ဘာ့ကြောင့် ကွန်မြူနစ် အင်တာနေရှင်နယ် လိုအပ်သလဲ

ကွန်မြူနစ် အင်တာနေရှင်နယ်နဲ့ ဗကပ ဆောင်းပါးမှာ ဗကပရဲ့ ဆုံးဖြတ်ချက်ကို အခုလို တွေ့ရတယ်။ ဗကပက “CI လို နိုင်ငံတကာ အဖွဲ့ချုပ် မလိုအပ်ဘူးလို့ ပြတ်ပြတ်သားသား ယုံကြည်ယူဆတယ်။ တိုင်းပြည်တိုင်းနဲ့ ပြည်သူတိုင်းမှာ ကိုယ်စီအကျိုးစီးပွား ရှိကြတယ်။ အကျိုးစီးပွားချင်း တထပ်တည်း မရှိနိုင်ဘူးလို့ ပြတ်ပြတ်သားသား ယုံကြည်ယူဆတယ်”။ (ဗကပရဲ့ အာဘော် ‘ပြည်သူ့အာဏာ’ ဂျာနယ် အမှတ် ၃၃ မှ)

ဒီနေရာမှာ စကားလုံး အသုံးအနှုန်း ရှင်းလင်းမှု ရှိဖို့ အလွန် အရေးကြီးပါတယ်၊ ကွန်မြူနစ် အင်တာနေရှင်နယ် CI ဆိုတာ federation လို “အဖွဲ့ချုပ်” သဘော မဟုတ်ဘူး။ အင်တာနေရှင်နယ်ဆိုတာ Democratic Centralism အပေါ် အခြေခံပြီး တည်ဆောက်ထားတဲ့ ကမ္ဘာ့ အလုပ်သမား လူတန်းစား ပါတီကြီး ဖြစ်တယ်။

ဗကပကတော့ ကွန်မြူနစ် အင်တာနေရှင်နယ် မလိုအပ်ဘူးလို့ ပြတ်ပြတ်သားသား ယုံကြည်ကြောင်း ဆိုထားတယ်။ ကျနော်တို့ကတော့ ကမ္ဘာ့ အလုပ်သမား လူတန်းစားအနေနဲ့ ကွန်မြူနစ် အင်တာနေရှင်နယ်ကို မရှိမဖြစ် လိုအပ်ကြောင်း အခိုင်အမာ ယုံကြည်တယ်။

ဒါ့ကြောင့် ဒီကနေ့ ကျရောက်တဲ့ ကမ္ဘာ့ အလုပ်သမားထုရဲ့ မေဒေးနေ့မှာ ‘In Defence of Marxism’ မဂ္ဂဇင်း အမှတ် ၄၅၊ အယ်ဒီတာ့အာဘော်မှာ Alan Woods ရေးခဲ့တဲ့ ‘Why we need a communist international’ ဆောင်းပါးကို မြန်မာပြန် ဖော်ပြပေးလိုက်ပါတယ်။

ဘာ့ကြောင့် ကွန်မြူနစ် အင်တာနေရှင်နယ် လိုအပ်သလဲ

Editorial by Alan Woods

ကွန်မြူနစ်ဝါဒဟာ အင်တာနေရှင်နယ်ဝါဒ ဖြစ်တယ်၊ မဟုတ်ရင်တော့ အလကားပဲ။ ကွန်မြူနစ် လှုပ်ရှားမှု အာရုဏ်သစ်ချိန်ကတည်းက မာ့(က်စ်)နဲ့ အန်းဂယ်(လ်စ်)တို့က ကွန်မြူနစ် ကြေငြာစာတန်းထဲမှာ အလုပ်သမားထုမှာ နိုင်ငံ မရှိဘူးလို့ ရှင်းပြထားခဲ့ပြီး ဖြစ်တယ်။

သိပ္ပံနည်းကျ ဆိုရှယ်လစ်ဝါဒကို စတင်အုတ်မြစ်ခဲ့သူတွေဟာ ဂျာမန် ပါတီတခု တည်ဆောက်ဖို့ ကြိုးပမ်းခဲ့တာ မဟုတ်ဘူး၊ အင်တာနေရှင်နယ်တခု ထူထောင်ဖို့ ကြိုးပမ်းခဲ့ခြင်း ဖြစ်တယ်။ လီနင်၊ ထရော့စကီး၊ ရိုဆာ လူဇင်ဘတ်နဲ့ ကား(လ်)လိ(ဘ်)နက်(ခ်)တို့ဟာလဲ ဒီရည်မှန်းချက်ကို အကောင်အထည်ဖော်ဖို့ သူတို့ တဘဝလုံး မြှုပ်နှံထားခဲ့ကြတယ်။

သူတို့ရဲ့ အင်တာနေရှယ်နယ်ဝါဒဟာ စိတ်ခံစားချက်တွေကြောင့် ထွက်ပေါ်လာခြင်း မဟုတ်သလို စိတ်ကူးတည့်သလို ကြွေးကြော်ထားတာလဲ မဟုတ်ဘူး။ အရင်းရှင် စနစ်က ကမ္ဘာ့ စနစ် ဖြစ်သွားပြီ ဆိုတဲ့ အချက်ကနေ ထွက်ပေါ်လာခြင်း ဖြစ်တယ်။ မတူညီတဲ့ နိုင်ငံအလိုက် စီးပွားရေးတွေ၊ ​ဈေးကွက်တွေကနေ ခွဲဖြတ်မရအောင် အပြန်အလှန် မှီခိုနေတဲ့ “one single whole” ထွက်ပေါ်လာတယ် – အဲဒါကတော့ ကမ္ဘာ့ ဈေးကွက်ပဲ။

ဒီကနေ့ခေတ်မှာဆိုရင် မာ့(က်စ်)ဝါဒ တည်ထောင်သူတွေရဲ့ ခန့်မှန်းချက်ကို ဓာတ်ခွဲခန်းထဲ စမ်းသပ်ထားသည့်အလား ထူးခြားပြောက်မြောက်စွာ သက်သေပြခဲ့ပြီး ဖြစ်တယ်။ ကမ္ဘာ့ ဈေးကွက်က လုံးလုံးလျားလျား ကြီးစိုးမင်းမူထားတဲ့ အခြေအနေဟာ ကျနော်တို့ ခေတ်ရဲ့ အရေးကြီးဆုံး အချက် ဖြစ်နေပြီ။

မာ့(က်စ်)နဲ့ အန်းဂယ်(လ်စ်)တို့ရဲ့ ကြေငြာစာတန်းလောက် ခေတ်မီတဲ့ စာအုပ် မရှိဘူး။ အဲဒီ ကြေငြာစာတန်းမှာ လူအဖွဲ့အစည်းအတွင်း လူတန်းစားတွေ ကွဲသွားပုံကို ရှင်းပြတယ်၊ ဂလိုဘယ်လိုင်ဇေးရှင်း ဖြစ်စဉ်၊ overproduction အကျပ်အတည်း၊ နိုင်ငံတော်ရဲ့ သဘောသဘာဝ၊ သမိုင်း ဖြစ်ပေါ်တိုးတက်မှုရဲ့ အခြေခံ မောင်းနှင်အားတွေကို ရှင်းပြထားတယ်။

သို့သော် အမှန်ကန်ဆုံး အတွေးအခေါ်တွေတောင် စည်းရုံးစုဖွဲ့မှုနဲ့ လက်တွေ့ ဖော်ပြချက်သာ မရှိရင် ဘာမှ အရာ မထင်နိုင်ဘူး။ ဒါ့ကြောင့် သိပ္ပံနည်းကျ ဆိုရှယ်လစ်ဝါဒကို စတင်အုတ်မြစ်ချသူတွေဟာ အလုပ်သမား လူတန်းစားရဲ့ အင်တာနေရှင်နယ် အဖွဲ့အစည်းကြီး ထူထောင်ဖို့ မနားမနေ အလုပ်လုပ်ခဲ့ကြတယ်။

မာ့(က်စ်)နဲ့ အန်းဂယ်(လ်စ်)တို့ဟာ ပထမ အင်တာနေရှင်နယ်လို့ လူသိများတဲ့ အင်တာနေရှင်နယ် အလုပ်သမား အဖွဲ့အစည်း (IWA) တည်ဆောက်ရာမှာ အဓိက အခန်းက ပါဝင်ခဲ့တယ်။ အစပိုင်းမှာ ဒီအဖွဲ့အစည်းအတွင်း ဝိရောဓိသဘောဆောင်တဲ့ အင်အားစု အမျိုးမျိုး ပါဝင်ခဲ့တယ်။ သဘောတရားရေး ရှင်းလင်းပြတ်သားမှု ရှိအောင် မာ့(က်စ်)နဲ့ အန်းဂယ်(လ်စ်)တို့ မဖြစ်မနေ တိုက်ပွဲဝင်ခဲ့ရတယ်။

သဘောတရားရေး တိုက်ပွဲကို မျက်နှာစာ နှစ်ခုမှာ ဆင်နွှဲခဲ့ရတယ်။ အချောင်သမားဆန်တဲ့ အလုပ်သမား သမဂ္ဂ ခေါင်းဆောင်တွေရဲ့  ပြုပြင်ရေးဝါဒ အတွေးအခေါ်ကို စစ်မျက်နှာ တဖက်မှာ တိုက်ပွဲဆင်ခဲ့ရတယ်။

အခြားတဖက်မှာတော့ အန်နားခစ်၊ လက်ဝဲစွန်း ဂိုဏ်းခွဲရေး အင်အားစုတွေကို မာ့(က်စ်)နဲ့ အန်းဂယ်(လ်စ်)တို့ တောက်လျှောက် တိုက်ပွဲဆင်ခဲ့ရတယ်။ ဒီကနေ့ခေတ်မှာလဲ သိပ်မထူးပါဘူး။ ကွန်မြူနစ်တွေဟာ အလားတူ ပြဿနာတွေကို ရင်ဆိုင်နေရဆဲ၊ အလားတူ ရန်သူတွေကို တိုက်ပွဲဝင်နေရဆဲ ဖြစ်တယ်။ အမည်နာမတွေသာ ပြောင်းချင်ပြောင်းသွားမယ်၊​ အနှစ်သာရကတော့ အတူတူပဲ။

သို့သော် မာ့(က်စ်)နဲ့ အန်းဂယ်(လ်စ်)တို့က သဘောတရားရေး တိုက်ပွဲ ဆင်နွှဲရုံသက်သက် လုပ်ခဲ့တာ မဟုတ်ဘူး။ အင်တာနေရှင်နယ်ဟာ အလုပ်သမား လူတန်းစား ရင်ဆိုင်နေရတဲ့ နေ့တဓူဝ ပြဿနာတွေကို လက်ပိုက်ကြည့်မနေခဲ့ဘူး။ အင်တာနေရှင်နယ်ဟာ အလုပ်သမား လှုပ်ရှားမှုအတွင်းက လက်တွေ့ အလုပ်တွေကို မပြတ် လုပ်ဆောင်ခဲ့တယ်။

ကွန်မြူနစ်ဝါဒရဲ့ ဘူဇွာ ရန်သူတွေ လိမ်လည် ပုံဖော်ထားတာနဲ့ ပြောင်းပြန်ပဲ၊ ကား(လ်)မာ့(က်စ်)ရဲ့  လုပ်နည်းလုပ်ဟန်တွေမှာ အာဏာရှင်ဆန်တာ လုံးဝ မရှိဘူး။ ပြုပြင်ရေးဝါဒဘက် ညွှတ်နေတဲ့ အလုပ်သမားတွေနဲ့ ဆက်ဆံရာမှာ မာ့(က်စ်)က အင်မတန် စိတ်ရှည်ပြီး လိမ္မာပါးနပ်မှု ရှိတယ်။ မာ့(က်စ်)က အန်းဂယ်(လ်စ်)ဆီ ရေးတဲ့ စာထဲမှာ –

