“အင်အားကြီး တိုင်းပြည်တခုတည်း ဗိုလ်ကျစိုးမိုးမှုဟာ ကြာလေ အခြေမခိုင်လေ ဖြစ်လာပြီ။ သူ့ပြည်တွင်းမှာလဲ ဒီမိုကရေစီဟာ အရင်ပုံစံ မဟုတ်တော့ဘူး၊ စီးပွားရေးက ယိုယွင်းကျဆင်းနေပြီ၊ သူတို့ လူ့အဖွဲ့အစည်းကလဲ တရှိန်ထိုး အက်ကွဲနေပြီ။ နိုင်ငံတကာမှာလဲ သူတို့အပေါ် ယုံကြည်မှုက ခမ်းခြောက်လာနေပြီ၊ သူတို့ရဲ့ ဗိုလ်ကျစိုးမိုးမှုလဲ ပြိုလဲနေပြီ၊ သူတို့တည်ဆောက်ထားတဲ့ ဇာတ်ကြောင်းတွေလဲ ပြိုကျနေပြီ” – Chen Yixin, China’s Minister of State Security
အခိုင်အမာ အချက်အလက်အရ ပြောမယ်ဆိုရင် တရုတ်နဲ့ အမေရိကန်ကြား ‘G2’ တွေ့ဆုံပွဲကနေ ဘာမှ မယ်မယ်ရရ ရလဒ် မထွက်ခဲ့ဘူးလို့ ပြောနိုင်တယ်။ အီရန်နဲ့ ပတ်သက်လို့ တရုတ်ရဲ့ သဘောထား မပြောင်းဘူး။ ကုန်သွယ်ခွန် တိုးမြှင့်မှုတွေ လျော့ပါးမသွားဘူး။ မြေရှား သတ္တုအရေး၊ ထိုင်ဝမ်အရေးနဲ့ ပတ်သက်ပြီး ဘာမှ ပြောင်းလဲမသွားဘူး။ ဒါပေမဲ့ နယ်ချဲ့ ပါဝါတွေရဲ့ ဆက်ဆံရေးမှာ လက်ဆုပ်လက်ကိုင် ပြလို့မရတဲ့ သိက္ခာတို့၊ ဟိတ်ဟန်တို့က ပိုပြီး အခရာကျနိုင်တယ်။ လူမိုက်ဂိုဏ်း နှစ်ဖွဲ့ တကယ် မချဘဲ ဟန်ရေးပြနေတာနဲ့ သွားတူတယ်။
ဒီရှုထောင့်ကကြည့်ရင် ပြီးခဲ့တဲ့ တွေ့ဆုံပွဲမှာ တရုတ်က အသာစီးရသွားတယ်။ အူယားဖားယား အကူအညီ လာတောင်းသူ တဦးကို တရုတ် ခေါင်းဆောင်တွေက လက်ခံတွေ့ဆုံရတဲ့ မြင်ကွင်မျိုး ပုံရိပ်ထင် ကျန်ရစ်ခဲ့တယ်။ တရုတ်ဘက်က အရေးကြီးတဲ့ ဘယ်အချက်ကိုမှ ပြောင်းလဲပေးဖို့ သဘောတူခဲ့တာ မရှိသလို စကားလဲ များများစားစား မပြောခဲ့ဘူး၊ ထိုင်ဝမ်အရေးနဲ့ ပတ်သက်ပြီး သတိပေးစကား ဆိုတာလောက်ပဲ သူတို့ ပြောခဲ့တယ်။ ဒီထက် အများကြီး ပိုပြောစရာလဲ မလိုဘူး။ အဲဒါ သော့ချက်ပဲ။ ထရမ့်ဘက်ကတော့ ကရားရေလွှတ် ပြောသွားခဲ့တယ်။ အဲလို သူပြောနေတာတွေ ကြည့်လိုက်ရင် ထရမ့်ဘက်က တော်တော်လေး အသည်းအသန် ဖြစ်နေတာ တွေ့ရလိမ့်မယ်။
လွန်ခဲ့တဲ့ ၉ နှစ်၊ ဒေါ်နယ်ထရမ့်ရဲ့ တရုတ် ခရီးစဉ်တုန်းကတော့ ဘေဂျင်း အစိုးရဟာ သူတို့လဲ ယူအက်(စ်)နဲ့ ပုခုံးချင်းယှဉ်နိုင်တဲ့ အင်အားကြီး နိုင်ငံတခု ဖြစ်ကြောင်း ဖော်ထုတ်ပြဖို့ ကြိုးစားခဲ့ရတယ်။ ဒီတခေါက်တော့ သူတို့ဘက်က အဲသလို လုပ်ပြစရာ မလိုတော့ဘူး။ သူတို့အစား ဒေါ်နယ်ထရမ့်ကိုပဲ ထုတ်ပြောစေတော့တယ်။ ထရမ့်ကလဲ အကြိမ်ကြိမ် ထုတ်ပြောသွားခဲ့တယ်။ ရှီကျင့်ဖင်ကို အင်အားကြီး ခေါင်းဆောင်လို့ ထုတ်ပြောသလို တရုတ်ပြည်ကိုလဲ ယူအက်(စ်)ဘက်က ‘လှပတဲ့’ ဆက်ဆံရေး တည်ဆောက်ချင်တဲ့ ‘မိတ်ဖက်’ အဖြစ် ကြေညာသွားခဲ့တယ်။
