ယူအက်(စ်) အရင်းရှင် နယ်ချဲ့စနစ်ရဲ့ အလွန် ပြင်းထန်တဲ့ ဖိအားတွေကို ရင်ဆိုင်နေရတဲ့ ကျူးဘားဟာ ဇွန်လ ၁၈ ရက်နေ့က ပြုလုပ်တဲ့ ကျူးဘား အမျိုးသား ညီလာခံကနေ စီးပွားရေးစနစ် ပြောင်းလဲရေး အဆိုပြုချက်တွေ တသီကြီး ချမှတ်လိုက်ရတယ်။ အဲဒီ အဆိုပြုချက်တွေကိုသာ လက်တွေ့ အကောင်အထည်ဖော်ခဲ့ရင် ကျူးဘားဟာ အရင်းရှင်စနစ်ဆီ ဆိုက်ဆိုက်မြိုက်မြိုက်ကြီး ပြန်ရောက်သွားမှာ သေချာတယ်။
ဇွန်လ ၁၂ ရက်၊ သောကြာနေ့ မနက်ပိုင်း သတင်းစာ ရှင်းလင်းပွဲတခုမှာ သမ္မတ Díaz-Canel က သက်ရောက်မှု အလွန် ကြီးမားကျယ်ပြန့်တဲ့ စီးပွားရေး ပြောင်းလဲမှုတွေ ကြေညာသွားခဲ့တယ်။ ဇွန်လ ၁၇ ရက် ဗုဒ္ဓဟူးနေ့မှာ ကျူးဘား ကွန်မြူနစ် ပါတီ (PCC) ဗဟို ကော်မတီရဲ့ မျက်နှာစုံညီ အစည်းအဝေး ပြုလုပ်ခဲ့တယ်။ နောက်တရက်မှာပဲ အမျိုးသား ညီလာခံကနေ ပြောင်းလဲရေး အစီအမံ ၁၇၆ ချက်ထက်မနည်း အတည်ပြုခဲ့တယ်။ ဒီအစီအမံတွေကိုသာ တကယ် အကောင်အထည်ဖော်လိုက်ရင် စီမံကိန်း စီးပွားရေး အဆုံးသတ်သွားပြီး အရင်းရှင်စနစ် ပြန်ရောက်သွားမယ်။
အခု ချမှတ်လိုက်တဲ့ ဆုံးဖြတ်ချက်တွေကို ဒီလိုပဲ သုံးသပ်စရာ ရှိတယ်၊ တခြားနည်း မရှိဘူး။ ဒါဟာ ပြုပြင်ပြောင်းလဲမှု နည်းနည်းပါးပါး လုပ်လိုက်တဲ့ ကိစ္စ မဟုတ်သလို ဈေးကွက်ကို ဖြေလျှော့ပေးတဲ့ အဆင့်လဲ မဟုတ်ဘူး။ ကျူးဘားမှာ အရင်းရှင် ဈေးကွက် စီးပွားရေး စနစ်ကို အလုံးစုံ ပြန်အသက်သွင်းတဲ့ အဆင့် ရောက်သွားပြီ။ အရေအတွက်သဘော ပြောင်းလဲမှုတင် မဟုတ်တော့ဘူး၊ အရည်အချင်းသဘော ခုန်ကူး ပြောင်းလဲမှု ဖြစ်တယ်။ ဒီအပြောင်းအလဲဟာ အလွန် ပြင်းထန်တဲ့၊ သမိုင်းဆိုင်ရာ အကျိုးဆက်တွေ ဖြစ်ပေါ်စေလိမ့်မယ်။
အရင်းရှင် စနစ်ဆီ ပြန်သွားခြင်း
အတည်ပြု ချမှတ်လိုက်တဲ့ အစီအမံတွေကို အရင်ဆုံး ကြည့်လိုက်ရအောင် –
- နိုင်ငံတော်က စီမံကိန်းချ အကောင်အထည်ဖော်တဲ့ စီးပွားရေးကို အဆုံးသတ်ပစ်မယ်၊ ဒါ့အပြင် အရင်းအမြစ် ခွဲဝေမှုကို နိုင်ငံတော်က ဦးစီးပြီး မလုပ်တော့ဘူး၊ (ပုဂ္ဂလိက၊ အစိုးရ) “စီးပွားရေး လုပ်ငန်းရှင် အားလုံးအတွက် policy signal တွေ” နဲ့ “ဈေးကွက် signal တွေ” က အဓိက ဆုံးဖြတ်သွားမယ်။
- ပြည်ပ ကုန်သွယ်ရေးမှာ အစိုးရက အလုံးစုံ ထိန်းချုပ်ထားတဲ့ အခြေအနေကို အဆုံးသတ်ပစ်မယ်။
- “ဆိုရှယ်လစ် နိုင်ငံတော်ပိုင် လုပ်ငန်းတွေကို (ရှယ်ယာ သို့မဟုတ် equity interests ရှိတဲ့) စီးပွားရေး ကုမ္ပဏီတွေအဖြစ် ပြောင်းလဲပစ်ခြင်း”။ ဒါ့အပြင် ပြည်တွင်း၊ ပြည်ပ နှစ်ခုလုံးက ပုဂ္ဂလိက အရင်းရှင်တွေကို ကုမ္ပဏီ ရှယ်ယာ ဝယ်ယူခွင့်ပြုခြင်း။
- နိုင်ငံတော်ပိုင် လုပ်ငန်းတွေဟာ ရင်းနှီးမြှုပ်နှံမှု ပေါ်လစီ၊ သက်ဆိုင်ရာ ကဏ္ဍအလိုက် လုပ်ငန်း လည်ပတ်မှု၊ သူတို့အလုပ်သမားတွေကို ပေးတဲ့ လုပ်ခနှုန်းထား၊ ပုဂ္ဂလိက စီးပွားရေးသမားတွေကို နိုင်ငံတော်ပိုင် လုပ်ငန်းတွေက asset တွေ ရောင်းချခြင်း၊ အစရှိတဲ့ ကိစ္စရပ်တွေမှာ သူတို့ဘာသာ အပြည့်အဝ ဆုံးဖြတ်ပိုင်ခွင့် ရှိသွားမယ်၊ နိုင်ငံတော်ပိုင် လုပ်ငန်းတွေဟာ ထုတ်လုပ်ရေး ကုန်ကျစရိတ်အပေါ် မူတည်ပြီး ကုန်စည် ဈေးနှုန်းကို သတ်မှတ်သွားမယ်၊ အမြတ်မထွက်တဲ့ လုပ်ငန်းတွေကို ရပ်နားပစ်မယ်။
- ပုဂ္ဂလိက ဘဏ်စနစ်နဲ့ ဘဏ္ဍာရေး ကဏ္ဍကို ဖန်တီးပေးမယ်။
- ပြည်တွင်း၊ ပြည်ပ နှစ်ခုလုံးက ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံမှုတွေကို ကဏ္ဍပေါင်းစုံကနေ တံခါးဖွင့် ကြိုဆိုသွားမယ်။
- ပုဂ္ဂလိက စီးပွားရေးသမားတွေကို မြေယာတွေ အကန့်အသတ်မရှိ အသုံးပြုခွင့်ပေးမယ်။
- နိုင်ငံသားအားလုံးကို ပေးတဲ့ အစိုးရ ထောက်ပံ့ကြေးတွေ ဖျက်သိမ်းပစ်မယ်၊ အဲဒီအစား ချို့တဲ့ အားနည်းသူတွေကိုသာ ဦးတည် ထောက်ပံ့ပေးတော့မယ်။
- အလုပ်ဖြုတ်ပိုင်ခွင့် စည်းမျဉ်းတွေ ဖြေလျှော့ပစ်ပြီး (၃-၆ လ) ယာယီ အလုပ်လက်မဲ့ ခံစားခွင့်ပေးတဲ့ စနစ်ကို စတင် ကျင့်သုံးမယ်။
- “ငွေလဲနှုန်း ကွာဟချက်တွေ လျော့ပါးသွားအောင် နိုင်ငံတော် ငွေကြေးကို တန်ဖိုး ဆက်တိုက် လျှော့ချပေးမယ်။ ငွေကြေး တန်ဖိုးချတာ မခံနိုင်တဲ့ ကုမ္ပဏီတွေကို ရပ်နားပစ်လိမ့်မယ်။”
- ပုဂ္ဂလိက ကုမ္ပဏီတွေကို အလုပ်သမား ၁၀၀ အထက် ခန့်အပ်ခွင့်ပြုသွားမယ်။
- “အိမ်ခြံမြေ လုပ်ငန်းစုတွေကို အိုးအိမ်တိုက်တာ ဝယ်ယူ ရောင်းချခွင့်ပြုမယ်။”
- “ပြည်ပ စီးပွားရေးသမားတွေကို နိုင်ငံခြား ငွေကြေးနဲ့ ရရှိလာသော ဝင်ငွေအားလုံး အပြည့်အဝ ထိန်းချုပ်ခွင့် ပေးသွားမယ်၊ အတိုင်းအတာတခုအထိ ဒေါ်လာအခြေပြု လည်ပတ်တဲ့ စီးပွားရေး ဝန်းကျင်မှာ ပြည်ပ ရင်းနှီးမြှုပ်နှံသူတွေကို လွတ်လွတ်လပ်လပ် လှုပ်ရှားခွင့်ပေးသွားမယ်၊ ဒါ့အပြင် နိုင်ငံခြား ငွေကြေး အိတ်ချိန်း ဈေးကွက်ကိုလဲ အသုံးပြုခွင့် ပေးဦးမယ်”။
- “စီးပွားရေး လုပ်ငန်းမျိုးစုံကို ခရီးသွား လုပ်ငန်း အချက်အချာ နေရာတွေ ဖြစ်တဲ့ Cayo ကမ်းခြေကျွန်းတွေ၊ သမိုင်းဝင် ကျူးဘား မြို့တော် ဟဗားနား နဲ့ ထရီနီဒက် မြို့တို့မှာ စီးပွားရေး လုပ်ခွင့် ပေးသွားမယ်။”
- “ခရီးသွား စည်းကားတဲ့ နေရာ အားလုံးမှာ အိမ်ခြံမြေ လုပ်ငန်းတွေ လုပ်ခွင့်ပေးသွားမယ်”။
- “အသင့်စား အစားအသောက် ဖရန်ချိုက်(စ်)တွေကို ကျူးဘားမှာ ရင်းနှီးမြှုပ်နှံဖို့ ဖိတ်ခေါ်တယ်”။
