“အပြည့်အဝ အောင်ပွဲရလိုက်တယ်၊ ၁၀၀ % ပဲ။ ဒါနဲ့ ပတ်သက်လို့ မေးခွန်းမထုတ်နဲ့”။ အီရန်နဲ့ နှစ်ပတ်ကြာ အပစ်ရပ်ရေး သဘောတူညီချက်နဲ့ ပတ်သက်ပြီး AFP သတင်းဌာနကို ဒေါ်နယ်ထရမ့် ပြောခဲ့တာ ဖြစ်ပါတယ်။
ဒီမတိုင်ခင် နာရီပိုင်းလောက်ကပဲ “ယဉ်ကျေးမှုကြီးတခုလုံး ပျက်သုဉ်းသွားစေရမယ်” လို့ ထရမ့် ခြိမ်းခြောက်ခဲ့တယ်။ ယူအက်(စ်)ရဲ့ မဟာမိတ်တွေကတော့ ထရမ့်ရဲ့ ခြိမ်းခြောက်မှုကို တခွန်းမှ မဝေဖန်ခဲ့ပါဘူး။ သို့သော် ရာဇသံပေးထားတဲ့ အချိန် ပြည့်ဖို့ နာရီပိုင်းအလိုမှာပဲ ထရမ့်တယောက် ကြောက်ပြီး နောက်ဆုတ်သွားခဲ့တယ်။ အခုတော့ အီရန်ဘက်က အဆိုပြုထားတဲ့ အချက် (၁၀) ချက်ပါ အစီအမံကို အခြေခံပြီး ဆွေးနွေးဖို့ ထရမ့် သဘောတူလိုက်ပြီ။
ယူအက်(စ်)က စစ်ပွဲ ရည်မှန်းချက် အားလုံး “ပြည့်မီ၊ ကျော်လွန်သွား” လို့ အပစ်ရပ်လိုက်တာလို့ အိမ်ဖြူတော်က ပြောပါတယ်။ စာဖတ်သူများ ယုံ မယုံတော့ မပြောတတ်ဘူး။ “အရှေ့အလယ်ပိုင်း ရွှေခေတ်” ကို ရောက်တော့မယ်လို့ ထရမ့် ကြွေးကြော်နေပြီ။ အိမ်ဖြူတော် ပြောရေးဆိုခွင့်ပုဂ္ဂိုလ် Karoline Leavitt ကတော့ “ငါတို့ စစ်သည်တွေရဲ့ အံ့မခန်း စွမ်းဆောင်ရည်တွေ” လို့ ပြောရင်း ဝင့်ကြွားသွားသလို ဒေါ်နယ်ထရမ့် ကျေးဇူးကြောင့် “ဟော်မုဇ် ရေလက်ကြား ပြန်ဖွင့်နိုင်ခဲ့ပြီ” လို့ ဆိုပါတယ်။ ဖေဖော်ဝါရီ ၂၈ ရက်နေ့မှာ ယူအက်(စ်)နဲ့ အစ္စရေးက အီရန်ကို ထမတိုက်ခင်အထိ ပွင့်နေပြီးသား ရေလက်ကြားကို ပြန်ပွင့်အောင် လုပ်နိုင်ခဲ့တဲ့ ဧရာမ စွန့်စားခန်းကြီးပေတကား။
ဒီအပစ်ရပ် သဘောတူညီချက်က ခိုင်မာမှု မရှိဘူး၊ အချိန်မရွေး ပြိုကွဲသွားနိုင်တယ်။ ဒီသဘောတူညီချက် ရေရှည်ခံသည်ဖြစ်စေ၊ ဒါမှမဟုတ် ပြိုကွဲသွားသည်ဖြစ်စေ၊ သေချာတာကတော့ ဒါဟာ ယူအက်(စ်)အတွက် ကြီးမားတဲ့ အရေးနိမ့်မှုပဲ၊ ထရမ့်အတွက်လဲ ရှူံးပွဲကြီး ဖြစ်ပါတယ်။
ကျနော်တို့ မာ့က်စ်ဝါဒီတွေကပဲ ဒီလို သုံးသပ်တာ မဟုတ်ပါဘူး၊ The Economist မဂ္ဂဇင်းဆိုရင် “Donald Trump is the war’s biggest loser” လို့တောင် ခေါင်းကြီးတင် ရေးထားတယ်။
The Guardian မဂ္ဂဇင်းကတော့ “In a war with no winners, Netanyahu looks like the biggest loser” (နိုင်သူမရှိတဲ့ စစ်ပွဲမှာ နတန်ယာဟုက အကြီးဆုံး အရှူံးသမား) လို့ သုံးသပ်ချက် ရေးထားတယ်။
တခုက ထရမ့်ကို biggest loser လို့ သုံးသပ်တယ်၊ နောက်တခုက နတန်ယာဟုကို biggest loser လို့ ရေးတယ်။ သူတို့ နှစ်ခုကြား သဘောထား ကွဲလွဲနေသလား။ တကယ်တော့ အဲသလို မဟုတ်ဘူး။ သေချာတာကတော့ အထင်ကရ လစ်ဘရယ် မဂ္ဂဇင်း နှစ်ခုလုံးက အီရန် ရှူံးပြီလို့ မသုံးသပ်ဘူး။ ဒီမတိုင်ခင် မတ်လ ၂၈ ရက်နေ့ထုတ် The Economist မဂ္ဂဇင်းမှာ Advantage Iran ဆိုပြီး ကာဗာ theme အဖြစ် ဖော်ထုတ်ထားတာ တွေ့ရလိမ့်မယ်။
ပြီးခဲ့တဲ့ တလတာဟာ ထရမ့်ရဲ့ ‘gunboat diplomacy’ နဲ့ ယူအက်(စ်) နယ်ချဲ့ရဲ့ အကန့်အသတ်တွေကို အတိုင်းသား ဖွင့်ပြသွားတယ်။ ကမ္ဘာ့ စီးပွားရေး အကြီးအကျယ် ထိခိုက်ပျက်စီးသွားခဲ့တယ်။ ယူအက်(စ်) မဟာမိတ်တွေ စနစ်တကျ ခွဲထုတ်ခံရတယ်၊ ထရမ့်ကို ထောက်ခံတဲ့ လူမှုအင်အားစု ကွဲအက်သွားတယ်၊ အခုဆိုရင် ယူအက်(စ်)အနေနဲ့ အရှေ့အလယ်ပိုင်း ဒေသကြီးမှာ ဩဇာ ဆက်ရှိနိုင်ဦးမလား ဆိုတာ မရေရာတော့ဘူး။
The art of the deal?
