ယူအက်(စ်)နဲ့ ဆော်ဒီ အာရေးဗီးယားတို့ကြား နျူကလိယာ အပေးအယူ တခု လက်မှတ်ရေးထိုးလိုက်ပြီ ဖြစ်ကြောင်း ပြီးခဲ့တဲ့ ဇူလိုင် ၂၂ ရက်နေ့က ကြေညာသွားတယ်။ ဒေါ်နယ်ထရမ့်က ဒီတလထဲမှာပဲ ဒုတိယအကြိမ် ဗုံးထပ်ကြဲလိုက်ပြန်ပြီလို့ ယူအက်(စ်) အုပ်စိုးသူ လူတန်းစားရဲ့ အာဘော် Foreign Policy မဂ္ဂဇင်းက ဆိုပါတယ်။ ဇူလိုင်လ အစတုန်းကလဲ ယူအက်(စ်)က တူရကီကို F-35 ဖိုက်တာဂျက်တွေ ထုတ်ရောင်းဖို့ အသင့်ပဲလို့ ကြေညာခဲ့ဖူးတယ်။ တူရကီက နေတိုး အုပ်စုဝင် ဆိုပေမဲ့ ယူအက်(စ်) မဟာမိတ် အစ္စရေးရဲ့ ရန်သူတော် ဖြစ်ပါတယ်။ ဒါ့ကြောင့် နတန်ယာဟုက CNN နဲ့ အင်တာဗျူးမှာ မကျေနပ်ကြောင်း ထွက်ပြောပါတယ်။
အခုလဲ အစ္စရေးရဲ့ ရန်သူတော် ဆော်ဒီကို ဒေါ်နယ်ထရမ့်က နျူကလီယာ ပရိုဂရမ် လုပ်ဖို့ ခွင့်ပြုလိုက်ပြီ။ ယူအက်(စ်)က ဆော်ဒီနဲ့ နျူကလီယာ အပေးအယူ လုပ်ဖို့ ပြင်နေတာ နှစ်များစွာ ကြာခဲ့ပြီ။ ဒါပေမဲ့ အရှေ့အလယ်ပိုင်း ဒေသကြီးမှာ စစ်မီးတွေ အရှိန်ပြင်းနေတဲ့ ဒီကာလကျမှ ဘာ့ကြောင့် ဒီအပေးအယူ ထွက်လာသလဲ။
ယူအက်(စ်) ခေါင်းဆောင်တဲ့ Western Imperialism ရဲ့ ကြောင်သူတော်ဆန်မှုကို ဒီမှာလဲ အတိုင်းသား တွေ့ရပြန်ပြီ။ ယူအက်(စ်)နဲ့ အစ္စရေးတို့ အီရန်ကို နယ်ချဲ့စစ်ခင်းရတဲ့ ရည်ရွယ်ချက်က အီရန်ရဲ့ နျူကလီယာ ပရိုဂရမ်ကို ဖျက်သိမ်းဖို့ ဖြစ်ကြောင်း တွင်တွင်ပြောခဲ့ကြတယ်။ အီရန်ဘက်က နျူကလီယာ စစ်လက်နက် မထုတ်ဘူး၊ civilian အသုံးသက်သက်ပဲလို့ ကတိတွေ အကြိမ်ကြိမ်ပေးပေမဲ့ သူတို့ လက်မခံပါဘူး။ အဲသလို လက်မခံတဲ့ ယူအက်(စ်)နဲ့ အစ္စရေး နှစ်ကောင်လုံးက နျူလက်နက် ပိုင်ရှင်တွေ။
ဒါ့ကြောင့် ယူအက်(စ်)နဲ့ အစ္စရေးတို့ အီရန်ကို နယ်ချဲ့စစ်ခင်းတာဟာ နျူကလီယာ အရေးကြောင့် မဟုတ်ဘူးလို့ အရင် ဆောင်းပါးတွေမှာ ကျနော်တို့ ထောက်ပြခဲ့ဖူးတယ်။ ယူအက်(စ်)-အစ္စရေးရဲ့ နယ်ချဲ့စစ်ကို ထောက်ခံသူတွေက ဒီထောက်ပြချက်ကို လက်မခံတဲ့အပြင် အခုလို စောဒကတက်လေ့ရှိတယ်။ “ယူအက်(စ်)-အစ္စရေးတို့ဟာ နျူကလီယာ လက်နက် ပိုင်ရှင်တွေဖြစ်ပေမဲ့ သူတို့ဟာ ဒီမိုကရေစီ တိုင်းပြည်တွေ ဖြစ်တယ်၊ အီရန်က ဒီမိုကရေစီ နိုင်ငံ မဟုတ်ဘူး၊ အီရန်လို ဘာသာရေး အခြေပြု အာဏာရှင် နိုင်ငံတခု လက်ထဲ နျူ ပိုင်သွားလို့ မဖြစ်ဘူး၊ ဒါ့ကြောင့် ယူအက်(စ်)-အစ္စရေးတို့ရဲ့ နယ်ချဲ့စစ်ကို ထောက်ခံတယ်”။ ဒါ သူတို့ ငြင်းချက်ထုတ်တဲ့ ပုံစံ။
အခု ယူအက်(စ်)က နျူကလီယာ ပရိုဂရမ် လုပ်ခွင့်ပေးလိုက်တဲ့ ဆော်ဒီက ဒီမိုကရေစီ နိုင်ငံလား၊ ဘီလျံနာ monarch တွေ အုပ်စိုးနေတဲ့ အာဏာရှင် နိုင်ငံလား ဆိုတာ သူတို့ကို ပြန်မေးရတော့မယ်။ တကယ်တော့ ဒီမိုကရေစီ စနစ် ကျင့်သုံးခြင်း၊ မကျင့်သုံးခြင်းက ယူအက်(စ်)-အစ္စရေးတို့အတွက် အဓိကမကျဘူး။ သူတို့ လူ ဖြစ်နေရင် ရပြီ။ ယူအက်(စ်) အရင်းရှင် နယ်ချဲ့စနစ်ရဲ့ မဟာမိတ်ဆိုရင် monarchist အရင်းရှင် တိုင်းပြည်လဲ နျူ ပိုင်ခွင့်ရှိတယ်၊ ဒါ သူတို့ လော့ဂျစ်ပဲ။ ဘယ့်လောက် ကြောင်သူတော်ဆန်လိုက်သလဲ။ ဒီတော့ အီရန်ကို သူတို့ စစ်ခင်းနေတာ ဒီမိုကရေစီကြောင့် မဟုတ်သလို နျူ ပရိုဂရမ် ရှိနေလို့လဲ မဟုတ်ဘူး ဆိုတာ ၆ နှစ်ကလေးတောင် နားလည်နိုင်တယ်။
အခု ဒေါ်နယ်ထရမ့် သဘောတူလိုက်တဲ့ ယူအက်စ်-ဆော်ဒီ နျူကလီယာ အပေးအယူကို ယူအက်(စ်) အုပ်စိုးသူ လူတန်းစားရဲ့ လစ်ဘရယ်ဘက်ကရော နီယိုကွန်ဘက်ကပါ ဝေဖန်လာကြတယ်။ ဒီအပေးအယူက ယူအက်(စ်) နယ်ချဲ့စနစ်အတွက် အကျိုးသိပ်မရှိလှဘူးလို့ သူတို့ တွက်ပုံရတယ်။ ဥပမာ၊ ယူအက်စ်နဲ့ အီရန် အပေးအယူ လုပ်တဲ့အခါ အီရန်ဘက်က ယူအက်စ်-ဆော်ဒီ နျူကလီယာ အပေးအယူကို ထောက်ကွက်အဖြစ် ကောင်းကောင်းကြီး အသုံးချသွားနိုင်တယ်။ ဆော်ဒီတောင် ယူရေနီယံ သန့်စင်ခွင့် ရှိသေးရင် ငါတို့ အီရန်ကရော ဘာ့ကြောင့် မရှိရမှာလဲလို့ ပြောစရာ ဖြစ်သွားပြီ။
