BBC ကို British Bullshit Corporation လို့ နာမည်ပေးကြတာ အတော်ဟပ်မိတာပဲ။ BBC က ကျော်ဝင်းလို စစ်ဖိနပ် လျှာနဲ့ယက်ရင်း ကျွန်ပါးဝနေတဲ့ အချောင်သမားကို တခမ်းတနား စင်တင်ပြီး လိုင်းကြောင်တွေ ထုတ်လွှင့်နေတယ်။ ဒီလို ဖောက်ပြန်ရေးသမားကို ဘာလို့ စင်တင်နေရသလဲ တခုတ်တရ ဆွေးနွေးနေစရာ မရှိပါ။ ကျော်ဝင်း ပြောသွားတာတွေက ဘာလို့ စစ်ဖိနပ်လျှာနဲ့ယက်ရေး အချောင်သမား လိုင်းဖြစ်နေသလဲ ဆိုတာကို တချက်ကြည့်ရအောင်။
ကျော်ဝင်း ပထမဆုံး စပြောတာက “တိုင်းရင်းသားတွေရဲ့ Identity ဆိုင်ရာ တောင်းဆိုချက်တွေကို အစိုးရက လိုက်လျောပေးရမယ်၊ ဒီလို တိုင်းရင်းသားတွေရဲ့ Identity လိုလားချက်တွေကို ညှိနှိုင်းတာမျိုး မလုပ်နိုင်ရင် ပြည်တွင်းစစ်ရပ်မှာ မဟုတ်ဘူး” တဲ့။
သာမန် စာဖတ်သူအဖို့ ဒီလိုပြောဆိုရေးသားချက်မျိုးကို take for granted လက်ခံမိရက်သား ဖြစ်မှာပဲ။ အနည်းငယ် အာရုံစိုက်လိုက်မယ်ဆိုရင် စချီလိုက်ကတည်းက လွဲနေပြီဆိုတာ တွေ့ရလိမ့်မယ်။ “တိုင်းရင်းသား” ဆိုတဲ့ အယူအဆ ကိုယ်တိုင်က အုပ်စိုးသူ လူတန်းစား ပုံဖော်ထားတဲ့ ဂျင်း ဖြစ်နေတယ်။ စစ်အာဏာရှင် နေဝင်း လက်ထက်ကစလို့ ပိုထင်ရှားလာတဲ့ အယူအဆ ဖြစ်တယ်။
လူဝံကနေ ဆင့်ကဲပြောင်းလဲလာတဲ့ Homo sapiens မျိုးနွှယ်စုဝင် လူသားတွေဟာ အာဖရိကတိုက်မှာ စတင်ဖြစ်ထွန်းလာကြတယ်။ ဒီကနေ ဘဝရှင်သန်တည်မြဲရေး ရေကြည်ရာ မြက်နုရာ ပြောင်းရွှေ့နေထိုင်လာကြတာ လူသား သမိုင်းပဲ။
လူသားရယ်လို့ ဖြစ်ထွန်းလာချိန်မှာ ဒီကနေ့ခေတ်လို လူတန်းစား လူ့အဖွဲ့အစည်း မဟုတ်ခဲ့ဘူး။ မော်ဒန်လူသားရဲ့ သမိုင်းဟာ တသိန်းဝန်းကျင်သာ ရှိသေးတယ်။ လူတန်းစား လူ့အဖွဲ့အစည်း ဖြစ်လာတာ နှစ်သောင်းဂဏန်း ဝန်းကျင်သာ ရှိသေးတယ်။
