The Struggle မဂ္ဂဇင်း အမှတ် (၁၅) ထွက်ပြီ

ဒီတခေါက် issue မှာတော့ မာ့က်စ်ဝါဒ အခြေခံ သဘောတရားတွေကို ခုခံကာကွယ်ရင်း Marxist method ကို လက်တွေ့ အသုံးပြုထားတဲ့ ဆောင်းပါးတွေ ဖော်ပြထားတာ တွေ့ရမယ်။ ဒါ့ကြောင့် The Struggle အမှတ် (၁၅)ရဲ့ central theme ကို “In Defence of Genuine Marxism” လို့ အမည်တပ်ထားခြင်း ဖြစ်ပါတယ်။

မာ့က်စ်ဝါဒကို အခြေခံကနေ ပြန်လည်ပြင်ဆင်ခဲ့သူတွေက သူတို့ကိုယ်သူတို့ မာ့က်စ်ဝါဒီ သို့မဟုတ် မာ့က်စ်လီနင်ဝါဒီတွေလို့ ကြွေးကြော်ခဲ့ကြတယ်။ အဲဒီ revisionist caricature ကို ကနေ့ထိ မာ့က်စ်ဝါဒစစ်စစ်လို့ ထင်နေကြဆဲ ဖြစ်တယ်။ တခါ သူတို့ကပဲ စစ်မှန်သော မာ့က်စ်ဝါဒ သဘောတရားတွေကို ခုခံကာကွယ်ခဲ့သူ လီယွန် ထရော့စကီးကို ပြန်လည်ပြင်ဆင်ရေးသမားအဖြစ် ပုံဖျက်ဆဲရေးခဲ့ကြတယ်။ ထရော့စကီးဝါဒ ဆိုတာ ဘာမှန်း မသိဘဲ မျိုးဆက်သစ် လူငယ်‌တွေကြား သရဲ တစ္ဆေကြီးလို ခြောက်လှန့်ထားခဲ့ကြတယ်။

ဒါ့ကြောင့် ထရော့စကီးဝါဒ ဆိုတာ ဘာလဲ၊ ဘယ်ဟာကတော့ ထရော့စကီးဝါဒ မဟုတ်ဘူးလဲ ဆိုတာ ရှင်းရှင်းလင်းလင်း နားလည်ဖို့ လိုအပ်လာတယ်။ တကယ်တော့ ထရော့စကီးဝါဒဆိုတာ Genuine Marxism ကို ခုခံကာကွယ်ရင်း develop ဖြစ်အောင် လုပ်ထားခြင်းသာ ဖြစ်တယ်။ ဒီအကြောင်းကို အယ်ဒီတာ့အာဘော်မှာ ဖတ်ရလိမ့်မယ်။

စတာလင်နစ်တွေက မော်ဝါဒီတွေက မာ့က်စ်ဝါဒကို nationalist outlook ဘောင်ထဲ သွတ်သွင်းခဲ့ကြတယ်။ မာ့က်စ်ဝါဒဆိုတာ အင်တာနေရှင်နယ်ဝါဒပဲ၊ မဟုတ်ရင် အဲဒါ မာ့က်စ်ဝါဒ မဟုတ်ဘူး။ ဒါဟာ မာ့က်စ်ဝါဒရဲ့ fundamental principle ပဲ။ ဒါကို ခုခံကာကွယ်ရေးဟာ ကမ္ဘာ့ အရင်းရှင် နယ်ချဲ့စနစ် ခေတ်ကြီးမှာ ပိုလို့တောင် အရေးကြီးလာတယ်။

“ဘာ့ကြောင့် ကွန်မြူနစ် အင်တာနေရှင်နယ် လိုအပ်သလဲ” ဆောင်းပါးကို ဖတ်ကြည့်ရင် ဒီသဘောကို နားလည်လာလိမ့်မယ်။