တကယ်တော့ ထရမ့်က တရုတ်ကို မသွားခင် သူ့ဘက်က (position of strength) အသာစီးရဖို့ အမျိုးမျိုး အားထုတ်ခဲ့တယ်။ ထရမ့် သမ္မတအဖြစ် တက်လာပြီး မကြာခင် ယူအက်(စ်)ဘက်က တရုတ်အပေါ် ကုန်သွယ်ခွန်တွေ တိုးမြှင့်ခဲ့တယ်။ ဒါပေမဲ့ ထင်သလို အလုပ် မဖြစ်ခဲ့ဘူး။ မဖြစ်တဲ့အပြင် တရုတ်ဘက်က မြေရှား သတ္တုလို အရေးကြီးတဲ့ leverage တွေ ကိုင်ထားတော့ ဒေါ်နယ်ထရမ့် နောက်ပြန်ဆုတ်ခဲ့ရတယ်။ ၂၀၂၆ ဇန်နဝါရီ ၃ ရက်နေ့မှာ တရုတ်ရဲ့ ကုန်သွယ်ဖက် မဟာမိတ် နိုင်ငံရဲ့ သမ္မတ မာဒူရိုနဲ့ ဇနီးကို ပြန်ပေးဆွဲပြီး ဗင်နီဇွဲလားကို အမေရိကန် လက်အောက်ခံ ကိုလိုနီတပိုင်း တိုင်းပြည်အဖြစ် သွတ်သွင်းခဲ့တယ်။ ၂၀၂၆ မတ်လ ၂၈ ရက်နေ့မှာ ယူအက်(စ်)-အစ္စရေးတို့က တရုတ်ရဲ့ မဟာမိတ် အီရန်ကို နယ်ချဲ့စစ်ခင်းခဲ့တယ်။
သို့သော် တကယ်တမ်း တရုတ်ကို သွားတဲ့အခါ ထရမ့် မျှော်လင့်သလို ဖြစ်မလာခဲ့ဘူး။ သူ့ဘက်က weak position ဖြစ်နေပြီ။ ဘာ့ကြောင့်လဲ။ အီရန် စစ်ပွဲမှာ ယူအက်(စ်)က မရှုမလှ အရေးနိမ့်ထားတယ်။ ဗီယက်နမ် စစ်ပွဲမှာ အရေးနိမ့်ခဲ့တာထက် အများကြီး ပိုဆိုးပါတယ်။ ဒါ ကွန်မြူနစ်တွေက လိုရာဆွဲ ပြောတဲ့ စကား မဟုတ်ဘူး။ အမေရိကန် အုပ်စိုးသူ လူတန်းစား ကိုယ်စားလှယ်တချို့ ဘယ်လို ပြောထားသလဲ အရင် ကြည့်လိုက်ရအောင်။
၂၀၂၆ မေလ ၃ ရက်နေ့က New York Times website မှာ “America Is Officially an Empire in Decline” ဆိုတဲ့ ဆောင်းပါးတပုဒ် ဖော်ပြထားတယ်။ ရေးတဲ့သူက Christopher Caldwell ဖြစ်ပါတယ်။ Caldwell ဆိုတာ တခြားသူ မဟုတ်ဘူး၊ ဒေါ်နယ်ထရမ့်ရဲ့ MAGA အုပ်စုထဲက ထိပ်သီး သဘောတရားဆရာ ဖြစ်တယ်။ ဆောင်းပါး ခေါင်းစဉ်မှာကတည်းက အမေရိကကို ယိုယွင်းကျဆင်းနေတဲ့ အင်ပိုင်ယာ လို့ ဒဲ့ပဲ ပြောထားတယ်။
သူ့ဆောင်းပါး အဖွင့်မှာပဲ “အမေရိကန်-အစ္စရေးတို့ ပေါင်းပြီး အီရန်ကို တိုက်တာဟာ bad idea တခု ဆိုတာထက် ပိုဆိုးတယ်” လို့ အစချီထားတယ်။ ဒါဟာ “အမေရိကန် အင်ပိုင်ယာကြီး ယိုယွင်းကျဆင်းနေတဲ့ ဖြစ်စဉ်အတွင်း အင်မတန် အရေးကြီးတဲ့ အရေးအခင်းတခု ဖြစ်သွားခဲ့ပြီ” လို့ ဆက်ပြောတယ်။
“တချို့ကလဲ ယူအက်(စ်) ခေါင်းဆောင်တဲ့ ကမ္ဘာ့ စနစ်ကို ဖော်ပြဖို့ “hegemony” ဆိုတဲ့ စကားကို ပိုသုံးချင်ကြတယ်။ အကြောင်းကတော့ ယူအက်(စ်) ကာကွယ်သော သို့မဟုတ် သွေးစုပ်ခြယ်လှယ်သော နယ်မြေတွေမှာ ယူအက်(စ်) နိုင်ငံတော် အလံလွှင့်တင်ထားတာ မရှိလို့ဘဲ။ ဒါပေမဲ့ အခြေခံ စည်းမျဉ်းကတော့ အတူတူပါပဲ။ နယ်ချဲ့စနစ်တွေကို ခင်ဗျားတို့ ဘယ်လိုပဲ ခေါ်ခေါ် အင်ပိုင်ယာတွေဆိုတာ သူတို့ ရည်မှန်းချက် ဖြည့်ဆည်းနိုင်လောက်တဲ့ အင်အား ရှိသလောက်ပဲ ကြာကြာခံပါတယ်။ အခု အီရန် စစ်ပွဲနဲ့အတူ သမ္မတ ထရမ့်ဟာ အင်ပိုင်ယာကို အလွန်အန္တရာယ်ကြီးတဲ့ အခြေအနေရောက်အောင် ဖြဲကားပစ်လိုက်ပြီ (overextended)။”
