“အဖိနှိပ်ခံ လူထု လွတ်မြောက်ရေး အရေးတော်ပုံ အကျိုးစီးပွားနဲ့ မိမိ ကိုယ်ကျိုးစီးပွား ယှဉ်လာတဲ့အခါ မိမိ ကိုယ်ကျိုးစီးပွားကို ရှေ့တန်းတင်သူတွေဟာ တော်လှန်ရေး သစ္စာဖောက် ဖြစ်သွားပြီး အရေးတော်ပုံ အကျိုးစီးပွားကို ရှေ့တန်းတင်သူဟာ တော်လှန်ရေး သူရဲကောင်း ဖြစ်သွားတယ်။
ဘယ်သူတွေက တော်လှန်ရေးကို သစ္စာဖောက်နေလဲ၊ တော်လှန်ရေးကို သစ္စာရှိနေသလဲ တိုင်းတာမယ် ဆိုရင် ဒီမှတ်ကျောက်နဲ့ တင်ကြည့်ဖို့ လိုပါလိမ့်မယ်။” [နုဂျီက တန်ပြန် တော်လှန်ရေး လုပ်နေ၊ နဂါးက ရန်သူ့ဆီ လက်နက်ချ သစ္စာဖောက်သွား မှ ကောက်နှုတ်ချက်]
၂၀၂၆ ခုနှစ်၊ မေလ ၂၆ ရက်နေ့မှာ SRF (ကျောင်းသား တော်လှန်ရေး တပ်တော်) ဥက္ကဌ ကိုစံတင်ထွန်းကို နုဂျီ လက်အောက်ခံ မင်းကင်း မြို့နယ် ပကဖ၊ ပအဖနဲ့ တပ်ရင်းတွေက သေနတ်နဲ့ ပစ်ခတ် ဖမ်းဆီးသွားခဲ့တယ်။ ဒီဖြစ်စဉ်မှာ ကိုစံတင်ထွန်းက ထွက်ပြေးနေလို့ ပစ်ခတ် ဖမ်းဆီးလိုက်ရတာမျိုး မဟုတ်ဘူး။
နုဂျီ လက်အောက်ခံ လက်နက်ကိုင် အဖွဲ့တွေနဲ့ SRF ကြား ဖြစ်ပွားနေတဲ့ ပဋိပက္ခကို လူချင်း တွေ့ဆုံဆွေးနွေးဖို့ နုဂျီဘက်က ဖိတ်ခေါ်ထားလို့ သွားရင်း လမ်းခုလတ်မှာ အခုလို နုဂျီ လက်အောက်ခံ လက်နက်ကိုင် အဖွဲ့တွေက ပစ်ခတ်ဖမ်းဆီးသွားခြင်း ဖြစ်တယ်။
ဒီလို လူကိုယ်တိုင် မသွားခင် SRF ဘက်က မင်းကင်း မြို့နယ် ပကဖ စစ်ရေးတာဝန်ခံ၊ စစ်ကိုင်းယူနစ် ကြားကာလ အစိုးရ ကာကွယ်ရေး ဝန်ကြီးတို့နဲ့ အွန်လိုင်းကနေ တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း၊ နုဂျီ တာဝန်ရှိသူတွေဘက်က SRF ဥက္ကဌရဲ့ လုံခြုံရေးကို အာမခံတယ်လို့ ပြောခဲ့ကြောင်း SRF ရဲ့ အရေးပေါ် ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဒီတော့ နုဂျီ လက်အောက်ခံ လက်နက်ကိုင် အဖွဲ့တွေက လှည့်ဖျားကောက်ကျစ်တဲ့ နည်းကို သုံးသွားတာပဲ။ တွေ့ဆုံးဆွေးနွေးရေးလို့ အကြောင်းပြပြီး လက်နက်နဲ့ အကြမ်းဖက် နှိပ်စက်တဲ့ နည်းကို ပြောင်ပြောင်တင်းတင်း ကျူးလွန်သွားတာပဲ။ ဒီနေရာမှာ SRF ခေါင်းဆောင်ကိုပဲ ဖမ်းဆီးသွားတာ မဟုတ်ဘူး။ ပစ်ခတ် ဖမ်းဆီးတာတွေ မလုပ်ဖို့ တားတဲ့ အရပ်သား ပြည်သူတွေကိုပါ နုဂျီ လက်အောက်ခံ လက်နက်ကိုင် အဖွဲ့တွေက ကျည်အစစ်နဲ့ ပစ်ခတ်ခဲ့တယ်။
