ အယူသည်းမှုတွေ ပုန်းခိုလို့ နေတယ်။ စိတ်ဝါဒဆိုတာ အ‌ရင်းစစ်ရင် ဘာသာရေး အယူဝါဒပဲ။ သန့်စင် မြင့်မြတ်သော ထာဝရ ဝိညာဉ်ဟာ နုံချာ မပြည့်စုံသော ခန္ဓာခွံအတွင်း ပိတ်မိနေပြီး သေဆုံးပြီးနောက် ဒီခန္ဓာခွံက လွတ်မြောက်ဖို့အရေး တွေးမျှော်နေတယ်လို့ ဆိုကြတယ်။ သေလွန်ချိန်ဟာ “လိပ်ပြာခွာခြင်း” ဖြစ်ပြီး၊ (ကံကောင်းမယ်ဆိုရင်တော့) သုခဘုံဆီ စံမြန်းသွားလိမ့်မယ်။  

ဒီလိုနဲ့ ဒြပ်ကို ထာဝရ ဝိညာဉ် အရှင်မြတ်ရှေ့ ဝပ်တွားခယရတဲ့ ကျေးတော်မျိုး ကျွန်တော်မျိုး လယ်သမားတဦးအဖြစ် တွေးခေါ်ခဲ့ကြတယ်။ ဒီအတွေးအမြင်ဟာ ပလေတိုတို့၊ ပိုက်သာဂိုရ(စ်)တို့ ခေတ်ကတည်းက ရှိခဲ့တဲ့ ခေတ်ဟောင်း အယူအဆပဲ။ ရုပ်ကမ္ဘာဟာ လောကကို စိတ်ကူး ပုံဖော်ကြည့်လို့ မရခင်ကတည်းက ထာဝရ တည်ရှိခဲ့တဲ့ ပြီးပြည့်စုံသော စိတ်ကူးထည် (ပုံစံ) ကို ခပ်ညံ့ညံ့ ပုံတူကူးထားခြင်းပဲလို့ သူတို့ ယူဆခဲ့ကြတယ်။ 

စိတ်ဝိညာဉ်ဟာ ရုပ်ခန္ဓာမှ ကင်းကွာပြီး တသီးတသန့် တည်ရှိတယ်ဆိုတဲ့ အမြင်ကို ခေတ်သစ်ကာလဆီ သယ်ယူလာတာကတော့ ကျော်ကြားလှသော ပြင်သစ် ဒဿနိက ပညာရှင် ဒေးကား (၁၅၉၆-၁၆၅၀) ပဲ ဖြစ်တယ်။ ဒေးကား လက်ထက်ကတည်းက ရှုပ်ထွေးခဲ့တဲ့ ဒီပြဿနာဟာ အခုထိ ရှုပ်ထွေးနေဆဲ ဖြစ်တယ်။ ရုပ်နာမ်ဒွန်တွဲဝါဒကို ဒေးကားက စတင် မိတ်ဆက်ခဲ့တယ်။ သူ့အဆိုအရဆိုရင် တွေးခေါ်မှု (အသိစိတ်) ဟာ ရုပ်တရားမှ ကင်းကွာနေသော အရာ အဖြစ်တယ်။ စိတ်ကို ရုပ်ခန္ဓာအတွင်း တည်ရှိနေသော်လည်း ရုပ်ခန္ဓာနဲ့ ကွဲပြားခြားနားနေသော အရာအဖြစ် ရှုမြင်တယ်။ တကယ်လို့ စိတ်ဟာ ရုပ်ခန္ဓာနဲ့ လုံးဝဥဿုံ ကွဲပြားခြားနားနေတယ်ဆိုရင် စိတ်နဲ့ ခန္ဓာ ဘယ်လို တုန့်ပြန်ဆက်နွှယ်ကြသလဲ။  ဒါဟာ ရုပ်နာမ်ဒွန်တွဲဝါဒ မဖြေရှင်းနိုင်တဲ့ ပြဿနာပဲ။ 

အသိစိတ်ကို လူသားရဲ့ အာရုံခံစား ပြုမူလုပ်ဆောင်ချက်မှ ခြားနား ကွဲထွက်နေသော “အချင်းအရာ” တရပ်၊ သီးခြားလွတ်လပ်သော ဖြစ်တည်မှုတရပ်အဖြစ် ကိုင်တွယ်လိုက်ရာကနေ စမှားတာပဲ။ 

အသိစိတ်ကို သီးခြားလွတ်လပ်သော “အချင်းအရာ” တရပ်အဖြစ် ရှုမြင်သဘောထားတဲ့ အမြင်ကို ခေတ်သစ် သိပ္ပံပညာက အပြီးသတ် မှောက်လှန်ပယ်ရှားခဲ့ပြီး ဖြစ်တယ်။ ဒေးကား မသိခဲ့တဲ့ သဘာဝတရား အလုပ်လုပ်ပုံတွေ၊ မော်လီကျူး၊ အက်တမ်နဲ့ အက်တမ်အောက်အမှုန်တို့ရဲ့ လောက၊ ဦးနှောက်ရဲ့ လုပ်ငန်းဆောင်တာတွေကို မောင်းနှင်နေတဲ့ လျှပ်ကူး အာရုံကြော စေ့ဆော်မှုများ (electrical impulses) အကြောင်းကို ကျနော်တို့ အခုသိနေပြီ။ နက်နဲဆန်းကြယ်တဲ့ စိတ်ဝိညာဉ်အစား လူ့ခန္ဓာကိုယ်နဲ့ ဦးနှောက်တို့ အလုပ်လုပ်ပုံကို သိပ္ပံနည်းကျ စတင် နားလည်လာခဲ့ပြီ။  

အာရုံကြောဆဲလ်တွေ လုပ်ဆောင်ချက်က လျှပ်စစ်သဘောရော၊ ဓာတုသဘောပါ ဆောင်တယ်။ အာ‌ရုံကြော ဆဲ(လ်) တခုစီရဲ့ အဆုံးပိုင်းမှာ အာရုံကြော အမြွှာဆက်တွေ (synaptic terminals) လို့ ခေါ်တဲ့ အထူးပြု နေရာများ တည်ရှိတယ်။ ဒီ အာရုံကြော အမြွှာဆက်တွေမှာ အာရုံကြော သတင်းပို့ ဓာတ်ပစ္စည်းတွေ (neurotransmitter chemicals) သိမ်းဆည်းထားတဲ့ အင်မတန် သေးငယ်သော အမြှေးပါး အိတ်လေးတွေ အမြောက်အမြား ရှိတယ်။ ဒီဓာတ်ပစ္စည်းတွေက အာရုံကြော စေ့ဆော်မှုတွေကို အာရုံကြော ဆဲ(လ်) တခုကနေ နောက်တခုဆီ ထုတ်လွှတ်ပေးတယ်။ လျှပ်ကူး အာရုံကြော စေ့ဆော်မှု တရပ်ဟာ အာရုံကြော ဆဲ(လ်) တခုကို ဖြတ်သန်းပြီး အာရုံကြော အမြွှာဆက်ဆီ ရောက်သွားတယ်၊ ဒီနောက် အမြှေးပါးအိတ်တွေထဲက အာရုံကြော သတင်းပို့ ဓာတ်ပစ္စည်းတွေ ထွက်လာအောင် လှုံ့ဆော်ပေးတယ်။ 

