ကမ္ဘာ့ စာမျက်နှာထက်မှာ အမေရိကန်-အစ္စရေးက အီရန်ကို စစ်ခင်းနေတယ်။ နောက် ဗမာပြည်တွင်းမှာ အတုအယောင် ရွေးကောက်ပွဲ ကျင်းပခဲ့တဲ့ စစ်အုပ်စုက ဟိတ်ဟန်အပြည့်နဲ့ လွှတ်တော် အစည်းအဝေး ထိုင်နေတယ်။ တော်လှန်ရေးကို မျက်နှာပြောင်တိုက်ပြီး နုဂျီ လစ်ဘရယ် ဘူဇွာအုပ်စုကလဲ ဗိုလ်လက်ယာကို ဝန်ကြီးအဖြစ် ခန့်အပ်လိုက်တယ်။
ဒီအတောအတွင်း NUG လက်အောက်ခံ ယင်းမာပင် ခရိုင် အမှတ်(၂၀) PDF တပ်ရင်းမှာ တာဝန် ထမ်းဆောင်နေတဲ့ အမျိုးသမီး ရဲဘော်တဦးဟာ ခွင့်ပြုချက် မရှိဘဲ အလှူခံတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ဖမ်းဆီးချုပ်နှောင်ခံခဲ့ရပြီး အဓမ္မပြုကျင့်ခံခဲ့ရတယ်။ တကောင်းမြို့ကို စစ်အုပ်စုက ပြန်လည် သိမ်းပိုက်လိုက်တယ်။
တန်ပြန် တော်လှန်ရေးရဲ့ ထိုးနှက်ချက်တွေအောက်မှာ ဗမာပြည်သူ လူထု အလူးအလဲ ခံစားနေရတယ်ဆိုတာ အများကြီး ပြောစရာ မလိုဘူး။ မြို့ပြမှာ စစ်မှုထမ်း ဥပဒေကို အကောင်အထည်ဖော်ဖို့ စစ်အုပ်စု လက်ကိုင်တုပ် ပျူစောထီးတွေ အမျိုးမျိုး ရမ်းကားနေတယ်၊ ကျေးလက်က စစ်ကြောင်းတွေ၊ ဗုံးကြဲ လေယာဉ်တွေကြောင့် ရစရာ မရှိတော့ဘူး။
ကျေးလက်စီးပွားရေးက နလန်ထူမယ့် အလားအလာ မရှိဘူး၊ အလုပ်အကိုင် ရှားပါးတဲ့ မြို့ပြမှာ Informal အလုပ်တွေပဲ အများစုက လုပ်ကိုင်စားသောက်နေရတယ်၊ လုပ်ခလစာ မလုံလောက်လို့ စက်ရုံတွေထဲ အလုပ်သမားတွေ တိုက်ပွဲဝင်နေရတယ်။ ခုအခါမှာ လောင်စာဆီ ရှားပါးမှုက ကုန်စျေးနှုန်းကို အများကြီး ထိုးတင်လိုက်ပြန်ပြီ။
ဗမာ့ ပြည်တွင်းစစ်ဟာ ထွက်ပေါက်မဲ့နေတယ်၊ စစ်အုပ်စုက လက်နက်ကိုင် အင်အားစုတွေကို အင်တိုက်အားတိုက် မနှိမ်နင်းနိုင်သေးဘူး၊ လက်နက်ကိုင် အင်အားစုတွေအနေနဲ့လည်း စစ်အုပ်စုကို ပြိုကျအောင် မယ်မယ်ရရ မလုပ်နိုင်သေးဘူး။
လအနည်းငယ်ပဲ ကြာမယ်လို့ လစ်ဘရယ်တွေ ကြွေးကြော်ထားတဲ့ so-called “လက်နက်ကိုင် တော်လှန်ရေး” က နှစ်ချီအောင် ဇာတ်ကြောရှည်လာတယ်။ အာဏာသိမ်း သက်တမ်း အကြိမ်ကြိမ် တိုးလာတဲ့ စစ်တပ်ကလဲ စစ်လွှတ်တော် ကျင်းပပြီး အာဏာကို ထာဝရ ကိုင်စွဲထားဖို့ လုံးပမ်းနေပြီ။
လူ့အဖွဲ့အစည်းကို ပြောင်းလဲဖို့ စိတ်အားထက်သန်စွာ တော်လှန်ရေးမှာ ပါဝင်ခဲ့သူ အများစု မျှော်လင့်ချက်တွေ ဆိတ်သုဉ်းပြီး စိတ်ဓာတ်တွေ ကျဆင်းနေတယ်၊ ပျော်ရွှင်စရာကောင်းတဲ့ ဘဝတွေဟာ အတိတ်မှာပဲ ရှိလိမ့်မယ်လို့ တွေးတောရင်း အနာဂတ်ကို စိတ်ကုန်နေတယ်။