ယူအက်(စ်) အာဏာ အဝန်းအဝိုင်းထဲမှာ အစ္စရေးဘက်သား နီယိုကွန်တွေ အများကြီး ရှိပါတယ်။ ဒေါ်နယ်ထရမ့်က အစ္စရေးရဲ့ ရန်သူတော် ဆော်ဒီနဲ့ အခုလို နျူ အပေးအယူ လုပ်လိုက်တာကို သူတို့ လက်မခံနိုင်ဘူး။ ဒါ့ကြောင့် အပြင်းအထန် ဝေဖန်လာကြတယ်။ ဒါ့ကြောင့်ပဲ ယူအက်စ်-ဆော်ဒီ နျူကလီယာ အပေးအယူ ကြေညာပြီး ၂၄ နာရီ မပြည့်ခင် ဒေါ်နယ်ထရမ့်ဘက်က လေသံပြောင်းသွားတယ်။ အခု သဘောတူလိုက်တဲ့ နျူကလီယာ အပေးအယူဟာ ဆော်ဒီဘက်က အစ္စရေးနဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေး ထူထောင်နိုင်ခြင်း ရှိ မရှိအပေါ် မူတည်နေတယ်လို့ ထရမ့် ပြောလာရတယ်။
“The Civil Nuclear Deal [….] is totally subject to Saudi Arabia joining the very respected and successful Abraham Accords” (Trump, 23 July 2026)
ဒီနေရာမှာ ထရမ့် အမွှန်းတင်ထားတဲ့ Abraham Accords က စက္ကူစုတ်ဖြစ်သွားတာ ကြာပြီ။ Abraham Accords ဆိုတာ ဒေါ်နယ်ထရမ့် ပထမ သက်တမ်းကတည်းက အစ္စရေးနဲ့ အာရပ် နိုင်ငံတွေကြား သံတမန် ဆက်ဆံရေး ပုံမှန်ဖြစ်အောင်လုပ်ဖို့ ကြိုးပမ်းတဲ့ ‘normalization process’ လို့ လူသိများပါတယ်။ ဒီဖြစ်စဉ်ရဲ့ အနှစ်သာရကတော့ ဇိုင်ယင်နစ် အစ္စရေးရဲ့ ဖိနှိပ်မှုတွေ ဆယ်စုနှစ်ပေါင်းများစွာ ခံလာရတဲ့ ပါလက်စတိုင်း ပြည်သူတွေရဲ့ အချုပ်အခြာ အာဏာပိုင် နိုင်ငံ ထူထောင်ရေး မျှော်မှန်းချက်ကို ကျောခိုင်းပြီး အစ္စရေးနဲ့ အာရပ် နိုင်ငံတွေကြား ရွှေလမ်းငွေလမ်း ဖောက်ရေး ဖြစ်ပါတယ်။
အစ္စရေးနဲ့ normalization လုပ်တဲ့ ဖြစ်စဉ်မှာ ဘာရိန်းနဲ့ ယူအေအီးတို့က ထရမ့် ပထမ သက်တမ်း မကုန်ခင် ၂၀၂၀ စက်တင်ဘာမှာ ပူးပေါင်းခဲ့တယ်။ ဒီနောက် မကြာခင် လပိုင်းအတွင်းမှာပဲ မော်ရိုကိုနဲ့ ဆူဒန်တို့ ဒီဖြစ်စဉ်ထဲ ပူးပေါင်းလာခဲ့တယ်။ ဆော်ဒီကလဲ အစ္စရေးနဲ့ သံတမန် ဆက်ဆံရေးတွေ လုပ်လာတယ်။
ယူအက်(စ်)အနေနဲ့ ရန်ဖက် ဖြစ်နေတဲ့ သူ့မဟာမိတ်တွေ (အစ္စရေးနဲ့ အာရပ် တိုင်းပြည်တွေ) ကို သံတမန် ဆက်ဆံရေး ပုံမှန်ဖြစ်အောင် လုပ်ပေးနိုင်ရင် ဒေသတွင်း ဩဇာတက်လာတဲ့ တရုတ်နဲ့ ရုရှားကို ပြန်ကန့်ထားနိုင်မယ်။ သို့သော် ယူအက်(စ်)က ဆော်ဒီနဲ့ အစ္စရေးကို ဆက်ဆံရေး normalize လုပ်မပေးနိုင်ခင် တရုတ်က အီရန်နဲ့ ဆော်ဒီကို ၂၀၂၃ မတ်လမှာပဲ သံတမန် ဆက်ဆံရေး normalize လုပ်ပေးနိုင်ခဲ့တယ်။
