တော်လှန်ရေး စာစောင်၏ အခန်းကဏ္ဍ

တော်လှန်ရေးတရပ် အောင်မြင်ဖို့ရာ တော်လှန်ရေး စာစောင် (revolutionary press) တွေဟာ မရှိမဖြစ်လိုအပ်တဲ့ အရေးကြီး လက်နက် ဖြစ်ပါတယ်။

အောင်ပွဲရတဲ့ တော်လှန်ရေးဆိုတာ သာမန် ဆန္ဒပြပွဲတခု၊ လှုပ်ရှားမှုတခု သို့မဟုတ် လူထုအုံကြွမှုတခု ဆိုတာထက် ပိုပါတယ်။တော်လှန်ရေးတရပ် အောင်မြင်ခြင်းဆိုတာ လူအဖွဲ့အစည်းရဲ့ တည်ဆောက်ပုံကို လုံးဝ ပြောင်းလဲပစ်လိုက်နိုင်ခြင်းပဲ။ သို့သော် သမိုင်းတလျှောက် မြင်ခဲ့ရသလို တော်လှန်ရေးတိုင်းမှာ တော်လှန်ခြင်း ခံနေရတဲ့ အုပ်စိုးသူ လူတန်းစားက ဒီအ‌ပြောင်းအလဲ (တော်လှန်ရေး) ကို ဆန့်ကျင်ဖျက်ဆီးဖို့ အစွမ်းကုန် ကြိုးပမ်းလေ့ရှိတယ်။ ဒီတော့ အုပ်စိုးသူ လူတန်းစားရဲ့ အမျိုးမျိုးသော ဖိနှိပ်ချုပ််ခြယ်မှုတွေကို ဆန့်ကျင်ပြီး လူ့အဖွဲ့အစည်းရဲ့ တည်ဆောက်ပုံကို အသစ် ဖန်တီးဖို့ဆိုရင် သန်းနဲ့ချီတဲ့ လူထုရဲ့ ညီညွတ်မှုကို မဖြစ်မနေ လိုအပ်လာပါတယ်။

ဒီလိုညီညွတ်မှုမျိုး ရရှိဖို့ဆိုတာ လူထုဆီကို တော်လှန်သော အတွေးအခေါ်တွေ ဖြန့်ဖြူးပြီး လူထုရဲ့ အတွေးအမြင်ကို ထိန်းကျောင်းလမ်းညွှန်ပေးနိုင်တဲ့ ယန္တရားကြီးတရပ် မရှိဘဲ ဘယ်လိုမှ မဖြစ်နိုင်ဘူး။

တော်လှန်ရေး အဆုံးအဖြတ် ကာလတွေမှာ ‌တော်လှန်‌ရေး စာစောင်ရဲ့ လက်တွေ့လုပ်ငန်းစဉ်ဟာ သတင်း အချက်အလက်နဲ့ အတွေးအမြင်တွေ ဖြန့်ဖြူးဖို့ ဆိုတာထက် ပိုပါတယ်။ အုပ်စိုးသူ လူတန်းစားဘက်က ဖြန့်ဖြူးလာတဲ့ ဖောက်ပြန်တဲ့ အတွေးအခေါ်တွေ၊ အလိမ်အညာ ဝါဒမှိုင်းတွေကို ဆန့်ကျင်ချေဖျက်ပြီး ဖိနှိပ်ခံလူထုရဲ့ ရပ်တည်ချက်၊ ယုံကြည်ချက်၊ တိုက်ပွဲဝင်စိတ်ဓာတ်တို့ကို မြှင့်တင်ဖို့အတွက် တော်လှန်‌ရေး စာစောင်ဟာ အင်မတန်အခရာကျတဲ့ လက်နက်တခု ဖြစ်လာတယ်။ တော်လှန်ရေး စာစောင်က အလုပ်သမား လူတန်းစားရဲ့တပ်ဦးကို လိုအပ်တဲ့ အတွေးအမြင်ရှုထောင့်တွေ၊ ကြွေးကြော်သံတွေ၊ ငြင်းချက်တွေ တပ်ဆင်ပေးနိုင်တယ်၊ ဒီလို အတွေးအခေါ် လက်နက် တပ်ဆင်ထားမှသာ တပ်ဦးက ကြီးမားကျယ်ပြန့်တဲ့ အလုပ်သမားထုကို စည်းရုံး ဦးဆောင်နိုင်မှာ ဖြစ်တယ်။