ဒါတွေက ဆုံးဖြတ်ချက်ကျပြီးသား အစီအမံ တချို့ကို ကောက်နှုတ်ဖော်ပြခဲ့ခြင်း ဖြစ်ပါတယ်။ တခြား အရေးကြီးတဲ့ အစိတ်အပိုင်း တချို့လဲ ကျန်သေးတယ်။ အခု ဖော်ပြခဲ့တဲ့ စာရင်းကတော့ အရေးအကြီးဆုံးလို့ ယူဆတဲ့ အချက်တွေ ဖြစ်ပါတယ်။
ဒီလို ဆုံးဖြတ်ချက်တွေ ချခဲ့သူတွေရဲ့ ရည်ရွယ်ချက် ဘယ်လိုပင် ရှိပါစေ၊ ဘယ်လို စကားလုံးတွေ သုံးထားပါစေ၊ လက်တွေ့မှာတော့ ဒါက ကျူးဘားမှာ အရင်းရှင် စနစ် ပြန်ရောက်သွားတဲ့ ကိစ္စပဲ။
စီးပွားရေး စီမံကိန်းကို ဖျက်သိမ်းလိုက်သလို နိုင်ငံတော်ပိုင် လုပ်ငန်းတွေကိုလဲ ပူးတွဲစတော့(ခ်) ကုမ္ပဏီများအဖြစ် ပြောင်းလဲပစ်လိုက်တယ်၊ ဒီလုပ်ငန်းတွေကို အရင်းရှင် ဈေးကွက် ဥပဒေသတွေအောက် သွတ်သွင်းလိုက်တယ်။ ဒါ့အပြင် ကျူးဘား စီးပွားရေး စနစ်အပေါ် သက်ရောက်လာမဲ့ ဂလိုဘယ် အရင်းရှင် ဈေးကွက်ရဲ့ ဖိအားတွေကို ဆန့်ကျင် ဟန့်တားပေးခဲ့သော အတားအဆီး တခုကိုလဲ ပယ်ဖျက်ပစ်လိုက်တယ်။ အဲဒီ အတားအဆီးကတော့ ပြည်ပ ကုန်သွယ်ရေးကို အစိုးရက အလုံးစုံ ထိန်းချုပ်ထားတဲ့ စနစ်ပဲ။ (မှန်ပါတယ်၊ဒီထိန်းချုပ်မှုက အားပျော့ ချိနဲ့နေတာ ကြာခဲ့ပြီ၊ ဒါပေမဲ့ အတားအဆီး တခု ဖြစ်ခဲ့တာတော့ ငြင်းလို့ မရဘူး။ အခု အဲဒီ အတားအဆီးကိုပါ ဖျက်ပစ်လိုက်ပြီ)။
စီးပွားရေး လုပ်ငန်း အားလုံး (နိုင်ငံတော်ပိုင် နဲ့ ပုဂ္ဂလိကပိုင် နှစ်မျိုးလုံးကို ဆိုလို) ဟာ ‘လူ့အသိုက်အဝန်းအပေါ် တာဝန်ခံမှု’ ‘social responsibility’ ပြသဖို့ လိုအပ်ကြောင်း ပြောင်းလဲရေး အဆိုပြုချက်တွေထဲ ဖော်ပြထားတယ်၊ (အမျိုးသား ညီလာခံ ကိုယ်စားလှယ်တဦးကဆိုရင် ပုဂ္ဂလိကပိုင် စီးပွားရေး လုပ်ငန်းတွေလဲ ‘ဆိုရှယ်လစ်ပဲ’ လို့ ပြောသွားတယ်)၊ အရေးကြီး ကဏ္ဍတွေက စီးပွားရေး လုပ်ငန်းတွေမှာ နိုင်ငံတော်က ပိုင်ဆိုင်မှု အများစု ကိုင်ထားခွင့် ရှိတယ်လို့ ဆိုထားတယ်။ တကယ့် လက်တွေ့မှာ ဒါတွေ တခုမှ အရေးတယူ လုပ်မှာ မဟုတ်ဘူး။ အရင်းရှင်တွေက လူ့အဖွဲ့အစည်း တခုလုံးအပေါ် ကိုယ်ကျင့်တရား အခြေခံပြီး ပြုမူ ဆောင်ရွက်နေတာ မဟုတ်ဘူး၊ အမြတ် များနိုင်သမျှ များများရရေး အခြေခံပေါ်ကနေ လုပ်ဆောင်နေကြတာ ဖြစ်တယ်။ အဲသလို မလုပ်ရင်လဲ ယှဉ်ပြိုင်မှု ကြိုးဝိုင်းထဲကနေ သူတို့ ကန်ထုတ်ခံရမှာပဲ။
အဲဒီ အဆိုပြုချက်တွေကိုသာ လက်တွေ့ အသက်သွင်းလိုက်ရင် ပြည်တွင်း ပြည်ပ နှစ်ခုလုံးက လက်တဆုပ်စာ အရင်းရှင်ကြီးတွေရဲ့ ပုဂ္ဂလိက အကျိုးအမြတ်ကသာ ကျူးဘား စီးပွားရေးရဲ့ အဓိက မောင်းနှင်အား ဖြစ်သွားမယ်။
အခု အတည်ပြုလိုက်တဲ့ အစီအမံတွေကို ဝန်ကြီး Marrero နဲ့ သမ္မတ Díaz-Canel တို့က ‘ဆိုရှယ်လစ် စီးပွားရေး မော်ဒယ်ကို ပြည့်စုံ အားကောင်းအောင် လုပ်ပေးတဲ့’ ခြေလှမ်းတွေ အဖြစ် ပုံဖော်ခဲ့ကြတယ်၊ အခုလို ဆုံးဖြတ်ချက်တွေ ချခဲ့တာလဲ ယူအက်(စ်)က ကျူးဘားကို လည်မြိုညှစ်ထားတဲ့ အခြေအနေနဲ့ မဆိုင်ဘူးလို့ ပြောသွားတယ်။
“ကုန်လုပ်စွမ်းအားစုတွေကို ချုပ်နှောင်ထားတဲ့ ဆက်ထုံးတွေကို” အခု ချမှတ်လိုက်တဲ့ အစီအမံတွေက “ဖြည်ပေးလိမ့်မယ်” လို့ ပြောသွားသေးတယ်။ သူတို့ ပြောပုံက နိုင်ငံတော်ပိုင်ပြုခြင်းနဲ့ စီမံကိန်းကပဲ ပြဿနာ ဖြစ်နေသလိုလို။ တကယ့် ပြဿနာက ဗျူရိုကရေစီနဲ့ စီမံကိန်းကို ဗျူရိုကရေစီ နည်းအတိုင်း အကောင်အထည် ဖော်ခဲ့လို့ပဲ။
ဒါဟာ အလွန် လေးနက်တဲ့ ကိစ္စ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ လတွေတုန်းက ယူအက်(စ်) အရင်းရှင် နယ်ချဲ့ဟာ ကျူးဘားကို ဖိအားတွေ အလွန်အကျွံ ပေးခဲ့တယ်၊ အဲဒီ ဖိအားတွေကြောင့် ကျူးဘား စီးပွားရေးဟာ အသက်ရှူရပ်လုနီးပါး ဖြစ်သွားခဲ့တယ်၊ ဒီအခြေအနေမှာ ကျူးဘားအနေနဲ့ ဈေးကွက်ကို လိုက်လျောမှု တချို့ မလွှဲမရှောင်သာ ပေးခဲ့ရတယ်လို့ ပြောနိုင်ပါတယ်။ ဒါပေမယ့် အဲဒါကြောင့် လိုက်လျောခဲ့ရတယ် ဆိုရင်လဲ အဖြစ်မှန်ကို ပွင့်ပွင့်လင်းလင်း ပြောရမယ်။ အခု ချမှတ်လိုက်တဲ့ အစီအမံတွေက အလွန် လေးနက်ပြီး အလွန် အန္တရာယ်ကြီးတဲ့ နောက်ဆုတ် ခြေလှမ်းတွေ ဖြစ်တယ်လို့ ပြောရမယ်။ ကျူးဘား အစိုးရ ခေါင်းဆောင်တွေ ပြောနေသလို ဆိုရှယ်လစ် စနစ် ခိုင်မာ အားကောင်းစေတဲ့ သို့မဟုတ် ရှေ့ကို ချီတက်သွားတဲ့ ခြေလှမ်းတွေအဖြစ် ပုံဖော်ရမှာ မဟုတ်ဘူး။
သမ္မတ Díaz-Canel က “ဝေဖန်ရေးသမား” လို့ သူ ပြောခဲ့တဲ့ ကျူးဘား စီးပွားရေး ပညာရှင်တွေကို ဖိတ်ပြီး အဲဒီ အဆိုပြုချက်တွေကို အကြံပေးခိုင်းခဲ့တယ်။ သူ ဖိတ်ခဲ့တဲ့ အထဲ Omar Everleny နဲ့ Triana Cordoví တို့ ပါဝင်တယ်။ ဒီလူတွေက ကျူးဘားကို တရုတ်-ဗီယက်နမ် လမ်းကြောင်းအတိုင်း အရင်းရှင်စနစ်ဆီ ပြန်သွားဖို့ နှစ်ပေါင်း ၂၀ လောက် တိုက်တွန်းလာခဲ့သူတွေ။ ကျူးဘား စီးပွားရေးစနစ် လေ့လာရေး စင်တာကနေလဲ တိုက်တွန်းခဲ့သလို အပြင်ကလဲ တွန်းခဲ့ကြသူတွေ ဖြစ်ပါတယ်။ မြေခွေးကို ကြက်ခြံ စောင့်ခိုင်းသလို ဖြစ်နေပြီ။
“တခြား ဆိုရှယ်လစ် တိုင်းပြည်တွေရဲ့ အတွေ့အကြုံတွေကို လေ့လာရာက” (ဆိုလိုတာက တရုတ်နဲ့ ဗီယက်နမ်ကို လေ့လာရာက) ဒီအဆိုပြုချက်တွေ ထွက်ပေါ်လာခြင်း ဖြစ်တယ်လို့ အမျိုးသား ညီလာခံ National Assembly of People’s Power (ANPP) နဲ့ ပါတီ ဗဟို ကော်မတီ အစည်းအဝေး မိန့်ခွန်းပေါင်း များစွာမှာ ပြောခဲ့ကြတယ်။