နုဂျီရဲ့ လက်နက်ကိုင် အဖွဲ့တွေဟာ တော်လှန်ရေး လုပ်နေတာ မဟုတ်ဘူး၊ လူထုကို အကြမ်းဖက် ဖိနှိပ်နေတာ ဖြစ်ကြောင်း ဒီဖြစ်စဉ်က နောက်တကြိမ် သက်သေပြလိုက်တာပါပဲ။
နုဂျီ လက်အောက်ခံ လက်နက်ကိုင် အဖွဲ့တွေရဲ့ အကြမ်းဖက် လုပ်ရပ်က ဒီလောက်နဲ့ ရပ်မသွားသေးဘူး၊ မေလ ၂၇ ရက်နေ့မှာ SRF တပ်ဖွဲ့ဝင် ၉ ဦးကို ထပ်မံ ဖမ်းဆီးလိုက်တယ်။ တကယ်တော့ သူတို့ ဖမ်းချင်တာ ၉ ဦး မကပါဘူး။
“ထွက်ပြေးနေတဲ့ ရဲဘော်တွေရဲ့ မိသားစုတွေကိုလဲ ရဲဘော်တွေ မရရင် ဖမ်းမယ်လို့ ခြိမ်းခြောက်ခံထားရကြောင်း၊ ဒရုန်းနဲ့ ထောက်ပြီး ရှာရုံတင်မကဘဲ မြေပြင်စစ်ကြောင်းထိုး တောနင်းပြီး ရှာနေကြောင်း” SRF ပြောရေးဆိုခွင့်ရှိသူ မသူသူခိုင်က TM Media ကို ပြောထားတာ တွေ့ရပါတယ်။
အန်ယူဂျီ လက်အောက်ခံ လက်နက်ကိုင် အဖွဲ့တွေက ဘာ့ကြောင့် ဒီလို လုပ်နေတာလဲ။ မသူသူခိုင် ပြောထားတဲ့ အထဲမှာ အဖြေ တွေ့ရလိမ့်မယ် –
“သူတို့အနေနဲ့ ပြစ်မှုကျူးလွန်ထားလို့ ဖမ်းဆီးတဲ့ ပုံစံ မဟုတ်ဘဲ တပ်တတပ်လုံး ပျက်သုဉ်းအောင် ချေမှုန်းတဲ့ ပုံစံနဲ့ ဖမ်းဆီးမှုတွေ လုပ်နေတာပါ”။ (မသူသူခိုင်၏ TM Media သို့ ဖြေကြားချက်မှ ကောက်နှုတ်ချက်)
ကိုစံတင်ထွန်း ဖမ်းဆီးခံရတဲ့ မေလ ၂၆ ရက်နေ့ညက အဖမ်းခံလိုက်ရတဲ့ SRF တပ်ရင်းမှူးဟာ ထွက်ပြေးလွတ်မြောက်သွားတယ်။ ဒီတော့ နုဂျီ လက်အောက်ခံ လက်နက်ကိုင် အဖွဲ့တွေက ဘာလုပ်တယ် ထင်သလဲ။ SRF တပ်ရင်းမှူးရဲ့ အမျိုးသမီးကို ညတွင်းချင်း လာဖမ်းသွားတယ်။ အင်မတန် သတ္တိကောင်းတဲ့ လက်နက်ကိုင် “တော်လှန်ရေးသမားကြီးတွေ” ပါတကား။