အီရန် အစိုးရပိုင် မီဒီယာက ဖော်ပြထားတဲ့ အပစ်ရပ် အစီအမံရဲ့ တကယ့် အနှစ်သာရကို ကြည့်ရင် ထရမ့်ရဲ့ အောင်ပွဲရ ကြွေးကြော်ချက်တွေနဲ့ လုံးဝ ကွဲပြားခြားနားနေတာ တွေ့ရလိမ့်မယ်။ အီရန်က ယူအက်(စ်)ကို အလျှော့ပေး လိုက်လျောဖို့နေနေသာသာ ယူအက်(စ်)ဘက်ကပဲ အီရန်ကို လိုက်လျောချက်တွေ (စာရွက်ပေါ်မှာ) ပေးထားတယ်၊ စစ်ပွဲ မဖြစ်ခင်ကဆိုရင် ယူအက်(စ်)အနေနဲ့ ဒီလို လိုက်လျောချက်တွေ ပေးဖို့ အိပ်မက်တောင် မက်ခဲ့မှာ မဟုတ်ဘူး။
အီရန်ဘက်က ဖော်ထုတ်ထားတဲ့ အပစ်ရပ် အစီအမံထဲမှာ အီရန်အပြင် အီရတ်၊ လက်ဘနွန်နဲ့ ယီမင်တို့မှာပါ ရန်လို စစ်ခင်းတာတွေ အပြီးတိုင် ထာဝရ ရပ်စဲဖို့ တောင်းဆိုထားတယ်။ ယူအက်(စ်)နဲ့ အစ္စရေးတို့ရဲ့ ရည်မှန်းချက်တွေ ပြန်ရုတ်သိမ်းဖို့ ပြောလိုက်တာပဲ။ နတန်ယာဟုဘက်က အီရန်ကို တိုက်ခိုက်လာရင်၊ ဒါမှမဟုတ် အီရန်ရဲ့ ပရောက်စီတွေကို တိုက်ခိုက်လာရင် ဒီသဘောတူညီမှုကို ချိုးဖောက်တာပဲ။ ဒါဆိုရင် အီရန်ဘက်ကလဲ ပြန်လည် တိုက်ခိုက်ဖို့ တရားဝင် အကြောင်းပြချက် ရသွားပြီ။ ဟော်မု(ဇ်) ရေလက်ကြားကို သဘောတူညီထားတဲ့ ‘navigation security protocol’ အတိုင်း အုပ်ချုပ်သွားမယ်၊ သဘောက အီရန်က ဂိတ်ကြေး ကောက်ခွင့်ရှိသူ ဖြစ်သွားမယ်။
စီးပွားရေး မျက်နှာစာမှာဆိုရင် ယူအက်(စ်)က အီရန်ကို ပြန်လည်ထူထောင်ရေး ကုန်ကျစရိတ် အပြည့်အဝ ပေးချေရမယ်၊ ဆန့်ရှင်တွေ အားလုံး ရုတ်သိမ်းပေးရမယ်၊ ပိတ်သိမ်းထားတဲ့ အီရန်ရဲ့ asset တွေ အကုန် ထုတ်ပေးရမယ်။ အပေးအယူအနေနဲ့ အီရန်ဘက်က နျူကလိယာ လက်နက် မထုတ်ပါဘူးလို့ ကတိပြုပေးရုံပဲ။ စစ်ပွဲ မဖြစ်ခင်ကတည်းက အီရန်က ဒီလို ကတိပေးပြီးသားပဲ၊ ထူးပြီး လိုက်လျောလိုက်ရတာမျိုး မဟုတ်ဘူး။
အီရန်အနေနဲ့ ရှင်သန်အောင် ကြံ့ကြံ့ခံနိုင်တာကိုက အောင်ပွဲ ဖြစ်ပါတယ်။ ဒီလို ဆက်ရှင်သန်နိုင်ခြင်းအားဖြင့် ယူအက်(စ်) စစ်ရေး သေနင်္ဂဗျူဟာ အားနည်းချက်တွေကို ဖွင့်ပြနိုင်သွားတယ်။ ကမ္ဘာ့ အင်အားအကြီးဆုံး စစ်တပ် နှစ်ခုပေါင်းတိုက်တာကို အီရန်က ခံချရတဲ့ asymmetric warfare ဖြစ်ပါတယ်။ ဒီလို ဘက်မမျှတဲ့ စစ်ပွဲမှာ အီရန်က ပထဝီ နိုင်ငံရေးအရ အချက်အချာကျတဲ့ chokepoint တွေကို ထိန်းချုပ်ပြီး ယူအက်(စ်)ကို အရှိုက်ထိုးပြသွားတာ ဖြစ်ပါတယ်။ အီရန်က မစ်ဆိုင်းတွေ၊ ဒရုန်းတွေနဲ့ ယူအက်(စ်) စစ်စခန်း အနည်းဆုံး ၁၁ ခုကို ဖျက်စီးပစ်လိုက်နိုင်တယ်၊ ဒါ့အပြင် ဒေသတွင်းက