တော်လှန်ရေး အစိုးရ အမည်ခံထားတဲ့ NUG က အမှားတွေ တခုပြီးတခု လုပ်နေတယ်။ ပြည်ထဲရေး ဝန်ကြီး လွင်ကိုလတ် အလိုအရ “တော်လှန်ရေးမှာ ပါဝင်မှု အားကြီးသော” ပသုံးလုံး အဖွဲ့တွေ ကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုတွေဟာ ရှင်းလို့ မကုန်နိုင်အောင် များလွန်းနေပြီ၊ တရားမျှတမှုရှိရှိ တခုမှ ဖြေရှင်းပေးခဲ့တာ မရှိပေမဲ့ ဖြေရှင်းနေသလို ဟန်ဆောင်ရင်း အလုပ်များနေတယ်။ တကောင်းမြို့ ပြန်သိမ်းခံလိုက်ရတာအတွက် ဖြေရှင်းချက် မထုတ်နိုင်သေးဘူး။
တန်ပြန်တော်လှန်ရေး
မာ့က်စ်ဝါဒက သိပ္ပံပညာရပ်တခုလို့ မာ့က်စ်ဝါဒီတွေက အမြဲတမ်း ပြောတယ်။ တခြားသော သိပ္ပံပညာရပ်တွေလိုပဲ တိကျတဲ့ Definition ရှိတဲ့ Term တွေကို အသုံးပြုပြီး မာ့က်စ်ဝါဒက ဖြစ်စဉ်ဖြစ်ရပ်တွေကို ရှင်းပြတယ်။
တန်ပြန်တော်လှန်ရေး Counter-revolution ဆိုတဲ့ အသုံးအနှုန်းက ဒီလို တိကျတဲ့ လူမှုဗေဒ Term တခုပဲ။ သူ့မှာ တိကျတဲ့ အဓိပ္ပါယ် ဖွင့်ဆိုချက် ရှိတယ်။ တချို့က “တော်လှန်ရေးက ဆုတ်ယုတ် ယိုယွင်းလာပြီ၊ တော်လှန်ရေးကို ထိန်းကြောင်းဖို့ တန်ပြန်တော်လှန်ရေး လုပ်ရမယ်၊ တန်ပြန်တော်လှန်ရေးက လိုအပ်တယ်”လို့ ပြောတတ်ကြတယ်။ ဒါကို ကြည့်ခြင်းအားဖြင့် မာ့က်စ်ဝါဒီတွေ သုံးနှုန်းတဲ့ တန်ပြန်တော်လှန်ရေး ဆိုတဲ့ ဝေါဟာရကို သူတို့ နားမလည်သေးဘူး ဆိုတာ သိနိုင်တယ်။
ကိန်းဘရစ်(ဂ်ျ) အဘိဓာန်မှာ Counter-revolution လို့ ရိုက်ရှာကြည့်လိုက်ရင် “a political activity that happens as a reaction to an earlier political change” လို့ တွေ့ရလိမ့်မယ်။
သာမန် လူအများစုက ပုံမှန်ဆိုရင် နိုင်ငံရေးနဲ့ မဆိုင်သလို နေကြတယ်။ ၂၀၂၁ နွေဦးမှာတော့ လူ့အဖွဲ့အစည်းကို ပြောင်းလဲဖို့ သာမန်လူတွေ နိုင်ငံရေး ဖြစ်ရပ်တွေထဲ ပါဝင်လာတယ်။ အရင်လို သိတဲ့ တတ်တဲ့ လူလက်ဆုပ်စာ လက်ထဲမှာ နိုင်ငံရေးကို ပစ်မထားတော့ဘူး၊ သူတို့ကိုယ်တိုင် အပြောင်းအလဲတွေ ဖော်ဆောင်ဖို့ လမ်းမပေါ် ထွက်လာခဲ့ကြတယ်။
ဒါပေမယ့် စစ်မှန်တဲ့ တော်လှန်ရေး ခေါင်းဆောင်မှု မရှိတဲ့အတွက် ဗမာ ပြည်သူလူထုဟာ ကောင်းမွန်တဲ့ လူ့အဖွဲ့အစည်းကို ပြောင်းလဲနိုင်ခဲ့ခြင်း မရှိဘူး။ စစ်အုပ်စုက ဒီလို နိုင်ငံရေး အပြောင်းအလဲကို ဘယ်လို တုန့်ပြန်ခဲ့သလဲ ဆိုတာ အားလုံး အမြင်ပဲ။ အခုအချိန်ထိ အရက်စက်ဆုံး၊ အယုတ်မာဆုံး နည်းလမ်းတွေနဲ့ တုန့်ပြန်နေဆဲ ဖြစ်တယ်။ ရည်ရွယ်ချက်က ဘာလဲ၊ လူ့အဖွဲ့အစည်းကို ပြောင်းလဲဖို့ နိုးကြားလာတဲ့ လူထုရဲ့ အသိစိတ်ကို သင်းသတ်တာပဲ။
