ဗမာပြည်မှာ လူအတော်များများ ကွန်မြူနစ်ဝါဒ သို့မဟုတ် ကွန်မြူနစ် နိုင်ငံလို့ ပြောနေကြတာတွေက စတာလင်ဝါဒ သို့မဟုတ် မော်ဝါဒသာ ဖြစ်တယ်၊ ကွန်မြူနစ်ဝါဒ မဟုတ်ဘူး။
တချို့က အဲဒီလို ရှင်းရှင်းလင်းလင်း ခွဲပြောတာကို နားမလည်ဘူး၊ မျက်စိမှိတ် ငြင်းချင်ကြတယ်၊ ကွန်မြူနစ် အတု အစစ် ဆိုတာ မရှိဘူး၊ အားလုံး အတူတူပဲလို့ ရမ်းတုပ်ချင်ကြတယ်။ တကယ်တော့ ကွန်မြူနစ်ဝါဒကို အခြေခံကနေ မလေ့လာဖူးလို့ အဲသလို ရမ်းတုပ်ပြောတာတွေ အဟုတ်ထင်နေကြတာပါ။ (ဥပမာ၊ ကွန်မြူနစ် နိုင်ငံ ဆိုတာ ကမ္ဘာပေါ်မှာ ရှိဖူးသလား ဆိုတဲ့ မေးခွန်းကို ကြည့်ရင် မာ့က်စ်ဝါဒအကြောင်း ကကြီးခခွေးတောင် မလေ့လာဘူးတာ ထင်ရှားတယ်။ ကွန်မြူနစ် လူ့အဖွဲ့အစည်း ရောက်သွားရင် သီးခြား နိုင်ငံ/ အမျိုးသား နိုင်ငံတော် ဆိုတာ မရှိတော့ဘူး။ ဒါ့ကြောင့် တရုတ် ကွန်မြူနစ် နိုင်ငံ၊ ဗမာ ကွန်မြူနစ် နိုင်ငံ၊ ယူအက်စ် ကွန်မြူနစ် နိုင်ငံ ဆိုတာ မရှိနိုင်ဘူး။ ကမ္ဘာ့ ကွန်မြူနစ် လူ့အဖွဲ့အစည်းကြီး ဆိုတာပဲ ရှိနိုင်တယ်။)
စိတ်ကူးယဉ်လိုက်တာလို့ ခပ်လွယ်လွယ် မစွပ်စွဲခင် ဒီမေးခွန်းကို အရင် ဖြေကြည့်ပါ –
လူသား သမိုင်းက နှစ်ဘယ့်လောက် ကြာပြီလဲ။ လူသား သမိုင်းရဲ့ သက်တမ်း ၉၀% ကျော်က နိုင်ငံတော် ဆိုတာ မရှိခဲ့ဘူး၊ ငွေကြေးဆိုတာ မရှိခဲ့ဘူး၊ လူတန်းစား ကွဲပြားမှု ဆိုတာ မရှိခဲ့ဘူး ဆိုတာ သင်သိပါသလား။ ဒီကနေ့ modern nation state တွေရဲ့ သက်တမ်းဟာ နှစ် ၂၀၀ ဝန်းကျင်ပဲ ရှိသေးတယ်။ အရင်းရှင်စနစ်ရဲ့ သက်တမ်းဟာ ပျမ်းမျှ နှစ် ၄၀၀ ဝန်းကျင်ပဲ ရှိတယ်။ လူသား သမိုင်းနဲ့ နှိုင်းယှဉ်ရင် ဘာမှ မပြောပလောက်တဲ့ အချိန်တခုသာ ရှိသေးတယ်။ ဒါကို မာန်တက်ပြီး အရင်းရှင် စနစ်သာ လူ့သမိုင်းရဲ့ နောက်ဆုံး စနစ်လို့ လက်ခမောင်း ထမခတ်နဲ့။ အဲသလို ထကြွေးကြော်ဖူးတဲ့ ဖူကူးယားမားတောင် လေသံပြောင်းသွားခဲ့ပြီ၊ အဲဒီလို အူကြောင်ကြောင် ကြွေးကြော်သံမျိုး ထပ်မအော်ရဲတော့ဘူး။