ဒီနေရာမှာ မေးစရာ ရှိလာတယ်။ နုဂျီ လက်အောက်ခံ လက်နက်ကိုင် အဖွဲ့တွေက လူထု ဖိနှိပ်ရေး၊ တန်ပြန် တော်လှန်ရေး လုပ်ရပ်တွေ တောက်လျှောက် ကျူးလွန်နေတာကို နုဂျီက မသိတာလား (သို့မဟုတ်) နုဂျီက မထိန်းနိုင်တာလား (သို့မဟုတ်) နုဂျီရဲ့ ပေါ်လစီအရ လုပ်နေကြတာလား။
အများပြည်သူတရပ်လုံးတောင် သိနေတဲ့ တန်ပြန် တော်လှန်ရေး အကြမ်းဖက် လုပ်ရပ်တွေကို နုဂျီက မသိဘူး ဆိုတာတော့ မဖြစ်နိုင်ဘူး။ မသိချင်ယောင်ဆောင်တာတွေတော့ ရှိတယ်။ ဥပမာ၊ မင်းကင်းမှာ ပသုံးလုံး လက်နက်ကိုင် အဖွဲ့တွေက အခုလို အကြမ်းဖက် နှိပ်ကွပ်မှုတွေ လုပ်နေတာ သိပါသလားလို့ မီဒီယာတချို့က နုဂျီ ပြောရေးဆိုခွင့်ရ နေဘုန်းလတ်ကို ဆက်သွယ်မေးမြန်းတော့ “ဆက်သွယ်မရသေးပါ၊ အကြောင်းမပြန်သေးပါ၊ သူတို့ မသိသေးပါ” ဆိုတဲ့ အဖြေတွေပဲ သတင်း ဆောင်းပါးတွေမှာ ဖော်ပြထားတာ တွေ့ရလိမ့်မယ်။
အဲဒါ တော်လှန်ရေး အစိုးရ နာမည်ခံထားတဲ့ နုဂျီရဲ့ တာဝန်မဲ့မှုပဲ။ ဒါဆိုရင် နုဂျီက မြေပြင်က သူ့တပ်တွေကို မထိန်းနိုင်တာလား။ ဒါလဲ မဖြစ်နိုင်ဘူး။ BNRA ကို ဖြိုခွဲတဲ့ ဖြစ်စဉ်ကို ပြန်ကြည့်ပါ။ အောက်ခြေက တပ်တွေနဲ့ချည်း လုပ်ချင်သလို လုပ်သွားတာ မဟုတ်ဘူး။ နုဂျီ အစိုးရ အဖွဲ့ကိုယ်တိုင် အမိန့်ပေးပြီး စစ်ဆင်ရေးတွေ လုပ်သွားတာ။ စစ်ဆင်ရေးပဲ လုပ်သွားတာ မဟုတ်ဘူး။ နုဂျီ အစိုးရ အဖွဲ့ကိုယ်တိုင်က ပုဒ်ထီး ပုဒ်မတွေ တပ်ပြီး တရားထူထောင်ပြခဲ့သလို နုဂျီရဲ့ ဝါဒဖြန့်ချိရေး ယန္တရားကိုပါ အလုံးအရင်း ထုတ်သုံးသွားတာ တွေ့ရလိမ့်မယ်။
ဒီတော့ နုဂျီ ထိပ်ပိုင်းက တာဝန်ရှိသူတွေက သက်သက် အောက်ခြေက နယ်စားပယ်စား စစ်ဘုရင်ပေါက်စလေးတွေက သက်သက် ဆိုတာ မဟုတ်ဘူး။ အခုလဲ SRF ကို မဖြိုခွဲခင်ကတည်းက “ကျောင်းသား ကွန်မြူနစ်တပ်” ဆိုပြီး red scare ကမ်ပိန်းတွေ ကျယ်ကျယ်ပြန့်ပြန့် လုပ်ခဲ့ကြတယ်။ ဘယ်သူတွေက လုပ်သလဲ ကြည့်လိုက်တော့ နုဂျီ လော်ဘီ အသိုင်းအဝိုင်းက ဖြစ်နေတာ တွေ့ရတယ်။ တဆက်တည်းဆိုသလို နုဂျီ ဝါဒဖြန့်ချိရေး ယန္တရားက SRF ကျူးလွန်ထားသော ရာဇဝတ်မှုများ ဆိုတဲ့ ဇာတ်လမ်းကို တွင်တွင်ဖြန့်လာတယ်။ ဒါတွေဟာ အောက်ခြေက နုဂျီ ပသုံးလုံး လက်နက်ကိုင် အဖွဲ့တွေနဲ့ပဲ လည်ပတ်နေတာ မဟုတ်ဘူး ဆိုတာ ထင်ရှားတယ်။ ဒါဆိုရင် ဘယ်က လာသလဲ။
