ပါကစ္စတန်က ထိန်းချုပ်ထားတဲ့ ကက်ရှ်မီးယား (အာဇတ် ကက်ရှ်မီးယား) မှာ အာဝါမီ ဦးဆောင် ကော်မတီ (Awami Action Committee – AAC) က ခေါင်းဆောင်နေတဲ့ လူထု လှုပ်ရှားမှုဟာ အဆုံးအဖြတ်ပေးမယ့် အချိုးအကွေ့ (decisive point) ကို ရောက်လာခဲ့ပြီ ဖြစ်တယ်။ ဇူလိုင် (၁၅) ရက်နေ့မှာ ခရီးရှည် ချီတက်ပွဲ နောက်တချီ ပြန်စတော့မယ်လို့ ကော်မတီ ခေါင်းဆောင်ပိုင်းက ကြေညာလိုက်ပြီ။
လက်ရှိ အချိန် ရော်လာကော့ မြို့ ပတ်ပတ်လည်မှာ ထိုင်သပိတ် စခန်း (၆) ခု လူပေါင်း (၁) သိန်းလောက် စုစည်းမိနေတယ်။ လုံခြုံရေး တပ်ဖွဲ့တွေလဲ အမြောက်အမြား ရောက်ရှိနေတယ်။ အာဇတ် ကက်ရှ်မီးယား တခွင်မှာ အထွေထွေ သပိတ်ကြီး ဖြစ်ပေါ်နေပြီး သယ်ယူ ပို့ဆောင်ရေး အားလုံး ရပ်ဆိုင်းသလို ဈေးဆိုင်တွေ၊ ရုံးတွေလဲ ဖွင့်လှစ် လည်ပတ်နိုင်ခြင်း မရှိတော့ဘူး။
အစိုးရ အာဏာပိုင်တွေဘက်က ဒီ လှုပ်ရှားမှုကို ဖြိုခွဲဖို့ နည်းလမ်းပေါင်းစုံနဲ့ တတ်နိုင်သမျှ ကြိုးစားခဲ့ပေမဲ့ ကြိုးပမ်းသမျှ ဘာတခုမှ အရာမထင်ခဲ့ဘူး။ ဇူလိုင် (၁၂)ရက်နေ့တုန်းက အာဂျာလို့ အမည်ရတဲ့ မြို့ငယ်လေးမှာ လုံခြုံရေး တပ်ဖွဲ့တွေနဲ့ ပြည်သူတွေကြား တိုက်ပွဲ အကြီးအကျယ် ဖြစ်ပွားခဲ့ပြီး လုံခြုံရေး တပ်ဖွဲ့တွေရဲ့ လက်ချက်ကြောင့် လူငယ်နှစ်ဦး အသက်ပေးခဲ့ရတယ်။ ဇူလိုင် (၁၁)ရက် နံနက်ပိုင်းမှာလဲ ရော်လာကော့ မြို့နဲ့ ဘက်ဂ်မြို့ကို ဆက်သွယ်ထားတဲ့ ရှူဝါဂျာဘတ် လမ်းမကြီးပေါ်မှာ ရင်ဆိုင် တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပြီး အနည်းဆုံး လူငယ် နှစ်ဦးလောက် ထပ်မံ ကျဆုံးခဲ့တယ်လို့ သိရတယ်။