“အလုပ်သမား လှုပ်ရှားမှုရဲ့ လတ်တလော ရှုထောင့်ကကြည့်ရင် ငါတို့ အမြင်ကို လက်သင့်ခံနိုင်စရာ ဖြစ်အောင် ပုံဖော်ရတာ အလွန် ခက်တယ်။ […] တကျော့ပြန် နိုးထလာတဲ့ လှုပ်ရှားမှုက အရင်လို ရဲရဲရင့်ရင့် ပြောဆိုမှုမျိုး ခွင့်ပြုပေးဖို့ အချိန်ယူရဦးမယ်။ fortiter in re, suaviter in modo ဖြစ်ဖို့ လိုအပ်နေတယ် [လုပ်နည်းလုပ်ဟန် ပျော့ပြောင်းပြီး အတွေးအခေါ် အနှစ်သာရပိုင်း ရဲရင့်ပြတ်သားရမယ်]။”

ဒါဟာ အလုပ်သမား လူတန်းစားရဲ့ လူထု အဖွဲ့အစည်းတွေထဲ လေးလေးနက်နက် အလုပ်လုပ်လိုတဲ့ ဒီကနေ့ ကွန်မြူနစ်တွေအတွက် အလွန်ကောင်းတဲ့ အကြံပေးချက်ပဲ။

ပထမ အင်တာနေရှင်နယ်ရဲ့ အဆုံးသတ်

အင်တာနေရှင်နယ်ဟာ ရှေ့ကို အများကြီး တက်လှမ်းနိုင်ခဲ့တယ်။ ဒါပေမဲ့ ၁၈၇၁ ပါရီ ကွန်မြူး အရေးနိမ့်သွားခြင်းဟာ အင်တာနေရှင်နယ်ကို သေလောက်တဲ့ ဒဏ်ရာရသွားစေခဲ့တယ်။ ဒီနောက် ဖြစ်ပေါ်လာတဲ့ ဖောက်ပြန်ရေး လှိုင်းလုံးကြီးကြောင့် အင်တာနေရှင်နယ်ဟာ ပြင်သစ်မှာ အလုပ် ဆက်လုပ်လို့ မရတော့ဘူး။ နေရာတိုင်းမှာ အင်တာနေရှင်နယ်ကို အရေးယူ နှိပ်ကွပ်ခဲ့ကြတယ်။

သို့သော် အင်တာနေရှင်နယ် ကြုံတွေ့ရတဲ့ အခက်အခဲတွေရဲ့ အဓိက လက်သည်က ကွန်မြူး အရေးနိမ့်ပြီး နောက်ပိုင်း ကမ္ဘာတလွှား အရင်းရှင်စနစ် အတက်ကာလကို ရောက်သွားခဲ့လို့ပဲ။ ဒီလို အခြေအနေမှာ လေဘာ လှုပ်ရှားမှုအပေါ် သက်ရောက်လာတဲ့ အရင်းရှင်စနစ် ဖိအားတွေကြောင့် အဖွဲ့အစည်းအတွင်း သဘောကွဲလွဲမှုနဲ့ ဂိုဏ်းဂဏ တိုက်ပွဲတွေ ထွက်ပေါ်လာခဲ့တယ်။

မှန်းချက်နဲ့ နှမ်းထွက်မကိုက်ဖြစ်ပြီး စိတ်ပျက်လက်ပျက် ဖြစ်ကုန်တဲ့ ယေဘုယျ လေထုကို အမှီပြုရင်း ဘာကူနင်နဲ့ သူ့နောက်လိုက်တွေရဲ့ ခြေပုန်းခုတ် လုပ်ရပ်တွေ ပိုပြင်းထန်လာခဲ့တယ်။ ဒီလို အကြောင်းတွေကြောင့် မာ့(က်စ်)နဲ့ အန်းဂယ်(လ်စ်)တို့က အင်တာနေရှင်နယ် ဌာနချုပ်ကို နျူးယော့(ခ်)ကို ရွှေ့ဖို့ ကနဦး အဆိုပြုခဲ့ခြင်း ဖြစ်တယ်။ နောက်ဆုံးမှာတော့ အင်တာနေရှင်နယ်ကို ဖျက်ပစ်လိုက်တာက ပိုကောင်းလိမ့်မယ် (အနည်းဆုံးတော့ လက်ရှိ အချိန်မှာ အဲဒါက ပိုကောင်းလိမ့်မယ်) လို့ ဆုံးဖြတ်ခဲ့ကြတယ်။ ပထမ အင်တာနေရှင်နယ် (IWA) ကို ၁၈၇၆ မှာ တရားဝင် ဖျက်သိမ်းခဲ့တယ်။ အချိန်တခု ကြာတဲ့အထိ အင်တာနေရှင်နယ် မရှိခဲ့ဘူး။

ဒုတိယ အင်တာနေရှင်နယ်

ပထမ အင်တာနေရှင်နယ် (IWA) ဟာ စစ်မှန်တဲ့ တော်လှန်သော အင်တာနေရှင်နယ်တခု တည်ဆောက်ဖို့ လိုအပ်တဲ့ သီအိုရီ အုတ်မြစ်ကို အခိုင်အမာ ချပေးနိုင်ခဲ့တယ်။ ဒါပေမဲ့ ပထမ အင်တာနေရှင်နယ်ဟာ ထုနဲ့ထည်နဲ့ အင်အားကောင်းတဲ့ အလုပ်သမား အင်တာနေရှင်နယ် မဖြစ်ခဲ့ဘူး။ အနာဂတ်မှာ အင်အားကောင်းတဲ့ အင်တာနေရှင်နယ်တခု ပေါ်ထွန်းလာနိုင်အောင် ရှေ့ပြေး ကြိုးပမ်းချက်သာ ဖြစ်ခဲ့တယ်။

ဆိုရှယ်လစ် အင်တာနေရှင်နယ် (ဒုတိယ အင်တာနေရှင်နယ်) ကို ၁၈၈၉ ခုနှစ်မှာ စတင် ထူထောင်ခဲ့တယ်။ ပထမ အင်တာနေရှင်နယ် ရပ်ထားခဲ့တဲ့ နေရာမှာ ဒုတိယ အင်တာနေရှင်နယ် စတင်ခဲ့ခြင်း ဖြစ်တယ်။ ပထမ အင်တာနေရှင်နယ်နဲ့ မတူတာက ဒုတိယ အင်တာနေရှင်နယ်မှာ လူထု ထောက်ခံမှု အခြေခံ ရှိတယ်။ ဒုတိယ အင်တာနေရှင်နယ်ကို ဂျာမနီ၊ ပြင်သစ်၊ ဗြိတိန်၊ ဘယ်(လ်)ဂျီယံနဲ့ အခြားသော တိုင်းပြည်တွေက အင်အားကြီး ပါတီတွေ၊ အလုပ်သမား သမဂ္ဂတွေနဲ့ ဖွဲ့စည်း တည်ဆောက်ထားခြင်း ဖြစ်တယ်။

၁၈၇၁-၁၉၁၄ ကာလဟာ ဆိုရှယ် ဒီမိုကရေစီ အားကောင်းတဲ့ ကာလပဲ။ ဆိုရှယ် ဒီမိုကရေစီဟာ အနည်းဆုံးတော့ စကားလုံးအားဖြင့် တော်လှန်သော မာ့(က်စ်)ဝါဒ အခြေခံပေါ် ရပ်တည်ခဲ့တယ်။ သို့သော် ဖြစ်ချင်တော့ အင်တာနေရှင်နယ် အသစ်က အရင်းရှင်စနစ် အလွန် အားကောင်းတဲ့ အတက် ကာလမှာ ပေါ်ထွန်းလာခြင်း ဖြစ်တယ်။

ကာလတာရှည် စီးပွားရေး တိုးတက်မှု ရှိခဲ့တဲ့ အရင်းရှင်စနစ်ဟာ အလုပ်သမား လူတန်းစားကို လိုက်လျောချက်တွေ ပေးနိုင်လာတယ်၊ ဒီထက် တိတိကျကျ ပြောရရင် အလုပ်သမား လူတန်းစားထဲက အထက်လွှာကို လိုက်လျောချက်တွေ ပေးနိုင်ခဲ့တယ်။ ဒီလိုနဲ့ အခွင့်ထူးခံ လေဘာ အထက်တန်းလွှာ ပေါ်ထွက်လာခဲ့တယ်။

ဆိုရှယ်ဒီမိုကရက် ခေါင်းဆောင်တွေက သူတို့ ရည်မှန်းချက်တွေကို တော်လှန်ရေး မဆင်နွှဲဘဲ အကောင်အထည် ဖော်နိုင်တယ်လို့ လက်ခံ ယုံကြည်သွားတယ်။ အလုပ်သမား လူတန်းစား ရင်ဆိုင်နေရတဲ့ ပြဿနာတွေကို ပြုပြင်ပြောင်းလဲမှုတွေ လုပ်ပြီး ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ဖြေးဖြေးချင်း ဖြေရှင်းသွားနိုင်လိမ့်မယ်လို့ သူတို့ ယုံကြည်လာခဲ့တယ်။

သူတို့ရဲ့ မေဒေး မိန့်ခွန်းတွေမှာ လူတန်းစား စစ်ပွဲ စကားလုံးတွေကို ဆက်သုံးနေဆဲ ဆိုပေမဲ့ ဆိုရှယ်ဒီမိုကရက် ခေါင်းဆောင်တွေဟာ မာ့(က်စ်)ဝါဒ သီအိုရီတွေကို ခေတ်ကုန်သွားပြီလို့ သဘောထားတယ်၊ ဖြေးဖြေးချင်း ပြုပြင်ပြောင်းလဲတဲ့ နည်းကို ‘လက်တွေ့ကျတဲ့’ နိုင်ငံရေးလို့ သူတို့က ယူဆတယ်။

မာ့(က်စ်)ရဲ့ တပည့်ဟောင်း ဖြစ်ခဲ့ဖူးတဲ့ အက်(ဒ်)ဝပ် ဘန်းစတိန်းလို လူတွေက မာ့(က်စ်)ဝါဒကို ပြန်လည်ပြင်ဆင်ဖို့ ကြိုးစားရင်း ဒီလို နောက်လှန်ကျသွားခြင်းကို တရားထူထောင်ဖို့ လုပ်ခဲ့ကြတယ်။

ဒါပေမဲ့ ဒုတိယ (ဆိုရှယ်လစ်) အင်တာနေရှင်နယ် အဖွဲ့ကြီး အမျိုးသားရေး-ပြုပြင်ရေးဝါဒ လှိုက်စားပြီး ပျက်စီးသွားရတဲ့ ရုပ်အခြေခံ အကြောင်းတရားက အရင်းရှင်စနစ်ရဲ့ ပကတိဘာဝ အခြေအနေတွေမှာ မြစ်ဖျားခံပါတယ်။ အဲဒီကာလ အရင်းရှင်စနစ်ရဲ့ ပကတိဘာဝ အခြေအနေတွေက ပြန်လည်ပြင်ဆင်ရေးဝါဒီတွေ မှန်ကန်ကြောင်း သက်သေထူပေးနေသလို ဖြစ်ခဲ့တယ်။

သို့သော် ၁၉၁၄ ခုနှစ်မှာ ပြုပြင်ရေးဝါဒ ဗိမာန်ကြီးတခုလုံး ပေါက်ကွဲ လွင့်စင်သွားတော့တယ်။ ဒုတိယ အင်တာနေရှင် ခေါင်းဆောင်တွေက စစ်အသုံးစရိတ် ချေးငွေကို ပါလီမန်မှာ ထောက်ခံမဲပေးခဲ့တယ်၊ ပထမ ကမ္ဘာစစ် ဆိုတဲ့ နယ်ချဲ့ သားသတ်ပွဲကြီးမှာ “သူတို့ရဲ့” ဘူဇွာတွေကို ထောက်ခံခဲ့ကြတယ်။