ဒီမတိုင်ခင်က အုပ်စိုးသူနဲ့ အုပ်စိုးခံ၊ သွေးစုပ်သူနဲ့ သွေးစုပ်ခံရယ်လို့ မကွဲပြားဘဲ နေထိုင်လာကြတာ နှစ်သိန်းဂဏန်းနီးပါး။ လူနည်းစုက အုပ်စိုးသူ လူတန်းစား ဖြစ်နေပြီး လူများစုက အုပ်စိုးခံ ဖြစ်လာတဲ့ လူတန်းစား လူ့အဖွဲ့အစည်းမှာတော့ လက်တဆုပ်စာ အုပ်စိုးသူ လူတန်းစားက အများစုသော အုပ်စိုးခံတွေကို နှိပ်ကွပ်ထားနိုင်ဖို့ရာ လက်နက်မျိုးစုံ၊ နည်းမျိုးစုံ ထုတ်သုံးလာရတယ်။
အနည်းစုက အများစုကို အုပ်စိုးထားနိုင်ဖို့ဆိုရင် ဓားမိုးအုပ်ချုပ်ရုံ၊ ဒီကနေ့ခေတ်လို စစ်တပ်တွေ၊ ရဲတပ်တွေလို အကြမ်းဖက်ယန္တရားကို သုံးရုံသက်သက်နဲ့ ရေရှည်ဖိမထားနိုင်ဘူး။
ဒီတော့ အများစုသော အုပ်စိုးခံတွေကြား သွေးကွဲနေစေမယ့် နည်းလမ်းတွေကို မျိုးစုံဖော်စပ်လာကြတယ်။ ဆိုခဲ့ပြီးသလိုပဲ၊ လူသား မှန်သမျှဟာ ဟိုမိုဆေးပီးယန်း ဆိုတဲ့ Human race တခုတည်းရဲ့ အဖွဲ့ဝင်တွေချည်း ဖြစ်ကြပေမယ့် လူမျိုးတွေ အသီးသီးကွဲနေသယောင် ခွဲခြားပစ်ကြတယ်၊ သဘာဝလောကကြီးကို ဘယ်လူတဦးတယောက် ဘယ်လူတစုကမှ ပုဂ္ဂလိကပိုင်ပြုထားလို့ မရပေမယ့် ဒါ ငါတို့မြေ၊ ဒါ ငါတို့တိုင်းပြည်၊ ဒီမြေမှာ မွေးတဲ့ ငါတို့ကသာ တိုင်းရင်းသား ဆိုတဲ့ အယူအဆမှိုင်းတွေကို ယက်ဖောက်ချုပ်လုပ်လာကြတယ်။
ဒီလိုနည်းနဲ့ အုပ်စိုးခံတွေကြား လူမျိုးတံတိုင်း၊ နယ်မြေတံတိုင်းတွေ အထပ်ထပ် ခြားသွားစေတယ်။ ဒါ့ကြောင့် လူမျိုး ဆိုတာတွေ တိုင်းရင်းသား ဆိုတာတွေကို တကယ်မရှိဘူး၊ အုပ်စိုးသူ လူတန်းစားက အုပ်စိုးခံတွေကြား သွေးခွဲလို့ကောင်းအောင် ဖော်စပ်ထားတဲ့ အဆိပ် ဆေးသာ ဖြစ်တယ်လို့ ဆိုရခြင်း ဖြစ်တယ်။
ဒီအဆိပ်ဟာ ဗမာ့ အုပ်စိုးသူ လူတန်းစားအတွက် အတော်အသုံးဝင်တယ်။ ရခိုင်ဆိုတဲ့ အုပ်စိုးခံ လူတန်းစား၊ မွတ်စလင် ရိုဟင်ဂျာဆိုတဲ့ အုပ်စိုးခံ လူတန်းစားကြား အတော် သွေးကွဲအောင် ခွဲပစ်နိုင်တယ်။ တိုင်းရင်းသားဆိုတဲ့ အဆိပ်ရည်ကို ပက်ဖြန်းပြီး ရိုဟင်ဂျာ မွတ်စလင်တွေက ငါတို့ တိုင်းရင်းသား မဟုတ်ဘူး၊ ဘင်္ဂါလီတွေ ဆိုပြီး လူမျိုးတုန်းသတ်ဖြတ်မှုတွေ လုပ်တယ်။