ဒါဟာ abstract idea သက်သက် မဟုတ်ဘူး။ မာ့က်စ်ဝါဒီတွေဟာ အီရန် စစ်ပွဲကိုလဲ internationalist position အတိုင်း ရပ်တည်တယ်။ ဒီနေရာမှာ အီရန်လဲ မကောင်းဘူး၊ အစ္စရေး-ယူအက်စ် နယ်ချဲ့လဲ မကောင်းဘူး၊ “both sides are reactionary” ဖြစ်တယ်၊ ငါတို့က ဘယ်ဘက်မှ ရပ်တည်စရာ မလိုဘူး ဆိုတဲ့ ပက်တီးဘူဇွာ အမြင်တွေ မကြာခဏ တွေ့ရလေ့ရှိတယ်။ ဒီအမြင်ဟာ အခြေခံအားဖြင့် ဘာ့ကြောင့် မှားယွင်းနေသလဲ၊ နယ်ချဲ့စနစ်ကို တကယ် တိုက်နိုင်တဲ့ ရပ်တည်ချက် မဟုတ်ဘူး ဆိုတာ ရှင်းပြထားတဲ့ ဆောင်းပါးတွေလဲ ဒီ issue မှာ ဖတ်ရလိမ့်မယ်။

ဒါဟာ Marxist method ကို ကမ္ဘာ့ နိုင်ငံရေးကို နားလည်အောင် လက်တွေ့ အသုံးပြုထားတဲ့ ဆောင်းပါးတွေလို့ ဆိုနိုင်တယ်။ ထရော့စကီးရဲ့ အကူးအပြောင်း လုပ်ငန်းစဉ်ဟာ တကယ်တော့ အကျပ်အတည်း ကာလရဲ့ မာ့က်စ်ဝါဒ နည်းနာပဲ၊ ပရိုဂရမ် ဆိုပြီး demand တွေ ချရေးထားရုံ မဟုတ်ဘူး။ demand ချရေးထားတာဟာ မာ့က်စ်ဝါဒ လုပ်ငန်းစဉ်ရဲ့ အနှစ်သာရ မဟုတ်ဘူး။

မာ့က်စ်ဝါဒ နည်းနာဆိုတဲ့ ဒိုင်ယာလက်တစ် ရုပ်ဝါဒကို သမိုင်း၊ စီးပွားရေးနဲ့ နိုင်ငံရေးမှာပဲ အသုံးပြုနိုင်တာ မဟုတ်ဘူး။ လူမှု သိပ္ပံမှာသာမက၊ သဘာဝကို လေ့လာတဲ့ ပညာရပ် နယ်ပယ် အသီးသီးမှာလဲ ဒိုင်ယာလက်တစ် ရုပ်ဝါဒကို မရှိမဖြစ် လိုအပ်ကြောင်း အခိုင်အမာ argue လုပ်ထားတဲ့ ဆောင်းပါး တပုဒ်လဲ ဖော်ပြထားပါတယ်။

မာ့က်စ်ဝါဒဟာ internationalism ဖြစ်တယ်၊ ဒါကို အထက်မှာ ဆိုခဲ့ပြီ။ ဒါပေမဲ့ မာ့က်စ်ဝါဒီတွေဟာ national oppression ကို လစ်လျူရှုမထားဘူး။ တကယ်တော့ national question ကို မာ့က်စ်ဝါဒ နည်းနာအတိုင်း အခိုင်အမာ စိတ်ဖြာ လေ့လာမှသာ အဖြေတွေ့နိုင်တယ်။ ၁၉၁၇ အောက်တိုဘာမှာ လီနင်တို့ ဘော်ရှီဗစ်တွေ ဆိုရှယ်လစ် တော်လှန်ရေးကြီး အောင်အောင်မြင်မြင် ဆင်နွှဲနိုင်ခဲ့တာဟာ national question ကို မှန်မှန်ကန်ကန် ဖြေရှင်းနိုင်ခဲ့လို့ ဖြစ်ပါတယ်။ ဒါ့ကြောင့် ဒီကနေ့ ရင်ဆိုင်နေရတဲ့ အမျိုးသားရေး ပြဿနာကို ဘယ်လို ဖြေရှင်းကြမလဲ။ “မာ့က်စ်ဝါဒနဲ့ အမျိုးသားရေး ပြဿနာ” ဆောင်းပါးမှာ အဖြေရှာကြည့်ပါလို့ တိုက်တွန်းလိုက်ပါရစေ။

The Struggle မဂ္ဂဇင်း အမှတ် (၁၅) ‌ကို ဒေါင်းလုတ်ဆွဲရန် – The Struggle Issue 15