ဆိုဗီယက် ယူနီယံ ပြိုကျသွားတယ် ဆိုတာ ကွန်မြူနစ် စနစ် ပြိုကျသွားတာ မဟုတ်ဘူး၊ Stalinism ပြိုကျသွားခြင်းသာ ဖြစ်တယ်။ ဆိုဗီယက် ယူနီယံက ဘာစနစ်လဲ ဆိုတာ သေချာ မသိသူတွေက ကွန်မြူနစ် စနစ် ပြိုကျသွားပြီလို့ ထင်ခဲ့ကြတာ၊ အဲသလို ဝါဒဖြန့်ချက်တွေကို အဟုတ်ထင်ခဲ့ကြတာ ဖြစ်တယ်။
ဒါဆိုရင် ဆိုဗီယက် ယူနီယံက ဘာစနစ်လဲ။ အရင်းရှင် စနစ်လား၊ မဟုတ်ဘူး။ အောက်တိုဘာ တော်လှန်ရေးက အရင်းရှင် စနစ်ကို ဖြိုချပစ်ခဲ့တယ်။ means of production ကို nationalized လုပ်ခဲ့တယ်။ ပြီးတော့ planned economy ကို ထူထောင်ခဲ့တယ်။ ဒါဟာ ဆိုရှယ်လစ် စနစ်ကို ကူးပြောင်းဖို့ သွားခဲ့တဲ့ ခြေလှမ်းတွေသာ ဖြစ်တယ်။ ဆိုရှယ်လစ် စနစ်ကို ချီတက်ရာမှာ “nationalized planned economy” က အရေးကြီးပေမဲ့ ဆိုရှယ်လစ် စနစ်တော့ မဟုတ်သေးဘူး။ ကွန်မြူနစ် စနစ် ရောက်ဖို့ဆိုတာ အဝေးကြီး။ ဒါ့ကြောင့် ဆိုဗီယက် စနစ်ကို transitional regime လို့ပဲ ပြောနိုင်ပါတယ်။
အဲဒီ transitional regime ကို ဆိုရှယ်လစ် စနစ်အဖြစ် အောင်အောင်မြင်မြင် ပြောင်းလဲနိုင်ဖို့ဆိုရင် ဆိုဗီယက် တနိုင်ငံတည်း တော်လှန်ရေး အောင်ထားရုံနဲ့ မလုံလောက်ဘူး။ တခြား ရှေ့တန်းရောက် အရင်းရှင် တိုင်းပြည်တွေမှာပါ ဆိုရှယ်လစ် တော်လှန်ရေး အောင်မြင်ဖို့ အရေးကြီးတယ်။ ဒီအချက်ကို ပြောရင် စတာလင်ဝါဒီတွေက နားမလည်ဘူး၊ နိုင်ငံ အားလုံးက တချိန်တည်း တော်လှန်ရေး ထဖြစ်ရမယ်လို့ ပြောသယောင် ပုံဖျက်ပစ်လိုက်ကြတယ်။ အဲသလို အူကြောင်ကြောင် အယူအဆမျိုး လီနင်လဲ မပြောသလို ထရော့စကီးလဲ မပြောခဲ့ဘူး။ သူတို့ မပြောတဲ့ စကားကို ပြောခဲ့သယောင် စတာလင်ဝါဒီတွေပဲ ပြောနေတာ ဖြစ်တယ်။ လီနင်၊ ထရော့စကီးတို့ အဲသလို ပြောခဲ့/ရေးခဲ့ဖူးတယ် ဆိုရင် အထောက်အထားပြဖို့ တခါတည်း တောင်းဆိုလိုက်ပါတယ်။
ပြန်ကောက်ရရင် nationalized planned economy ကနေ ဆိုရှယ်လစ် စနစ်ကို တက်လှမ်းဖို့ world revolution လိုအပ်တယ်။ ဒီကနေ့ ကျူးဘားရဲ့ nationalized planned economy ယူအက်စ် နယ်ချဲ့စနစ်ရဲ့ လည်မြိုညှစ်ခံနေရတာဟာ ကျူးဘား တနိုင်ငံတည်း isolated ဖြစ်နေလို့ပဲ။