ဒီတော့ လူထုကို ဓားမိုး အုပ်ချုပ်နေတဲ့ စစ်အုပ်စုရဲ့ လုပ်ရပ်တွေက တန်ပြန်တော်လှန်ရေး ဆိုတာ အလွန် ထင်ရှားပါတယ်။ လူတိုင်း အလွယ်တကူ သဘောပေါက်နိုင်တယ်။
၂၀၂၁ လူထုလှုပ်ရှားမှု ပြိုကွဲသွားတော့ ရဲရင့်တဲ့ လူငယ် လက်တဆုပ်စာက တော်လှန်ရေးကို မရ,ရတဲ့ နည်းနဲ့ ဆက်လက် သယ်ဆောင်ဖို့ ကြိုးပမ်းခဲ့တယ်။ အခြေအနေတွေကို သည်းခံနိုင်ခြင်း မရှိဘဲ လူထု လှုပ်ရှားမှုနေရာကို သူတို့က အစားထိုးဖို့ ကြိုးစားခဲ့တယ်။ မသိလိုက် မသိဘာသာ လူထုကို လက်ခုပ်တီး အားပေးရတဲ့ “passive” အနေအထား ပို့ပစ်လိုက်တယ်။
တဖက်မှာလဲ စစ်အုပ်စုက ပြင်းပြင်းထန်ထန် ဖိနှိပ်နေတာကြောင့် လူထုကိုယ်တိုင် အားတက်သရော ပါဝင်တဲ့ တော်လှန်ရေး လှုပ်ရှားမှုဟာ ဒီရေကျဆင်းသွားခဲ့တယ်။ ဒီလို အခြေအနေမှာ လက်နက်ကိုင် အစုအဖွဲ့ အသီးသီးက AS ကို သူတို့နည်း သူတို့ဟန်နဲ့ ဖော်ဆောင်ခဲ့ကြတယ်။
ဒီကြားထဲ NUG ဘူဇွာ လစ်ဘရယ် အုပ်စုက illusion တွေ အမျိုးမျိုး လောင်းထည့်ပြီး လူထုရဲ့ အသိစိတ်ကို ဝေဝါးအောင် လုပ်ခဲ့တယ်။ ၂၀၂၁ လူထု လှုပ်ရှားမှု အားအကောင်းဆုံး အချိန်မှာ ၇၂ နာရီ ဂျင်းထည့်ခဲ့ပြီး အချိန်လွန်လို့ လူထုလှုပ်ရှားမှု ဒီရေထိုးကျတော့မှ ဒီဒေး ထကြေငြာခဲ့တယ်။
၂၀၂၁ လူထု လှုပ်ရှားမှုကို အလဟဿ ဖြုန်းတီးခဲ့တဲ့ NUG ဘူဇွာ လစ်ဘရယ် အုပ်စုက သူတို့ အခြေချနိုင်တဲ့ ဒေသတွေမှာ လက်သင့်ရာ လူတွေကို “appoint” လုပ်တဲ့နည်းနဲ့ ပသုံးလုံး ယန္တယားကို ထူထောင်ထားတယ်။ ပသုံးလုံး နာမည်မှာ ပြည်သူ ဆိုတဲ့ စကားလုံးတွေ ရေလဲ သုံးထားပေမဲ့ ပြည်သူလူထုက ရွေးကောက် ဖွဲ့စည်းထားတာမျိုး မဟုတ်ပါဘူး။ NLD ပါတီနဲ့ နီးစပ်သူ၊ မြို့နယ် အမတ်နဲ့ ပီတဲ့သူ၊ လူရေလည်ပြီး ရန်ပုံငွေ ရှာနိုင်တဲ့ သူ၊ အထက်ဖား အောက်ဖိတတ်သူ၊ အစရှိတဲ့ element တွေကို အထက်ကနေ သင့်သလို appoint လုပ်ပြီး ခန့်ထားတာပဲ။
စာရေးသူ အမြင်ကို တင်ပြရရင် တကယ် ဖြစ်သင့်တာက ပသုံးလုံး ယန္တယားထောင်ပြီး လူထုကို အုပ်ချုပ်ရမှာ မဟုတ်ဘူး၊ လူထု တိုက်ပွဲကို ဦးဆောင်ဖို့ဆိုရင် သပိတ်ကော်မတီ၊ action committee စသဖြင့် အရင် စုစည်းရမယ်။ ဒီလို စုဖွဲ့ရာမှာ ရပ်ကွက်အလိုက် ကျေးရွာအလိုက် လူထု စည်းဝေးပွဲကြီးတွေ ခေါ်ယူရမယ်။ အဲဒီ လူထု စည်းဝေးပွဲကြီးတွေကနေ လူထု ကိုယ်တိုင် မဲပေး ရွေးကောက်လိုက်သူတွေနဲ့ အဲဒီ ကော်မတီတွေကို ဖွဲ့စည်းရမယ်။