ရှင်းအောင် ပြောပါမယ်၊ တရုတ်နဲ့ ဗီယက်နမ်မှာ ‘ကွန်မြူနစ်’ ပါတီ ခေါင်းဆောင်တွေက အရင်းရှင် စနစ်ကို ပြန်အစားထိုးခဲ့ကြတယ်။ အဲဒီ တိုင်းပြည်တွေမှာ အရင်းရှင် စနစ်ကို ပြန်ရောက်ဖို့ ဆယ်စုနှစ်ချီ ကြာခဲ့တယ်။ ကျူးဘားမှာ ရက်သတ္တပတ် အနည်းငယ်အတွင်း အရင်းရှင် စနစ် ပြန်ရောက်အောင် သူတို့ တွန်းချင်ကြတယ်။

ကွာသွားတာက တရုတ်ပြည်ဟာ ဈေးပေါပေါ လုပ်အားတွေ အလျှံပယ် ရှိနေတဲ့ တိုင်းပြည်ကြီး တခု ဖြစ်တယ်၊ နိုင်ငံတော်က အင်အား တောင့်တင်းတယ်၊ အဲဒီလို တိုင်းပြည်ကြီး တခုမှာ အရင်းရှင် စနစ် ပြန်ရောက်သွားခြင်းဟာ တရုတ်ပြည်ကို အချုပ်အခြာ အာဏာပိုင် တိုင်းပြည်တခုအဖြစ် အကြီးအကျယ် ဖွံ့ဖြိုးသွားစေခဲ့တယ်၊ အခုဆိုရင် ယူအက်(စ်) ကြီးစိုးမှုကို စိန်ခေါ်နိုင်တဲ့ ကမ္ဘာ့ ပါဝါတခု ဖြစ်လာပြီ။ တရုတ်က အရင်းရှင် တိုင်းပြည် တခု ဖြစ်ပါတယ်၊ လက်တဆုပ်စာ ဘီလျံနာကြီးတွေဟာ နိုင်ငံတော် ယန္တရားနဲ့ ပူးချည်ထားသလို နာမည်လွဲနေတဲ့ ကွန်မြူနစ် ပါတီ ဆိုတာနဲ့လဲ တသားတည်း နီးကပ်နေတယ်။ အဲဒီ လက်တဆုပ်စာ ဘီလျံနာကြီးတွေရဲ့ အကျိုးစီးပွားကပဲ တရုတ်ပြည် စီးပွားရေးကို စိုးမိုးမင်းမူနေခြင်း ဖြစ်တယ်။ လက်တဆုပ်စာ ဘီလျံနာကြီးတွေဟာ သန်းပေါင်းများစွာသော အလုပ်သမားထုကို သွေးစုပ်ခြယ်လှယ်ရင်း အလျှံပယ် အမြတ်ရနေကြတယ်။ ဒါပေမဲ့ တရုတ်ပြည်က ယူအက်(စ်) နယ်ချဲ့နဲ့ ရင်ဘောင်တန်းပြီး ကမ္ဘာ့ ဈေးကွက်မှာ ယှဉ်ပြိုင်နိုင်တဲ့ ကိုယ့်ပေါ်လစီကိုယ် ပြဋ္ဌာန်းနိုင်တဲ့ အရင်းရှင် တိုင်းပြည် တခု ဖြစ်တယ်။
ကျူးဘားက တရုတ်လို လိုက်လုပ်ဖို့ မဖြစ်နိုင်ဘူး။ ကျနော်တို့ ရှင်းရှင်းပဲ ပြောရမယ်။ ယိုင်နဲ့နေတဲ့ ကျူးဘား စီးပွားရေးထဲ နိုင်ငံခြား အရင်းတွေ တံခါးမရှိ ဓားမရှိ ဒလဟော ဝင်ချလာရင် ကျူးဘားကို အလုံးစုံ စိုးမိုး ခြယ်လှယ်ပြီး ကျွန်ပြုသွားမှာပဲ။ စီးပွားရေး အချုပ်အခြာ အာဏာ ဆုံးရှုံးသွားရင် မကြာခင်မှာ နိုင်ငံရေး အချုပ်အခြာ အာဏာလဲ ဆုံးရှုံးရလိမ့်မယ်။
အမျိုးသား ညီလာခံနဲ့ ဗဟို ကော်မတီ အတွင်းမှာတောင် အခု ချမှတ်လိုက်တဲ့ အစီအမံတွေကို သတိကြီးကြီးထားသူတွေ အတော်များများ ရှိနေတာ ထင်ရှားတယ်။ အကြောင်းကတော့ ဒီအစီအမံတွေကိုသာ အကောင်အထည်ဖော်လိုက်ရင် ကြုံရမဲ့ စီးပွားရေး သက်ရောက်မှု ဒဏ်တွေကို သူတို့ စိုးရိမ်လို့ပဲ။ ဥပမာ ပြရရင် ချမှတ်လိုက်တဲ့ စီးပွားရေး အစီအမံတွေကြောင့် “ပြည်သူတွေကြား ဆင်းရဲချမ်းသာ ကွာဟမှုတွေ ပိုကြီးထွားလာနိုင်ကြောင်း၊ တချို့သော အစိတ်အပိုင်းတွေမှာ ဓနစည်းစိမ်တွေ အကြီးအကျယ် စုပြုံသွားနိုင်ကြောင်း” ပါတီရဲ့ အုပ်ချုပ်ရေး အဖွဲ့ အစည်းအဝေးမှာ Miriam Nicado က ရှင်းပြခဲ့တယ်။
အကျိုးဆက်ကတော့ ဒီအဆိုပြုချက်တွေကို ထောက်ခံမှု အားကောင်းအောင် Raúl Castro လက်မှတ်ရေးထိုးထားတဲ့ ထောက်ခံချက် စာတစောင်ကို တင်ပြခဲ့တယ်။ အချုပ်အခြာ အာဏာပိုင်စိုးမှုနဲ့ လူမှု တရားမျှတမှုကို ဆောင်ကျဉ်းပေးမယ် ဆိုတဲ့ တော်လှန်ရေး ကတိကဝတ်ကို ဖြည့်ဆည်းပေးဖို့ အရင်းရှင် စနစ်ကို ဖြိုချပစ်ခဲ့သူတွေ (သမိုင်းဝင် တော်လှန်ရေး ခေါင်းဆောင်တွေ) ရဲ့ ဩဇာအရှိန်အဝါကို အပြည့်အဝ ယူသုံးလိုက်ကြတယ်။ ဒါပေမဲ့ ထိုခေါင်းဆောင်တွေ လျှောက်ခဲ့တဲ့ လမ်းနဲ့ ဆန့်ကျင်ဖက် လမ်းကို အကောင်အထည်ဖော်ဖို့ ယူသုံးလိုက်ကြတာ ဖြစ်ပါတယ်။
ယူအက်(စ်)က ကျူးဘား စီးပွားရေးကို လည်မြိုညှစ်ထားခြင်း
ဒီပြောင်းလဲမှုတွေကို အချုပ်အခြာ အာဏာပိုင် အစိုးရ တရပ်အနေနဲ့ မိမိတို့ သဘောဆန္ဒအလျောက် လွတ်လပ်စွာ ဆုံးဖြတ်လိုက်ခြင်း ဖြစ်တယ်လို့ ဘယ်လိုပဲ ပြောနေပါစေ တကယ့် အရှိတရားကတော့ ဒီပြောဆိုမှုတွေကို ခေါင်းရမ်းပြနေတယ်။ ယူအက်(စ်)က ကျူးဘား စီးပွားရေးကို လည်မြိုညှစ်ထားတဲ့အခါ မရှူနိုင် မကယ်နိုင် အခြေအနေ ရောက်သွားခဲ့တယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီလမှာ ယူအက်(စ်) အစိုးရက ကျူးဘားကို လောင်စာဆီ တင်သွင်းတဲ့ လမ်းကြောင်း အားလုံး ပိတ်ပစ်ခဲ့တယ်၊ ဒါ့ကြောင့် ကျူးဘား စီးပွားရေး သွက်ချာပါဒလိုက်သွားခဲ့တယ်၊ နိုင်ငံတဝှမ်း နေ့ည ၂၄ နာရီပတ်လုံး လျှပ်စစ်မီး ပြတ်တောက်သွားခဲ့တယ်။ အစားအသောက် အပါအဝင် ကုန်စည်စီးဆင်းမှု၊ ခရီးသွားလာမှု အားလုံး ကမောက်ကမ ဖြစ်ကုန်တယ်။ စာသင်ကျောင်း နဲ့ ဆေးရုံတွေ အပါအဝင် အများပြည်သူ ဝန်ဆောင်မှု ကဏ္ဍတွေ အကြီးအကျယ် ထိခိုက်သွားတယ်။ ကျူးဘား ပြည်သူတွေဟာ သူတို့ ဝယ်ခြမ်းနိုင်သလောက် အစားအသောက်တွေကို ကြာရှည်ခံအောင် ထိန်းထားဖို့ မစွမ်းသာတော့ဘူး၊ လျှပ်စစ်မီး မရတဲ့ အခြေအနေမှာ မီးသွေးသုံးပြီး ချက်ပြုတ်ရတော့တယ်။
မာကို ရူဘီယိုရဲ့ ခြိမ်းခြောက်မှုက အောင်မြင်သွားခဲ့တယ်၊ ကရစ်ဘီယံနဲ့ စင်ထရယ် အမေရိက တိုင်းပြည်တွေက ကျူးဘား ဆေးပညာရှင် အဖွဲ့တွေကို လက်မခံရဲတော့ဘဲ ပြန်လွှတ်ခဲ့ရတယ်။ ကျူးဘားရဲ့ ဝင်ငွေ ရလမ်းတခု ပိတ်သွားခဲ့တယ်။
လေယာဉ်ဆီ ပြတ်လပ်မှုကြောင့် လေကြောင်းလိုင်း အများစုက ကျူးဘား ခရီးစဉ်တွေ ရပ်ဆိုင်းပစ်ခဲ့ရတယ်။ အကျိုးဆက်ကတော့ ကျူးဘား စီးပွားရေးရဲ့ အဓိက ဝင်ငွေလမ်းကြောင်း တခု ဖြစ်တဲ့ ခရီးသွားလုပ်ငန်း အကြီးအကျယ် ထိခိုက်သွားခဲ့တယ်။ အထူးသဖြင့် ရုရှားနဲ့ ကနေဒါက ခရီးသွားတွေ ကျူးဘားကို မလာနိုင်တော့ဘူး။