ဒါပေမဲ့ အစိုးရ အာဏာပိုင်တွေဘက်က ဘယ်လောက်ပဲ ရက်စက်ကြမ်းကြုတ်စွာ ဖြိုခွဲဖိနှိပ်နေပါစေ၊ လူထုဘက်က တိုက်ပွဲစိတ်ဓါတ် တက်ကြွနေဆဲ ဖြစ်တယ်။ ဘယ်လို အခက်အခဲ အတားအဆီးမဆို ချိုးဖျက်ပစ်ဖို့ လူထုဘက်က အသင့် ဖြစ်နေပြီ။ မနေ့က ကျဆုံး ရဲဘော်တယောက်ရဲ့ ဈာပနမှာ သူ့မိခင်က “ဂုဏ်ယူတယ် ငါ့သား၊ အမေ ဂုဏ်ယူတယ်” လို့ ဟစ်ကြွေးခဲ့တယ်။ ဒါဟာ အာဇက် ကက်ရှ်မီးယား တခွင်က မိခင်တိုင်းရဲ့ စိတ်သဘောထားပဲ ဖြစ်တယ်။ ဒီ သားကောင်း မိခင်များဟာ လူတိုင်းထက် တိုက်ပွဲ သန္နိဋ္ဌာန် ပြတ်သားတယ်၊ စိတ်ဓါတ် ပိုကြံ့ခိုင်ကြတယ်။ အရေးတော်ပုံအတွက် အရာရာကို ပေးဆပ်ဖို့လဲ နည်းနည်းမှ ဝန်မလေးဘူး။
ဇူလိုင် (၁၃)ရက်နေ့မှာ အခြေခံပညာ ကျောင်းသားတွေနဲ့ ကောလိပ် ကျောင်းသားတွေဟာ ယူနီဖောင်းတွေ ဝတ်ဆင်ပြီး လမ်းမပေါ် အုံနဲ့ကျင်းနဲ့ ထွက်လာခဲ့ကြတယ်။ လှုပ်ရှားမှုနဲ့ တသားတည်း ရှိနေကြောင်း ပြသခဲ့ကြတယ်။ ဒီအခြေအနေ တစုံလုံးကို ကြည့်လိုက်ရင် ဇူလိုင် (၁၅)ရက်နေ့မှာ စတင်မယ့် ခရီးရှည် ချီတက်ပွဲ အောင်မြင်လိမ့်မယ် ဆိုတာ မြင်နိုင်တယ်။ ရော်လာကော့ မြို့ကို လုံခြုံရေး တပ်ဖွဲ့တွေ လက်က ပြန်သိမ်းမယ့် အရေးမှာ လူထုဘက်က အနိုင်ရလိမ့်မယ်။ အဲဒီကနေတဆင့် မြို့တော် မူဇာဖာရာဘတ်ဆီ ဆက်လက် ချီတက်နိုင်လိမ့်မယ်။ ဒါပေမဲ့ ခေါင်းဆောင်ပိုင်းက အခုလို ကြေညာထားတယ်။ ခရီးရှည်ချီတက်ပွဲ စပြီဆိုတာနဲ့ ဒီတိုက်ပွဲရဲ့ အရေးဆိုချက်တွေက ‘ပဋိညာဉ် စာတမ်း’ (Charter of Demands) ပါ တောင်းဆိုချက်တွေလောက်နဲ့ ရပ်သွားမှာ မဟုတ်တော့ဘူး၊ ဒီထက် အများကြီး ကျော်လွန်သွားလိမ့်မယ်။
ဒီအခြေအနေမှာ ကက်ရှ်မီးယားက RCP ရဲဘော်တွေက ဦးဆောင် ကော်မတီတွေကိုယ်တိုင် အာဏာ အလုံးစုံ သိမ်းယူရေး ပရိုဂရမ်ကို ဖော်ထုတ်လာခြင်း ဖြစ်တယ်။ အမှန်တော့ တရားဝင် မကြေညာရသေးတာကလွဲရင် ဦးဆောင် ကော်မတီတွေ လက်ထဲမှာ တကယ့် အာဏာ ရှိနေပြီ ဖြစ်တယ်။ RCP ရဲဘော်တဦးဖြစ်တဲ့ အူမာ ရီယက်ဇ်က ဇူလိုင် (၉)ရက် မိန့်ခွန်းထဲမှာလဲ အခု ပရိုဂရမ်ကိုပဲ ထည့်သွင်းပြောကြားသွားခဲ့တယ်။ AAC အနေနဲ့ အာဇက် ကက်ရှ်မီးယား အစိုးရအဖြစ် ကြေညာဖို့ တိုက်တွန်းသွားတယ်။