ရှင်းပါတယ်၊ နုဂျီ အစိုးရရဲ့ တန်ပြန် တော်လှန်ရေး ပေါ်လစီကနေ လာတာပဲ။
နုဂျီ လော်ဘီတွေ ပြောနေကြသလို ပြစ်မှု ကျူးလွန်ထားသူတွေကို အရေးယူနေတာ မဟုတ်ဘူး။ ပြစ်မှု ထင်ရှားတဲ့ မကြည်ပြာတို့ လင်မယားကို နုဂျီ အစိုးရ ဝန်ကြီးတွေ ဘယ်လို ကာကွယ်ပေးခဲ့သလဲ အားလုံး မြင်ခဲ့ရပြီးပြီ။ အစုလိုက် အပြုံလိုက် သတ်ဖြတ်မှုတွေ ကျူးလွန်ထားတဲ့ ဗိုလ်သံမဏိကို နုဂျီ အစိုးရက သူကောင်းပြု မြှောက်စားထားတယ်၊ ဘာတခုမှ အရေးမယူဘူး။ ဒီလို ဖြစ်ရပ်တွေက နမူနာ ပေးလို့တောင် ကုန်မှာ မဟုတ်ဘူး၊ နုဂျီ အစိုးရ အဖွဲ့နဲ့ နုဂျီ လက်အောက်ခံ လက်နက်ကိုင် အဖွဲ့တွေ ကျူးလွန်ထားတဲ့ ပြစ်မှုတွေဆို ဖုံးဖိပြီး အကာအကွယ် ပေးခဲ့တာတွေ၊ ယုတ်စွအဆုံး မုဒိမ်းသမားတွေ၊ လူသတ်ကောင်တွေကိုတောင် နုဂျီက အကာအကွယ် ပေးခဲ့တာတွေ ဒုနဲ့ဒေး ရှိတယ်။
(မြိုင်နယ်က ရပ်ရွာ ပအဖ ခေါင်းဆောင် ဦးလှအောင်ကို အခု မကွေးဖက်ဒရယ် ယူနစ် အစိုးရမှာ ကာကွယ်ရေး ဝန်ကြီး ဖြစ်နေသူ ဗိုလ်လက်ယာ ဆိုသူရဲ့ တပ်ဖွဲ့ဝင်တွေ သတ်ဖြတ်ခဲ့တဲ့ ကိစ္စ၊ ယင်းမာပင် တပ်ရင်းက ရန်ရှင်းအောင်နဲ့ အပေါင်းအပါတွေ တပ်ဖွဲ့ဝင် အမျိုးသမီး ရဲဘော်တဦးကို ဖမ်းဆီး မုဒိမ်းကျင့်တဲ့ ကိစ္စ၊ စသဖြင့်)။
အခု SRF ဖြစ်စဉ်နဲ့ အလွန် နီးစပ်တဲ့ ဖြစ်စဉ် တခုကို နမူနာ ပေးရရင် မင်းကင်းမြို့နယ် ပကဖ တာဝန်ခံ ဦးညိုလွင်က တပ်ဖွဲ့ဝင် ရဲဘော် အမျိုးသမီး တဦးကို မုဒိမ်းကျင့်ခဲ့တဲ့ အမှုကို ၂၀၂၅ ခုနှစ် စက်တင်ဘာလကတည်းက နုဂျီ အစိုးရကို တိုင်ကြားထားပေမဲ့ အခုထိ အရေးယူ ဖြေရှင်းပေးတာ မရှိပါဘူး။