“အမေရိကန်ဟာ အနောက် ကမ္ဘာခြမ်းကိုပဲ အာရုံစိုက်တော့မယ် ဆိုပြီး မွန်ရိုး သဘောတရားကို အသစ်တဖန် ဖော်ထုတ်ကြွေးကြော်တုန်းက ယူအက်(စ်) အစိုးရဟာ ကမ္ဘာ့ အခြားနေရာတွေကနေ နောက်ပြန်ဆုတ်တော့မှာပဲလို့ လူအများစု ထင်ခဲ့ကြတယ်။ ပြီးခဲ့တဲ့ ၂၀၂၅ နိုဝင်ဘာတုန်းက ထုတ်ဝေခဲ့တဲ့ National Security Strategy စာတမ်းမှာ ထရမ့်က အခုလို ဆိုထားတယ် – “အမေရိကန် နိုင်ငံခြားရေး ပေါ်လစီကို ရေရှည် စီမံကိန်း ချမှတ်ရာ၊ နေ့တဓူဝ အကောင်အထည်ဖော်ရာ နှစ်ခုစလုံးမှာ အရှေ့အလယ်ပိုင်း အရေးက ကြီးစိုးထားခဲ့တဲ့ နေ့ရက်တွေ ကုန်ဆုံးသွားခဲ့ပြီ”။
Caldwell ဆောင်းပါးမှာ ဆက်ပြောတာက “အဲဒီ အဆိုဟာ လော့ဂျစ်ကျတဲ့ ချီးတောင်ချီးကျူးထိုက်တဲ့ နိုင်ငံခြားရေး ပေါ်လစီပဲ။ ဗြိတိန်ဆိုရင်လဲ ဒုတိယ ကမ္ဘာစစ်အလွန်မှာ ကိုလိုနီတွေ၊ အစောင့်ရှောက်ခံ တိုင်းပြည်တွေ ထားရှိတဲ့ စနစ်ကြီးကို လက်လွှတ်ပေးခဲ့ရတယ်။ လက်လွှတ်ပေးရခြင်းဟာ ကသိကအောက်တော့ နိုင်တာပဲ […] ဗြိတိန်က သူ့ကိုလိုနီတွေကို disengagement လုပ်ခဲ့ခြင်းဟာ အောင်မြင်မှုတခု ဖြစ်ခဲ့တယ်၊ သို့သော် ဒီအချက်ကို လူတွေ သိပ်မမြင်ကြဘူး၊ အကြောင်းကတော့ ဗြိတိန် ကိုင်တွယ်နေရတဲ့ အခြေအနေဟာ ယိုယွင်းကျဆင်းမှု ဖြစ်ခဲ့လို့ပဲ။ မစ္စတာ ထရမ့်လဲ [ယိုယွင်းကျဆင်းနေတဲ့ အမေရိကန် အင်ပိုင်ယာကို ကိုင်တွယ်ရာမှာ] အလားတူ နောက်ပြန်ဆုတ်ဖို့ အခွင့်အရေး တခါ ရခဲ့တယ်။”
ဒေါ်နယ်ထရမ့် တက်လာကတည်းက သူ့လုပ်ရပ်တိုင်းဟာ အမေရိကန် နယ်ချဲ့စနစ်ရဲ့ အကျပ်အတည်းကို ပိုပြီး နက်ရှိုင်းပြင်းထန်စေခဲ့တယ်။ ဒါပေမယ့် ယူအက်(စ်) နယ်ချဲ့စနစ် ယိုယွင်း ကျဆင်းနေတဲ့ ဖြစ်စဉ်ဟာ ထရမ့် တက်လာလို့ ထဖြစ်တာတော့ မဟုတ်ဘူး။ ထရမ့် တက်မလာခင်ကတည်းက ဖြစ်နေတဲ့ ဖြစ်စဉ်ပဲ။ ဒေါ်နယ်ထရမ့်က ဒီဖြစ်စဉ်ကို အရှိန်ပိုမြန်အောင် (accelerate) လုပ်ခဲ့တယ်လို့တော့ ပြောနိုင်တယ်။ အရပ်စကားနဲ့ ပြောရရင် အဆင်း ဘီးတပ်ပေးလိုက်တဲ့ သဘောပဲ။
သေချာတာကတော့ ဒေါ်နယ်ထရမ့်ကိုယ်တိုင်က ဒီ အရင်းရှင် နယ်ချဲ့ စနစ်ရဲ့ အစိတ်အပိုင်း တခုပဲ။ ဒါ့ကြောင့်လဲ အရှေ့အလယ်ပိုင်းဟာ အမေရိကန် နိုင်ငံခြားရေး ပေါ်လစီမှာ အရင်လို အရေးမပါတော့ဘူးလို့ US အစိုးရရဲ့ သေနင်္ဂဗျူဟာ စာတမ်းမှာ ဖော်ပြထားခဲ့သော်ငြား အခု အရှေ့အလယ်ပိုင်းမှာ စစ်ကျွံနေပြီ။ ပြန်ရုန်းထွက်ဖို့ မဖြစ်နိုင်သေးဘူး။ ရုန်းထွက်နိုင်ရင်တောင် ယူအက်(စ်)ရဲ့ အနေအထားက အရှေ့အလယ်ပိုင်းမှာ အရင်လို မကြီးစိုးနိုင်တော့ဘူး။
