ဗင်နီဇွဲလားကို နယ်ချဲ့ ဗိုလ်ကျနေတဲ့ ယူအက်(စ်)က ဗမာပြည်မှာ မင်းပြောင်းမင်းလွှဲ လုပ်ပေးမှာလား

ပြီးခဲ့တဲ့ စက်တင်ဘာလ နှောင်းပိုင်းမှာ US Department of War က စစ်ဗိုလ်ချုပ် ၈၀၀ ဝန်းကျင် တက်ရောက်တဲ့ အစည်းအဝေးတခု ပြုလုပ်ခဲ့တယ်။ ဒီအစည်းအဝေးမှာ ယူအက်(စ်) သမ္မတ ထရမ့်နဲ့ စစ်ဌာန အတွင်းရေးမှူး Pete Hegseth တို့ မိန့်ခွန်းပြောခဲ့တယ်။ စစ်ဗိုလ်ချုပ်တွေ ဒီလောက် အများကြီး ခေါ်ထားတဲ့ အစည်းအဝေးရဲ့ ရည်ရွယ်ချက် ဘာဖြစ်မလဲ။ အများပြည်သူရှေ့ ထုတ်ပြန်တဲ့ မိန့်ခွန်းတွေမှာ ရည်ရွယ်ချက် အစစ်အမှန်ကို တွေ့ရမှာ မဟုတ်ဘူး။

စစ်တပ် အရာရှိတွေ ဒီလောက် အများကြီး စုဝေးထားခြင်းရဲ့ ရည်ရွယ်ချက်ကို စေ့ငုကြည့်ရင် စစ်ပွဲအတွက် ပြင်ဆင်ခိုင်းဖို့သာ ဖြစ်နိုင်တယ်။ အမေရိကန်က ဘယ်သူ့ကို ပစ်မှတ်ထား တိုက်မှာလဲ။ အထင်ကရ ပစ်မှတ် နှစ်ခု ရှိပါတယ်။ တခုက ဗင်နီဇွဲလား၊ နောက်တခုက အီရန်။ယူအက်(စ်)က ဗင်နီဇွဲလားကို တိုက်တော့မလား။ ရုတ်တရက်ဆို အတော် ထူးဆန်းတဲ့ မေးခွန်းပဲ။ အမေရိကန်က ဗင်နီဇွဲလားကို ဘာ့ကြောင့် တိုက်ရမှာလဲ။ ဗင်နီဇွဲလားက အမေရိကန်ကို တိုက်ခိုက်နေခြင်း မရှိဘူး။ ဗင်နီဇွဲလားက ယူအက်(စ်)ကို စစ်ရေးအရ ခြိမ်းခြောက်နိုင်တဲ့ တိုင်းပြည်လဲ မဟုတ်ဘူး။

ဒါပေမယ့် အမေရိကန် မီဒီယာတွေမှာ ဗင်နီဇွဲလား ဆန့်ကျင်ရေး အသံတွေ ဆူညံပွက်လောရိုက်နေတယ်။ ဗင်နီဇွဲလား အစိုးရက drug cartel တခုပဲလို့ စွပ်စွဲကြတယ်၊ ဒါ့ကြောင့် ဗင်နီဇွဲလားက ယူအက်(စ်)အတွက် အန္တရာယ်တဲ့။ ဒီတော့ အမေရိကန်က ဗင်နီဇွဲလားကို တိုက်ခိုက်ဖို့ တာဆူနေပြီ ဆိုတဲ့ သဘော။

နျူးယော့(ခ်)တိုင်း(စ်) ဆောင်းပါးတပုဒ်က ဒီအချက်ကို ထောက်ခံထားတယ်။ ဘယ်လို ရေးထားလဲ ဆိုတော့ –
“သမ္မတ ထရမ့်က ဗင်နီဇွဲလားနဲ့ သံတမန်ရေး သဘောတူညီချက် ရရှိအောင် ကြိုးပမ်းနေတာတွေ ဖျက်သိမ်းလိုက်ပြီလို့ ယူအက်(စ်) အစိုးရ အရာရှိတွေဆီက သိရပါတယ်၊ ဒီတော့ Nicolás Maduro အစိုးရ သို့မဟုတ် မူးယစ်ဆေး မှောင်ခိုသွင်းသူတွေကို ဆန့်ကျင်တိုက်ခိုက်ဖို့ စစ်ရေး အရှိန် မြှင့်တင်လာနိုင်ချေ အတော်များသွားပြီ။”
အောက်တိုဘာ ၆ ရက်က NYT ဆောင်းပါး ကောက်နှုတ်ချက် ဖြစ်ပါတယ်။ နောက်ပိုင်း ဖြစ်ရပ်တွေက ဒီခန့်မှန်းချက်ကို သက်သေထူနေတယ်။

ကရစ်ဘီယန် ပင်လယ်အတွင်း အမေရိကန် စစ်အင်အား အကြီးအကျယ် တိုးချဲ့လာခြင်း

ထရမ့်ရဲ့ ဗင်နီဇွဲလားအပေါ် ဒီတချီ နယ်ချဲ့ ဗိုလ်ကျမှုဟာ ပြီးခဲ့တဲ့ ဩဂုတ်လ နှောင်းပိုင်းမှာ စတင်ခဲ့တယ်။ ရေတပ် သင်္ဘောတွေ၊​ ရေငုပ် သင်္ဘောတွေအပါအဝင် အရေးကြီးတဲ့ စစ်လက်နက် အမြောက်အမြား ကရစ်ဘီယန် ပင်လယ်ဘက် ရွှေ့ပြောင်းခိုင်းတဲ့ အမိန့်တွေ ဩဂုတ်လမှာ ဒေါ်နယ်ထရမ့် စထုတ်ခဲ့တယ်။ စက်တင်ဘာမှာလကျ ဖိုက်တာဂျက်တွေ၊ အခြား စစ်လေယာဉ်တွေကိုပါ Puerto Rico ကျွန်းမှာ နေရာယူထားစေခဲ့တယ်။

လောလောဆယ် ကရစ်ဘီယန် ပင်လယ်ပြင်မှာ ယူအက်(စ်) စစ်အင်အား အကြီးအကျယ် ဖြည့်တင်းထားတဲ့ အခြေအနေကို ခန့်မှန်းနိုင်အောင် နမူနာ ဆွဲထုတ်ပြပါရစေ၊ ဘာသာပြန် မပြတော့ပါဘူး။

“… at least four Arleigh Burke-class destroyers (the USS Gravely, USS Jason Dunham; USS Sampson and the USS Stockdale);
a 3-ship Amphibious Ready Group (amphibious assault ship USS Iwo Jima and the amphibious transport docks USS San Antonio and USS Fort Lauderdale);
at least one littoral combat ship (the USS Minneapolis-Saint Paul); the guided-missile cruiser USS Lake Erie; the MV Ocean Trader (described as a ‘special ops mothership’);
and the nuclear-powered fast-attack submarine, the USS Newport News.”