ဒီကနေ့ RCP က လက်ကမ်း စာရွက်တခု ထုတ်ပြန်ပြီး လှုပ်ရှားမှုအတွင်း ဖြန့်ဝေနေတယ်။ လူထုဘက်က ဒီလက်ကမ်း စာစောင်ကို တခဲနက် ထောက်ခံနေပြီ။ ဒီ လက်ကမ်း စာစောင်ပါ အကြောင်းချင်းရာတွေနဲ့ ပတ်သက်လို့ တက်တက်ကြွကြွ ပါဝင်ဆွေးနွေးနေကြပြီး လှုပ်ရှားမှုထဲက အလွှာအများစုက သဘောတူထားတယ်။ လက်ကမ်းစာစောင်ကို ဘာသာပြန်ဆိုပြီး အောက်မှာ ဖော်ပြလိုက်ပါတယ်။
အာဏာ အားလုံး ဦးဆောင် ကော်မတီတွေဆီသို့
အောင်ပွဲဆီ အရောက်လှမ်းကြ
‘အာဇက်’ ကက်ရှ်မီးယား ဇူလိုင် (၁၅)ရက် ခရီးရှည် ချီတက်ပွဲ – အာဏာအားလုံး ဦးဆောင် ကော်မတီများဆီသို့
(၁)
ပြီးခဲ့တဲ့ သုံးနှစ်အတွင်း ကက်ရှ်မီးယား ဒေသက လူထု လှုပ်ရှားမှုဟာ အဆင့်အမျိုးမျိုး ဖြတ်သန်းပြီး ဖွံ့ဖြိုးတိုးတက်လာခဲ့တယ်။ လူထု လှုပ်ရှားမှု အင်မတန် အားကောင်းလာတဲ့အတွက် အာဝါမီ ဦးဆောင် ကော်မတီဟာ အစိုးရ အုပ်ချုပ်ရေး ယန္တရားနဲ့ အပြိုင် ဗဟို အာဏာစက်တခု အဖြစ် တဖြည်းဖြည်း ပေါ်ထွက်လာခဲ့တယ်။ အာဝါမီ ဦးဆောင် ကော်မတီက တဖက်၊ အစိုးရနဲ့ နိုင်ငံတော်က တဖက်၊ ဗဟို အာဏာ နှစ်ရပ်ဟာ အချိန်အတန်ကြာ အတူယှဉ်တွဲ ရှိနေခဲ့ပြီး တဖက်နဲ့ တဖက် အပြီးသတ် ရင်ဆိုင်ရမယ့် အရေးဟာ ရှောင်လွှဲလို့ မရတော့ပေ။ ဇွန်လ (၅) ရက်နေ့မှာ စတင်ပြီး အစိုးရဘက်က ဖိနှိပ်လာခြင်းဟာ ဒီ အဆုံးအဖြတ် တိုက်ပွဲ အစပျိုးလိုက်ခြင်း ဖြစ်တယ်။ အခု ဒီအဆုံးအဖြတ် တိုက်ပွဲဟာ နောက်ဆုံး အန္တိမအဆင့်ဆီ အလျင်အမြန် ဖြစ်ပေါ် ဖွံ့ဖြိုးနေပြီ။ ဒီအခြေအနေမှန်ကို အသိအမှတ်ပြုပြီး၊ ဒီအခြေအနေရဲ့ အရေးပါမှုကို သဘောပေါက်နားလည်ထားဖို့ လိုအပ်တယ်။ ဒါမှသာ လှုပ်ရှားမှုရဲ့ နောက်တဆင့်ဆီ မှန်မှန်ကန်ကန် ကူးပြောင်းနိုင်မယ်၊ နည်းဗျူဟာတွေ မှန်မှန်ကန်ကန် ချမှတ်နိုင်မယ်။
