လီယွန် ထရော့စကီးရဲ့ အကူးအပြောင်း လုပ်ငန်းစဉ်ဟာ မာ့က်စ်ဝါဒဆိုင်ရာ အထင်ကရ လက်ရာ တခု ဖြစ်ပါတယ်။ ဒီလုပ်ငန်းစဉ်ထဲက သင်ခန်းစာတွေဟာ ဒီကနေ့ ကာလမှာ ပိုပြီး ဆီလျော်မှန်ကန်မှု ရှိလာတယ်။ ဒီကနေ့ခေတ်လိုပဲ ဝရုန်းသုန်းကား ပြောင်းလဲနေတဲ့ အကျပ်အတည်း ကာလမှာ ထရော့စကီး ရေးခဲ့ခြင်း ဖြစ်တယ်။ ထရော့စကီးက ဒီပရိုဂရမ်ထဲမှာ မာ့က်စ်ဝါဒကို ရှင်သန်နေသော လူတန်းစား တိုက်ပွဲနဲ့ ဘယ်လို ပေါင်းစပ်ရမလဲ ဆိုတဲ့ နည်းနာနဲ့ ဗျူဟာတွေ ဖော်ထုတ်ပြသွားတယ်။
The Classics of Marxism အတွဲ (၁) ဒုတိယ အကြိမ် ထုတ်ဝေခြင်း မိတ်ဆက်အဖြစ် Fred Weston ရေးခဲ့တဲ့ ဆောင်းပါး ကောက်နှုတ်ချက်ကို ဘာသာပြန် ဖော်ပြထားခြင်း ဖြစ်ပါတယ်။ ဒီကနေ့ခေတ် တော်လှန်သော ကွန်မြူနစ်တွေအတွက် အကူးအပြောင်း လုပ်ငန်းစဉ်က ဘာ့ကြောင့် အရေးကြီးသလဲ ရှင်းပြထားတာ တွေ့ရလိမ့်မယ်။
_______________________
ကျနော်တို့ဟာ အရင်းရှင်စနစ် သမိုင်းတလျှောက် အပြောင်းအလဲ လှိုင်းတံပိုး အထန်ဆုံး ကာလတခုကို ဖြတ်သန်းနေရတယ်။
ဆင်းရဲမွဲတေမှု နှုန်းထားက နေရာတိုင်းမှာ မြင့်တက်နေတယ်။ တချိန်တည်းမှာပဲ၊ ‘တစ် ရာခိုင်နှုန်း’ မျှသာရှိသော လက်တဆုပ်စာ လူနည်းစုရဲ့ လက်ထဲမှာ မကြုံစဖူးလောက်အောင် များပြားတဲ့ ဓနဥစ္စာကြွယ်ဝမှုတွေ တောင်ပုံယာပုံ စုဆောင်းမိနေတယ်။
အလုပ်ရှင်တွေက အလုပ်သမား အခွင့်အရေးတွေကို တဖြည်းဖြည်း ရိုက်ချိုး ဖျက်ဆီးပစ်နေတဲ့အတွက် လုပ်ငန်းခွင် အခြေအနေတွေဟာ တနေ့တခြား ပိုပြီး ဆိုးရွားလာနေတယ်။ လုပ်ခလစာတွေဟာ ငွေကြေးဖောင်းပွမှုနှုန်းကို လိုက်မမီနိုင်တော့သလို၊ ဆင်းရဲသား ပြည်သူတွေ ရရှိနေတဲ့ ခံစားခွင့်တွေလဲ ဖြတ်တောက်ခံနေရတယ်။ အိမ်ရာဈေးနှုန်းတွေဟာ မြင်းမိုရ်တောင်မက မြင့်တက်နေပြီး အလုပ်သမား အများစုအတွက် အိမ်ငှားခက လက်လှမ်းမမီနိုင်စရာ ဖြစ်လာနေတယ်။
ဒီအခြေအနေတွေအပြင် ရေလွှမ်းမိုးတာကနေ တောမီးလောင်တာတွေအထိ ရာသီဥတုပြောင်းလဲမှုတွေကြောင့် နိုင်ငံအတော်များများမှာ ကပ်ဘေးသင့်မှုကြီးတွေ ဖြစ်ပေါ်နေတယ်။ မိုးခေါင်ရေရှားမှုတွေကြောင့် လူသန်းပေါင်းများစွာရဲ့ အသက်မွေးဝမ်းကျောင်း လုပ်ငန်းတွေ ပျက်စီးဆုံးရှုံးနေရတယ်။
ဒီအခြေအနေတွေအောက်မှာ နယ်ချဲ့ အင်အားကြီးနိုင်ငံကြီးတွေကပါ ဈေးကွက်နဲ့ ဩဇာခံနယ်ပယ်တွေ လုယက်ရင်း အချင်းချင်း ရန်စောင်နေကြတယ်၊ ကမ္ဘာ့နိုင်ငံအသီးသီးရဲ့ အရေးကိစ္စတွေမှာ ဝင်ရောက် စွက်ဖက် ခြယ်လှယ်နေကြတယ်။ ဒီလုပ်ရပ်တွေကြောင့် မတည်ငြိမ်မှုနဲ့ ရှုပ်ထွေးမှုတွေ၊ စစ်နဲ့ ပြည်တွင်းစစ်တွေ ဖြစ်ပေါ်လာစေတယ်။
ဒါကြောင့်မို့လဲ နိုင်ငံအသီးသီးမှာရှိတဲ့ လူသန်းပေါင်းများစွာ (ဘီလီယံနဲ့ချီတဲ့ လူတွေလဲ ဖြစ်နိုင်တယ်) ဟာ ဒါတွေ ဘာကြောင့် ဖြစ်နေရတာလဲ၊ အကြောင်းရင်းတွေက ဘာလဲ၊ ဘယ်လိုဖြေရှင်းကြမလဲ ဆိုတာနဲ့ ပတ်သက်လို့ ကိုယ့်ကိုယ်ကိုယ် ပြန်မေးခွန်းထုတ်လာကြတယ်။
တော်လှန်သော ကွန်မြူနစ်တွေ လက်ထဲမှာ ဒီပြဿနာတွေနဲ့ ပတ်သက်လို့ ရှင်းလင်းပြတ်သားတဲ့ အဖြေတွေနဲ့ ဒီအကျပ်အတည်းကို အမြစ်ကနေ ကိုင်တွယ်ဖြေရှင်းပစ်နိုင်မယ့် လုပ်ငန်းစဉ် တရပ် ရှိပါတယ်။
စတုတ္ထ အင်တာနေရှင်နယ်
ဒီ လုပ်ငန်းစဉ်က ဘာလဲ။ အလုပ်သမားလူတန်းစားရဲ့ နိစ္စဓူဝ တိုက်ပွဲတွေနဲ့ ဒီလုပ်ငန်းစဉ်ကို ဘယ်လို ချိတ်ဆက်ကြမလဲ။
ဒီပြဿနာတွေကို လီယွန်ထရော့စကီးက အကူးအပြောင်းလုပ်ငန်းစဉ် (The Transitional Programme) ထဲမှာ ကျွမ်းကျင်ပိုင်နိုင်စွာ ကိုင်တွယ်ထားတယ်။ ဒီစာတမ်းကို ၁၉၃၈ ခုနှစ်မှာ ရေးသားခဲ့ပြီး (အဲဒီအချိန်တုန်းက) အသစ်ဖွဲ့စည်းပြီးစ စတုတ္ထ အင်တာနေရှင်နယ်ရဲ့ ပထမ အကြိမ် ကွန်ဂရက်မှာ ဆွေးနွေး အတည်ပြုခဲ့တယ်။
ထရော့စကီးဟာ ၁၉၁၇ အောက်တိုဘာ တော်လှန်ရေးမှာ လီနင်နဲ့အတူ ဘော်ရှီဗစ်ပါတီကို ဦးဆောင်ခဲ့သူ ဖြစ်တယ်။ အလုပ်သမား လူတန်းစား အာဏာသိမ်းယူနိုင်ရေးအတွက် လီနင်နဲ့ ပူးတွဲ ခေါင်းဆောင်ခဲ့သူ ဖြစ်တယ်။