ဒါ အကုန် မဟုတ်သေးပါဘူး။ ယူအက်(စ်) ရေတပ်ရဲ့ အဆင့်မြင့် ဖျက်အားပြင်း လက်နက်တွေ ကရစ်ဘီယန် ရေပြင်မှာ အသင့် နေရာယူထားတဲ့ အခြေအနေကို ခန့်မှန်းနိုင်ရုံ ကောက်နှုတ် တင်ပြခြင်း ဖြစ်ပါတယ်။တကယ်တော့ နေရာယူထားရုံတင် မကပါဘူး။ အောက်တိုဘာ ၂၆၊ တနင်္ဂနွေနေ့က the USS Gravely အမည်ရ ဖျက်အားပြင်း စစ်သင်္ဘောဟာ ထရစ်နီဒက် နဲ့ တိုဘဂိုး အမြွှာကျွန်းတွေပေါ် စစ်ရေးပြခဲ့တယ်။ ဒီကျွန်းတွေနဲ့ ၇မိုင်ပဲ ဝေးတဲ့ ဗင်နီဇွဲလားကို နောက်ထပ် ရန်စ ခြိမ်းခြောက်လိုက်တာပဲ။

အခုလို စစ်အင်အား အလုံးအရင်း တိုးမချခင်က ထရမ့် အစိုးရနဲ့ မက်ဒူရို အစိုးရတို့ စေ့စပ် ညှိနှိုင်းမှုတွေ လုပ်ခဲ့ကြတယ်။ အမေရိကန်ဘက်က စပယ်ရှယ် နှစ်ထပ်ကွမ်း တပ်ထားတဲ့ စေ့စပ်ညှိနှိုင်းရေး အထူး ကိုယ်စားလှယ် အဖွဲ့ (အတိအကျ ဖော်ပြရရင် Special Presidential Envoy for Special Missions) ကို ရစ်ချတ် ဂရန်းနဲ(လ်) ဦးဆောင်ခဲ့တယ်။ ၂၀၂၅ ဖေဖော်ဝါရီလောက်မှာ နှစ်ဖက် အပေးအယူတွေ လုပ်နိုင်ခဲ့ကြတယ်။ အကျဉ်းကျနေတဲ့ ယူအက်(စ်) နိုင်ငံသားတွေကို ဗင်နီဇွဲလားက ပြန်လွှတ်ပေးပြီး ယူအက်(စ်)က ပြန်ပို့လိုက်သူတွေကို ဗင်နီဇွဲလားဘက်က လက်ခံပေးရမယ်။ ယူအက်(စ်)ဘက်က ရှက်ဗ်ရွန် ကုမ္ပဏီကို ဗင်နီဇွဲလားမှာ ရေနံနဲ့ ဓာတ်ငွေ့ ထုတ်လုပ်ခွင့် လိုင်စင် သက်တမ်းတိုးပေးခဲ့တယ်။ တခြား ရေနံနဲ့ သတ္တု ထုတ်လုပ်ရေး ကိစ္စတွေလဲ ပြောထားတာ အများကြီး ရှိသေးတယ်။

အခု ဂရန်းနဲ(လ်)ကို ဗင်နီဇွဲလား မစ်ရှင်ကနေ ဖယ်ထုတ်လိုက်ပြီး ထရမ့်က မက်ဒူရို ခေါင်းဆောင်တဲ့ မူးယစ် ကာတယ်(လ်)က ဗင်နီဇွဲလားမှာ အာဏာရနေတာလို့ ကြေညာထားသလို ဗင်နီဇွဲလား သမ္မတကို ဒေါ်လာ သန်း ၅၀ ဆုကြေးထုတ်ထားတယ်။ တချိန်တည်းမှာ မူးယစ် ကာတယ်(လ်)တွေကို ‘အကြမ်းဖက် အဖွဲ့အစည်းတွေ’ အဖြစ် သတ်မှတ်ပြီး စစ်ကြေညာထားတယ်။ ဒါ့အပြင် စီအိုင်အေကို ဗင်နီဇွဲလားမှာ လျှို့ဝှက် စစ်ဆင်ရေးတွေ လုပ်ဖို့ ခွင့်ပြုချက်ပေးထားကြောင်း အများပြည်သူရှေ့မှာ ဝန်ခံထားတယ်။

စက်တင်ဘာ ၂ ရက်ကစလို့ ယူအက်(စ်)ဘက်က သင်္ဘော ၁၅ စီးကို တိုက်ခိုက်ခဲ့တယ်။ ၁၄ စီးက စပိဘုတ်တွေ၊ ကျန်တစီးက ခဏတဖြုတ် ရေငုပ်နိုင်တဲ့ ရေငုပ် သင်္ဘောတမျိုး။ ယူအက်(စ်) ရေတပ်ရဲ့ ဒီတိုက်ခိုက်မှုတွေကြောင့် စုစုပေါင်း လူ ၆၀ သတ်ခံထားရတယ်။ ဒီသင်္ဘောတွေနဲ့ အသတ်ခံလိုက်ရတဲ့ လူတွေဟာ မူးယစ်ဆေး သယ်ဆောင်လာသူတွေ ဖြစ်ကြောင်း အမေရိကန်ဘက်က ဘာသက်သေမှ တင်ပြနိုင်ခြင်း မရှိဘူး။ တမင် ရန်စ သတ်ဖြတ်နေခြင်း သက်သက်ပဲ။ မူးယစ်ဆေးကြောင့် ဆိုတာ ဆင်ခြေသက်သက်ပဲ။

Fighting drug trafficking?

အခုလို ယူအက်(စ်) အစိုးရက ဗင်နီဇွဲလားကို ရုတ်တရက် ရန်စ တိုက်ခိုက်လာတာ ဘာ့ကြောင့်လဲ၊ သူတို့ရဲ့ အဓိက ရည်မှန်းချက်က ဘာဖြစ်မလဲ။ ထရမ့်က အမေရိကကို မူးယစ်‌ဆေး သယ်ဆောင်လာတဲ့ သင်္ဘောတွေ ရောက်မလာအောင် ဟန့်တားဖို့လို့ အကြောင်းပြတယ်။ ဗင်နီဇွဲလားကနေ အမေရိကကို တင်သွင်းလာတဲ့ မူးယစ်ဆေးတွေကြောင့် တနှစ်တနှစ်ကို လူပေါင်း သောင်းချီ သေဆုံးနေရသတဲ့။ ဒေါ်နယ်ထရမ့်ရဲ့ ဒီစွပ်စွဲချက်ဟာ ပကတိ အချက်အလက်တွေနဲ့ တခြားစီ ဖြစ်နေတယ်။

ယူအက်(စ်) အစိုးရ အဖွဲ့အစည်းတွေက ထုတ်ပြန်ထားတဲ့ အစီရင်ခံစာတွေ (ဥပမာ၊the DEA Drug   Enforcement Administration က ထုတ်ပြန်ထားတဲ့ တိုင်းပြည်အပေါ် ကျရောက်လာတဲ့ မူးယစ်ဆေး အန္တရာယ် NDTA အစီရင်ခံစာ၊ ကွန်ဂရက်က ထွက်လာတဲ့ အစီရင်ခံစာနဲ့ အခြား ပွင့်လင်းမြင်သာတဲ့ ရင်းမြစ်တွေဆီက လာတဲ့ အစီရင်ခံစာတွေ) အားလုံးက အခုလို ဖော်ပြထားတယ်။ မှောင်ခို တင်သွင်းလာတဲ့ ကိုကိန်း အများစု (၇၄%) ဟာ ပစိဖိတ် သမုဒ္ဒရာ လမ်းကြောင်းကနေ အမေရိကကို ဝင်ရောက်လာခြင်း ဖြစ်တယ်။ အဲဒီ မူးယစ်ဆေးတွေကို အခု ယူအက်(စ်) အစိုးရ ဖောက်ခွဲပစ်နေတဲ့ စပိဘုတ်လေးတွေနဲ့ သယ်နေတာ မဟုတ်ဘူး။ ကွန်တိန်နာ သင်္ဘောကြီးတွေ၊​ လေယာဉ်တွေနဲ့ သယ်ခဲ့တာ။ နောက်ထပ် ၁၆% ကို ‘Western Caribbean Vector’ လို့ခေါ်တဲ့ ကိုလမ်ဘီယာဘက်ခြမ်း ကရစ်ဘီယန် ကမ်းရိုးတန်းကနေ တင်သွင်းခဲ့ကြတယ်။ ၈%လောက်ကပဲ (ဗင်နီဇွဲလား ကမ်းရိုးတန်း) ကနေ ဖြတ်သန်း ဝင်ရောက်လာခြင်း ဖြစ်တယ်။

