မေလ စတုတ္ထပတ်ကတော့ အန်ယူဂျီရဲ့ ပသုံးလုံးတွေ အလုပ်ရှုပ်ဆုံး ရက်သတ္တပတ် ဖြစ်မယ် ထင်တယ်။ မေလ ၂၆ ရက်နေ့မှာ မင်းကင်း ပသုံးလုံးက SRF အဖွဲ့နဲ့ အရပ်သား ပြည်သူတွေကို ပစ်ခတ် ဖြိုခွင်းခဲ့တယ်။ မေလ ၂၆ ရက်မှာပဲ ပုလဲမြို့နယ် ပအဖက လူထု ဖိနှိပ်ရေး ခြိမ်းခြောက်စာ ထုတ်ပြန်ခဲ့တယ်။
ပုလဲ ပအဖရဲ့ စာပါ အကြောင်းအရာက ဒီလို ဆိုပါတယ် –
“၂၀၂၆ ပညာသင်နှစ် စစ်ကောင်စီ ကျောင်းများတွင် ကျောင်းအပ်နှံသည့် မိဘများနှင့် ကျောင်းအပ်နှံရေးအတွက် အားပေးစည်းရုံးလှုံ့ဆော် ကူညီပေးနေသူများအား အသိပေး၊ သတိပေး ဆောင်ရွက်ရန် အကြောင်းကြားခြင်း”။
ပအဖက ထုတ်ပြန်တဲ့ “ခြိမ်းခြောက်စာ” ကို ဖတ်ကြည့်လိုက်တော့ သူတို့ခမျာ မြန်မာစာကို အဆီအငေါ် တည့်အောင် မရေးတတ်ပါလားလို့ အရင်ဆုံး မှတ်ချက်ချမိတယ်။ အပိုဒ် (၁) ထဲက ဒုတိယ စာကြောင်းကို နမူနာ မြည်းကြည့်ပါ၊ ပြည်သူ့ ရင်သွေး ကလေးငယ်တွေရဲ့ ပညာရေးကို ဗိုလ်ကျ ခြယ်လှယ်လိုသူတွေရဲ့ မြန်မာစာ အရည်အသွေးကို မြင်ရလိမ့်မယ် –
“၎င်းကဲ့သို့ လုပ်ငန်းစဉ်များ၊ မူဝါဒများ ချမှတ်ဆောင်ရွက်ရာတွင် စစ်ကောင်စီ၏ စည်းရုံးဖျားယောင်း သွေးဆောင်မှုကြောင့်သော်လည်းကောင်း၊ NUG ကြားကာလ ပညာရေးစနစ်ကို ဖျက်ဆီးလိုသော ဆန္ဒများကြောင့်သော်လည်းကောင်း၊ စစ်ကောင်စီ လက်အောက်ခံ (ဘက) ကျောင်းများ၊ ကိုယ်ပိုင်အထက်တန်းကျောင်းများ၊ စစ်ကောင်စီ ဖွင့်လှစ်ထားသော ကျောင်းများ၊ ယဉ်ကျေးမှု အမည်ခံ (ဘက) ကျောင်းများသို့ သွားရောက်အပ်နှံလျှက် ရှိပါသည်။” (ပုလဲ ပအဖရဲ့ မူရင်း သတ်ပုံအတိုင်း)
စာကြောင်း အစမှာတင် “၎င်းကဲ့သို့” ဆိုတဲ့ အဆီအငေါ် မတည့်တဲ့ အသုံးမျိုး စတွေ့ရပြီ၊ စာကြောင်း အဆုံးမှာလဲ “အပ်နှံလျှက်” ဆိုပြီး “လျက်” နဲ့ “လျှက်” မှားသုံးပြန်တယ်။ ဒီကိစ္စတွေ ဝေဖန်နေရင် စာ ပိုရှည်သွားလိမ့်မယ်။ မြန်မာစာ ပညာရှင်တွေ ဆက်ပြီး ဝေဖန်ကြပါလိမ့်မယ်။ ဒီတော့ စာပါ အကြောင်းအရာကိုပဲ စိစစ်ကြည့်လိုက်ရအောင်။
သဒ္ဒါမနိုင်၊ စာမပိုင်ဘဲ တနံတလျား ရေးထားတဲ့ စာကြောင်း ရှည်ကြီးသာ ဆုံးသွားတယ်၊ ဘယ်သူတွေက ကျောင်းသွားအပ်နေတာလဲ ဆိုတာ ပါမလာဘူး။ စာကြောင်းကြီးက ရှည်လွန်းတော့ အရေးအကြီးဆုံး အချက်ကို ထည့်ရေးဖို့ မေ့သွားပုံရတယ်။ ဒါမှမဟုတ် တမင် ချန်ထားခဲ့ပုံရတယ်။ စဉ်းစားကြည့်လေ၊ ကျောင်းသွားအပ်တာ (ယေဘုယျအားဖြင့်) ကျောင်းသား မိဘတွေပဲ ဖြစ်မပေါ့။