မေလ တရက်နေ့မှာ ရူဘီယို ချမှတ်လိုက်တဲ့ ဆင့်ပွား ဒဏ်ခတ်ပိတ်ဆို့မှုတွေကြောင့် (နီကယ်၊ ကိုဘော့ တူးဖော်ရေးမှာ ကျူးဘား အစိုးရပိုင် လုပ်ငန်းနဲ့ ဖက်စပ် လုပ်ကိုင်နေတဲ့) ကနေဒါ သတ္တုတူးဖော်ရေး ကုမ္ပဏီ Sherritt International ထွက်ခွာသွားရတယ်၊ ကျူးဘား အစိုးရပိုင် ကုမ္ပဏီ Gaviota နဲ့ ခရီးသွား လုပ်ငန်းမှာ ဖက်စပ် လုပ်ကိုင်နေတဲ့ အင်ဒိုနီးရှား၊ တူရကီ၊ စပိန်နဲ့ ကနေဒါ ဟိုတယ် လုပ်ငန်းတွေလဲ ကျူးဘားကနေ ထွက်ခွာသွားခဲ့ရတယ်၊ ဗီဇာနဲ့ မာစတာကဒ် ငွေကြေး ဝန်ဆောင်မှု လုပ်ငန်းတွေလဲ ကျူးဘား ကျွန်းမှာ အလုပ် ရပ်နားခဲ့ရတယ်၊ ဥရောပက ကုန်စည်ပို့ဆောင်ရေး ကုမ္ပဏီတွေ ဖြစ်တဲ့ Hapag-Lloyd နဲ့ CMA CGM တို့လဲ ကုန်စည်ပို့ဆောင်ရေး ဝန်ဆောင်မှုတွေ ရပ်နားပစ်လိုက်ရတယ်။ အမေရိကမှာနေတဲ့ ဆွေမျိုးသားချင်းတွေက ကျူးဘားကို ပစ္စည်း လှမ်းပို့ချင်တဲ့အခါ လက်လီဖြန့်ချိရေး ဝန်ဆောင်မှု ပေးနေတဲ့ Envioscuba .com တောင် အလုပ် နားလိုက်ရတယ်။
ထရမ့်-ရူဘီယို ရာဇဝတ်သား ဂိုဏ်းက ကျူးဘားရဲ့ နိုင်ငံခြား ဝင်ငွေ ရလမ်း အားလုံးကို စနစ်တကျ ပစ်မှတ်ထား ပိတ်ဆို့ခဲ့တယ်၊ ဥပမာ – ပြည်ပ တိုင်းပြည်တွေကို ဆေးကုသရေး အဖွဲ့တွေ စေလွှတ်ခြင်း၊ ခရီးသွား ဝန်ဆောင်မှု လုပ်ငန်း၊ ပြည်ပကနေ ကျူးဘားကို ငွေလွှဲခြင်း၊ သတ္တု တူးဖော်ရေး၊ စသဖြင့်။ ဒါ့အပြင် ကျူးဘားကို လောင်စာဆီ လမ်းကြောင်းပါ ဖြတ်တောက်ပစ်ခဲ့တယ်။
ဒီလို မကြုံစဖူး စီးပွားရေး ပိတ်ဆို့တဲ့ နည်းနဲ့ အကျပ်ကိုင် ခြိမ်းခြောက်တဲ့အပြင် ထရမ့် နဲ့ ရူဘီယိုတို့က စစ်ရေး ခြိမ်းခြောက်မှုတွေလဲ လုပ်ခဲ့သေးတယ် (ဗြောင်လုပ်တာ ရှိသလို သွယ်ဝိုက် ခြိမ်းခြောက်တာလဲ ရှိတယ်)၊ ဟက်(ဂ်)ဆက်(သ်)က Guantánamo အခြေစိုက် စခန်းကို ရမ်ဘို စတိုင်လ် သွားပြခဲ့တာလဲ ရှိသေးတယ်။
အမေရိကန် စီးပွားရေးသမားတွေနဲ့အတူ အရင်းရှင် စနစ်ဆီ တရုတ် လမ်းကြောင်းအတိုင်း ပြန်သွားခြင်းလား?
ဒါ့ကြောင့် အခုလို စီးပွားရေး စနစ် ပြောင်းလဲရေး အစီအမံတွေ ချလိုက်တာဟာ ကျူးဘား ခေါင်းဆောင်ပိုင်းက (တရုတ်ပြည်မှာ လုပ်ခဲ့သလို) နိုင်ငံရေး အာဏာကို ချုပ်ကိုင်ထားပြီး အရင်းရှင် စနစ်ကို ပြန်သွားဖို့ ဆုံးဖြတ်လိုက်တာပဲလို့ ရှင်းပြနိုင်တယ်။ ဒီနည်းနဲ့ အရင်းရှင် နယ်ချဲ့ရဲ့ စစ်ရေး ကျူးကျော်မှုနဲ့ မင်းပြောင်းမင်းလွှဲ လုပ်မဲ့ စီမံကိန်းကို တားဆီးနိုင်မယ်၊ ဆန်ရှင်တွေ ရုတ်သိမ်းပေးဖို့ ညှိနိုင်းနိုင်မယ်။
ဒီရှင်းပြချက်က လတ်တလော ထွက်ပေါ်လာတဲ့ ထုတ်ပြန်ချက်တွေ၊ အရွေ့တွေနဲ့လဲ ကိုက်ညီမှု ရှိတယ်။ မေလ အကုန်မှာ Rhode ကျွန်း မြို့တော်ဝန် နေရာ ဝင်ပြိုင်မဲ့ အမေရိကန် စီးပွားရေးသမား Vic Mellor ကျူးဘားကို သွားခဲ့တယ်၊ ကျူးဘား စီးပွားရေးသမားတွေရဲ့ ဖိတ်ခေါ်မှုအရ သွားခဲ့ခြင်း ဖြစ်တယ်လို့ ဆိုထားတယ်။ ဒီခရီးစဉ်အတွင်း ရာအူး(လ်) ကတ်စရိုရဲ့ မြေးဖြစ်သူနဲ့ နှစ်ကြိမ် တွေ့ဆုံခဲ့တယ်။
“ရာအူးလ် [Rodríguez Castro] နဲ့ တွေ့ခဲ့တယ်၊ ကျူးဘားကို တံခါးဖွင့် စီးပွားရေး လုပ်လိုတဲ့ အမြင် သူ့မှာ ရှိတယ်၊ ကျနော်နဲ့ သဘောချင်း မျှပါတယ်။ အဲလို လုပ်ဖို့ ကျူးဘားက လိုအပ်နေတယ်၊ ကမ္ဘာကြီးကလဲ ဒါကို လိုအပ်နေတယ်လို့ ကျနော် ထင်တယ်လေ”။ AFP သတင်းဌာနကို Mellor ပြောသွားတာ ဖြစ်ပါတယ်။ “ရှေ့ကို ဆက်လှမ်းရမယ့် အချိန်ကျပြီ၊ ပြောင်းလဲဖို့ အချိန်တန်ပြီလို့ ကျနော် ထင်တယ်၊ ဒါကို ရာအူးလ်လဲ ယုံတယ်”။
သဘောခွေ့စရာ စကားတွေပဲ။
ကျူးဘား ပြည်သူတွေကို တိုင်ပင်နှီးနှောခြင်း မပြုခဲ့ဘူး၊ ရေရေရာရာ ရှင်းပြတာတောင် မရှိခဲ့ဘူး။ အဲဒါတွေ တခုမှ မလုပ်ခဲ့ဘဲ အမျိုးသား ညီလာခံကနေ အရင်းရှင် စနစ် ပြန်သွားမဲ့ အစီအမံတွေ ချမှတ်ခဲ့တယ်။ နောက် တရက်မှာပဲ Raulito က Abu Dhabi ရဲ့ The National သတင်းဌာနကို သီးသန့် အင်တာဗျူးပေးခဲ့တယ်၊ ယူအက်(စ်)နဲ့ “ချစ်ကြည်ရင်းနှီးတဲ့ ဆက်ဆံရေး” ကို ကမ်းလှမ်းခဲ့တယ်။ တော်လှန်ရေးက သိမ်းယူထားတဲ့ ကျူးဘား-အမေရိကန်တွေရဲ့ ပိုင်ဆိုင်မှုတွေကို လျော်ကြေးပြန်ပေးဖို့ ကိစ္စလဲ နှစ်ဖက် သဘောတူညီချက် ရနိုင်တယ်လို့ သူက ထပ်လောင်း ပြောသွားသေးတယ်။
ဒီအင်တာဗျူးမှာပဲ ကုန်သွယ်ရေးနဲ့ ခရီးသွားလုပ်ငန်းဌာန ဒုဝန်ကြီး Carlos Méndez က ယူအက်(စ်) စီးပွားရေးသမား အသိုင်းအဝိုင်းကို တိုက်ရိုက်ရည်ညွှန်းပြီး အခုလို ပြောသွားပါတယ် – “ကျူးဘားက ရင်းနှီးမြှုပ်နှံမှုတွေကို တံခါးဖွင့်ထားကြောင်း ယူအက်(စ်) လုပ်ငန်းရှင်တွေကို သိနားလည်စေလိုပါတယ်၊ ….သတ္တု တူးဖော်ရေး၊ ခရီးသွား၊ အိမ်ခြံမြေ၊ ဘဏ်လုပ်ငန်းနဲ့ ဘဏ္ဍာရေး အစရှိတဲ့ ကဏ္ဍတွေမှာ လာရောက် ရင်းနှီးမြှုပ်နှံနိုင်ပါတယ်။ ကျနော်တို့ အစိုးရတွေကြား မတူခြားနားမှုတွေ ရှိပေမဲ့ ဒီခြားနားမှုတွေကြောင့် လုပ်ငန်းရှင် အသိုင်းအဝိုင်းက ကျူးဘား စီးပွားရေးမှာ ရင်းနှီးမြှုပ်နှံမှု မလုပ်တာမျိုး မဖြစ်သင့်ဘူး”။