စွမ်းအင် အဆောက်အအုံ အမြောက်အမြား ထိခိုက် ပျက်စီးသွားခဲ့တယ်။ တချိန်တည်းမှာပဲ အီရန်က ဟော်မု(ဇ်) ရေလက်ကြားကို ပိတ်ချလိုက်ပြီး ကမ္ဘာ့ စီးပွားရေးကို ကိုင်လှုပ်ပစ်လိုက်တယ်၊ ယူအက်(စ်)ကို တင်သွင်းတဲ့ လောင်စာဆီတွေက ဟော်မု(ဇ်) ရေလက်ကြားကို ဖြတ်စရာ မလိုဘူးလို့ ဒေါ်နယ်ထရမ့် ဘယ်လိုပဲ ကြွေးကြော်နေပါစေ ယူအက်(စ်)မှာတင် တလအတွင်း ဓာတ်ဆီဈေး ၄၅% ခုန်တက်သွားခဲ့တယ်။
ထရမ့်အနေနဲ့ (စစ်ပွဲ ရည်မှန်းချက်တွေ ပြောင်းလိုက်၊ အောင်ပွဲရပြီလို့ ကြွေးကြော်ရင်း စစ်အရှိန် ထပ်တင်မယ် ပြောလိုက် လုပ်ရင်း) ခုတမျိုး တော်ကြာတမျိုး စကားတွေ အမျိုးမျိုး ပြောနေတာဟာ တအိအိ ကျဆင်းလာတဲ့ သူ့ popularity ကို မကြုံဖူးလောက်အောင် ထိခိုက်ပျက်စီးသွားစေခဲ့တယ်။ အခုဆိုရင် MAGA လှုပ်ရှားမှုအတွင်း သပ်ရိုက်သွင်းပြီးသား ဖြစ်နေပြီ၊ အရင်တုန်းက ထရမ့်ဘက်တော်သား influencer တွေက အခု သူ့ကို စွဲချက်တင် အရေးယူဖို့ တောင်းဆိုနေကြပြီ။
ဒီလိုအချိန်မှာ ထရမ့်အနေနဲ့ ‘အောင်ပွဲ’ ရပြီလို့ ကြေညာပြီး စစ်ပွဲကနေ ထွက်ခွာလိုက်တာက အရမ်းကြီး မဆိုးရွားတဲ့ ရွေးလမ်း ဖြစ်တယ်။
Iran strengthened
ဒီစစ်ပွဲမှာ အီရန်က ခေါင်းမော့ ရင်ကော့ပြီး ထွက်လာတယ်။ အီရန် National Security Council ရဲ့ ထုတ်ပြန်ချက်မှာ ရှင်းရှင်းလင်းလင်း ပြောထားသလိုပဲ အီရန် ခေါင်းဆောင်ပိုင်းက အစ်စလမ်မာဘတ်(ဒ်)ကို ကဒ်အားလုံးကိုင်ပြီး ချီတက်သွားပြီ။ ယူအက်(စ်)ဘက်ကသာ ဆယ်ချက်ပါ အစီအမံ ဗားရှင်းတခုခုကို လက်ခံလိုက်ပြီဆိုရင် အီရန်အဖို့ နိုင်ငံရေး၊ စီးပွားရေး အသက်ရှူပေါက် ကောင်းကောင်း ရသွားလိမ့်မယ်။
အစ္စရေးမှာတော့ ထရမ့် နောက်ဆုတ်သွားတာကို မခံမရပ်နိုင် ဖြစ်နေကြတယ်။ သွေးဆာနေတဲ့ ဇိုင်ယင်နစ်တွေက အီရန် အလုံးစုံ ပျက်သုဉ်းသွားတာကို မြင်ချင်ကြတယ်။ သူတို့က ထရမ့်ကို ခြိမ်းခြောက်ထားတဲ့အတိုင်း ဂျီနိုဆိုက် တကယ် လုပ်ဖို့ သေချာပေါက် အားပေးခဲ့ကြလိမ့်မယ်။ ဒါပေမဲ့ အီရန်ဘက်က တောင်းဆိုချက်တွေ လိုက်လျောပြီး စစ်ပွဲကို အဆုံးသတ်လိုက်ရတယ်ဆိုရင် သူတို့အဖို့ ကြမ္မာငင်တာပဲ။ အီရန်က အရင်ကထက် ပိုပြီး အားကောင်းလာမယ်၊ ဒီတော့ ဒေသတွင်း ဗိုလ်ကျစိုးမိုးတဲ့ ပါဝါ (dominant power) ဖြစ်လိုတဲ့ အစ္စရေးရဲ့ အိမ်မက်လဲ ပျက်ပြယ်သွားတော့တယ်။ အစ္စရေးက အဲဒီ ရည်မှန်းချက်ကို အကောင်အထည်ဖော်ဖို့ ယူအက်(စ်)ကို ဒီစစ်ပွဲထဲ ဆွဲသွင်းခဲ့တာပဲ။ အခု အီရန်က အမေရိကကို ဒေသတွင်းကနေ ထွက်သွားဖို့ ဖိအားပေးနေပြီ။ အစ္စရေးရဲ့ အားနည်းချက်လဲ ပွင့်ကျသွားခဲ့ပြီ။ ယူအက်(စ်)သာ အရှေ့အလယ်ပိုင်းက ပြန်ထွက်သွားရရင် စစ်မျက်နှာ ခြောက်ခု ဖွင့်ထားတဲ့ အစ္စရေးတော့ မရှူနိုင် မကယ်နိုင် ဖြစ်ပြီ။