စစ်ကိုင်းတိုင်း မြင်းမူမြို့နယ်၊ မူးမန္တလေး ကျေးရွာက ပအဖ တာဝန်ခံ ဦးစိုးလင်းကို နုဂျီရဲ့ စစ်ကိုင်းခရိုင် ကွပ်ကဲရေးမှူး ဗိုလ်ယက္ခ ဆိုသူက ဖမ်းဆီးနှိပ်စက်ခဲ့တယ်။ ၂၀၂၆ ဧပြီလ ၁၄ ရက်နေ့မှာ အဲသလို ဖမ်းဆီးနှိပ်စက်ခဲ့တာ ဖြစ်ပါတယ်။ ဒီဖြစ်စဉ်ကို နုဂျီရဲ့ ဝန်ကြီးဌာနအသီးသီးကို တိုင်ကြားထားပေမဲ့ ဒီကနေ့ အချိန်ထိ အရေးယူတာမျိုး မရှိသေးဘူး။ အရေးယူဖို့ ဝေးစွ၊ အကြောင်းပြန်ကြားခြင်းတောင် မရှိဘူး။
ဒီတော့ SRF တပ်ဖွဲ့ဝင်တွေကို ဖမ်းဆီးတဲ့ ဖြစ်ရပ်ဟာ နုဂျီ လက်အောက်ခံ တပ်ဖွဲ့တွေက သူ့လက်အောက် မဝင်တဲ့ တပ်ဖွဲ့တွေကို လိုက်လံ ချေမှုန်းတဲ့ ဖြစ်စဉ်ထဲက အစိတ်အပိုင်း တရပ်သာ ဖြစ်တယ်။ အဲဒီ လက်နက်ကိုင် အဖွဲ့တွေက ပြစ်မှု ကျူးလွန်ထားလို့ အရေးယူရတာပါ ဆိုတာ နုဂျီ လော်ဘီတွေရဲ့ လံကြုတ် ဆင်ခြေ သက်သက်ပဲ။
ဒီနေရာမှာ ရှင်းအောင် ပြောထားပါမယ်။ “နုဂျီအောက် မဝင်တဲ့ အဖွဲ့တွေ အကုန် ကောင်းပါတယ်၊ ဘာအပြစ်မှ ကျူးလွန်ထားတာ မရှိပါဘူး”လို့ ကျနော်တို့ မပြောဘူး။ ပြောစရာလဲ အကြောင်း မရှိဘူး။ လက်နက်ကိုင်ပြီး ပြည်သူ လူထုကို ဗိုလ်ကျတဲ့ ဘယ်အဖွဲ့ကိုမှလဲ ကျနော်တို့ မထောက်ခံဘူး၊ ပြတ်ပြတ်သားသား ဆန့်ကျင်တယ်။
ဒါပေမဲ့ နုဂျီ လက်အောက်ခံ တပ်ဖွဲ့တွေက တခြား တပ်ဖွဲ့တွေကို အကြမ်းဖက် နှိပ်ကွပ်နေတဲ့ ဖြစ်စဉ်က ဒါနဲ့ မဆိုင်ဘူး။ အဖွဲ့ကြီးက အဖွဲ့သေးကို ဝါးမြိုတဲ့ ကြီးနိုင်ငယ်ညှဉ်းဝါဒကို ကျင့်သုံးနေတာပဲ။ တော်လှန်ရေး လုပ်နေတာလဲ မဟုတ်ဘူး။ လူထု ဖိနှိပ်ရေး လုပ်နေတာ၊ တန်ပြန် တော်လှန်ရေး လုပ်နေတာ ဖြစ်တယ်။ ဒါ့ကြောင့် ကျနော်တို့ ဆန့်ကျင်ခြင်း ဖြစ်တယ်။
အစိုးရ နာမည်ခံထားတဲ့ နုဂျီရဲ့ ဒီလုပ်ရပ်တွေက အခုမှ ထဖြစ်တာတော့ မဟုတ်ဘူး၊ ဒေသအလိုက် ကွက်ကြား ဖြစ်နေတဲ့ isolated incident တွေလဲ မဟုတ်ဘူး၊ ဒါဟာ တော်လှန်ရေး အရေခြုံထားတဲ့ တန်ပြန် တော်လှန်ရေး ဖြစ်စဉ်တခုပဲ။ ဒီ တန်ပြန် တော်လှန်ရေး ဖြစ်စဉ်အကြောင်း ကျနော်တို့ အစောကြီးကတည်းက ဝေဖန် သတိပေးခဲ့ဖူးတယ်။
“တော်လှန်ရေး မျက်နှာဖုံးအောက်က တန်ပြန် တော်လှန်ရေး” ဆောင်းပါးမှာ အခုလို ထောက်ပြခဲ့တယ် –