အောက်တိုဘာ တော်လှန်ရေး အောင်ထားတဲ့ ဆိုဗီယက် ယူနီယံဟာ နယ်ချဲ့ ပါဝါတွေနဲ့ ရုရှား ရောင်ဖြူ တန်ပြန် တော်လှန်ရေး အင်အားစုတွေ ဝိုင်းတိုက်တာကို ကြံ့ကြံ့ခံနိုင်ခဲ့တယ်။ လီနင်တို့ ထရော့စကီးတို့ မျှော်လင့်ခဲ့သလို ရှေ့တန်းရောက် အရင်းရှင် တိုင်းပြည်တွေမှာလဲ တော်လှန်ရေးတွေ ဖြစ်ခဲ့တယ်။ ပြဿနာက အဲဒီ တော်လှန်ရေးတွေ တခုပြီး တခု အရေးနိမ့်သွားခဲ့တယ်။ ရလဒ်အနေနဲ့ ဆိုဗီယက် ယူနီယံဟာ isolated ဖြစ်သွားခဲ့တယ်။
ဒီအခြေအနေမှာ စီးပွားရေးအရ ယဉ်ကျေးမှုအရ backward ဖြစ်တဲ့ ဆိုဗီယက်မှာ nationalized planned economy ကို ထူထောင်ခဲ့ရခြင်း ဖြစ်တယ်။ backwardness နဲ့ isolation ဆိုတဲ့ ပကတိဘာဝ အခြေအနေတွေအောက်မှာ စတာလင် ခေါင်းဆောင်တဲ့ ဗျူရိုကရေစီ အားကောင်းလာခြင်း ဖြစ်တယ်။ ဒါ့ကြောင့် စတာလင်ဝါဒဆိုတာ ကွန်မြူနစ်ဝါဒလဲ မဟုတ်သလို မာ့က်စ်ဝါဒလဲ မဟုတ်ဘူး၊ ဆိုရှယ်လစ် စနစ်လဲ မဟုတ်ဘူး။ bureaucratic degeneration (တန်ပြန် တော်လှန်ရေး) သာ ဖြစ်တယ်။
တပါတီ အာဏာရှင်စနစ် ဆိုတာလဲ စတာလင်ဝါဒသာ ဖြစ်တယ်၊ အောက်တိုဘာ တော်လှန်ရေးကို ခေါင်းဆောင် ခဲ့တဲ့ ဘော်ရှီဗစ်တွေရဲ့ ပရိုဂရမ် မဟုတ်ဘူး။ ဘော်ရှီဗစ်တွေရဲ့ ပရိုဂရမ်က worker’s democracy ဖြစ်တယ်။ ထရော့စကီး စကားနဲ့ ပြောရရင် – “လူ့ခန္ဓာကိုယ်က အော်ဆီဂျင်ကို လိုအပ်သလိုပဲ ဆိုရှယ်လစ် စနစ်ဟာ အလုပ်သမားထု ဒီမိုကရေစီကို လိုအပ်တယ်”။
ဒါ့ကြောင့် transitional regime ကနေ ဆိုရှယ်လစ် စနစ်ကို တက်လှမ်းနိုင်ဖို့ဆိုရင် ဆိုဗီယက် အလုပ်သမားထုက စတာလင် ဗျူရိုကရေစီကို ဖယ်ရှားပစ်ပြီး နိုင်ငံရေး အာဏာကို အရယူနိုင်ဖို့ လိုအပ်တယ်။ အဲဒါကို political revolution လို့ ခေါ်တယ်။ အဲသလို မလုပ်နိုင်ရင် စတာလင် ဗျူရိုကရေစီက အရင်းရှင် စနစ်ကို ပြန်အသက်သွင်းလိုက်မှာပဲလို့ ထရော့စကီး ပြောခဲ့တယ်။ ဆိုဗီယက် ယူနီယံ ပြိုကျသွားခြင်း၊ တရုတ်ပြည် အရင်းရှင်စနစ် ပြန်ရောက်သွားခြင်း အစရှိတဲ့ ဖြစ်စဉ်တွေဟာ မာ့က်စ်ဝါဒီ ထရော့စကီး ခန့်မှန်းချက်ကို သက်သေထူလိုက်တာပဲ။ ဒီဖြစ်စဉ်တွေဟာ ကွန်မြူနစ် ဝါဒ ကျဆုံးသွားခြင်း မဟုတ်ဘဲ Stalinist regime တွေ ပြိုကျသွားခြင်းသာ ဖြစ်တယ်။ ဒီအချက်ကို ရှင်းရှင်းလင်းလင်း နားမလည်ရင် ကျန်တာဘာမှ နားမလည်နိုင်ဘူး။