အဲသလို ရွေးကောက် ဖွဲ့စည်းလိုက်ရင် လုံလောက်ပြီလား။ မလုံလောက်သေးပါဘူး။ လူထုဟာ ရွေးကောက်ခွင့် ရှိသလို right to recall လို့ ခေါ်တဲ့ ဖြုတ်ချပိုင်ခွင့်လဲ ရှိရမယ်။ အဲသလို ဖွဲ့စည်းထားတဲ့ ကော်မတီတွေဟာ တသီးတခြားစီ လှုပ်ရှားနေလို့ မရဘူး။ တခွင်တပြင်လုံး အတိုင်းအတာနဲ့ အချိတ်အဆက်မိတဲ့ centralised and coordinated body ဖြစ်အောင် တည်ဆောက်ထားရမယ်။ အဲဒါကို ဆိုဗီယက်လို့ ခေါ်ပါတယ်။ ဒီကနေ့ အချိန်မှာ ဆိုဗီယက်ပုံစံ ဖွဲ့စည်းဖို့ အခြေအနေ ရှိသလားလို့ မေးရင်တော့ မရှိသေးဘူးလို့ အတိအကျ ပြောနိုင်တယ်။ သို့သော် ၂၀၂၁ ဖေဖော်ဝါရီ-မတ်-ဧပြီတို့မှာ ရှိခဲ့တယ်။ ဒါ့ကြောင့် အခု ပြောတဲ့ လုပ်ငန်းစဉ်ကို ကျနော်တို့ RM က ၂၀၂၁ ဖေဖော်ဝါရီကတည်းက ဖော်ထုတ်ခဲ့ပြီးသား ဖြစ်တယ်။
သို့သော် ဒီမိုကရေစီလို့ ကြွေးကြော်ထားရင် လူထုရဲ့ မဲပေး ရွေးချယ်ပိုင်ခွင့်နဲ့ ဖြုတ်ချပိုင်ခွင့်ကို ယုံကြည်ရမယ်၊ ဒီအခြေခံ မူလောက်ကို အယုံအကြည် မရှိသူတွေဟာ ဒီမိုကရေစီကို တကယ် လိုလားတာ မဟုတ်ပါဘူး၊ တော်လှန်ရေးကို ယုံကြည်ဖို့ ဆိုတာ အဝေးကြီး။
ဒါဟာ ကျနော့် စွပ်စွဲချက် သက်သက် မဟုတ်ပါဘူး။ နုဂျီနဲ့ သူ့လက်အောက်ခံ အဖွဲ့အစည်းတွေရဲ့ ပေါ်လစီနဲ့ လက်တွေ့က ဒီအချက်ကို သက်သေခံနေတယ်။ NUG လက်အောက်ခံ ယင်းမာပင် ခရိုင် အမှတ်(၂၀) PDF တပ်ရင်းမှူး ရန်ရှင်းအောင်ကိုယ်တိုင် အခုလို ဗြောင်ထုတ်ပြောထားတာသာ နမူနာ ကြည့်ပါ –
“ငါတို့ တည်ဆောက်နေတာ စစ်တပ်၊ ဒီမိုကရေစီ မဟုတ်ဘူးနော်၊ လွဲမယ်နော်၊ စစ်တပ်ထဲ ဝင်တာနဲ့ ဒီမိုကရေစီ တည်ဆောက်တာနဲ့ မတူဘူးနော်”။
ရှင်းပါတယ်၊ ‘သူတို့ တည်ဆောက်နေတာ ဒီမိုကရေစီ မဟုတ်ဘူး၊ စစ်တပ်’လို့ ဗြောင် ပြောပါတယ်။ သူတို့ တည်ဆောက်နေတဲ့ စစ်တပ်နဲ့ အုပ်ချုပ်ရေး ယန္တရား ဆိုတာ အာဏာသိမ်း စစ်တပ်နဲ့ ဗျူရိုကရေစီကို ပုံစံတူ လိုက်ကူးထားတာတွေသာ ဖြစ်တယ်။
အဲ့သလို စစ်အာဏာရှင် စစ်တပ်နဲ့ ဗျူရိုကရေစီကို ပုံတူကူးပြီး တည်ဆောက်နေသူတွေ ဘယ်က လာသလဲ ကြည့်လိုက်တော့ စစ်အာဏာရှင် ယန္တရားထဲက လာသူတွေ များပါတယ်။ အခု နမူနာ ပေးခဲ့တဲ့ ရန်ရှင်းအောင်က စစ်အာဏာရှင် စနစ်ရဲ့ အမာခံ ထောက်တိုင်ဖြစ်တဲ့ ရဲတပ်ဖွဲ့က လာသူ ဖြစ်ပါတယ်။