စင်ပြိုင် အာဏာ နှစ်ရပ်ကြား ပဋိပက္ခဟာ လက်ရှိ လှုပ်ရှားမှုကို အရင် လှုပ်ရှားမှုတွေနဲ့ ကွဲထွက်နေစေတဲ့ အကြောင်းအချက် ဖြစ်တယ်။ ဆိုလိုတဲ့ သဘောက ဦးဆောင် ကော်မတီနဲ့ လှုပ်ရှားမှုကြီးက တဖက်၊ အုပ်စိုးသူ လူတန်းစားနဲ့ နိုင်ငံတော်က တဖက်၊ နှစ်ဖက်လုံးက သေရေးရှင်ရေး တိုက်ပွဲဝင်နေကြရပြီ ဆိုတဲ့ သဘောပဲ။ ဒီတိုက်ပွဲကနေ မလွဲမသွေ ထွက်ပေါ်လာမယ့် ရလဒ်ဟာ တဖက်က အောင်ပွဲခံပြီး တဖက်က အရေးနိမ့်သွားမဲ့ ရလဒ် ဖြစ်တယ်။ ဒီအဆင့်မှာ စေ့စပ်ညှိနှိုင်းမှု ပုံစံတမျိုးမျိုး ရှိလာနိုင်သေးပေမဲ့၊ ဒီလို ညှိနှိုင်းလိုက်ရင်လဲ အဆုံးအဖြတ် တိုက်ပွဲကို လအနည်းငယ်လောက် အချိန် ရွှေ့ထားတဲ့ သဘောသာ ဖြစ်လာလိမ့်မယ်။ အဆုံးအဖြတ် တိုက်ပွဲဟာ ကာလတိုအတွင်း ပိုကြီးမားတဲ့ အရှိန်အဟုန်နဲ့ မလွဲမသွေ ပြန်ထွက်ပေါ်လာလိမ့်မယ်၊ အဲဒီအခါကျရင် ပေးဆပ်ရတာတွေ အခုထက် ပိုများသွားနိုင်တယ်၊ အရေးတော်ပုံနဲ့ ဦးဆောင် ကော်မတီဟာ အဆုံးသတ် အောင်ပွဲရဖို့ အဲသလို ကြီးကြီးမားမား ပေးဆပ်ပြီး မလွဲမရှောင်သာ တိုက်ပွဲဝင်ရမယ့် နေ့ရက်ကို သေချာပေါက် ထပ်ရင်ဆိုင်ရလိမ့်မယ်။
(၂)
သုံးနှစ်တာ တိုက်ပွဲဝင်ခဲ့တဲ့ ကာလပတ်လုံး ကက်ရှ်မီးယား အလုပ်သမားထုကြီးဟာ ဒီလှုပ်ရှားမှုရဲ့ တကယ့် မောင်းနှင်အား ဖြစ်ခဲ့တယ်။ တိုက်ပွဲ အဆင့်တိုင်းမှာ အလုပ်သမားထုက နိုင်ငံတော် ဖိနှိပ်ရေး ယန္တရားကို စုပေါင်းစွမ်းအား၊ တော်လှန်ရေး ပိုင်းဖြတ်မှု၊ ရဲစွမ်းသတ္တိတွေနဲ့ အနိုင်ယူခဲ့တယ်။ အာဝါမီ ဦးဆောင် ကော်မတီအတွင်း စုစည်းထားတဲ့ အလုပ်သမားထုဟာ လှုပ်ရှားမှုကို အရှိန်အဟုန်မပြတ် ရှေ့ဆက်ဖို့ တွန်းအား ဖြစ်စေခဲ့ရုံတင်မကဘဲ၊ သပိတ် တိုက်ပွဲနဲ့ မြို့ ပိတ်ဆို့မှုတို့ရဲ့ လိုအပ်ချက်တွေနဲ့အညီ လူ့အဖွဲ့အစည်း ဆက်လည်ပတ်ဖို့လဲ ထိန်းကျောင်းပေးခဲ့တယ်။ လူ့အဖွဲ့အစည်းကို ဆက်လည်ပတ်နေအောင် တကယ်တမ်း မောင်းနှင်နေတာက ပြည်သူတွေကိုယ်တိုင် ဖြစ်ကြောင်း ဒီဖြစ်စဉ်တလျှောက်လုံး (အထူးသဖြင့် ပြီးခဲ့တဲ့ လအတွင်း) အလုပ်သမားထုက သက်သေပြခဲ့တယ်။