နိုင်ငံ တနိုင်ငံတည်းမှာ ဆိုရှယ်လစ်စနစ် တည်ဆောက်ဖို့ မဖြစ်နိုင်ဘူး ဆိုတာ လီနင်ရော ထရော့စကီးပါ ကောင်းကောင်း သဘောပေါက်ခဲ့တယ်။ အထူးသဖြင့် အဲဒီခေတ်ကာလတုန်းက ရုရှားနိုင်ငံလို အင်မတန် ခေတ်နောက်ကျ ကျန်နေတဲ့ တိုင်းပြည်တခုမှာ နိုင်ငံ တနိုင်ငံတည်း ဆိုရှယ်လစ်စနစ် တည်ဆောက်ရေးဟာ မဖြစ်နိုင်ဘူး။
ဒုတိယ အင်တာနေရှင်နယ်အဟောင်းဟာ ပြုပြင်ရေးဝါဒီ ပါတီတွေ (reformist party) တွေအဖြစ် လှိုက်စားပျက်ဆီးသွားခဲ့ပြီ။ ဒီပြုပြင်ရေးဝါဒီ ပါတီတွေဟာ ပထမ ကမ္ဘာစစ် ကာလအတွင်း သူတို့ နိုင်ငံအသီးသီးက အုပ်စိုးသူ လူတန်းစားကို ကျောထောက်နောက်ခံပြုရင်း အလုပ်သမား လူတန်းစားကို သစ္စာဖောက်ခဲ့ကြတယ်။
တတိယ အင်တာနေရှင်နယ် တည်ထောင်နိုင်ရေးအတွက် လီနင်နဲ့ ထရော့စကီးတို့ မနေမနား ကြိုးပမ်းခဲ့ကြရတယ်။ တတိယ အင်တာနေရှင်နယ်ကို နောင်မှာ ကွန်မြူနစ် အင်တာနေရှင်နယ် (Communist International) ဒါမှမဟုတ် ကွန်မင်တန် (Comintern) အဖြစ် လူသိများလာခဲ့တယ်။ နိုင်ငံအသီးသီးမှာ အလုပ်သမား လူတန်းစားအဖို့ သေရေးရှင်ရေးတမျှ အရေးကြီးလှတဲ့ တော်လှန်ရေး ခေါင်းဆောင်မှု ပေးစွမ်းနိုင်ရေးအတွက် တတိယ အင်တာနေရှင်နယ်ရဲ့ နိုင်ငံအလိုက် ဌာနခွဲတွေအဖြစ် အမျိုးမျိုးသော ကွန်မြူနစ်ပါတီတွေ တည်ထောင်ခဲ့ကြတယ်။
၁၉၁၈ ဂျာမန် တော်လှန်ရေးကနေစလို့ တော်လှန်ရေးတွေ တခုပြီးတခု ဖြစ်ပွားခဲ့ပေမဲ့ ကံမကောင်းစွာနဲ့ပဲ ကွန်မြူနစ် ပါတီတွေဟာ ဒီဖြစ်ရပ်ကြီးတွေကို လွှမ်းမိုးနိုင်လောက်အောင် အားမကောင်းခဲ့ဘူး။ ဒါမှမဟုတ် သူတို့ ရင်ဆိုင်နေရတဲ့ မဟာ တာဝန်တွေကို ထမ်းဆောင်နိုင်လောက်အောင် သီအိုရီပိုင်းအရ ကြိုတင် ပြင်ဆင်ထားနိုင်ခဲ့ခြင်း မရှိခဲ့ဘူး။
ဒီ တော်လှန်ရေးတွေ ရှုံးနိမ့်သွားတဲ့အတွက် ဆိုဗီယက် ယူနီယံဟာ တဖြည်းဖြည်း အထီးတည်း ဖြစ်လာခဲ့တယ်။ ဒီအခြေအနေဟာ ရုရှားရဲ့ စီးပွားရေး ခေတ်နောက်ကျမှုနဲ့ ပေါင်းလိုက်တော့ ပိုဆိုးသွားတယ်။ ဒါ့အပြင် ရုရှား ပြည်တွင်းစစ်ကြီးရဲ့ ဖျက်ဆီးမှုကြောင့် အခြေအနေဟာ ပိုပြီး ဆိုးရွားပြင်းထန်သွားခဲ့တယ်။ ဒီလိုနဲ့ ဆိုဗီယက် သမ္မတနိုင်ငံဟာ တဖြည်းဖြည်း ပျက်ဆီးယိုယွင်းသွားခဲ့တယ်။ စတာလင် ဦးဆောင်တဲ့ အခွင့်ထူးခံ ဗျူရိုကရက်အလွှာက ဆိုဗီယက် အာဏာကို မတရားသဖြင့် သိမ်းပိုက်ခဲ့တယ်။
၁၉၂၄ခုနှစ် လီနင်ကွယ်လွန်ပြီးနောက်မှာ ဗျူရိုကရက် ပုံပျက်ယိုယွင်းမှု ဖြစ်စဉ်က ပိုလို့တောင် အရှိန်ရလာခဲ့တယ်။ ဒီအခြေအနေတွေအောက်မှာ ထရော့စကီးက လက်ဝဲ အတိုက်အခံ အင်အားစုကို ဖွဲ့စည်းခဲ့တယ်။ လက်ဝဲ အတိုက်အခံတွေဟာ အောက်တိုဘာ တော်လှန်ရေး စံနှုန်းတွေဆီ ပြန်ဦးတည်ကြဖို့ ဆော်ဩခဲ့တယ်။ ၁၉၁၇ အပြီး အစောပိုင်း နှစ်များဆီက စစ်မှန်သော အလုပ်သမား ဒီမိုကရေစီထံ ပြန်လည် ဦးတည်ကြဖို့ လှုံ့ဆော်ခဲ့တယ်။
အားကောင်းလာတဲ့ ဗျူရိုကရေစီနဲ့ လက်ဝဲ အတိုက်အခံ အင်အားစုကို ထောက်ခံသူတွေကြား တိုက်ပွဲဖြစ်လာခဲ့တယ်။ နောက်ဆုံးမှာတော့ ၁၉၂၆ ခုနှစ်မှာ ထရော့စကီးကို ပေါ်လစ်ဗျူရို အဖွဲ့ဝင်အဖြစ်ကနေ ထုတ်ပယ်ပစ်ခဲ့တယ်၊ ၁၉၂၈ ခုနှစ်မှာ (စတာလင် ဦးဆောင်တဲ့ ဆိုဗီယက်ဗျူရိုကရေစီက) ထရော့စကီးကို ပြည်နှင်ဒဏ်ပေးခဲ့တယ်။
နိုင်ငံတခုပြီးတခု ဖြစ်ပေါ်လာတဲ့ တော်လှန်ရေး လှုပ်ရှားမှုကို အောင်အောင်မြင်မြင် ဦးဆောင်နိုင်စွမ်း မရှိခဲ့တဲ့ ကွန်မြူနစ် အင်တာနေရှင်ဟာ ကမ္ဘာ့ တော်လှန်ရေး ကိရိယာအဖြစ်ကနေ ဆိုဗီယက် ပြာ်ထောင်စု အာဏာရ ဗျူရိုကရေစီရဲ့ နိုင်ငံခြားရေး ပေါ်လစီ လက်ကိုင်တုတ်အဖြစ် တစတစ ပြောင်းလဲခံလိုက်ရတယ်။
၁၉၃၃ ခုနှစ် ဟစ်တလာ အာဏာရလာခြင်းဟာ အရေးကြီး အလှည့်အပြောင်းတရပ် ဖြစ်ခဲ့တယ်။ ဂျာမန် ကွန်မြူနစ် ပါတီနဲ့ ကွန်မင်တန် ခေါင်းဆောင်ပိုင်းဟာ ဖက်ဆစ်စနစ်ရဲ့ သဘောသဘာဝကို နားလည်နိုင်စွမ်း မရှိခဲ့ကြဘူး။ နာဇီဝါဒ ခေါင်းထောင်လာခြင်းဟာ ကွန်မြူနစ်တွေ အာဏာရယူနိုင်ရေးအတွက် ရေခံမြေခံ ပြင်ဆင်ပေးနေခြင်း ဖြစ်တယ်လို့ မှားယွင်းစွာ ရှုမြင်ခဲ့ကြတယ်။ ဂျာမန် အလုပ်သမား လူတန်းစား အလုံးစုံ ဖျက်ဆီးခြေမှုန်းခံရမယ့် အရေးကသာ နာဇီဝါဒရဲ့ အနှစ်သာရ အစစ်အမှန်ဖြစ်ကြောင်း သူတို့ မမြင်နိုင်ခဲ့ကြဘူး။