ကျူးဘား တော်လှန်ရေးနဲ့ ပတ်သက်ပြီး ဒေါ်နယ် ထရမ့်နဲ့ မာကို ရူဘီယိုကြား သဘောထား ကွဲလွဲမှုတွေ ရှိတာတော့ အထင်အရှားပဲ။ နှစ်ယောက်လုံးက ကျူးဘား တော်လှန်ရေးကို ဖျက်စီးပစ်ချင်တယ်၊ ဒါကတော့ သေချာတယ်၊ ဒါပေမဲ့ နောက်ဆုံး ဘယ်အထိ သွားမလဲ ဆိုတဲ့ နေရာမှာတော့ သူတို့ နှစ်ဦး သဘောထား မတူဘူး။ ရူဘီယိုအတွက် နောက်ဆုံး ပန်းတိုင်က မင်းပြောင်းမင်းလွှဲ ဖြစ်ရေးပဲ၊ ဒါမှ မိုင်ယာမီ အခြေစိုက် ကျူးဘား-အမေရိကန် တန်ပြန်တော်လှန်ရေး အင်အားစု (gusanos) တွေက ကျူးဘားကို စိုးမိုးခြယ်လှယ်နိုင်မှာ ဖြစ်တယ်။ ထရမ့်အဖို့ နောက်ဆုံး ပန်းတိုင်က ကျူးဘား ကျွန်းနဲ့ စီးပွားရေး အရင်းအမြစ်တွေကို ချုပ်ကိုင်ထားပြီး ရုရှား နဲ့ တရုတ်ကို ပထုတ်နိုင်ရင် လုံလောက်ပြီ၊ ကျူးဘားမှာ ဘယ်သူတွေ အစိုးရ လုပ်နေသလဲ အရေးမကြီးဘူး၊ ပြောရရင် ဗင်နီဇွဲလား မော်ဒယ်ပေါ့။

အများစု သိပ်သတိမထားမိလိုက်ကြတဲ့ ဖြစ်ရပ် တခု ရှိတယ်။ ရူဘီယိုရဲ့ ဆင့်ပွား ဒဏ်ခတ်ပိတ်ဆို့မှုတွေကြောင့် ကနေဒါ သတ္တုတူးဖော်ရေး ကုမ္ပဏီ Sherritt International က ကျူးဘားကနေ ထွက်ခွာသွားရတယ်၊ (ဒီကုမ္ပဏီက ကျူးဘားမှာ မြှုပ်နှံထားတဲ့ စီးပွားရေးအပေါ် အဓိက မှီခိုနေရတာ)။ အဲဒီအချိန်မှာ ထရမ့် ပထမ သက်တမ်းမှာ အကြံပေးလုပ်ခဲ့သူ တယောက် ပိုင်တဲ့ ယူအက်(စ်) ကုမ္ပဏီတခုက ကနေဒါ ကုမ္ပဏီက ရှယ်ယာ အများစုကို ဝယ်ယူဖို့ ကမ်းလှမ်းခဲ့တယ်။
ကျူးဘားအပေါ် ချမှတ်လိုက်တဲ့ ရူဘီယိုရဲ့ ဆန့်ရှင်တွေကြောင့် စီးပွားရေး ဆက်လုပ်မရတဲ့ ကနေဒါ ကုမ္ပဏီ တခုကို တက္ကဆပ် စီးပွားရေးသမားတယောက်က ဘာ့ကြောင့် စိတ်ဝင်စားတာလဲ။ ထရမ့်က သူ့ကို ကျူးဘားမှာ စီးပွားရေး လုပ်ခွင့် လိုင်စင် ထုတ်ပေးမှာပဲလို့ တွက်မထားဘူးဆိုရင် ဘယ်စိတ်ဝင်စားမလဲ။ အဲဒီလို အပေးအယူ တခုသာ အထမြောက်သွားရင် ကျူးဘားက နီကယ်(လ်)နဲ့ ကိုဘော့ သတ္တု တူးဖော်ရေး လုပ်ငန်းဟာ ကနေဒါ ထိန်းချုပ်မှုအောက်ကနေ ယူအက်(စ်) ထိန်းချုပ်မှုအောက်ကို ရောက်သွားလိမ့်မယ်။ ယူအက်(စ်) နယ်ချဲ့က အထူးအရေးပါတဲ့ သတ္တုတွေ အပိုင်ရရှိရေး အသည်းအသန် အားထုတ်နေတဲ့ အချိန်မှာ အဲသလို ဖြစ်သွားမဲ့ သဘောပဲ။
ခရီးသွား ဝန်ဆောင်မှု လုပ်ငန်း အပါအဝင် တခြား စီးပွားရေး ကဏ္ဍတွေမှာလဲ အလားတူ လုပ်ဖို့ အစီအစဉ် ရှိနေနိုင်တယ်၊ ဒီအချက်ကို တွေးကြည့်ဖို့ သိပ်ခက်ခဲသလား။
နယ်ချဲ့သမားရဲ့ ခြိမ်းခြောက်အကျပ်ကိုင်မှုကြောင့် စပိန်နဲ့ ကနေဒါ အခြေစိုက် နိုင်ငံဖြတ်ကျော် ကော်ပရေးရှင်းကြီးတွေ ကျူးဘားကနေ တစိတ်တပိုင်း ထွက်ခွာသွားရတာတွေ ရှိနေပြီ။ ယူအက်(စ်) ကော့ပရေးရှင်းကြီးတွေက သူတို့ နေရာ ဝင်အစားထိုးလာမလား။ ဒါမှမဟုတ် ယူအက်(စ်) ပြိုင်ဘက် မဟုတ်တဲ့ တခြား တိုင်းပြည်တွေက ကုမ္ပဏီကြီးတွေ ဝင်လာမလား။ Cayo Santa María မှာ ‘ထရမ့် ကျွန်း’ တခု တည်ဆောက်ဖို့ စိတ်ဝင်စားနေတဲ့ ယူအေအီး စီးပွားရေးသမား တစု ရှိကြောင်း ပြောနေကြပြီ။
နိုင်ငံတော် ဗျူရိုကရေစီနဲ့ ကျူးဘား ကွန်မြူနစ် ပါတီ အစိတ်အပိုင်း တခုနဲ့ သဘောတူညီချက် ရယူပြီး အကောင်အထည်ဖော်တာပဲဖြစ်ဖြစ် သို့မဟုတ် အကြမ်းနည်းသုံးပြီး အတင်းအကြပ် အကောင်အထည်ဖော်တာပဲဖြစ်ဖြစ် ကျူးဘား စီးပွားရေးကို ယူအက်(စ်) ကုမ္ပဏီကြီးတွေရဲ့ အကျိုးစီးပွားက ထိန်းချုပ်သွားပြီဆိုရင် ကျူးဘားရဲ့ အချုပ်အခြာ အာဏာလဲ ဆုံးရှုံးသွားမှာ သေချာတယ်။
ကျနော်တို့ ထပ်တလဲလဲ ရှင်းပြဖူးတဲ့ အချက်ကိုပဲ ထပ်ပြောရဦးမယ်။ ကျူးဘား တော်လှန်ရေးရဲ့ အောင်သီးအောင်ပွင့်တွေဟာ အရင်းရှင် စနစ်ကို ဖြိုချပစ်ခဲ့လို့သာ ရရှိခဲ့ခြင်း ဖြစ်တယ်။ အရင်းရှင် စနစ်ကိုသာ ပြန်သွားမယ်ဆိုရင် ဒီအောင်သီးအောင်ပွင့်တွေကို ဆက်ထိမ်းထားဖို့ ဘယ်လိုမှ မဖြစ်နိုင်ဘူး၊ (ဒီအောင်သီးအောင်ပွင့်တွေဟာ အရင်းရှင် နယ်ချဲ့စနစ်ရဲ့ ဆယ်စုနှစ်များစွာ ထိုးနှက်တိုက်ခိုက်မှုတွေကြောင့် အလွန်အမင်း အားနည်းနေပြီ ဖြစ်ပေမဲ့ ဆက်ပြီး တည်ရှိနေဆဲ ဖြစ်ပါတယ်)။
အရင်းရှင် စနစ်ကို ပြန်သွားတဲ့ ဖြစ်စဉ်သာ ပြီးမြောက်သွားရင် လူတန်းစား ကွာခြားချက်တွေ သေချာပေါက် ပိုကြီးထွားလာလိမ့်မယ်၊ လက်တဆုပ်စာက အလျှံပယ် ကြွယ်ဝပြီး ကျူးဘား အရင်းရှင် လူတန်းစား တရပ် ပေါ်ထွက်လာလိမ့်မယ်၊ အဲဒီ လူတန်းစားက စီးပွားရေး အာဏာကို အသုံးချပြီး နိုင်ငံရေး အာဏာကိုပါ ချုပ်ကိုင်လာလိမ့်မယ်။ အလုပ်သမား ဒါဇင်လောက် ခန့်ပြီး လည်ပတ်နေတဲ့ အသေးစား၊ အလတ်စား လုပ်ငန်းလေးတွေအကြောင်း ကျနော်တို့ ပြောနေတာ မဟုတ်ဘူး၊ တိုင်းပြည် စီးပွားရေးရဲ့ အချက်အချာ ကဏ္ဍတွေကို ချုပ်ကိုင်ပြီး အမြတ်တွေ သဲ့ယူနေမဲ့ ပြည်ပ အရင်းရှင် ကုမ္ပဏီကြီးတွေအကြောင်း ပြောနေတာပါ။ ဒါ့အပြင် ပေါ်ထွန်းစ ကျူးဘား ဘူဇွာ လူတန်းစားကို မိုင် ၉၀ အကွာမှာ ရှိနေတဲ့ ကမ္ဘာဂြိုဟ်ပေါ်က အင်အား အကြီးဆုံး နယ်ချဲ့ ပါဝါက ကျားကန်ပေးထားလိမ့်မယ် (ဒါမှမဟုတ် သူတို့ ထိန်းချုပ်မှုအောက် သွတ်သွင်းထားလိမ့်မယ်)။
စီမံကိန်း စီးပွားရေးကို ဖျက်ဆီးလိုက်ရင် တော်လှန်ရေးရဲ့ အသီးအပွင့်တွေ အားလုံးလဲ ဖျက်ဆီးခံရလိမ့်မယ်။ တိုင်းပြည်ရဲ့ အချုပ်အခြာ အာဏာပိုင်စိုးမှုလဲ ချေမွခံလိုက်ရမှာပဲ။ အရင်းရှင် စနစ် ကျင့်သုံးတဲ့ ကျူးဘားဟာ ယူအက်(စ်)ရဲ့ ကိုလိုနီတပိုင်း လက်အောက်ခံ ဘဝ ကျရောက်သွားတဲ့ အဖြစ်ကို ကြုံရလိမ့်မယ်။
တခြား ရွေးလမ်း ရှိသေးလား
ဒါဟာ ‘ဆိုရှယ်လစ် မော်ဒယ်(လ်)ကို ပြီးပြည့်စုံစေတဲ့’ ကိစ္စ၊ ‘ပြောင်းလဲဖို့ လိုအပ်တာတွေ ပြောင်းလဲပစ်ခြင်း’ လို့ ခေါင်းဆောင်ပိုင်းက အလေးတင်း ပြောနေပေမဲ့ ကျူးဘားက တော်လှန်ရေးသမားတွေ၊ ကွန်မြူနစ်တွေကတော့ ဒီအဆိုပြုချက်တွေရဲ့ နောက်ဆက်တွဲ အကျိုးဆက်နဲ့ အန္တရာယ်ကို ကောင်းကောင်း သဘောပေါက်တယ်။ (‘ပြောင်းလဲဖို့ လိုအပ်တာတွေ ပြောင်းလဲပစ်ခြင်း’ ဆိုတဲ့ ဖီဒယ်လ် ပြောခဲ့တဲ့ စကားကို သူတို့ လိုသလို ဆွဲသုံးထားတာ တွေ့ရမယ်)။