အဲဒီလို အစ္စရေးနဲ့ ဆက်ဆံရေး normalized လုပ်ဖို့ ယူအက်(စ်)ဘက်က လုံးပမ်းနေတဲ့ Abraham Accords သာ အထမြောက်သွားရင် ပါလက်စတိုင်း ပြည်သူတွေရဲ့ အရေးဟာ ချောင်ထိုးခံရတော့မယ်။ ဒါ့ကြောင့် ဟမား(စ်) အဖွဲ့ရဲ့ ၂၀၂၃ အောက်တိုဘာ ၇ တိုက်ခိုက်မှုဟာ ‘normalization process’ ကို ဟန့်တားဖို့ အသည်းအသန် ကြိုးပမ်းချက် တခုလို့ နားလည်နိုင်တယ်။ ဒီနောက် ဇိုင်ယင်နစ် အစ္စရေးက ဂါဇာ ပြည်သူတွေအပေါ် ဂျန်နိုဆိုက်ဒ် စစ်ခင်းခဲ့တယ်။ ဒါ့ကြောင့် ယူအက်(စ်)ဘက်က လုံးပမ်းနေတဲ့ ‘normalization process’ လဲ အစိတ်စိတ် အမွှာမွှာ ပြိုကွဲသွားခဲ့ပြီ။
အခုဆိုရင် ယူအက်(စ်)က အရှေ့အလယ်ပိုင်း စစ်ပွဲမှာ မရှုမလှ အရေးနိမ့်ပြီး dominant position ကို စွန့်လိုက်ရပြီ။ ယူအက်(စ်)နဲ့ အစ္စရေးကြား ဆက်ဆံရေးလဲ တော်တော် တင်းမာနေပြီ။ တချိန်တည်းမှာ အရှေ့အလယ်ပိုင်းက ယူအက်(စ်) မဟာမိတ် အာရပ် တိုင်းပြည်တွေကလဲ ယူအက်(စ်) ပါဝါကို ရှေ့ဆက် အားကိုးလို့ မရမှန်း သဘောပေါက်လာကြပြီ။ ဒီတော့ အရှေ့အလယ်ပိုင်းမှာ ယူအက်(စ်)အတွက် reliable ally ဆိုလို့ အစ္စရေးပဲ ကျန်တော့တယ်။
ဒီအခြေအနေမှာ ဆော်ဒီကို နျူကလီယာ ပရိုဂရမ် လုပ်ခွင့်ပေးလိုက်တာဟာ ယူအက်(စ်)အနေနဲ့ အလွန် အဖိုးတန်တဲ့ “leverage” တခုကို လက်လွှတ်ဆုံးရှုံးလိုက်ရတာပဲလို့ ယူအက်(စ်) အာဏာ အဝန်းအဝိုင်းက ဝေဖန်လာကြတယ်။ ဒေါ်နယ်ထရမ့်အနေနဲ့ ဆော်ဒီနဲ့ အစ္စရေးကို normalization လုပ်ချင်ရင် ဒီ “leverage” ကို ကိုင်ပြီး ဆော်ဒီကို ဖိအားပေးရမှာ ဖြစ်တယ်။ ဒါပေမဲ့ အခုကျ ပြောင်းပြန်။ ဆော်ဒီနဲ့ နျူကလီယာ အပေးအယူ လက်မှတ်ထိုးပြီးမှ ဆော်ဒီကို အစ္စရေးနဲ့ တည့်အောင် ပေါင်းဖို့ ပြောသလို ဖြစ်နေပြီ။