ဒီအဆိပ်ကို မချေဖျက်နိုင်ကြတဲ့အခါ သွေးစုပ်ခံလူတန်းစားချင်းအတူတူ မွတ်စလင် ရိုဟင်ဂျာနဲ့ ရခိုင်တွေကြား သွေးစည်းမှု မတည်ဆောက်နိုင်ဘဲ အုပ်စိုးသူ လူတန်းစား အဆိပ်ခတ်ထားတဲ့ တိုင်းရင်းသားဆိုတဲ့ ဘောင်ထဲ ချာလပတ် ရမ်းနေတယ်။
အခု စစ်ဖိနပ် လျှာနဲ့ ယက်နေတဲ့ ကျော်ဝင်းက အုပ်စိုးသူ လူတန်းစား ဖော်စပ်ထားတဲ့ “တိုင်းရင်းသား” ဆိုတဲ့ အဆိပ်ရည် အပြည့်နဲ့ ပုံးကို BBC ကနေ (The Voice ကနေ) သွေးစုပ်ခံ လူထုအပေါ် ဒလဟော ပက်ဖြန်းနေတယ်။
အုပ်စိုးခံ လူထု စစ်ဖိနပ်အောက် ပုံစံမျိုးစုံနဲ့ နင်းခြေခံနေရတယ်။ စစ်အုပ်စုရဲ့ မြေယာလုယက်မှု ခံနေရတာရှိသလို၊ တရုတ် အရင်းရှင်နယ်ချဲ့၊ အိန္ဒိယ အရင်းရှင်နယ်ချဲ့၊ ဂျပန် အရင်းရှင်နယ်ချဲ့တို့နဲ့ ပူးပေါင်းပြီး ဗမာ စစ်အရင်းရှင် လူတန်းစားက ကုလားတန် စီမံကိန်း၊ ကျောက်ဖြူ ရေနက်စီမံကိန်းတွေ အကောင်အထည်ဖော်နေလို့ ဘဝပျက်သွားရတဲ့ အဖိနှိပ်ခံ လူထုဖြစ်တယ်။ အုပ်စိုးသူ လူတန်းစားရဲ့ လက်ပါးစေ စစ်တပ်ရဲ့ မုဒိမ်းကျင့်ခံရ၊ စစ်ကြောရေးမှာ ညှဉ်းပန်းနှိပ်စက် သတ်ဖြတ်ခံရ၊ ရွာလုံးကျွတ် မီးရှို့ဖျက်စီးခံရ၊ တိုင်းရင်းသား မဟုတ်ဘူးဆိုကာ မောင်းထုတ်ခံရတဲ့ အုပ်စိုးခံ လူထုဖြစ်တယ်။
ဒီလူထုရဲ့ လူတန်းစား တိုက်ပွဲကို ကျော်ဝင်းက Identity Politics အဖြစ် လျှော့ချပစ်တယ်။ ပက်တီးဘူဇွှာတချို့နဲ့ အမေရိကန် နယ်ချဲ့ဂိုဏ်းက လွှင့်ထူလာတဲ့ Identity အလံကို ကြည့်ပြီး ဒီအုပ်စိုးခံတွေရဲ့ လွတ်မြောက်ရေးတိုက်ပွဲကို အမှတ်လက္ခဏာ အခြေပြု နိုင်ငံရေးသဖွယ် လမ်းကြောင်းလွှဲပစ်လိုက်တယ်။