အစ္စရေး အတိုက်အခံ ခေါင်းဆောင် Yair Lapid ကတော့ အပစ်ရပ် သဘောတူညီချက်ကို ဝေဖန်ရာမှာ ဝေ့ဝိုက်မနေဘဲ ဒဲ့ပဲ ပြောသွားတယ် –
“ငါတို့ သမိုင်းတလျှောက် ဒီလို နိုင်ငံရေး ကပ်သင့်တာမျိုး မကြုံဖူးသေဘူး။ ငါတို့ တိုင်းပြည် လုံခြုံရေးနဲ့ တိုက်ရိုက် သက်ဆိုင်နေတဲ့ ဆုံးဖြတ်ချက်တွေ ချတဲ့ နေရာမှာ အစ္စရေးက စားပွဲဝိုင်းနားတောင် ရစ်သီခွင့် မရဘူး။ နတန်ယာဟုဟာ နိုင်ငံရေးအရလဲ ရှူံးတယ်၊ သေနင်္ဂဗျူဟာအရလဲ ရှူံးတယ်၊ သူချထားတဲ့ စစ်ပွဲ ရည်မှန်းချက်တွေထဲက တခုတောင် အထမမြောက်ခဲ့ဘူး။ နတန်ယာဟုရဲ့ မောက်မာမှု၊ အသိတရား ခေါင်းပါးမှု၊ သေနင်္ဂဗျူဟာ စီမံကိန်း မရှိဘဲ ထင်ရာစိုင်းမှုတွေကြောင့် ထိခိုက်ပျက်စီးသွားတာတွေ ပြန်ပြင်ဖို့ဆိုရင် နှစ်ပေါင်းများစွာ ကြာလိမ့်မယ်”။
ဒီထုတ်ပြန်ချက်က အင်အားချိနဲ့သွားတဲ့ အစ္စရေး အနေအထားကို ထင်ထင်ရှားရှား မီးမောင်းထိုးပြလိုက်တာပဲ။ အီရန်က အစ္စရေး တနံတလျားက ပစ်မှတ်တွေကို အငိုက်ဖမ်း တိုက်ခိုက်နိုင်ခဲ့သလို ဟစ်(ဇ်)ဘိုလာကလဲ တကျော့ပြန် ခေါင်းထောင်လာတယ်၊ ဒါ့ကြောင့် ကျူးကျော် ဝင်ရောက်လာတဲ့ အစ္စရေး စစ်တပ် IDF အတော် အထိနာနေပြီ။
နတန်ယာဟုကတော့ ယူအက်(စ်)ကို ဒီစစ်ပွဲထဲ ပြန်ပါလာအောင် အစွမ်းကုန် လုပ်လိမ့်မယ်။ အီရန်ရဲ့ ဆယ်ချက်ပါ အဆိုပြုချက်ထဲမှာ အစ္စရေးအနေနဲ့ လက်ဘနွန်ကို စစ်တိုက်နေတာ ချက်ချင်းရပ်ဖို့ ပြောထားတယ်။ သို့သော် အပစ်ရပ်ရေး သဘောတူညီချက် ရသွားမှာ အသေကြောက်တဲ့ နတန်ယာဟုက လက်ဘနွန်ကို အပြင်းထန်ဆုံး လေကြောင်း တိုက်ခိုက်မှုတွေ တရစပ်လုပ်နေပြီ။ ဒီတိုက်ခိုက်မှုတွေကြောင့် ဘေရွတ်မှာတင် လူပေါင်း ၃၀၀ အသတ်ခံလိုက်ရတယ်။ ဆေးရုံတွေမှာလဲ အရေးပေါ် သွေးလိုနေတဲ့ လူနာတွေ ဒင်းကြမ်း ပြည့်နေပြီ။
ပြီးခဲ့တဲ့နှစ်က ၁၂ ရက်ကြာ စစ်ပွဲရပ်လိုက်တုန်းကလိုပဲ အစ္စရေးနဲ့ ထရမ့်ကြား ရည်မှန်းချက် ကွာခြားမှုတွေ တကျော့ပြန် ပေါ်ထွက်လာပြီ။ အီရန် အစိုးရ ကြံ့ကြံ့ခံ ရပ်တည်နေနိုင်တဲ့ ဘယ်လို ရလဒ်မဆို အစ္စရေးအတွက် မရှုမလှ အရေးနိမ့်ခြင်း မည်ပါတယ်။
Economic recovery?