Caldwell က အခုလို ဆက်ပြောတယ် –
“ယူအက်(စ်) နယ်ချဲ့စနစ်ကြီး ယိုယွင်းကျဆင်းနေတဲ့ ဖြစ်စဉ်က ဘယ်အနေအထား ရောက်နေပြီလဲလို့ လူအတော်များများ မေးချင်ကြလိမ့်မယ်။ လွန်ခဲ့တဲ့ ရာစုနှစ်တခုက ဗြိတိန် ကြုံခဲ့ရတဲ့ အခြေအနေနဲ့ ဘုံတူညီတဲ့ အစိတ်အပိုင်းတွေ သေချာပေါက် ရှိနေတယ်။ အဲဒါတွေကတော့ (deindustrializing) လို့ခေါ်တဲ့ စက်မှုအင်အား ကျဆင်းလာခြင်း၊ overcommitted လို့ခေါ်တဲ့ မိမိအင်အားထက် ကျော်လွန်ပြီး နေရာတကာ ဝင်ပါခြင်း (အီရန်ကို စစ်သွားတိုက်တာ၊ ကမ္ဘာ့ နိုင်ငံအသီးသီးမှာ ဝင်မွှေတာတွေကို ဒဲ့မပြောဘဲ overcommitted လို့ သုံးထားတာပါ)၊ complacent လို့ခေါ်တဲ့ မိမိအင်အား ကျဆင်းနေတာကို အသိအမှတ်မပြုဘဲ ကိုယ့်ကိုယ်ကိုယ် အဟုတ်မှတ်နေခြင်းတို့ ဖြစ်ပါတယ်။ ပထမ ကမ္ဘာစစ် ဖြစ်ခါနီး အချိန်ထိ ဗြိတိန်က ဂျာမနီကို စက်မှုထုတ်လုပ်ရေးမှာ မှီခိုနေရတယ်၊ စစ်ရေးနည်းပညာမှာတောင် မှီခိုခဲ့ရသေးတယ်။ ဒါ့အပြင် ဗြိတိန်က ဂျာမန် အင်အားကြီးထွားလာခြင်းရဲ့ အခြေခံဖြစ်သော လွတ်လပ်စွာ ကုန်သွယ်ရေး စနစ်ကို ပြန်လည် စောကြောကြည့်ချင်စိတ် မရှိခဲ့ဘူး။ ဒီလိုနဲ့ ဒုတိယ ကမ္ဘာစစ် ဖြစ်ခါနီးကျ ဗြိတိန်ဟာ အခြေခံအားဖြင့် ချွတ်ခြုံကျနေပြီ။ ဒီကနေ့ အမေရိကရဲ့ တရုတ်ပြည်အပေါ် မှီခိုနေရတဲ့ အခြေအနေမှာလဲ အလားတူ ဖြစ်စဉ်တွေ ရှိနေပြီ။”
ပြီးခဲ့တဲ့ မေလ ၁၀ ရက်နေ့က The Atlantic မဂ္ဂဇင်းမှာလဲ Robert Kagan ရေးတဲ့ Checkmate in Iran ဆိုတဲ့ ဆောင်းပါးကို ဖော်ပြထားတယ်။ ဆောင်းပါး ခေါင်းစဉ်အောက်မှာပဲ “ဝါရှင်တန်အနေနဲ့ ဒီစစ်ပွဲကို ရှုံးနိမ့်သွားခြင်းရဲ့ အကျိုးဆက်တွေကို ပြန်ပြောင်းနိုင်စွမ်း မရှိသလို ထိန်းချုပ်နိုင်စွမ်း မရှိဘူး” လို့ ဆိုထားတယ်။ သူ့ဆောင်းပါးထဲက အရေးကြီး အချက်တချို့ကို မြန်မာလို ဆီလျော်အောင် ဘာသာပြန် ဖော်ပြထားခြင်း ဖြစ်ပါတယ် –
“ယူအက်(စ်)အနေနဲ့ စစ်ပွဲတခုမှာ total defeat ဖြစ်ခဲ့တဲ့ အခြေအနေမျိုး တွေးကြည့်ဖို့တောင် ခက်ပါတယ်၊ ဘယ့်လောက်တောင် အရေးကြီးတဲ့ ရှုံးနိမ့်မှုလဲ ဆိုရင် သေနင်္ဂဗျူဟာဆိုင်ရာ ဆုံးရှုံးမှုကို ပြန်လည်ကုစားလို့ မရနိုင်တော့သလို လစ်လျူရှုထားဖို့လဲ မဖြစ်နိုင်ဘူး။ ဒုတိယ ကမ္ဘာစစ်ကြီးရဲ့ အစောပိုင်း ငါးလအတွင်း ပုလဲ ဆိပ်ကမ်း၊ ဖိလစ်ပိုင်နဲ့ ပစိဖိတ် အနောက်ခြမ်းတို့မှာ ထိခိုက်သွားတဲ့ ဆုံးရှုံးမှုတွေဆိုရင် နောက်ဆုံးမှာ ပြန်အဖတ်ဆယ်နိုင်ခဲ့တယ်။ ယူအက်(စ်)ဟာ ဗီယက်နမ်နဲ့ အာဖဂန်နစ္စတန်တို့မှာ ကြီးမားတဲ့ အရေးနိမ့်မှုတွေ ကြုံခဲ့ရပေမယ့် အမေရိကရဲ့ ကမ္ဘာ့ အဆင့် အနေအထား အကြီးအကျယ် ထိခိုက် ပျက်စီးသွားတဲ့အထိ မဖြစ်ခဲ့ဘူး။ အဲလိုပဲ အီရတ်မှာ ကြုံခဲ့ရတဲ့ ကနဦး အရေးနိမ့်မှုတွေကို ယူအက်(စ်)အနေနဲ့ ပြန်ကုစားနိုင်ခဲ့တယ်၊ အရှေ့အလယ်ပိုင်း ဒေသကြီးမှာ ယူအက်(စ်)အနေနဲ့ ဆက်လက် ကြီးစိုးထားနိုင်ခဲ့တယ်။”
“အီရန်နဲ့ ဖြစ်နေတဲ့ လက်ရှိ စစ်ပွဲမှာ ကြုံလိုက်ရတဲ့ ရှုံးနိမ့်မှုကတော့ ရှေ့က ရှုံးနိမ့်မှုတွေနဲ့ လုံးဝ ကွဲပြားခြားနားတဲ့ လက္ခဏာ ရှိလိမ့်မယ်။ ယူအက်(စ်)အနေနဲ့ ဒီအရေးနိမ့်မှုကို ကုစားလို့ မရနိုင်သလို လစ်လျူရှုထားဖို့လဲ မဖြစ်နိုင်ဘူး။ အီရန် စစ်ပွဲ မတိုင်ခင်က အခြေအနေကို ဘယ်တော့မှ ပြန်မရောက်နိုင်တော့ဘူး။ …. ဟော်မု(ဇ်) ရေလက်ကြားဟာ အရင်တုန်းက ပွင့်ခဲ့သလို “ပွင့်နေမှာ” မဟုတ်တော့ဘူး။ ဒီရေလက်ကြားကို ထိန်းချုပ်ထားတဲ့ အီရန်က ဒေသတွင်းမှာ the key player အနေနဲ့ ထွက်ပေါ်လာလိမ့်မယ်။ အီရန်ရဲ့ မဟာမိတ်တွေဖြစ်သော ရုရှားနဲ့ တရုတ်တို့ရဲ့ အခန်းကဏ္ဍဟာ ပိုပြီး အားကောင်းလာတယ်။ ယူအက်(စ်)ရဲ့ အခန်းကဏ္ဍကတော့ အကြီးအကျယ် ထိုးကျသွားခဲ့ပြီ။ စစ်ပွဲ ထောက်ခံသူတွေ ထပ်တလဲလဲ ပြောနေကြသလို အမေရိကန်ရဲ့ စွမ်းပကားကို ထုတ်ပြတာမျိုး ဖြစ်ဖို့ ဆိုတာ အဝေးကြီး။ အမေရိကဟာ သူစထားတဲ့ အရာကို အဆုံးမသတ်နိုင်ကြောင်း၊ ယုံကြည်ကိုးစားလို့ မရကြောင်းသာ ဒီပဋိပက္ခက ဖွင့်ပြသွားခဲ့တယ်။ အမေရိကန်ရဲ့ ဒီအရေးနိမ့်မှုကြီးဟာ ကမ္ဘာတလွှား chain reaction တွေ ထွက်ပေါ်လာစေလိမ့်မယ်၊ အမေရိကန်ရဲ့ ရန်သူ၊ မိတ်ဆွေ အားလုံးက ဒီအရေးနိမ့်မှုကို အခြေခံပြီး ချိန်ညှိတာတွေ လုပ်လာကြလိမ့်မယ်။”
Robert Kagan က သူ့ဆောင်းပါးကို အခုလို နိဂုံးချုပ်ထားတယ် –
“ကမ္ဘာ့ နိုင်ငံအသီးသီးက အမေရိကန်အလွန် ကမ္ဘာကို ချိန်ညှိနေတဲ့ ဖြစ်စဉ်ဟာ အရှိန်ပြင်းလာပြီ။ ပင်လယ်ကွေ့ ဒေသမှာ အမေရိကရဲ့ ဩဇာ ပြိုကျသွားခြင်းဟာ ထိခိုက်ပျက်စီးမှု များစွာထဲက ပထမဆုံး တခုသာ ဖြစ်တယ်။”
ဒီဆောင်းပါး နှစ်ပုဒ်က ယူအက်(စ်) အရင်းရှင် နယ်ချဲ့စနစ်ရဲ့ obituaries ပဲ။ ပြောရရင် အမေရိကန် အုပ်စိုးသူ လူတန်းစား အသိုင်းအဝိုင်းကြားက ရှိုက်ကြီးတငင် ထွက်ပေါ်လာတဲ့ နာရေးငိုချင်းတွေပဲ။