ဒါ့အပြင် ဗင်နီဇွဲလားက ကိုကိန်း မထုတ်ဘူး။ ကိုကိန်း အဓိက ထုတ်တာက ကိုလမ်ဘီယာ၊ အက်ကွာဒေါ၊ ပီရူးနဲ့ ဘိုလီးဗီးယား။

တရုတ်က ဖန်တနယ်(လ်)တွေ ယူအက်(စ်)ကို တင်သွင်းတဲ့အခါ ဗင်နီဇွဲလားကို အဓိက လမ်းကြောင်း ဖြစ်နေတယ်လို့ ထရမ့်က စွပ်စွဲထားတယ်။ တကယ်တော့ မက်ဆီကိုကနေ အဓိက ဝင်ရောက်နေခြင်း ဖြစ်တယ်။
ဒီတော့ ယူအက်(စ်) နယ်ချဲ့ အစိုးရက ဗင်နီဇွဲလားကို မူးယစ်ဆေး အကြောင်းပြပြီး ရန်စ တိုက်ခိုက်နေတာ ဘာ့ကြောင့်လဲ။ ဒေါ်နယ်ထရမ့် ဘာလိုချင်တာလဲ။

မကြာသေးခင်ကအထိ ဒေါ်နယ်ထရမ့် လိုချင်တာ ဗင်နီဇွဲလားက ရေနံနဲ့ သတ္တု ရင်းမြစ်တွေ ရရှိရေး ဖြစ်ဖို့များတယ်။ ဗင်နီဇွဲလားမှာ ကမ္ဘာ့ အကြီးမားဆုံး ရေနံသိုက်ကြီးတွေ ရှိတယ်။ ဗင်နီဇွဲလားက ယူအက်(စ်)နဲ့လဲ ပထဝီ အနေအထားအရ အလွန်နီးကပ်တယ်။ ဒီတော့ ဈေးချိုပြီး စိတ်ချရတဲ့ ကုန်ကြမ်း ရင်းမြစ်တခု ဖြစ်လာနိုင်တယ်။ ဒါပေမယ့် ဗင်နီဇွဲလားက ရေနံတွေ ရဖို့သက်သက်ဆို ယူအက်(စ်)အနေနဲ့ စစ်ထတိုက်စရာ မလိုဘူး။ အခုလို စစ်အင်အားပြပြီး ရန်စ ခြိမ်းခြောက်နေဖို့တောင် မလိုဘူး။ တကယ်တမ်း ဗင်နီဇွဲလားမှာ လည်ပတ်နေတဲ့ ယူအက်(စ်) ကုမ္ပဏီတွေကို ယူအက်(စ်) အစိုးရကပဲ ပိတ်ပင်တားမြစ်ထားတာ၊ ခြွင်းချက်အနေနဲ့ ရှက်ဗ်ရွန်ကို လုပ်ငန်း လိုင်စင် ထုတ်ပေးထားတာ ရှိမယ်။


New York Times ဆောင်းပါး တပုဒ်က အခုလို ဆိုတယ်  –
“ယူအက် အစိုးရ ထိပ်ပိုင်း အရာရှိတဦးနဲ့ မစ္စတာ မက်ဒူရိုရဲ့ လက်ထောက်တို့ကြား ဆွေးနွေးခဲ့တဲ့ သဘောတူညီမှုမှာ ဗင်နီဇွဲလား အာဏာရှင်က လက်ရှိ လည်ပတ်နေတဲ့ ရေနံနဲ့ ရွှေ ထုတ်လုပ်ရေး ပရောဂျက်တွေအပြင် လာမယ့် ပရောဂျက် အားလုံးမှာလဲ အမေရိကန် ကုမ္ပဏီတွေကို တံခါးဖွင့် ကြိုဆိုမယ်၊ အမေရိကန် လုပ်ငန်းတွေကို ဦးစားပေး ကန်ထရိုက်တွေ ချပေးမယ်၊ တရုတ်ဆီ တင်ပို့နေတဲ့ ဗင်နီဇွဲလား ရေနံတွေကို အမေရိကကိုပဲ တင်ပို့မယ်၊​ ဒါ့အပြင် တရုတ်၊​ ရုရှား၊ အီရန် ကုမ္ပဏီတွေနဲ့ ချုပ်ဆိုထားတဲ့ စွမ်းအင်နဲ့ တူးဖော်ရေး ကန်ထရိုက်တွေကို သိသိသာသာ လျှော့ချပစ်မယ်လို့ ကမ်းလှမ်းခဲ့တယ်”။

ဗင်နီဇွဲလား အစိုးရဘက်က ဒီအစီရင်ခံစာကို ငြင်းပေမယ့် ဗင်နီဇွဲလားမှာ ယူအက်(စ်) ကုမ္ပဏီတွေ လည်ပတ်ခွင့်ကို ပိတ်ထားတာကတော့ ယူအက်(စ်) အစိုးရကိုယ်တိုင်ပဲ၊​ ဒီအချက်ကို ငြင်းလို့ မရဘူး။ ဒီတော့ ဗင်နီဇွဲလားက ရေနံနဲ့ တခြား ကုန်ကြမ်းရင်းမြစ်တွေ ရရှိရေးသက်သက်ဆို ယူအက်(စ်)ဘက်က ချထားတဲ့ ဆန့်ရှင်တွေ ပြန်ရုတ်သိမ်းလိုက်ရုံပဲ။

မက်ဒူရို အစိုးရကလဲ ယူအက်(စ်) နယ်ချဲ့ဘက်က တောင်းသမျှ အကုန် လိုက်လျောထားပြီးသား။ မက်ဒူရို မလိုက်လျောနိုင်တဲ့ တောင်းဆိုချက်ဆိုလို့ တခုပဲ ကျန်တယ်။ အဲဒါကတော့ ယူအက်(စ်) အစိုးရက မက်ဒူရိုကို ဖယ်ရှားပြီး ဗင်နီဇွဲလားမှာ မင်းပြောင်းမင်းလွှဲ လုပ်ချင်တာပဲ။ ထရမ့်ရဲ့ စစ်ရေး အရှိန်မြှင့်တင်မှုရဲ့ အဓိက ရည်ရွယ်ချက်ကလဲ ဒါပဲ။