သို့သော် အတွေးအခေါ်တွေက လူထုကြား သူ့အလိုလို ပျံ့နှံ့သွားတာ မဟုတ်ဘူး။ ဒါကြောင့် ဒီနေရာမှာ ရှင်းရှင်းလင်းလင်း ဖော်ထုတ်ထားတဲ့ အတွေးအခေါ်တွေ ရှိပြီး အခြားသူတွေကိုလဲ ချက်ကျလက်ကျ ဆွေးနွေးရှင်းပြနိုင်တဲ့ တော်လှန်ရေးသမားတွေရဲ့ လုပ်အားဟာ အလွန် အရေးပါလာတယ်။ ဒါ့ကြောင့် အောင်မြင်ခဲ့တဲ့ တော်လှန်ရေးတိုင်းမှာ ဆက်သွယ်ရေး တာဝန်ခံတွေ၊ ဝါဒဖြန့်ချိသူတွေ၊ စည်းရုံးရေးမှူးတွေ၊ တပ်လှန့်ဆော်ဩသူတွေနဲ့ ဖွဲ့စည်းထားသော ရှုပ်ထွေးနက်နဲတဲ့ ကွန်ရက်တွေ လိုအပ်ခဲ့တယ်။ ဒီလို ကွန်ရက်တွေ ရှိမှသာ လူထုကြား တော်လှန်ရေး စာစောင်တွေ ကျယ်ကျယ်ပြန့်ပြန့် ဖြန့်ဖြူးနိုင်ပါတယ်။ ဒါကို ၁၉၁၇ မဟာအောက်တိုဘာ တော်လှန်ရေးမှာ လီနင် ဦးဆောင်တဲ့ ဘော်ရှီဗစ် ပါတီက သက်သေထူခဲ့ပြီး ဖြစ်တယ်။

ဆင်ဆာဖြတ်ခြင်းနဲ့ ပုံနှိပ်ထုတ်ဝေခြင်း

ဒီနေရာမှာ ကျွန်တော်တို့ ကွန်မြူနစ်တွေက တော်လှန်ရေး စာစောင်တွေကို အွန်လိုင်းက ဖြန့်ဝေတာအပြင် တကယ့် လက်တွေ့စာစောင်တခုအနေနဲ့ ထုတ်ဝေဖို့ လိုအပ်ကြောင်း ပြတ်ပြတ်သားသား ရပ်တည်တယ်။ အခုလို “အင်တာနက် ခေတ်ကြီး”မှာ ဘာလို့ ပုံနှိပ် စာစောင်တွေ ထုတ်နေမှာလဲ၊ အင်တာနက်ပေါ်ကနေ ဖြန့်ဝေတာက ပိုပြီး မထိရောက်ဘူးလား စသဖြင့် မေးခွန်းထုတ်နိုင်စရာရှိပါတယ်။ အဖြေကတော့ ကျနော်တို့ဟာ အဲဒီ tool တွေ အားလုံးကို ကောင်းကောင်း အသုံးချတယ်၊ ဒါပေမဲ့ ဒါတွေက ပုံနှိပ် ထုတ်ဝေတဲ့ စာနယ်ဇင်းကို အစားမထိုးနိုင်ပါဘူး။

ပုံနှိပ် စာစောင်တခု ထုတ်ဝေခြင်းအားဖြင့် တော်လှန်ရေးသမားတွေဟာ မိမိတို့ရဲ့ အတွေးအခေါ်တွေကို အလုပ်သမားထုနဲ့ လူငယ်တွေဆီ ဆင်ဆာအဖြတ်မခံရဘဲ အရောက်ပို့ပေးနိုင်တယ်။ မှန်ပါတယ်၊ တော်လှန်ရေး ကာလ သို့မဟုတ် တော်လှန်ရေး အကြို ကာလ အခြေအနေမှာတော့ အရင်းရှင် နိုင်ငံတော်ဟာ အလုပ်သမား အဖွဲ့အစည်းတွေ၊ ဆိုရှယ်လစ်၊ ကွန်မြူနစ် အဖွဲ့အစည်းတွေကို ပုံနှိပ် ထုတ်ဝေခွင့် မရအောင် ဖျက်ဆီးပစ်တာမျိုး လုပ်လေ့ရှိတယ်။ ၁၉၁၇ ရုရှားမှာလဲ ဒါမျိုး ကြုံခဲ့ရဖူးတယ်။ ယာယီ အစိုးရက ဘော်ရှီဗစ်တွေရဲ့ ပုံနှိပ်စက်တွေကို ရိုက်ချိုး ဖျက်ဆီးပစ်ခဲ့ဖူးတယ်။