ဒါဟာ လူတန်းစား တိုက်ပွဲဖြစ်တယ်ဆိုတဲ့ အချက်ကို ကွယ်ပျောက်သွားစေတယ်။ ကျော်ဝင်း လျှာနဲ့ယက်ရင်း ခစားနေတဲ့ အုပ်စိုးသူ လူတန်းစားကို တကယ် မခြိမ်းခြောက်နိုင်တဲ့ Identity Politics ဘောင်ထဲ ဆွဲသွင်းသွားတယ်။
ဒီလို ကျော်ဝင်းလုပ်နေတာ ကြာပါပြီ။ စစ်အုပ်စု လက်ကိုင်တုတ် မီဒီယာ The Voice ကနေ အမေရိကန် အစိုးရ လက်ပါးစေ ဖူကူယားမား စာအုပ်ကို ဘာသာပြန် တင်ဆက်နေတာ ကြာပြီ။ ဒီလိုနည်းနဲ့ လူငယ်တချို့ကို အမှတ်လက္ခဏာ နိုင်ငံရေးဘောင်အောက် ဆွဲသွင်းနေတာပဲ။
ကျော်ဝင်း ဆက်ပြောတာက “တက်လာတဲ့ အစိုးရတိုင်းက တပ်နဲ့ ပြဿနာတက်နေရင် မငြိမ်းချမ်းနိုင်ဘူး” ဆိုပဲ။ နောက်ကွယ်က အတွေးအခေါ်ကို မဆန်းစစ်ခင် အချက်အလက်ပိုင်းကို မေးပါရစေ။ “တက်လာတဲ့ ဘယ်အစိုးရတွေက စစ်တပ်နဲ့ ပြဿနာတက်ခဲ့တာ ရှိသလဲ”။ (မှတ်ချက် – ကျော်ဝင်း ရေးသမျှ ပြောသမျှ အားလုံးမှာ စစ်တပ်ကို စစ်တပ်လို့ ဘယ်တုန်းကမှ မသုံးပါ။ တပ် လို့သာ သုံးပါတယ်။ စစ်တပ်ကိုပင် စစ်တပ်လို့ မခေါ်ရဲရှာတဲ့ သစ္စာစောင့် ခွေးပေ။)
၁၉၆၂ ဗိုလ်နေဝင်း လက်ထက်ကစလို့ ၂၀၁၀ အထိ စစ်တပ်က တိုက်ရိုက် အစိုးရတက်လုပ်ခဲ့တာပဲ၊ ၂၀၁၀ နောက်ပိုင်းမှာ စစ်ဗိုလ်ချုပ်ကြီးတွေ ယူနီဖောင်းချွတ် အစိုးရတက်လုပ်ပြန်တယ်၊ ဒီနောက် စစ်အုပ်စု ကြိုးဆွဲရာ ကရတဲ့ အောင်ဆန်းစုကြည် အစိုးရလက်ထက်မှာ စစ်တပ်နဲ့ ဘာတွေများ ပြဿနာ ရှိခဲ့ဖူးပါလိမ့်။ စစ်တပ်က လူမျိုးတုန်း သတ်ဖြတ်ပွဲလုပ်နေလို့ နိုင်ငံတကာ တရားရုံးမှာ စွဲချက်တင်ခံရတော့ အောင်ဆန်း စုကြည်ကိုယ်တိုင် ရှေ့ထွက်ကာခဲ့တယ် မဟုတ်ပါလား။ ဒီထက် ပလဲနံပသင့်တာ ဘာရှိဦးမလဲ။ မင်းတို့ ပြောနေတဲ့ “စစ်ဖက် အရပ်ဖက်ဆက်ဆံရေး” ဒီထက်ကောင်းတာ ဘာရှိသေးလဲ။
“ကြိုက်သည်ဖြစ်စေ မကြိုက်သည်ဖြစ်စေ တပ်နဲ့ အဆင်ပြေအောင် ညှိကြ” လို့ ကျွန်သဘောက်လေး ကျော်ဝင်းက ထပ်ပြောပြန်တယ်။ လူသတ်၊ မုဒိမ်းကျင့်၊ အမျိုးဖြုတ်နေတဲ့ စစ်တပ်ကို ပြည်တွင်းမှာသာမက ကမ္ဘာ့အလယ်မှာပါ ထွက်ကာကွယ်ပေးနေပြီပဲ။