ကဲ ဒီတော့ ဆောင်းပါး အစမှာ မေးခဲ့တဲ့ ဘာ့ကြောင့် ဒီအပေးအယူ ထွက်လာသလဲ ဆိုတဲ့ မေးခွန်းကို ဖြေကြည့်လို့ ရပါပြီ။ ယူအက်(စ်)က တစစီ ဆုတ်ဖြဲခံလိုက်ရတဲ့ ‘normalization process’ ကို ပြန်အသက်သွင်းဖို့ ဆော်ဒီကို နျူကလီယာ အပေးအယူနဲ့ မက်လုံးပေးတာတော့ မဖြစ်နိုင်ဘူး။ ဒါဆို ဘာ့ကြောင့်လဲ။
The Economist မဂ္ဂဇင်းကတော့ “ဒါ ထရမ့် ထုံးစံပဲ၊ မအောင်မြင်တဲ့ စစ်ပွဲအတွက် flawed deal နဲ့ အစားထိုးဖို့ ကြိုးစားတာပဲ” လို့ ဇူလိုင် ၂၅ ရက်ထုတ် issue ခေါင်းကြီးပိုင်းကနေ ဝေဖန်ထားတယ်။
ယူအက်(စ်) နယ်ချဲ့ စစ် စခန်းတွေ လက်ခံထားတဲ့ အာရပ် နိုင်ငံတွေက အခု အီရန် စစ်ပွဲမှာ အတော်လေး အထိနာတယ်။ တကယ် အရေးကြုံလာတဲ့အခါ ယူအက်(စ်)က သူတို့ကို အကာအကွယ် မပေးနိုင်ဘူး ဆိုတာ သူတို့ ကောင်းကောင်း သိလိုက်ရတယ်။ ဒီတော့ ယူအက်(စ်) မဟာမိတ် အာရပ် တိုင်းပြည်တွေက ယူအက်(စ်)အပေါ် ဒေါသထွက်နေကြမှာပဲ။ ဒါ့ကြောင့် The Economist ခေါင်းကြီး ဆောင်းပါးမှာ အခုလို ဆိုထားတယ် –
“It may be a sop to a country furious at Mr. Trump’s bungling of his war with Iran” (The Economist, 25th July 2026)
ဒီမေးခွန်းကို ဖြေဖို့ အခြေခံ အကြောင်းအချက်တွေ ပြန်ကြည့်ရမယ်။ အီရန် စစ်ပွဲဟာ ယူအက်(စ်) နယ်ချဲ့ ပါဝါရဲ့ ဒေသတွင်း အဆင့် အနေအထားကိုသာမက ကမ္ဘာ့ အဆင့် အနေအထားကိုပါ တရှိန်ထိုး ကျဆင်းသွားစေတဲ့ determining element ဖြစ်တယ်။ အီရန် စစ်ပွဲမှာ အမေရိကန် မရှုမလှ အရေးနိမ့်သွားခြင်းဟာ အရှေ့အလယ်ပိုင်း ဒေသကြီးမှာ ယူအက်(စ်)ကို အထီးကျန်သွားစေတယ်။ အီရန်က ဒေသတွင်း dominant power ဖြစ်လာတယ်။ အရှေ့အလယ်ပိုင်း ဒေသမှာ တရုတ်၊ ရုရှားတို့ရဲ့ ဩဇာ ပိုကြီးလာတယ်။ တူရကီနဲ့ ဆော်ဒီတို့လို ယူအက်(စ်)ရဲ့ မဟာမိတ်တွေက တရုတ်၊ ရုရှားဘက် ယိမ်းလာတယ်။ 
ဒါ့အပြင် ပင်လယ်နီက တရုတ်ရဲ့ ပိုးလမ်းမသစ် စီမံကိန်းအတွက် အဓိက သွေးကြောကြီး ဖြစ်တယ်။ တချိန်တည်းမှာပဲ အီရန် ကျောထောက်နောက်ခံပြု ဟူသီ သူပုန်တွေက ပင်လယ်နီကို Aden ပင်လယ်ကွေ့၊ အာရေးဗီးယန်း ပင်လယ်တို့နဲ့ ချိတ်ဆက်ပေးထားတဲ့ Bab al-Mandab ရေလက်ကြားကို ပိတ်ပစ်မယ်လို့ သတိပေးထားတယ်။