“တော်လှန်ရေး နာမည်ခံ လက်နက်ကိုင် အဖွဲ့တွေ ထိန်းချုပ်ထားတဲ့ ဒေသတွေမှာ စတားလင့်ခ်ကို ပိတ်ပင်တာဟာ အာဏာသိမ်း စစ်အုပ်စုလုပ်သလို သာမန် ပြည်သူတွေရဲ့ သတင်း လွတ်လပ်ခွင့်ကို ပိတ်ပင်တာပဲ။ အဲသလို ပိတ်ပင်ထားမှ ဒေါက်တာ ခင်သူသူလွင် အဖမ်းခံရတဲ့ ဖြစ်စဉ်၊ မြိုင်မြို့နယ်က ရပ်ကျေး ပအဖ အဖွဲ့ဝင် အသတ်ခံရတဲ့ ဖြစ်စဉ်၊ ပသုံးလုံးရဲ့ ရွှေလုပ်ကွက်ကို ဒေသခံ လူထုက ဆန့်ကျင်ဆန္ဒပြတဲ့ ဖြစ်စဉ်တွေ အများပြည်သူ မသိအောင် ဖုံးဖိထားလို့ ရနိုင်မယ်။ ဒါဟာ အင်တာနက် ပိတ်ပင်ခြင်းရဲ့ နောက်ကွယ်က အရေးကြီး နိုင်ငံရေး အကြောင်းတရား ဖြစ်တယ်။ ဒီလို ပိတ်ပင်နှိပ်ကွပ်မှုကို တရားထူထောင်ဖို့ရာ သတင်းပေါက်ကြားမှု ဘာညာ ခေါင်းစဉ်တပ်ပစ်တာပဲ။ စတားလင့်ခ် မပေါ်ခင်ကရော ရန်သူ့ သတင်းပေး ကွန်ယက် မရှိခဲ့လို့လား။”
“ဒီဖြစ်ရပ်တွေက ဘာကို ပြနေသလဲ။ တော်လှန်ရေး မျက်နှာဖုံးစွပ်ပြီး တန်ပြန် တော်လှန်ရေး ဖြစ်နေတာကို လှစ်ဟပြနေခြင်းပဲလို့ ဆိုရလိမ့်မယ်။ ရန်သူ စစ်တပ်က အကြမ်းဖက် သတ်ဖြတ်တာကိုပဲ တန်ပြန် တော်လှန်ရေးလို့ မထင်ပါနဲ့။ မှန်တယ်၊ အဲဒါက ဗြောင်ကျတဲ့ တန်ပြန် တော်လှန်ရေး။ ဗြောင်ကျတော့ မြင်သာတယ်။ အရေခြုံထားရင် မြင်ဖို့ ခက်တယ်။” (၃-ဒီဇင်ဘာ-၂၀၂၅)
RM website မှာ၂၀၂၆ ဖေဖော်ဝါရီ ၁၉ ရက်နေ့က ဖော်ပြခဲ့တဲ့ နုဂျီက တန်ပြန် တော်လှန်ရေး လုပ်နေ၊ နဂါးက ရန်သူ့ဆီ လက်နက်ချ သစ္စာဖောက်သွား ဆောင်းပါးမှာလဲ အခုလို သုံးသပ်ပြခဲ့တယ် –
“တော်လှန်ရေး အရေခြုံထားသော်ငြား၊ တော်လှန်ရေး ဆိုတဲ့ စကားကို ပါးစပ်ဖျားက မချသော်ငြား မိမိ ကိုယ်ကျိုးစီးပွားအတွက် ခါးပိုက်ဆောင် တပ်တွေ မွေးနေပြီ ဆိုရင် တော်လှန်ရေးကို သစ္စာစဖောက်နေပြီလို့ အတိအကျ ပြောနိုင်တယ်။ သူတို့ဟာ ပြည်သူ့ ဖိနှိပ်ရေး ခါးပိုက်ဆောင် တပ်တွေ မွေးထားပေမဲ့ ပြည်သူ့ ကာကွယ်ရေးလို့ နာမည် တပ်ထားကြတယ်။ ဘယ့်လောက်တောင် အော်ဝဲလီယန်း (Orwellian) ဆန်လိုက်သလဲ။”