ဒီအချက်က ဟစ်တလာ အာဏာသိမ်းနိုင်အောင် လမ်းဖွင့်ပေးခဲ့တယ်။ ကမ္ဘာ့ အင်အားအကောင်းဆုံး အလုပ်သမား လှုပ်ရှားမှုတွေထဲက တခုကို သေနတ်တချက်တောင် မဖောက်လိုက်ရဘဲ ပျက်သုဉ်းသွားစေခဲ့တယ်။
တကယ် ကျန်းမာသန်စွမ်းတဲ့ အင်တာနေရှင်နယ်မှန်ရင် ဒီလို ရုပ်ပျက်ဆင်းပျက် ရှုံးနိမ့်မှုမျိုးဟာ ပြင်းထန်တဲ့ ဆွေးနွေးငြင်းခုန်မှုတွေနဲ့ အဖွဲ့အစည်းတွင်း တိုက်ပွဲတွေ ပေါ်ပေါက်စေခဲ့လိမ့်မယ်။ သို့ပေမဲ့ ဗျူရိုကရေစီရဲ့ မှားယွင်းတဲ့ လမ်းစဉ်ကို အင်တာနေရှင်နယ်တခုလုံးက ဘာကန့်ကွက်မှုမှ ဟုတ်တိပတ်တိ မလုပ်ဘဲ လက်ခံခဲ့ကြတယ်။
ဒါကြောင့် ကွန်မြူနစ် အင်တာနေရှင်နယ်ဟာ စစ်မှန်သော တော်လှန်ရေး အဖွဲ့အစည်းတရပ်အဖြစ်ကနေ သေဆုံးသွားခဲ့ပြီ ဖြစ်ကြောင်း ထရော့စကီးက ကြေညာခဲ့တယ်။ စတုတ္ထ အင်တာနေရှင်နယ်တရပ် တည်ထောင်ကြဖို့ အတိအလင်း ပြောဆိုခဲ့တယ်။
ခေါင်းဆောင်မှုအကျပ်အတည်း
ထရော့စကီးရဲ့အကူးအပြောင်း လုပ်ငန်းစဉ် စာတမ်းနဲ့ ပတ်သက်လို့ မှတ်သားလောက်စရာ ဖြစ်တဲ့ အချက်က ကွန်မြူနစ် ကြေညာစာတမ်းလိုပဲ မူလ ရေးသားခဲ့စဉ်ကထက် ဒီကနေ့ခေတ်မှာ ပိုလို့တောင် ဆီလျော် မှန်ကန်လာနေတာပဲ။
ဒီစာတမ်းကို “ကမ္ဘာ့ နိုင်ငံရေး အခြေအနေ တစုံလုံးရဲ့ အဓိက လက္ခဏာကတော့ ပစ္စည်းမဲ့ လူတန်းစား ခေါင်းဆောင်မှု သမိုင်းဝင် အကျပ်အတည်း ဆိုက်နေခြင်းပဲ ဖြစ်တယ်” ဆိုတဲ့ စာသားနဲ့ စဖွင့်ထားတယ်။ ဒီအဖွင့်စာသားဟာ ဒီကနေ့ခေတ် နိုင်ငံတကာ အလုပ်သမား လှုပ်ရှားမှု တရပ်လုံး ကြုံတွေ့နေရတဲ့ ထွက်ပေါက်မဲ့ အခြေအနေကို ထင်းထင်းကြီး ထင်ဟပ်ပြသနေတယ်။
ဒီကနေ့ခေတ် လေဘာလှုပ်ရှားမှု ခေါင်းဆောင်ပိုင်းနဲ့ အလုပ်သမား သမဂ္ဂခေါင်းဆောင်တွေလောက် ဆိုးဆိုးဝါးဝါး ယိုယွင်း လှိုက်စား ပျက်ဆီးနေတာမျိုး ဘယ်တုန်းကမှ မမြင်ခဲ့ရဖူးဘူး။
ဒီအခြေအနေကြောင့် အလုပ်သမား လူတန်းစားမှာ ခေါင်းဆောင်မှု ကင်းမဲ့သွားခဲ့တယ်။ လက်ယာဂိုဏ်း ပေါ်ပြူလစ် နိုင်ငံရေးသမားတွေ ထောက်ခံမှု ဘာကြောင့် ရသလာသလဲ၊ သူတို့ကပဲ အလုပ်သမားထုဘက်က အသံထွက်ပေးနေသယောင် ထင်ရသလဲ ဆိုတာကိုလဲ ဒီအခြေအနေနဲ့ ယှဉ်ထိုးကြည့်ရင် မြင်နိုင်တယ်။ ဒီအခြေအနေအတွက် တာဝန်ရှိသူတွေက အလုပ်သမား လူတန်းစား ‘ခေါင်းဆောင်’ ဆိုသူတွေပဲ။
အလုပ်သမား လူတန်းစားရဲ့ ပြုပြင်ရေးဝါဒီ (reformist) ခေါင်းဆောင်တွေဟာ တည်ဆဲ အရင်းရှင်စနစ်အောက် လုံးဝဥဿုံ ဒူးထောက် အရှုံးပေးသွားခဲ့ကြပြီ။ ဗြိတိန်မှာ လေဘာခေါင်းဆောင်တွေဟာ လစ်ဘရယ် ဘူဇွှာ အစိုးရရဲ့ နောက်မြီးဆွဲသက်သက် ဖြစ်နေခဲ့ပြီ။ အရင်းရှင် လူတန်းစား အကျိုးစီးပွားအတွက်သာ သစ္စာရှိရှိ အမှုတော် ထမ်းနေကြပြီ။
ဂျာမနီက ဆိုရှယ်ဒီမိုကရက် ခေါင်းဆောင်တွေလဲ ဒီပုံစံအတိုင်းပဲ ဖြစ်နေပြီ။ ဒါနဲ့ အလားတူပဲ၊ အီတလီက စတာလင်ဝါဒီဟောင်းတွေဟာ ကွန်မြူနစ် ပါတီကို ဖျက်သိမ်းပြီး ဒီမိုကရက်တစ်ပါတီအဖြစ် ဖွဲ့စည်းခဲ့တယ်။ ပါတီ ခေါင်းဆောင်ပိုင်းရဲ့ အတွေးအခေါ်နဲ့ လုပ်ငန်းစဉ်ဟာ လုံးလုံးလျားလျား ဘူဇွှာ အတွေးအခေါ်၊ ဘူဇွှာ လုပ်ငန်းစဉ် ဖြစ်နေခဲ့ပြီ။
အမေရိကန် ပြည်ထောင်စုမှာ အလုပ်သမား သမဂ္ဂ ခေါင်းဆောင်ပိုင်းဟာ အမေရိကန် အုပ်စိုးသူ လူတန်းစားနဲ့ ခေါင်းအစ ခြေအဆုံး တွဲချည်မိလျက်သား ဖြစ်နေပြီ။ ဒီလို အခြေအနေတွေကို နိုင်ငံတိုင်း နိုင်ငံတိုင်းမှာ မြင်နိုင်တယ်။
ဆိုရှယ်လစ်ဇင်လား၊ ဘာဘရစ်ဇင်လား
ထရော့စကီးရဲ့ ရေးသားချက်တွေဟာ ဒီကနေ့ခေတ် အရင်းရှင်စနစ် ရင်ဆိုင်နေရတဲ့ အကျပ်အတည်းတွေကို ထုတ်ဖော်ရေးသားထားတယ်လို့တောင် ထင်ရတယ်။