စစ်တပ်က တပြည်လုံးက မြေယာ သိမ်းချင်ရာ သိမ်းနေချိန် အောင်ဆန်းစုကြည် အစိုးရက လယ်သမားတွေကို ထောင်ချပေးနေတာပဲ။ လက်ပံတောင်းက ဒေါ်ခင်ဝင်း စစ်သေနတ်နဲ့ ပစ်သတ်ခံရချိန် စစ်အုပ်စုနဲ့ တရုတ် အရင်းရှင်နယ်ချဲ့ အကျိုးစီးပွားကာကွယ်ဖို့ အောင်ဆန်းစုကြည်က လူထုကို ပျားရည်နဲ့ ဝမ်းချခဲ့ပြီပဲ။ ဒီထက် အဆင်ပြေအောင် ညှိနှိုင်းရမယ့် နည်းလေးရှိရင် အောင်ဆန်းစုကြည်တို့ အစိုးရကိုသာ တိုးတိုးတိတ်တိတ် အကြံသွားပေးလိုက်ပါကွယ်။ သွေးစုပ်ခံ လူထုရှေ့ကို မရှက်မကြောက် မပြောစမ်းပါနဲ့။
ကမ္ဘာ့ သမိုင်းတလျှောက်မှာ ကျွန်စနစ်ကို ဖျက်သိမ်းဖို့ စပါတာကပ်စ်တို့ ကျွန်ပိုင်ရှင် လူတန်းစားနဲ့ ညှိနှိုင်းလို့ လွတ်မြောက်ခဲ့တာ မဟုတ်ဘူး။ ၁၈ ရာစု ပြင်သစ်မှာ ဘူဇွှာတော်လှန်ရေးကနေ ဒီမိုကရေစီ သမ္မတနိုင်ငံ ထူထောင်ဖို့ ပဒေသရာဇ် အုပ်စိုးသူတွေကို ရက်ရက်စက်စက် ဖြိုချပစ်ခဲ့ရတယ်။ ၁၈ရာစု ပြင်သစ်မှာ ဘူဇွှာ တော်လှန်ရေးကို စေ့စပ်ရေးနည်းနဲ့ ဆင်နွှဲခဲ့ရသလား၊ ခေါင်းဖြတ်စက်တွေနဲ့ ဆင်နွှဲခဲ့ရသလား သိဖို့ သမိုင်းပါမောက္ခ ဖြစ်စရာ မလိုပါဘူး။ နည်းနည်းလေ့လာကြည့်ပါ၊ ကျွန်သဘောက်လေး ကျော်ဝင်း။
ဟန်တင်တန်တို့ ဖူကူယားမားတို့ကို မင်းက ကိုးကွယ်တယ် မဟုတ်လား။ ဒီတော့ အမေရိက အကြောင်းလဲ နည်းနည်းတော့ ငဲ့စောင်းကြည့် သင့်တယ်။ ပဒေသရာဇ် အစဉ်အလာ မရှိခဲ့တဲ့ အမေရိကမှာ “All men are created equal” လို့ လွတ်လပ်ရေးကို ကြေညာနိုင်ဖို့ အမေရိကန်တွေ စေ့စပ်ရေး၊ ညှိနှိုင်းရေးနဲ့ ရခဲ့သလား။
စက်မှုထွန်းကားလာတဲ့ အမေရိကမှာ တောင်ပိုင်းက ကျွန်စနစ်ကို ဖျက်သိမ်းနိုင်ဖို့ အမေရိကန်တွေ အချင်းချင်း ညှိနှိုင်းတဲ့နည်းနဲ့ ဘာ့ကြောင့် မလုပ်နိုင်ခဲ့ပါလိမ့်။ ဘာ့ကြောင့် Civil War နဲ့မှ တောင်ပိုင်းရဲ့ ကျွန်စနစ်ကို ဖျက်သိမ်းနိုင်ခဲ့သလဲ။