၂၀၂၅ နှစ်အစပိုင်းတုန်းက ထရမ့်ဟာ မက်ဒူရိုနဲ့ စေ့စပ်ပြီး အပေးအယူလုပ်တဲ့ လမ်းကြောင်းကို သွားချင်ခဲ့ပုံရတယ်။ ဒေါ်နယ်ထရမ့် ပထမ သက်တမ်းမှာ ဗင်နီဇွဲလား အစိုးရကို အာဏာသိမ်းတဲ့ နည်းနဲ့ ဖယ်ရှားပစ်ဖို့ ကြိုးပမ်းခဲ့ပြီးပြီ။ အဲဒီ ကြိုးပမ်းမှုကို ဝိုင်းတွန်းခဲ့သူတွေထဲ John Bolton နဲ့ Mike Pompeo တို့လို ထစ်ခနဲရှိ စစ်ထတိုက်ချင်သူတွေ၊ Elliot Abrams လို စစ်အေးခေတ် လက်ကျန် တိုက်ခိုက်ရေးသမားတွေ ပါခဲ့တယ်။ ဒါပေမယ့် သူတို့ရဲ့ အာဏာသိမ်း အကြံအစည်ဟာ ရှက်ဖွယ်လိလိ အရေးနိမ့်ခဲ့ရတယ်။ ဒေါ်နယ်ထရမ့် က ဒီလို နှာခေါင်းကျည်ပွေ့ တွေ့ခဲ့ဖူးလို့ အပေးအယူ လုပ်တဲ့နည်းကို အရင် စမ်းကြည့်ခဲ့တာပဲ။

Pushing for regime change in Venezuela

ဒေါ်နယ်ထရမ့် အစီအစဉ်က ဘာ့ကြောင့် တဆစ်ချိုး ပြောင်းသွားတာလဲ။ ဗင်နီဇွဲလားကို နယ်ချဲ့ ဗိုလ်ကျတဲ့ စစ်ရေး အရှိန်မြှင့်တင်မှု လုပ်ရတဲ့ လတ်တလော အကြောင်းတရားတွေ ဒေါ်နယ်ထရမ့်မှာ အမျိုးမျိုး ရှိနိုင်တယ်။ ဥပမာ၊ ဗင်နီဇွဲလားက ရေနံတွင်းတွေကို လက်ဝါးကြီးအုပ် မောင်ပိုင်စီးထားချင်တာ၊ ကွန်ဂရက်ထဲက “three crazy Cubans” လို့ နာမည်ရတဲ့ ရီပတ်ဘလစ်ကန် အမတ် သုံးယောက် (Díaz-Balart, María Elvira Salazar, and Carlos Giménez) ရဲ့ ထောက်ခံမဲကို လိုချင်တာ။ ဒီအမတ် သုံးယောက်လုံးက ဖလော်ရီဒါက။ အရေးကြီးတဲ့ မဲသုံးမဲကို ကိုင်ထားတယ်။

ဒါ့အပြင် ယူအက်စ် ပြည်တွင်းမှာ ထရမ့်ရဲ့ popularity ကျဆင်းလာပြီ။ အထူးသဖြင့် မိုင်ယာမီက လက်တင် အမေရိကန်တွေ၊ စပန်းနစ်ရှ် အသိုင်းအဝိုင်းတွေကြားမှာ ထောက်ခံမှု ကျဆင်းနေပြီ။ ဒီလို အခြေအနေမှာ ဗင်နီဇွဲလားကို အချိန်တိုတိုနဲ့ အပြတ်နွှာပြလိုက်ရင် ထရမ့်အဖို့ popularity ပြန်တက်လာမှာပဲလို့ တွက်ဆထားပုံရတယ်။ ဒါတွေက လတ်တလော အကြောင်းတွေ ဖြစ်လိမ့်မယ်။ ဒီနေရာမှာ အကျယ်ချဲ့ ဆွေးနွေးတော့ပါဘူး။

သေချာတာကတော့ အခုလို စစ်ရေး အရှိန်တင်ပြီး ဗိုလ်ကျတဲ့ လုပ်ရပ်ဟာ ယူအက်(စ်) နိုင်ငံခြားရေး ပေါ်လစီမှာ တွေ့ရတဲ့ wider trend ရဲ့ အစိတ်အပိုင်း တခုပဲ။
အဲဒီ wider trend က ဘာလဲ။ ယူအက်(စ်) အရင်းရှင် နယ်ချဲ့ တဗိုလ်တည်း ကြီးစိုးရမယ်လို့ သူတို့ ယူဆထားတဲ့ အမေရိကတိုက်ကြီးကို တရုတ်က တစတစ ထိုးဖောက် နေရာယူထားတယ်။ အမေရိက တိုက်မှာ ယူအက်(စ်) အရင်းရှင် နယ်ချဲ့စနစ်ရဲ့ အနေအထားကို ခိုင်မာအားကောင်းအောင် လုပ်ဖို့ ယူအက်(စ်)အတွက် နေရှင်နယ် မဟာဗျူဟာ အကျိုးစီးပွား မရှိဘူးလို့ ယူဆထားတဲ့ ပဋိပက္ခတွေကနေ ပြန်ဆုတ်တဲ့ ပေါ်လစီကို ဒေါ်နယ်ထရမ့် ကျင့်သုံးနေတယ်။

US imperialism wants to take back control of its backyard

ဗင်နီဇွဲလားအပေါ် နယ်ချဲ့ ဗိုလ်ကျတဲ့ လုပ်ရပ်ကို ဝါရှင်တန်ရဲ့ တခြား ဆုံးဖြတ်ချက်တွေနဲ့ ဆက်စပ်ကြည့်ဖို့ လိုအပ်တယ်။

ယူအက်(စ်)က တရုတ် BRI မှာ ပါဝင်နေလို့ ပနားမားကို အနိုင်ကျင့်ခဲ့တယ်၊ ယူအက်(စ်) စစ်တပ်ကို ပနားမားမြေပေါ် ခြေချခွင့်ပေးခိုင်းတယ်၊ ဟောင်ကောင် အခြေစိုက် (CK Hutchison) ကုမ္ပဏီကို ပနားမား တူးမြောင်း တဖက်တချက်စီက ဆိပ်ကမ်း နှစ်ခုလုံး ရောင်းခိုင်းခဲ့တယ်။ ဒီအငြင်းပွားမှုကတော့ အခုထိ အဆုံး မသတ်သေးပါဘူး။

ဩဂုတ်လမှာ ထရမ့်က ဘရာဇီးလ်ကို သွင်းကုန် စည်းကြပ်ခွန် ၅၀% စတင် သတ်မှတ်ခဲ့တယ်၊ ဘရာဇီးလ် ထိပ်သီး အရာရှိတွေကို ဒဏ်ခတ်အရေးယူဖို့ Magnitsky Act ကို ထုတ်သုံးခဲ့တယ်။ ဘော်ဆိုညာရို တရားခွင်ကြောင့် ဒီလို အရေးယူရတာပါလို့ အကြောင်းပြတယ်၊ ဒါပေမယ့် ဒီအရေးယူမှုတွေရဲ့ နောက်ကွယ်မှာ ယူအက်(စ်) မီဒီယာ multinational တွေရဲ့ အကျိုးစီးပွားကို ကာကွယ်ပေးဖို့ ဖြစ်သလို BRICS မှာ ပါဝင်နေပြီး တရုတ်နဲ့ နီးစပ်တဲ့ ဘရာဇီးလ်ကို အပြစ်ပေးဖို့လဲ ဖြစ်တယ်။