“လူသားမျိုးနွယ်ရဲ့ ကုန်ထုတ်စွမ်းအားစုတွေဟာ ဖွံ့ဖြိုးမှု တန့်သွားခဲ့ပြီ။ တီထွင်ဖန်တီးမှုအသစ်တွေနဲ့ တိုးတက်မှု အသစ်တွေဟာ ရုပ်ဝတ္ထုပိုင်း ကြွယ်ဝချမ်းသာမှုကို ထပ်မြှင့်တင်ပေးနိုင်စွမ်း မရှိတော့ဘူး။ အရင်းရှင်စနစ် တစုံလုံးရဲ့ လူမှု အကျပ်အတည်းတွေအောက်မှာ အကြောင်းချင်းရာမျိုးစုံနဲ့ ပေါ်ပေါက်လာတဲ့ အကျပ်အတည်းတွေဟာ လူထုကို ပိုပြီး ဆိုးဆိုးဝါးဝါး ချို့တဲ့ လာစေတယ်၊ ဒုက္ခဝန်ထုပ် ပိုကြီးမားလာစေတယ်။ တဖက်မှာလဲ အလုပ်လက်မဲ့တွေ ပိုမို များပြားလာခြင်းကြောင့် နိုင်ငံတော်ရဲ့ ဘဏ္ဍာရေး အကျပ်အတည်းကို ပိုနက်ရှိုင်းလာစေတယ်၊ အစတည်းက မတည်မငြိမ် လှုပ်ခတ်နေတဲ့ ငွေကြေးစနစ်တွေကို ပိုဆိုးသွားစေတယ်”
နောက် အခုလို ထပ်ပြောထားတယ်၊
“ဘူဇွှာ လူတန်းစား ကိုယ်နှိုက်က ထွက်ပေါက်မဲ့နေပြီ […] ဘူဇွှာ လူတန်းစားဟာ စီးပွားရေးနဲ့ စစ်ရေး ပျက်ကပ်တွေဆီ မျက်စိစုံမှိတ်ပြီး လျှောဆင်းသွားခဲ့ပြီ”
“ဆိုရှယ်လစ် တော်လှန်ရေးသာ မဖြစ်ခဲ့ရင် နောက်လာမယ့် သမိုင်းကာလတခုအတွင်းမှာတင် လူသားမျိုးနွယ်ရဲ့ ယဉ်ကျေးမှုကြီး တခုလုံး ပျက်ကပ်ဆိုက်သွားနိုင်တဲ့ အန္တရာယ်ရှိတယ်” လို့ အဲဒီကာလတည်းက ထရော့စကီး သတိပေးခဲ့တယ်။
အဲသည် ပျက်ကပ်ဟာ လူပေါင်း ငါးဆယ့် ငါးသန်း အသက်ဆုံးခဲ့ရတဲ့ ဒုတိယကမ္ဘာစစ်အသွင်နဲ့ အကောင်အထည် ပေါ်လာခဲ့တယ်။ ဂျူးလူမျိုးတုန်း သတ်ဖြတ်ခံရမှု အနိဋ္ဌာရုံတွေ၊ နိုင်ငံပေါင်းများစွာကို သက်ရောက်ထိခိုက်စေခဲ့တဲ့ အထွေထွေ ပျက်ကိန်းကြီးအဖြစ် အကောင်အထည် ပေါ်လာခဲ့တယ်။
ဒီကနေ့ လက်ငင်း ကာလမှာ ကမ္ဘာစစ်ကြီး တရပ်နဲ့ ရင်ဆိုင်နေရတာတော့ မဟုတ်ဘူး။ သို့ပေမဲ့လဲ ကမ္ဘာ့နေရာ အတော်များများမှာ ဒေသတွင်း စစ်ပွဲတွေ၊ ပြည်တွင်းစစ်ပွဲတွေ၊ လက်နက်ကိုင် အုံကြွမှုတွေ၊ အကြမ်းဖက် တိုက်ခိုက်မှုတွေနဲ့ တင်းကြမ်း ပြည့်နှက်နေတယ်။
လက်ရှိ ကမ္ဘာ့ အရင်းရှင်စနစ် အကျပ်အတည်းဟာ ကျနော်တို့ကို ဆိုရှယ်လစ်စနစ်လား၊ ရက်စက်ကြမ်းတမ်းသော လူရိုင်းစနစ် ဘာဘရစ်ဇင်လားဆိုတဲ့ ရွေးလမ်းနှစ်သွယ် ရှေ့မှောက် နောက်တဖန် ရောက်ရှိသွားစေတယ်။ ဘာဘရစ်ဇင်ရဲ့ အငွေ့အသက်တွေကို စစ်ပွဲနဲ့ ပြည်တွင်းစစ်တွေမှာ စတွေ့နေရပြီ၊ ကမ္ဘာ့နေရာ အသီးသီးမှာ ပုံမှန်လိုလို ဖြစ်ပွားနေတဲ့ အငတ်ဘေးတွေ၊ တနေ့တခြား ကြီးထွားဆိုးရွားလာနေတဲ့ ဆင်းရဲမွဲတေမှုတွေနဲ့အတူ တွဲလျက်ပါလာတဲ့ အကြမ်းဖက်မှုနဲ့ ရာဇဝတ်မှုတွေမှာလဲ ဘာဘရစ်ဇင်ရဲ့ အငွေ့အသက်တွေ တွေ့နေရပြီ။
၂၀၁၁ ခုနှစ် အာရပ်နွေဦးတော်လှန်ရေးကနေစလို့ ၂၀၂၃ သီရိလင်္ကာ တော်လှန်ရေး အုံကြွမှုကြီးတွေ၊ ၂၀၂၄ ဘင်္ဂလားဒေ့ရှ် တော်လှန်ရေးနဲ့ လက်ရှိကာလ နီပေါလ် တော်လှန်ရေး၊ အင်ဒိုနီးရှား တော်လှန်ရေးတွေအထိ နိုင်ငံပေါင်းများစွာက လူထု လူတန်းစား တိုက်ပွဲကြီးတွေနဲ့ တော်လှန်ရေးတွေမှာ ဆိုရှယ်လစ် စနစ်ရဲ့ အလားအလာတွေကိုလဲ ကျနော်တို့ မြင်တွေ့ခဲ့ရတယ်။
လုပ်ငန်းစဉ် (Programme) တရပ် လိုအပ်တယ်
ပြဿနာတွေထဲက အဓိက ပြဿနာကတော့ “ဒီလို လူထု လှုပ်ရှားမှုတွေကို ဆိုရှယ်လစ် တော်လှန််ရေး လမ်းကြောင်းအတိုင်း အရင်းရှင်စနစ်ကို အောင်မြင်စွဲ ဖြိုလှဲဖျက်ဆီးပစ်နိုင်အောင် ဘယ်လို လမ်းညွှန်ပြနိုင်မလဲ” ဆိုတဲ့ ပြဿနာပဲ။ တော်လှန်သော ကွန်မြူနစ်တွေရဲ့ လုပ်ငန်းစဉ် (programme) ကနေ လူထုတရပ်လုံးရဲ့ လုပ်ငန်းစဉ်အဖြစ် ဘယ်လို ကူးပြောင်းသွားနိုင်မလဲ။ ဒီပြဿနာတွေဟာ Transitional Programme ရဲ့ အသက်သွေးကြော ဖြစ်တယ်။
၁၉၃၈ မတ်လ၊ အမေရိကန် ထရော့စကီးဝါဒီ ခေါင်းဆောင်တွေနဲ့ ဆွေးနွေးပွဲမှာ ထရော့စကီးက Transitional Programme ကို အခုလို ရှင်းပြခဲ့တယ်။
“ [Transitional Programme ရဲ့ ရည်ရွယ်ချက်က]… ယေဘုယျ စိတ်ကူးထည်သဘော ဖော်မြူလာတွေ ထုတ်နေဖို့ မဟုတ်ဘူး၊ လက်တွေ့ လှုပ်ရှားမှုနဲ့ တောင်းဆိုချက် လိုလားချက်တွေအတွက် အခိုင်အမာ လုပ်ငန်းစဉ်တရပ် ဖော်ဆောင်ဖို့သာ ဖြစ်တယ်။ သဘောကတော့ ဒီ အကူးအပြောင်း လုပ်ငန်းစဉ် (Transitional Programme) ဟာ ဒီကနေ့ခေတ် အရင်းရှင်လူ့အဖွဲ့အစည်းတွင်း အခြေအနေတွေကနေ ထွက်ပေါ်လာပြီး အရင်းရှင်စနစ်ရဲ့ အကန့်အသတ်တွေကို ချက်ချင်း ခုန်ကူး ကျော်လွှားသွားမယ် . . .”