အဆုံးမတော့ စစ်ပွဲကြောင့် ဖြစ်လာတဲ့ စီးပွားရေး ထိခိုက်မှုတွေက ထရမ့် လက်တွေကို ပြန်တွန်းထုတ်လိုက်တာပဲ။ ဟော်မု(ဇ်) ရေလက်ကြားကို ၃၈ ရက်ကြာ ပိတ်ချလိုက်ခြင်းဟာ ကမ္ဘာ့ စီးပွားရေးကို ကသောင်းကနင်း ဖြစ်သွားစေတယ်။ ရေနံဈေး၊ ဓာတ်ဆီဈေး၊ ဓာတ်မြေဩဇာဈေးနဲ့ စက်ရုံသုံး ဓာတုပစ္စည်း အားလုံးနီးပါး အကုန် ဈေးတက်သွားခဲ့တယ်။ စီးပွားရေး တိုးတက်နှုန်း ခန့်မှန်းချက်တွေ ပြုတ်ကျသွားပြီး ငွေကြေးဖောင်းပွမှုက မြင့်တက်သွားခဲ့တယ်။ ဈေးကွက်တွေ ချာချာလည်ထွက်သွားခဲ့တယ်။
သာမန် လူထုက ဒီဒဏ်တွေကို ခံစားနေရပြီ။ ရေလက်ကြားကို ကြာကြာဆက်ပိတ်ထားရင် အခြေအနေတွေ သိသိသာသာ ပိုဆိုးသွားလိမ့်မယ်။ အရံ စက်သုံးဆီတွေ ခမ်းသွားပြီး လောင်စာဆီ ပြတ်လပ်မှုတွေ ဖြစ်ကုန်ပြီ၊ ဈေးတင်ရောင်းတာတွေလဲ ဖြစ်နေပြီ။ ရေနံနဲ့ ဓာတ်ဆီဈေးတွေ တက်ကုန်တော့ တခြား ထုတ်ကုန်တွေလဲ ဈေးတွေ ခေါင်ခိုက်ကုန်တယ်၊ ဒီအကျပ်အတည်းက ချောက်ကမ်းပါး မေးတင်နေတဲ့ ကမ္ဘာ့ စီးပွားရေးကို stagflation ဖြစ်သွားစေနိုင်တယ်၊ ဒီထက် ပိုဆိုးတဲ့ depression ပျက်ကပ်တောင် ဖြစ်သွားစေနိုင်တယ်၊ အဲလိုသာ ဖြစ်သွားရင် စီးပွားရေး ‘နလန်ထူ’ ခဲ့တဲ့ နှစ်တွေကို လပိုင်းအတွင်း ရှင်းထုတ်သွားလိမ့်မယ်။

စီးပွားရေး ရိုက်ခတ်မှုတွေ အကြီးအကျယ် ဖြစ်နေချိန်မှာပဲ သက်တမ်းဝက် ရွေးကောက်ပွဲ ကာလက နီးသထက် နီးလာတယ်၊ ဒီတော့ ဒေါ်နယ်ထရမ့်အနေနဲ့ သူ့ဆုံးရှုံးမှုတွေကို ဖာထေးဖို့ ဆုံးဖြတ်လိုက်တယ်။ အခုချိန်မှာ ဈေးကွက်ရဲ့ တုံ့ပြန်မှုတွေက ဝမ်းသာအားရ မြောက်ကြွကြွ ဖြစ်ကုန်ပေမဲ့ စစ်ပွဲရဲ့ နောက်ဆက်တွဲတွေကိုတော့ နှစ်ပေါင်းများစွာ မဟုတ်ရင်တောင် လပေါင်းများစွာ ဆက်ခံစားနေရဦးမယ်။ ဒါတောင် နောက်ထပ် တိုက်ခိုက်မှုတွေ ထပ်မဖြစ်မှ။
ရေကြောင်း ပို့ဆောင်ရေး သုံးသပ်လေ့လာသူတွေက ပါရှန်း ပင်လယ်ကွေ့ကနေ သင်္ဘောတွေ ‘အုံလိုက်ကျင်းလိုက် ထွက်လာဦးမှာ’ မဟုတ်ဘူးလို့ ပြောနေကြပြီ။ သုံးသပ်သူတဦးကတော့ “အပစ်ရပ်တယ်ဆိုပေမယ်ံ သင်္ဘောတွေက [အီရန်ဆီက] ခွင့်ပြုချက် ရဖို့ လိုအပ်ဆဲ ဖြစ်တယ်။ ဒါက သော့ချက်ပဲ။ သဘောက ဘာမှ ပြောင်းလဲမသွားဘူး။ ခွင့်ပြုချက်မရှိရင် ဖြတ်သန်းခွင့် မရှိ” လို့ ထောက်ပြပါတယ်။ ဒါ့အပြင် စစ်ပွဲ ကာလတလျှောက် စွမ်းအင် အဆောက်အအုံတွေ အပြင်းအထန် ထိခိုက်ပျက်စီးခဲ့တယ်။ တချို့ အဆောက်အအုံတွေဆိုရင် ပြန်ပြင်ဖို့ နှစ်ချီ ကြာသွားနိုင်တယ်။