မကြာသေးခင်ကပဲ ကိုလမ်ဘီယာ သမ္မတ ပီထရိုကို ထရမ့်က ရန်စတိုက်ခိုက်ခဲ့သေးတယ်။ ပီထရိုကို “တရားမဝင် မူးယစ်ဆေး ရောင်းဝယ်သူ” လို့ ပြောဆိုခဲ့တယ်။ ထရမ့်က ပီထရိုရဲ့ ယူအက်(စ်) ဗီဇာကို ရုတ်သိမ်းပြီး ပီထရိုနဲ့ သူ့မိသားစုကို ဒဏ်ခတ်ပိတ်ဆို့လိုက်တယ်။ ဒါ့အပြင် ကိုလမ်ဘီယာကို ပေးထားတဲ့ ယူအက်(စ်) အကူအညီတွေ အားလုံး ဖြတ်တောက်လိုက်တယ်။ သွင်းကုန် စည်းကြပ်ခွန်နဲ့ ခြိမ်းခြောက်ထားသေးတယ်။

တချိန်တည်းမှာပဲ အာဂျင်တီးနားက Milei ကို ထရမ့်က အကူအညီတွေ အမြောက်အမြား ပေးခဲ့တယ်။ Milei ကို ဒေါ်လာ ဘီလျံ ၂၀ သီးသန့် ထုတ်ချေးသလို အာဂျင်တီးနား ငွေကြေးကို ခိုင်မာလာအောင် ပီဆိုတွေ ဒေါ်လာ သန်း ၄၀၀ ဖိုး ဝယ်ခဲ့တယ်။ ဒီလို အကူအညီပေးတဲ့အတွက် ယူအက်(စ်)က ဘာပြန်တောင်းသလဲ။ ယူအက်(စ်) ငွေတိုက် အတွင်းရေးမှူး Scott Bessent ကတော့ “အာဂျင်တီးနားကနေ တရုတ် ထွက်သွားရေး” ကို ယူအက်(စ်)ဘက်က ဆုံးဖြတ်ထားပြီး ဖြစ်ကြောင်း ပြောသွားတယ်။ တခြား အရာရှိတွေကတော့ သတ္တုနဲ့ အခြေခံ အဆောက်အဦ ကန်ထရိုက်တွေမှာ ယူအက်(စ်)ကို ဦးစားပေးသင့်ကြောင်း ထုတ်ပြောထားတာ ရှိသလို Patagonia ဒေသက တရုတ် အာကာသ လေ့လာရေး စခန်းဟာ စစ်ဘက် အသုံး ဖြစ်လာနိုင်ကြောင်း စောဒကတက်ကြတာလဲ ရှိတယ်။

‘အမေရိကတိုက်ဟာ အမေရိကန်တွေ အတွက်ပဲ ဖြစ်ရမယ်’ ဆိုတဲ့ အဆိုအမိန့်ဟာ ၁၈၂၃ က Monroe Doctrine ကို အနှစ်ချုပ် ဖော်ပြပေးတယ်။ အခု အမေရိကတိုက်နဲ့ ပတ်သက်လို့ ဒေါ်နယ်ထရမ့်ရဲ့ ခြေလှမ်းတွေဟာ မွန်ရိုး သဘောတရားကို ထင်ဟပ်နေတယ်၊ ဒီအချက်ကို ရည်ညွှန်းပြီး ‘Donroe Doctrine’ လို့တောင် တချို့က ကင်ပွန်းတပ်လာကြတယ်။ ၁၉ ရာစုခေတ် ယူအက်(စ်)ရဲ့ အနေအထားက အင်အားကြီး ဥရောပ နယ်ချဲ့ ပါဝါတွေ အမေရိတိုက်ကို မင်းမူခြယ်လှယ်ခြင်း မရှိအောင် ကြိုးစားကာကွယ်ရတဲ့ အခြေအနေ။ ဒီနောက် နှစ်ဆယ်ရာစု ဝင်ရောက်လာချိန်မှာ မွန်ရိုး သဘောတရားကို Roosevelt Corollary (1904-05) နဲ့ ထပ်လောင်း အားဖြည့်ခဲ့တယ်။ သဘောက အဲဒီကာလမှာ တက်သစ်စ အရင်းရှင် နယ်ချဲ့ ပါဝါ ဖြစ်လာတဲ့ ယူအက်(စ်)က အနောက်ဖက်ခြမ်း ဒေသကြီး (Western Hemisphere) တခုလုံးကို အုပ်ချုပ်ပိုင်ခွင့် ရှိကြောင်း ပိုင်စိုးပိုင်နင်း ကြေညာလိုက်တာပဲ –

“ပြစ်မှုတွေ တောက်လျှောက် ကျူးလွန်နေတာ ဒါမှမဟုတ် ထိထိရောက်ရောက် စွမ်းဆောင်နိုင်ခြင်း မရှိတာတွေကြောင့် ယဉ်ကျေးမှု မြင့်မားတဲ့ လူ့အဖွဲ့အစည်းတခုရဲ့ စည်းနှောင်မှုတွေ အဖက်ဖက်က ယိုယွင်းလာပြီဆိုရင် အခြား ဒေသတွေမှာလိုပဲ အမေရိကတိုက်မှာလဲ ယဉ်ကျေးမှု မြင့်မားတဲ့ တိုင်းပြည်တခုခုက အဆုံးသတ် ကြားဝင်စွက်ဖက်ရတာမျိုး လိုအပ်လာနိုင်တယ်။ အနောက်ဖက်ခြမ်း ဒေသကြီးမှာ ပြစ်မှုတွေ ပြောင်ပြောင်တင်းတင်း ကျူးလွန်နေရင် ဒါမှမဟုတ် ဘာမှ ထိထိရောက်ရောက် မစွမ်းဆောင်နိုင်ဘူး ဆိုရင် မွန်ရိုး သဘောတရားကို လိုက်နာကျင့်သုံးတဲ့ ယူအက်(စ်)အနေနဲ့ ဘယ်လောက်ပင် ဝန်လေးသော်ငြား အပြည်ပြည်ဆိုင်ရာ ပုလိပ် ပါဝါကို မလွှဲမရှောင်သာ ကျင့်သုံးရမှာပဲ”။

ဒီနေရာမှာ “ဘယ်လောက်ပင် ဝန်လေးသော်ငြား” ဆိုတဲ့ စကားရပ်က အရှက်ပြေ သဖန်းရွက် ဖုံးပေးရုံသက်သက်ပဲ၊ “ယဉ်ကျေးမှု မြင့်မားတဲ့ လူ့အဖွဲ့အစည်း” ဆိုတဲ့ အသုံးကလဲ ယူအက်(စ်) နယ်ချဲ့ အရင်းရဲ့ ဝတ်လစ်စလစ် အကျိုးစီးပွားကို ဖုံးအုပ်ထားချင်လို့ပဲ။ ယူအက်(စ်) နယ်ချဲ့က အမေရိက တိုက်ကြီးကို သူ့အိမ်နောက်ဖေးက မြေကွက်လပ်လို သဘောထားတယ်။ ဒါ့အပြင် ကုန်ကြမ်း ရင်းမြစ်၊​ ရင်းနှီးမြှုပ်နှံစရာ လုပ်ကွက်အဖြစ် သဘောထားပြီး သူ့လက်ခုပ်ထဲက ဈေးကွက်လို့ မြင်ထားတယ်။ ယူအက်(စ်) နယ်ချဲ့စနစ်က “အပြော ညင်သာပြီး ဒုတ်ကြီးကြီးနဲ့ ဆော်ပေးရမယ်” ဆိုတဲ့ ရုစ်ဗဲ့ရဲ့ အယူအဆကို တိုးချဲ့ထားတဲ့ ပေါ်လစီကို ကျင့်သုံးခဲ့တယ်။ ကျူးဘား၊​ နစ်ကရားဂွါ၊ ဒိုမီနီကန် ရီပတ်ဘလစ်၊​ ဟေတီနဲ့ အခြား နိုင်ငံပေါင်း များစွာကို စစ်အင်အားသုံးပြီး တိုက်ရိုက် ဝင်ခြယ်လှယ်တိုင်း တရားထူထောင်ပြဖို့ အဲဒီ ပေါ်လစီကို အသုံးပြုခဲ့တယ်။