စစ်ကြီးနဲ့ စစ်ကြီးကနေ ပေါက်ဖွားလာတဲ့ ရုရှား တော်လှန်ရေးတို့က တော်လှန်ရေးနဲ့ တန်ပြန် တော်လှန်ရေးတွေ ပြင်းထန်မဲ့ ဝရုန်းသုန်းကား ခေတ်ကြီးတခေတ် အစပြုကြောင်း ကြေညာပေးလိုက်တာပဲ။ အဲဒီ ရုပ်ဘဝ အခြေခံပေါ်မှာ အလုပ်သမား အင်တာနေရှင်နယ် အသစ် မွေးဖွားလာခြင်း ဖြစ်တယ်။

ကွန်မြူနစ် အင်တာနေရှင်နယ်

ဒုတိယ အင်တာနေရှင်နယ်ဟာ လူ့အဖွဲ့အစည်း ပြောင်းလဲရေးအတွက် အသုံးမဝင်တော့ဘူး၊ သေသွားပြီလို့ ၁၉၁၄ ကတည်းက လီနင် ကောက်ချက်ဆွဲခဲ့တယ်။ အဲဒီအချိန်မှာ တော်လှန်ရေးသမား အင်တာနေရှင်နယ်ဝါဒီ လက်တဆုပ်စာပဲ ရှိပေမဲ့ တတိယ အင်တာနေရှင်နယ် အသစ် ထူထောင်ဖို့ လီနင် ကြေညာခဲ့တယ်။

အင်တာနေရှင်နယ်ဝါဒီ အင်အားစုဟာ ဆိုရှယ် ရှိူဗင်နစ် ခေါင်းဆောင်တွေရဲ့ ဩဇာအောက် ရောက်နေပြီး ပြည်ချစ်ဝါဒ အဆိပ်တက်နေတဲ့ လူထုနဲ့ ကင်းကွာနေခဲ့တယ်။ အရေးအခင်းကြီးတွေ ဖြစ်လာမှသာ ဒီအခြေအနေကို ပြောင်းလဲပစ်နိုင်တယ်။ ၁၉၁၇ မှာ ရုရှား တော်လှန်ရေး ထဖြစ်တော့ အဲဒီ အခြေအနေ ပြောင်းလဲသွားခဲ့တယ်။

လီနင်နဲ့ ထရော့စကီးတို့က ရုရှား အလုပ်သမား လူတန်းစားကို ဦးဆောင်ပြီး အာဏာ အရယူနိုင်ခဲ့တယ်။ ဒီနောက် ၁၉၁၉ မှာ တတိယ (ကွန်မြူနစ်) အင်တာနေရှင်နယ်ကို စတင် အုတ်မြစ်ချနိုင်ခဲ့တယ်။

ကွန်မင်တန်လို့ လူသိများတဲ့ တတိယ အင်တာနေရှင်နယ်ဟာ သူ့ရှေ့က အင်တာနေရှင်နယ် နှစ်ခုလုံးထက် အရည်အသွေးအရ မြင့်မြင့်မားမား ရပ်တည်နိုင်ခဲ့တယ်။ ပထမ အင်တာနေရှင်နယ်လိုပဲ သန့်ရှင်းစင်ကြယ်တဲ့ တော်လှန်သော အင်တာနေရှင်နယ်ဝါဒ ပရိုဂရမ်အတိုင်း ရပ်တည်တယ်။ ဒုတိယ အင်တာနေရှင်နယ်လို သန်းပေါင်းများစွာသော လူထု ထောက်ခံမှု အခြေခံ ရှိခဲ့တယ်။

လီနင်နဲ့ ထရော့စကီးတို့ ခေါင်းဆောင်ခဲ့တဲ့ ကွန်မြူနစ် အင်တာနေရှင်နယ်ဟာ မှန်ကန်တဲ့ တော်လှန်ရေး လမ်းကြောင်းကို ဖော်ထုတ်နိုင်ခဲ့တယ်။ ကမ္ဘာ့ တော်လှန်ရေး ကြမ္မာဟာ အလားအလာ ကောင်းခဲ့တယ်။

သို့သော် ရုပ်ပိုင်းဆိုင်ရာ၊ ယဉ်ကျေးမှုဆိုင်ရာ အလွန်တရာ ခေတ်နောက်ကျတဲ့ အခြေအနေမှာ ရုရှား တော်လှန်ရေး အထီးတည်းဖြစ်နေခြင်းကြောင့် ဗျူရိုကရေစီ အားကောင်းလာပြီး တော်လှန်ရေးလဲ ယိုယွင်းပျက်စီးသွားခဲ့တယ်။

၁၉၂၄ လီနင် ကွယ်လွန်သွားပြီး နောက်ပိုင်း စတာလင် ခေါင်းဆောင်တဲ့ ဗျူရိုကရက် ဂိုဏ်းက အာဏာရသွားခဲ့တယ်။ ရုရှားမှာ စတာလင်နစ်ဇင် ကြီးထွားလာခြင်းဟာ တတိယ အင်တာနေရှင်နယ်ရဲ့  အလွန်တရာ အားကောင်းတဲ့ အလားအလာတွေကို ငြှိမ်းသတ်ပစ်ခဲ့တယ်။

ဆိုဗီယက် ပြည်ထောင်စုကြီး စတာလင်နစ် လမ်းကြောင်းအတိုင်း ယိုယွင်းပျက်စီးသွားခြင်းဟာ အခြားသော တိုင်းပြည်တွေက အတွေ့အကြုံ နုနယ်ပြီး ရင့်ကျက်မှု မရှိသေးတဲ့ ကွန်မြူနစ် ပါတီ ခေါင်းဆောင်တွေကို ဗြောင်းဆန်သွားစေခဲ့တယ်။

‘ဆိုရှယ်လစ် စနစ်ကို တိုင်းပြည်တခုထဲ တည်ဆောက်ခြင်း’

ဆိုရှယ်လစ် စနစ်ကို တိုင်းပြည်တခုထဲ တည်ဆောက်ခြင်း ဆိုတဲ့ သီအိုရီကို လိုက်ခံလိုက်ရင် ကွန်မြူနစ် ပါတီတွေဟာ အမျိုးသားရေးဝါဒ လှိုက်စားပြီး ပျက်စီးခြင်း ဆိုက်သွားလိမ့်မယ်လို့ ၁၉၂၈ ခုနှစ်မှာ ထရော့စကီး ကြိုတင်ခန့်မှန်းခဲ့တယ်။ အဲဒီ ဟောကိန်း မှန်ကန်ကြောင်း သမိုင်းက လုံးလုံးလျားလျား သက်သေပြခဲ့ပြီး ဖြစ်တယ်။

ဆိုရှယ်လစ် စနစ်ကို တိုင်းပြည်တခုထဲ တည်ဆောက်ခြင်း ဆိုတဲ့ အဲဒီ သီအိုရီက အင်တာနေရှင်နယ် လီနင်ဝါဒီနဲ့ အပြီးတိုင် လမ်းခွဲသွားခြင်း ဖြစ်တယ်။ ဒါဟာ ကွန်မြူနစ် အင်တာနေရှင်နယ်ကို မော်စကို နိုင်ငံခြားရေး ပေါ်လစီအတွက် လက်ကိုင်တုတ်လောက်ပဲ သဘောထားတဲ့ ဗျူရိုကရေစီရဲ့ ကျဉ်းမြောင်းသော အမျိုးသားရေးဝါဒ အမြင်ကို ဖော်ထုတ်ထားခြင်း ဖြစ်တယ်။ ကွန်မင်တန်ကို ကောက်ကျစ်စဉ်းလဲတဲ့ သူ့ရည်ရွယ်ချက်တွေအတွက် အသုံးချခဲ့တဲ့ စတာလင်ဟာ ၁၉၄၃ ရောက်တော့ ဟန်ပြ ကွန်ဂရက်တောင် မခေါ်ဘဲ ဖျက်သိမ်းပစ်ခဲ့တယ်။

ထရော့စကီးနဲ့ လက်ဝဲ အတိုက်အခံ အင်အားစုဟာ စတာလင်နစ် ဖောက်ပြန်ရေးကို ဆန့်ကျင်ပြီး သန့်ရှင်းစင်ကြယ်တဲ့ အောက်တိုဘာ တော်လှန်ရေး အစဉ်အလာတွေကို ခုခံကာကွယ်ဖို့ ကြိုးစားခဲ့တယ်။ လီနင်ဝါဒ အစဉ်အလာတွေဖြစ်တဲ့ အလုပ်သမားထု ဒီမိုကရေစီနဲ့ အလုပ်သမား လူတန်းစား အင်တာနေရှင်နယ်ဝါဒဘက်က သူတို့ ရပ်တည်ခဲ့ကြတယ်။ ဒါပေမဲ့ အားကောင်းလှတဲ့ သမိုင်း ဒီရေက သူတို့ဘက်မှာ မရှိခဲ့ဘူး၊ သူတို့ဟာ မနိုင်မဲ့ တိုက်ပွဲကို တိုက်ခဲ့ရတယ်။

၁၉၃၈ ခုနှစ်မှာ ထရော့စကီးက စတုတ္ထ အင်တာနေရှင်နယ် ထူထောင်ကြောင်း ကြေညာပြီး မျိုးဆက်သစ်ကို သန့်ရှင်းတဲ့ တော်လှန်ရေး အလံကို လက်ဆင့်ကမ်းပေးခဲ့တယ်။ သို့သော် ထရော့စကီး လုပ်ကြံခံရပြီးနောက်ပိုင်း ကျန်ရစ်တဲ့ ခေါင်းဆောင်တွေရဲ့ အမှားတွေကြောင့် စတုတ္ထ အင်တာနေရှင်နယ် ပျက်စီးခဲ့ရတယ်။

ထရော့စကီးရဲ့ ဦးဆောင်ပဲ့ကိုင်မှု မရှိတော့တဲ့ စတုတ္ထ အင်တာနေရှင်နယ်ဟာ သား‌လျှောသွားခဲ့တယ်။ ဆယ်စုနှစ်တွေ ကြာတဲ့နောက် စတုတ္ထ အင်တာနေရှင်နယ်ရဲ့ လက်ကျန် အဖွဲ့ အားလုံးဟာ ဂိုဏ်းဂဏဆန်တဲ့ သင်းကွဲလေးတွေ ဖြစ်နေပြီ။ တခုထက် တခု ပိုပြီး ကြောင်စီစီနိုင်တဲ့ သင်းကွဲလေးတွေ ဖြစ်သွားတယ်။

ဒီအုပ်စုလေးတွေဟာ အတောမသတ်နိုင်တဲ့ ရှုပ်ထွေးမှုတွေ ဖြစ်စေရုံကလွဲရင် သူတို့ ဘာမှ မလုပ်နိုင်ခဲ့ဘူး။ ဒီသင်းကွဲဂိုဏ်းတွေဟာ ရဲရင့်တက်ကြွတဲ့ အလုပ်သမား လူတန်းစား ရှေ့မှာ ထရော့စကီးဝါဒကို အမြင်မှားအောင် ပုံဖျက်ပစ်တာပဲ စွမ်းဆောင်နိုင်ခဲ့တယ်။

ဒီကနေ့ အချိန်မှာ စတုတ္ထ အင်တာနေရှင်နယ်က ချန်ထားခဲ့တာဆိုလို့ စတင်အုတ်မြစ်ချခဲ့သူ လီယွန် ထရော့စကီးရဲ့ အတွေးအခေါ်တွေပဲ ရှိတယ်။ ဒီအတွေးအခေါ်တွေက အခုထိ အသက်ဝင် အရေးပါနေတုန်းပဲ။ ဒီအတွေးအခေါ်တွေ ယနေ့တိုင် ရှင်သန်နေအောင် မီးကူးထွန်းညှိပေးခဲ့သူကတော့ သွားလေသူ ရဲဘော် Ted Grant တက်(ဒ်)ဂရန့်ပဲ။ ဒီကနေ့ International Marxist Tendency က အဲဒီ အတွေးအခေါ်တွေကို ကိုယ်စားပြုပါတယ်။