ကမ္ဘာ့ ကုန်သွယ်ရေးနဲ့ ထောက်ပံ့ရေး ချိန်းတန်းတွေဟာ အင်မတန် ထိခိုက်လွယ်ကြောင်း ဒီစစ်ပွဲက လှစ်ဟပြသွားခဲ့တယ်။ စာရွက်ပေါ်မှာ ယူအက်(စ်)ထက် အများကြီး အားနည်းတဲ့ တိုင်းပြည်တွေက ကမ္ဘာ့ ကုန်စည် စီးဆင်းမှု လမ်းကြောင်းတွေကို ကောင်းကောင်း အသုံးချ ထိန်းချုပ်နိုင်တယ်။ စစ်ပွဲအတွင်း အီရန်က ဟော်မု(ဇ်) ရေလက်ကြားကို ပြန်ပေးဆွဲပြီး ငွေတောင်းတဲ့နည်းနဲ့ ယူအက်(စ်)ကို စီးပွားရေး စစ်ပွဲ ဆင်နွှဲပြခဲ့တယ်၊ ဒီဖြစ်စဉ်မှာ အီရန်က အမြတ်ကောင်းကောင်း ရလိုက်တယ်။
US decline
ထရမ့် ဘာတွေပဲ ဟစ်ကြွေးနေပါစေ အီရန်မှာ မရှုမလှ ပြိုလဲသွားတဲ့ သူ့အဖြစ်က သိမီသူများ မှတ်မိလောက်တဲ့ ကာလအတွင်း အဆိုးရွားဆုံး နိုင်ငံခြားရေး ပေါ်လစီ အမှားကြီး ဖြစ်သွားခဲ့ပြီ။ ဒီမတိုင်ခင် ဆယ်စုနှစ်တွေမှာ အရှေ့အလယ်ပိုင်း ဒေသကြီး တနံတလျားမှာ ယူအက်(စ်)က စစ်အခြေစိုက် စခန်းတွေ တည်ဆောက်ခဲ့တယ်၊ ကမ္ဘာ့ စီးပွားရေးအတွက် မရှိမဖြစ် အရေးပါတဲ့ အခြေခံ အဆောက်အအုံတွေကို ကာကွယ်ဖို့ အကြောင်းပြပါတယ်၊ အခု ဆယ်စုနှစ်ပေါင်းများစွာ တည်ဆောက်လာတဲ့ ယူအက်(စ်) အနေအထားဟာ အီရန်ရဲ့ မစ်ဆိုင်း လက်နက် အင်အားကို မယှဉ်နိုင်ဘူးဆိုတာ လက်တွေ့ မြင်လိုက်ရပြီ။
ယူအက်(စ်) အနေအထားဟာ အဲသလို ပွင့်ကျသွားခဲ့ပြီ။ ယူအက်(စ်)ရဲ့ ပင်လယ်ကွေ့ မဟာမိတ်တွေဟာ ကာကွယ်ရေးအတွက် ယူအက်(စ်)အပေါ် လုံးလုံးလျားလျား မှီခိုထားတယ်၊ ဒါပေမဲ့ အခု စစ်ပွဲမှာ ယူအက်(စ်)က အစ္စရေးနဲ့ သူ့စစ်စခန်းတွေကိုပဲ ကာကွယ်ဖို့ လုံးပမ်းနေတော့ ပင်လယ်ကွေ့ နိုင်ငံတွေခမျာ မိုးကြိုးပစ်တာကို ထန်းလက်နဲ့ ကာနေရပြီ။ ဒီအခြေအနေကို သဘောပေါက်လာတဲ့အခါ ပင်လယ်ကွေ့ နိုင်ငံ အတော်များများက ဒေါ်နယ်ထရမ့်ကို စစ်ပွဲ အဆုံးသတ်တဲ့အထိ ဆက်တိုက်စေချင်တယ်၊ သူတို့ အကျိုးစီးပွားတွေကို မခြိမ်းခြောက်နိုင်အောင် အီရန်ကို ဖယ်ရှားပစ်ဖို့ စစ်ဆက်တိုက်အောင် ထရမ့်ကို တွန်းအားပေးခဲ့ကြတယ်။ အပစ်ရပ်ပြီဆိုရင် သူတို့ မျှော်လင့်ချက်တွေလဲ တစစီ လွင့်စင်သွားပြီ။
ထရမ့် အစိုးရ အဖွဲ့အတွင်းမှာလဲ အီရန်နဲ့ ပြေလည်ရေးကို အားလုံး သဘောမတူကြဘူး။ ထရမ့်ရဲ့ ပြောင်မြောက်လှတဲ့ စေ့စပ်ရေးသမားကြီး Steve Witkoff ဆိုရင် “ဒေါသအလွန်ထွက်ပြီး” ဆယ်ချက်ပါ အစီအမံကို “ဘေးဆိုးကျတဲ့ ကပ်ဘေးကြီး” လို့ ပြောသတဲ့။ အခုတော့ ဝစ်ကော့(ဖ်)တယောက် JD Vance နဲ့အတူ အစ်စလမ်မာဘတ်(ဒ်)ကို သွားရတော့မယ်။
‘surgical’ စစ်ဆင်ရေးတွေ၊ အပေးအယူတွေနဲ့ သူလိုချင်တာကို အတင်းအကျပ် အရယူတတ်တဲ့ ထရမ့်ရဲ့ နည်းလမ်းဟာ ယူအက်(စ်) ပါဝါရဲ့ ပကတိဘာဝ ကန့်သတ်ချက်တွေကို တည့်တည့်ကြီး ရင်ဆိုင်နေရပြီ။ ရပ်တည်ချက်တွေ ခုတမျိုး တော်ကြာတမျိုး ခဏခဏ ပြောင်းရင်း သူဟာ ကမူးရှူးထိုး လုပ်နေတယ်၊ ယူအက်(စ်)နဲ့ ကမ္ဘာ့ စီးပွားရေးကိုပါ ဖရိုဖရဲဖြစ်သွားစေတယ်။