ဦးဆောင် ကော်မတီရဲ့ တိုက်ပွဲခေါ်သံ ပေးလိုက်တာနဲ့ လူ့အဖွဲ့အစည်း တခုလုံးကို အလုပ်သမားထုက အလုံးစုံ ရပ်တန့်သွားစေခဲ့တယ်။ တချိန်တည်းမှာပဲ အုပ်စိုးသူတွေရဲ့ ရက်စက်ကြမ်းကြုတ်တဲ့ ကန့်သတ်ချုပ်ချယ်မှုတွေ ရှိနေတဲ့ကြားကပဲ အပြန်အလှန် ပူးပေါင်းကူညီမှု၊ စုပေါင်း ညီညွတ်မှုတွေနဲ့အတူ လူနေမှုဘဝရဲ့ မရှိမဖြစ် လိုအပ်တဲ့ လည်ပတ်စီးဆင်းမှုတွေကို ဆက်လက် ထိန်းသိမ်းထားနိုင်ခဲ့တယ်။ အလုပ်သမားထုဟာ ကော်မတီတွေကတဆင့် လှုပ်ရှားမှုရဲ့ လိုအပ်ချက်တွေနဲ့အညီ လူ့အဖွဲ့အစည်းကို စနစ်တကျ စုစည်း ပြောင်းလဲနိုင်ခဲ့တယ်။ ဒီကော်မတီတွေဟာ နောင်တချိန်မှာ ပြည်သူတွေရဲ့ စုပေါင်း အကျိုးစီးပွားနဲ့ သက်သာ ချောင်ချိရေးအတွက် ပုံဖော် တည်ဆောက်မယ့် အနာဂတ် လူ့ဘောင်မှာ အဓိက အင်စတီကျူးရှင်းတွေ ဖြစ်လာနိုင်ကြောင်း လက်တွေ့ သက်သေပြပေးလိုက်တာပဲ ဖြစ်တယ်။
(၃)
ဒီအခြေအနေတွေကို ပေါင်းရုံး သုံးသပ်လိုက်ရင် လှုပ်ရှားမှုဟာ ခရီးရှည် ချီတက်ပွဲ ဆင်နွှဲပြီး နောက်တဆင့် ထပ်တက်ဖို့ အရေးတကြီး လိုအပ်နေပြီ ဆိုတာ တွေ့ရမယ်။ နိုင်ငံတော်ရဲ့ လက်နက်ကိုင် အင်အားစုတွေနဲ့ ပိုပြီး ပြင်းပြင်းထန်ထန် ရင်ဆိုင်ရတော့မယ့် အခြေအနေ အစစ်အမှန်ကလဲ ပေါ်ပေါက်နေပြီ။ ဒီတော့ အရေးတော်ပုံ ခေါင်းဆောင်ပိုင်းက တိုက်ပွဲ အနေအထားနဲ့ စွန့်လွှတ် အနစ်နာခံရမှုတွေ ကြီးလေးလာတာနဲ့အမျှ အရေးတော်ပုံရဲ့ ရည်မှန်းချက်တွေပါ တိုးတက် ကြီးထွားလာအောင် မဖြစ်မနေ ဖော်ထုတ်ပေးရမယ်။
ပြီးခဲ့တဲ့ နှစ်တုန်းက လူခြောက်ဦးထက်မနည်း အသက်ပေးပြီးမှ တောင်းဆိုချက် ပဋိညာဉ် စာတမ်းကို လက်ခံပေးခဲ့တယ်။ ပြီးခဲ့တဲ့ တလအတွင်း ဒါဇင်ပေါင်းများစွာ အသက်ပေးခဲ့ရတာတွေဟာ အဲဒီ ပဋိညာဉ် စာတမ်းကို အကောင်အတည် ဖော်ပေးဖို့ အာမခံချက် ရရုံလောက်ဆိုရင် ဒီအရေးတော်ပုံကြီးကို