ကျောင်းသား မိဘတွေ ဆိုတာ ပုလဲ “ပြည်သူ့ အုပ်ချုပ်ရေး အဖွဲ့” ဆိုတာကြီးရဲ့ အုပ်ချုပ်ခံ ပြည်သူတွေပဲ။ ပြည်သူ့ လက်ခုပ်သံ ချူချင်တဲ့အခါ၊ ပြည်သူ့မဲ လိုချင်တဲ့အခါ၊ ပြည်သူ့ ထောက်ပံ့မှု လိုချင်တဲ့အခါ ဒီမိုကရေစီ ဆိုတာ ပြည်သူ့ အာဏာပဲလို့ မစားရ ဝခမန်း ပြောကြတာလဲ သူတို့ပါပဲ။ အခုတော့ အဲဒီ အဖိနှိပ်ခံ ပြည်သူ၊ အာဏာရဲ့ အရှင်သခင် ပြည်သူ ဆိုသူတွေကို စွဲချက်တင်ထားလိုက်တာ ရစရာ မရှိပါလား။
ကျောင်းသား မိဘ ပြည်သူများဟာ “စစ်ကောင်စီ၏ စည်းရုံးဖျားယောင်း သွေးဆောင်မှုကြောင့်”၊ “NUG ကြားကာလ ပညာရေးစနစ်ကို ဖျက်ဆီးလိုသော ဆန္ဒများကြောင့်” သူတို့ သားသမီးများကို ကျောင်းအပ်နေကြတယ်လို့ ပုလဲ ပအဖက စွဲချက်တင်ထားတယ်။ သို့သော် အဲသလို စွဲချက်တင်ထားမှန်း မထင်ရှားအောင် “ဘယ်သူတွေက ကျောင်းသွားအပ်နေတာလဲ” ဆိုတဲ့ အချက်ကို အထက်ပါ စာပိုဒ်မှာ တမင် ချန်ထားခဲ့တာ ဖြစ်လိမ့်မယ်။
ဘယ်လိုပဲ ဝေ့လည်ကြောင်ပတ် ရေးထားပါစေ၊ ဆိုလိုတဲ့ သဘောက ရှင်းပါတယ်။ ဖွင့်ဖွင့်ချင်း ပထမ အပိုဒ်မှာတင် ကျောင်းသား မိဘ ပြည်သူတွေကို အလွန် ကြီးလေးတဲ့ စွဲချက်ကြီးတွေ တင်ထားတာ သူတို့ မငြင်းနိုင်ဘူး။ ဒီတော့ မေးစရာ ရှိလာတယ်။ ကျောင်းသား မိဘ ပြည်သူတွေက ကိုယ့်သားသမီးကိုယ် ကျောင်းအပ်တာဟာ “စစ်ကောင်စီ၏ စည်းရုံးဖျားယောင်း သွေးဆောင်မှုကြောင့်” ပါလို့ ဘာ့ကြောင့် ကောက်ချက်ချနိုင်သလဲ။
ဒါဟာ တတိုင်းပြည်လုံးက ကျောင်းသား မိဘတွေကို စော်ကားလိုက်တာပဲ၊ စစ်အာဏာရှင်တွေ စည်းရုံးသွေးဆောင်မှ ကိုယ့်သားသမီးကိုယ် ကျောင်းထားရမှန်း သိသူတွေလို့ စွပ်စွဲပုတ်ခတ်လိုက်တာနဲ့ အတူတူပဲ။
“NUG ကြားကာလ ပညာရေးစနစ်ကို ဖျက်ဆီးလိုသော ဆန္ဒများကြောင့်” ဆိုတဲ့ စွပ်စွဲချက်ကိုလဲ မေးစရာ ရှိတယ်။ ကျောင်းသား မိဘတွေက ကိုယ့်သားသမီးကိုယ် သင့်တော်ရာ ကျောင်းတခုခုမှာ အပ်လိုက်ရုံနဲ့ NUG ကြားကာလ ပညာရေးစနစ်ကို ဘယ်လိုများ ဖျက်ဆီးမိသွားသလဲ။ ဒီစွပ်စွဲချက်တွေဟာ ဘာတခုမှ အဓိပ္ပါယ် မရှိဘူး ဆိုတာ အားလုံး အသိပဲ။
အန်ယူဂျီရဲ့ ပသုံးလုံး အာဏာရှင်ပေါက်စတွေဟာ လူထုကို အဲသလို အခြေအမြစ်မရှိ စွပ်စွဲစော်ကားရုံတင် အားမရသေးဘဲ ပြစ်ဒဏ်ပေး အရေးယူတဲ့အထိ အတင့်ရဲလာတယ်။ သူတို့စာထဲမှာ အခုလို အမိန့်ပေးထားတယ် –
– စစ်ကောင်စီနဲ့ ပတ်သက်တဲ့ ကျောင်းများကို ကျောင်းအပ်နှံခြင်း လုံးဝ မပြုရ
– ကျောင်းအပ်နှံပြီးသား ဖြစ်နေရင်လဲ ၃၀.၆.၂၀၂၆ နောက်ဆုံးထားပြီး သား/သမီးတွေကို ပြန်ခေါ်ထားရန်
– မိမိတို့ သားသမီးများကို ချွင်းချက်မရှိ ပြန်ခေါ်ယူပြီး ကြားကာလ ပြည်သူ့အခြေပြု ကျောင်းများကို အပ်နှံရန်
– စစ်ကောင်စီ ကျောင်းမှာ ပညာသင်နေတဲ့ ကျောင်းသား/သူတွေကို အိမ်ပြန်လာခွင့် မပြုရန်