ဒီအခြေအနေမှာ ယူအက်(စ်)အနေနဲ့ ဆော်ဒီကို တရုတ်၊ ရုရှားနဲ့ နီးစပ်သွားမှာ အလွန် ကြောက်ပါတယ်။ ဒါ့ကြောင့်လဲ အစ္စရေးနဲ့ ပုံမှန် သံတမန် ဆက်ဆံရေး မထူထောင်ရသေးခင် ဆော်ဒီကို နျူ ပရိုဂရမ် ခွင့်ပြုလိုက်ပုံရတယ်။
ဒါပေမဲ့ ဒီအပေးအယူဟာ ယူအက်(စ်) အကျိုးစီးပွားအတွက် အာမခံချက် မရှိသလို နျူကလီယာ လက်နက်တွေ အပြိုင်အဆိုင် ထုတ်လုပ်ရေးကိုသာ ပိုဦးတည်သွားစေနိုင်တယ်။ အစ္စရေးရဲ့ ရန်သူတော် တူရကီကလဲ နျူ ပိုင်ဆိုင်ရေး ကြိုးပမ်းလာနိုင်တယ်။ ဒီအပေးအယူဟာ အရှေ့အလယ်ပိုင်းသာမက ကမ္ဘာ့ ဒေသအသီးသီးက ယူအက်(စ်) မဟာမိတ်တွေကိုပါ နျူကလီယာ လက်နက် ပိုင်ဆိုင်ရေး မီးစိမ်းပြလိုက်သလို ဖြစ်သွားနိုင်တယ်။ ဥပမာ၊ ယူအက်(စ်)ရဲ့ နျူကလီယာ လက်နက် အကာအကွယ်က စိတ်မချရဘူး၊ ငါတို့ဘာသာ နျူ လက်နက် ပိုင်အောင် ကြိုးပမ်းရမယ်လို့ တောင်ကိုးရီးယား ဗျူရိုကရက်တွေက ပြောလာကြပြီ။
အဆိုးဆုံးကတော့ ယူအက်(စ်) ပါဝါ တရှိန်ထိုး ကျဆင်းနေတဲ့ အချက်ကို ယူအက်(စ်)ရဲ့ မဟာမိတ်တွေကိုယ်တိုင် အတိုင်းသား မြင်လာပြီး ယူအက်(စ်)ဟာ ယုံကြည် အားကိုးလောက်တဲ့ အခြေအနေ မရှိတော့ဘူး၊ ငါတို့ ဒေသတွင်း ပါဝါတွေက independent position ရအောင် တည်ဆောက်ယူရမယ်၊ ဒါမှမဟုတ် တရုတ်၊ ရုရှားတို့နဲ့ အဆင်ပြေအောင် ဆက်ဆံရမယ်လို့ ကောက်ချက်ဆွဲလာကြတာပဲ။
ဒီလို ကမ္ဘာ့ အင်အား ချိန်ခွင်လျှာ ပြောင်းလဲသွားတဲ့ အခြေအနေက ဒေါ်နယ်ထရမ့်ရဲ့ ဆုံးဖြတ်ချက်တွေ သွေးရူးသွေးတန်း ဖြစ်နေခြင်းရဲ့ အရင်းခံ အကြောင်းတရား ဖြစ်တယ်။ ဒီအခြေအနေက ဒေသတွင်း မတည်ငြိမ်မှုတွေ၊ စစ်လက်နက် အပြိုင် တပ်ဆင်မှုတွေ၊ စစ်ပွဲတွေနဲ့ ကမ္ဘာ့ စီးပွား ပျက်ကပ်ကိုသာ နက်ရှိုင်း ပြင်းထန်စေလိမ့်မယ်။ စစ်ပွဲတွေနဲ့အတူ လူတန်းစား တိုက်ပွဲလဲ သေချာပေါက် ပြင်းထန်လာလိမ့်မယ်။
ရေးသူ – လန်းနာ့(ဒ်)