အာရုံကြော သတင်းပို့ ဓာတ်ပစ္စည်းတွေဟာ အာရုံကြော အမြွှာဆက် (ကပ်လျက် တည်ရှိနေသော အာရုံကြော ဆဲလ်တွေကြားက အဆက်နေရာ) ကို ဖြတ်သန်းသွားပြီး လျှပ်စစ်ဓါတ် (electrical charge) တခု ထွက်လာအောင် စေ့ဆော်လိုက်တယ်။ ဒီလျှပ်စစ်ဓါတ်က အာရုံကြော စေ့ဆော်မှု (nerve impulse) ကို ရှေ့ဆက် သယ်သွားတယ်။ ကြွက်သားတခု မလှုပ်ရှားခင်၊ ဒါမှမဟုတ် ဦးနှောက်က အာရုံခံစားမှု တရပ်ကို သတိပြု မှတ်သားနိုင်ခြင်း မရှိခင်အထိ ဒီလို ဖြစ်စဉ်တွေ အကြိမ်ကြိမ် ထွက်ပေါ်နေပါတယ်။ အဲဒီ လျှပ်ကူး ဓာတု ဖြစ်စဉ်တွေကို အာရုံကြောစနစ်ရဲ့ “ဘာသာစကား” အဖြစ် မှတ်ယူနိုင်ပါလိမ့်မယ်။ သတင်း အချက်အလက်တွေကို ခန္ဓာ အစိတ်အပိုင်း တခုကနေ နောက်တခုဆီ ဒီနည်းနဲ့ ကူးပြောင်းပေးနေတယ်။ ဒီသိပ္ပံနည်းကျ ရှင်းလင်းချက်ဟာ တွေးခေါ်မှုနဲ့ အသိစိတ်ကို အင်မတန် လျှို့ဝှက်ဆန်းကြယ်ပြီး ရှင်းပြဖို့ မဖြစ်နိုင်သော၊ သဘာဝတရားရဲ့ ပုံမှန် အလုပ်လုပ်ပုံတွေ၊ တခြား ခန္ဓာကိုယ် လုပ်ဆောင်ချက်တွေနဲ့ သီးခြားကင်းလွတ်နေတဲ့ တစုံတရာလိုလို သဘောထားတဲ့ ပဉ္စလက်-စိတ်ဝါဒ (mystical – idealist) အမြင်ကို ချက်ချင်း ဖယ်ရှားပစ်လိုက်တယ်။  

လက်နဲ့ ဦးနှောက်  

အသိစိတ်နဲ့ ဘာသာစကားအပေါ်  စိတ်ဝါဒရဲ့  ရှုမြင်ချက်က လူသားမျိုးနွယ် ဆင့်ကဲပြောင်းလဲမှု ဖြစ်စဉ်နဲ့ ဆန့်ကျင်ဘက် ဖြစ်ပြီး ယေဘုယျ စိတ်ကူးသက်သက်ဆန်တယ်။ စိတ်ဝါဒအမြင်ဟာ သမိုင်းသဘော ကင်းမဲ့နေတယ်။ (လူသားအဖြစ် ဖွံ့ဖြိုးနေဆဲ protohuman များ အပါအဝင်) ရှေးဦး လူသားတွေနဲ့ ရုပ်ပတ်ဝန်းကျင်ကြား ဆက်ဆံရေးကို အစာရှာဖို့ လိုအပ်ချက်နဲ့ သားရဲတိရစ္ဆာန်များဘေးက လွတ်အောင် ရှောင်ပြေးဖို့ လိုအပ်ချက်တွေကပဲ အဆုံးအဖြတ်ပြုခဲ့တယ်။ (ရာသီဥတု ပြောင်းလဲမှုကြောင့် ဖြစ်ပေါ်လာတဲ့ ရုပ်ပတ်ဝန်းကျင် အပြောင်းအလဲများ) ကို တုံ့ပြန်ရင်ဆိုင်ရင်း လူတွေ ခြေနှစ်ချောင်းပေါ် မတ်တပ်ရပ်လာကြတယ်။ ဒီအခါ ရှေ့လက်တွေကို လွတ်မြောက်သွားစေခဲ့တယ်။ ဒီတော့ အဲဒီလက်တွေ အသုံးပြုပြီး ကာယ အလုပ်တွေ (manual labour) လုပ်နိုင်သွားတယ်။ 

ဦးနှောက်နဲ့ ဗဟိုအာရုံကြောစနစ် ဆင့်ကဲဖွံ့ဖြိုး ပြောင်းလဲလာရာက အသိစိတ် ထွက်ပေါ်လာတယ်။ တဖန်၊ အဲဒီ ဦးနှောက်နဲ့ အာရုံကြောစနစ် ဆင့်ကဲပြောင်းလဲမှုဖြစ်စဉ်က လူသားရဲ့ လက်တွေ့လုပ်ဆောင်ချက် (ဆိုလိုတာက) အလုပ်လုပ်ခြင်းနဲ့ အင်မတန် နီးကပ်စွာ ဆက်နွှယ်နေတယ်။ လူသားတွေဟာ သူတို့ရှင်သန်ရာ ပတ်ဝန်းကျင်ကို ကာယ အလုပ်နဲ့ ပြောင်းလဲပစ်ခဲ့တယ်။ ဒီလို ရှင်သန်ရာ ပတ်ဝန်းကျင်လောကကို ပြောင်းလဲခြင်းအားဖြင့် သူတို့ကိုယ်သူတို့လည်း ပြောင်းလဲပစ်ခဲ့တယ်။ ဒီဖြစ်စဉ်ဟာ နှစ်ပေါင်း သန်းနဲ့ချီပြီး ကြာမြင့်ခဲ့တယ်။ ဆင့်ကဲပြောင်းလဲမှုဖြစ်စဉ်ရဲ့ အစောပိုင်း အဆင့်တွေမှာ မြစ်ဖျားခံတယ်။ အထူးသဖြင့် ကျောရိုးမဲ့ကနေ ကျောရိုးရှိ သတ္တဝါများအဖြစ် ပြောင်းလဲလာတဲ့ အဆင့်မှာ မြစ်ဖျားခံတယ်။ အဲဒီလို ကျောရိုးရှိ သတ္တဝါတွေ ဖြစ်လာပြီး ဗဟို အာရုံကြောစနစ် ဖွံ့ဖြိုးတဲ့အထိ ဆင့်ကဲပြောင်းလဲသွားတယ်၊ အဲဒီနောက် ဦးနှောက် ထွက်ပေါ်လာတဲ့အထိ ဆင့်ကဲပြောင်းလဲလာခဲ့တယ်။  

လက်နဲ့ ဦးနှောက်ကြား ဆက်နွယ်မှုကို သေချာ မှတ်တမ်းတင်ထားပြီးသား ဖြစ်ပါတယ်။ လက်ရဲ့ ကျွမ်းကျင်လိမ္မာမှု စွမ်းရည် တိုးတက်လာခဲ့တယ်၊ လက်နဲ့ လုပ်ဆောင်ရတဲ့ လုပ်ဆောင်ချက်တွေ ဆထက်ထမ်းပိုး တိုးလာခဲ့တယ်။ ဒီဖွံ့ဖြိုးတိုးတက်မှုဟာ ဦးနှောက်ကို အလျင်အမြန် ကြီးထွားစေခဲ့တယ်၊ တွေးခေါ်နိုင်စွမ်းလည်း တိုးတက်လာခဲ့တယ်။ အမှန်ကတော့ ပြောမယ်ဆိုရင် ဦးနှောက် အရွယ်အစား ကြီးမားခြင်း၊ မတ်မတ် သွားလာနိုင်ခြင်းနဲ့ လက်ရဲ့ အထူးပြု လုပ်ဆောင်နိုင်စွမ်း တိုးတက်လာခြင်းတို့ကြားမှာ ဒိုင်ယာလက်တစ် ဆက်နွှယ်မှုတရပ် ရှိတယ်။ လူ့လက်ဟာ ဆင့်ကဲပြောင်းလဲမှု ဖြစ်စဉ်ရဲ့ အံ့ချီးကုန်နိုင်ဖွယ်မရှိသော ထုတ်ကုန်ပဲ။ လက်မနဲ့ တခြားသော လက်ချောင်းတွေ ဆန့်ကျင်ဘက် မျက်နှာချင်းဆိုင် ဖြစ်လာခြင်းကြောင့် လက်နဲ့ဖိပြီး ဆုပ်ကိုင်နိုင်လာတယ်၊ (ဝတ္ထုပစ္စည်းတွေကို) ကိုင်တွယ်ထိန်းချုပ်နိုင်စွမ်း ရှိလာတယ်။ ဒါဟာ နောက်ပိုင်း ဖြစ်ပေါ်လာမယ့် နောက်ဆက်တွဲ ဖွံ့ဖြိုးတိုးတက်မှုအားလုံး ဖြစ်ပေါ်လာရေးအတွက် ရေခံမြေခံ အခြေအနေ ဖြစ်လာတယ်။ 

မျောက်ဝံတွေဟာ သူတို့ရဲ့ လက်တွေကို သစ်ပင်တွေမှာ တွဲလွှဲခိုသွားလာဖို့ အသုံးချကြတယ်။ သစ်ကိုင်းချောင်းတွေ ဆုပ်ကိုင်ဖို့လဲ သူတို့လက်တွေကို အသုံးပြုတတ်တယ်။ တချို့ အခြေအနေတွေမှာဆိုရင် ခြတောင်တူးခြင်းလို အတော်အတန် ရှုပ်ထွေးတဲ့ အလုပ်တွေ လုပ်တဲ့အခါ သစ်ကိုင်းချောင်းကို ရှေးဦး ကိရိယာသဖွယ် အသုံးပြုခဲ့ကြတယ်။ ကျနော်တို့နဲ့ လူ့အဆက် အလွန်တရာ ကွာဝေးလှသော ရှေးဘိုးဘေးကြီးတွေဟာ မတ်မတ်သွားလာနိုင်တဲ့ ကိုယ်ဟန်အနေအထားကို ရရှိသွားတာနဲ့ သူတို့ရဲ့ လက်တွေ လွတ်လပ်သွားပြီး လုပ်ငန်းများစွာကို စမ်းသပ်လုပ်ဆောင်ခဲ့ကြတယ်။ မပြတ် လေ့ကျင့်ရင်း လက်တွေဟာ ကျွမ်းကျင်သား ပြည့်ဝလာတယ်၊ ပိုနူးညံ့ပြီး ပိုရှုပ်ထွေးတဲ့ လုပ်ငန်းတွေကို လုပ်နိုင်လာတယ်။ အထူးသဖြင့် သဘာဝ ပစ္စည်းတွေကို ကိရိယာအဖြစ် ပုံသွင်းအသုံးပြုနိုင်လာတယ်။  

လက်ကဦးနှောက်ကို ဖွံ့ဖြိုးလာစေခဲ့တယ်။ ဦးနှောက်က လက်ကို ဖွံ့ဖြိုးစေခဲ့တာ မဟုတ်ဘူး။ ဒါကို အဆင့်နိမ့် တိရစ္ဆာန်တွေမှာတောင် တွေ့နိုင်တယ်။ အဆင့်နိမ့် တိရစ္ဆာန်တွေဟာ ကမ္ဘာလောကကို တောင်တောင်အီအီ လျှောက်တွေးမနေဘူး၊ စားသောက်လိုက်တာပဲ။ ဒါနဲ့အလားတူပဲ၊ လူသားကလေးငယ် တယောက်က တွေ့တဲ့ပစ္စည်း ပါးစပ်ထဲ ကောက်ထည့်ပြီး ရုပ်ကမ္ဘာကို “သိမြင်”လာတယ်။ ဒီလိုပဲ၊ ဘာသာစကားဆိုတာ တူတို့၊ ဂေါ်ပြားတို့လို စိတ်တိုင်းကျ ပုံသွင်း ထုဆစ်ထားတဲ့ “ကိရိယာ” တခု မဟုတ်ဘူး။ တကယ်တမ်းကျတော့ ဘာသာစကားဟာ လူမှုဆက်ဆံရေးနဲ့ စုပေါင်း ကုန်ထုတ်လုပ်ခြင်းရဲ့ ရလဒ်အဖြစ် သိစိတ်နဲ့အတူ ဆင့်ကဲထွက်ပေါ်လာခြင်း ဖြစ်တယ်။ ဘာသာစကားကို “ပုံသွင်းလုပ်ယူ”ထားတာ မဟုတ်ဘူး။ ရှည်လျား‌လှ‌တဲ့ သမိုင်းတလျှောက် လူ့သမဂ္ဂနဲ့ လူသားများ စုပေါင်း အလုပ်လုပ်ရာက အလိုအလျောက် ထွက်ပေါ်လာခဲ့ခြင်း ဖြစ်တယ်။  

လက်နက်ကိရိယာတွေကို ပုံမှန် အသုံးပြုပြီး စုပေါင်း အလုပ်လုပ်လာတဲ့အခါ ဘာသာစကား တမျိုးမျိုး ရှိဖို့ မဖြစ်မနေ လိုအပ်လာလိမ့်မယ်၊​ ဒီလိုအပ်ချက် ထွက်ပေါ်တာနဲ့ အပြန်အလှန် အမှီသဟဲပြုနေရသော အကြောင်းအချက်တွေ တသီကြီး ဖြစ်ပေါ်လာစေခဲ့တယ်။ ခန္ဓာနဲ့ စိတ်ရဲ့ လုပ်ဆောင်ချက်တွေဟာ နီးကပ်စွာ ဆက်နွယ်လျက်ရှိတယ်။ ဒိုင်ယာလက်တစ်ဆန်ဆန် အကြောင်းတရားက အကျိုးတရား ဖြစ်လာပြီး အကျိုးတရားကလည်း အကြောင်းတရား ဖြစ်သွားတယ်။ လူသားရဲ့ လက်ဟာ မျက်လုံး၊ ဦးနှောက်တို့နဲ့ နီးနီးကပ်ကပ် ဆက်နွှယ်နေတယ်။ အကြမ်းထည်အဆန်ဆုံး ကျောက်လက်နက်တခု ဖန်တီးဖို့တောင် လက်၊ မျက်လုံးနဲ့ ဦးနှောက်တို့ကြား ဟန်ချက်ညီ ပူးပေါင်းမှု ရှိဖို့ အများကြီး လိုအပ်တယ်။ လူသားအားလုံးဟာ ကိရိယာ တန်ဆာပလာတွေ ထုတ်လုပ် အသုံးပြုကြတယ်။ ဒီလို ကိရိယာတွေ ပုံသွင်းထုတ်လုပ်ရာမှာ လိုအပ်တဲ့ လက်၊ မျက်လုံးနဲ့ ဦးနှောက်ကြား ဟန်ချက်ညီ လှုပ်ရှားဆောင်ရွက်မှုက ဦးနှောက် ဆင့်ကဲဖွံ့ဖြိုးလာအောင် နှစ်သန်းပေါင်းများစွာ မောင်းနှင်ပေးခဲ့တဲ့ စေ့ဆော်အား ဖြစ်ပါတယ်။

“(ဦးနှောက်ဖွံ့ဖြိုးမှုသေးတဲ့) ဩစထရေလိုပစ်သိကပ်စ် (Australopithecus) အနွယ် လူသားရုပ်ကြွင်းတွေမှာ လူသားမျိုးနွယ်အနေနဲ့ ဦးနှောက် အကြီးအကျယ် ကြီးထွားမလာခင်တည်းက လက်နက်ကိရိယာ အသုံးပြုမှုရှိခဲ့တဲ့ ဆက်စပ် အထောက်အထားတွေ တွေ့ထားတယ်” (H.J. Fleure and M. Davies, A Natural History of Man in Britain, p. 47.) 

အကြမ်းထည်အဆင့် ကျောက်လက်နက်တွေကို သိစိတ်ရှိရှိ ထုတ်လုပ်ဖန်တီးလာခြင်းဟာ အကြမ်းထည်အဆင့် ပုံဖော်ယူဆချက်တွေ ဖြစ်တည်လာစေတဲ့ မောင်းနှင်အားပဲဆိုတာ ရှင်းတယ်။ ဒီကနေမှ တွေးခေါ်မှုလည်း တိုးတက်ဖွံ့ဖြိုးလာခဲ့တယ်။ ဒီဖြစ်စဉ်ဟာ ဦးနှောက်ရဲ့ အတွင်းပိုင်း တည်ဆောက်ပုံကို မလွဲမသွေ အကျိုးသက်ရောက်စေခဲ့လိမ့်မယ်။ ဦးနှောက်အရွယ်အစား ကြီးမားလာခြင်းဟာ ဒီအကျိုးသက်ရောက်မှုကို အကောင်အထည်အားဖြင့် ဖော်ပြချက်ပဲ။ ဒီပြောင်းလဲမှုတွေကို တစုတစည်းတည်း ‌ပေါင်းရုံးလိုက်တဲ့အခါ လူသားမျိုးနွယ်ကို တခြားသော သက်ရှိရုပ် ပုံသဏ္ဌာန်အားလုံးနဲ့ ကွဲထွက်သွားစေတဲ့ အရည်အသွေးသဘော ခုန်ကူးပြောင်းလဲမှု ဖြစ်သွားတယ်။ ဒီတော့ ကျနော်တို့ လူသားမျိုးစိတ်ဟာ ဘုရားသခင်က အထူးတလည် ဖန်ဆင်းလိုက်လို့ ထွက်ပေါ်လာတာ မဟုတ်ဘူး။ ဆင့်ကဲပြောင်းလဲမှု ဖြစ်စဉ်ရဲ့ ရလဒ်သာ ဖြစ်တယ်။ ဒီဆင့်ကဲ ဖြစ်စဉ်အတွင်း အဆုံးအဖြတ်ပေးနိုင်တဲ့ အကြောင်းအချက်က ကာယ အလုပ်ပဲ။ ဒါကြောင့် လွန်ခဲ့တဲ့ နှစ်တရာကျော်လောက်က အန်းဂယ်(လ်စ်) ရှင်းပြခဲ့သလိုပဲ၊ လူသားမျိုးနွယ်ရယ်လို့ ဖွံ့ဖြိုးတိုးတက်လာခဲ့တာ ဦးနှောက်ကြောင့် မဟုတ်ဘူး၊ ဦးနှောက်ကို ဖွံ့ဖြိုးစေခဲ့သော လက်တွေကြောင့်ပဲ။   