ကွန်မြူနစ် ပါတီများ ယိုယွင်းပျက်စီးသွားခြင်း

ကျနော်တို့ရဲ့ အတွေးအခေါ်ဆိုင်ရာ အမွေကို ဂုဏ်ယူဝင့်ကြွားပါတယ်။ သို့သော် အချက်အလက်တွေကို ကျနော်တို့ တည့်တည့်ကြည့်ရမယ်။ ပထမ အင်တာနေရှင်နယ် ထူထောင်ပြီး နှစ်ပေါင်း ၁၅၀ အကြာ ဒီကနေ့ ခေတ်မှာ ပကတိဘာဝ၊ အတ္တဘာဝ အကြောင်းအချက်တွေကြောင့် တော်လှန်ရေး လှုပ်ရှားမှုဟာ နောက်ပြန်ခေါက်သွားခဲ့တယ်၊ စစ်မှန်သော မာ့(က်စ်)ဝါဒ အင်အားစုဟာ လူနည်းစု ဖြစ်သွားခဲ့တယ်။

ဒီလို ဖြစ်သွားရတဲ့ အကြောင်းတရားတွေကို ပကတိဘာဝ အခြေအနေမှာ အဓိက ရှာရမယ်။ ရှေ့တန်းရောက် အရင်းရှင် တိုင်းပြည်တွေမှာ ဆယ်စုနှစ်များစွာ စီးပွားရေး တိုးတက်မှုတွေ ဖြစ်ခဲ့တယ်၊ ဒီအခြေအနေမှာ အလုပ်သမား လူတန်းစားရဲ့ လူထု အဖွဲ့အစည်းကြီးတွေ မကြုံစဖူး ယိုယွင်းပျက်စီးသွားခဲ့တယ်။ ဒီအခြေအနေဟာ တော်လှန်ရေး အင်အားစုကို အထီးတည်း ဖြစ်သွားစေခဲ့တယ်၊ ဘယ်နေရာကြည့်ကြည့် တော်လှန်ရေး အင်အားစုဟာ လူနည်းစုထဲက လူနည်းစု ဖြစ်ခဲ့တယ်။

ဆိုဗီယက် ပြည်ထောင်စု ပြိုကျသွားခြင်းဟာ စတာလင်နစ် ခေါင်းဆောင်တွေရဲ့ ယိုယွင်းပျက်စီးမှုကို နောက်ဆုံး ချိတ်ပိတ်ပေးလိုက်တာပဲ။ စတာလင်နစ် ခေါင်းဆောင် အများစုဟာ အရင်းရှင်စနစ်ရဲ့ ဖိအားတွေအောက် ဒူးထောက်သွားပြီး ပြုပြင်ရေးဝါဒဘက် ပေါ်တင် ကူးသွားခဲ့တယ်။

ဒါပေမဲ့ ဒင်္ဂါးပြားရဲ့ အခြားဖက်လဲ ရှိသေးတယ်။ လက်ရှိ အကျပ်အတည်းဟာ အရင်းရှင်စနစ်ရဲ့ ဖောက်ပြန်ရေး အခန်းကဏ္ဍကို ဖွင့်ထုတ်ပြပြီး အင်တာနေရှင်နယ် ကွန်မြူနစ်ဝါဒကို တကျော့ပြန် အားကောင်းသွားစေတယ်။

သမိုင်း ဒီရေ

ကျနော်တို့ဟာ ဆယ်စုနှစ်များစွာ ရေစီးကို ဆန်တက်ခဲ့ရတယ်။ ဒါပေမဲ့ အခု သမိုင်းရဲ့ ဒီရေက စပြောင်းလာပြီ။

နေရာတိုင်းကို ကြည့်လိုက်ပါ၊ တည်ငြိမ် အေးဆေးနေတဲ့ အပေါ်ယံ မျက်နှာပြင်အောက်မှာ ဒေါသတွေ၊ နာကျည်းမှုတွေ၊ မကျေနပ်ချက်တွေ၊ အထူးသဖြင့် အားမလို အားမရ ခံပြင်းမှုတွေ ပွက်ပွက်ဆူနေတဲ့ ရေစီးကို တွေ့ရလိမ့်မယ်။ လက်ရှိ နိုင်ငံရေးနဲ့ လူ့အဖွဲ့အစည်းရဲ့ တည်ဆဲ အခြေအနေအပေါ် အခုလို ဒေါသအမျက် ခြောင်းခြောင်းထနေခြင်း ဖြစ်ပါတယ်။

ယူအက်(စ်)မှာတောင် မကျေနပ်ချက်တွေ ကျယ်ကျယ်ပြန့်ပြန့် ရှိနေပြီ၊ လက်ရှိ တည်ဆဲ အခြေအနေကို မေးခွန်းထုတ်နေကြပြီ၊ အရင်က ဒါမျိုး မရှိခဲ့ဘူး။

စီးပွားရေး မျှခြေ ပြန်ရဖို့ ဘူဇွာတွေရဲ့ ကြိုးပမ်းမှု အားလုံးဟာ လူ့အဖွဲ့အစည်းနဲ့ နိုင်ငံရေး မျှခြေကို ဖျက်စီးရာ ရောက်သွားတယ်။ ဘူဇွာ လူတန်းစားဟာ ထွက်ပေါက် မရှိတဲ့ အကျပ်အတည်းထဲ ပိတ်မိရက်သား ဖြစ်နေပြီ။ ဒါဟာ ဒီကနေ့ အခြေအနေကို နားလည်ဖို့ သော့ချက်ပဲ။

ဒီအကျပ်အတည်းဟာ (စီးပွားရေး၊ ဘဏ္ဍာရေး၊ လူမှုရေး၊ နိုင်ငံရေး၊ သံတမန်ရေးနဲ့ စစ်ရေး) ဆိုတဲ့ နယ်ပယ်တိုင်း မှာ မတည်ငြိမ်မှုအဖြစ် ဖော်ပြလျက်ရှိတယ်။

ဒီစနစ်က ပေးလာတဲ့ အနာဂတ်ဆိုလို့ အဆုံးမရှိတဲ့ ဒုက္ခတွေ၊ ရောဂါဘယတွေ၊ စစ်ပွဲတွေနဲ့ လူသားမျိုးနွယ် ပျက်သုဉ်းခြင်းသာ ရှိနိုင်တော့တယ်။ လီနင် ပြောခဲ့သလို ပြောရရင် အရင်းရှင် စနစ်ဆိုတာ အဆုံးမရှိတဲ့ အနိဋ္ဌာရုံတွေပဲ။

သမိုင်းရဲ့ လှည့်ကွက်ပဲ ဆိုရမလား၊ အိုမင်းဟောင်းနွမ်းနေတဲ့ အရင်းရှင်စနစ်နဲ့ ဈေးကွက်ကြီး သူတို့ မျက်စိရှေ့မှာတင် ပြိုလဲနေတာ မြင်နေပေမဲ့ အလုပ်သမား ပါတီကြီးတွေရဲ့ ခေါင်းဆောင်များဟာ ဒီစနစ်ကို ဖက်တွယ်နေကြဆဲ ဖြစ်တယ်။

တခုတည်းသော အဖြေ

အဓိက ပြဿနာကို ရှင်းရှင်းပဲ ပြောနိုင်ပါတယ်။ အဲဒါ ခေါင်းဆောင်မှု ပြဿနာပဲ။ လူသားမျိုးနွယ်ရဲ့ အကျပ်အတည်းကို အလုပ်သမား လူတန်းစား ခေါင်းဆောင်မှု အကျပ်အတည်းအဖြစ် ပြောနိုင်ကြောင်း  ထရော့စကီးက ၁၉၃၈ ခုနှစ်မှာ ဆိုခဲ့တယ်။ ဒီကောက်ချက်ဟာ ဒီကနေ့ အခြေအနေကို ကောင်းကောင်း အနှစ်ချုပ်ပေးလိုက်တာပဲ။

မာ့(က်စ်)ဝါဒ သီအိုရီ အခြေမခိုင်တဲ့ ‘လက်ဝဲ’ ဆိုသူတွေဟာ ဒူးထောက် အညံ့ခံပြီး ဆိုရှယ်လစ်အရေး တိုက်ပွဲကို ကျောခိုင်းသွားကြတယ်။ ဒီအခါ ဧရာမ လေဟာနယ်ကြီး ထွက်ပေါ်လာတယ်။ သိပ္ပံပညာရပ်က ကျနော်တို့ကို သင်ကြားပြခဲ့သလိုပဲ သဘာဝတရားက လေဟာနယ်ကို မနှစ်မြို့ဘူး။ ဒီအခြေအနေမှာ အခိုင်အမာ လက်တွေ့ကျတဲ့ စိန်ခေါ်မှုတရပ်ကို ကျနော်တို့ တည့်တည့်ကြီး ရင်ဆိုင်ရပြီ။

အလုပ်သမားထုနဲ့ လူငယ်တွေက လူ့အဖွဲ့အစည်းကို ပြောင်းလဲပစ်ဖို့ တာဆူနေပြီ။ သို့သော် ဒီလို ပြောင်းလဲဖို့ ကြိုးပမ်းရာမှာ စည်းရုံးစုဖွဲ့မှုရှိရှိ ဖော်ပြချက်မျိုး သူတို့ ရှာမတွေ့ဘူး။ ရှေ့တလှမ်း လှမ်းတိုင်း ဗျူရိုကရက်တစ် အဖွဲ့ဟောင်းကြီးတွေနဲ့ ခေါင်းဆောင်ပိုင်းက လမ်းခုလတ်မှာ ပိတ်ခံနေတာ တွေ့ရတယ်။ အဲဒီ ဗျူရိုကရက်တစ် ခေါင်းဆောင်တွေက ဆိုရှယ်လစ်အရေးကို ကျောခိုင်းသွားတာ ကြာခဲ့ပြီ။

အရင်းရှင်စနစ် အကျပ်အတည်းကြောင့် ကမ္ဘာတဝှမ်း လူတန်းစား တိုက်ပွဲဝင် မျိုးဆက်သစ်တခု မြန်မြန်ဆန်ဆန် ထွက်ပေါ်လျက် ရှိတယ်။ အထူးသဖြင့် လူငယ်ထုကြားမှာ အသိစိတ် ပြောင်းလဲမှု အကြီးအကျယ် ဖြစ်နေတယ်။

ကွန်မြူနစ်ဝါဒဟာ တဟုန်ထိုး ပြန့်ပွားလျက် ရှိကြောင်း ဗြိတိန်၊ ယူအက်(စ်)၊ ဩစထရေးလျနဲ့ အခြား တိုင်းပြည်တွေမှာ နောက်ဆုံး ကောက်ယူထားတဲ့ သဘောထား စစ်တမ်းတွေက ရှင်းရှင်းလင်းလင်း ညွှန်ပြနေတယ်။

အဲဒီ လူငယ်တွေကို နားချ စည်းရုံးနေဖို့ မလိုတော့ဘူး။ သူတို့က ကွန်မြူနစ် ဖြစ်နေပြီးသား။ ဒါပေမဲ့ ရှိနေပြီးသား ဘယ်အဖွဲ့အစည်းမှာမှ အော်တာနေးတစ် လမ်းကြောင်းကို သူတို့ ရှာမတွေ့ဘူး။ အဲဒီ အဖွဲ့အစည်းတွေကို သူတို့ အော့ကြောလန်သွားတယ်။

ဖောက်ပြန်တဲ့ လက်ယာ ပြုပြင်ရေးဝါဒ၊ သူရဲဘောကြောင်တဲ့ လက်ဝဲ အချောင်သမားဝါဒတို့နဲ့ ပြတ်ပြတ်သားသား လက်ခွဲထွက်ထားတဲ့ အဖွဲ့အစည်းတခု၊ သန့်ရှင်းစင်ကြယ်တဲ့ အောင်လံတခုကို သူတို့ ရှာဖွေနေကြတယ်။

ကွန်မြူနစ်ဝါဒရဲ့ အလားအလာက အလွန် ကြီးမားတယ်။ အဲဒီ အလားအလာကို လက်တွေ့ ဖြစ်လာအောင် လုပ်ရမှာ ကျနော်တို့ တာဝန်ပဲ။ ဒါပေမဲ့ အောင်မြင်အောင် ဘယ်လို လုပ်ရမလဲ။