အဲဒီလို အာဏာရှင်ဆန်ဆန် ထုတ်ပြန်ထားတဲ့ အမိန့်ကို မလိုက်နာရင် “တည်ဆဲဥပဒေအရ ထိရောက်စွာ အရေးယူ” ဆောင်ရွက်သွားမှာ ဖြစ်ကြောင်း ပုလဲ ပအဖက ကြိမ်းဝါးပါတယ်။ [သူတို့ ခြိမ်းခြောက်စာထဲက ဆိုလိုရင်းလောက်ပဲ ကောက်နှုတ် ဖော်ပြခြင်း ဖြစ်ပါတယ်။ မူရင်းစာကို (comment section) မှာ ကြည့်ပါ]

ကိုယ့်သားသမီးကိုယ် ကျောင်းထားလို့ အရေးယူ အပြစ်ပေးမဲ့ တည်ဆဲ ဥပဒေဆိုတာ ဘယ်လို ဥပဒေလဲ။ ဘယ်သူတွေ အတည်ပြုထားတဲ့ ဥပဒေလဲ။ တကယ်တော့ အဲသလို ဥပဒေ ဆိုတာ မရှိပါဘူး။ နုဂျီ ပသုံးလုံးက လူထုကို ဖိနှိပ်ဖို့ သူတို့ဘာသာ လုပ်ဇာတ်ခင်းထားတာပဲ ရှိနိုင်တယ်။
အန်ယူဂျီက ကြားကာလ ပညာရေး ဆိုပြီး လုပ်တယ်၊ ဒါကို မတက်ရကောင်းလား ဆိုပြီး လူထုကို ပသုံးလုံးက ရန်ရှာတယ်။ သာမန် ပြည်သူတွေက သူတို့ သားသမီးတွေအတွက် ပိုကောင်းမယ် ထင်တဲ့ ကျောင်းကို ရွေးပြီး ထားတာ ထားပိုင်ခွင့် မရှိဘူးလားလို့ အရင်ဆုံး မေးရမယ်။ အန်ယူဂျီရဲ့ ကြားကာလ ပညာရေး ရှိနေရက်သားနဲ့ တခြား ကျောင်းတွေကို သွားတက်တယ် ဆိုရင် အကြောင်းမဲ့ မဖြစ်နိုင်ဘူး။ ဒီလို သွားတက်ရတဲ့ အကြောင်းရင်းတွေ ရှိတယ်။ လူထု အသံကို တကယ် နားထောင်ရင် ဒီအကြောင်းရင်းတွေကို နားလည်ဖို့ မခဲယဉ်းပါဘူး။
သေချာတာကတော့ နုဂျီ လော်ဘီနဲ့ ပသုံးလုံးက စွပ်စွဲနေသလို ကျောင်းသား မိဘတွေက ကလေး အတန်းတက်ချင်ရုံ၊ အောင်လက်မှတ် ရချင်ရုံ မြို့ကို ကျောင်းသွားထားကြတာ မဟုတ်ဘူး။ နုဂျီ ပသုံးလုံး ဖွင့်တဲ့ ကျောင်းတွေမှာ သူတို့ ကလေးတွေကို ၃-၄ နှစ် ထားခဲ့တဲ့ မိဘတွေကိုယ်တိုင် ဆက်မထားချင်တော့လို့ တခြား မြို့ပေါ်က ကျောင်းတွေကို ရွေးလာကြတာပဲ။ ဆက်မထားချင်တဲ့ အကြောင်းရင်းတွေကိုရော မင်းတို့ လေ့လာကြည့်ရဲ့လား။
အခုတော့ အန်ယူဂျီရဲ့ ပသုံးလုံးက အရင်းခံ အကြောင်းတရားကို အဖြေ မရှာဘဲ လူထုကို အမိန့်အာဏာနဲ့ အတင်းအဓမ္မ ဖိနှိပ်တဲ့ နည်းကို ကျင့်သုံးနေတာ အတိုင်းသား မြင်ရလိမ့်မယ်။
‘စစ်ကောင်စီနဲ့ မပတ်သက်ရ’
ဒီနေရာမှာ ‘စစ်ကောင်စီနဲ့ ပတ်သက်တဲ့ ကျောင်းတွေ’ ဆိုတဲ့ စကားရပ်ကို ဝေဖန် သုံးသပ်ကြည့်ဖို့ လိုအပ်လာတယ်။ အရင်ကတော့ သူတို့ ပစ်မှတ်က public school (အစိုးရ စာသင်ကျောင်း) တွေပဲ။ အခုကျ ပုဂ္ဂလိက ကျောင်း၊ ဘက ကျောင်းတွေပါ မတက်ရဘူးလို့ လုပ်လာတယ်။ သူတို့ တားမြစ်ပိတ်ပင်တဲ့ အထဲ အင်တာနေရှင်နယ် ကျောင်းတွေတော့ မပါဘူး။ အင်တာနေရှင်နယ် ကျောင်းတွေကတော့ စစ်အစိုးရနဲ့ မပတ်သက်ဘူးလို့ ယူဆထားပုံရတယ်။ ဒါလဲ အဓိပ္ပါယ် မရှိဘူး၊ အင်တာနေရှင်နယ် ကျောင်း ဆိုတာ ပုဂ္ဂလိက ကျောင်း အမျိုးအစားပဲ၊ စစ်အစိုးရကို အခွန်တွေ ပေးနေရတာပဲ။