မာ့က်စ်ရဲ့ ဒဿနဆိုင်ရာ တော်လှန်‌ရေး

မာ့က်စ်က ဖွိုက်ယဘတ်(ခ်) စစ်တမ်း တတိယပိုဒ်မှာ အခုလို ရေးထားခဲ့တယ်။  

“လူဟာ ဝန်းကျင် အခြေအနေနဲ့ လေ့ကျင့်ပျိုးထောင်ခြင်းရဲ့ အသီးအပွင့်တွေ ဖြစ်‌ကြောင်း၊ ဒါ့ကြောင့် ပြောင်းလဲသွားတဲ့ လူသားဟာ ပြောင်းလဲသွားသော ဝန်းကျင် အခြေအနေနဲ့ လေ့ကျင့်ပျိုးထောင်ခြင်းတို့ရဲ့ ရလဒ်သာ ဖြစ်ကြောင်း ရုပ်ဝါဒက ဆိုတယ်။ ယင်းရုပ်ဝါဒအမြင်က လူတွေဟာ သူတို့ကြီးပြင်းရာ အခြေအနေတွေကို ပြောင်းလဲဖန်တီးနိုင်ကြောင်း၊ ပျိုးထောင် လေ့ကျင့်ပေးသူကိုလဲ ပျိုးထောင် လေ့ကျင့်ပေးထားဖို့ မဖြစ်မနေ လိုအပ်ကြောင်း မေ့နေတတ်တယ်။ ဒါ့ကြောင့် ဒီအယူဝါဒအရ လူ့အဖွဲ့အစည်းကို နှစ်ပိုင်းခွဲပစ်လိုက်ရပြီး တပိုင်းက လူအများထက် ခေါင်းတလုံး ပိုမြင့်သူတွေ ဖြစ်သွားတယ်။ လူသားတွေက ဝန်းကျင် အခြေအနေကို ပြောင်းလဲဖန်တီးရင်း သူတို့ကိုယ်သူတို့လည်း ပြောင်းလဲပစ်တယ်။ ဒီလို တပြိုင်နက် ပြောင်းလဲမှုကို တော်လှန်ရေး လက်တွေ့ လုပ်ဆောင်မှု အဖြစ်သာ ရှင်းရှင်းလင်းလင်း နားလည်နိုင်တယ်။” 

ကျစ်လျစ်လှတဲ့ ဒီစာသားအနည်းငယ်အတွင်း ဒဿနိက တော်လှန်ရေးတရပ် ပါဝင်နေတယ်။ ကြီးမြတ်သော ဂျာမန် ဒဿနိကပညာရှင် ဟေဂယ်(လ်)ဟာ အမှန်တရားကို ရှာဖွေတွေ့ရှိဖို့ အင်မတန် နီးစပ်ခဲ့တယ်။ ဟေဂယ်(လ်)ဟာ အင်မတန် ပညာဉာဏ်ကြီးလှပေမဲ့လည်း သီအိုရီနယ်ပယ်ကနေ လက်တွေ့နယ်ပယ်ဆီ ပြတ်ပြတ်သားသား ခုန်ကူးပြောင်းလဲသွားနိုင်ခြင်း မရှိခဲ့ဘူး။ စိတ်ဝါဒ တင်ကူးကြံဆချက်တွေကြောင့် အဝိဇ္ဇာအမှောင်ဖုံးနေခဲ့တယ်။ ဟေဂယ့်(လ်) လက်ထဲမှာ ဒိုင်ယာလက်တစ်ဟာ မြူဖုံးထားသလို မရှင်းမလင်း ဖြစ်နေခဲ့တယ်၊​ ဒိုင်ယာလက်တစ်ရဲ့ နက်နဲလှသော အမှန်တရားများဟာ အကောင်အထည်မဲ့ ရှုပ်ထွေးခဲကတ်လှတဲ့ ဆင်ခြင်သုံးသပ်မှု တပုံကြီးအောက် ဖုံးဖိခံထားခဲ့ရတယ်။ ပညာဉာဏ် ကြီးမားလှတဲ့ မာ့(က်စ်)က ဟေဂယ်(လ်)ရဲ့  Logic ကျမ်းစာမျက်နှာများထဲ ပုန်းခိုလျက်ရှိတဲ့ ကျိုးကြောင်းဆီလျော်မှု အနှစ်အသားကို တူးဆွဖော်ထုတ်ပြီး လက်တွေ့ ရုပ်ကမ္ဘာမှာ အသုံးချနိုင်ခဲ့တယ်။ 

ဘာသာရေးလောင်းရိပ်အောက်က အတွေးအခေါ်တွေကြောင့် ဒဿနိကဗေဒဟာ မှောင်မိုက်ပြီး လေမဝင်တဲ့ မြေအောက်ခန်းထဲ ရာစုနှစ်များစွာ ပိတ်မိနေခဲ့တယ်။ နောက်ဆုံး မာ့(က်စ်)လက်ထက်ရောက်မှ အဲဒီမြေအောက်ခန်း အမှောင်ထုထဲက လွတ်မြောက်သွားခဲ့တယ်။ အမှောင်ထဲ အကြာကြီး အိပ်နေသူကို လှုပ်နှိုးပြီး နေ့အလင်းနဲ့ ထိတွေ့ပေးလိုက်သလို ဖြစ်သွားခဲ့တယ်။ အဆုံးမတော့ အတွေးအခေါ်နဲ့ လက်တွေ့အလုပ် ပေါင်းစည်းသွားခဲ့ပြီ။ ဒီနေရာမှာ ပြောတဲ့ အလုပ်ဆိုတာ ပညာရှင်တွေရဲ့ တဖက်သတ်ကျသော ဉာဏပိုင်း ဆောင်ရွက်ချက်သက်သက်ကို ရည်ညွှန်းခြင်း မဟုတ်ဘူး၊​ လူသားရဲ့  လက်တွေ့ အာရုံခံစား လုပ်ဆောင်မှုကို ဆိုလိုခြင်း ဖြစ်တယ်။ ဂျာမန် မဟာကဗျာဆရာကြီး ဂါးထယ် (Goethe) က သမ္မာကျမ်းစာလာ “အစဦး၌ နှုတ်ကပတ်တော် ရှိ၏” ဆိုတဲ့ ကျမ်းချက်ကို “အစဦးတွင် လုပ်ဆောင်ချက် ရှိလေ၏” လို့ တုန့်ပြန် ရေးသားခဲ့တယ်။  

သို့ပေမဲ့ လူသားရဲ့ စစ်မှန်‌သော လှုပ်ရှား ဆောင်ရွက်ချက် (အလုပ်) ဟာ သီးခြား တည်ရှိနေသော အစိတ်အပိုင်းများရဲ့ ‌လှုပ်ရှားဆောင်ရွက်မှု မဟုတ်ဘူး။ အလုပ်ဟာ အနှစ်သာရအားဖြင့် မလွဲမသွေ စုပေါင်းသဘောဆောင်တယ်။ အမျိုးသား အမျိုးသမီးတို့ရဲ့ တဦးချင်း အားထုတ်မှု၊ ကြိုးပမ်းမှု၊ တီထွင်ဖန်တီးမှုတွေ စုပေါင်းလိုက်မှသာ လူ့ယဉ်ကျေးမှုကြီးအတွင်း အံ့ချီးလောက်စရာတွေ ထွက်ပေါ်လာစေခဲ့တယ်။ ဒါဟာ အဘိုးကြီး ဟေဂယ်(လ်) ပြောခဲ့တဲ့ “တခုချင်းနဲ့ ယေဘုယျသဘောတို့ ပေါင်းစည်းညီညွတ်ခြင်း” သဘောတရား လက်တွေ့  အကောင်အထည်ပေါ်လာခြင်း ဖြစ်တယ်။ သို့ပေမဲ့ ဒီနိယာမသဘောဆောင်တဲ့ ပေါင်းစည်းမှုကို ခေါင်းမာမာနဲ့ ဥပေက္ခာပြု ငြင်းပယ်ခဲ့ကြတယ်။ လူသားတွေရဲ့ အတွေးအကြံနဲ့ လုပ်ဆောင်ချက်တွေကို စုပေါင်း လှုပ်ရှားမှုလို့ သဘောမထားဘဲ သီးသန့်တည်ရှိနေတဲ့ လူတဦးချင်းရဲ့ အလုပ်လို့ တင်ပြခဲ့ကြတယ်။  