ကမ္ဘာ့သမိုင်းက ဘာကိုပြနေသလဲဆိုတော့ “အုပ်စိုးသူ လူတန်းစားဟာ သူတို့ရဲ့ အခွင့်ထူးတွေ၊ စည်းစိမ်ဥစ္စာတွေ၊ အာဏာတွေကို အုပ်စိုးခံတွေရဲ့ တော်လှန်ပုန်ကန်မှု မရှိဘဲ ဘယ်တုန်းကမှ စွန့်လွှတ်ရိုး ထုံးစံ မရှိခဲ့ဘူး၊ အုပ်စိုးခံတွေက တော်လှန်ရေးနည်းနဲ့ ဖြိုချလိုက်ရင်တောင် အုပ်စိုးသူ လူတန်းစားက တန်ပြန်အကြမ်းဖက်ပြီး ခုခံသေးတယ်”။
ဒီလို သမိုင်းရေး အချက်လောက်တောင် နားမလည်ရှာတဲ့ စစ်အုပ်စု လက်ပါးစေ ကျော်ဝင်းက ပညာရှင်ယောင်ယောင် အကြံပေးယောင်ယောင်နဲ့ ဆရာလုပ်နေတယ်။ စစ်ဖိနပ်ကိုပဲ အသာလေး လျှာနဲ့ ဆက်ယက်နေပါ။ လူထုကို အဆိပ်မခတ်လေနဲ့။
“စစ်တပ်နဲ့ အောင်ဆန်းစုကြည် အစိုးရ နှစ်ဖက် ညှိရမယ်၊ ညှိစရာ နှစ်ချက်ရှိတယ်၊ ပြည်တွင်းစစ် ရပ်စဲရေး (တနည်း ငြိမ်းချမ်းရေး ကိစ္စ) နဲ့ ဒီမိုကရေစီအရေး (တနည်း အရပ်ဖက်-စစ်ဖက် ဆက်ဆံရေး ကိစ္စ)” ရယ်လို့ ကျော်ဝင်းက ဆိုတယ်။
အပေါ်မှာ ရှင်းခဲ့ပြီး ဖြစ်လို့ အများကြီး အကျယ် မချဲ့လိုပြီ။ အုပ်စိုးသူ လူတန်းစားရဲ့ အေးဂျန့် အောင်ဆန်းစုကြည်နဲ့ အုပ်စိုးသူ လူတန်းစားရဲ့ လက်ကိုင်တုတ် စစ်တပ်တို့ ညှိနှိုင်းရင် ငြိမ်းချမ်းရေး ရမယ်လို့ ဘယ်ကဲ့သို့များ ရွှေဉာဏ်တော် စူးရောက်ပြီး ပြောထွက်ပါလိမ့်။
ဘိုးတော်အလုပ် ယတြာချေတဲ့ အလုပ်ပဲ ထိုင်လုပ်နေသင့်တယ်။ ယတြာလေးချေလိုက်ရင် အညံ့တွေပျောက်သလို အုပ်စိုးသူ လူတန်းစား ကိုယ်စားလှယ်တော် နှစ်ဦး အာလူးဖုတ်ကြရင် တိုင်းပြည်ကြီး ငြိမ်းချမ်းမယ် ဆိုနေလေရဲ့။