အန်ယူဂျီမှာ အဲသလို လူတွေ ကြီးစိုးနေတာ နေရာ အနှံ့ပဲ ထင်ပါတယ်။ မကွေးတိုင်းထဲက ရေနံတွင်းတွေကနေ ငွေအလျှံပယ် ရနေပြီး လူသတ်မှုတွေနဲ့ နာမည်ပျက်နေတဲ့ လက်ယာ ဆိုသူလဲ ရဲဟောင်းပဲ။ အခု လက်ယာကို နုဂျီက မကွေးတိုင်း အစိုးရ အဖွဲ့ ကာဝန်အဖြစ် ခန့်အပ်ထားတယ်။ ဒါလဲ လက်သင့်ရာ appointment လုပ်တဲ့ အထင်အရှား သာဓက တခုပဲ။
ဒီဖြစ်ရပ်တွေက မြိုင်နဲ့ ယင်းမာပင်မှာပဲ ကွက်ဖြစ်နေတဲ့ isolated case တွေ မဟုတ်ဘူး ဆိုတာ အမြင် ရှင်းဖို့ အရေးကြီးတယ်။ လူအများ မျက်စိထဲ မြင်သာအောင် လူသိများတဲ့ နမူနာတချို့ကို ကောက်နှုတ်ပြခြင်းသာ ဖြစ်ပါတယ်။ တချို့က စုန်းပြူးဆိုတာတော့ ရှိမှာပဲလို့ ယူဆတတ်ကြတယ်။ တကယ်တော့ အခု ဖြစ်နေတာ စုန်းပြူး ပြဿနာ မဟုတ်ဘူး။ နုဂျီရဲ့ အခြေခံ မူဝါဒ ပြဿနာ၊ သူတို့ကိုယ်သူတို့ အစိုးရအဖြစ် ယူဆပြီး လက်တွေ့ တန်ပြန်တော်လှန်ရေး လုပ်နေတဲ့ ပြဿနာ ဖြစ်တယ်။
တဖက်မှာလဲ လူထုကို လှည့်ဖျားဖို့ တော်လှန်ရေး မျက်နှာဖုံး တပ်ထားရတယ်။ လက်တွေ့မှာတော့ ပြည်သူ လူထုကို ညှင်းပန်း နှိက်စက်နေတယ်၊ အရဲရင့်ဆုံး စွန့်လွှတ်ပေးဆပ်မှု အကြီးမားဆုံး လူငယ်တွေရဲ့ အသက် သွေးချွေးတွေကို ပြုန်းတီးအောင် လုပ်ဆောင်နေတယ်။ ဆင်းရဲ ဒုက္ခတွေကြား မောပန်းနေတဲ့ ပြည်သူ လူထုကို တော်လှန်ရေး ဆိုတာ ရွံမုန်းသွားအောင်၊ အသိစိတ် မနိုးကြားလာအောင် စစ်အုပ်စု နည်းတူ ပြုလုပ်နေတယ်၊ ဒါ့ကြောင့် သူတို့ လုပ်နေတာ တန်ပြန် တော်လှန်ရေးလို့ ပြောခြင်း ဖြစ်တယ်။
ပသုံးလုံး
“လူထု လှုပ်ရှားမှု အားကောင်းနေရင် လက်နက်ကိုင် အဖွဲ့တွေ ယိုယွင်းပျက်ဆီးသွားနိုင်တဲ့ အန္တရာယ် သိပ်မရှိဘူး၊ ဒါပေမယ့် လူထုလှုပ်ရှားမှု ဒီရေထိုးကျသွားတာနဲ့ ဒီအခြေအနေဟာ ပြောင်းလဲသွားနိုင်တယ်။ လှုပ်ရှားမှုရဲ့ လက်နက်ကိုင် တောင်ပံဟာ အရဲရင့်ဆုံး၊ စွန့်လွှတ်ပေးဆပ်မှု အကြီးမားဆုံး အစိတ်အပိုင်းတွေကို ဆွဲဆောင်နိုင်သလို တခြား အစိတ်အပိုင်းတွေကိုလဲ ဆွဲဆောင်ထားနိုင်သေးတယ်၊ ကမူးရူးထိုးသမားတွေ၊ လန်ပန်ပစ္စည်းမဲ့တွေ၊ ဒါ့အပြင် ရာဇဝတ်သားတွေတောင် ပါလာနိုင်တယ်။ အလုပ်သမား လူတန်းစား ပါတီရဲ့ တင်းကြပ်တဲ့ လမ်းညွှန်ဦးစီးမှု မရှိရင်၊ လူထုရဲ့ ထိန်းချုပ်မှု မရှိထားရင် လက်နက်ကိုင် အစုအဖွဲ့တွေဟာ ရာဇဝတ်မှု လုပ်ရပ်တွေကို ကျူးလွန်တဲ့ဘက် ရောက်သွားနိုင်တယ်။”