ဒီကနေ့ ထရမ့် လုပ်ရပ်တွေက အဲဒီ ပေါ်လစီကို ချွတ်စွပ်နီးပါး လိုက်တုထားတာပဲ။ အခုတချီလဲ အမေရိက တိုက်ကြီးဟာ ယူအက်(စ်)ရဲ့ နောက်ဖေး ခြံကွက်လပ် ဖြစ်သွားပြန်ပြီ။ ဒီကနေ့ အမေရိကတိုက်က နိုင်ငံ အများစုမှာ တရုတ် နယ်ချဲ့ ပါဝါရဲ့ ဩဇာ ကြီးကြီးမားမား ရှိလာပြီ။ အတိုင်းအတာတခုထိ ရုရှား ဩဇာလဲ သက်ရောက်မှု ရှိလာတယ်။ အမေရိကတိုက်အတွင်း ယူအက်(စ်) တဗိုလ်တည်း အုပ်စိုးပိုင်ခွင့်ကို ထိပါးလာတဲ့ နယ်ချဲ့ ပါဝါ အားလုံးကို အကြမ်းဖက် ဖယ်ရှားပစ်မှာပဲ ဆိုတဲ့ သဘောထားကို မြင်တွေ့လာရတယ်။

၂၀၀၀ ပြည့်နှစ်တွေကစပြီး လက်တင် အမေရိကနဲ့ ကရစ်ဘီယန် တိုင်းပြည်တွေမှာ တရုတ်ရဲ့ ပါဝင်မှု ကျယ်ပြန့်လာခဲ့တယ်။ အဲဒီ ဒေသရဲ့ စွမ်းအင်၊ အခြေခံ အဆောက်အဦနဲ့ အာကာသ ကဏ္ဍတွေမှာ တရုတ် အစိုးရပိုင် လုပ်ငန်းစုတွေက အဓိက ရင်းနှီးမြှုပ်နှံသူတွေ ဖြစ်လာတယ်။ တရုတ်နဲ့ လက်တင် အမေရိက၊ ကရစ်ဘီယန် နိုင်ငံတွေကြား ကုန်သွယ်ရေးဟာ ၂၀၀၀ ခုနှစ်မှာ ဒေါ်လာ ၁၂ ဘီလျံ ဝန်းကျင်ပဲ ရှိခဲ့တယ်၊​ ၂၀၂၄ မှာ ဒေါ်လာ ၅၀၀ ဘီလျံကျော်အထိ မြင့်တက်သွားပြီ။ အခုဆိုရင် တရုတ်ဟာ တောင်အမေရိကရဲ့ နံပါတ်တစ် ကုန်သွယ်ဖက် ဖြစ်သလို လက်တင် အမေရိကနဲ့ ကရစ်ဘီယန် ဒေသကြီးတခုလုံးရဲ့ ဒုတိယ ကုန်သွယ်ဖက် ဖြစ်လာပြီ၊ သူ့ရှေ့မှာ ယူအက်(စ်)ပဲ ကျန်တော့တယ်။

ဒါတွေ အားလုံးကို ယူအက်(စ်)က ဒေသတွင်း သူ့အနေအထားကို ခြိမ်းခြောက်လာတာပဲလို့ သဘောထားတယ်။ သူ့အနီးအနားက ဒေသကြီး တခုလုံးမှာ သူတကောင်တည်း မောင်ပိုင်စီးထားချင်တဲ့ ကုန်ကြမ်း ရင်းမြစ်တွေ၊​ စွမ်းအင် ရင်းမြစ်တွေ၊​ ရင်းနှီးမြှုပ်နှံစရာ အကွက်အကွင်းတွေ၊​ ဈေးကွက်တွေကို လာထိပါးတာပဲလို့ သတ်မှတ်တယ်။ ဒီအခြေအနေကို ပြောင်းပြန်လှန်ပစ်ဖို့ ယူအက်(စ်)က သူ့ရှိတဲ့ အင်အား အကုန်ထုတ်သုံးဖို့ ဆုံးဖြတ်ထားတယ်။ သူ့အပိုင်စား နယ်လို့ သတ်မှတ်ထားတဲ့ ဒီဒေသကြီးကို အရင်လို တဗိုလ်တည်း ကြီးစိုးနိုင်အောင် ယူအက်(စ်)​ နယ်ချဲ့က လုံးပမ်းနေတယ်။ လွယ်တဲ့ ကိစ္စတော့ မဟုတ်ဘူး။ ယူအက်(စ်)ဟာ အရင်တုန်းက ယူအက်(စ်) မဟုတ်တော့ဘူး၊​ relative decline ဖြစ်နေတဲ့ ယူအက်(စ်)၊ decline ဟာ အရှိန်နဲ့ ဆင်းနေပြီ။

Communists say: Hands off Venezuela – Hands off Colombia!

ယူအက်(စ်) နယ်ချဲ့က ကရစ်ဘီယန် ပင်လယ်ပြင်မှာ စစ်အင်အား အလုံးအရင်း တိုးချပြီး ဗင်နီဇွဲလားကို ဗိုလ်ကျ အနိုင်ကျင့်နေတာဟာ အခု တင်ပြခဲ့တဲ့ ‘re-hemispherisation’ ဖြစ်စဉ်ရဲ့ အစိတ်အပိုင်းဘဲ။ ထရမ့် အစိုးရ (အနည်းဆုံးတော့ ထရမ့် အစိုးရ အစိတ်အပိုင်း တခု) က ဗင်နီဇွဲလားမှာ မင်းပြောင်းမင်းလွှဲလုပ်ဖို့ ကြိုးစားနေတာ ထင်ရှားတယ်။ ဒါနဲ့တင် ရပ်သွားမှာ မဟုတ်ဘူး၊​ နောက်ထပ် စစ်ရေး ကျူးကျော် ရန်စမှုတွေ ဆက်လုပ်ဖို့ လေ့ကျင့်ရေး ကွင်းဆင်းသလို သဘောထားနေကြတယ်။


တော်လှန်ရေးသမား ကွန်မြူနစ်တွေရဲ့ ရပ်တည်ချက်က ရှင်းပါတယ်။ ‘‘ဗင်နီဇွဲလားကို မထိနဲ့၊ ကိုလမ်ဘီယာကို မထိနဲ့’ ။ We say Hands off Venezuela – Hands off Colombia!