ဒါပေမဲ့ အရင်းရှင်စနစ်ဆီ ပြန်သွားတဲ့ ဖြစ်စဉ်ကို ဆန့်ကျင်ရာမှာ ကြီးမားတဲ့ အခက်အခဲတွေ ကြုံရတယ်။
ပထမဆုံး အချက်က ပါတီတွင်းနဲ့ နိုင်ငံတော် တစုံလုံးမှာ နိုင်ငံရေး ဆွေးနွေးငြင်းခုံမှုတွေ ပြုလုပ်ပြီးမှ ဆုံးဖြတ်ချက် ချတဲ့ ယဉ်ကျေးမှု မရှိဘူး။ ကျူးဘားမှာ တိုင်ပင်နှီးနှောပွဲတွေနဲ့ ဆန္ဒခံယူပွဲတွေ အများကြီး လုပ်ဖူးတယ်။ လွန်ခဲ့တဲ့ ၁၅ နှစ်ကဆိုရင် စီးပွားရေးဆိုင်ရာ လမ်းညွှန်ချက်တွေကို ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးခဲ့ကြဖူးတယ်၊ ဒါပေမဲ့ တကယ်တမ်း ဆုံးဖြတ်ချက်ချတော့ ထိပ်ပိုင်းကပဲ ဆုံးဖြတ်သွားခဲ့တယ်၊ ဒီဖြစ်စဉ်မှာ အလုပ်သမား လူတန်းစားရဲ့ တိုက်ရိုက် ပါဝင်မှု အလျဉ်း မရှိတော့ဘူး။
ဒုတိယ အချက်က အရင်းရှင် နယ်ချဲ့ရဲ့ ရန်စတိုက်ခိုက်မှုကို ရင်ဆိုင်နေရချိန် ညီညွတ်ရေး မပျက်ပြားလိုတဲ့ အလိုအလျောက် တုံ့ပြန်မှုမျိုး ရှိနေတယ်၊ ဒါလဲ သဘာဝကျပါတယ်။ ‘မိမိတို့ ခံတပ်ကို ရန်သူ ပတ်လည်ဝိုင်းထားချိန်’ ဖြစ်ပေါ်လာတဲ့ ဆင်ဒရုန်းပဲ။ ဒီအခြေအနေနဲ့ ပတ်သက်လို့ ကျနော်တို့ အဖြေက ရှင်းပါတယ်၊ ကျူးကျော်စစ် အန္တရာယ် လက်ငင်း ရင်ဆိုင်နေရတဲ့ ဆိုဗီယက် ရုရှားဟာ (နယ်ချဲ့ ဂျာမနီနဲ့) Brest-Litovsk စာချုပ် ချုပ်ဆိုဖို့ ဆွေးနွေးညှိနှိုင်းမှုတွေ လုပ်နေရတယ်၊ အဲဒီကာလမှာ ဘော်ရှီဗစ်တွေက ပါတီတွင်းနဲ့ ဆိုဗီယက် အင်စတီကျူးရှင်းတွေအတွင်း ဆွေးနွေးငြင်းခုံမှုတွေ ကျယ်ကျယ်ပြန့်ပြန့် လုပ်ဖို့ စည်းရုံးခဲ့တယ်။ အဲဒီ ကာလမှာ ရပ်တည်ချက် သုံးခု ထွက်ပေါ်လာခဲ့တယ်။ ရပ်တည်ချက် သုံးခုလုံးကို နိုင်ငံတော်ပိုင် မီဒီယာတွေ၊ အများပြည်သူ အစည်းအဝေးတွေကနေ ကျယ်ကျယ်ပြန့်ပြန့် လှုံ့ဆော်တင်ပြခွင့်ရခဲ့တယ်။ အဆုံးမှာတော့ ဆုံးဖြတ်ချက် တခုကို အချိန်မီ ချမှတ်ခဲ့တယ်။
ကျူးဘားကို စစ်ရေး ကျူးကျော်မှု အန္တရာယ် လက်ငင်း ရင်ဆိုင်နေရချိန် ၁၉၆၀ ပြည့်နှစ်တွေတုန်းကလဲ တော်လှန်ရေးသမားတွေကြား ပြင်းထန်တဲ့ ဆွေးနွေးငြင်းခုံမှုတွေ အများကြီး ဖြစ်ခဲ့တယ်၊ ဆိုဗီယက် လက်စွဲတွေကို သုံးမလား၊ ဘယ်လို စီးပွားရေး မော်ဒယ်(လ်)ကို ကျင့်သုံးမလဲ၊ အင်တာနေရှင်နယ် တော်လှန်ရေး လိုအပ်သလား၊ ယဉ်ကျေးမှုနဲ့ အနုပညာဆိုင်ရာ ပေါ်လစီ ဘယ်လိုချမလဲ၊ အစရှိတဲ့ ပြဿနာတွေကို အပြင်းအထန် ဆွေးနွေးငြင်းခုံခဲ့ကြတယ်။ ဒီလို အကြိတ်အနယ် ဆွေးနွေးငြင်းခုံမှုတွေ လုပ်ခဲ့လို့ တော်လှန်ရေး အားပျော့မသွားခဲ့ဘူး၊ ပိုပြီး အားကောင်းသွားတာပဲ ရှိခဲ့တယ်။
ရန်သူနဲ့ ရင်ဆိုင်နေရချိန် ညီညွတ်မှု ရှိတာဟာ တော်လှန်ရေးကို ကာကွယ်ရာ ရောက်ပါတယ်၊ ဒါပေမဲ့ အရင်းရှင် စနစ် ပြန်သွားလိုသူတွေနဲ့ ညီညွတ်ရေးကတော့ မှားတယ်။ အကြောင်းကတော့ လက်တွေ့မှာ တော်လှန်ရေးကို ဖြိုခွဲ ဖျက်စီးမဲ့ ဆုံးဖြတ်ချက် တခုကို မျက်စိမှိတ် ခေါင်းညိတ်လိုက်တဲ့ သဘော ဖြစ်နေလို့ပဲ။
တတိယ အချက်ကတော့ “ဒါဖြင့် တခြား ရွေးလမ်း ဘာရှိသလဲ” ဆိုတဲ့ မေးခွန်းအတွက် ရှင်းလင်း ပြတ်သားတဲ့ အဖြေ မရှိတာဘဲ။
ဒီအခြေအနေက အသည်းအသန် ဖြစ်နေတယ် ဆိုတာ လုံးဝ အမှန်ပဲ။ ဒါပေမဲ့ အဖြစ်မှန်ကို မကွယ်မဝှက်ဘဲ ဗြောင်ထုတ်ပြောဖို့ အရေးကြီးတယ်။ နောက်ကို အများကြီး လန်ကျသွားတဲ့ အဖြစ်ကို ‘ဆိုရှယ်လစ် ပရောဂျက်ကြီး အားကောင်းစေတဲ့’ ခြေလှမ်း ဆိုတဲ့ ကြွေးကြော်သံတွေနဲ့ ဖုံးမပစ်သင့်ဘူး။ ၂၀၂၀ တုန်းက ချမှတ်ခဲ့တဲ့ Ordenamiento စီးပွားရေး ပြောင်းလဲမှုတွေတုန်းကလဲ ဒါမျိုး လုပ်ခဲ့ပြီးပြီ။ အဲဒီ အစီအမံတွေကြောင့် ဆိုးရွားတဲ့ နောက်ဆက်တွဲတွေ ဖြစ်ခဲ့တာလဲ မျက်ဝါးထင်ထင် မြင်နေရပြီ။
ဗျူရိုကရေစီကို အလုပ်သမားထု ပဲ့ကိုင် မောင်းနှင်သော စနစ်နဲ့ တိုက်
ဈေးကွက်ကို လိုက်လျောချက်တွေ ပေးရတာ လိုအပ်ကောင်း လိုအပ်နိုင်တယ် (လိုအပ်တယ်)။ ဒါပေမဲ့ လိုက်လျောချက် အတန်အသင့် ပေးတာနဲ့ အရင်းရှင် စနစ်ကို အပြည့်အဝ ပြန်အစားထိုးတာကြား ဧရာမ ချောက်ကမ်းပါးကြီး ရှိတယ်။ ဒီခြားနားမှုက အရေအတွက်သဘော မဟုတ်တော့ဘူး၊ အရည်အချင်းသဘော ခုန်ကူးပြောင်းလဲမှု ဖြစ်သွားပြီ။ အရင်းရှင် စနစ်ကို ဘယ်လို လိုက်လျောမှုပဲ ပေးရသည်ဖြစ်စေ၊ သူ့နောက်မှာ လူ့အဖွဲ့အစည်းနဲ့ စီးပွားရေးအပေါ် အလုပ်သမားထုရဲ့ ပဲ့ကိုင် မောင်းနှင်မှု ယန္တရားတွေ အမြဲ ကပ်ပါလာရမယ်၊ (ဆိုဗီယက် ရုရှားမှာ NEP ကျင့်သုံးတော့ အဲသလို ပဲ့ကိုင် မောင်းနှင်မှု ယန္တရားတွေ ရှိခဲ့တယ်)။
ဒီအကြောင်းအရာနဲ့ ပတ်သက်လို့ တချို့တဝက်ကို ကျူးဘား စီးပွားရေး ပညာရှင် Liu Mok ရေးတဲ့ ‘Is There Another Alternative for Cuba?’ ဆောင်းပါးမှာ တို့ထိထားတာ တွေ့ရတယ်၊ အဲဒီ ဆောင်းပါးကို Juventud Técnica မဂ္ဂဇင်းမှာ ဖော်ပြထားတယ် –
“ပြောင်းလဲဖို့ လိုအပ်ချက်ကို အသိအမှတ်ပြုတယ် ဆိုတာ ပုဂ္ဂလိက အရင်းတွေ စုပြုံပြီးရင်း စုပြုံလာစေမဲ့ သို့မဟုတ် နိုင်ငံတော်ပိုင် လုပ်ငန်းတွေကို joint-stock ကုမ္ပဏီတွေအဖြစ် ပြောင်းလဲပစ်တဲ့ လမ်းကြောင်း တခုတည်းကိုပဲ လက်ခံထားခြင်းလို့ မဆိုလိုဘူး ….