ဒါပေမဲ့ Victor Hugo ပြောခဲ့သလိုပဲ သူ့အချိန် ရောက်လာပြီ ဖြစ်တဲ့ အတွေးအခေါ်တရပ်ကို ကမ္ဘာပေါ်က ဘယ်လို အင်အားမျိုးကမှ တားဆီးခြင်းငှာ မစွမ်းနိုင်ဘူး။ ၁၉၁၇ ရုရှား သို့မဟုတ် ၁၉၇၀ ပြည့်နှစ်များဆီက စပိန်မှာ မြင်တွေ့ခဲ့ရသလိုပဲ ကမ်းကုန်အောင် ဆိုးဝါးရက်စက်တဲ့ အစိုးရတွေတောင် တော်လှန်ရေး ပုံနှိပ် စာစောင်တွေကိဖြန့်ချိမှုကို မတားဆီးနိုင်ခဲ့ပါဘူး။ သူတို့ ဖြန့်ချိခဲ့တဲ့ တော်လှန်ရေး အတွေးအခေါ်တွေဟာ လွတ်မြောက်ရာလမ်း ရှာဖွေနေတဲ့ လူထုကြီးရဲ့ လိုအပ်ချက်တွေနဲ့ တသားတည်း ဟပ်မိနေခဲ့တယ်။

မာ့က်စ်ဝါဒီတွေ ပြောနေကျစကားတခုနဲ့ ထောက်ပြရရင် ကျွန်တော်တို့ မပိုင်ဆိုင်တဲ့ အရာတခုကို ကျွန်‌တော်တို့ မထိန်းချုပ်နိုင်ပါဘူး။ ဆိုရှယ်မီဒီယာတွေအပါအဝင် အင်တာနက်ပေါ်မှာ ရှိနေသမျှ ပလက်‌ဖောင်းတိုင်းကို အရင်းရှင်တွေကပဲ ပိုင်ဆိုင်တာ ဖြစ်ပါတယ်။ ကိုယ်ပိုင် website ဆိုတာတွေတောင်မှ တကယ်တမ်းကျတော့ အရင်းရှင် လူတန်းစားရဲ့ ဆင်ဆာဖြတ်တောက်မှုဒဏ်ကနေ အကာအကွယ် မရှိပါဘူး။ Website တွေကို စီမံထိန်းချုပ်ထားတဲ့ “web content management” စနစ်တွေ၊ domain စနစ်တွေနဲ့ cloud infrastructure တွေဟာ အရင်းရှင်‌တွေ လက်အောက်မှာ ရှိနေပြီး သူတို့ရဲ့ အကျိုးစီးပွားကို ထိခိုက်လာပြီဆိုရင် “ကိုယ်ပိုင်” website တွေကိုတောင် အလွယ်တကူ ပိတ်ချလိုက်ဖို့ အဆင်သင့်ပါပဲ။

အရင်းရှင်ပိုင် ဆိုရှယ်မီဒီယာတွေကိုလည်း အပြည့်အဝ အားကိုးလို့မရဘူး။ ဥပမာပေးရရင် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုပိုင်ခွင့် “ချန်ပီယံ” တယောက်ပါဆိုတဲ့ Elon Musk ရဲ့ လက်အောက်မှာ X/Twitter ဟာ လက်ဝဲယိမ်း account တွေကို ဖြုတ်ချခဲ့ပြီး နီယိုနာဇီ တွေကိုတော့ အားပေးခဲ့ပါတယ်။ ကျွန်‌တော်တို့ အားလုံးနဲ့ ရင်းနှီးတဲ့ YouTube ဆိုတာလည်း  လက်ဝဲယိမ်း account တွေကို ဆင်ဆာဖြတ်ပြီး ဖိနှိပ်တဲ့အပြင် ခရစ်ဟက်ဂျ်စ် ဆိုတဲ့ စာနယ်ဇင်းသမား တယောက်ဆိုရင် သူ့ရဲ့ “On Contact” ဆိုတဲ့ ရုပ်သံအစီအစဉ်ရဲ့ ၆ နှစ်စာ ရုပ်သံဖိုင်တွေနဲ့ မှတ်တမ်းတွေအကုန် ဆုံးရှုံးလိုက်ရတဲ့အထိပါပဲ။