အပေါ်က စာပိုဒ်ကို ၂၀၂၂ လေးလပိုင်း The Struggle Magazine issue 4 မှာ ရေးသား ဖော်ပြခဲ့တာ ဖြစ်တယ်။ လက်ရှိ ပသုံးလုံး ယန္တရား အဓိက အချိုးအဆစ်တွေမှာ နေရာယူထားတာ အရဲရင့်ဆုံး၊ စွန့်လွှတ်မှု အကြီးမားဆုံး လူတွေ မဟုတ်ပါဘူး။ မဟုတ်ကြောင်းကို ပသုံးလုံး ယန္တယား ရာဇဝတ်မှုတွေက သက်သေထူနေတယ်။ အာဏာ အလွဲသုံးစားလုပ်တာ၊ ဗိုလ်ကျ အနိုင်ကျင့်တာ၊ အကျင့်ပျက်ခြစားတာ စသဖြင့် စသဖြင့် ပသုံးလုံး ယန္တယားမှာ မကောင်းမှုတွေ တောထနေတယ်။
ဘာကြောင့်လဲ၊ တပ်တည်ဆောက်ရေး မမှန်လို့၊ စည်းမျဉ်း စည်းကမ်းတွေအတိုင်း တင်းတင်းကြပ်ကြပ် မကိုင်တွယ်လို့ ဆိုပြီး အများစုက ပြောကြတယ်။
၂၀၂၅ နှစ်ဦးပိုင်းတုန်းက Myanmar Now သတင်းဌာနက NUG ဝန်ကြီး လွင်ကိုလတ်ကို ပသုံးလုံးအကြောင်း အင်တာဗျူး ပြုလုပ်ထားတယ်။ အဲ့ဒီ အင်တာဗျူးမှာ လွင်ကိုလတ်က ပသုံလုံး ပေါ်ပေါက်လာပုံကို ရှင်းပြထားတယ်၊ NUG က ပသုံးလုံးကို မွေးဖွားလိုက်တာ မဟုတ်ဘူး၊ ပသုံးလုံးက သူ့ဘာသာ ဖြစ်တည်လာတာ။ အဲ့ဒီနောက်မှ NUG ဗဟိုက မူတွေ ပေါ်လစီတွေ သွတ်သွင်းပြီး ပသုံးလုံးကို develop ကြီးထွားအောင် လုပ်ခဲ့တာလို့ ပြောထားတယ်။
မြို့ပြ လူထု အုံကြွမှုတွေ တခုပြီးတခု ဖြိုခွဲခံလိုက်ရပြီး နောက်ပိုင်း ကျေးလက် ဒေသတချို့မှာ spontaneously ဆိုသလို armed group တွေ အလျှိုလျှို ပေါ်ပေါက်လာခဲ့တယ်။ ဖြစ်ရပ်တွေ ဖြစ်လာတဲ့အခါ ရာဒီကယ်ဖြစ်သူတွေ ရှေ့ထွက်လာသလို လူရေလည်တွေလဲ ရှေ့ရောက်လာတယ်။ အခြေအနေအရ အဖွဲ့တိုင်း လက်နက်နဲ့ အချိတ်အဆက်ကို အသည်းအသန် ရှာဖွေရတယ်။ ဒီအခြေအနေဟာ networking ကောင်းတဲ့ ပက်တီးဘူဇွာတချို့ နေရာရဖို့ အခွင့်အရေး ဖန်တီးပေးထားသလိုပဲ။
ပတ်တီးဘူဇွာ အလွှာဟာ individualistic အတွေးအခေါ် နဲ့ လုပ်နည်းလုပ်ဟန်ကို ကိုင်ဆွဲသူတွေ ဖြစ်ပါတယ်။ အများသဘောတူ ရွေးချယ်တင်မြှောက်တဲ့ အစဉ်အလာကို မဖြတ်သန်းဖူးဘူး။ EROs အစွန်အဖျားမှာ စစ်သင်တန်း တက်လာခဲ့တဲ့ သူတွေ၊ မြင်ဖူးကြားဖူးတဲ့ စစ်ဗျူရိုကရေစီကို ထူထောင်ဖို့ အားခဲထားတဲ့ သူတွေ ဖြစ်တယ်။ လူထု လှုပ်ရှားမှု ဒီရေကျလေ ရိုးသားတဲ့ တော်လှန်ရေးသမားတွေ ဘေးဖယ်ထုတ်ခံရလေ၊ အကပ်ကောင်းတဲ့ ငွေရှာနိုင်တဲ့ ပက်တီးဘူဇွာ လူနပ်တွေ နေရာရလေ ဖြစ်လာတယ်။