၁၉၄၉ မှာ တော်လှန်ရေး အောင်တဲ့ တရုတ်ပြည်က သူ့ရှေ့မှာ ရှိနေပြီးသား Stalinist model အတိုင်း ပုံတူကူးခဲ့ခြင်းသာ ဖြစ်တယ်။ ၁၉၄၉ တော်လှန်ရေးက ၁၉၁၇ အောက်တိုဘာ တော်လှန်ရေးလို မြို့ပြ အလုပ်သမား လူတန်းစားရဲ့ ဦးဆောင် ပါဝင်မှု မရှိခဲ့ဘူး။ ဒီအချက်တွေကြောင့် နောက်ဆုံး အရင်းရှင်စနစ်ကို ဖြိုချပြီး ပေါ်လာတဲ့ Mao’s regime ဟာ ဗျူရိုကရေစီ အာဏာရှင်စနစ်နဲ့ nationalized planned economy ကျင့်သုံးခဲ့တဲ့ “transitional regime” သာ ဖြစ်ခဲ့တယ်။ ၁၉၈၉ မှာ တရုတ် အလုပ်သမားထုနဲ့ ကျောင်းသား လူငယ်တွေက ဗျူရိုကရေစီ အာဏာရှင်စနစ်ကို ဖယ်ရှားပြီး worker’s democracy နဲ့ အစားထိုးဖို့ ကြိုးစားခဲ့တယ်။ ဒါဟာ ထရော့စကီး ပြောခဲ့တဲ့ “political revolution” ဆင်နွှဲဖို့ ကြိုးစားခဲ့တာပဲ။ ဒါပေမဲ့ တိန့်အင်မင် ရင်ပြင်မှာ အလုံးအရင်း သတ်ဖြတ်ခံလိုက်ရတယ်။ political revolution အရေးနိမ့်သွားခဲ့တယ်။ အကျိုးဆက်ကတော့ တရုတ်ပြည်မှာ အရင်းရှင် စနစ် ပြန်ရောက်သွားခဲ့တယ်။
_____________
ဒါ့ကြောင့် အားလုံးက ကွန်မြူနစ်တွေချည်းပဲ၊ စတာလင်နစ်တွေ/မော်ဝါဒီတွေ လာမပြောနဲ့လို့ မျက်စိမှိတ်အော်သူတွေ ဒီမေးခွန်းကို ဖြေကြည့်ပါ –
“မဘသတွေနဲ့ လစ်ဘရယ်တွေကို အတူတူပဲလို့ ပြောရင် မှန်သလား။”
အဲဒီ နှစ်ခုတောင် အတူတူပါလို့ ပြောရင် ဘယ်သူမှ လက်မခံတာ သေချာတယ်၊ ဒါဆိုရင် စတာလင်ဝါဒီ/မော်ဝါဒီတွေကို ကွန်မြူနစ် မဟုတ်ဘူးလို့ ပြောတာကျ ဘာ့ကြောင့် လက်မခံနိုင်တာလဲ။ မတူတာကို မတူဘူးလို့ ရှင်းရှင်းလင်းလင်း ပြောရလိမ့်မယ်။ စတာလင်ဝါဒီ/မော်ဝါဒီတွေကို မာ့က်စ်ဝါဒီ မဟုတ်ဘူး၊ ကွန်မြူနစ် မဟုတ်ဘူးလို့ ဘာ့ကြောင့် ပြောရသလဲ။
ဒီမေးခွန်းကို တကယ် စိတ်ဝင်စားရင် The Struggle မဂ္ဂဇင်း issue 15 ကို အရင် လေ့လာကြည့်ပါ။