အင်မတန် ဗြောင်ကျတဲ့ ပဋိပက္ခ တခုနဲ့ ကျနော်တို့ ရင်ဆိုင်နေရတယ်။ မာ့(က်စ်)ရဲ့ အတွေးအခေါ်တွေဟာ ခိုင်လုံမှု ပိုရှိလာသလို ဒီအတွေးအခေါ်တွေကို အရင်ကထက် ပိုလိုအပ်လာတယ်။ သို့သော် အတွေးအခေါ်ဟာ သူ့ချည်းသက်သက်ဆို မလုံလောက်ဘူး။

ကွန်မြူနစ် မျိုးဆက်သစ်ကို ရှာဖွေပြီး ကျနော်တို့ အလံတော်အောက် စည်းရုံးသိမ်းသွင်းဖို့ လိုအပ်တဲ့ လက်တွေ့ ဆောင်ရွက်ချက်တွေ ကျနော်တို့ လုပ်ရမယ်။ ဆိုလိုတဲ့ သဘောက အတွေးအခေါ်တွေကို အခိုင်အမာ ကိုယ်ထည်ရှိတဲ့ အဖွဲ့အစည်းဆိုင်ရာ ဖော်ပြချက် ပေးရမှာ ကျနော်တို့ အလုပ်ပဲ။

အင်တာနေရှင်နယ် အသစ် လိုအပ်ချက်ဟာ စိတ်ကူးတည့်သလို ဆုံးဖြတ်ချက် မဟုတ်ဘူး။ အတ္တဘာဝ လိုလားချက်အရ ထွက်ပေါ်လာခြင်း မဟုတ်သလို အလောတကြီး စဉ်းစား ဆုံးဖြတ်လိုက်တာမျိုးလဲ မဟုတ်ဘူး။ အခြေအနေ တစုံလုံးရဲ့ အတိအလင်း တောင်းဆိုမှုကြောင့် ထွက်ပေါ်လာတဲ့ အရာ ဖြစ်တယ်။

ဒီလို ရဲရင့်ပြတ်သားတဲ့ ခြေလှမ်းမျိုး လှမ်းဖို့ တကယ်ပဲ အချိန်ကျပြီလား။ မှန်ပါတယ်၊ တချို့လူတွေအဖို့ ဘယ်တော့မှ အချိန်ကျလာမှာ မဟုတ်ဘူး။ ဆုံးဖြတ်ချက် ရွှေ့ဆိုင်းဖို့ အကြောင်းပြချက် သောင်းခြောက်ထောင် သူတို့ ရှာတွေ့နေမှာပဲ။ ဒါပေမဲ့ သံသယနဲ့ တွေဝေမှုကို အခြေခံပြီး ပေါ်လစီနဲ့ လုပ်ငန်းစဉ် ချမှတ်ဖို့ မဖြစ်နိုင်ဘူး။

ဒီအဆင့်ကို သွားဖို့ဆိုရင် ကျနော်တို့ အရေအတွက်က နည်းလွန်းနေသေးတယ်လို့ ငြင်းချက်ထုတ်နိုင်ပါတယ်။ ဒါပေမဲ့ သမိုင်းမှာ တော်လှန်ရေး လှုပ်ရှားမှုတိုင်းက မပြောပလောက်တဲ့ အရေအတွက် နည်းနည်းလေးနဲ့ အစပြုခဲ့တာချည်းပဲ။

၁၉၁၄ မှာ လီနင်နဲ့ ရပ်တည်ချက်တူတဲ့ အင်အားစုဟာ မဖြစ်စလောက်ပဲ ရှိခဲ့တယ်။ ဒါပေမဲ့ ကွန်မြူနစ် အင်တာနေရှင်နယ် အသစ် လိုအပ်ကြောင်း ကြေညာဖို့ လီနင် မတွန့်ဆုတ်ခဲ့ဘူး။ လီနင် ထောက်ခံသူတွေကြားမှာတောင် သံသယဝင်သူတွေ အများကြီး ရှိခဲ့တယ်၊ ဒါပေမဲ့ လီနင် မှန်ကြောင်း သမိုင်းက သက်သေပြသွားပြီ။

မှန်ပါတယ်၊ ကျနော်တို့ အင်အားစုဟာ ကျနော်တို့ လုပ်ရမဲ့ ဧရာမ တာဝန်ကြီးနဲ့ ယှဉ်လိုက်ရင် မဖြစ်စလောက်ပဲ ရှိသေးတယ်၊ ဒါနဲ့ ပတ်သက်လို့ ထင်ယောင်မှားမှု မရှိဘူး။ ဒါပေမဲ့ အခြေအနေက သိသိသာသာ စပြောင်းနေပြီ။

ကျနော်တို့ အရေးကြီး လုပ်စရာ အလုပ် ရှိတယ်၊ အဆုံးအဖြတ် အဆင့်ကို ရောက်လာတဲ့ အဲဒီ အလုပ်က အခုဆိုရင် အရေးကြီးတဲ့ အသီးအပွင့်တွေ ထွက်လာပြီ။ ‘Are you a Communist?’ ကမ်ပိန်းရဲ့ အထင်ကရ အောင်မြင်မှုက ဒီအချက်ကို သက်သေပြနေတယ်။

နေရာတိုင်းမှာ ကျနော်တို့ အင်အားတွေ တဟုန်ထိုး ကြီးထွားလာနေပြီ။ ဒါ တိုက်ဆိုင်မှု မဟုတ်ဘူး။ အခုဆိုရင် ကျနော်တို့ဟာ သမိုင်း ရေစီးနဲ့အတူ ကူးခတ်နေပြီ။ အရေးကြီးဆုံး အချက်က ကျနော်တို့မှာ မှန်ကန်တဲ့ အတွေးအခေါ်တွေ ရှိတယ်။ ဒါဟာ နောက်ဆုံးသတ္တုချလိုက်ရင် အောင်မြင်ဖို့ တခုတည်းသော အာမခံချက်ပဲ။

လီနင်နဲ့ တခြားသော ကြီးမြတ်တဲ့ မာ့(က်စ်)ဝါဒီတွေရဲ့ အတွေးအခေါ်အပေါ် အခြေတည်ထားတဲ့ စစ်မှန်သော ကွန်မြူနစ် ပါတီတခုကို လိုအပ်တယ်၊ ဒါ့အပြင် ကွန်မြူနစ် အင်တာနေရှင်နယ်ရဲ့ ပထမ ငါးနှစ်အတွင်း ချမှတ်ခဲ့တဲ့ အစဉ်အလာအပေါ် အခြေခံထားတဲ့ အင်တာနေရှင်နယ် တခုကို လိုအပ်တယ်။

ဒါဟာ ကျနော်တို့ အကောင်အထည်ဖော်ရမဲ့ အလုပ်ပဲ။ ဒါဟာ နှောင့်နှေးခွင့် မရှိတဲ့ အရေးတကြီး လိုအပ်နေတဲ့ အလုပ် ဖြစ်တယ်။

အခက်ခဲဆုံး အခြေအနေတွေအောက်မှာ မပြောပလောက်တဲ့ အင်အားနဲ့ အစပြုခဲ့ရတဲ့ International Marxist Tendency ဟာ နိုင်ငံ အတော်များများက အထက်မြက်ဆုံး အလုပ်သမားနဲ့ လူငယ် ထောင်ပေါင်းများစွာ ပါဝင်သော အဖွဲ့အစည်း တခုကို တည်ဆောက်ထားနိုင်ခဲ့ပြီ။

ဒါဟာ ကြီးမားတဲ့ အောင်မြင်မှု တခုပဲ။ သို့သော် ဒါဟာ အစပဲ ရှိသေးတယ်။ အခုဆိုရင် တော်လှန်သော ကွန်မြူနစ် အင်တာနေရှင်နယ် (Revolutionary Communist International) ထူထောင်ရေး ဆိုတဲ့ အဆုံးအဖြတ်ကျတဲ့ ခြေလှမ်း လှမ်းဖို့ အချိန်ကျလာခဲ့ပြီ။

ဒီရည်မှန်းချက်နဲ့ သဘောထား တူညီတဲ့ အလုပ်သမားနဲ့ လူငယ်တိုင်းကို ကျနော်တို့ရဲ့ နောက်ဆုံး ပန်းတိုင်ဖြစ်သော အင်တာနေရှင်နယ် ဆိုရှယ်လစ် စနစ် အောင်ပွဲ ရရှိရေး ဝိုင်းဝန်းကူညီကြဖို့ ဆော်ဩလိုက်တယ်။

Against capitalism and imperialism!

For the socialist transformation of society!

Join us in the struggle for world revolution!

Workers of the world, unite!

Alan Woods

London, 11 March 2024

မြန်မာပြန်သူ – သူရိန်မွန်

—————————————————

ဗကပရဲ့ ‘national-reformist’ အတွေးအခေါ်ကို ချေဖျက်ခြင်း

ဗကပက ကွန်မြူနစ် အင်တာနေရှင်နယ် မလိုအပ်ဘူးလို့ ယုံကြည်တာ မထူးဆန်းဘူး။ ဗကပကို စတင် မွေးဖွားပေးလိုက်ချိန်မှာ တတိယ အင်တာနေရှင်နယ်က စတာလင်နစ် ဗျူရိုကရေစီရဲ့ လက်ကိုင်တုတ် ဖြစ်နေပြီ။ လီနင်၊ ထရော့စကီးတို့ ခေါင်းဆောင်ခဲ့တဲ့ ကာလကလို ‘revolutionary international’ တခု မဟုတ်တော့ဘူး။ စတာလင်နစ် အင်တာနေရှင်နယ်က မွေးဖွားပေးလိုက်တဲ့ ဗကပဟာ ‘socialism in one country’ သီအိုရီကို လက်ခံထားတဲ့ စတာလင်နစ် ပါတီ ဖြစ်တယ်။ ကွန်မြူနစ် ကြေညာစာတမ်း (မြန်မာပြန်) တတိယအကြိမ်ထုတ် အမှာစာမှာ အဲဒီကာလ ဗကပ အထွေထွေ အတွင်းရေးမှူး ရဲဘော်ကြင်မောင်က အခုလို ရေးခဲ့တယ် –

“ယနေ့ခေတ်တွင် ကွန်မြူနစ်ပါတီတိုင်း ကိုယ့်တိုင်းပြည် အခြေအနေအရ ကိုယ့်လမ်းကိုယ်ထွင်ကာ ကိုယ့်တာဝန်ကိုယ်ယူပြီး ‘ဆိုရှယ်လစ် လောကသို့’ ချီတက်နေပါသည်”။

ဒါက လီနင် ကွယ်လွန်ပြီးမှ စတာလင်နစ် ဗျူရိုကရေစီက ဖော်ထုတ်ခဲ့တဲ့ ‘ဆိုရှယ်လစ် စနစ်ကို တိုင်းပြည်တခုထဲ တည်ဆောက်ခြင်း’ ဆိုတဲ့ so-called ‘သီအိုရီ’ ကို အတောင့်လိုက် ပြန်ရွတ်ပြလိုက်တာပဲ။ အဲဒီ သီအိုရီကိုသာ လိုက်ခံလိုက်ရင် ကွန်မြူနစ် ပါတီတွေဟာ အမျိုးသားရေးဝါဒ လှိုက်စားပြီး ပျက်စီးခြင်း ဆိုက်သွားလိမ့်မယ် ဆိုတဲ့ ထရော့စကီး ခန့်မှန်းချက်ကို ဗကပက ထပ်မံ အတည်ပြုပေးလိုက်တာပဲ။