NUG က ဒီအဖွဲ့တွေပေါ် တတ်ထိုင်ခဲ့တာ ဖြစ်တယ်။ လွင်ကိုလတ်က အင်တာဗျူးမှာ “လွတ်တော်ကိုယ်စားလှယ် လုပ်လို့ ပအဖခေါင်းဆောင် တန်းဖြစ်ရမယ်ဆိုတဲ့ မူ ကျနော်တို့မှာ လုံးဝ မရှိဘူး။…အခုလို စစ်ရေးကာလမှာ မဲနဲ့ ရွေးချယ်တာမျိုး ကျနော်တို့ ကျင့်သုံးလို့ မရသေးဘူး။..သက်ဆိုင်ရာ ကိုယ်စားပြုမှုနဲ့ပဲ ပအဖကို ဖွဲ့တာပေါ့။…အစုအဖွဲ့ကနေ ရွေးချယ်ပြီး စာရင်းပေးလာတဲ့ လူတွေကိုမှ ကျနော်တို့ NUG က အတည်ပြုပေးပြီးတော့ မူအတိုင်း အလုပ်လုပ်ဖို့ သွားတာ” လို့ ပြောပြခဲ့တယ်။ သဘောက NUG အရာရှိတွေအဖြစ် ဆွဲခန့်ပြီး အဖွဲ့တွေကို ကောက်စားလိုက်တာပဲ။
ဆိုတော့ ကျေးလက်မှာ NUG က စစ်အုပ်စုရဲ့ ဗျူရိုကရေစီကို ဖြိုချဖို့ လူထု လှုပ်ရှားမှုကနေ သီးခြားကင်းလွတ်တဲ့၊ လူထု ထိန်းချုပ်မှု မရှိတဲ့ ဗျူရိုကရေစီတခုကို တည်ဆောက်မိရက်သား ဖြစ်နေခဲ့တယ်။ ဒီနေရာက မကောင်းမှုတွေ ပေါက်ဖွားရာ နယ်မြေပဲ၊ တော်လှန်ရေးနဲ့ မအပ်စပ်တဲ့ အခွင့်ရေးသမားတွေ၊ အလုပ်လက်မဲ့ လူလေလူလွင့်တွေ၊ ရာဇဝတ်သားတွေကို လက်ယပ်ခေါ်နေတယ်။ ရာဒီကယ်ဖြစ်တဲ့ တော်လှန်ရေးသမားတွေကို တော်လှန်ရေးနဲ့ ဝေးရာအရပ်ဆီ မောင်းနှင်ခဲ့တယ်။
လွင်ကိုလတ်ကတော့ “NUG က သူ့ရဲ့ ဝန်ထမ်းယန္တယားတွေကို အခုအချိန်ထိ လစာနဲ့ သွားနေတာ မဟုတ်ဘူး၊ …နိုင်ငံဝန်ထမ်း ဥပဒေနဲ့ အရေးယူမယ်ဆိုရင် နိုင်ငံဝန်ထမ်း ဥပဒေနဲ့ ကိုက်ညီတဲ့ ရပိုင်ခွင့်ကို NUG က မပေးနိုင်ဘူး။…အားလုံးက volunteer အနေနဲ့ အခြေခံပြီး လုပ်နေကြတာ ဖြစ်တော့ လက်ရှိ ရှိနေတဲ့ ဥပဒေနဲ့ ထိန်းကျောင်းဖို့ ဆိုတာတောင် ကျနော်တို့မှာ အခက်ခဲရှိတယ်”လို့ ပြောပြတယ်။
ဥပဒေနဲ့ ထိန်းကျောင်းဖို့ ဘယ်လောက် အခက်အခဲ ရှိသလဲဆိုရင် NUG လက်အောက်ခံ ယင်းမာပင် တပ်ရင်း (၂၀) မုဒိန်းမှုမှာ ကောင်းကောင်းကြီး မြင်လိုက်ရပါတယ်။ မှုခင်းသတင်း အွန်လိုင်းပေါ် ပျံ့လာတော့ NUG ပြည်ထဲရေး ဝန်ကြီးဌာန ဒုဝန်ကလေး မောင်ကျော်နီက “အမှုနဲ့ သက်ဆိုင်သူတွေကို ဖမ်းဆီးထားပြီး”ဖြစ်တယ်လို့ People Spring မီဒီယာမှာ အင်တာဗျူး ထွက်ဖြေခဲ့တယ်။
နောက် နာရီပိုင်း အတွင်းမှာပဲ ပြစ်မှုကျူးလွန်သူ တပ်ရင်းမှူး ရန်ရှင်းအောင်က တရားမျှတမှု ရဖို့ ထုတ်ဖော်ပြောဆိုတဲ့ သူတွေကို အွန်လိုင်းကနေ ခြိမ်းခြောက်လာတယ်။
နောက် NUG အစိုးရက မတ်လ ၁၁ ရက်နေ့မှာ စာတစောင် ထုတ်ပြန်ခဲ့တယ်။
စာထဲမှာ နစ်နာသူနဲ့ သက်သေများရဲ့ လုံခြုံရေးကို အကောင်းဆုံး ဆောင်ရွက်ပေးမှာ ဖြစ်ပြီး အမှုမှန် ပေါ်ပေါက်ရေးအတွက် အစွမ်းကုန် ဆောင်ရွက်သွားမယ်လို့ ရေးထားတယ်။ ဒါပေမယ့် နစ်နာသူ မသဇင်က မတ်လ တတိယအပတ်ထိ ထွက်ပြေးတိမ်းရှောင်နေရကြောင်း HI-Honest Information မှာ အင်တာဗျူး ဖြေထားတာ တွေ့ရတယ်။