နွားကိုပလာတာ ကျွေးသလို ကျော်ဝင်းကို ရှင်းပြရရင် ပြည်တွင်းစစ်ရပ်စဲခြင်းဟာ ငြိမ်းချမ်းရေး မဟုတ်ပေ၊ တကယ့် reality က လူတန်းစား လူ့အဖွဲ့အစည်း ဖြစ်တယ်။ ဒါကို reality မဟုတ်ဘူး ငြင်းချင်သပဆိုရင် လူတန်းစား မရှိဘူး ဆိုတာ သက်သေ အရင် ထူပါလေ။ မထူနိုင်လို့ လူတန်းစား လူ့အဖွဲ့အစည်းကို အရှိတရားလို့ လက်ခံလိုက်ရရင် ဟောဒီ လူ့အဖွဲ့အစည်းတွင်းက လူတန်းစားတွေကြား ပဋိပက္ခတွေ ပြင်းထန်နေတာလည်း ဆက်လက်ခံရတော့မယ်။
ဒီတော့ လူတန်းစား လူ့အဖွဲ့အစည်းအတွင်းက လူတန်းစား ပဋိပက္ခဆိုတာ ရှိနေသရွေ့ လူတန်းစား တိုက်ပွဲတွေဟာ ပုံစံမျိုးစုံနဲ့ မလွဲမသွေ ဆက်ရှိနေမယ်၊ ဒါဆို ပြည်တွင်းစစ်ရပ်တာ ငြိမ်းချမ်းရေး မဟုတ်တာ ရှင်းလိမ့်မယ်။ ပြည်တွင်းစစ်ဖြစ်ရခြင်းရဲ့ ပြဿနာကို နားမလည်ရင် ဗေဒင်ဆရာက ယတြာနည်းပေးသလို ကျော်ဝင်းခမျာလည်း အောင်ဆန်းစုကြည်နဲ့ ကာပုလို ထိပ်သီးတွေ informal ခဏခဏ တွေ့ပါများရင် အဖြေတွေ့မယ် ဆိုတဲ့စကားမျိုးပဲ ပြောတတ်မယ်။
၁၈ ရာစု၊ ၁၉ရာစုရဲ့ ဘူဇွှာလူတန်းစားက ဒီမိုကရေစီရေးအတွက် ဘူဇွှာ တော်လှန်ရေးကို ရဲရဲဝံ့ဝံ့ ဆင်နွှဲခဲ့သေးတယ်။ ကျော်ဝင်းတို့လို ဒီမိုကရေစီ လေသံပစ်ရင်း စစ်ဖိနပ်ယက်နေသူတွေကတော့ တော်လှန်ရေးကို လေသံပင် ဟရဲဖို့ ဝေးစွ၊ ဒီမိုကရေစီဆိုတာကိုပင် “စစ်ဖက်-အရပ်ဖက်ဆက်ဆံရေး” လို့ ပုံဖျက်ပစ်လိုက်ကြတယ်။
ဘူဇွှာ ဒီမိုကရေစီ တိုင်းပြည်တွေမှာပင် စစ်တပ်ကို အရပ်သား အစိုးရအောက်ထားရမယ် ဆိုတဲ့ စကားလောက်တော့ လူကြားကောင်းအောင် ပြောရတယ်။ ဗမာပြည်လို စစ်တပ်အောက် ပြားပြားမှောက်နေရတဲ့ တိုင်းပြည်မျိုးမှာ စစ်အာဏာကို ဖြိုဖျက်ပစ်ရမယ့်အစား ကျော်ဝင်းတို့က စစ်ဖိနပ်ယက်ရေးကို စစ်ဖက်-အရပ်ဖက် ဆက်ဆံရေးရယ်လို့ သွယ်ဝိုက်ရောင်းနေတယ်။ မင်းဇင်တို့ အောင်သူငြိမ်းတို့ ISP အုပ်စုလည်း တဂိုဏ်းတည်းပဲ။