ဝိုင်းထမ်းခဲ့တဲ့ လူထုကြီးရဲ့ လိုလားချက်တွေနဲ့ ဆန့်ကျင်နေမှာပဲ။ အဲဒီလို အာမခံချက်လောက်နဲ့သာ ပြီးသွားရင် နောက်ဆုံးမှာ ပဋိညာဉ် ဆိုတာလဲ လှည့်စားချက်တခုပဲ ဖြစ်သွားလိမ့်မယ်။ ဒါကြောင့် ဦးဆောင် ကော်မတီအနေနဲ့ ကက်ရှ်မီးယား ပြည်သူ (၉၀) ရာခိုင်နှုန်းကျော်ရဲ့ တခဲနက် ထောက်ခံမှုကို ထင်ဟပ်စေမယ့် ပိုရဲရင့်ပြတ်သားတဲ့ လုပ်ငန်းစဉ် တရပ်ကို ကိုင်စွဲပြီး ရှေ့ဆက်ချီတက်ဖို့ လိုအပ်လာပြီ။
(၄)
ကက်ရှ်မီးယား လူထုဟာ အခွင့်ထူးခံ ရေပေါ်ဆီအလွှာရဲ့ အုပ်ချုပ်ရေးကို အပြီးတိုင် ငြင်းပယ်လိုက်ပြီ။ ဒီအုပ်ချုပ်ရေး ယန္တရားကို ကာကွယ်ဖို့ ပါကစ္စတန်က စေလွှတ်လိုက်တဲ့ လက်နက်ကိုင် ဖိနှိပ်ရေး တပ်တွေကိုလဲ အောင်နိုင်ခဲ့ပြီ။ ခရီးရှည် ချီတက်ပွဲသာ ရော်လာကော့မှာ ပိတ်ဆို့ထားတာတွေကို ဖောက်ထွက်ပြီး ရှေ့ဆက် ချီတက်နိုင်ပြီဆိုရင် အင်အား ချိန်ခွင်လျှာ တခုလုံး ဦးဆောင် ကော်မတီဘက် အလေးသာလာလိမ့်မယ်။ အဲဒီအဆင့် ရောက်လာရင် လုပ်ပိုင်ခွင့်နဲ့ အာဏာဟူသမျှ အုပ်စိုးသူတွေ လက်ကနေ ကော်မတီရဲ့ လက်ထဲ ရောက်လာလိမ့်မယ်။ တကယ့် လက်တွေ့မှာ ဒီအရေးတော်ပုံနဲ့ အာဝါမီ ကော်မတီက အာဏာရဲ့ တကယ့် ဗဟိုချက်မ ဖြစ်နေပြီးသားပဲ။
ကော်မတီအနေနဲ့ လက်တွေ့ ရရှိပြီးသား လုပ်ပိုင်ခွင့် အာဏာကို တရားဝင် အာဏာအဖြစ် ကြေညာရလိမ့်မယ်။ ကက်ရှ်မီးယား ပြည်သူလူထု ကိုးဆယ် ရာခိုင်နှုန်းကျော်ရဲ့ တခဲနက် ထောက်ခံမှုနဲ့အတူ ‘အာဝါမီ အင်ကလာဘီ အစိုးရ’ [Awami Inqalabi Government – ပြည်သူ့ တော်လှန်ရေး အစိုးရ] ထူထောင်လိုက်ပြီ ဖြစ်ကြောင်း ကြေညာရမှာ ဖြစ်တယ်။ အဲဒီနောက် သယံဇာတနဲ့ အရင်းအမြစ် အားလုံးကို စုပေါင်း ပိုင်ဆိုင်မှုအဖြစ် ပြောင်းလဲပစ်ရမယ်၊ အုပ်စိုးသူ အထက်တန်းလွှာတွေ ခံစားနေတဲ့ အခွင့်ထူးခံစနစ် အားလုံးကို ဖျက်သိမ်းကာ ပြည်သူတွေအတွက် အလုပ်အကိုင် အခွင့်အလမ်း၊ အခမဲ့ ပညာရေး၊ အခမဲ့ ကျန်းမာရေး စောင့်ရှောက်မှုနဲ့ တခြားသော အခြေခံ လူနေမှု လိုအပ်ချက် အားလုံးကို မဖြစ်မနေ ဖော်ဆောင်ပေးရမယ်။