ဒီတော့ sectarian ပက်တီးဘူဇွာတွေက လူချမ်းသာ elite တွေရဲ့ သားသမီးတွေတော့ ကျောင်းကောင်းကောင်း တက်ခွင့် ရှိတယ်၊ သာမန် ဆင်းရဲသား ပြည်သူတွေရဲ့ သားသမီးတွေတော့ လက်လှမ်းမီရာ ကျောင်းတခုခုတောင် တက်ခွင့်မရှိဘူး လို့ ပြောလိုက်တဲ့ သဘောပဲ။ (ဒီနေရာမှာ အင်တာနေရှင်နယ် ကျောင်းတွေ တက်တိုင်း အရင်းရှင် လူတန်းစား မဟုတ်ဘူး ဆိုတာလဲ နားလည်ပါတယ်။ တချို့ လူလတ်တန်းစား အထက်လွှာ တချို့က ဘူဇွာ မိသားစုတွေကို အားကျပြီး အင်တာနေရှင်နယ် ကျောင်းတွေ လိုက်ထားကြတာလဲ တွေ့ဖူးတယ်။ ဒါပေမဲ့ အရင်းရှင် စနစ် အကျပ်အတည်း ကာလမှာ လူလတ်တန်းစား မိသားစုတွေလဲ စီးပွားပျက်ပြီး အင်တာနေရှင်နယ် ကျောင်းတွေ ဆက်မထားနိုင်လို့ ဒုက္ခရောက်နေတာတွေ တွေ့ရတယ်။ ဒါက concrete အခြေအနေပဲ။)
ဒါ့ကြောင့် အမှန်တရားဟာ အမြဲတမ်း concrete ဖြစ်တယ်လို့ ဟေဂယ်(လ်)က ပြောခဲ့တာပဲ။ ယေဘုယျ သဘော ပြောရရင်တော့ စာသင်ကျောင်း အားလုံးဟာ စစ်အစိုးရနဲ့ ပတ်သက်တာချည်းပဲ။ ဒါပေမဲ့ concrete အခြေအနေကို ဆန်းစစ်ကြည့်မယ် ဆိုရင် အစိုးရ ကျောင်းတွေမှာ သင်နေတဲ့ ပညာရေး ဝန်ထမ်းတွေက မအလ စစ်တပ်က ကောင်တွေ မဟုတ်ဘူး။ သာမန် ပြည်သူထဲက ပညာရေး လုပ်သားတွေက စာသင်ပေးနေကြတာ ဖြစ်တယ်။
ဒီနေရာမှာ လူတွေကတော့ အရပ်သား ဆရာ၊ ဆရာမတွေပဲ၊ ဒါပေမဲ့ သင်ရိုးညွှန်းတမ်းက စစ်အစိုးရ ဝါဒဖြန့်ချိရေး ဖြစ်နေတယ်လို့ စောဒက တက်စရာ ရှိတယ်။ တကယ်တော့ ဒါလဲ တစိတ်တပိုင်းပဲ မှန်ပါတယ်။ ဘယ်တိုင်းပြည်မှာမဆို အစိုးရ ကျောင်းတွေမှာ ဝါဒဖြန့်ချိတာတွေ ရှိတာပဲ။ စစ်အာဏာရှင်စနစ် ကြီးစိုးတဲ့ ဗမာပြည် ပညာရေးမှာ ဝါဒဖြန့်ချိတာတွေ ပိုများတာလဲ အမှန်ပဲ။
ဒါပေမဲ့ ဒါဟာ reality ရဲ့ အစိတ်အပိုင်း တခုသာ ရှိသေးတယ်။ reality တခုလုံး (reality ရဲ့ မျက်နှာစာ အားလုံး) ကို ကိုယ်စားမပြုဘူး။
စာသင်ကျောင်း သင်ရိုးညွှန်းတမ်းတွေကို စစ်ဗိုလ်ချုပ်တွေ ရေးထားတာ မဟုတ်ဘူး။ သက်ဆိုင်ရာ နယ်ပယ်အလိုက် ပညာရှင်တွေ ပါဝင် ရေးဆွဲထားတာ ဖြစ်တယ်။ စစ်ဗျူရိုကရက်တွေက အဲဒီ ပညာရှင်တွေကို ဝင်လျှာရှည်တာ၊ အမိန့်ပေးတာတွေ မရှိဘူးလို့ မပြောဘူး။ ရှိတယ်။ ဒါပေမဲ့ စစ်ဗိုလ်တွေ အဲသလို ဝင်ရောက်စွက်ဖက်တာကို resist လုပ်ခဲ့တဲ့ အရပ်သား ပညာရှင်တွေ အမြောက်အမြား ရှိတယ်။ ဒါဟာလဲ လူတန်းစား တိုက်ပွဲရဲ့ အစိတ်အပိုင်း တရပ်ပဲ။
သေချာတာကတော့ ဘယ်သင်ရိုးမှ စစ်ဗျူရိုကရက်တွေ မဆွဲတတ်ဘူး။ သင်ရိုးဆွဲနိုင်လောက်တဲ့ ပညာ အရည်အချင်း စစ်ဗိုလ်ချုပ်တွေမှာ မရှိဘူး။