“ဒီတောင်းဆိုချက်တွေဟာ အကူးအပြောင်းသဘော ဆောင်တယ်၊ အကြောင်းကတော့ ဒီတောင်းဆိုချက်တွေဟာ အရင်းရှင် လူ့အဖွဲ့အစည်းကို ပစ္စည်းမဲ့ တော်လှန်ရေးတရပ်ဆီ ဆောင်ကျဉ်းသွားလို့ ဖြစ်တယ်။ တဆက်တည်းမှာပဲ ဒီတောင်းဆိုချက်တွေဟာ ပစ္စည်းမဲ့ အစိုးရ ဖြစ်လာသော လူထုရဲ့ တောင်းဆိုချက်တွေဖြစ်လာမယ်”
“ပစ္စည်းမဲ့ လူတန်းစားရဲ့ နိစ္စဓူဝ တောင်းဆိုချက်တွေ အဆင့်လောက်မှာတင် တဝဲလည်လည် ဖြစ်နေလို့ မရဘူး။ အသိအမြင် နောက်အကျဆုံး အလုပ်သမားတွေအတွက် သူတို့ရဲ့ လိုအပ်ချက်တွေနဲ့ အဟပ်ညီတဲ့ အခိုင်အမာ ကြွေးကြော်သံတွေ ပေးစွမ်းရမယ်။ ဒီကနေမှ အာဏာသိမ်းယူရေးဆီ ဒိုင်ယာလက်တစ်နည်းကျ ဦးတည်သွားစေရမယ်”
အဓိကအကျဆုံး အမြင်ကတော့ တော်လှန်ရေးပါတီဟာ ငွေကြေးဖောင်းပွမှု၊ လုပ်ခလစာ နိမ့်ကျမှု၊ အလုပ်ချိန် ရှည်ကြာမှု၊ နေထိုင်မှုစရိတ် မြင့်မားခြင်း၊ ကျန်းမာရေးနဲ့ ပညာရေးစရိတ်ကြီးလေးခြင်း စတာတွေလို အလုပ်သမား လူတန်းစား ရင်ဆိုင်နေရတဲ့ လက်ငင်း ပြဿနာတွေကနေ စတင်ရမယ်။
ဒါပေမဲ့ ဒီလောက်နဲ့ ရပ်နေလို့တော့ မရဘူး။ ဒီလောက်နဲ့ ရပ်လိုက်ရင် တော်လှန်ရေး ပါတီရဲ့ ပရိုဂရမ်ဟာ “အမြင့်ဆုံး လုပ်ငန်းစဉ်”ဖြစ်တဲ့ ဆိုရှယ်လစ်အရေးနဲ့ ကင်းပြတ်နေသော ဒုတိယ အင်တာနေရှင်နယ်ဟောင်းရဲ့ စံပြ “အနိမ့်ဆုံး လုပ်ငန်းစဉ်” အဆင့်လောက်ပဲ ဖြစ်သွားမယ်။ ဒီလိုဆိုရင် ကျနော်တို့လဲ ပြုပြင်ရေးဝါဒ (reformism) နွံအိုင်ထဲ ဆုံးဆုံး မြုပ်သွားလိမ့်မယ်။
ဒီလို ဖြစ်လို့ မရဘူး။ တော်လှန်သော ပါတီတရပ်ဟာ လက်ငင်း ပြဿနာတွေကနေ အစပြုပြီး ဖြေရှင်းချက်ပေးနိုင်မယ့် တောင်းဆိုချက်တွေ ကြွေးကြော်ဖို့ တာဝန်ရှိတယ်၊ သို့ပေမဲ့ ဒီတောင်းဆိုချက်တွေကိုသာ လက်တွေ့ အကောင်အထည် ဖော်မယ်ဆိုရင် အလုပ်သမား လူတန်းစားကိုယ်တိုင် အာဏာ သိမ်းယူနိုင်မှ ရမယ်ဆိုတဲ့ လိုအပ်ချက်နဲ့ အမြဲတမ်း ချိတ်ဆက်ထားရမယ်။
ဆိုရှယ်လစ် တော်လှန်ရေးဆင်နွှဲပြီး အရင်းရှင်စနစ်ကို ဖြိုချပစ်ဖို့ဆိုရင် အလုပ်သမားထုကြီးနဲ့ ကင်းကွာနေတဲ့ အဖွဲ့အစည်းငယ်လေး အဆင့်လောက်နဲ့တော့ အလုပ်ဖြစ်မှာ မဟုတ်ကြောင်း ကျနော်တို့ နားလည်ထားရမယ်၊ ဆိုရှယ်လစ် တော်လှန်ရေးကို လူထုကြီး ကိုယ်တိုင်ကသာ အောင်အောင်မြင်မြင် ဆင်နွှဲနိုင်တယ်။
မာ့က်စ် ရှင်းပြခဲ့ဖူးသလိုပဲ “အလုပ်သမား လူတန်းစား လွတ်မြောက်ရေးဆိုတာ အလုပ်သမား လူတန်းစားကိုယ်တိုင် တိုက်ယူမှ ရမယ့် အရာဖြစ်တယ်”။ “သီအိုရီတရပ်ဟာ လူထုကို စည်းရုံးသိမ်းသွင်းထားနိုင်တာနဲ့ တပြိုင်နက် ရုပ်ဝတ္ထု အင်အားတရပ်အဖြစ် အကောင်အထည် ပေါ်လာတယ်” လို့လဲ မာ့က်စ်က ရှင်းပြခဲ့တယ်။
တော်လှန်သော အသိစိတ်
အလုပ်သမား လူတန်းစားဟာ လူ့အဖွဲ့အစည်းကို ပြောင်းလဲပစ်နိုင်စွမ်းရှိတဲ့ တခုတည်းသော လူတန်းစား ဖြစ်တယ်။ ဒါပေမဲ့ ဒီလို ပြောင်းလဲပစ်နိုင်ဖိုဆိုရင် အလုပ်သမား လူတန်းစားဟာ သူရင်ဆိုင်နေရတဲ့ တာဝန်တွေကို ရှင်းလင်းပြတ်သားစွာ နားလည်နေဖို့ လိုအပ်တယ်။ အလုပ်သမား လူတန်းစားဟာ နေ့ချင်းညချင်း တော်လှန်ရေး ကောက်ချက်တွေ ဆွဲနိုင်လာတာ မဟုတ်ဘူး။ အလုပ်သမား လူတန်းစားဟာ အလုပ်ခွင်တွင်းက လက်ငင်း တောင်းဆိုချက်တွေနဲ့ တိုက်ပွဲတွင်း ဝင်ရောက်လာတာ ဖြစ်တယ်။ တော်လှန်သော ကွန်မြူနစ်တွေ အစပြုရမယ့် စမှတ်ဟာ ဒီနေရာပဲ။
ဒါပေမဲ့ ကျနော်တို့ဟာ အဲဒီ လက်ငင်း တောင်းဆိုချက်တွေမှာတင် ကန့်သတ်မထားဘူး။ ကျနော်တို့ဟာ အလုပ်သမားထုရဲ့ တိုက်ပွဲတွေအတွင်း ရင်ဘောင်တန်း ပါဝင်တယ်။ ဒါပေမဲ့ ရေရှည်မှာ အလုပ်သမားထုရဲ့ ပြဿနာတွေကို အပြီးတိုင် ဖြေရှင်းပေးလို့မရအောင် ပိတ်ဆို့ထားတဲ့ အတားအဆီးဟာ အရင်းရှင် စနစ်သာ ဖြစ်တယ်ဆိုတဲ့ သဘောတရားကို အမြဲ ဖော်ထုတ်နေရမယ်။