‘ဆိုရှယ်လစ် စနစ်ကို တိုင်းပြည်တခုထဲ တည်ဆောက်ခြင်း’ ဆိုတဲ့ စတာလင်နစ် ‘သီအိုရီ’ မှားယွင်းကြောင်း ဆိုဗီယက် ပြည်ထောင်စု ပြိုလဲသွားခြင်း၊ ဒီကနေ့ တရုတ်ပြည် အရင်းရှင်စနစ် ပြန်ရောက်သွားခြင်း၊ အစရှိတဲ့ သမိုင်း ဖြစ်စဉ်တွေက သက်သေပြခဲ့ပြီး ဖြစ်ပါတယ်။ ‘philosophical basis’ အရလဲ ဒီသီအိုရီဟာ ဘယ်လို မှားယွင်းကြောင်း အနည်းငယ် ဖြည့်စွက် ပြောလိုတယ်။

ကျနော်တို့ Revolutionary Marxism က ထုတ်ဝေနေတဲ့ The Struggle မဂ္ဂဇင်း အမှတ် (၁၃)၊ အယ်ဒီတာ့အာဘော်မှာ ဒီသဘောတရားကို ရှင်းပြခဲ့ဖူးတာ ရှိပါတယ်။ အခု အဲဒီ အယ်ဒီတာ့အာဘော်ထဲက ကောက်နှုတ် ဖော်ပြပါမယ် –

“ဒိုင်ယာလက်တစ် အမြင်က ကာတက်စီးယန်း သဘာဝတ္ထ အမြင်နဲ့ ဆန့်ကျင်ဖက် ဖြစ်တယ်။ ဒိုင်ယာလက်တစ် အမြင်အရ the whole မရှိဘဲ ကနဦး တည်ရှိနေသော the part ဆိုတာ မရှိနိုင်ဘူး။ တနည်းအားဖြင့် part ရဲ့ prior existence ဆိုတာ မရှိဘူး။ part နဲ့ whole ကြားမှာ အထူး ဆက်နွှယ်ချက် ရှိတယ်။ ‘အထက်’ နဲ့ ‘အောက်’ လိုပဲ တခု မရှိဘဲ အခြားတခု မရှိနိုင်ဘူး။ part လို့ ခေါ်တဲ့ အရာကို သူပါဝင် ဖွဲ့စည်းထားတဲ့ whole က သတ်မှတ်ပေးခြင်း ဖြစ်တယ်။ ဒါ့အပြင် part ရဲ့ ဂုဏ်သတ္တိတွေဟာ တစုံတခုသော whole ရဲ့ အစိတ်အပိုင်း ဖြစ်နေလို့သာ ရရှိလာခြင်း ဖြစ်တယ်၊ နဂိုကတည်းက သူ့ဘာသာ သီးခြား တည်ရှိနေခဲ့တာမျိုး (intrinsic properties) မဟုတ်ဘူး။ the whole အဖြစ် ပေါင်းစည်းထားရင်း the part တွေမှာ ဂုဏ်သတ္တိတွေ ရရှိလာသလို the whole ကိုလဲ ဂုဏ်သတ္တိအသစ်တွေ ထွက်ပေါ်လာစေတယ်။ part နဲ့ whole ဟာ ဒီဆက်နွှယ်မှုရဲ့ အကျိုးဆက်အဖြစ် ဆင့်ကဲပြောင်းလဲသွားတယ်၊ ဒီဆက်နွှယ်မှု ကိုယ်တိုင်လဲ ဆင့်ကဲ ပြောင်းလဲခြင်း ဖြစ်ပါတယ်။ ဒါဟာ ဒိုင်ယာလက်တစ်ကျတယ်လို့ ကျနော်တို့ ပြောလေ့ရှိတဲ့ ဂုဏ်သတ္တိတွေပဲ၊ အကြောင်းချင်းရာ တခုဟာ အခြား တခု မရှိဘဲ မတည်ရှိနိုင်ဘူး၊ အချင်းရာ တခုက အခြားတခုနဲ့ ဆက်နွှယ်ရင်း ဂုဏ်သတ္တိတွေ ရရှိလာတယ်၊ သူတို့ချင်း အပြန်အလှန် interpenetration ဖြစ်နေတာရဲ့ အကျိုးဆက်အဖြစ် နှစ်ခုလုံးရဲ့ ဂုဏ်သတ္တိတွေလဲ ဆင့်ကဲ ပြောင်းလဲသွားကြတယ်။”

အထက်ပါ စာပိုဒ်မှာ part နဲ့ whole ကြားက ဆက်နွှယ်မှုအကြောင်း ဆန်းစစ်ထားတယ်။ ဒါက ‘socialism in one country’ အယူအဆနဲ့ ဘာဆိုင်လို့လဲ။ ဘယ်လို ဆိုင်သလဲ ဆက်ကြည့်ရအောင်။

ဒီကနေ့ ဂလိုဘယ် အရင်းရှင်စနစ်ဟာ ‘ကမ္ဘာ့ စီးပွားရေး’ ဖြစ်သွားပြီ၊ အဲဒါ အခု ပြောနေတဲ့ ‘integrated and indivisible whole’ ပဲ။ အဲဒီ whole ဆိုတာ ဗမာ၊ တရုတ်၊ ရုရှား၊ အမေရိက၊ အစရှိတဲ့ ‘individual part’ တွေ ပေါင်းထားတဲ့ အစုအဝေးကြီးသက်သက် မဟုတ်ဘူး။ the whole ဟာ part တွေနဲ့ ဖွဲ့စည်းထားတာ မှန်တယ်၊ သို့သော် part တွေက အဲဒီ whole အတွင်းမှာ သူ့ချည်း သီးခြားရပ်တည်နိုင်သော ‘self-contained unit’ တွေအဖြစ် ရှိနေတာ မဟုတ်ဘူး။ whole ဆိုတဲ့ ကမ္ဘာ့ ဈေးကွက်အပေါ် မှီခိုပြီး တည်ရှိနေခြင်း ဖြစ်တယ်။ whole မရှိဘဲ အတွင်းက part တွေဆိုတာ မတည်ရှိနိုင်ဘူး။

ဒီကနေ့ ကမ္ဘာ့ အရင်းရှင်စနစ် ဆိုတဲ့ the whole အတွင်းမှာ ဘယ့်လောက် ချမ်းသာတဲ့ တိုင်းပြည်ပဲ ဖြစ်ပါစေ၊ ‘self-contained unit’ အဖြစ် သီးခြား မရပ်တည်နိုင်ဘူး။ လတ်တလော နမူနာပဲ ကြည့်ပါ။ ရေနံ စီးဆင်းမှု ထိခိုက်သွားတာနဲ့ ကမ္ဘာ့ စီးပွားရေး တခုလုံး ရှော့ခ် ဖြစ်သွားတယ်။

အရင်းရှင်စနစ်တောင် ကမ္ဘာ့စနစ် ဖြစ်နေပြီ ဆိုရင် သူ့ထက် ပိုအဆင့်မြင့်တဲ့ ဆိုရှယ်လစ် စနစ်ကို သက်ဆိုင်ရာ တိုင်းပြည်တခုချင်းမှာပဲ (တနည်းအားဖြင့် self-contained unit or self-sufficient entity တခုချင်းအလိုက်) တည်ဆောက်သွားနိုင်တယ်ဆိုတာ အတော် အူကြောင်ကြောင်နိုင်တဲ့၊ အလွန် ကျဉ်းမြောင်းတဲ့ nationalist အမြင်ပဲ။ ဒါ့ကြောင့် မာ့(က်စ်)ဝါဒ အမြင်ရဲ့ ပထမဆုံး ‘point of departure’ က ကမ္ဘာ့ စီးပွားရေးပဲ။ မာ့(က်စ်)တို့ရဲ့ ကမ္ဘာ့ တော်လှန်ရေး အမြင်ဆိုတာ အဲဒီကနေ လာတာပဲ။ အဲလို မဟုတ်ဘဲ ‘national economy’ တခုချင်းကနေ စကြည့်ရင် သစ်တပင်ချင်းပဲ မြင်မယ်၊​ တောအုပ်ကို နားမလည်နိုင်ဘူး။ သစ်တပင်ချင်းကို မြင်တယ် ဆိုရာမှာတောင် ကောင်းကောင်း နားမလည်နိုင်ဘူး၊​ အကြောင်းကတော့ သစ်တပင်ချင်းရဲ့ ဂုဏ်သတ္တိ ဆိုတာ တောအုပ်အပေါ် မှီခိုနေရလို့ပဲ။

The Struggle မဂ္ဂဇင်း အမှတ် (၁၃) မှာ ဖော်ပြထားတဲ့ ‘မော်ရဲ့ ပဋိပက္ခကျမ်းကို ဝေဖန်ချက်’ ဆောင်းပါးမှာလဲ အခုလို ပြောထားတယ် –

“တစုံလုံးသဘောဟာ ပါဝင်ရာ အစိတ်အပိုင်းတွေ ပေါင်းလဒ်ထက် ပိုအဆင့်မြင့်တယ် ဆိုတဲ့ အချက်ကို ဒိုင်ယာလက်တစ် ရုပ်ဝါဒက ကိုင်စွဲတယ်။ (လူတန်းစား ပဋိပက္ခ နိယာမ၊ ဒါမှမဟုတ် အရင်းရှင် စီးပွားရေးစနစ် နိယာမတွေလို) ယေဘုယျ အဆင့်မှာ ထွက်ပေါ်လာတဲ့ နိယာမ တရားတွေက ယှဉ်ပြိုင်တိုက်ပွဲဝင်နေကြတဲ့ လူတန်းစား အသီးသီး၊ ပါတီ အသီးသီးရဲ့ အကျိုးစီးပွားနဲ့ ပြုမူ ဆောင်ရွက်ချက်တွေကို အခြေခံကျကျ ဆုံးဖြတ် ပြဋ္ဌာန်းပေးတယ်။

“အရင်းရှင်စနစ်ဟာ တကမ္ဘာလုံးကို လွှမ်းခြုံထားတဲ့ စီးပွားရေး စနစ်တခု မလွဲမသွေ ဖြစ်သွားမယ့် အကြောင်း ၁၈၄၈ ခုနှစ်လောက်တည်းက မာ့က်စ် ရှင်းပြခဲ့ပြီးသား။ ဒီကမ္ဘာလွှမ်းခြုံ စနစ်ကို လီနင်က နယ်ချဲ့ စနစ်အဖြစ် ခွဲခြမ်းစိတ်ဖြာပြခဲ့တယ်။ အရင်းရှင် စနစ်အောက်က ကုန်ထုတ်လုပ်ရေးဟာ နိုင်ငံ တနိုင်ငံချင်းစီရဲ့ ဈေးကွက်ကို ကျော်လွန် ကြီးထွားခဲ့လို့ အရင်းရှင် နယ်ချဲ့စနစ် ထွက်ပေါ်လာခြင်း ဖြစ်တယ်။ အရေးအကြီးဆုံးကတော့ စီးပွားရေးဟာ ကမ္ဘာ့ စီးပွားရေး စနစ် ဖြစ်လာခဲ့ပြီ၊ နိုင်ငံ အသီးသီးဟာ ဒီကမ္ဘာ့ စီးပွားရေးရဲ့ လက်အောက်ခံ ဖြစ်လာပြီး ကိုယ့်အနေအထားနဲ့ကိုယ် ပါဝင်နေကြတယ်။