(ဒီနေရာမှာ ‘surgical’ စစ်ဆင်ရေးကို နားလည်ချင်ရင် ဗင်နီဇွဲလား သမ္မတကို ယူအက်(စ်) စစ်တပ်က ပြန်ပေးဆွဲတဲ့ ဖြစ်ရပ်ကို ကြည့်ပါ။ ခန္ဓာကိုယ်ထဲက ပြည်ခဲ တခုခု ဒါမှမဟုတ် အကြိတ် တခုခုကို ခွဲစိပ် ဖယ်ရှားပစ်သလိုပဲ လိုချင်တဲ့ ပစ်မှတ်ကိုပဲ ခွဲထုတ်ယူတဲ့ စစ်ဆင်ရေးမျိုးကို ဆိုလိုရင်း ဖြစ်တယ်။ ဒီလို လိုချင်တဲ့ နေရာ သီးသန့်ကိုပဲ တိတိကျကျ ပစ်မှတ်ထား ရှင်းထုတ်နိုင်ရင် တိုင်းပြည်နှစ်ခုကြား စစ်ခင်းရသလို အကုန်အကျ မများဘူး၊ အချိန်တိုအတွင်း လိုချင်တာ ရနိုင်မယ်လို့ ဒေါ်နယ်ထရမ့်က real estate စီးပွားရေးသမားပီပီ ဈေးတွက်တွက်ပုံ ရတယ်။ ဒါပေမဲ့ သူ့စိတ်ကူးနဲ့ တကယ့် လက်တွေ့ဟာ အမြဲတမ်း ထပ်တူ မကျနိုင်ဘူး။)
အပစ်ရပ် သဘောတူညီချက် တကယ် ခိုင်မြဲပြီး ရေရှည်တည်တံ့တဲ့ အပေးအယူတခု ထွက်ပေါ်လာမလား ဆိုတာတော့ အချိန်က စကားပြောသွားပါလိမ့်မယ်။ ဒီအပစ်အခတ် ရပ်စဲရေးက ၁၈၀ ဒီဂရီ ပြောင်းသွားနိုင်ချေလဲ ရှိသေးတယ်။
Fall from grace
အီရန်စစ်ပွဲက ယူအက်(စ်)မှာ အသိစိတ်ကို အကြီးအကျယ် သက်ရောက်မှု ရှိနေပြီ။ အီရန်က ယာယီ အောင်ပွဲ ရထားပြီလို့ ပြောနိုင်တယ်။ ထရမ့်ရဲ့ သစ္စာအရှိဆုံး အမာခံတွေဆီကတောင် ဒီလို မေးခွန်းမျိုး မလွဲမသွေ ထွက်ပေါ်လာလိမ့်မယ် – ဒါတွေ အားလုံးရဲ့ ရည်ရွယ်ချက်က ဘာလဲ။
အီရန် စစ်ပွဲကြောင့် MAGA ဘက်ခြမ်းမှာ ပြင်းထန်တဲ့ backlash ထွက်ပေါ်လာပြီ။ မာဒူရိုကို ပြန်ပေးဆွဲတဲ့ လုပ်ရပ် အပါအဝင် အရင်က ထရမ့် လုပ်ခဲ့သမျှ ပေါ်လစီအားလုံးကို တုံ့ပြန်မှုထက် အခုတချီ backlash က ပိုပြင်းထန်ပါတယ်။ ဂျိုးရိုဂင်၊ တက်ကာ ကာ(လ်)ဆင်၊ အိုဝင်(စ်)တို့လို ထင်ရှားတဲ့ MAGA influencers တွေကိုယ်တိုင် ထရမ့်ကို စစ်ပွဲထဲ ဝင်ပါလို့ လူသိရှင်ကြား ဝေဖန်လာကြတယ်။ အဲလက်(က်စ်) ဂျူန်း(စ်)ကဆိုရင် ထရမ့်က Marvel ရုပ်ရှင်ထဲက စိတ်ဖောက်သွားတဲ့ ဆူပါဗီလိန်နဲ့ အဟုတ်ကို တူနေပြီ။ ဒါတွေ လုပ်ဖို့ သူ့ကို မဲပေးခဲ့တာ မဟုတ်ဘူး” လို့ ပြောသွားတယ်။ ၂၀၂၄ ရွေးကောက်ပွဲတွေတုန်းက ထရမ့်ကို သူ့ပေါ့ကဒ်မှာ ဖိတ်ခဲ့တဲ့ သီအိုဗွန်းက ယူအက်(စ်)နဲ့ အစ္စရေးကို တကယ့် အကြမ်းဖက် လုပ်ကြံရေးဝါဒီတွေ (real terrorists) လို့ ခေါ်နေပြီ။
ထရမ့် ဒုကြိမ် ရွေးကောက်မခံရခင်က ကျနော်တို့ ထောက်ပြခဲ့သလိုပဲ သူ့ကို ထောက်ခံတဲ့ social base ဟာ ပဋိပက္ခဖြစ်နေတဲ့ အင်အားစုတွေနဲ့ ဖွဲ့စည်းထားခြင်း ဖြစ်တယ်။ အလုပ်သမား လူတန်းစားထဲက အစိတ်အပိုင်း တချို့ ထရမ့်ကို မဲပေးခဲ့တာဟာ အရှေ့အလယ်ပိုင်းမှာ စစ်ပွဲ အသစ်တွေ ထပ်ဖန်တီးဖို့ မဟုတ်ဘူး၊ ထရမ့်က ထာဝရ စစ်ပွဲတွေ အဆုံးသတ်ပြီး သာမန် အမေရိကန် ပြည်သူတွေရဲ့ ဘဝကို တိုးတက်အောင် လုပ်ပေးမယ်လို့ ကတိပေးခဲ့လို့ ဖြစ်တယ်။