ဒီလုပ်ငန်းစဉ်ကို လက်တွေ့ အကောင်အထည် ဖော်နိုင်အောင် ဦးဆောင် ကော်မတီတွေက ခရိုင် အသီးသီးက အုပ်ချုပ်ရေး အားလုံးကို ထိန်းချုပ်ပစ်ရမယ်၊ ဒါ့အပြင် လောလောဆယ် ကော်မတီတွေအဖြစ် တည်ရှိနေတဲ့ အုပ်ချုပ်ရေးကို ‘အာဝါမီ (ပြည်သူ့) အုပ်ချုပ်ရေး ယန္တရား’ အဖြစ် စနစ်တကျ ထူထောင်ရမယ်။
တချိန်တည်းမှာပဲ ဒီတိုက်ပွဲဟာ ကက်ရှ်မီးယား ပြည်သူတွေရဲ့ အခွင့်အရေးအတွက်သာမက ပါကစ္စတန် တနိုင်ငံလုံးက အလုပ်သမားထုနဲ့ ဆင်းရဲသားထုကြီးရဲ့ အခွင့်အရေးအတွက်ပါ တိုက်ပွဲဝင်နေခြင်း ဖြစ်ကြောင်း တော်လှန်ရေး အစိုးရအနေနဲ့ ပါကစ္စတန် အလုပ်သမားထုကို ကြေညာ နှိုးဆော်ရလိမ့်မယ်။ ငါတို့အားလုံးရဲ့ တိုက်ပွဲဟာ အားလုံးအတွက် အကျုံးဝင်သော တိုက်ပွဲ ဖြစ်ကြောင်း အသိအမှတ်ပြုကြဖို့ နှိုးဆော် တပ်လှန့်ရလိမ့်မယ်။ ဒီစနစ်ကြီးရဲ့ အဓမ္မမှုတွေကို ပါကစ္စတန် နိုင်ငံတခုလုံးမှာ ဆက်လက် စိန်ခေါ် တိုက်ပွဲဝင်သွားဖို့ ဆော်ဩရလိမ့်မယ်။ ပုခုံးချင်း ယှဉ်ပြီး တသားတည်း တိုက်ပွဲဝင်ကြရင် မလွဲမသွေ အောင်ပွဲရမှာ ဖြစ်ကြောင်း ကတိပြု ပြောကြားရလိမ့်မယ်။
(၅)
လက်ရှိအစိုးရကို ဖြုတ်ချပြီး ရေပေါ်ဆီ အခွင့်ထူးခံနဲ့ ဖွဲ့စည်းထားတဲ့ ကြားဖြတ် အစိုးရတရပ်နဲ့ပဲ အစားထိုးမယ်ဆိုရင် သမိုင်း ကဗ္ဗည်းတင်လောက်အောင် တိုက်ပွဲဝင်လာခဲ့တဲ့ လူထုကို ဒီအုပ်စိုးသူ လူတန်းစားရဲ့ ဂိုဏ်းကွဲတခုရဲ့ အုပ်ချုပ်မှုအောက် ဒူးထောက် ဝင်ခိုင်းလိုက်တာနဲ့ ဘာမှ မခြားဘူး။ ဒါကြောင့် အာဝါမီ ကော်မတီအနေနဲ့ တွန့်ဆုတ်တွေဝေခြင်း အလျင်းမရှိဘဲ လူထုရဲ့ အာဏာနဲ့ အင်အားကို အပြည့်အဝ ယုံကြည်ကိုးစားဖို့ လိုတယ်။ အာဝါမီ ကော်မတီအနေနဲ့ ကုန်ထုတ် ပစ္စည်းတွေ ပိုင်ဆိုင်ခွင့်နဲ့ ကိုယ်တိုင် အုပ်ချုပ်ပိုင်ခွင့်အပေါ် အခြေခံပြီး ပြည်သူ့ တော်လှန်ရေး အစိုးရတရပ် ထူထောင်ကြောင်း ကြေညာရလိမ့်မယ်။