မင်းလုပ် အုပ်ချုပ်နေသူတွေက စစ်အာဏာရှင်တွေ ဖြစ်နေလို့ ထွက်လာတဲ့ သင်ရိုးတိုင်းက စစ်အာဏာရှင် ဘုန်းတော်ဘွဲ့ချည်း ထင်နေရင် မှားလိမ့်မယ်။ သမိုင်း ဖတ်စာအုပ်ထဲ စစ်ဘုရင်တွေအကြောင်း ထည့်သင်တာတွေ ထောက်ပြလေ့ရှိတယ်။ ဒါလဲ အမှန်ပဲ။ ဒါပေမဲ့ ကျောင်းမှာ သင်နေတဲ့ ပညာရပ်တွေက ဒီတခုတည်း မဟုတ်ဘူး။ သင်္ချာမှာ စစ်ဘုရင် ဘုန်းတော်ဘွဲ့ ပါသလား။ ဓာတုဗေဒမှာ စစ်ဘုရင် ဘုန်းတော်ဘွဲ့ ပါသလား။ ရူပဗေဒမှာ စစ်ဗိုလ်ချုပ်တွေ အကြောင်း ပါသလား။ ဒါ နမူနာ ထောက်ပြတာ။
ဒီလို ပြောလို့ ဗမာပြည် ပညာရေး စနစ်ရဲ့ သင်ရိုးညွှန်းတမ်းက ကောင်းလှပြီလို့ လုံးဝ မဆိုလိုဘူး။ အရည်အသွေး ညံ့ဖျင်းတာတွေ၊ ခေတ်မမီတာတွေ အများကြီး ရှိတာပဲ။ ဒါဆိုရင် အရည်အသွေး ပြည့်မီတဲ့ သင်ရိုးညွှန်းတမ်း ထွက်ပေါ်လာရေး တိုက်ပွဲဝင်ရမယ်၊ ကလေးတွေကို ကျောင်းမတက်နဲ့ ဆိုပြီး တားရမှာ မဟုတ်ဘူး။ စစ်ကျွန်ပညာရေးလို့ ရဲရဲတောက် အော်ပြီး ကလေးတွေကို ကျောင်းမတက်ခိုင်းတဲ့ sectarian ပက်တီး ဘူဇွာတွေက အရှုံးပေး ထွက်ပြေးရေးဝါဒီတွေပဲ။
စစ်အစိုးရနဲ့ ပတ်သက်လို့ အဲဒီ ကျောင်းတွေကို မတက်ရဘူး ဆိုသူတွေကို နောက်ဆုံး မေးစရာ ရှိတာက ခင်ဗျားတို့ နေ့တဓူဝ ရှင်သန်ရေးမှာရော စစ်အစိုးရနဲ့ ကင်းရှင်းပြီး နေနိုင်ရဲ့လား။ စစ်အစိုးရ ရိုက်ထုတ်နေတဲ့ ငွေစက္ကူတွေကို တန်ဖိုးရှိတယ်လို့ ဘာ့ကြောင့် လက်ခံထားသလဲ။ စစ်အစိုးရ လိုင်စင် ထုတ်ပေးမှ သွင်းခွင့်ရတဲ့ ကုန်စည်တွေ၊ ဆေးဝါးတွေကို ခင်ဗျားတို့ ဘာ့ကြောင့် ဝယ်ယူ သုံးစွဲနေလဲ။ စစ်အစိုးရ လက်အောက်ကနေ တင်သွင်းလာတဲ့ လောင်စာဆီတွေ ရရှိရေး ဘာ့ကြောင့် တပင်တပန်း တန်းစီ ဝယ်ယူနေကြလဲ။ အခု မောင်ဇော်ထက်တို့ ပသုံးလုံး နယ်မြေတွေမှာဆိုရင် ရန်ကုန် မန္တလေးထက် နှစ်ဆ သုံးဆ ပေးဝယ်နေရတယ် မဟုတ်ပါလား။ ဒါတွေလဲ စစ်အစိုးရနဲ့ ပတ်သက်နေတာပဲ၊ မင်းတို့ ဘာ့ကြောင့် ဈေးကြီးကြီးပေး ဝယ်နေကြသလဲ။
ရှင်းပါတယ်၊ ကိုယ်က ပတ်သက်ချင်လို့ မဟုတ်ဘဲ သူတို့က ‘de facto’ နိုင်ငံရေး အာဏာကို ချုပ်ကိုင်ထားလို့ ဒါတွေ ပတ်သက်နေရတာလို့ မင်းတို့ ပြောလိမ့်မယ်။ အဲဒါဆိုရင် သာမန် လူထုကျမှ ကလေးတွေကို ဟိုကျောင်း မထားရဘူး၊ ဒီကျောင်း မထားရဘူး၊ စစ်ကောင်စီနဲ့ ပတ်သက်နေလို့ ဆိုတာ အဓိပ္ပါယ် မရှိသလို ရှေ့နောက်လဲ မညီဘူး။
sectarian ပက်တီးဘူဇွာတွေရဲ့ အမြင်က ‘အရင်းရှင် လူတန်းစားက မင်းတို့ကို သွေးစုပ်ခြယ်လှယ်နေတာ၊ မင်းတို့ အလုပ်သမားတွေက ဒါကို သိသိရက်နဲ့ ဘာ့ကြောင့် သူတို့ အလုပ်ခွင်မှာ အလုပ် ဆက်လုပ်နေကြတာလဲ၊ မင်းတို့ အလုပ်သမားတွေက တော်တော် မိုက်မဲတာပဲ’ လို့ ပြောသလို ဖြစ်နေပြီ။ ဒါပေမဲ့ အရင်းရှင် စနစ်ကို ဖြိုချမဲ့ လူတန်းစားဟာ အဲသလို သွေးစုပ်ခံပြီး ကုန်းရုန်းလုပ်နေတဲ့ အလုပ်သမား လူတန်းစားကိုယ်တိုင်ပဲ ဖြစ်တယ်၊ ဒါကို sectarian ပက်တီးဘူဇွာတွေ နားမလည်ဘူး။