အရင်းရှင် စနစ်အောက်က အလုပ်သမား လူတန်းစားရဲ့ နိစ္စဓူဝ တိုက်ပွဲတွေသာ မရှိဘူးဆိုရင် ဆိုရှယ်လစ် တော်လှန်ရေး အဆုံးသတ် အောင်ပွဲဆိုတာ စိတ်ကူးကြည့်လို့တောင် မရဘူး။ အလုပ်သမား လူတန်းစားဟာ ဒီတိုက်ပွဲ အတွေ့အကြုံတွေကို ဖြတ်သန်းရင်းမှသာ သူတို့ ရင်ဆိုင် တိုက်ပွဲဝင်နေတဲ့ စနစ်ရဲ့ တကယ့် သဘောသဘာဝကို နားလည် သဘောပေါက်လာတာ ဖြစ်တယ်။
အလုပ်သမားထုဟာ အတွေ့အကြုံများစွာ စုဆောင်းရင်း အရင်းရှင်စနစ် တစုံလုံးကိုသာ ဖြိုချနိုင်ခြင်း မရှိခဲ့ရင် လုပ်ခလစာ တိုးမြှင့်ရေး၊ အလုပ်ချိန် လျှော့ချရေးစတဲ့ ပြုပြင်ပြောင်းလဲမှုတွေ၊ အောင်ပွဲတွေကို ရေရှည် ထိန်းသိမ်းထားလို့ မရကြောင်း အချိန်နဲ့အမျှ နားလည်စ ပြုလာတယ်။
ဒီပြဿနာတွေနဲ့ ပတ်သက်လို့ ဂိုဏ်းဂဏဆန်တဲ့ သို့မဟုတ် လက်ဝဲစွန်းဆန်တဲ့ ရပ်တည်ချက်မျိုး တော်လှန်သော ကွန်မြူနစ်တွေမှာ မရှိဘူး။ ဆိုလိုတဲ့ သဘောက ကျနော်တို့ ကွန်မြူနစ်တွေဟာ လုပ်သားထုကြီးနဲ့ သီးခြားကင်းကွာပြီး မရပ်တည်ဘူး။ အရင်းရှင် စနစ် ဖြိုချရေးနဲ့ ခေတ်ပြောင်း တော်လှန်ရေး လိုအပ်ကြောင်း နားမလည်လို့ အလုပ်သမားထုကို ကျနော်တို့ အထင်မသေးဘူး။
အလုပ်သမား လူတန်းစားထုဟာ အတွေ့အကြုံတွေကနေ သင်ယူတာ ဖြစ်ကြောင်း ကွန်မြူနစ်တွေ ကောင်းကောင်း နားလည်တယ်။ ဒါကြောင့် ကျနော်တို့ ကွန်မြူနစ်တွေက အလုပ်သမားထုရဲ့ နိစ္စဓူဝ တိုက်ပွဲတွေမှာ ရင်ဘောင်တန်း ပါဝင်တယ်။ အလုပ်သမားထုဟာ ဒီလို တိုက်ပွဲဝင်ရင်း အတွေ့အကြုံတွေ ရလာကြတယ်။ ဒါ့အပြင် ကျနော်တို့ ကွန်မြူနစ်တွေဟာ တိုက်ပွဲ အဆင့်တိုင်းမှာ အလုပ်သမားထု သုံးသပ်ရရှိလာတဲ့ ကောက်ချက်တွေအပေါ် အခြေခံပြီး အလုပ်သမားထုရဲ့ သိမြင်နားလည်မှု အဆင့်အတန်း မြင့်မားလာအောင် ကြိုးပမ်းကြတယ်။
တချိန်တည်းမှာပဲ တည်ဆဲ စနစ်အပေါ် စိတ်ကူးယဉ် အတွေးမှားတွေ ဝင်လာအောင် မလုပ်ဘူး၊ ဒီစနစ်ရဲ့ သရုပ်မှန်ကို အလုပ်သမားထု ရှေ့မှာ ဖွင့်ချတာပဲ လုပ်တယ်။
Demands အရေးဆိုချက်များ
အကူးအပြောင်း ပရိုဂရမ်မှာ နိုင်ငံတခုချင်းဆီက အခိုင်အမာ အခြေအနေတွေကို ထည့်သွင်းစဉ်းစားပြီး အခြေအနေ မတူညီတဲ့အလျောက် ထွက်ပေါ်လာတဲ့ အရေးဆိုချက်တွေ ထည့်သွင်းထားတယ်။ အကူးအပြောင်း ပရိုဂရမ် မှာ ဖွံ့ဖြိုးပြီး အရင်းရှင်နိုင်ငံတွေ၊ အကြီးစား စက်ရုံကြီးတွေမှာ အလုပ်သမားများစွာ စုစည်းမိနေတဲ့ စက်မှု နိုင်ငံကြီးတွေမှာ လက်တွေ့ အသုံးချရမယ့် အရေးဆိုချက်တွေ ပါဝင်တယ်။
ဒါ့အပြင် စက်မှုလုပ်ငန်း တိုးတက်မှု နောက်ကျနေသေးပြီး လူဦးရေ အတော်များများဟာ ကျေးလက်တောရွာတွေမှာ လယ်သမားဘဝနဲ့ နေထိုင်နေကြဆဲ ဖြစ်တဲ့ နိုင်ငံတွေအတွက်လဲ အရေးဆိုချက်တွေ ဖော်ထုတ်ထားတယ်။ လူထုကြီးကို စည်းရုံးလှုံ့ဆော်ရာမှာ ဒီမိုကရေစီ ကြွေးကြော်သံတွေက အခန်းကဏ္ဍတရပ်အနေနဲ့ ပါဝင်နိုင်တဲ့ ဖက်ဆစ်အုပ်စိုးမှုအောက်က နိုင်ငံတွေအတွက်လဲ သီးခြား အရေးဆိုချက်တွေကို ဖော်ထုတ်ပေးထားတယ်။
စတာလင်နစ် ဗျူရိုကရေစီက နိုင်ငံရေးအာဏာကို မတရားသဖြင့် ရယူထားတဲ့ ဆိုဗီယက် ယူနီယံအတွက် သီးသန့် ကဏ္ဍတရပ်ကိုပါ အကူးအပြောင်း ပရိုဂရမ် မှာ ထည့်သွင်းထားတယ်။ ‘နိုင်ငံရေးဆိုင်ရာ တော်လှန်ရေး’ တရပ် လိုအပ်ကြောင်း ထရော့စကီး ဖော်ထုတ်ကြွေးကြော်ခဲ့တယ်။ ဆိုလိုတဲ့ သဘောက ၁၉၂၇ အောက်တိုဘာ တော်လှန်ရေးကနေ အောင်သီးအောင်ပွင့်အဖြစ် ရရှိထားတဲ့ ဗဟိုဦးစီး စီမံကိန်း စီးပွားရေးစနစ်ကို ဆက်ထိန်းသိမ်းထားပြီး တချိန်တည်းမှာပဲ အလုပ်သမား လူတန်းစားက အာဏာကို ပြန်လည် သိမ်းပိုက်နိုင်အောင် တော်လှန်ရေး ဆင်နွှဲဖို့ ဖြစ်တယ်။ ဒါသည်သာ လူ့အဖွဲ့အစည်းကို စစ်မှန်တဲ့ ကွန်မြူနစ်စနစ်ဆီ ဆက်လက်ချီတက်စေမယ့် တခုတည်းသော နည်းလမ်း ဖြစ်တယ်။
အကူးအပြောင်းသဘောဆောင်တဲ့ အရေးဆိုချက်တွေ (transitional demands) အဓိက အနှစ်သာရကတော့ အလုပ်သမား လူတန်းစား ရင်ဆိုင်နေရတဲ့ ပြဿနာတွေနဲ့ တိုက်ရိုက် ဆက်နွှယ်နေခြင်းပဲ ဖြစ်တယ်။