ဒီအယူအဆ အမှားဟာ ဘူဇွှာ လူတန်းစားရဲ့ မှားယွင်းသော ဥပါဒါန် အစွဲအလမ်းကို ထင်ဟပ်ပြသနေခြင်း ဖြစ်သလို၊ ဘူဇွှာ လူ့အဖွဲ့အစည်းရဲ့  အဆောက်အအုံတွေ၊ ကိုယ်ကျင့်တရားနဲ့ စံတန်ဖိုးတွေကို တရားထူထောင်ပြဖို့ ကြိုးပမ်းခြင်းလည်း ဖြစ်တယ်။ ဘူဇွှာ လူ့အဖွဲ့အစည်းမှာ အတ္တ (“တဦးချင်းဖြစ်မှု”) က အမြင့်ဆုံး အုပ်စိုးသူလို့ ဆိုကြတယ်။ တကယ်တမ်းကျ လူများစုကြီးရဲ့ တဦးချင်းဖြစ်တည်မှုဟာ ဖိနှိပ်နင်းချေခံနေရတယ်။ ကုန်ထုတ်ပစ္စည်းတွေကို ချုပ်ကိုင် ပိုင်ဆိုင်ထားပြီး၊ ဒီအချက်ကြောင့်ပဲ ဘဝရှင်သန်ရေး သော့ချက်ကို ချုပ်ကိုင် ပိုင်ဆိုင်ထားသော လက်တဆုပ်စာ လူနည်းစုလေးရဲ့ တဦးချင်း ဖြစ်တည်မှုအတွက် လူအများစုကြီးက ကျွန်ခံနေရတယ်။ အမှန်တရား တခုလုံးကို ဗွင်းဗွင်းပြောရရင်ဖြင့် ဒီလူနည်းစုလေးသည်ပင် သူတို့ ထိန်းချုပ်နိုင်စွမ်းမရှိသော အင်အားစုများရဲ့ လွှမ်းမိုးချယ်လှယ်မှုအောက် ကျရောက်နေတာ ဖြစ်တယ်။  

သူစိမ်းပြင်ပြင် ကင်းကွာမှု (alienation) နဲ့ ဘူဇွှာ လူ့အဖွဲ့အစည်း  

ကွယ်လွန်သွားပြီဖြစ်တဲ့ မာဂရက်သက်ချာက အင်မတန်ကျော်ကြားတဲ့ စကားတခွန်း ပြောဖူးတယ်။ “လူ့အဖွဲ့အစည်းဆိုတဲ့ အရာမျိုး တကယ်မရှိဘူး”တဲ့။ ဒါပေမဲ့ အရစ္စတတယ်က လူဟာ နိုင်ငံရေး သတ္တဝါ ဖြစ်တယ်လို့ ဆိုခဲ့ဖူးတယ်၊ သဘောက လူဟာ လူမှုဆက်ဆံရေးရှိသော သတ္တဝါလို့ ဆိုလိုခြင်း ဖြစ်တယ်။ (တွေးခေါ်မှုနဲ့ ဘာသာစကားအပါအဝင်) လူသားမျိုးနွယ် ဖြစ်ပေါ်တိုးတက်မှု အားလုံးရဲ့ သော့ချက်ဟာ လူမှုရေးသဘောဆောင်သော လှုပ်ရှားမှု ဖြစ်ပြီး စုပေါင်း အလုပ်မှာ မြစ်ဖျားခံတယ်။ လူတဦးရဲ့ အရည်အသွေးနဲ့ စရိုက်ကို သူ့မှာရှိတဲ့ ဆက်နွှယ်မှု အနည်းအများက အဆုံးအဖြတ်ပြုတယ်လို့ ဟေဂယ်(လ်) ပြောခဲ့ဖူးတယ်။ လူတယောက်ကို လူသူကင်းမဲ့တဲ့ ကျွန်းပေါ် တယောက်တည်း ပို့ထားရင် ဒါမှမဟုတ် နှစ်ပေါင်းများစွာ တကိုယ်တည်း အကျဉ်းချခံထားရမယ်ဆိုရင် သူ့ရဲ့ တွေးခေါ်နိုင်စွမ်းနဲ့ ဆက်သွယ်ပြောဆိုနိုင်စွမ်းတွေ ဆိုးဆိုးဝါးဝါး ထိခိုက်သွားတာကို တွေ့ရမယ်။  

အရင်းရှင်စနစ်က လူတွေကို အထီးတည်းဖြစ်နေအောင်၊ တဦးချင်းကွဲနေအောင်၊ သူစိမ်းပြင်ပြင် ကင်းကွာသွားအောင် ခွဲထုတ်ပစ်လေ့ရှိတယ်။ လူတွေကို သူတို့ကိုယ်သူတို့ “တသီးပုဂ္ဂလ လူသားများ”အဖြစ် မြင်လာအောင်၊ ဆိုလိုတာက သီးခြားတည်ရှိနေတဲ့ အစိတ်အပိုင်းတွေအဖြစ် မြင်လာအောင် အရင်းရှင်စနစ်က သင်ပေးတယ်။ ဒါဟာ တဦးနဲ့တဦး အမြဲမပြတ် ပြိုင်ဆိုင်နေကြသော ဘူဇွှာတွေနဲ့ ပက်တီးဘူဇွှာတွေရဲ့ လူမှု အရှိတရားကို ထင်ဟပ်ပြသနေခြင်းပဲ။ ဒီအချက်ဟာ နိုင်ငံရေး၊ ဘာသာရေးနဲ့ ဒဿနိက နယ်ပယ်တွေမှာပါ လာထင်ဟပ်တယ်။ ပရိုတက်(စ်)တင့် ဂိုဏ်းဝင်တွေက လူတဦးချင်းဆီတိုင်းဟာ ဘုရားသခင်ကို သူတို့နည်းနဲ့သူတို့ ကိုးကွယ်ဝတ်ပြုခွင့် ရှိရမယ်လို့ ကြွေးကြော်ပြီး ၁၆ရာစုနဲ့ ၁၇ရာစုတွေအတွင်း ဘာသာရေး စစ်ပွဲကြီးတွေ ဆင်နွှဲခဲ့ကြတယ်။ ဒါဟာ ဘူဇွှာလူတန်းစားက မြေရှင်ပဒေသရာဇ်စနစ်ကို ဆန့်ကျင်တိုက်ခိုက်ခဲ့တဲ့ ပထမဆုံးသော မဟာတိုက်ပွဲကြီးတွေ ဖြစ်တယ်။  

အရင်းရှင်စနစ် အတက် ကာလမှာ ဘူဇွှာ တသီးပုဂ္ဂလဝါဒက တိုးတက်တဲ့ အင်အားစုတရပ် ဖြစ်ခဲ့တယ်။ အဲသည်ခေတ် ဘူဇွှာ လူတန်းစားဟာ ကုန်ထုတ်စွမ်းအားစုတွေ ဖွံ့ဖြိုးတိုးတက်အောင် လုပ်နိုင်သေးတယ်၊ လူမှုတိုးတက်မှုနဲ့ ယဉ်ကျေးမှု မိုးကုတ်စက်ဝိုင်းကို တိုးချဲ့နိုင်စွမ်း ရှိသေးတယ်။ ဒါပေမဲ့ အဲဒီနေ့ရက်တွေဟာ အတိတ်မှာ ကျန်ခဲ့ပြီ။ အရင်းရှင်စနစ် ယိုယွင်းပျက်ဆီးလာတဲ့ ခေတ်မှာတော့ တသီးပုဂ္ဂလဝါဒဟာ အတ္တပဓာနဝါဒသက်သက်မျှသာ ဖြစ်လာခဲ့တယ်၊ တကိုယ်ကောင်းဆန်ခြင်း၊ လူမဆန်ခြင်းသက်သက်သာ ဖြစ်လာခဲ့တယ်။ တခြားလူတွေရဲ့ ဆင်းရဲဒုက္ခတွေကို ဥပေက္ခာပြုထားနိုင်အောင် တသီးပုဂ္ဂလဝါဒက ပျိုးထောင်ပေးတယ်။ ယဉ်ကျေးမှုနဲ့ လူမှုတိုးတက်မှုတို့ရဲ့ အခြေခံအုတ်မြစ်ကို လှိုက်စားပစ်မယ့် အရိုင်းအစိုင်း သဘောထားနဲ့ အပြုအမူတွေ ထွက်ပေါ်လာအောင် ဆွပေးတယ်။  