အီရန် စစ်ပွဲက အကြီးအကျယ် မှားယွင်းမှု ဖြစ်ကြောင်း သက်သေပြခဲ့ပြီ။ အပစ်ရပ် ကြာကြာခံသည်ဖြစ်စေ၊ ပြိုကွဲသွားသည်ဖြစ်စေ ၃၈ ရက်ကြာ ဗုံးမိုးရွာခဲ့ခြင်းကြောင့် အမေရိကန် အရင်းရှင်စနစ်နဲ့ အစိုးရအဖို့ အလွန်ကြီးမားတဲ့ ဆုံးရှုံးမှုတွေ ဖြစ်သွားစေခဲ့ပြီ။ အမေရိကန် အုပ်စိုးသူ လူတန်းစားကို စစ်သွေးကြွနေတဲ့ ‘Epstein class’ လို့ လူတော်တော်များများက ပြောလာကြတယ်။ ဒါ့ကြောင့် သူတို့ကို သာမန် လူထုက ယုံကြည်မှု ကင်းမဲ့လာပြီး ရွံရှာစက်ဆုပ်လာကြတယ်။
လီနင် ထောက်ပြခဲ့သလိုပဲ နယ်ချဲ့စစ်ပွဲက ပဋိပက္ခ အားလုံးကို သိပ်သည်း ပြင်းထန်စေတယ်။ စစ်ရှူံးရင် ဒီထက် ပိုဆိုးတာပေါ့။ အလုပ်သမားထုနဲ့ လူငယ်တွေက ဒီအရေးအခင်းတွေကနေ အရေးကြီး ကောက်ချက်တွေ ဆွဲလာကြလိမ့်မယ်။ အပစ်ရပ်ရေးကို အဖြစ်မှန်အတိုင်း မြင်လာကြမယ်။ သူတို့ဟာ သဘောတရားရေး ဆင်ခြင်သုံးသပ်မှုတွေ ထိုင်လုပ်ရင်း တော်လှန်ရေး လမ်းကြောင်းကို ရှာဖွေနေတာ မဟုတ်ဘူး၊ ယူအက်(စ်) ပါဝါ ကျဆင်းမှုနဲ့ Trumpism ရဲ့ လမ်းဆုံးမှာ သူတို့ကိုယ်တိုင် ရင်ဆိုင် ဖြတ်သန်းနေရတဲ့ ခါးသီးတဲ့ ဘဝ အတွေ့အကြုံကနေ တော်လှန်ရေး လမ်းကို ရှာဖွေလာခြင်း ဖြစ်တယ်။
ယူအက်(စ်)မှာ လူနေမှု အဆင့်အတန်းတွေ ဆိုးဆိုးရွားရွား ထိခိုက်လာတယ်၊ မကြာခင် ကာလမှာ ထရမ့်ကို အလုပ်သမားထုရဲ့ ပြဿနာတွေ ဖြေရှင်းပေးသူအဖြစ် မြင်မှာ မဟုတ်တော့ဘူး၊ ပြဿနာတွေ ပိုဆိုးစေသူအဖြစ် မြင်လာကြလိမ့်မယ်။ ဒေါ်နယ်ထရမ့်ရဲ့ ကရားရေလွှတ် ပြောစကားတွေ၊ လေကြီးမိုးကြီး သင်္ကြန်အမြောက် ဖောက်သံတွေကို ‘တကယ့် ပြဿနာတွေအတွက် အဖြေမရှိတဲ့ သမ္မတ တယောက်ရဲ့ ကြိမ်းမောင်းသံတွေ’ လို့ အမှန်အတိုင်း မြင်လာကြလိမ့်မယ်။ သူဟာ အမေရိကကို တကျော့ပြန် အင်အားကြီးအောင် စွမ်းဆောင်နိုင်တဲ့ သမ္မတ ဖြစ်မလာဘဲ ယူအက်(စ်) ပါဝါ ကျဆင်းမှုကို အရှိန်နဲ့ ထိုးကျအောင် လုပ်ခဲ့သူအဖြစ် မြင်လာကြလိမ့်မယ်။
အရှေ့အလယ်ပိုင်း အကျပ်အတည်းဟာ ဒါတွေ အားလုံးကို ပြတ်ပြတ်ထင်ထင် ဆွဲထုတ်ပြလိုက်ပြီ၊ သန်းပေါင်းများစွာသော ပြည်သူတွေရဲ့ အသိစိတ်အပေါ် နက်နက်ရှိုင်းရှိုင်း သက်ရောက်မှု ရှိသွားပြီ။ ထရမ့်ကို အာဏာရသွားစေခဲ့တဲ့ ညွှန့်ပေါင်း အင်အားတွေ လူတန်းစားအလိုက် ကွဲထွက်သွားပြီဆိုရင် ရှေ့ကာလမှာ အလွန် ပြင်းထန်တဲ့ လူတန်းစား တိုက်ပွဲကို မြင်တွေ့ရလိမ့်မယ်။
Iran ceasefire: Trump’s humiliating climbdown By Victor Murray Vedsø, 08 April 2026
လန်းနာ့(ဒ်) မြန်မာလို ဆီလျော်အောင် ဘာသာပြန်ထားခြင်း ဖြစ်ပါတယ်။