တဟုန်ထိုး တက်နေတဲ့ ငွေကြေးဖောင်းပွမှု ဒဏ်ကို ခံနေရတဲ့အခါ ကုန်ဈေးနှုန်းအလိုက် လုပ်ခလစာကို လိုက်ညှိပေးဖို့ တောင်းဆိုချက် (Sliding scale of wages) ဟာ လုပ်ခလစာ တန်ဖိုးကျဆင်းနေတဲ့ လက်ငင်း ပြဿနာကို ဖြေရှင်းပေးတယ်။ လုပ်ခလစာ မလျှော့ဘဲ အလုပ်ချိန်ကို လျှော့ချပေးဖို့ တောင်းဆိုချက် — ဒါမှမဟုတ် ဒီနေ့ခေတ် ကျနော်တို့ တောင်းဆိုကြသလို တပတ်တာ အလုပ်ချိန်ကို လျှော့ချပေးဖို့ တောင်းဆိုချက် (Sliding scale of hours) ဟာလဲ အလုပ်လက်မဲ့ ပြဿနာကို အဖြေရှာပေးတယ်။ အလုပ်အကိုင် နေရာ အလုံအလောက် မရှိဘူးဆိုရင် လူတိုင်း အလုပ်ရနိုင်အောင် အလုပ်ချိန်တွေကို ခွဲဝေပေးလိုက်ရုံပဲ။
သို့ပေမဲ့ အကူးအပြောင်းသဘောဆောင်တဲ့ အရေးဆိုချက်တွေဟာ ဒီလို လက်ငင်း ပြဿနာတွေလောက်မှာတင် တန့်မသွားဘူး။ ဒီလိုလားချက်တွေ ရရှိဖို့နဲ့ ရေရှည် ထိန်းသိမ်းထားနိုင်ဖို့အတွက် အလုပ်သမား လူတန်းစားအနေနဲ့ ဆိုရှယ်လစ် တော်လှန်ရေး ဆင်နွှဲပြီး တည်ဆဲစနစ် တစုံလုံးကို ဖြိုချပစ်နိုင်မှ ရမယ်ဆိုတဲ့ အချက်နဲ့ ချိတ်ဆက်ထားတယ်။
ပြုပြင်ရေးဝါဒအလွန်
အရင်းရှင်စနစ်ကို ဖြည်းဖြည်းချင်း ပြုပြင်ဖာထေးသွားလို့ ရတယ်ဆိုတဲ့ အမြင်မှားမှုဟာ အလုပ်သမား လူတန်းစား လှုပ်ရှားမှုအပေါ် ဆယ်စုနှစ်များစွာ လွှမ်းမိုးထားခဲ့တယ်။ ဒါပေမဲ့ လက်ရှိအချိန်မှာတော့ ဒီအမြင်မှားမှုဟာ ပြိုကျစပြုလာပြီ။
၂၀၀၈ ဘဏ္ဍာရေး ပျက်ကပ်အပြီး အလုပ်သမား လူတန်းစားအပေါ် အတင်းအကြပ် ခြိုးခြံရေး (austerity) အစီအမံတွေ ကျင့်သုံးလာခဲ့တယ်။ ဒီမတိုင်ခင် ကာလအတွင်း မကြုံဖူးလောက်အောင် မြင့်မြင့်မားမား စုပြုံလာခဲ့တဲ့ ကြွေးမြီပြဿနာကို အရင်းရှင် လူတန်းစားက ဒီနည်းလမ်းနဲ့ ဖြေရှင်းဖို့ ကြိုးစားခဲ့တယ်။
အတင်းအကြပ် ခြိုးခြံရေး ပေါ်လစီရဲ့ သက်ရောက်ရိုက်ခတ်မှုကို အတိုချုံး ဖော်ပြဖို့အတွက် စာရင်းဇယားတခုပဲ ထုတ်ပြပါမယ်၊ ၂၀၀၉ ခုနှစ်ကစလို့ ဥရောပ သမဂ္ဂ နိုင်ငံတွေမှာ ကျင့်သုံးခဲ့တဲ့ အတင်းအကြပ် ခြိုးခြံရေး မူဝါဒတွေကြောင့် သာမန် နိုင်ငံသား တဦးချင်းရဲ့ အမှန်တကယ် ဝယ်ယူစားသုံးနိုင်စွမ်း (Real purchasing power) ဟာ ယူရို ၃,၀၀၀ ခန့် ဆုံးရှုံး နစ်နာသွားခဲ့တယ်။ ဘယ်နေရာကြည့်ကြည့် လူတိုင်းရဲ့ တကယ်တမ်း သုံးစွဲနိုင်တဲ့ ဝင်ငွေတန်ဖိုးဟာ ဆိုးဆိုးဝါးဝါး ကျဆင်းသွားခဲ့တယ်။
ဒါရဲ့ ဖိအား အကျိုးသက်ရောက်မှုက မရပ်မနား ဆက်ရှိနေတုန်းပဲ။ EU အဖွဲ့ဝင် နိုင်ငံတွေအနေနဲ့ သူတို့အားလုံး သဘောတူ လက်မှတ်ရေးထိုးထားတဲ့ စာချုပ်ထဲကအတိုင်း ဂျီဒီပီနဲ့ နိုင်ငံတော်ကြွေးမြီ အချိုး (Government debt-to-GDP ratio) ကို ၆၀ ရာခိုင်နှုန်းအထိ လျှော့ချနိုင်ဖို့ဆိုရင် ၂၀၇၀ ပြည့်နှစ်အထိ အစိုးရရဲ့ အများပြည်သူဆိုင်ရာ အသုံးစရိတ်တွေကို ၂ ရာခိုင်နှုန်းစီ နှစ်တိုင်း ဖြတ်တောက်သွားရမယ်လို့ တွက်ချက်ထားကြတယ်။
နောက်လာမယ့် မျိုးဆက် နှစ်ဆက် သုံးဆက်စာလောက်အထိ အတင်းအကြပ် ခြိုးခြံရေး အစီအမံတွေ အမြဲတမ်း ကျင့်သုံးနေဦးမယ့် သဘောပဲ။ ဆိုလိုတာက လုပ်ခလစာရဲ့ အမှန်တကယ် ဝယ်ယူစားသုံးနိုင်စွမ်း အကြီးအကျယ် ကျဆင်းသွားရုံတင်မကဘဲ ကျန်းမာရေး၊ ပညာရေး၊ လူမှုအိမ်ရာ၊ ပင်စင်လစာ စတာတွေ — အနှစ်ချုပ်ရရင် ယဉ်ကျေးတဲ့ လူ့အဖွဲ့အစည်းအဖြစ် ရပ်တည်နိုင်ဖို့ ဖန်တီးပေးထားသမျှ အရာအားလုံးကို ဖျက်ဆီးပစ်တာလဲ ဖြစ်တယ်။
ဒီအခြေအနေအပေါ် ပထမဆုံး တုံ့ပြန်မှုတွေကိုတော့ ၂၀၁၄-၁၅ ဝန်းကျင်ကနေ အစပြုလာတဲ့ ကာလတွေမှာ မြင်တွေ့ခဲ့ရတယ်။
ဒီကာလဟာ စပိန်နိုင်ငံက Podemos လို နိုင်ငံရေး အင်အားစုသစ်တွေ ထွက်ပေါ်လာတဲ့ ကာလဖြစ်ခဲ့တယ်။ ဂရိနိုင်ငံက SYRIZA လိုမျိုး အရင်က လူသိနည်းခဲ့တဲ့ ပါတီတွေ ရေပန်းစားလာတဲ့ ကာလလဲ ဖြစ်တယ်။ ဗြိတိန်မှာ လေဘာ ပါတီက လက်ဝဲဘက်ကို ရက်ဒီကယ်ကျကျ ယိမ်းသွားခဲ့ပြီး အဲဒီကာလအတွင်း ဂျယ်ရမီ ကော်ဘင်က ပါတီခေါင်းဆောင် ဖြစ်လာခဲ့တယ်။ အမေရိကန် ပြည်ထောင်စုမှာလဲ “ဘီလီယံနာ လူတန်းစား” ကို “နိုင်ငံရေးအရ တော်လှန်ဆန့်ကျင်ကြဖို့” ပြောဆိုခဲ့တဲ့ ဘာနီ ဆန်းဒါးဇ် (Bernie Sanders) လို ပုဂ္ဂိုလ်မျိုး အင်မတန် ရေပန်းစား လူကြိုက်များလာခဲ့တယ်။