ဒါတင် မကသေးပါဘူး။ ၂၀၂၃ ခုနှစ်မှာ ကနေဒါအစိုးရက အွန်လိုင်းသတင်းအချက်အလက် အက်ဥပဒေ Bill C-18 ကို ပြဌာန်းလိုက်ပြီးတဲ့နောက်မှာ Facebook နဲ့ Instagram တို့ကိုပိုင်တဲ့ Meta က ၂၀၂၃ သြဂုတ်လကနေစပြီး ကနေဒါ နိုင်ငံအတွင်း Meta ပလက်ဖောင်း အကုန်လုံးမှာ သတင်းတွေကို ဖြုတ်ချပစ်ခဲ့ပါတယ်။ ဆိုတော့ ကနေဒါနိုင်ငံသားတွေဟာ Meta ကပိုင်တဲ့ ပလက်ဖောင်းတွေပေါ်မှာ သတင်းဖတ်ပိုင်ခွင့် လုံးဝ မရှိတော့ဘူး။ အဲ့တာကြောင့် ကျွန်တော်တို့ ကွန်မြူနစ်တွေက အင်တာနက်ပေါ်က ပလက်ဖောင်းတွေကို ရသလို အသုံးချပေမယ့် အပြည့်အဝ အားကိုးလို့ မရဘူးလို့ ပြောတာ ဖြစ်ပါတယ်။

၂၀၂၁ အာဏာသိမ်းပြီးတဲ့နောက်မှာ စစ်တပ်က လူသုံး အများဆုံး ဆိုရှယ်မီဒီယာတွေကို ပိတ်ပင်ပစ်ခဲ့တာလဲ  ဒီသဘောပဲ။ တကယ်တော့ ကျွန်တော်တို့ ဗမာပြည်မှာ ၂၀၁၂ ကတည်းက အစိုးရ “ဆင်ဆာ” စနစ်ကို ဖျက်သိမ်းပြီး “လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်” ကို အပေါ်ယံသဘောနဲ့ ခွင့်ပြုခဲ့ပြီးသား ဖြစ်ပါတယ်။

ဒါပေမယ့် ဒီလို လွတ်လပ်စွာ ပြောဆိုနိုင်တဲ့ ပလက်ဖောင်းတွေက လူထုရဲ့ ချိတ်ဆက်စုဝေးရာ ကွန်ရက်ကြီး ဖြစ်လာတဲ့အခါ အုပ်စိုးသူ လူတန်းစားက အလွယ်တကူ ပိတ်ချနိုင်ခဲ့တယ်။ ပိတ်လည်း ပိတ်ချခဲ့တာပဲ။ အခုထိလဲ VPN တွေ လိုအပ်နေတုန်းပဲလေ။ ဒါကို “ဒီမိုကရေစီ” ဘက်တော်သား  အရင်းရှင် နည်းပညာ ကုမ္ပဏီကြီးတွေကလည်း ကြည်ကြည်ဖြူဖြူ လိုက်လျောပေးခဲ့ရတာပဲ မဟုတ်လား။ ဒီကြားထဲ စစ်တပ်က သူတို့ရဲ့ ကိုယ်ပိုင် ဆိုရှယ်မီဒီယာတွေပါ ထုတ်ခဲ့သေးတယ်။ လူထုက ညီညီညာညာ တုန့်ပြန်နိုင်ခဲ့လို့သာ ပြန်ဖြုတ်ချနိုင်ခဲ့တာ ဖြစ်ပါတယ်။

ဒီလိုဆိုရင် အရင်းရှင် လူတန်းစားပိုင်တဲ့ အင်တာနက် ပလက်ဖောင်းတွေ၊ ဆိုရှယ် မီဒီယာတွေကိုချည်း မှီခိုမနေရဘဲ လူထုဆီ မှန်ကန်တဲ့ သတင်းအချက်အလက်တွေနဲ့ တော်လှန်ရေး အတွေးအခေါ်တွေ ဘယ်လို အရောက်ပို့ရမလဲ။ ရှင်းပါတယ်၊ အလုပ်သမားထုရဲ့ ကိုယ်ပိုင် တော်လှန်ရေး စာစောင်ကို လက်တွေ့ ပုံနှိပ်ထုတ်ဝေပြီး ဖြန့်ဖြူးနိုင်ဖို့ပါပဲ။