ကျနော်တို့ဟာ ကိုယ်အလိုရှိရာကို “လွတ်လွတ်လပ်လပ်” လုပ်နိုင်တယ်လို့ ထင်တတ်ကြတယ်။ ဒါပေမဲ့ တကယ့် အရှိတရားက အဲသလို မဟုတ်ဘူး။ ဂျာမန် အတွေးအခေါ်ပညာရှင် လိုက်(ဘ်)နစ်(ဇ်) တခါက ပြောဖူးသလိုပဲ သံလိုက်အပ်တချောင်းသာ တွေးခေါ်နိုင်မယ်ဆိုရင် မြောက်အရပ်ကို ညွှန်‌ပြနေတာ “လွတ်လပ်တဲ့ စိတ်ဆန္ဒအရ” လို့ သေချာပေါက် တွေးလိမ့်မယ်။ လူသားမျိုးနွယ်ဟာ အနန္တ တန်ခိုးတော်ရှင်ရဲ့ အထူး ဖန်ဆင်းမှု မဟုတ်ဘူး၊ တိရစ္ဆာန် လောကထဲကပဲ ဆင့်ကဲတိုးတက် ပြောင်းလဲလာခြင်း ဖြစ်ကြောင်း သက်သေပြဖို့ ဒါဝင်တယောက် ၁၉ရာစုတုန်းက တိုက်ပွဲဝင်ခဲ့ရတယ်။ ကျနော်တို့ရဲ့ ကာယကံမြောက် ပြုမူလုပ်ဆောင်ချက် အတော်များများဟာ သိစိတ်အဆင့် ရောက်မလာဘူး၊ “လွတ်လပ်တဲ့ စိတ်ဆန္ဒ” ဆိုတာလည်း တကယ်တမ်းကျ စိတ်ရဲ့လှည့်စားမှု တခုပဲလို့ ဆစ်ဂမန်ဖရွိုက်က ၂၀ ရာစုအတွင်း ဖော်ထုတ် တင်ပြခဲ့တယ်။ 

သို့ပေမဲ့လည်း သမိုင်းတလျှောက် လူသားတွေက ဒီပကတိ အချက်တွေကို ခုခံ ငြင်းဆန်ရင်း သတ္တလောက ဘုံအဆင့်ဆင့်မှာ လူသားကို ထူးကဲသော အခွင့်ထူးခံ အဆင့်နေရာ ပေးဖို့ပဲ ကြိုးစားခဲ့ကြတယ်။ ကျနော်တို့ဟာ လွတ်လပ်မှု အပြည့်ရှိတဲ့ သတ္တဝါတွေ မဟုတ်ဘူး၊ ကျနော်တို့ရဲ့ ပြုမူ လုပ်ဆောင်ချက်တွေကို ကျနော်တို့ နားမလည်နိုင်တဲ့၊ ထိန်းချုပ်နိုင်စွမ်း မရှိတဲ့ အင်အားစုတွေက ပြဋ္ဌာန်းနေတယ်ဆိုတဲ့ အယူအဆဟာ ကျနော်တို့အဖို့ မနှစ်မြို့စရာ အလွန်ကောင်းတယ်။ ဒါပေမဲ့ ဟေဂယ်လ် ရှင်းပြခဲ့သလိုပဲ၊​စစ်မှန်သော လွတ်လပ်မှုဟာ နိယာမ သဘောဆောင်မှုကို ငြင်းပယ်ခြင်း မဟုတ်ဘဲ၊ နိယာမ သဘောဆောင်မှုကို နားလည်သဘောပေါက်ခြင်းသာ ဖြစ်တယ်။  

အသိစိတ်ကို ရုပ်ပတ်ဝန်းကျင်က ပြဋ္ဌာန်းတယ်။ အဲ(လ်)ဘတ် အိုင်းစတိုင်းသာ အိန္ဒိယနိုင်ငံ တောရွာလေးက လယ်သမား တင်းကုတ်ထဲ မွေးဖွားခဲ့မယ်ဆိုရင် သူ့ရဲ့ မွေးရာပါ ဉာဏ်ရည်ဉာဏ်သွေးကြောင့် လယ်ယာ စိုက်ပျိုးရေး ကျွမ်းကျင်သူ ဖြစ်ကောင်း ဖြစ်လာလိမ့်မယ်၊ ဒါပေမဲ့ နှိုင်းရ သီအိုရီ (theory of relativity) ကို ရှာဖွေ ဖော်ထုတ်နိုင်လိမ့်မယ်လို့ ဘယ်သူ ယုံမလဲ။ တခါက ထရော့စကီး မေးခွန်းထုတ်ခဲ့ဖူးသလိုပဲ၊  “အရစ္စတတယ်(လ်) ဘယ်နှယောက်များ ဝက်ကျောင်းသမား ဖြစ်နေသလဲ၊ နောက် ဝက်ကျောင်းသမား ဘယ်နှယောက်များ ရာဇပလ္လင်ပေါ်  စံမြန်းနေသလဲ”။

ဘူဇွှာ လူတန်းစားရဲ့ လောကအမြင်တခုလုံးက တကိုယ်ကောင်းဝါဒ ဖြစ်နေတယ်။ ဒါပေမဲ့ အလုပ်သမား လူတန်းစား လောကမှာ အဲသလို မဟုတ်ဘူး။ အဖွဲ့အစည်းသာ မရှိရင် အလုပ်သမား လူတန်းစားဟာ သွေးစုပ် အမြတ်ထုတ်ခံရဖို့ ကုန်ကြမ်းသက်သက်ပဲ ဖြစ်နေမယ်လို့ မာ့(က်စ်) ရှင်းပြဖူးတယ်။ ထုတ်လုပ်ရေး ဖြစ်စဉ်ဟာ အများစုပေါင်းသဘော ဆောင်တယ်၊ တဦးချင်းသဘော မဆောင်ဘူး။ ဒီကုန်ထုတ်ဖြစ်စဉ်မှာ စုပေါင်း အလုပ်လုပ်ရင်း အလုပ်သမားတွေဟာ မဖြစ်မ‌နေ ပူးပေါင်း ဆောင်ရွက်ရတယ်။ လယ်သမားတယောက်က “ဒီ ဂေါ်ဖီထုပ်ကို ငါစိုက်ထားတာ” လို့ ပြောနိုင်တယ်။ ဒါပေမဲ့ ဖို့(ဒ်)စက်ရုံက ဘယ်အလုပ်သမားမှ “ဒီကားကို ငါထုတ်လိုက်တာ” လို့ မပြောနိုင်ဘူး။  

အလုပ်သမားတွေရဲ့ အသိစိတ်ဟာ သဘာဝအလျောက်ကို စုပေါင်းသဘောဆောင်တယ်။ အလုပ်သမား လူတန်းစားရဲ့ တိုက်ပွဲဝင် လက်နက်တွေဖြစ်တဲ့ သပိတ်၊ အထွေထွေ သပိတ်၊ လူထု အစည်းအဝေးနဲ့ လူထု ဆန္ဒပြပွဲကြီးတွေဟာ စုပေါင်းဆောင်ရွက်မှု သဘောဆောင်တယ်။ တသီးပုဂ္ဂလဝါဒဟာ လုပ်ဖော်ကိုင်ဖက် အလုပ်သမားများရဲ့ အကျိုးစီးပွားထက် သူတို့ ကိုယ်ကျိုးစီးပွားကို ရှေ့တန်းတင်တတ်သော သပိတ် ဖြိုခွဲရေးသမားတွေမှာ တွေ့ရတဲ့ အထင်ကရ အမှတ်အသား ဖြစ်တယ်။ ဒါကြောင့်ပဲ အရင်းရှင် မီဒီယာတွေက “တသီးပုဂ္ဂလ လွတ်လပ်မှု”အတွက် ရပ်တည်ပါတယ်ဆိုပြီး သပိတ်တိုက်ပွဲထဲ မပါဝင်ဘဲ ရှောင်နေတတ်သူတွေရဲ့ “ရဲဝံ့မှု” ကို ချီးကျူး ဂုဏ်တင်ပေးတတ်ကြတာ ဖြစ်တယ်။  