စိတ်မကောင်းစရာကတော့ ဒီပုဂ္ဂိုလ်တွေနဲ့ နိုင်ငံရေးအင်အားစုတွေဟာ သူတို့ကို မျှော်လင့်တကြီး အားကိုးခဲ့ကြတဲ့ သန်းပေါင်းများစွာသော အလုပ်သမားတွေနဲ့ လူငယ်ထုကို နည်းလမ်းမျိုးစုံနဲ့ အကြီးအကျယ် စိတ်ပျက်အောင် လုပ်ခဲ့ကြတယ်။ ဂရိနိုင်ငံမှာ SYRIZA ခေါင်းဆောင်တွေဟာ အစိုးရအဖွဲ့ ဖွဲ့စည်းပြီးနောက်မှာ လူထုက ကန့်ကွက်မဲပေးခဲ့ကြတဲ့ မူဝါဒတွေကို သူတို့ကိုယ်တိုင်ကပဲ ပြန်ပြီး အကောင်အထည်ဖော်ခဲ့ကြတယ်။
စပိန်နိုင်ငံမှာလဲ Podemos ဟာ အရင်မူဝါဒဟောင်းတွေကိုပဲ ကျင့်သုံးတဲ့ ညွန့်ပေါင်းအစိုးရအဖွဲ့တွေထဲ ပါဝင်သွားခဲ့တယ်။ ကော်ဘင်ဟာ လေဘာပါတီတွင်းက လက်ယာသမားတွေရဲ့ စနစ်တကျ တိုက်ခိုက်မှုကို ရင်ဆိုင်ခဲ့ရပေမဲ့ ပြန်လည်တိုက်ပွဲဝင်ဖို့ ပျက်ကွက်ခဲ့တယ်။ အမေရိကန်မှာလဲ ဆန်းဒါးဇ်ဟာ ဒီမိုကရက်တစ် ပါတီ ထိပ်သီး ခေါင်းဆောင်တွေရှေ့ လုံးဝ လက်နက်ချ အရှုံးပေးသွားခဲ့တယ်။
ဒီအခြေအနေဟာ လူထုကြား စိတ်ပျက်အားလျော့မှုတွေ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပေါ်စေခဲ့တယ်။ ဒါပေမဲ့ တဖက်မှာလဲ ဘာကြောင့် ဒီလိုအခြေအနေမျိုး ဖြစ်ပျက်ခဲ့ရသလဲ ဆိုတဲ့ အဖြေကို ရှာဖွေဖို့ (အထူးသဖြင့် လူငယ်ထုကြားထဲက) အလွှာတရပ်ကို တွန်းအားပေးလိုက်သလို ဖြစ်သွားခဲ့တယ်။ ဒါဟာ ကွန်မြူနစ် အယူအဆအပေါ် စိတ်ဝင်စားမှုတွေ တဟုန်ထိုး မြင့်တက်လာရတဲ့ အကြောင်းရင်းလဲ ဖြစ်တယ်။
mainstream မီဒီယာတွေက ကွန်မြူနစ်ဝါဒ သေဆုံးသွားပြီ၊ မာ့က်စ်ဝါဒ ဆိုတာ ဒီနေ့ခေတ်ကမ္ဘာနဲ့ ဘာမှမဆိုင်တော့တဲ့ အတိတ်က အရာတခုပဲ ဖြစ်တယ်လို့ ဝါဒဖြန့်နေကြပေမဲ့၊ ကြီးမားလှတဲ့ လူငယ် အလွှာတခုကတော့ အရင်းရှင်စနစ်ကို ပြဿနာတခုအဖြစ် မြင်နေကြပြီ။ ဒါ့အပြင် လူ့အဖွဲ့အစည်းတရပ်လုံး ဘာကြောင့် ဒီလို ထွက်ပေါက်မဲ့ အခြေအနေဆိုက်နေရသလဲ ဆိုတာကို နားလည်နိုင်အောင် ကြိုးစားနေကြတယ်။
တော်လှန်သော ကွန်မြူနစ်ဝါဒ
ဒီအခြေအနေ နောက်ခံမှာ မြောက်မြားလှစွာသော အလုပ်သမားတွေနဲ့ လူငယ်တွေဟာ ပစ္စက္ခ အကျပ်အတည်းနဲ့ ပတ်သက်လို့ ရှေ့နောက်ညီညွတ်စွာ သိပ္ပံနည်းကျ ဖြေရှင်းချက်ပေးနိုင်တဲ့ တခုတည်းသော အယူအဆဆီ ဦးတည်မိသွားကြတယ်။ အဲဒါကတော့ မာ့က်စ်ဝါဒ အတွေးအမြင်၊ သိပ္ပံနည်းကျ ဆိုရှယ်လစ်ဝါဒ အတွေးအမြင်တွေပဲ။
အရင်းရှင်စနစ်ဟာ ကျနော်တို့ ရနိုင်သမျှထဲ အကောင်းဆုံးနဲ့ ဖြစ်နိုင်ခြေ အရှိဆုံး လူ့အဖွဲ့အစည်း ပုံစံလို့ ဘယ်လိုပဲ သက်သေပြဖို့ ကြိုးစားကြပါစေ၊ ရှေ့တန်းအရောက်ဆုံးနဲ့ တွေးခေါ်မှု အမြင့်မားဆုံး လူငယ်အလွှာနဲ့ အလုပ်သမား လူတန်းစား အလွှာတွေကို တော်လှန်ရေး ထွက်ပေါက်တရပ် ရှာဖွေလာအောင် အကျပ်အတည်းဆိုက်နေတဲ့ အဲဒီအရင်းရှင်စနစ်က တွန်းပို့ပေးနေခြင်း ဖြစ်တယ်။
မာ့က်စ်ရဲ့ နာမည်ကျော် စကားတခွန်းရှိတယ်။ “ဒဿနိက ပညာရှင်တွေဟာ ကမ္ဘာလောကကြီးကို အဓိပ္ပါယ်ဖွင့်ဆိုရုံသာ လုပ်ခဲ့ကြတယ်။ တကယ်တမ်း အရေးကြီးတာက ဒီကမ္ဘာလောကကြီးကို ပြောင်းလဲပစ်ရေးပဲ ” ။
ဒီနေရာမှာ မာ့က်စ်က လောကအမြင် ဒဿနကို လုံးလုံးလျားလျား ပယ်ချနေတာ မဟုတ်ဘူး။ မာ့က်စ်ဝါဒ ကိုယ်နှိုက်က ဒဿနအမြင် တရပ်ပဲ။ ဒီနေရာမှာ မာ့က်စ်ဆိုလိုတဲ့ သဘောက လောကကမ္ဘာကြီးကို အဓိပ္ပါယ်ဖွင့်ဆိုရုံ၊ လေ့လာဆန်းစစ်ကြရုံလောက်နဲ့ ရပ်မနေကြဖို့ ပြောချင်တာ ဖြစ်တယ်။ ကျနော်တို့ဟာ ကမ္ဘာလောကကို ပြောင်းလဲပစ်ရေး တိုက်ပွဲမှာ တက်ကြွစွာ ပါဝင်ကြတယ်။
ဒါကမှ တော်လှန်သော ကွန်မြူနစ်ဝါဒရဲ့ တကယ့် အနှစ်သာရ ဖြစ်တယ်။
မူရင်းဆောင်းပါး – The Transitional Programme : The method of Marxism in a time of crisis by Fred Weston
ဘာသာပြန် – ရှင်မင်းဟန်