ကက်ရှ်မီးယားမှာ ပြည်သူ့ တော်လှန်ရေး အစိုးရ တရပ် ထူထောင်ပြီး၊ ပြည်သူ့ ဝန်ဆောင်မှု အားလုံး အခမဲ့ ပေးစွမ်းနိုင်ဖို့ အာမခံချက် ပေးနိုင်ပြီဆိုရင် ပါကစ္စတန်နဲ့ ဒေသကြီး တခုလုံးက အလုပ်သမားထုအတွက် မျှော်လင့်ချက် မီးရှူးတန်ဆောင် ဖြစ်လာလိမ့်မယ်။ ဒေသတဝှမ်း တော်လှန်ရေး လှုပ်ရှားမှုတွေ တောက်လောင် ပေါ်ထွက်လာစေလိမ့်မယ်။ နေရာတိုင်းက အလုပ်သမားတွေက ကက်ရှ်မီးယား ပြည်သူတွေကို စံနမူနာယူပြီး ဒီဖိနှိပ်မှု စနစ်ကြီးကို အပြီးတိုင် အဆုံးသတ်ပစ်ဖို့ တော်လှန်ရေး တိုက်ပွဲတရပ် စတင်လာအောင် စေ့ဆော်ပေးနိုင်လိမ့်မယ်။
ဒီလိုနဲ့ ကက်ရှ်မီးယား ပြည်သူတွေရဲ့ အောင်ပွဲက အိန္ဒိယ တိုက်ငယ်အတွင်း ဆိုရှယ်လစ် ဖက်ဒရေးရှင်း တခု ပေါ်ထွက်လာရေး ချီတက်ရာ လမ်းကြောင်းမှာ အရေးကြီး မှတ်တိုင်တခု ဖြစ်လာလိမ့်မယ်။
အောင်ပွဲလမ်းဆီ တစုတစည်းတည်း စုရုံး ချီတက်ကြ၊
တော်လှန်ရေး သစ္စာဖြင့်
အင်ကလာဘီ ကွန်မြူနစ် ပါတီ (တော်လှန်သော ကွန်မြူနစ် ပါတီ)
၁၃ ဇူလိုင်၊ ၂၀၂၆ ခုနှစ်။
___________________________________________________
ဒီတိုက်ပွဲမှာ ငါတို့ကို တတ်စွမ်းသမျှ ထောက်ခံ အားပေးကူညီကြဖို့ ကမ္ဘာ့ အလုပ်သမားထုကြီးထံ ပန်ကြားလိုက်ပါတယ်။ ဒီတိုက်ပွဲဟာ ကမ္ဘာတလွှားက အလုပ်သမား အားလုံးနဲ့ သက်ဆိုင်တဲ့ တိုက်ပွဲ ဖြစ်တယ်။ ဒီတိုက်ပွဲ အနိုင်ရခြင်းဟာ သွေးဆာနေသော အရင်းရှင် စနစ်ကို ဆန့်ကျင် တိုက်ပွဲဝင်နေတဲ့ ကမ္ဘာ့ အလုပ်သမား လူတန်းစားရဲ့ အောင်ပွဲ ဖြစ်တယ်။
ကမ္ဘာ့ အလုပ်သမားထု သွေးစည်းကြလော့
မြန်မာပြန်သူ – ရှင်မင်းဟန်
Source: 15 July Long March in ‘Azad’ Kashmir: all power to the committees! By Inqalabi Communist Party, 13 July 2026