အလုပ်သမား လူတန်းစားက အရင်းရှင် လူတန်စားဆီ မိမိတို့ လုပ်အားကို ရောင်းစားပြီး သွေးစုပ်ခံရင်း အသက်မွေးနေရတာဟာ သူတို့နဲ့ ပတ်သက်လိုခြင်း၊ မပတ်သက်လိုခြင်း ဆိုတဲ့ စိတ်ဆန္ဒနဲ့ မသက်ဆိုင်ဘူး။ အဲသလိုပဲ သက်ဆိုင်ရာ နိုင်ငံတခုမှာ နေရင် အဲဒီ နိုင်ငံမှာ အုပ်ချုပ်နေသူတွေရဲ့ အာဏာစက်နဲ့ ကင်းလွတ်ပြီး ရှင်သန်ဖို့ မဖြစ်နိုင်ဘူး။ ဒီလို ပတ်သက်နေခြင်းဟာလဲ သက်ဆိုင်ရာ ပြည်သူတွေက ပတ်သက်လိုခြင်း၊ မပတ်သက်လိုခြင်း ဆိုတဲ့ စိတ်ဆန္ဒနဲ့ မသက်ဆိုင်ဘူး။
အုပ်စိုးသူ လူတန်းစား ဆိုတာ လူ့အဖွဲ့အစည်းရဲ့ ရုပ်ဝတ္ထု ထုတ်လုပ်ရေးရော၊ အသိပညာပိုင်း ထုတ်လုပ်ရေးကိုပါ အုပ်စိုး ခြယ်လှယ်ထားသူတွေ ဖြစ်တယ်။ ဒီလို အုပ်စိုးထားနိုင်လို့ပဲ နိုင်ငံရေး အာဏာကို သူတို့ လူတန်းစား အကျိုးစီးပွားအတွက် အသုံးချနိုင်တယ်။ ဒီအခြေအနေကို ပြောင်းလဲပစ်ဖို့ တော်လှန်ရေးဆိုတာ ဖြစ်ပေါ်လာတာပဲ။
ဒါ့ကြောင့် အဖိနှိပ်ခံ လူထုက အုပ်စိုးသူ လူတန်းစားကို တော်လှန်ဖြိုချဖို့ အကြိမ်ကြိမ် တိုက်ပွဲဝင်ခဲ့တယ်၊ အခုလဲ တိုက်ပွဲဝင်နေတုန်းပဲ။ ဒါပေမဲ့ မအောင်မြင်သေးဘူး။ အုပ်စိုးသူ လူတန်းစား အဟောင်းက ဆက်လက် ကြီးစိုး မင်းမူထားဆဲ ဖြစ်တယ်။
ဒီ အခြေအနေမှာ သာမန် လူထုကို အုပ်စိုးသူ လူတန်းစားနဲ့ လွတ်လွတ်ကင်းကင်း နေရမယ်လို့ တောင်းဆိုတာလောက် sectarian ပီသတာ ရှိဦးမလား။ ဒါပေမဲ့ အပေါ် စာပိုဒ်မှာ မေးခွန်းထုတ်ခဲ့သလိုပဲ အဲသလို တောင်းဆိုတဲ့ ဘယ် sectarian မှ သူတို့ တောင်းဆိုချက်နဲ့အညီ မနေနိုင်ဘူး။
ဒါ့ကြောင့် အစိုးရကျောင်း သွားတက်တဲ့ ကလေးတွေကို အပြစ်တင်ခွင့် မရှိဘူး၊ ပညာရေး၊ ကျန်းမာရေး ဝန်ထမ်းတွေ အပါအဝင် public sector မှာ အလုပ်လုပ်နေကြတဲ့ အရပ်သား ပြည်သူတွေကိုလဲ အပြစ်တင်ခွင့် လုံးဝ မရှိဘူး။
အစိုးရ ကျောင်းမှာ တက်တိုင်း စစ်ကျွန်ဖြစ်ကြေးဆိုရင်
စစ်ကောင်စီနဲ့ ပတ်သက်တဲ့ ကျောင်းတွေကို သွားထားရင် အဲဒီ ကလေးတွေ စစ်ကျွန် ဖြစ်သွားမယ် ဆိုတဲ့ စကားကို ခဏခဏ ကြားရတယ်။ ဘယ်သူတွေက ပြောသလဲ ဆိုတော့ နုဂျီ လော်ဘီတွေနဲ့ ပသုံးလုံးက ပြောတာပဲ။ အထူးသဖြင့် ပက်တီးဘူဇွာ အလွှာက အဲသလို ပြောလေ့ရှိတယ်။ အဲဒီ တချက်နဲ့တင် အခိုင်အမာ အခြေအနေကို သူတို့ နားမလည်ဘူး ဆိုတာ ထင်ရှားတယ်။
အစိုးရ ကျောင်းမှာ တက်တိုင်း စစ်ကျွန်ဖြစ်ကြေး ဆိုရင် လူထု တော်လှန်ရေး ဆိုတာ ဖြစ်လာစရာ အကြောင်း မရှိဘူး။