“စီးပွားရေးဆိုင်ရာ စီမံခန့်ခွဲမှု အပိုင်းမှာ အလုပ်သမားထုနဲ့ ကွန်မြူနတီတွေရဲ့ တိုက်ရိုက် ပါဝင်မှုကို ခိုင်မာ အားကောင်းစေမဲ့ အော်တာနေးတစ် လမ်းကြောင်းတွေနဲ့ ပတ်သက်ပြီး ဘာဆွေးနွေးမှုမှ မယ်မယ်ရရ မရှိဘူး။ ဆွေးနွေးငြင်းခုံမှုက အစွန်း နှစ်ဖက်ကြား လူးလာဆန်ခတ်နေတယ်၊ ထိရောက်မှု မရှိဘဲ တင်းကျပ်မာကြောတဲ့ ဗျူရိုကရေစီ ဖွဲ့စည်းပုံတွေကို ဆက်ထိန်းထားမလား သို့မဟုတ် ပုဂ္ဂလိက အရင်းကို ကျယ်ကျယ်ပြန့်ပြန့် နေရာယူခွင့် ပေးမလား ဆိုတဲ့ အစွန်း နှစ်ဖက် ဖြစ်ပါတယ်။ ဒီအစွန်း နှစ်ဖက်ကြားမှာ မစူးစမ်းရသေးတဲ့ နယ်မြေတွေ အများကြီး ကျန်သေးတယ် ….
“မတူညီတဲ့ ရွေးလမ်းတခုကတော့ အလုပ်သမားထုနဲ့ ကွန်မြူနတီ လူထုကိုယ်တိုင် ပဲ့ကိုင် မောင်းနှင်တဲ့ စနစ်ဆီ ဦးတည် ရွေ့လျားခြင်း ဖြစ်လိမ့်မယ်။ နိုင်ငံတော်ပိုင် လုပ်ငန်းတွေကို joint-stock ကုမ္ပဏီတွေအဖြစ် ပြောင်းလဲပစ်မဲ့အစား ဒီလုပ်ငန်းတွေကို အလုပ်သမားတွေကိုယ်တိုင် ဒီမိုကရေစီနည်းကျ စီမံခန့်ခွဲတဲ့ လမ်းကြောင်းကို ကျနော်တို့ လျှောက်နိုင်တယ်၊ တကယ်တော့ joint-stock ကုမ္ပဏီတွေမှာ ဆုံးဖြတ်ချက် ချတဲ့ အာဏာက အရင်း အများဆုံး ကိုင်ထားသူတွေ လက်ထဲမှာပဲ ရှိပါတယ်။
ပြီးခဲ့တဲ့ နှစ်တွေကလဲ ဗျူရိုကရေစီကို တိုက်ဖျက်ဖို့ အလုပ်သမားထုကိုယ်တိုင် ပဲ့ကိုင်မောင်းနှင်ရမယ်လို့ ထောက်ပြခဲ့သူတွေ ရှိခဲ့တယ်။ ဒီထောက်ပြချက်ဟာ လုံးဝ မှန်ကန်တယ်။
အထီးကျန် အခြေအနေကို ဖြိုခွဲဖို့ အင်တာနေရှင်နယ် တော်လှန်ရေး လိုအပ်ခြင်း
ဒါ့အပြင် အင်တာနေရှင်နယ် တော်လှန်ရေး ဆင်နွှဲဖို့အတွက် ပေါ်လစီတခု လိုအပ်တယ်။ (ဗျူရိုကရေစီ အပါအဝင်) တော်လှန်ရေးကို ခြိမ်းခြောက်နေတဲ့ ပြဿနာ အများစုရဲ့ နောက်ဆုံး ရေသောက်မြစ်က ကျူးဘား တော်လှန်ရေး တခုတည်း အထီးတည်း ဖြစ်နေလို့ပဲ။ ဆိုရှယ်လစ်စနစ်ကို တိုင်းပြည်တခုထဲ တည်ဆောက်ဖို့ ဘယ်လိုမှ မဖြစ်နိုင်ဘူး။ တိုက်ကြီးတခုစာ ကျယ်ပြောပြီး သယံဇာတနဲ့ လူ့စွမ်းအား အရင်းအမြစ်တွေ ကြွယ်ဝပါတယ်ဆိုတဲ့ ဆိုဗီယက် ရုရှားမှာလဲ တနိုင်ငံထဲ ဆိုရှယ်လစ် စနစ် တည်ဆောက်ဖို့ မဖြစ်နိုင်ခဲ့ဘူး။ ကမ္ဘာ့ အင်အား အကြီးဆုံး၊ ဖောက်ပြန်မှု အဆိုးဝါးဆုံး အရင်းရှင် နယ်ချဲ့ ပါဝါနဲ့ မိုင် ၉၀ အကွာမှာ တည်ရှိနေတဲ့ ကရစ်ဘီယံ ကျွန်းလေးတကျွန်းပေါ်မှာ တည်ဆောက်ဖို့ဆို ပိုပြီးတော့တောင် မဖြစ်နိုင်သေးတယ်။
ဆိုဗီယက် ပြည်ထောင်စု ပြိုကျပြီး ၁၉၉၀ ပြည့်နှစ်လွန် ကာလတွေမှာ အခက်အခဲတွေ ဘယ့်လောက်ပဲ ထူပြောခဲ့ပေမဲ့ ကျူးဘားမှာ အရင်းရှင် စနစ်ကို ပြန်မသွားခဲ့ဘူး၊ ဒီအချက်က မှတ်သားဖို့ ကောင်းတယ်။ ၂၀၀၀ ပြည့်လွန်နှစ် အစောပိုင်း ကာလတွေမှာ ဗင်နီဇွဲလားက ဘိုလစ်ဗေးရီးယန်း တော်လှန်ရေးကြောင့် ကျူးဘားဟာ အကျိုးဖြစ်ထွန်းခဲ့တယ်၊ ဘိုလစ်ဗေးရီးယန်း တော်လှန်ရေးက ကျူးဘားကို စီးပွားရေးအရသာမက နိုင်ငံရေးအရပါ အသက်ကယ်ဆေး ပေးနိုင်ခဲ့တယ်။ သို့သော်လဲ ဗင်နီဇွဲလား တော်လှန်ရေးဟာ အရင်းရှင် စနစ်ကို ဖြိုချပြီး အဆုံးမသတ်နိုင်ခဲ့ဘူး၊ နောက်ဆုံး အကျပ်အတည်း ဆိုက်သွားတဲ့အခါ ကျူးဘားကိုပါ သက်ရောက်ခဲ့တယ်။
ကျူးဘား တော်လှန်ရေးက ၁၉၅၉-၆၂ ကာလမှာ အရင်းရှင်ကြီး လက်တဆုပ်စာနဲ့ နယ်ချဲ့သမား ပိုင်ဆိုင်မှုတွေကို သိမ်းယူခဲ့တယ်၊ ဗင်နီဇွဲလား တော်လှန်ရေးသာ ကျူးဘား တော်လှန်ရေး စံနမူနာကို အတုယူ အကောင်အထည်ဖော်ခဲ့မယ် ဆိုရင် ဗင်နီဇွဲလား တော်လှန်ရေးဟာ လက်တင် အမေရိက တိုက်ကြီး တခုလုံးကို ကျော်လွန်သွားမဲ့ အလွန်တရာ စွမ်းအားကြီးတဲ့ သံလိုက်ဓာတ်ကြီး ဖြစ်ခဲ့လိမ့်မယ်၊ ဒါ့အပြင် တော်လှန်ရေး အသီးအပွင့်တွေကို ခိုင်မာအားကောင်းစေခဲ့လိမ့်မယ်။ ဒါပေမဲ့ အဲသလို မဖြစ်ခဲ့ဘူး။
ဗင်နီဇွဲလား တော်လှန်ရေး အခုလို ကျရှုံးသွားရခြင်းအတွက် ကျူးဘား ခေါင်းဆောင်တွေမှာလဲ မနည်းလှတဲ့ တာဝန်တွေ ရှိတယ်။ ဗင်နီဇွဲလား တော်လှန်ရေးကို ကျူးဘား တော်လှန်ရေးရဲ့ ကိုယ်ပိုင် အတွေ့အကြုံတွေကနေ သင်ခန်းစာယူအောင် အားပေးရမဲ့အစား ထိန်းထိန်းသိမ်းသိမ်း လုပ်ဖို့ချည်း တဖွဖွ သတိပေးခဲ့တယ်၊ ‘ရန်သူကို သွားမစမိစေနဲ့’၊ ‘မတူခြားနားမှုတွေကို နားလည်ပါ’၊ ‘ရှေ့က မော်ဒယ်လ်တွေကို ပုံတူလိုက်မကူးနဲ့’ အစရှိတဲ့ အကြံတွေချည်း ပေးခဲ့ကြတယ်။ ထင်ရှားတဲ့ ကျူးဘား ခေါင်းဆောင်တချို့ဆိုရင် ဗင်နီဇွဲလားမှာ အလုပ်သမားထု ကိုယ်တိုင် ပဲ့ကိုင်ထိန်းချုပ်မှု ကျင့်သုံးတာကို ‘တန်ပြန် တော်လှန်ရေး’ လို့ ကြေညာပြီး ကျယ်ကျယ်လောင်လောင် ဆန့်ကျင်ခဲ့ကြတယ်။