“ရလဒ်အနေနဲ့ “ပြည်သူလူထုကြီးနဲ့ မြေရှင် ပဒေသရာဇ် စနစ်ကြား ပဋိပက္ခ”၊ နောက် “ကိုလိုနီ နိုင်ငံများနဲ့ နယ်ချဲ့ စနစ်ကြား ပဋိပက္ခ”တို့လို သီးခြား ‘ပဋိပက္ခ’တွေဟာ ကမ္ဘာ့ အရင်းရှင် စနစ်နဲ့ ခွဲထုတ်လို့ မရအောင် တသားတည်း ဖြစ်နေပြီ။ ဒီအချက်ဟာ ကွန်မြူနစ် အင်တာနေရှင်နယ် ဖွဲ့စည်းတည်ထောင်ခဲ့ရတဲ့ အကြောင်းရင်း ဇစ်မြစ် ဖြစ်သလို၊ ၁၉၂၀ လွန် အစောပိုင်း နှစ်တွေအတွင်း အာရှမှာ (အထူးသဖြင့် တရုတ်မှာ) ကွန်မြူနစ် အင်တာနေရှင်နယ် အောင်အောင်မြင်မြင် ဖြန့်ကျက် ကျယ်ပြန့်လာခဲ့ရခြင်းရဲ့ အကြောင်းရင်း ဇစ်မြစ်လည်း ဖြစ်တယ်။ တရုတ် တော်လှန်ရေးဟာ သူ့ကိုယ်ပိုင် ပဋိပက္ခတွေ၊ ကိုယ်ပိုင် timeline နဲ့ ကိုယ်ပိုင် ဖြေရှင်းချက်တွေ ရှိနေတဲ့ လုံးဝဥဿုံ သီးခြားကွဲထွက်နေတဲ့ ဖြစ်စဉ်တခု မဟုတ်ဘူး။ တရုတ် တော်လှန်ရေးဟာ နိုင်ငံတကာ ဖြစ်စဉ်ရဲ့ အစိတ်အပိုင်းသာ ဖြစ်တယ်။”

အလားတူပဲ၊ ဗမာပြည် တော်လှန်ရေးဟာ သူ့ကိုယ်ပိုင် ပဋိပက္ခတွေ၊ ကိုယ်ပိုင် timeline နဲ့ ကိုယ်ပိုင် ဖြေရှင်းချက်တွေ ရှိနေတဲ့ လုံးဝဥဿုံ သီးခြားကွဲထွက်နေတဲ့ ဖြစ်စဉ်တခု မဟုတ်ဘူး၊ (self-contained process တခု မဟုတ်ဘူး)။ ဗမာပြည် တော်လှန်ရေးဟာ နိုင်ငံတကာ ဖြစ်စဉ်ရဲ့ အစိတ်အပိုင်းသာ ဖြစ်တယ်။

ဒီသဘောတရားကို နားမလည်ရင် လွဲမှားတဲ့ ကောက်ချက်တွေကို အဟုတ်ထင်သွားတတ်တယ်။ ဥပမာ၊ ၁၉၄၉ မှာ တရုတ်ပြည် တော်လှန်ရေး အောင်ခဲ့တာ မော်စီတုန်းရဲ့ ရေရှည်စစ် ဗျူဟာကြောင့်လို့ ထင်နေတာမျိုး။ အဲသလို ထင်နေရင် ဒီမေးခွန်းတွေကို စဉ်းစားကြည့်ပါ၊ ဒုတိယ ကမ္ဘာစစ်သာ မဖြစ်ခဲ့ရင်၊ ဖြစ်ခဲ့ပေမဲ့ ဂျပန် နယ်ချဲ့က စစ်မရှူံးခဲ့ရင်၊ ဒုတိယ ကမ္ဘာစစ်မှာ ဆိုဗီယက် ယူနီယံဘက်က မနိုင်ခဲ့ရင်၊ တရုတ်ပြည် နယ်စပ်မှာ အောင်ပွဲခံထားတဲ့ ဆိုဗီယက် တပ်နီတော် မရှိခဲ့ရင်၊ စသဖြင့်။ အဲဒီလို အင်မတန် ထူးခြားတဲ့ ကမ္ဘာ့ အခြေအနေတွေ မရှိခဲ့ရင် ၁၉၄၉ မှာ တရုတ် တော်လှန်ရေး အောင်ပွဲ ရမယ်လို့ ဘယ်သူ ပြောရဲသလဲ။

ဒါ့ကြောင့် ‘ကမ္ဘာ့ အခြေအနေတွေ သိထားရင်လဲ ဗဟုသုတ ရတယ်၊ ဒါပေမဲ့ အဓိကက လက်တွေ့ကျတဲ့ ပြောက်ကျားစစ် တိုက်ပွဲတွေ အားခဲ တိုက်နေဖို့ပဲ၊ ဒီလိုသာ ကိုယ့်ပြည်တွင်းရေးကို လက်တွေ့ကျကျ အားထုတ်နေရင် တော်လှန်ရေးကြီးက တနေ့ မုချ အောင်မြင်မှာပဲ’ ဆိုတဲ့ ကောက်ချက်ဟာ မှားတယ်။ အခု ရှမ်းမြောက်က MNDAA နဲ့ TNLA ဖြစ်ရပ်တွေက အဲဒီ အမြင် မှားယွင်းကြောင်း သက်သေပြခဲ့ပြီ မဟုတ်လား။ တနည်းအားဖြင့် ဗမာပြည် တော်လှန်ရေးဟာ ‘self-contained process’ တခု မဟုတ်ကြောင်း အထင်အရှား မြင်နေရပြီ။

အင်တာနေရှင်နယ်ဝါဒ ဆိုတာ မာ့(က်စ်)ဝါဒရဲ့ အခြေခံ မူပဲ။ စတာလင်က ဒီအခြေခံ မူကို ဆန့်ကျင်ပြီး ကျဉ်းမြောင်းတဲ့ ‘nationalist’ အမြင်ကို သွတ်သွင်းခဲ့တယ်။ ဒါဟာ မာ့(က်စ်)ဝါဒကို အဆိုးရွားဆုံး ပုံဖျက်ထားတဲ့ ‘revisionist caricature’ ဖြစ်တယ်။ ဗကပက စတာလင်ရဲ့ ‘revisionist caricature’ ကို တရားသေ ဖက်တွယ်ထားခြင်း ဖြစ်တယ်။

ဒါပေမဲ့ အဲသလို Dogmatist တွေရဲ့ ထုံးစံအတိုင်း ‘ကိုယ့်အားကိုယ်ကိုး ၂၁ ရာစု မာ့က်စ်ဝါဒကို ရှာဖွေရမယ်’ လို့ ကြွေးကြွော်လိုက်သေးတယ်။ စတာလင်နစ် ‘Dogma’ တွေကိုပဲ အရင် ပြန်ဆန်းစစ်ပါဦးလို့ စေတနာနဲ့ အကြံပေးလိုက်ပါရစေ။

အဲဒီ အမှာစာမှာပဲ အခုလို ဆက်ပြောထားတယ် –

“နိုင်ငံတကာ ကွန်မြူနစ် လှုပ်ရှားမှု အခြေအနေကိုလဲ ပြောချင်သည်။ ပထမ၊ ဒုတိယ၊ တတိယ အင်တာနေရှင်နယ်များ ဖွဲ့ခဲ့ကြသည်။ တတိယ အင်တာနေရှင်နယ်ကို မိမိဘာသာ ဖျက်သိမ်းခဲ့တာ (၁၉၄၃) ခုနှစ်ကဆိုတော့ အင်တာနေရှင်နယ် မရှိတာ (၆၅) နှစ် ရှိပြီ။ အခုတော့ ဘယ်ပါတီကမှ (တရားဝင်) စတုတ္ထ အင်တာနေရှင်နယ် ဖွဲ့ဖို့ မပြောကြပါ။ ပြောနေတာက ထရော်စကီဂိုဏ်းဝင် အစုကလေးများပဲ ဖြစ်သည်။ သူတို့ကတော့ စတုတ္ထ အင်တာနေရှင်နယ် ဖွဲ့ဖို့၊ အရင်းရှင်စနစ်ကို အထွေထွေ ထိုးစစ်ဆင်ဖို့ ပြောနေကြသည်။ အပြောပဲ ရှိသည်။ အလုပ်မရှိပါ။”

“တတိယ အင်တာနေရှင်နယ်ကို မိမိဘာသာ ဖျက်သိမ်းခဲ့တာ” လို့ ဗကပက ရေးထားတော့ မေးစရာ ရှိလာတယ်။ တတိယ အင်တာနေရှင်နယ် ဖျက်သိမ်းဖို့ ဆုံးဖြတ်ချက်ချရာမှာ ဗကပ အနေနဲ့ ဘယ်အခန်းက ပါဝင်ခဲ့ရသလဲ။ တတိယ အင်တာနေရှင်နယ် ဖျက်သိမ်းချိန်မှာ ၄ နှစ်သားသာ ရှိသေးတဲ့ ပါတီ အသေးလေးကို ဒီလို မေးတော့ မတရားဘူးလို့ ဆိုချင် ဆိုလိမ့်မယ်။

ဒါဆို ဗကပထက် ၁၈ နှစ်စောပြီး ပါတီထောင်ခဲ့တဲ့ တရုတ် ကွန်မြူနစ် ပါတီက ခေါင်းဆောင်တွေရော ဒီလို ဆုံးဖြတ်ချက်ချရာမှာ ပါဝင်ခွင့် ရခဲ့သလား။ ရှင်းပါတယ်။ ဘယ်သူမှ ပါဝင်ခွင့် မရခဲ့ဘူး။ စတာလင်က ကွန်မြူနစ် အင်တာနေရှင်နယ် ဆက်ထားမလား၊ ဖျက်သိမ်းမလား ဆုံးဖြတ်ချက်ချဖို့ ဟန်ပြ ကွန်ဂရက်တောင် မခေါ်ဘဲ သူ့ဘာသာ ဖျက်သိမ်းပစ်ခဲ့တာ။ ဒီလို သမိုင်းဆိုင်ရာ အချက်အလက် အမှန်လောက်တောင် ရှင်းရှင်းလင်းလင်း ချမပြရဲဘဲ ကွန်မြူနစ် ပါတီတခုကို တည်ဆောက်လို့ မရဘူး။

“အခုတော့ ဘယ်ပါတီကမှ (တရားဝင်) စတုတ္ထ အင်တာနေရှင်နယ် ဖွဲ့ဖို့ မပြောကြပါ” ဆိုတဲ့ အရေးအသားကတော့ မရိုးသားဘူး။ တည့်တည့်ပြောရရင် သမိုင်းကို ဖုံးဖိ လိမ်ညာနေတာပဲ။ သက်သက်ညှာညှာ စဉ်းစားပြီး ပြောရရင်တော့ ဗကပ မဖွဲ့ခင် တနှစ်အလို၊ ဗမာပြည်မှာ ၁၃၀၀ ပြည့် အရေးတော်ပုံကြီး ဖြစ်ခဲ့တဲ့ နှစ်မှာ အောက်တိုဘာ တော်လှန်ရေး ခေါင်းဆောင် လီယွန် ထရော့စကီး ဦးဆောင်ပြီး စတုတ္ထ အင်တာနေရှင်နယ် ဖွဲ့စည်းခဲ့တဲ့ သမိုင်းဝင် ဖြစ်ရပ်ကို ဗကပက မသိခဲ့တာ ဖြစ်မယ်။ အဲဒီခေတ် မျိုးဆက်က မသိခဲ့ရင် ဒီကနေ့ ကွန်မြူနစ် မျိုးဆက်က ဒီသမိုင်းတွေကို သိဖို့ အရေးကြီးတယ်။

အထက်မှာ ဖော်ပြခဲ့တဲ့ Alan Woods ရဲ့ ဆောင်းပါးမှာ အမှန်အတိုင်း ဖော်ထုတ်ထားသလိုပဲ စတုတ္ထ အင်တာနေရှင်နယ်ဟာ သားလျှောခဲ့ရတယ်။ ဘာ့ကြောင့်လဲ။ စတုတ္ထ အင်တာနေရှင်နယ် ပျက်စီးခဲ့ရတဲ့ အကြောင်းတရားတွေထဲမှာ ပကတိဘာဝ အကြောင်းအချက်တွေက အဓိကကျပေမဲ့ ၁၉၄၀ ခုနှစ်မှာ ထရော့စကီးကို စတာလင် ဂိုဏ်းက ချောင်းမြောင်းလုပ်ကြံခဲ့တဲ့ အချက်ကလဲ အင်မတန် အရေးကြီးတဲ့ အကြောင်းအချက် တခု ဖြစ်တယ်။