ဒါဟာ နယ်ချဲ့ ကျူးကျော် ရန်စခြင်းကို ဆန့်ကျင်သော အဖိနှိပ်ခံ၊​ အုပ်စိုးခံ တိုင်းပြည်တွေကို ထောက်ခံ အားပေးတဲ့ မူခိုင်မာတဲ့ ရပ်တည်ချက် ဖြစ်တယ်။ အဲဒီ တိုင်းပြည်တွေက အာဏာရ အစိုးရတွေကို ထောက်ခံတာ မဟုတ်ဘူး။

ယူအက်(စ်)က ဗမာပြည်မှာ မင်းပြောင်းမင်းလွှဲ လုပ်ပေးမလား


ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၂ ရက်နေ့မှာ U.S. Attorney Jeanine Ferris Pirro က ပထမဆုံး Scam Center Strike Force ဖွဲ့စည်းထားကြောင်း ကြေညာခဲ့တယ်။ ဒီကြေညာချက်ကို ပြည်တွင်း ပြည်ပက လစ်ဘရယ်တွေ ဝမ်းသာအားရနဲ့ ကြိုဆိုခဲ့ကြတယ်။ ကြိုဆိုရုံမက ဗမာပြည် စစ်အစိုးရကို ယူအက်(စ်) ကပဲ မင်းပြောင်းမင်းလွှဲ လုပ်ပေးတော့မယောင် အာဘော်တွေ ဖန်တီးခဲ့ကြတယ်။ ဧရာဝတီ၊ ဒီဗွီဘီ သတင်းဌာနတို့မှာ ဒီလို သုံးသပ်ချက်တွေ မမြင်ချင်အဆုံး ဖော်ပြခဲ့ကြတယ်။

Asia Times စာစောင်မှာ အမေရိကရောက် မြန်မာ လစ်ဘရယ်တဦးက US won’t win the scam war unless Myanmar’s junta is broken  ခေါင်းစဉ်နဲ့ ဆောင်းပါး တပုဒ် ရေးထားတယ်။ ဆောင်းပါး အာဘော်ကို အနှစ်ချုပ်လိုက်ရင် ဗင်နီဇွဲလားကို မူးယစ်ဆေး အကြောင်းပြပြီး ယူအက်(စ်) အစိုးရက ဗိုလ်ကျ ခြိမ်းခြောက်နေတာ ထောက်ခံတယ်၊ ထောက်ခံရုံမက မင်းပြောင်းမင်းလွှဲ လုပ်တာကို အားပေးတယ်၊​ ဗင်နီဇွဲလားမှာလိုပဲ ဗမာမှာလဲ ကျားဖြန့် အကြောင်းပြပြီး ယူအက်(စ်)က မင်းပြောင်းမင်းလွှဲ လုပ်ပေးဖို့ ဗြောင်ကျကျ ဖိတ်ခေါ်ထားတယ်။

ဆောင်းပါး ခေါင်းစဉ်မှာတင် ဒီသဘောထားကို မြင်ရလိမ့်မယ်။ ပိုပြီး သေချာသွားအောင် အခုလို ဖြည့်စွက်ထားသေးရဲ့။ မူရင်းအတိုင်း ဖော်ပြပေးပါမယ်

“If Washington weighs Venezuela regime change over drugs, the same logic could apply to Myanmar’s military-abetted scam hubs” (Asia Times article by Than N Oo. November 20, 2025)
အဲဒီဆောင်းပါးမှာပဲ –

“Hence, it can be argued that the regime-change option, currently under consideration in Venezuela, should also be on the table if Washington hopes to dismantle the scam centers once and for all.”

“ဒါ့ကြောင့် ဝါရှင်တန်ကသာ ကျားဖြန့် စင်တာတွေကို အပြီးတိုင် ဖျက်သိမ်းပစ်ချင်တယ် ဆိုရင် ဗင်နီဇွဲလားမှာ အကောင်အထည်ဖော်ဖို့ စဉ်းစားနေတဲ့ မင်းပြောင်းမင်းလွှဲ လမ်းကြောင်းမျိုး ဗမာပြည်အတွက်လဲ ရွေးသင့်တယ်လို့ ငြင်းချက်ထုတ်နိုင်ပါတယ်။”

ဒီနောက် ဆက်ပြောထားတာတွေကို လိုရင်း ချုပ်လိုက်ရင် ယူအက်(စ်)က ဗမာပြည်မှာ စစ်အစိုးရကို ဖြတ်ချပေး၊ ပြီးရင် အန်ယူဂျီ၊​ ပီဒီအက်(ဖ်)နဲ့ အီးအာအိုတို့ ဦးဆောင်တဲ့ လစ်ဘရယ် အစိုးရ တရပ် ဖန်တီးပေး ဆိုတဲ့ အဓိပ္ပါယ်ပါပဲ။ အဲဒါ လစ်ဘရယ် မျှော်ရည်တဲ့ တော်လှန်ရေး ဆိုတာပါပဲ။ ဒီနေရာမှာ ERO တို့ ဘာတို့ ထည့်ပြောရတာက လောလောဆယ် အာဏာမရသေးလို့ပါ၊ လိုရင်း တည့်တည့်ပြောရရင် လူကြားမကောင်းလို့။ သူတို့ လိုချင်တာက စစ်အစိုးရကို ကျုပ်တို့တော့ ဖြုတ်မချနိုင်ဘူး၊ ခင်ဗျားတို့က ဖြုတ်ချပေး၊ ခင်ဗျားတို့ အကျိုးစီးပွား ကာကွယ်ပေးမယ့် ကျုပ်တို့ လစ်ဘရယ် ဘူဇွာ အန်ယူဂျီ အုပ်စုက အစိုးရ တက်လုပ်မယ်၊ ဒါပဲ။

ဒီလို နယ်ချဲ့ အလိုတော်ရိ အာဘော်ကို ဘာသာပြန် ဖော်ပြပေးတာ ကျနော် တွေ့ရသလောက် မီဒီယာ နှစ်ခု ရှိပါတယ်။ နှစ်ခုလုံးက တော်လှန်ရေး ဘက်တော်သားလိုလို ဟန်လုပ်နေတဲ့ မီဒီယာတွေ။ ဧရာဝတီ သတင်း မီဒီယာနဲ့ DMG မီဒီယာတို့ပဲ။ သာမန် လူထုအတွက် မှန်ကန်တဲ့ တော်လှန်ရေး အမြင်တွေ ဖော်ထုတ်ပေးဖို့ နေနေသာသာ အရင်းရှင် နယ်ချဲ့ကို ကယ်တင်ရှင် ထင်စေတဲ့ illusion တွေပဲ တွင်တွင်ဖြန့်နေကြတယ်။

ယူအက်(စ်)က အခုဖွဲ့လိုက်တာ task force မဟုတ်ဘူး၊​ strike force ဖြစ်တယ်၊​ ဒါ့ကြောင့် တကယ် ဝင်ဆော်တော့မှာ၊​ အခုတောင် FBI က ထိုင်းရောက်နေပြီ၊ ဘာညာ စိတ်ကူးယဉ်လို့ ကောင်းနေတုန်း။ ဒီအချိန်မှာ ယူအက်(စ်) အစိုးရက မြန်မာပြည်မှာ တည်ငြိမ်မှု ရှိလာပြီ၊​ လွတ်လပ်ပြီး မျှတတဲ့ ရွေးကောက်ပွဲလဲ ကျင်းပတော့မယ်၊ ဒါ့ကြောင့် TPS ကို ရုတ်သိမ်းလိုက်ပြီ၊​ အမေရိကန်ရောက် မြန်မာတွေ ကိုယ့်အိမ်ကိုယ် ပြန်နေလို့ ရတဲ့ အခြေအနေ ရောက်ပြီလို့ ထကြေညာလိုက်ပါရောလား။