ကျော်ဝင်းရဲ့ မဟာဆေးနည်းကြီးကတော့ အစိုးရဖက်က အောင်ဆန်းစုကြည်နဲ့ စစ်တပ်ဖက်က မင်းအောင်လှိုင် တို့ formal သဘောမဟုတ်ဘဲ informal သဘော ခဏခဏတွေ့ပါများလာရင် အဖြေတွေ့လာမယ်၊ ၂၀၀၈ခြေဥကို ဖြည်းဖြည်းချင်း ပြင်ရမယ်၊ ညီလာခံကြီးတွေ လုပ်နေမယ့်အစား ပုဒ်မ တခုချင်းကို ဆွေးနွေးရမယ်၊ ဒီလို ပုဒ်မ တခုချင်း ပြင်တဲ့ နေရာမှာလည်း ခက်တာတွေကို မစဉ်းစားနဲ့၊ လွယ်တဲ့ပုဒ်မက စစဉ်းစား၊ ဒီအယူအဆကို ဒေါ်စုက စပြောခဲ့တာဖြစ်တယ်၊ ဒါကို သူက ယူပြောတာ ဖြစ်တယ်၊ ဒီအယူအဆ သိပ်ကောင်းသတဲ့။
ကျော်ဝင်းခမျာ စစ်ဖိနပ်ယက်ရင်း ဖူကူယားမားလောက် ဖတ်တတ်တော့ သမိုင်းရေး အမြင်ကလည်း ကုန်းကောက်စရာမရှိအောင် မွဲကျန်လှတယ်။ လူ့အဖွဲ့အစည်းရဲ့ ပြဿနာကို အောင်ဆန်းစုကြည်နဲ့ မင်းအောင်လှိုင်ရဲ့ သမီးရည်းစား ပြဿနာလို ပုံဖော်ကြည့်တယ်။
ဒါ့ကြောင့်လည်း သူတို့ နှစ်ဦး Informal တွေ့ပါများရင် အဖြေတွေ့မယ်လို့ ပြောရဲတာ၊ အဖြေ တွေ့တော့ တွေ့ပါလိမ့်မယ်၊ အောင်ဆန်းစုကြည်က ငယ်မူပြန်ပြီး မောင်လေး ကာပုကို စိတ်ကစားတဲ့ အဖြေ။ ဗမာ့လူ့အဖွဲ့အစည်းရဲ့ ပြဿနာကိုတော့ အဖြေတွေ့မှာ မဟုတ်ပေ။
“Great men make history” ဆိုတာ နပိုလီယန် တို့ခေတ်က ပုပ်သိုးဆွေးမြေ့နေတဲ့ သမိုင်းအမြင်။ အခု ကျော်ဝင်းက ဒီအပုပ်အသိုးကြီးကို ၂၁ရာစုမှာ လာရောင်းနေတယ်။ သမိုင်းအားလုံးကို ဖြတ်ခနဲ ပြန်ကြည့်ပါ။ အုပ်စိုးခံ လူတန်းစားရဲ့ ပုန်ကန်တော်လှန်မှုနဲ့သာ သမိုင်းကို ဖန်တီးနိုင်ခဲ့တာ တွေ့လိမ့်မယ်။ အလားတူပဲ၊ လူတန်းစား လူ့အဖွဲ့အစည်းရဲ့ ပြဿနာတွေကို ဖွဲ့စည်းပုံ စာအုပ်ထဲက ပုဒ်မတွေ ပြင်ဆင်ရေး အဖြစ် လျှော့ချလိုက်တာတွေ့ရမယ်၊ ဒီတော့ အင်မတန် ဆိုးရွားလွန်းတဲ့ စိတ္တဇအမြင်ဖြစ်တဲ့ လွယ်တဲ့ ပုဒ်မက စပြင် ဆိုတာမျိုး ထွက်လာတယ်။ အံ့ဖွယ်ဆေးနည်းပါတကား။ ဒါ့ကြောင့် NLD အစိုးရလက်ထက်မှာ မသန်မစွမ်းနဲ့ မသန်စွမ်းဆိုပြီး ပွဲကြီးပွဲကောင်း ဖြစ်ခဲ့တာပါလား။ ကျော်ဝင်းဆေး အောင်ဆန်းစုကြည်ဆေး စွမ်းပေတကား။ လူထုကတော့ ငတ်မြဲပေတကား။
ကိုတင်ဦး