________[Editor’s Note]_______
ဒီ issue မှာ မာ့က်စ်ဝါဒ အခြေခံ သဘောတရားတွေကို ခုခံကာကွယ်ရင်း Marxist method ကို လက်တွေ့ အသုံးပြုထားတဲ့ ဆောင်းပါးတွေ ဖော်ပြထားတာ တွေ့ရမယ်။ ဒါ့ကြောင့် The Struggle အမှတ် (၁၅)ရဲ့ central theme ကို “In Defence of Genuine Marxism” လို့ အမည်တပ်ထားခြင်း ဖြစ်ပါတယ်။
မာ့က်စ်ဝါဒကို အခြေခံကနေ ပြန်လည်ပြင်ဆင်ခဲ့သူတွေက သူတို့ကိုယ်သူတို့ မာ့က်စ်ဝါဒီ သို့မဟုတ် မာ့က်စ်လီနင်ဝါဒီတွေလို့ ကြွေးကြော်ခဲ့ကြတယ်။ အဲဒီ revisionist caricature ကို ကနေ့ထိ မာ့က်စ်ဝါဒစစ်စစ်လို့ ထင်နေကြဆဲ ဖြစ်တယ်။ တခါ သူတို့ကပဲ စစ်မှန်သော မာ့က်စ်ဝါဒ သဘောတရားတွေကို ခုခံကာကွယ်ခဲ့သူ လီယွန် ထရော့စကီးကို ပြန်လည်ပြင်ဆင်ရေးသမားအဖြစ် ပုံဖျက်ဆဲရေးခဲ့ကြတယ်။ ထရော့စကီးဝါဒ ဆိုတာ ဘာမှန်း မသိဘဲ မျိုးဆက်သစ် လူငယ်တွေကြား သရဲ တစ္ဆေကြီးလို ခြောက်လှန့်ထားခဲ့ကြတယ်။
ဒါ့ကြောင့် ထရော့စကီးဝါဒ ဆိုတာ ဘာလဲ၊ ဘယ်ဟာကတော့ ထရော့စကီးဝါဒ မဟုတ်ဘူးလဲ ဆိုတာ ရှင်းရှင်းလင်းလင်း နားလည်ဖို့ လိုအပ်လာတယ်။ တကယ်တော့ ထရော့စကီးဝါဒဆိုတာ Genuine Marxism ကို ခုခံကာကွယ်ရင်း develop ဖြစ်အောင် လုပ်ထားခြင်းသာ ဖြစ်တယ်။ ဒီအကြောင်းကို အယ်ဒီတာ့အာဘော်မှာ ဖတ်ရလိမ့်မယ်။
စတာလင်နစ်တွေက မော်ဝါဒီတွေက မာ့က်စ်ဝါဒကို nationalist outlook ဘောင်ထဲ သွတ်သွင်းခဲ့ကြတယ်။ မာ့က်စ်ဝါဒဆိုတာ အင်တာနေရှင်နယ်ဝါဒပဲ၊ မဟုတ်ရင် အဲဒါ မာ့က်စ်ဝါဒ မဟုတ်ဘူး။ ဒါဟာ မာ့က်စ်ဝါဒရဲ့ fundamental principle ပဲ။ ဒါကို ခုခံကာကွယ်ရေးဟာ ကမ္ဘာ့ အရင်းရှင် နယ်ချဲ့စနစ် ခေတ်ကြီးမှာ ပိုလို့တောင် အရေးကြီးလာတယ်။
“ဘာ့ကြောင့် ကွန်မြူနစ် အင်တာနေရှင်နယ် လိုအပ်သလဲ” ဆောင်းပါးကို ဖတ်ကြည့်ရင် ဒီသဘောကို နားလည်လာလိမ့်မယ်။
ဒါဟာ abstract idea သက်သက် မဟုတ်ဘူး။ မာ့က်စ်ဝါဒီတွေဟာ အီရန် စစ်ပွဲကိုလဲ internationalist position အတိုင်း ရပ်တည်တယ်။ ဒီနေရာမှာ အီရန်လဲ မကောင်းဘူး၊ အစ္စရေး-ယူအက်စ် နယ်ချဲ့လဲ မကောင်းဘူး၊ “both sides are reactionary” ဖြစ်တယ်၊ ငါတို့က ဘယ်ဘက်မှ ရပ်တည်စရာ မလိုဘူး ဆိုတဲ့ ပက်တီးဘူဇွာ အမြင်တွေ မကြာခဏ တွေ့ရလေ့ရှိတယ်။ ဒီအမြင်ဟာ အခြေခံအားဖြင့် ဘာ့ကြောင့် မှားယွင်းနေသလဲ၊ နယ်ချဲ့စနစ်ကို တကယ် တိုက်နိုင်တဲ့ ရပ်တည်ချက် မဟုတ်ဘူး ဆိုတာ ရှင်းပြထားတဲ့ ဆောင်းပါးတွေလဲ ဒီ issue မှာ ဖတ်ရလိမ့်မယ်။