လူသားတွေဟာ အပြောင်းအလဲအတွက် တိုက်ပွဲဝင်ရင်း၊ သူတို့ဝန်းကျင်က အခြေအနေတွေကို ပုံသွင်းရင်း သူတို့ သမိုင်းကို ထုဆစ်ကြတယ်။ အဲဒီလို လူမှု အခြေအနေတွေကို ပြောင်းလဲရင်း လူသားတွေဟာ သူတို့ကိုယ်သူတို့ ပြောင်းလဲသွားစေတယ်။ “လူသား သဘာဝ”လို့ ခေါ်တဲ့ ထာဝရ မပြောင်းမလဲ တည်မြဲနေသော အရာတခု ရှိတယ်လို့ ပြောတတ်ကြတယ်။ ဒီအယူအဆဟာ အရိုးစွဲနေတဲ့ အယူအစွဲတခု ဖြစ်ပေမယ့် ဘာအခြေအမြစ်မှ ရှိတာ မဟုတ်ဘူး။ လူသား သဘာဝ ဆိုတဲ့အရာကို သမိုင်းတလျှောက် ကြိမ်ဖန်များစွာ ပြောင်းလဲပစ်ခဲ့တယ်။ အခုလည်း ပြောင်းလဲနေသလို၊ နောင် အနာဂတ်မှာလည်း ပိုလို့တောင် ပြောင်းလဲ လာလိမ့်ဦးမယ်။  

ကျနော်တို့ဟာ သူစိမ်းပြင်ပြင် ကင်းကွာပြီး ကျိုးကြောင်းဆီလျော်မှု ကင်းမဲ့တဲ့ လောကမှာ အသက်ရှင်နေကြတယ်။ အဲဒီလောကကြီးကို လူတွေ နားမလည်နိုင်ကြဘူး။ ဒီလို လောကမျိုးမှာ ဆင်ခြင်တုံတရားကို အခြေခံတဲ့ အတွေးအခေါ်ဟာ လူကြိုက်မများနိုင်ဘူး။ ဒီလို လောကမျိုးမှာ ဘာမှ မတွေးရင် ပိုတောင် ကောင်းသေးတယ်။ ခေတ်သစ် ဘူဇွှာ ဒဿနိကဗေဒရဲ့ အနှစ်သာရ ကင်းမဲ့မှုဟာ ဒီသဘောကို တိတိကျကျ ထင်ဟပ်ပြနေတယ်။ ဥပမာအနေနဲ့ ပို့စ်မော်ဒန်ဝါဒရဲ့ နားဝေတိမ်တောင် အက်ကြောင်းထပ် စကားတွေကို ကြည့်ရင် ဒီသဘောကို အထင်းသား မြင်ရလိမ့်မယ်။ သူတို့ဘဝတွေကို သူတို့ကိုယ်တိုင် ထိန်းချုပ်နိုင်စွမ်း မရှိတော့ဘူးလို့ လူသားတွေ ခံစားလာရတယ်။ သူတို့ထိန်းချုပ်မှု ပြင်ပက သူတို့ နားမလည်နိုင်တဲ့ ထူးထူးဆန်းဆန်း အင်အားစုတွေက သူတို့ကို တွန်းထိုး ဖယ်ရှားပစ်နေတယ်လို့ လူသားတွေ ခံစားလာရတယ်။ လူ့ဘဝရဲ့ တန်ဖိုးအားလုံးနဲ့ လူသားဆန်မှုတွေ ခွာချခံလိုက်ရတယ်။ ယဉ်ကျေးပြီး မှန်ကန်သင့်လျော်သော ဘဝ အခြေခံအုတ်မြစ်ကို ဖျက်ဆီးပစ်မယ့် ရိုင်းစိုင်းကြမ်းတမ်းမှုနှင့် အကြမ်းဖက်မှုထဲ နစ်မြုပ်သွားရတော့တယ်။ ဟေဂယ်(လ်) ပြောခဲ့သလိုပဲ၊ “ဆင်ခြင်တုံတရားဟာ ဆင်ခြင်တုံတရား ကင်းမဲ့မှု ဖြစ်လာတယ်”။ 

ခေတ်သစ် ဘူဇွှာ လူ့အဖွဲ့အစည်းတွင်း ရှင်သန်နေရသော ဘဝရဲ့ အစိတ်အပိုင်း အားလုံးကို သက်ရောက်မှုရှိတဲ့ သူစိမ်းပြင်ပြင် ကင်းကွာမှု (alienation) ကို ခေတ်ပေါ် ယဉ်ကျေးမှုမှာတောင် ဖော်ထုတ်ပြလာတာ တွေ့နိုင်တယ်။ Terminator လို ရုပ်ရှင်တွေမှာ စက်ရုပ်တွေက လူသား ထိန်းချုပ်မှုအောက်ကနေ လွတ်မြောက်သွားပြီး ကမ္ဘာကို အုပ်စိုးတဲ့ အကြောင်း ပုံဖော်ရိုက်ကူးပြလေ့ရှိတယ်။ စက်ရုပ်တွေနဲ့ ပတ်သက်လို့ ဒီလို ထူးဆန်းတဲ့ ခေတ်သစ် စိတ်ကူးယဉ် ဇာတ်လမ်းတွေကို ဘယ်လို ရှင်းပြကြမလဲ။ အဲသလို သိပ္ပံ စိတ်ကူးယဉ် ဇာတ်လမ်းတွေဟာ လူသားတွေရဲ့  အသိစိတ် သဘောသဘာဝနဲ့ ပတ်သက်လို့ ဒါမှမဟုတ် စက်ရုပ်တွေရဲ့ အသိစိတ် သဘောသဘာဝနဲ့ ပတ်သက်လို့ ဘာမှ မယ်မယ်ရရ ရှင်းမပြနိုင်ဘူး။ ဒါပေမဲ့ နှစ်ဆယ့်တစ် ရာစု အစောပိုင်း ဆယ်စုနှစ်အတွင်း လူသားတွေ ရှင်သန်နေထိုင်နေရတဲ့ သူစိမ်းပြင်ပြင် ကင်းကွာနေတဲ့ ကမ္ဘာ လောကကြီးအကြောင်းကိုတော့ တနံတလျား ပြောပြသွားတယ်။  

Terminator ရုပ်ရှင်ထဲက အိပ်မက်ဆိုးလောကမှာ “သက်မဲ့ ပစ္စည်းတွေ” (စက်ယန္တရား၊ စက်ရုပ်တွေ) က ကမ္ဘာကြီးကို စိုးမိုးချုပ်ကိုင်ပြီး လူတွေကို ကျွန်ပြုထားတာ တွေ့ရမယ်။ ဒါပေမဲ့ ဒီရုပ်ရှင်ထဲက အိပ်မက်ဆိုးဟာ အပြင်မှာ တကယ် ဖြစ်နေပြီးသား။ ကျနော်တို့ခေတ်မှာ လူတွေကို သက်မဲ့ ပစ္စည်းအဆင့် လျှော့ချထားပြီး သက်မဲ့ ပစ္စည်းတွေ (အထူးသဖြင့် ငွေကြေး) ကို လူတွေထက် အဆင့်မြင့်တဲ့ နေရာကို တင်ပေးထားတယ်။ ရှေးခေတ်က တိတ္ထိ နတ်ဆရာတွေဟာ ကလေးငယ်တွေကို Moloch နတ်အတွက် ယဇ်ပူဇော်ကြတယ်။ ဒီကနေ့ခေတ်ကျ သန်းပေါင်းများစွာသော ကလေးငယ်တွေဟာ အရင်း ဆိုတဲ့ ယဇ်ပလ္လင်မှာ စတေးခံနေရတယ်။  