BNRA ကို အင်အားထောင်ချီသုံးပြီး တိုက်ဖျက်ခဲ့တဲ့ လွင်ကိုလတ်တို့က သူ့လူတွေ ရာဇဝတ်မှု ကျူးလွန်တော့ “ဥပဒေနဲ့ ထိန်းကျောင်းဖို့ အခက်အခဲ” ရှိသတဲ့။ အဲသလို အခက်အခဲ ရှိပေမဲ့ မြိုင်မြို့နယ်က ရပ်ကျေး ပအဖ ခေါင်းဆောင် ဦးလှအောင်ကို မြိုင် ပကဖခေါင်းဆောင် ဗိုလ်လက်ယာတို့ သတ်လိုက်တာကျ လွယ်နေပြန်ရော။
ပသုံးလုံး ယန္တရား ဖျက်သိမ်းရေး
အခုလို တန်ပြန်တော်လှန်ရေး အားကောင်းတဲ့ အချိန်မှာ တခုခု ထလုပ်ဖို့ဆိုတာ မလွယ်ဘူး။ ကျေးလက်မှာ စစ်အုပ်စုက အမျိုးမျိုး ရက်စက်နေသလို နီးရာဓားတွေကလဲ အမျိုးမျိုး ညှင်းပန်းနေတယ်။ ဒါပေမယ့် ပသုံးလုံး ယန္တရား ဖျက်သိမ်းရေးက မှန်ကန်တဲ့ demand တခုပဲ။ တော်လှန်ရေးသမားတိုင်း တော်လှန်ရေး မျက်နှာဖုံးစွပ်ပြီး ပြည်သူလူထုအပေါ် အနိုင်ကျင့် ဗိုလ်ကျနေတာကို လုံးဝ ဆန့်ကျင်ရမယ်။
ကျေးလက်ပြည်သူလူထုက စစ်အုပ်စု ကျဆုံးရေးအတွက် ရဲရဲရင့်ရင့် တိုက်ပွဲဝင်ခဲ့သလို ပသုံးလုံး ယန္တယား ဖျက်သိမ်းရေးအတွက်လဲ တိုက်ပွဲဝင်နေတာ ရှိတယ်။ ဒါပေမယ့် ပသုံးလုံး ဆန့်ကျင်ရေး သပိတ်တွေက ဟိုတကွက် ဒီတကွက်နဲ့ ကြာကြာမခံခဲ့ဘူး။ တန်ပြန်တော်လှန်ရေးအောက်မှာ သပိတ်ဦးဆောင်သူတွေလဲ အလွယ်လေး အသက်ဆုံးရှုံးသွားနိုင်တယ်။
ပသုံးလုံး ယန္တရား ဖျက်သိမ်းရေး လှုပ်ရှားမှုတွေမှာ အခြားသော လက်နက်ကိုင် အင်အားစုတွေအနေနဲ့လဲ ကြားဝင်ဆောင်ရွက်လို့ မဖြစ်နိုင်ဘူး။ ဒီထက် အရေးကြီးတဲ့ အချက်က ပသုံးလုံး ယန္တရား ဆန့်ကျင်ရေးက အခြားလက်နက်ကိုင် အင်အားစုတခုခုကို အကျိုးပြုဖို့ မဟုတ်ဘူး။
ဒီအကြောင်းပြချက်ကြောင့် စစ်အာဏာရှင်စနစ် ဖြိုချရေးနဲ့ ပသုံးလုံး ယန္တရား ဖျက်သိမ်းရေးက ခွဲထုတ်လို့ မရဘူး။ စစ်အာဏာရှင်စနစ်ကို ဖြိုချပြီး စစ်မှန်တဲ့ ပစ္စည်းမဲ့ အာဏာရှင်စနစ် ထူထောင်နိုင်တော့မှ ကျေးလက်မှာ လက်နက်ကိုင် ဗိုလ်ကျနေတဲ့ ဓားပြအဖွဲ့အစည်းတွေ အားလုံး ရှင်းထုတ်နိုင်မယ်။ မြို့ပြ အလုပ်သမား လူတန်းစား ဦးဆောင်တဲ့ တော်လှန်ရေးတရပ်ကသာ ဗမာပြည် ပြည်တွင်းစစ် အနိဋ္ဌာရုံတွေကို ဆေးကြောသန့်စင်နိုင်မယ်။
တန်ပြန်တော်လှန်ရေး ရေစီးကို ဆန်တက်ရင်း အလုပ်သမား လူတန်းစားနဲ့အတူ တသားတည်း တိုက်ပွဲဝင်ရင်း ဆိုရှယ်လစ် တော်လှန်ရေး အောင်အောင်မြင်မြင် ဆင်နွှဲဖို့ ကြိုတင် ပြင်ဆင်ထားရေးဟာ ငါတို့ လုပ်ရမယ့် လက်ငင်း တာဝန်ပဲ။
ရေးသူ – Kaji