ဒါ့အပြင် မကြာသေးခင်က ထွက်ပေါ်လာတဲ့ CIA report ကလဲ စိတ်ဝင်စားဖို့ ကောင်းတယ်။ အီရန်ရဲ့ စစ်အင်အား အခြေအနေကို ဖော်ပြထားတဲ့ အစီရင်ခံစာ ဖြစ်ပါတယ်။ သူတို့အဆိုအရ အီရန်ဟာ စစ်မဖြစ်ခင်က ရှိခဲ့တဲ့ မစ်ဆိုင်း အင်အားရဲ့ ၇၀% နဲ့ ရွေ့လျား လောင်ချာ ၇၀-၈၀% လောက် ဆက်ပိုင်ထားဆဲ ဖြစ်တယ်။ ဒါ့အပြင် စစ်မဖြစ်ခင်ကတည်းက ရှိပြီးသား ဒရုန်း အင်အားရဲ့ ၆၀% လက်ဝယ်ပိုင်ဆိုင်ထားဆဲ ဖြစ်တယ်။
ဒီတော့ ထရမ့်တို့ ရူဘီယိုတို့ အများပြည်သူရှေ့ ပြောထားတာ အားလုံးနဲ့ အကုန် ဆန့်ကျင်ဖက်ချည်း ဖြစ်နေတယ်။ ယူအက်(စ်)-အစ္စရေး ကျူးကျော်စစ်ကြောင့် အီရန်မှာ အထိအခိုက် အပျက်အစီးများတာ မှန်တယ်၊ စီးပွားရေးလဲ အတော် ပျက်စီးနေပြီ။ ဒါပေမဲ့ အီရန်ဟာ ယူအက်(စ်)ဘက်က ပြောသလို စစ်အင်အား ပြုန်းတီးမသွားဘူး၊ ယူအက်(စ်)နဲ့ သူ့မဟာမိတ်တွေ အထိနာအောင် ထိုးနှက်နိုင်စွမ်း ရှိနေဆဲ ဖြစ်တယ်။ ဒါ့ကြောင့် အီရန်က စေ့စပ်ရေး စကားဝိုင်းမှာ ခပ်တင်းတင်း တောင်းဆိုနေနိုင်ခြင်း ဖြစ်တယ်။ ဒါ့ကြောင့် ယူအက်(စ်)ဘက်က တောင်းဆိုချက်တွေ ဘယ်မှ မရောက်ခြင်း ဖြစ်တယ်။
နောက်ဆုံးမှာ ဒီစစ်ပွဲကနေ ဘယ်လို အပေးအယူတွေပဲ ထွက်လာ ထွက်လာ၊ ဒေသတွင်းမှာ အီရန်က dominant power ဖြစ်လာတော့မယ်။
ဒီနေရာမှာ အမေရိကန် နယ်ချဲ့ ပါဝါရဲ့ အကန့်အသတ်ကို အတိုင်းသား တွေ့လိုက်ရတာပဲ။ လက်ဝဲဘက်ကဖြစ်စေ၊ လက်ယာဘက်ကဖြစ်စေ အမေရိကကို “invincible force” သဖွယ် အမြဲ ပြောခဲ့ကြတယ်။ ဘယ်သူမှ အမေရိကကို မလှန်နိုင်ဘူး၊ ကမ္ဘာပေါ်မှာ သူထင်ရာ စိုင်းနိုင်တဲ့ ပါဝါ ရှိသယောင် ထင်ခဲ့ကြတယ်။ အဲဒါ မမှန်ဘူး ဆိုတာ အခု လက်တွေ့ မြင်နေရပြီ။
ဒီမစ်ဆိုင်းတွေက ထိုင်ဝမ်ကို ကာကွယ်ပေးဖို့၊ ဖိလစ်ပိုင်ကို ကာကွယ်ပေးဖို့၊ ဂျပန်ကို ကာကွယ်ပေးဖို့၊ ကိုးရီးယားကို ကာကွယ်ပေးဖို့၊ ဥရောပကို ကာကွယ်ပေးဖို့ ဆိုပြီး တပ်ဆင်ထားတဲ့ မစ်ဆိုင်းတွေ။ အခု အဲဒါတွေကို အီရန်စစ်ပွဲမှာ ဖြုန်းပြီးသွားပြီ။ အဲ့တော့ အဲဒီ တိုင်းပြည်တွေရဲ့ အစိုးရတွေက အမေရိကန်ကို ဆက်ပြီး ယုံကြည်ကိုးစားဖို့ ဖြစ်နိုင်မလား။ မဖြစ်နိုင်တော့ဘူး။ ဒါ့ကြောင့် အီရန်စစ်ပွဲမှာ အမေရိကန် ရှုံးနိမ့်သွားခြင်းဟာ အရှေ့အလယ်ပိုင်းမှာပဲ dominant position ကို စွန့်လွှတ်လိုက်ရတာ မဟုတ်ဘူး။ ယူအက်(စ်)ရဲ့ ကမ္ဘာ့ အဆင့်အနေအထားကိုပါ ပြောင်းလဲသွားလောက်အောင် သက်ရောက်မှု ကြီးမားတယ်။