ဒီလို သူစိမ်းပြင်ပြင် ကင်းကွာခြင်း ခံစားမှုကို ဖျက်သိမ်းပစ်ဖို့ တခုတည်းသော နည်းလမ်းက သူ့ရဲ့ ရုပ်အခြေခံကို ဖျက်သိမ်းပစ်ဖို့သာ ရှိတယ်။ ကျိုးကြောင်းမဆီလျော်တဲ့ အတွေးအခေါ်ကို ဖျက်သိမ်းပစ်ဖို့ တခုတည်းသော နည်းက အရင်းရှင် လူ့အဖွဲ့အစည်းအတွင်း လူသားတွေကြား ရှိနေတဲ့ ကျိုးကြောင်းမဆီလျော်တဲ့ ဆက်ဆံရေးတွေကို ဖျက်သိမ်းပစ်ဖို့သာ ရှိတယ်။ ကျနော်တို့ ကိုယ့်ဘဝ ကိုယ့်ကြမ္မာကို ပဲ့ကိုင် မောင်းနှင်နိုင်စွမ်း ကင်းမဲ့နေပြီဆိုတဲ့ ခံစားချက် ပပျောက်သွားအောင် ပဋိပက္ခသဘောဆောင်နေတဲ့ ကုန်ထုတ်ဆက်ဆံရေးတွေကို ဖယ်ရှားပစ်ပြီး၊ ကြောင်းကျိုးဆီလျော်တဲ့ စီမံကိန်း စီးပွားရေးစနစ်ကို အကောင်အထည် ဖော်ရမယ်။ ဒီလို စီမံကိန်း စီးပွားရေးစနစ်မှာ ဆုံဖြတ်ချက်ဟူသမျှကို အမှန်တကယ် လွတ်လပ်သော လူသားတွေက ဒီမိုကရေစီနည်းကျ ချမှတ် အကောင်အထည် ဖော်လိမ့်မယ်။ 

သင့်လျော်မှန်ကန်စွာ လည်ပတ်နေတဲ့ လူ့အဖွဲ့အစည်း၊ ဆိုလိုတာက ဆိုရှယ်လစ် စီမံကိန်း စနစ်နဲ့ လည်ပတ်နေတဲ့ လူ့အဖွဲ့အစည်းတရပ်မှာ လူတွေကို သက်မဲ့ပစ္စည်းတွေက ကြီးစိုးခြယ်လှယ်နေတာမျိုး မဖြစ်တော့ဘူး၊ လွတ်လပ်သော လူသားတွေက သက်မဲ့ပစ္စည်းတွေကို ချုပ်ကိုင် စီမံသွားလိမ့်မယ်။ လူသားတွေက စက်ယန္တရားတွေရဲ့ ကျေးကျွန် ဖြစ်နေမယ့်အစား စက်ယန္တရားတွေကသာ ကျနော်တို့ကို ရိုကျိုးစွာ အလုပ်အကျွေးပြုရတဲ့ ကျေးကျွန်တွေ ဖြစ်လာကြလိမ့်မယ်။ အရင်းရှင်စနစ်အောက်မှာ နည်းပညာ တိုးတက်မှုတွေကြောင့် အလုပ်ချိန် ပိုတိုးလာသလို အလုပ်သမားတွေရဲ့  ခိုင်းဖတ်ဘဝ ပိုဆိုးသွားတာပဲ အဖတ်တင်တယ်။ ဆိုရှယ်လစ်စနစ်မှာတော့ ပိုလျှံတန်ဖိုး (surplus value) ပမာဏ ဆထက်ထမ်းပိုး ထွက်လာအောင် ရေကုန်ရေခမ်း ကုန်းရုန်းလုပ်ပေးစရာ မလိုတော့ဘူး၊ လူသားတွေအဖို့ အလုပ်လုပ်ရချိန် လျော့နည်းသထက် လျော့နည်းလာပြီး ဘဝကို သာယာအေးချမ်းစွာနဲ့ ဖြတ်သန်းရှင်သန်နိုင်လိမ့်မယ်။  

ပြီးခဲ့တဲ့ ရာစုနှစ်အတွင်း သိပ္ပံနဲ့ နည်းပညာတွေ အံ့မခန်း တိုးတက်လာခဲ့တယ်။ ဒီတိုးတက်မှုတွေကြောင့် ကမ္ဘာဂြိုဟ်ကို ပြောင်းလဲပစ်နိုင်ဖို့ လိုအပ်တဲ့ အရာမှန်သမျှ ကျနော်တို့ လက်ထဲ ရှိနေပြီးသား ဖြစ်တယ်။ စကြဝဠာကြီး လည်ပတ်အလုပ်လုပ်ပုံနဲ့ ပတ်သက်လို့ သိပ္ပံပညာရဲ့ တွေ့ရှိချက်တွေဟာ ဘာသာရေးဘက်က “ထုတ်ဖော်ထားသော အမှန်တရားများ” ဆိုတာတွေထက် အံ့ဩ စိတ်လှုပ်ရှားဖို့ ပိုကောင်းသလို ပိုပြီး လှပတယ်။ လူသားမျိုးနွယ်ဟာ သူတို့ရဲ့ ဘဝရှင်သန်‌ရေး အခြေအနေတွေကို တော်လှန်ပြောင်းလဲပစ်ခြင်းအားဖြင့် လူသားမျိုးနွယ်ကိုယ်တိုင် ပြောင်းလဲသွားမယ့် လမ်းကြောင်းကိုပါ ခင်းပြီးသား ဖြစ်သွားလိမ့်မယ်။ ကျနော်တို့ မျိုးနွယ်ရဲ့ အကြိုသမိုင်းကာလကို အဆုံးသတ်ပေးလိမ့်မယ်။ ဒီလိုနဲ့ လူသားတွေဟာ တိရစ္ဆာန်များနဲ့ ကွဲပြားခြားနားသော တကယ့် လူပီပီသသ လုပ်ကိုင် တွေးခေါ်နိုင်လာလိမ့်မယ်။ ကျေးကျွန်တွေလို ရှင်သန်နေရတာမျိုး မဟုတ်တော့ဘဲ လွတ်လပ်သော လူသားများအဖြစ် လုပ်ကိုင် တွေးခေါ်နိုင်လာမယ်။  

ဒီအချက်က ကျနော်တို့ကို မာ့က်စ်ရဲ့  ဖွိုက်ယဘက်(ခ်) စစ်တမ်း (၃) ဆီ ပြန်ခေါ်သွားတယ်။  

“လူဟာ ဝန်းကျင် အခြေအနေနဲ့ လေ့ကျင့်ပျိုးထောင်ခြင်းရဲ့ အသီးအပွင့်တွေ ဖြစ်‌ကြောင်း၊ ဒါ့ကြောင့် ပြောင်းလဲသွားတဲ့ လူသားဟာ ပြောင်းလဲသွားသော ဝန်းကျင် အခြေအနေနဲ့ လေ့ကျင့်ပျိုးထောင်ခြင်းတို့ရဲ့ ရလဒ်သာ ဖြစ်ကြောင်း ရုပ်ဝါဒက ဆိုတယ်။ ယင်းရုပ်ဝါဒအမြင်က လူတွေဟာ သူတို့ကြီးပြင်းရာ အခြေအနေတွေကို ပြောင်းလဲဖန်တီးနိုင်ကြောင်း၊ ပျိုးထောင် လေ့ကျင့်ပေးသူကိုလဲ ပျိုးထောင် လေ့ကျင့်ပေးထားဖို့ မဖြစ်မနေ လိုအပ်ကြောင်း မေ့နေတတ်တယ်။ ဒါ့ကြောင့် ဒီအယူဝါဒအရ လူ့အဖွဲ့အစည်းကို နှစ်ပိုင်းခွဲပစ်လိုက်ရပြီး တပိုင်းက လူအများထက် ခေါင်းတလုံး ပိုမြင့်သူတွေ ဖြစ်သွားတယ်။ လူသားတွေက ဝန်းကျင် အခြေအနေကို ပြောင်းလဲဖန်တီးရင်း သူတို့ကိုယ်သူတို့လည်း ပြောင်းလဲပစ်တယ်။ ဒီလို တပြိုင်နက် ပြောင်းလဲမှုကို တော်လှန်ရေး လက်တွေ့ လုပ်ဆောင်မှု အဖြစ်သာ ရှင်းရှင်းလင်းလင်း နားလည်နိုင်တယ်။” 

ဆိုလိုတဲ့ သဘောက ရှင်းပါတယ် – 

အတွေးအခေါ်ကို တော်လှန်ပြောင်းလဲဖို့ဆိုရင် လူ့အဖွဲ့အစည်းကို တော်လှန်ပြောင်းလဲပစ်ဖို့ မဖြစ်မနေ လိုအပ်တယ်”။ 

Source: Marx’s revolution in philosophy – Reflections on the Theses on Feuerbach

မြန်မာပြန်သူ – ရှင်မင်းဟန်