စစ်အာဏာရှင်စနစ် ဆိုတာ ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်နေ့၊ ဗိုလ်မင်းအောင်လှိုင် အာဏာသိမ်းလိုက်မှ ထွက်ပေါ်လာတာ မဟုတ်ဘူး။ ဗမာပြည်မှာ စစ်အာဏာရှင်စနစ် ကြီးစိုးနေတာ နှစ် ၇၀ ပြည့်တော့မယ်။ သဘောက ဗမာပြည် လူဦးရေရဲ့ ၈၀% အထက်ဟာ စစ်အာဏာရှင်စနစ်အောက်မှာ အသက်ရှင် ကြီးပြင်းလာရသူတွေ၊ ပညာသင်ကြားလာရသူတွေ ဖြစ်တယ်။
အဲဒီ လူထုကပဲ စစ်အာဏာရှင်စနစ်ကို တော်လှန်ဖြိုချဖို့ အကြိမ်ကြိမ် တိုက်ပွဲဝင်ခဲ့တယ်။ ဒီကနေ့အထိ တိုက်ပွဲဝင်နေကြဆဲ ဖြစ်တယ်။ စစ်အစိုးရနဲ့ ပတ်သက်တဲ့ စာသင်ကျောင်းကို သွားတက်လို့ စစ်ကျွန်ဖြစ်ကြေးဆိုရင် ဗိုလ်မင်းအောင်လှိုင်ကို တော်လှန်မဲ့သူ တယောက်မှတောင် ကျန်မှာ မဟုတ်ဘူး။
ဒီတော့ “စစ်ကောင်စီနဲ့ ပတ်သက်တဲ့ ကျောင်းတွေမှာ” ပညာသင်ရင် စစ်ကျွန်ဖြစ်မယ် ဆိုတဲ့ စကားက ဘာမှ အခြေအမြစ် မရှိဘူး။ အခု လက်ရှိ နုဂျီ ခေါင်းဆောင်တွေရော ဘယ်ကျောင်းထွက်လဲလို့ ပြန်မေးရမယ်။ ဟားဗတ်(ဒ်) တက္ကသိုလ်ဆင်းတွေလား။ အခု နုဂျီရဲ့ ကြားကာလ စာသင်ကျောင်းတွေမှာ စာသင်ပြနေတဲ့ ဆရာ၊ ဆရာမတွေရော စစ်အစိုးရ စာသင်ကျောင်းတွေမှာ ပညာသင်ခဲ့သူတွေပဲ မဟုတ်လား။
ပိုဆိုးတာက နုဂျီရဲ့ ပသုံးလုံးဟာ အဲဒီ စေတနာ့ ဝန်ထမ်း ဆရာ၊ ဆရာမတွေကို ဖူလုံတဲ့ လုပ်ခလစာ မပေးဘူး၊ နုဂျီ တာဝန်ရှိသူတွေက သူတို့သာ ပြည်ပမှာ ဇိမ်ခံကား စီးချင် စီးနေမယ်၊ မြေပြင်က စေတနာ့ ဝန်ထမ်း ဆရာ၊ ဆရာမတွေကိုတော့ ဖူလုံတဲ့ လုပ်ခလစာ ပေးဖို့ စိတ်ကူးမရှိဘူး။
ဒါ အချက်အလက်မဲ့ စွပ်စွဲတာ မဟုတ်ဘူး။ အဲဒီ စေတနာ့ဝန်ထမ်း ဆရာ၊ ဆရာမတွေကို ရွာခံ ကျောင်းသားမိဘတွေက ငွေစုပြီး လခပေးနေရတယ်၊ ဒါပေမဲ့ ဖူလုံတဲ့ လခတော့ ဘယ်ပေးနိုင်မလဲ။ အဲ့တော့ စေတနာ့ဝန်ထမ်း ဆရာ၊ ဆရာမတွေခမျာ မြေပဲနှုတ်ချိန် မြေပဲနှုတ် လိုက်ရတယ်၊ နှမ်းရိတ်ချိန် နှမ်းရိတ်ကြရတယ်။ ဒီလို အခြေအနေမှာ ဘယ်မှာ quality education ပေးနိုင်မလဲ။
ဒါဟာ အပင်ပန်း ဆင်းရဲခံပြီး ပညာသင်ပေးနေတဲ့ ဆရာ၊ ဆရာမတွေကို စော်ကားတာ မဟုတ်ဘူး။ နုဂျီက လူကြားကောင်းအောင် ကြားကာလ ပညာရေး အစီအမံလို့ အော်နေပေမဲ့ တကယ် အလေးအနက်ထားတာ မဟုတ်ဘူး၊ တကယ်လဲ အကောင်အထည်ဖော်နိုင်စွမ်း မရှိဘူး ဆိုတာ ထောက်ပြခြင်း ဖြစ်တယ်။
အင်မတန် အရေးကြီးတဲ့ အကြောင်းရင်း တချက်လဲ ရှိသေးတယ်။ စစ်အာဏာရှင်တွေက လေယာဉ်နဲ့ ဗုံးလာကြဲလို့ ကလေး လူကြီး အားလုံး စစ်ပြေးနေရတာ ခဏခဏ။ ဒီအခြေအနေမှာ မိဘတွေအနေနဲ့ ကိုယ့်ကလေးကို မြို့ပို့ပြီး ကျောင်းထားချင်တာ သဘာဝမကျဘူးလား။ စစ်ပြေးရင်း တောထဲမှာ အသက်ကြီးနေရမဲ့အစား ကိုယ့်သားသမီးကိုယ် ပညာ တတ်သင့်သလောက် တတ်စေချင်တယ်။
ဒါ့ကြောင့် မိမိတို့ တတ်နိုင်တဲ့ သင့်တော်မဲ့ စာသင်ကျောင်းကို ရွေးထားလာကြတယ်။
ကလေးတွေကို ပြန်ပေးဆွဲထားချင်တဲ့ ပသုံးလုံး