“အဲဒီလို ခါးပိုက်ဆောင် တပ်တွေ မွေးပြီး ငါတို့သာ တရားဝင် အစိုးရလို့ ကြွေးကြော်မယ်၊ ငါတို့ လက်အောက် မဝင်ရင် ရန်သူလို့ သတ်မှတ်ပြီး ခါးပိုက်ဆောင် တပ်တွေနဲ့ အမြစ်ပြတ် ချေမှုန်းစစ်ဆင်မယ်၊ အဲဒီလို လုပ်လာပြီ ဆိုရင် သေချာတယ်၊ တော်လှန်ရေး အကျိုးစီးပွားထက် မိမိ အကျိုးစီးပွားကို ဦးထိပ် ပန်ဆင်လာတာပဲ။ ဒါဆိုရင် သူတို့တတွေကိုရော တော်လှန်ရေး လုပ်နေတဲ့ အဖွဲ့လို့ ပြောမလား၊ တော်လှန်ရေးကို ကာယကံမြောက် သစ္စာဖောက်နေတဲ့ အဖွဲ့လို့ ပြောမလား။ ဝေခွဲရခက်နေရင် အပေါ်မှာ ပြောခဲ့တဲ့ မှတ်ကျောက်နဲ့ တင်ကြည့်လိုက်ပါ။ ဖားလား ငါးလား ကွဲသွားပါလိမ့်မယ်။”
“ဒီလို အခိုင်အမာ ဆန်းစစ်ကြည့်လိုက်မယ်ဆိုရင် နုဂျီ လက်အောက် မဝင်တဲ့ အဖွဲ့တွေကို ရန်သူနဲ့ ပေးစားပြီး လိုက်လံ ချေမှုန်းတဲ့ လုပ်ရပ်ဟာ တော်လှန်ရေး မဟုတ်ဘူး၊ တော်လှန်ရေးကို ဖျက်စီးတဲ့ တန်ပြန် တော်လှန်ရေး (counter-revolution) ဆိုတာ ရှင်းရှင်းလင်းလင်း နားလည်လာလိမ့်မယ်။”
“ရန်သူ စစ်စစ် ဖြစ်သွားတဲ့ နဂါးလို လူတွေရဲ့ အန္တရာယ်က မြင်သာတယ်၊ သိုးရေခြုံထားတဲ့ ဝံပုလွေတွေ ရှိနေတာကို မသိရင်တော့ အန္တရာယ် ပိုကြီးပါတယ်။”
“တော်လှန်ရေးကို သစ္စာဖောက်သွားသူတွေ၊ ရန်သူ့ဆီ လက်နက်ချသွားသူတွေ ဆိုတာ သမိုင်းမှာ မနည်းမနော ရှိပါတယ်။ တချိန်တည်းမှာပဲ ရန်သူ့ဆီ လက်နက်မချသေးပေမဲ့ တော်လှန်ရေးကို ကာယကံမြောက် ဖျက်စီးနေသူတွေလဲ ဒုနဲ့ဒေး ရှိပါတယ်။ အဲသလို အင်အားစုတွေကို တန်ပြန် တော်လှန်ရေး အင်အားစုလို့ ခေါ်ပါတယ်။ သိုးရေခြုံထားတဲ့ counter-revolutionary force တွေကို သတိကြီးကြီးသာ ထားကြပေတော့လို့ တိုက်တွန်းလိုက်ပါရစေ။”
ရေးသူ – မေဆန်
“မတရား ဖမ်းဆီးထားသူ အားလုံး ချက်ချင်း လွှတ်”
Down with the counter-revolutionary forces!
Down with the military dictatorship!
Fight for workers’ democracy!