ဒါဟာ Marxist method ကို ကမ္ဘာ့ နိုင်ငံရေးကို နားလည်အောင် လက်တွေ့ အသုံးပြုထားတဲ့ ဆောင်းပါးတွေလို့ ဆိုနိုင်တယ်။ ထရော့စကီးရဲ့ အကူးအပြောင်း လုပ်ငန်းစဉ်ဟာ တကယ်တော့ အကျပ်အတည်း ကာလရဲ့ မာ့က်စ်ဝါဒ နည်းနာပဲ၊ ပရိုဂရမ် ဆိုပြီး demand တွေ ချရေးထားရုံ မဟုတ်ဘူး။ demand ချရေးထားတာဟာ မာ့က်စ်ဝါဒ လုပ်ငန်းစဉ်ရဲ့ အနှစ်သာရ မဟုတ်ဘူး။
မာ့က်စ်ဝါဒ နည်းနာဆိုတဲ့ ဒိုင်ယာလက်တစ် ရုပ်ဝါဒကို သမိုင်း၊ စီးပွားရေးနဲ့ နိုင်ငံရေးမှာပဲ အသုံးပြုနိုင်တာ မဟုတ်ဘူး။ လူမှု သိပ္ပံမှာသာမက၊ သဘာဝကို လေ့လာတဲ့ ပညာရပ် နယ်ပယ် အသီးသီးမှာလဲ ဒိုင်ယာလက်တစ် ရုပ်ဝါဒကို မရှိမဖြစ် လိုအပ်ကြောင်း အခိုင်အမာ argue လုပ်ထားတဲ့ ဆောင်းပါး တပုဒ်လဲ ဖော်ပြထားပါတယ်။
မာ့က်စ်ဝါဒဟာ internationalism ဖြစ်တယ်၊ ဒါကို အထက်မှာ ဆိုခဲ့ပြီ။ ဒါပေမဲ့ မာ့က်စ်ဝါဒီတွေဟာ national oppression ကို လစ်လျူရှုမထားဘူး။ တကယ်တော့ national question ကို မာ့က်စ်ဝါဒ နည်းနာအတိုင်း အခိုင်အမာ စိတ်ဖြာ လေ့လာမှသာ အဖြေတွေ့နိုင်တယ်။ ၁၉၁၇ အောက်တိုဘာမှာ လီနင်တို့ ဘော်ရှီဗစ်တွေ ဆိုရှယ်လစ် တော်လှန်ရေးကြီး အောင်အောင်မြင်မြင် ဆင်နွှဲနိုင်ခဲ့တာဟာ national question ကို မှန်မှန်ကန်ကန် ဖြေရှင်းနိုင်ခဲ့လို့ ဖြစ်ပါတယ်။ ဒါ့ကြောင့် ဒီကနေ့ ရင်ဆိုင်နေရတဲ့ အမျိုးသားရေး ပြဿနာကို ဘယ်လို ဖြေရှင်းကြမလဲ။ “မာ့က်စ်ဝါဒနဲ့ အမျိုးသားရေး ပြဿနာ” ဆောင်းပါးမှာ အဖြေရှာကြည့်ပါလို့ တိုက်တွန်းလိုက်ပါရစေ။
The Struggle မဂ္ဂဇင်း အမှတ် (၁၅) ကို ဒေါင်းလုတ်ဆွဲရန် – https://marxistburma.org/the-struggle-vol-15launch-video/
RM အဖွဲ့ဝင်ဖြစ်လိုပါက join us form ကို ဖြည့်ပြီး လျှောက်ထားနိုင်ပြီ – https://marxistburma.org/join_us/
စတာလင်ဝါဒ/မော်ဝါဒ ဆိုတာ ကွန်မြူနစ်ဝါဒ မဟုတ်ဘူး