ဒီတော်လှန်ရေး စာစောင်တွေကို အသုံးချပြီး အရင်းရှင်တွေရဲ့ ဆင်ဆာဖြတ်တောက်မှုကို ဂရုစိုက်စရာမလိုဘဲ လူထုဆီကို သတင်းအချက်အလက်တွေနဲ့ အတွေးအခေါ်တွေ အရောက်ပို့နိုင်တယ်။ ဒါကြောင့် ကွန်မြူနစ်တွေက တော်လှန်ရေး စာစောင်ကို အွန်လိုင်းပေါ်က ဖြန့်ဝေတာအပြင် လက်တွေ့ ပုံနှိပ်ထုတ်ဝေဖို့ လိုအပ်ကြောင်း အခိုင်အမာ ရပ်တည်တာ ဖြစ်တယ်။

တော်လှန်ရေး စာစောင်ဆိုတာ collective organizer

၁၉၀၁ မှာ ထုတ်ဝေခဲ့တဲ့ “Where to begin” ဆိုတဲ့ လက်ကမ်းစာစောင်ထဲမှာ လီနင်က တော်လှန်ရေး စာစောင်ရဲ့ အဓိက အခန်းကဏ္ဍကို အခုလို ရှင်းပြခဲ့ပါတယ်။

“သတင်းစာတစောင်ဟာ ဝါဒဖြန့်ချိရေးနဲ့ လှုံ့ဆော်ရေး အာဘော်တခု ဖြစ်ရုံသာမက စုစည်းဖော်ဆောင်တဲ့ စည်းရုံးရေးမှူးကြီးလဲ ဖြစ်တယ်။ သတင်းစာတစောင်ကို ဆောက်လက်စ အဆောက်အဦတခုရဲ့ ငြမ်းကြီးတခုနဲ့ တူတယ်လို့ ဒီနောက်ဆုံး အဓိပ္ပာယ်နဲ့ ပြောခြင်း ဖြစ်တယ်၊ ငြမ်းတခုဟာ အဆောက်အဦရဲ့ ကောက်ကြောင်း အသွင်အပြင်ကို ပုံဖော်ပေးပြီး ဆောက်လုပ်သူတွေကြား ဟန်ချက်ညီ ချိတ်ဆက်မိအောင် ကူညီပေးတယ်၊ ဆောက်လုပ်ရေး အလုပ်သမားတွေကို အလုပ်တာဝန်တွေ ဟန်ချက်ညီ မျှတစေတယ်၊ သူတို့ရဲ့ စုပေါင်း လုပ်အားကနေ ထွက်လာတဲ့ ဘုံရလဒ်ကိုလဲ မြင်တွေ့ သုံးသပ်နိုင်စေတယ်။ ဒီစာစောင်ရဲ့ ပံ့ပိုးမှုနဲ့အတူ၊ စာစောင်ကို ထုတ်ဝေရေး စုပေါင်း အလုပ်ကနေ ဒေသန္တရ လှုပ်ရှားမှုတွေသာမက တခွင်တပြင်လုံး လှုပ်ရှားမှုတွေပါ ပုံမှန် ဖော်ဆောင်နိုင်တဲ့ အမြဲတမ်း အဖွဲ့အစည်းတရပ်ဟာ သဘာဝကျကျ ပုံပေါ်လာလိမ့်မယ်။ အဲဒီလို စုပေါင်း လုပ်ဆောင်မှုကြောင့် အဖွဲ့ဝင်တွေဟာ နိုင်ငံရေး ဖြစ်စဉ်တွေကို ဂရုတစိုက် စောင့်ကြည့်လေ့လာဖို့၊ ဒီဖြစ်စဉ်တွေရဲ့ အရေးပါမှုနဲ့ လူထု လူတန်းစား အလွှာ အသီးသီးအပေါ် သက်ရောက်မှုတွေကို သုံးသပ် အကဲဖြတ်ဖို့၊ ဒီဖြစ်စဉ်တွေအပေါ် တော်လှန်ရေး ပါတီက ဩဇာသက်ရောက်အောင် ထိ‌ရောက်တဲ့ နည်းလမ်းတွေ ဖော်ထုတ်ဖို့ လေ့ကျင့်ပြီးသား ဖြစ်သွားလိမ့်မယ်။ သတင်းစာအတွက် စာမူတွေ လိုက်စုတာ၊ စာစောင်ကို ပုံမှန် ဖြန့်ချိရေး လုပ်တာ အစရှိတဲ့ အခြေခံ လုပ်ငန်းတွေ ကောင်းကောင်း လုပ်နိုင်ဖို့ဆိုရင်တောင် စုစည်းညီညွတ်မှု ရှိတဲ့ ပါတီတခုရဲ့ ဒေသအလိုက် ကိုယ်စားလှယ် ကွန်ရက်တခု လိုအပ်လိမ့်မယ်။ ဒီဒေသခံ အဖွဲ့ဝင်တွေဟာ တယောက်နဲ့တယောက် ပုံမှန်ထိတွေ့ ဆက်သွယ်နေရလိမ့်မယ်၊ အခြေအနေ အရပ်ရပ်ကို နားလည်သိရှိနေလိမ့်မယ်၊ ရုရှား တပြည်လုံးဆိုင်ရာ အလုပ်ထဲက သူတို့ရဲ့ အသေးစိတ် တာဝန်တွေကို ပုံမှန်ထမ်းဆောင်ဖို့ အလေ့အကျင့် ရှိလာမယ်၊ ပြီးတော့ အမျိုးမျိုးသော တော်လှန်ရေး အလုပ်တွေ စီစဉ်‌ဆောင်ရွက်တဲ့နေရာမှာလဲ သူတို့ရဲ့ အင်အားကို စမ်းသပ်ကြည့်ပြီးသား ဖြစ်နေလိမ့်မယ်။”