ဒီလို ပြောလို့ ကမ္ဘာတဝှမ်း ဖြန့်ကျက်ထားတဲ့ ယူအက်(စ်)ရဲ့ စစ်အင်အားတွေက ကမ္ဘာ့ တိုင်းသူပြည်သားတွေကို ကာကွယ် စောင့်ရှောက်ဖို့ ဖြစ်တယ်လို့ မဆိုလိုဘူး။ ကမ္ဘာ့ နိုင်ငံတွေကို ယူအက်(စ်) နယ်ချဲ့ပါဝါက dominate လုပ်ဖို့၊ bully လုပ်ဖို့သာ ဖြစ်တယ်။ အခု အဲသလို ဆက်လုပ်ဖို့ လုံလောက်တဲ့ အင်အား (adequate means) သူတို့မှာ မရှိတော့ဘူးလို့ အပေါ်က NYT ဆောင်းပါးမှာ ဝန်ခံထားတာ တွေ့ခဲ့ရပြီးပြီ။
ယူအက်(စ်)က စစ်ရှုံးသွားတော့ ပင်လယ်ကွေ့ ဒေသက ယူအက်(စ်) မဟာမိတ် နိုင်ငံတွေ ဘာဆက်ဖြစ်မလဲ။ ဒေသတွင်းမှာ အီရန်က ပိုပြီး အင်အားကြီးလာမယ်။ အမေရိကန်နဲ့ အစ္စရေးတို့ရဲ့ အခန်းကဏ္ဍက ကြုံလှီသွားမယ်။ ဒီအခြေအနေမှာ ပင်လယ်ကွေ့ နိုင်ငံတွေအနေနဲ့ အသစ်ထွက်ပေါ်လာမဲ့ အီရန် ဦးဆောင်သော a new security infrastructure အတိုင်း ချိန်ညှိရတော့မယ်။ ဒေသတွင်း အီရန်ရဲ့ ဩဇာတက်လာသလို ရုရှား၊ တရုတ်တို့ရဲ့ အခန်းကလဲ ပိုကြီးလာမယ်။
ဒီအခြေအနေဟာ အရှေ့အလယ်ပိုင်းမှာပဲ ဖြစ်နေတာ မဟုတ်ဘူး။ ဥပမာ၊ တောင်ကိုးရီးယား ဆိုပါတော့။ ယူအက်(စ်)က တောင်ကိုးရီးယားကို ဘာမှ တိုင်ပင်မနေဘဲ တောင်ကိုးရီးယားက အဆင့်မြင့် လေကြောင်း ကာကွယ်ရေး batteries တွေကို အီရန် စစ်ပွဲအတွက် ယူသုံးလိုက်တယ်။ ဒီတော့ တောင်ကိုးရီးယားတွေ ဘယ်လို စဉ်းစားမလဲ။ မြောက်ကိုးရီးယား သို့မဟုတ် တရုတ်နဲ့ စစ်ထဖြစ်ရင် ငါတို့ကို ဘယ်သူ ကာကွယ်ပေးမှာလဲ၊ ယူအက်(စ်)က စိတ်ချရတဲ့ မဟာမိတ် မဟုတ်ဘူးလို့ သူတို့ စဉ်းစားလာမှာပဲ။
ဒီအခြေအနေမှာ တရုတ်က ယူအက်(စ်)နဲ့ စေ့စပ်ရေး လုပ်တဲ့အခါ အသာစီးရတဲ့ အနေအထား ရှိလာတယ်။ ဥပမာ၊ ထိုင်ဝမ်အရေးမှာ တရုတ်ဘက်က ယူအက်(စ်)ကို ခပ်တင်းတင်း ပြောလာတယ်။ သတိပေးစကားတောင် ဆိုလာတယ်။ ယူအက်(စ်)ဘက်က ထိုင်ဝမ်အရေးကို အပြုသဘော ချဉ်းကပ်ရင် နှစ်နိုင်ငံ ဆက်ဆံရေး အလွန် ကောင်းမယ်၊ မဟုတ်ရင်တော့ ပဋိပက္ခ ပြင်းထန်သွားမယ်လို့ တရုတ်ဘက်က ပြောသွားတယ်။ ယူအက်(စ်)ဘက်က ထိုင်ဝမ်အရေးမှာ သတိကြီးကြီးထားရုံသာမက နောက်ဆုတ်ဖို့အထိ သတိပေးလိုက်တဲ့ သဘောပဲ။ ယူအက်(စ်)က ထိုင်ဝမ်ကို အရင်လို လက်နက်တွေ ဆက်ရောင်းနေလို့ မရတော့ဘူး။ ထိုင်ဝမ်ရဲ့ သီခြား တည်ရှိမှုကို ယူအက်(စ်)ဘက်က ဆန့်ကျင်ရမယ်လို့ တရုတ်ဘက်က ပြောလိုက်တာပဲ။ ဒါ ပါးစပ်ပြော မဟုတ်ဘူး။ ဒီစကားလုံးတွေရဲ့ နောက်မှာ လက်တွေ့ လုပ်နိုင်တဲ့ အင်အား သူတို့မှာ ရှိနေပြီ။
ထရမ့်ဘက်က ထိုင်ဝမ်ကို လက်နက်တင်ပို့မှုနဲ့ ပတ်သက်ပြီး ကျနော်တို့ ဆွေးနွေးသွားပါ့မယ်လို့ ပထမဆုံး ပြောလာရတယ်။ တနည်းအားဖြင့် ထိုင်ဝမ်ကို လက်နက် ဘယ့်လောက် ရောင်းမယ်၊ ဘယ်လို လက်နက် အမျိုးအစားတွေ တင်ပို့မယ် ဆိုတာ တရုတ်နဲ့ ဆွေးနွေးသွားမယ်လို့ ပြောလိုက်တဲ့ သဘောပဲ။ ဒါဟာ အမေရိကန်ရဲ့ ပေါ်လစီမှာ အလွန်ကြီးမားတဲ့ အပြောင်းအလဲ ဖြစ်တယ်။