စတာလင်နစ် အစုလေးဖြစ်တဲ့ ဗကပက ဒီသမိုင်းတွေကို ဖုံးဖိထားချင်တော့ စတုတ္ထ အင်တာနေရှင်နယ် ဖွဲ့ဖို့ ဘယ်ပါတီကမှ တရားဝင် မပြောဘူးလို့ချည်း အော်နေတော့တယ်။ တတိယ အင်တာနေရှင်နယ် ဖျက်သိမ်းလိုက်တာတောင် အသံမထွက်ရဲခဲ့တဲ့ ကွန်မြူနစ် နာမည်ခံ ‘nationalist-reformist’ ပါတီတွေက အင်တာနေရှင်နယ် ဖွဲ့ဖို့ မဆော်ဩတာ ဆန်းသလား။ သူတို့ ပြောမှ တရားဝင်တာလား။

ရဲဘော်ကြင်မောင် ပြောနေတဲ့ “ထရော်စကီဂိုဏ်းဝင် အစုကလေးများ” ဆိုတာ တကယ်တော့ စတုတ္ထ အင်တာနေရှင်နယ် ‘degeneration’ ဖြစ်သွားရာက ကြွင်းကျန်ရစ်တဲ့ ‘small sect’ လေးတွေသာ ဖြစ်တယ်။ သူတို့က ထရော့စကီး အယူအဆကို ကိုယ်စားမပြုဘူး၊ ထရော့စကီးဝါဒကို နာမည်ဖျက်နေကြသူတွေ ဖြစ်တယ်။ ဒီအချက်ကို အထက်မှာ ဖော်ပြခဲ့တဲ့ အယ်ဒီတာ့ အာဘော်မှာ ရှင်းရှင်းလင်းလင်း ပြောထားတယ်။ တကယ်တော့ ထရော့စကီးဝါဒ ဆိုတာ Genuine Marxism နဲ့ အောက်တိုဘာ တော်လှန်ရေး အစဉ်အလာတွေကို စတာလင်နစ် ဖောက်ပြန်ရေး အန္တရာယ်ကနေ ခုခံကာကွယ်ထားခြင်းသာ ဖြစ်တယ်။

“အပြောပဲ ရှိသည်၊ အလုပ်မရှိပါ” တဲ့။ ဗကပက အတော် ဟိတ်ဟန်ကြီးတာပဲ။ အပြောပဲ ရှိတယ်လို့ သူတို့ စွပ်စွဲထားတဲ့ Internationalist ကွန်မြူနစ်စစ်စစ်တွေက အခုဆိုရင် Revolutionary Communist International ကို ၂၀၂၄ ခုနှစ်မှာ လက်တွေ့ ထူထောင်ပြီး နိုင်ငံပေါင်း ၆၀ ကျော်မှာ အင်အားရှိနေပြီ။ စတာလင်နစ် ဗကပက လက်တွေ့ ဘာတွေ လုပ်နိုင်ပြီလဲ။ ပါတီ ကွန်ဂရက် မခေါ်နိုင်တာ ၁၉၈၅ ကဆိုတော့ ၄၁ နှစ် ကြာခဲ့ပြီ။ အဲဒီလို အစုအဖွဲ့ကို ပါတီလို့ ဘယ်ခေါ်နိုင်မလဲ၊ small sect လို့သာ ပြောနိုင်တယ်။

ဗကပရဲ့ အမှာစာမှာ အခုလို ဆက်ပြောတယ် –

“အင်တာနေရှင်နယ် အဖွဲ့ချုပ်ဆိုတာ ရှေ့ဆောင် အတွေးအခေါ်ရှိမှ ဖွဲ့လို့ရတာ ဖြစ်သည်။ လူထုအခြေခံ ရှိသည့် ပါတီများက သဘောတူပြီး ဖွဲ့မှ ရတာ ဖြစ်သည်။ ပထမ အင်တာနေရှင်နယ်၊ ဒုတိယ အင်တာနေရှင်နယ်ကို မာ့(က်စ်)ဝါဒ ရှေ့ဆောင်မှုနှင့် ဖွဲ့တာ ဖြစ်သည်။ တတိယ အင်တာနေရှင်နယ်ကို လီနင်ဝါဒ ရှေ့ဆောင်တာ ဖြစ်သည်။ စတုတ္ထ အင်တာနေရှင်နယ်ကို ဘယ်’ဝါဒ’ နှင့် ရှေ့ဆောင်ကြမှာလဲ။”

သဘောတရားရေး ရှုပ်ထွေးမှုကို ဒီမှာ အထင်းသား တွေ့ရတာပဲ။ ‘ပထမနဲ့ ဒုတိယ အင်တာနေရှင်နယ်ကို မာ့(က်စ်)ဝါဒ ရှေ့ဆောင်မှုနဲ့ ဖွဲ့ခဲ့ပြီး တတိယ အင်တာနေရှင်နယ်ကို လီနင်ဝါဒ ရှေ့ဆောင်မှုနဲ့ ဖွဲ့ခဲ့တာ’ လို့ ဆိုထားတော့ မာ့(က်စ်)ဝါဒနဲ့ လီနင်ဝါဒက တခြားစီ၊ မတူညီတဲ့ ဝါဒ နှစ်ခုလို့ ဆိုလိုရာ ရောက်နေတယ်။ တကယ်တော့ လီနင်ဝါဒဆိုတာ မာ့(က်စ်)ဝါဒပါပဲ။ သူတို့နှစ်ခုက သီးခြားစီ ရပ်တည်နေတဲ့ ဝါဒကွဲ နှစ်ခု မဟုတ်ဘူး။ လီနင်က Marxist theory ကို develop ဖြစ်အောင် အကျိုးပြုခဲ့တာတွေ ရှိတယ်။ ဒါပေမဲ့ သီးခြားဝါဒ တခု ထူထောင်ခဲ့တာ မဟုတ်ဘူး၊ ဒါ့ကြောင့် တတိယ အင်တာနေရှင်နယ်ကို မာ့(က်စ်)ဝါဒ အခြေခံ အုတ်မြစ်ပေါ်မှာ တည်ဆောက်ခဲ့တာလို့ အတိအကျ ပြောနိုင်တယ်။

မှန်ပါတယ်၊ ဗကပလို Stalinist tradition မှာ စစ်မှန်တဲ့ မာ့(က်စ်)ဝါဒကို မသိခဲ့ရတဲ့ အစုအဖွဲ့တွေအဖို့တော့ သဘောတရားရေး ရှုပ်ထွေးမှုက အမြဲ ရှိနေမှာပဲ။ ကွန်မြူနစ် အင်တာနေရှင်နယ် အသစ် ဖွဲ့ရင် ဘယ်ဝါဒက ရှေ့ဆောင်မှာလဲ မေးလာရင် အဖြေက ရှင်းပါတယ်။ မာ့(က်စ်)၊ အန်းဂယ်(လ်စ်)၊ လီနင်၊ ထရော့စကီး တို့ရဲ့ စစ်မှန်သော မာ့(က်စ်)ဝါဒ အုတ်မြစ်ပေါ်မှာ တည်ဆောက်ရမှာပဲ။ ဒါ့အပြင် ပထမ၊ ဒုတိယ၊ တတိယ အင်တာနေရှင်နယ်နဲ့ စတုတ္ထ အင်တာနေရှင်နယ် အတွေ့အကြုံတွေလဲ ရှိပြီးသား။ တိတိကျကျ ပြောရရင် တတိယ အင်တာနေရှင်နယ်ရဲ့ ပထမအကြိမ် ကွန်ဂရက်ကနေ စတုတ္ထအကြိမ် ကွန်ဂရက်အထိ၊ စတုတ္ထ အင်တာနေရှင်နယ်ရဲ့ founding congress တို့ဟာ ကျနော်တို့ ဆက်ခံတဲ့ အမွေပဲ။

အဲဒီလို ပြည့်စုံကြွယ်ဝတဲ့ မာ့(က်စ်)ဝါဒ သီအိုရီ ဆိုတဲ့ Granite Foundation ပေါ်မှာ ကွန်မြူနစ် အင်တာနေရှင်နယ်ကို တည်ဆောက်သွားရမယ်။

ဗကပရဲ့ အမှာစာ နိဂုံး အပိုဒ်မှာ –

“ကြေညာစာတမ်း၏ အနှစ်ကိုယူ၊ အကာကို ပယ်ကြဖို့ ဖြစ်သည်” လို့ ဆိုထားတယ်။ ဆက်ဖတ်ကြည့်မှ ဗကပက အနှစ်ကိုချည်း ပစ်ပယ်ထားတာ တွေ့လိုက်ရတယ်။ သူတို့ပြောတာက “အလုပ်သမားများတွင် ‘တိုင်းပြည်မရှိ’ ဆိုတာကိုကော မည်သို့ နားလည်ကြမလဲ။ နယ်ချဲ့စနစ် ကြီးစိုးနေသော ခေတ်၊​​ ဂလိုဘယ်လိုင်ဇေးရှင်းခေတ်တွင် ‘အလုပ်သမားများတွင် တိုင်းပြည်မရှိ’ လုပ်နေလို့ ရမလား။ […] ဒါက သူတို့ (မာ့က်စ်နဲ့ အန်းဂယ်လ်စ်) ရဲ့ ကမ္ဘာ့ တော်လှန်ရေး အမြင်အရ ပြောနေခြင်း ဖြစ်သည်။ မိမိတို့က အခုခေတ်အရ တိုးချဲ့စဉ်းစားရလိမ့်မည်။ ဗကပက ပြည်ချစ်ဝါဒ လမ်းစဉ် လုပ်နေခြင်းသည် အလုပ်သမား (ပစ္စည်းမဲ့) များတွင် တိုင်းပြည်ရှိသည်၊ ထိုတိုင်းပြည်ကို ချစ်ရမည်ဟု ပြောနေခြင်း ဖြစ်သည်”။ (ရဲဘော်ကြင်မောင်ရေး၊ ကွန်မြူနစ်ပါတီ ကြေညာစာတမ်း တတိယအကြိမ်ထုတ် အမှာစာမှ)

‘နယ်ချဲ့စနစ် ကြီးစိုးနေသော ခေတ်၊​​ ဂလိုဘယ်လိုင်ဇေးရှင်းခေတ်’ မှာ အရင်းရှင်စနစ်က မာ့(က်စ်)တို့ လက်ထက်ကထက် ပိုပြီး integrated ဖြစ်နေတဲ့ world system ကြီး ဖြစ်သွားပြီ။ ဒီတော့ ကွန်မြူနစ် ကြေညာစာတမ်းမှာ မာ့(က်စ်)တို့ ရေးခဲ့တဲ့ ‘အလုပ်သမားများတွင် တိုင်းပြည်မရှိ’ ဆိုတဲ့ အချက်ဟာ ဒီကနေ့ခေတ်မှာ ပိုလို့တောင် မှန်ကန်နေသေးတယ်။ အခုတော့ ဗကပက မှားယွင်းစွာ ပြောင်းပြန် ကောက်ချက်စွဲနေတယ်။

မာ့က်စ်နဲ့ အန်းဂယ်(လ်စ်)တို့က Internationalist ကွန်မြူနစ်စစ်စစ်တွေ ဖြစ်လေတော့ “ကမ္ဘာ့ တော်လှန်ရေး အမြင်အရ ပြောနေခြင်း” ဖြစ်တယ်၊ nationalist degeneration ဖြစ်သွားတဲ့ ဗကပကတော့ ဒါနဲ့ ဆန့်ကျင်ဖက် “ပြည်ချစ်ဝါဒ” ကို ပြောနေတယ်။ ဒီတော့ ဗကပရဲ့ အမြင်နဲ့ မာ့က်စ်တို့ အမြင်ဟာ ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်နေတယ်။ ဒါ့ကြောင့် ဗကပဟာ ကွန်မြူနစ် နာမည်ခံပဲ ရှိပြီး ကွန်မြူနစ်ဝါဒရဲ့ အခြေခံမူတွေကို လုံးလုံးလျားလျား ပစ်ပယ်ထားတဲ့ စတာလင်နစ် အုပ်စုလေးလို့ အတိအကျ ပြောနိုင်တယ်။

ရေးသူ – သူရိန်မွန်

(၂၀၂၆ မေဒေး အထိမ်းအမှတ်)