လီနင် ပြောခဲ့တဲ့ အချက် အားလုံးဟာ ကနေ့ခေတ် တော်လှန်ရေးသမားများအတွက် လျော်ညီနေဆဲ၊ အသုံးချသင့်ဆဲ ဖြစ်ပါတယ်။ တော်လှန်ရေး စာစောင်တစောင်ကို ပုံမှန်ထုတ်ဝေနိုင်ဖို့ အဖွဲ့ဝင် ရဲဘော်တွေဟာ နိုင်ငံရေး ဖြစ်စဉ်တွေကို ဂရုတစိုက် လေ့လာဖို့၊ မိမိတို့ရဲ့ အသိပညာနဲ့ နိုင်ငံရေး အသိစိတ်ကို မြှင့်တင်ဖို့၊ မိမိတို့ လှုပ်ရှားမှုရဲ့ လက်တွေ့ လိုအပ်ချက်တွေအပေါ် မာ့စ်ဝါဒနဲ့ ချဉ်းကပ်နိုင်ဖို့၊ အကူးအပြောင်းသဘောဆောင်တဲ့ အရေးဆိုချက်တွေကို ဖော်ထုတ်ခြင်းအားဖြင့် အလုပ်သမားထုနဲ့ ဖိနှိပ်ခံလူထုရဲ့ လက်ငင်း တောင်းဆိုချက်တွေကို ဆိုရှယ်လစ် တော်လှန်ရေးနဲ့ ချိတ်ဆက်ပေးနိုင်ဖို့ စသဖြင့် တာဝန်တွေ ရှိလာပါတယ်။