ဒါဟာ အပေါ်မှာ ပြောခဲ့တဲ့ ယူအက်(စ်)ရဲ့ weakness ကို အတိုင်းသား ဖွင့်ပြလိုက်တဲ့ အချက်ပဲ။
၁၉၉၇ ခုနှစ်လောက်က Brzezinski ရေးတဲ့ The Grand Chessboard စာအုပ်တအုပ် ထွက်ခဲ့ဖူးတယ်။ ဒုတိယ ကမ္ဘာစစ်ကြီး ပြီးတဲ့နောက် အမေရိကန် နယ်ချဲ့ပါဝါ ကျင့်သုံးခဲ့တဲ့ သေနင်္ဂဗျူဟာကို သူက ရှင်းပြထားတယ်။ ငါတို့ ကမ္ဘာကြီးကို အုပ်စိုးခြယ်လှယ်ဖို့ဆိုရင် ယူရေးရှား တိုက်ကြီးကို ပိုင်းခြားထားနိုင်ဖို့ လိုအပ်တယ်။ ရုရှား၊ တရုတ်နဲ့ အာရှတိုက်ကြီးသာ ပေါင်းစည်းမိသွားရင် အမေရိကကို အနိုင်ရသွားလိမ့်မယ်။ ဒီတော့ အမေရိကရဲ့ အဓိက ရည်မှန်းချက်က ဒီတိုင်းပြည်တွေကို သင်းကွဲဖြစ်နေအောင် လုပ်ထားဖို့ပဲ၊ ဒီနေရာမှာ အီရန်က အဓိက နေရာမှာ ရှိနေတယ်။
အခု အမေရိကန် နယ်ချဲ့က အဲဒီ တိုင်းပြည် သုံးခုလုံးနဲ့ ရန်ဖြစ်နေတယ်။ တရုတ်၊ ရုရှား၊ အီရန်တို့က မဟာမိတ် ဖြစ်နေတယ်။ ယူရေးရှားကို ပိုင်းခြားထားရေး သေနင်္ဂဗျူဟာနဲ့ ဆန့်ကျင်ဖက် ဖြစ်သွားပြီ။
ဒီတော့ ချုပ်ရရင် အီရန် စစ်ပွဲဟာ world relations အပေါ် သက်ရောက်မှု အလွန် ကြီးပါတယ်။ ဒီစစ်ပွဲမှာ အမေရိကန် အကြီးအကျယ် ရှုံးနိမ့်သွားတာဟာ ကောင်းတဲ့ အချက် ဖြစ်တယ်။ ဘာ့ကြောင့်လဲ၊ ယူအက်စ် နယ်ချဲ့ဟာ ကမ္ဘာပေါ်က “the most reactionary power” ဖြစ်လို့ပဲ။ တဖက်မှာ တရုတ် နဲ့ ရုရှားက နယ်ချဲ့ ပါဝါတွေ ဖြစ်လာတယ်။ အီရန်က regional power ဖြစ်လာတယ်။
သို့သော် ယူအက်(စ်)က ကျဆင်းလာပြီး တရုတ်၊ ရုရှားတို့ ‘rising power’ ဖြစ်လာလို့ ကမ္ဘာ့ အလုပ်သမားထုအတွက် ပိုကောင်းလာမှာတော့ မဟုတ်ဘူး။ ယူအက်စ် တကောင်တည်း ဗိုလ်ကျနေတဲ့ unipolar ကမ္ဘာကနေ multi-polar ကမ္ဘာ ဖြစ်လာရင် နယ်ချဲ့ပါဝါတွေကြား အပြန်အလှန် ထိန်းထားရာရောက်လို့ တည်ငြိမ်အေးချမ်းတဲ့ ကမ္ဘာကြီး ဖြစ်လာမယ် ဆိုတာကတော့ မမှန်ဘူး။
ဒါနဲ့ ပြောင်းပြန်ပဲ၊ နယ်ချဲ့စစ်တွေ၊ ဒေသတွင်း စစ်ပွဲတွေ၊ နယ်ချဲ့ ပါဝါတွေကြားက လွန်ဆွဲပွဲတွေ၊ ပြည်တွင်းစစ်နဲ့ လူတန်းစား တိုက်ပွဲတွေ ပိုပြီး ပြင်းထန်လာဖို့သာ ရှိတယ်။
ရေးသူ – ဒင်နူး
References:
https://marxist.com/china-sets-the-agenda-at-the-xi-trump-summit.htm
https://www.theatlantic.com/international/2026/05/iran-war-trump-losing/687094/
https://www.nytimes.com/2026/05/03/opinion/iran-us-empire.html