တကယ်တော့ ‘မြို့ပို့ပြီး ကျောင်းထား’ ဆိုတာကလဲ မိဘတိုင်း လက်လှမ်းမီတဲ့ ရွေးလမ်း မဟုတ်ပါဘူး။ တချို့ မိဘတွေဟာ ကလေးကို မြို့ပို့ထားရပေမဲ့ ပုဂ္ဂလိကကျောင်းလဲ မထားနိုင်သလို အစိုးရ ကျောင်းလဲ မထားနိုင်ပါဘူး။ ဆွေးမျိုးသားချင်း ရှိလို့ မြို့ပို့ထားရင်း အဆင်ပြေရာ သင်တန်းတခုခု တက်ခိုင်းတာလောက်ပဲ သူတို့ တတ်နိုင်တယ်။
ဒါပေမဲ့ နုဂျီရဲ့ ပသုံးလုံးကတော့ ‘ဘာကြောင့်ပဲ မြို့ပို့ပို့ ကလေး ရွာမှာ မရှိရင် စစ်ကောင်စီ ကျောင်းကို သွားတက်နေတာပဲ’ လို့ စွပ်စွဲပါတယ်။ အခု ပုလဲ ပအဖရဲ့ ခြိမ်းခြောက်စာမှာ ပါသလို ကလေးကို မဖြစ်မနေ ရွာပြန်ခေါ်ခိုင်းတာမျိုး လုပ်တယ်။ ကလေးကို ပြန်မခေါ်နိုင်ရင် မိဘတွေပါ ရွာမှာ မနေရဘူး ဆိုပြီး အကျပ်ကိုင် ခြိမ်းခြောက်တဲ့အထိ လုပ်လာကြတယ်။ ဒါဟာ ကျောင်းနေအရွယ် ကလေးတွေကို ပြန်ပေးဆွဲထားချင်တဲ့ လုပ်ရပ်ပဲ။
ဒါဟာ ကလေးတွေ လွတ်လပ်စွာ ပညာသင်ခွင့် မရဘူး ဆိုတာထက် အများကြီး ပိုဆိုးပါတယ်။ နုဂျီရဲ့ ပသုံးလုံး အကောင်အထည်ဖော်နေတဲ့ တန်ပြန် တော်လှန်ရေး ဖြစ်စဉ်ကို ပညာရေး မျက်နှာစာကနေ အထင်းသား မြင်လိုက်ရတဲ့ သဘောပဲ။
ဒါပေမဲ့ ပညာရေး နယ်ပယ်မှာပဲ ဒီလို ဖိနှိပ်မှုတွေ ကြုံတွေ့နေရတာတော့ မဟုတ်ဘူး။ အဖိနှိပ်ခံ လူထုက ကျားကြောက်လို့ ရှင်ကြီးကိုး၊ ရှင်ကြီး ကျားထက်ဆိုးတဲ့ အဖြစ်တွေလဲ ကြုံခဲ့ရပြီးပြီ။
ဒီဖြစ်စဉ်တွေကို ခြုံကြည့်လိုက်ရင် ဒီကနေ့ အခြေအနေဟာ တော်လှန်ရေး upswing အခြေအနေ လုံးဝ မဟုတ်ဘူး၊ တန်ပြန် တော်လှန်ရေး အင်အားစုတွေ ခေါင်းထောင်ထနေတဲ့ အခြေအနေ ဆိုတာ ရှင်းရှင်းလင်းလင်း နားလည်နိုင်တယ်။
ဒါ့ကြောင့် ‘တန်ပြန်တော်လှန်ရေး’ ဒဏ်ခံနေရတဲ့ လူထုက နုဂျီနဲ့ ပက်တီးဘူဇွာ နိုင်ငံရေး အုပ်စုအသီးသီး အော်နေကြတဲ့ ‘လက်နက်ကိုင် တော်လှန်ရေး’ ဆိုတာကို အယုံအကြည် မရှိတော့တာဘဲ။ ရှေ့ ငါးနှစ်လုံးလုံး လူထုကို ‘false hope’ တွေ ပေးပြီး သူတို့ အမျိုးမျိုး လှည့်စားခဲ့ကြတယ်။ အခု အဲဒီ နည်းလမ်းက အလုပ် မဖြစ်တော့ဘူး။
ဒါ့ကြောင့်လဲ ပသုံးလုံးက လူထုကို ကျည်အစစ်နဲ့ ပစ်ခတ်ပြီး ဗြောင်ကျကျ ဖိနှိပ်လာခြင်း ဖြစ်တယ်။ ဒါသည်ပင် နုဂျီ ပသုံးလုံး ကျဆုံးခန်းရဲ့ အစ ဖြစ်လိမ့်မယ်။
“စစ်အာဏာရှင်စနစ် ကျဆုံးပါစေ၊
တန်ပြန် တော်လှန်ရေး အင်အားစုတွေ ကျဆုံးပါစေ၊
ဆိုရှယ်လစ် တော်လှန်ရေး မုချ အောင်ရမည်”
– Fight for Free and Quality Education for All!
– Fight against counter-revolution!
– Fight against reactionary ideas!
– Fight for Socialist Revolution!
– Down with the military dictatorship!
ရေးသူ – လန်းနာ့(ဒ်)