ဗင်နီဇွဲလား တော်လှန်ရေး ကျရှုံးသွားခြင်းဟာ ကျူးဘား တော်လှန်ရေးကို ပိုပြီး အထီးကျန်သွားစေခဲ့တယ်။ အဲသလို isolation နက်ရှိုင်း ပြင်းထန်လာခြင်းက ကျူးဘားကို ဒီကနေ့ အခြေအနေ ရောက်အောင် အုတ်မြစ်ချပေးခဲ့ခြင်း ဖြစ်တယ်။ ကျူးဘား တော်လှန်ရေးက အင်တာနေရှင်နယ် သွေးစည်းညီညွတ်မှုတွေ ပြခဲ့တာ ဘယ်သူမှ မငြင်းနိုင်ဘူး၊ ဥပမာ၊ ကမ္ဘာ အရပ်ရပ်က လိုအပ်နေတဲ့ နေရာတိုင်းကို ကျူးဘား ဆရာဝန်တွေ စေလွှတ်ခဲ့တယ်၊ အဲလိုပဲ Angola မှာ ကျူးဘားရဲ့ သူရဲကောင်းပီသတဲ့ စွမ်းဆောင်ချက်တွေကိုလဲ ဘယ်သူမှ မငြင်းနိုင်ပါဘူး။ ဒါပေမဲ့ ၁၉၆၀ ပြည့်လွန်ကာလမှာ ‘ဗီယက်နမ်တွေ နှစ်ခု၊ သုံးခုကနေ အများကြီး ဖန်တီးရေး’ ဆိုပြီး ချေဂွေဗားရား လုပ်ခဲ့ဖူးတာကလွဲရင် ကျူးဘား ခေါင်းဆောင်ပိုင်းဟာ ပစ္စည်းမဲ့ အလုပ်သမား လူတန်းစား အင်တာနေရှင်နယ်ဝါဒ ဆိုတဲ့ လီနင်ဝါဒ ပေါ်လစီကို မကျင့်သုံးခဲ့ဘူး၊ ဆိုလိုတဲ့သဘောက ကမ္ဘာ့ တော်လှန်ရေးအတွက် ရေခံမြေခံတွေ ပြင်ဆင်ခြင်း၊ ရှင်သန် အားကောင်းအောင် စွမ်းစွမ်းတမံ အားထုတ်ခြင်း မလုပ်ခဲ့ဘူး။
အဲဒီအစား ကျူးဘား ခေါင်းဆောင်ပိုင်းက ဆိုဗီယက် ပြည်ထောင်စုရဲ့ စတာလင်ဝါဒ ‘အဆင့်သေ နှစ်ဆင့်’ လမ်းကြောင်းကို လိုက်နာခဲ့တယ် (Nicaragua မှာ အလွန်ဆိုးရွားတဲ့ ရလဒ်တွေ ထွက်ခဲ့တယ်)၊ နောက်ပိုင်းကျ ‘တိုးတက်သော’ အစိုးရတွေ ထောက်ခံ အားပေးတဲ့ ‘နီယိုလစ်ဘရယ် ဆန့်ကျင်တဲ့’ ပြုပြင်ရေးဝါဒ ယူတိုးပီးယား ပေါ်လစီကို ကျင့်သုံးခဲ့တယ်၊ ဒါ့အပြင် တရုတ် နဲ့ ရုရှားက အရင်းရှင် အစိုးရတွေအပေါ် မှီခိုအားထားတဲ့ ပထဝီ နိုင်ငံရေး ‘ဝင်ရိုးစုံ ကမ္ဘာ’ လမ်းကြောင်းကို လျှောက်ခဲ့တယ်။
Revolutionary Communist International အနေနဲ့ အလုပ်သမားထု ဒီမိုကရေစီနဲ့ အလုပ်သမားထုကိုယ်တိုင် ပဲ့ကိုင်ထိန်းချုပ်မှု လိုအပ်ချက်၊ ကမ္ဘာ့ တော်လှန်ရေး လိုအပ်ချက်ကို တလျှောက်လုံး ရပ်တည် ကာကွယ်ခဲ့တယ်၊ လွန်ခဲ့တဲ့ ၂၅ နှစ်လုံးလုံး ကျူးဘားနဲ့ ဗင်နီဇွဲလားက ကျနော်တို့ လက်လှမ်းမီတဲ့ ဖိုရမ် အားလုံးမှာလဲ ဒီရပ်တည်ချက်အတိုင်း ခုခံ ပြောဆိုခဲ့တယ်။
တချို့ကလဲ ဒီပေါ်လစီ (workers’ control and proletarian internationalism) ကို ယူတိုးပီးယားဆန်တယ်လို့ ပြောနိုင်တယ်။ ကောင်းပြီ၊ ကျူးဘား ဒီအခြေရောက်သွားရတာ ဗျူရိုကရေစီ စနစ်ကို ဆက်ထိန်းပြီး ပထဝီနိုင်ငံရေးကို ထောက်ခံ အားပေးခဲ့သူတွေရဲ့ ‘realism’ ကြောင့်လဲ အများကြီးပါတယ်၊ အခုဆိုရင် လူအများစု အမြင်မှာ အရင်းရှင် စနစ်ကို ပြန်သွားတာကပဲ တခုတည်းသော ရွေးလမ်းလို့ ထင်နေကြပြီ။
မကြာသေးတဲ့ နှစ်တွေက လက်တင် အမေရိကနဲ့ ကမ္ဘာ တလွှားမှာ တော်လှန်ရေး အခွင့်အလမ်းတွေ တောက်လျှောက် ရှိခဲ့တယ်။ ၂၀၁၉ ခုနှစ်က အက်ကွာဒေါ နဲ့ ချီလီမှာ ပုန်ကန် အုံကြွမှုတွေ ရှိခဲ့တယ်၊ ကိုလမ်ဘီယာမှာ နိုင်ငံလုံးဆိုင်ရာ သပိတ်ကြီးတွေ ရှိခဲ့တယ်၊ ဆူဒန်မှာ တော်လှန်ရေး ဖြစ်ခဲ့တယ်၊ သီရိလင်္ကာ၊ ဘင်္ဂလားဒေ့(ရ်ှ) နဲ့ နီပေါ(လ်)တို့မှာ အစိုးရတွေ ဖြုတ်ချခံခဲ့ရတယ်၊ ပြင်သစ်နဲ့ အီတလီမှာ ဂါဇာ ဂျီနိုဆိုက်(ဒ်)ကို ဆန့်ကျင်တဲ့ အထွေထွေ သပိတ်ကြီးတွေ ဖြစ်ခဲ့တယ်။
ဒီလို ဖြစ်ခဲ့တဲ့ လှုပ်ရှားမှု အားလုံးမှာ အလုပ်သမားထုနဲ့ လယ်သမားထုက သူတို့ ဘဝတွေ ပြောင်းလဲဖို့၊ ဖိနှိပ်မှုတွေ၊ ဒုက္ခဆင်းရဲတွေ ချုပ်ငြိမ်းဖို့ သူတို့ ရှိသမျှ အစွမ်းကုန် ကြိုးပမ်းခဲ့ကြတယ်။ ဒါပေမဲ့ အလုပ်သမား လူတန်းစားကို အာဏာ ရရှိအောင် ဆောင်ကျဉ်းပေးနိုင်တဲ့ တော်လှန်ရေး ခေါင်းဆောင်မှု ကင်းမဲ့နေခဲ့တယ်။
အဲဒီလို လစ်ဟင်းနေတဲ့ အတ္တဘာဝ အကြောင်းအချက် (တော်လှန်ရေး ပါတီ) တည်ဆောက်ဖို့ နှောင့်နှေးနေခြင်းဟာ ကျူးဘား တော်လှန်ရေးကို အထီးကျန်ဖြစ်စေတဲ့ အဓိက အချက်တခု ဖြစ်ပါတယ်၊ ဒါ့ကြောင့်လဲ ကျူးဘားဟာ အရင်းရှင် စနစ်ဆီ ပြန်ရောက်မဲ့ လမ်းကြောင်းပေါ် တွန်းပို့ခံလိုက်ရပြီ။ ဒါ့ကြောင့် ကျူးဘား တော်လှန်ရေးကို အစွမ်းကုန် ကာကွယ်ရင်း ကျနော်တို့ လူတန်းစားကိုယ်တိုင် အရင်းရှင် စနစ် ဖြိုချရာမှာ မရှိမဖြစ် လိုအပ်တဲ့ ကိရိယာကို အရှိန်အဟုန်မြှင့် တည်ဆောက်ရေးဟာ ကျနော်တို့ရဲ့ တာဝန် ဖြစ်တယ်။
ဘယ်တိုင်းပြည်မှာပဲဖြစ်ဖြစ် အလုပ်သမား လူတန်းစားသာ အောင်မြင်သွားရင် အဲဒီ အောင်ပွဲဟာ ကျူးဘား တော်လှန်ရေး အထီးကျန် ဖြစ်နေတဲ့ အခြေအနေကို ရိုက်ချိုးပစ်ဖို့ အင်မတန် အစွမ်းထက်တဲ့ ကိရိယာတခု ဖြစ်သွားလိမ့်မယ်။
ကျနော်တို့ကိုယ်တိုင် ဒီတာဝန်ကို အပတ်တကုတ် ကြိုးစားလုပ်ဖို့ အရေးတကြီး လိုအပ်နေပြီ။
Source: Faced with unbearable imperialist pressure, Cuba moves towards capitalist restoration by Jorge Martín (22 June 2026)
မြန်မာပြန်သူ – မေဆန်