ယူအက်(စ်) အရင်းရှင်နယ်ချဲ့ရဲ့ သရုပ်မှန်ကို တကယ် နားလည်ရင် အခုလို ထင်ယောင်မှားမှုတွေ အစကတည်းက ဖြစ်ခဲ့မှာ မဟုတ်ဘူး။ အခုတော့ ကျောရိုးမဲ့တဲ့ လစ်ဘရယ်တွေဟာ အလုပ်သမား လူတန်းစား ဦးဆောင်တဲ့ လူတန်းစား တိုက်ပွဲကို အယုံအကြည် မရှိသလို တော်လှန်ရေးကိုလဲ​ အယုံအကြည် မရှိဘူး။ တော်လှန်ရေးကို ဦးဆောင်နိုင်ဖို့ ဆိုတာ အဝေးကြီး။ အဲဒါကြောင့်လဲ မျှော်လင့်ချက် အမှားတွေ ပေးပြီး သူတို့ နေရာ တည်မြဲအောင် အလိမ်အညာတွေနဲ့ ကြိုးပမ်းနေရတာဘဲ။

တကယ်တော့ ဗင်နီဇွဲလားနဲ့ ဗမာပြည်ဟာ ယူအက်(စ်) အရင်းရှင်နယ်ချဲ့အတွက် အကျိုးစီးပွားချင်း မတူဘူး။ ဗင်နီဇွဲလားကို ယူအက်(စ်)က အနိုင်ကျင့် ဗိုလ်ကျနေရတဲ့ အကြောင်းရင်းကို အထက်မှာ တင်ပြခဲ့ပြီးပြီ။ ဒီနေရာမှာ နှစ်ခါထပ် မပြောတော့ပါ။ ဗင်နီဇွဲလားက ယူအက်(စ်)ရဲ့ နောက်ဖေး ခြံကွက်လပ် ဖြစ်ပေမယ့် ဗမာပြည်က အဲသလို မဟုတ်ဘူး၊ အဲဒါနဲ့ ပြောင်းပြန်။ ဗမာပြည်က တရုတ် အရင်းရှင်နယ်ချဲ့ရဲ့ နောက်ဖေး ခြံကွက်လပ် ဖြစ်နေတာ။ အဲဒီလို နိုင်ငံက ကျားဖြန့်အရေးအတွက် ယူအက်(စ်) နယ်ချဲ့က စစ်မတိုက်ဘူး။ အထူးသဖြင့် ယူအက်(စ်) နယ်ချဲ့ ပါဝါရဲ့ relative decline ကို အသိအမှတ် ပြုထားတဲ့ ထရမ့် အစိုးရက သူ့အနီးအနား hemisphere ကိုပဲ ခြေကုပ်ခိုင်အောင် ဦးစားပေး လုပ်နေတယ်။ ဒါ့ကြောင့် သူ့အတွက် အကျိုးမရှိတဲ့ ယူကရိန်း စစ်ပွဲတို့၊ ဂါဇာ စစ်ပွဲတို့ကနေ ပြန်ဆုတ်နေတာ။

တရုတ်ရဲ့ နောက်ဖေးခြံကွက်လပ် ဖြစ်နေတဲ့ ဗမာပြည်မှာ ယူအက်(စ်)က ဝင်ပါဖို့ဆိုတာ အဝေးကြီး။ အဲသလို ယူအက်(စ်)က ကြားဝင်စွက်ဖက်လိမ့်မယ်လို့ စိတ်ကူးယဉ်နေတာ အနောက်မျှော်တဲ့ လစ်ဘရယ် အုပ်စုနဲ့ conspiracy theory ကို အဟုတ်ထင်နေတဲ့ မော်ဝါဒီအုပ်စု တချို့ပဲ ရှိနိုင်တယ်။ နှစ်အုပ်စုလုံးကတော့ ဒီကနေ့ ကမ္ဘာ့ အရင်းရှင်စနစ် အကျပ်အတည်းနဲ့ နယ်ချဲ့ ပါဝါတွေကြားက ချိန်ခွင်လျှာ အပြောင်းအလဲကို နားမလည်ဘူး။

ယူအက်(စ်) အစိုးရ ကြိုးကိုင်ခဲ့တဲ့ ကမ္ဘာပေါ်က စစ်အာဏာသိမ်းပွဲတွေ၊ မင်းပြောင်းမင်းလွှဲတွေ အများကြီး ရှိပါတယ်။ ဘယ်မှာမှ ဒီမိုကရေစီနဲ့ လူထု လွတ်မြောက်ရေးအတွက် လုပ်ခဲ့တာ မရှိပါဘူး။ အဲသလို ကြွေးကြော်ကောင်း ကြွေးကြော်လိမ့်မယ်၊ ဒါပေမယ့် တကယ့် လက်တွေ့မှာ အဲဒီ တိုင်းပြည်တွေ ဒီမိုကရေစီ ရသွားလား၊​ လွတ်မြောက်သွားလား၊​ ပြန်ကြည့်ပါ။ သမိုင်း မသိရင် အ,တယ်လို့ အော်နေရုံနဲ့ မရဘူး။ တကယ့် သမိုင်းကို သေချာကြည့်ဖို့ လိုတယ်။ အဲသလို သမိုင်းကို ကြည့်ရဲရင် ယူအက်(စ်) နယ်ချဲ့ရဲ့ သရုပ်အမှန်ကို တွေ့ရလိမ့်မယ်။ လစ်ဘရယ်တွေရဲ့ ဝါဒဖြန့်ချက်က နှစ်ရက်တောင် မခံဘူးဆိုတာ အခု မြင်ခဲ့ရပြီ မဟုတ်လား။

လူထု လွတ်မြောက်ရေးကို ဘယ်နယ်ချဲ့ပါဝါကမှ ဆောင်ကျဉ်းမပေးနိုင်ဘူး။ နယ်ချဲ့ပါဝါတွေ ဝင်မွှေလို့ အဖိနှိပ်ခံ လူထုကြီး သွေးချောင်းစီးတာပဲ သမိုင်းမှာ ရှိဖူးတယ်။ ဒါ့ကြောင့် ဘယ်နယ်ချဲ့ ပါဝါကိုမှ ကယ်တင်ရှင် မထင်လေနဲ့။ အလုပ်သမား လူတန်းစား ခေါင်းဆောင်တဲ့ ဆိုရှယ်လစ် တော်လှန်ရေးနဲ့သာ ဒီကနေ့ ကြုံနေရတဲ့ barbarism ကို အမြစ်ကနေ ဖယ်ရှားပစ်နိုင်မယ်။

ရေးသူ – သူရိန်မွန်
၂၉ နိုဝင်ဘာ၊ ၂၀၂၅

မှီငြမ်းကိုးကား။ ။

Trump’s escalation in the CaribbeanUS imperialism attempts to reassert control over its ‘backyard’ by Jorge Martin

Will Donald J Trump ever be awarded the Nobel Peace Prize? By Alan Woods