လက်တွေ့ ပုံနှိပ်ထုတ်ဝေတဲ့ စာစောင်တခုဟာ တော်လှန်ရေး အဖွဲ့အစည်းကို တည်ဆောက်ပေးရုံသာမက တော်လှန်ရေးသမားတွေကိုလဲ တည်ဆောက်ပေးတယ်။ ဒီနေရာမှာ ဆိုရှယ် မီဒီယာ သို့မဟုတ် ဝက်(ဘ်)ဆိုက်(ထ်)တွေက ပုံနှိပ် စာစောင်ကို ဘယ်လိုမှ မယှဉ်နိုင်ဘူး။ ပုံနှိပ် စာစောင် ထုတ်ဝေတဲ့အခါ ရဲဘော်တွေကိုယ်တိုင် ဒီစာစောင်တွေကို ထွက်ရောင်းရတယ်၊ အဲသလို ရောင်းဖို့ ရဲဘော်တွေဟာ လူစုလူဝေးတွေ၊ ဆန္ဒပြပွဲတွေ၊ လှုပ်ရှားမှုတွေမှာ ထဲထဲဝင်ဝင် ပါဝင်လာရပြီး အလုပ်သမားတွေ၊ လူငယ်တွေကိုလည်း တိုက်ရိုက် စကားပြောဖို့ လိုအပ်လာတယ်။ ပုံနှိပ် စာစောင်ဟာ တော်လှန်ရေး အဖွဲ့အစည်းနဲ့ အဲဒီ အဖွဲ့အစည်းရဲ့ လုပ်ငန်းစဉ်ကို physical embodiment လုပ်ထားတာပဲ။ တော်လှန်ရေး စာစောင်ဟာ ရဲဘော်တွေကို “comfort zone” ထဲကနေ ဆွဲထုတ်ပေးတယ်၊ ရဲဘော်တွေဟာ တော်လှန်ရေး စာစောင်ကို ရောင်းချဖို့ ကွန်မြူနစ် အယူအဆတွေကို စိတ်ရှည်လက်ရှည် ရှင်းပြရတယ်၊ အလုပ်သမားထုကို စည်းရုံးရတယ်။

စာစောင်တွေကို ထိထိရောက်ရောက် ရောင်းရဖို့ဆိုရင် မာ့က်စ်ဝါဒီတွေအနေနဲ့ စာစောင်မှာ ပါဝင်တဲ့ အကြောင်းအရာတွေကို အခိုင်အမာ နားလည်ဖို့၊ လတ်တလော ဖြစ်စဉ်တွေကို သေချာ သဘောပေါက်ဖို့၊ သဘောတရားရေးရာ ရှင်းလင်းနေဖို့နဲ့ အခြားသူတွေကို ဒါတွေ စနစ်တကျ ရှင်းပြနိုင်စွမ်းရှိဖို့ လိုအပ်လာတယ်။ အရင်းရှင် စနစ်ကို ဖြိုချပစ်မဲ့ တော်လှန်ရေး အဖွဲ့အစည်း တခုကို ဒီလို တည်ဆောက်သွားရတာ ဖြစ်ပါတယ်။

ဒီနေရာမှာ လီနင့်စကားကို ယူသုံးရရင် တော်လှန်ရေး စာစောင်မရှိဘဲ တော်လှန်‌ရေး လှုပ်ရှားမှု မရှိနိုင်ဘူး။ ကျွန်တော်တို့ဟာ အုပ်စိုးသူ လူတန်းစားရဲ့ ဖောက်ပြန်တဲ့ အတွေးအခေါ်တွေ၊ အလိမ်အညာတွေနဲ့ ဝါဒဖြန့်ချိရေး ယန္တရားတွေကို ဆန့်ကျင်ခုခံပြီး အလုပ်သမား လူတန်းစားရဲ့ လွတ်လပ်တဲ့ ကိုယ်ပိုင် စာစောင်တစောင် ဖြစ်မြောက်လာအောင် တည်ဆောက်နေတာ ဖြစ်ပါတယ်။ အခုလို မာ့က်စ်ဝါဒ အခြေခံတဲ့ တော်လှန်ရေး အဖွဲ့အစည်းတရပ် တည်ဆောက်တဲ့‌နေရာမှာ ပါဝင်ကြဖို့အတွက်လည်း ဖိတ်ခေါ်ပါတယ်။

ရေးသူ – ဂျေကော့ဘ်

[Revolutionary Marxism က သုံးလတကြိမ် ထုတ်ဝေနေတဲ့ The Struggle အွန်လိုင်း မဂ္ဂဇင်းကို အခု ဇူလိုင်ကစပြီး ပုံနှိပ် ထုတ်ဝေလိုက်ပြီ ဖြစ်ပါတယ်။ အပြင်မှာ ဝယ်ယူနိုင်မဲ့ လိပ်စာတွေကို အသေးစိတ် ထပ်တင်ပေးပါမယ်။ ထိုင်းနိုင်ငံရောက် စာဖတ် ပရိသတ်များအနေနဲ့ အွန်လိုင်းက မှာယူလိုပါက ပေ့ဂ်ျ မက်ဆန်ဂျာကို ဆက်သွယ် မှာယူနိုင်ပါပြီ။]

References:

Why communists sell newspaper – Canada | RCP

Ask the communists: Why does the party have a newspaper? – RCA