၂၀၂၆ ခုနှစ် ဧပြီလ ၁၅ ရက်နေ့မှာ TNLA က “ဦးမင်းအောင်လှိုင် ဦးဆောင်ဖွဲ့စည်းလိုက်သည့် မြန်မာအစိုးရသစ်ကို ကြိုဆိုကြောင်း” ဂုဏ်ပြုသဝဏ်လွှာ ပေးပိုခဲ့တယ်။ ဒီစာနဲ့ ပတ်သက်ပြီး ဝေဖန်သုံးသပ်ဖို့ လိုအပ်လာတယ်။ ဒါပေမဲ့ ဒီစာပါ အကြောင်းအရာကို မဝေဖန်ခင် လူမျိုးစု/အမျိုးသားရေး ပြဿနာဆိုင်ရာ မာ့က်စ်ဝါဒ အမြင်နဲ့ သဘောထားကို အကျဉ်းချုပ် ဆွေးနွေးကြည့်ပါမယ်။ 
အမျိုးသားရေး ပြဿနာဟာ မိုင်းကွင်းကြီး တခုနဲ့ တူတယ်၊ ဒီမိုင်းကွင်းကြီးကို အန္တရာယ်ကင်းကင်းနဲ့ ဖြတ်သန်းဖို့ဆိုရင် ယုံကြည်ကိုးစားလောက်တဲ့ သံလိုက်အိမ်မြှောင် လိုအပ်တယ်။ အဲဒါကတော့ မာ့က်စ်ဝါဒပဲ။
အမျိုးသားရေး ပြဿနာနဲ့ ပတ်သက်ပြီး မှန်ကန်တဲ့ သဘောထား၊ ပေါ်လစီ မကျင့်သုံးနိုင်ခဲ့ဘူးဆိုရင် ၁၉၁၇ အောက်တိုဘာမှာ ဘော်ရှီဗစ်တွေ တော်လှန်ရေး အောင်မြင်ခဲ့မှာ မဟုတ်ဘူး။
လီနင်ဟာ အမျိုးသားရေး ပြဿနာနဲ့ ပတ်သက်ပြီး စာတမ်းတွေ၊ ဆောင်းပါးတွေ အမြောက်အမြား ရေးသားခဲ့တယ်။ ဘော်ရှီဗစ် ပါတီ ပရိုဂရမ်ရဲ့ အပိုဒ် ၉ မှာ “the right of nations to self-determination” ဆိုတဲ့ demand ကို အခိုင်အမာ ဖော်ပြထားတယ်။ နာမည်ကျော် မာ့က်စ်ဝါဒီ ရိုဆာ လူဇင်ဘတ်က ဒီအချက်ကို သဘောမတူဘူး။ irony ဆန်တဲ့ အချက်ကို ထောက်ပြရရင် လူမျိုးများ/လူမျိုးစု/အမျိုးသားများရဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို သဘောမတူတဲ့ ရိုဆာက အဖိနှိပ်ခံ Polish လူမျိုး ဖြစ်ပါတယ်၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို ထောက်ခံတဲ့ လီနင်က Great Russian လူမျိုး ဖြစ်နေတယ်။ ဒီအချက်နဲ့ ပတ်သက်လို့ သူတို့ နှစ်ဦးကြား အပြန်အလှန် ဝေဖန်တဲ့ ဆောင်းပါးတွေလဲ ရှိခဲ့တယ်။
(ခွင့်လွှတ်ပါ၊ nations ကို မြန်မာလို ပြန်ဖို့ စိတ်ကြိုက် စကားလုံး ရှာမရလို့ပါ၊ အမျိုးသားများလို့ ပြန်လိုက်ရင်လဲ အထီးတွေကို ဦးစားပေးတယ်လို့ စောဒက တက်လာနိုင်တယ်၊ လူမျိုးလို့ ပြန်လိုက်ရင်လဲ race နဲ့ ရောနိုင်တယ်၊ လူမျိုးစုကျပြန်တော့ ethnic ကို ပြောတာလိုလို၊ ဤကား စကားချပ်။)
အမျိုးသားရေး ပြဿနာကို လီနင်တို့ မှန်ကန်တဲ့ သဘောထား ချနိုင်ခဲ့လို့ တော်လှန်ရေး အောင်မြင်ခဲ့တယ်။ သို့သော် မာ့က်စ်ဝါဒ စာပေမှာ နားလည်မှုအလွဲဆုံး ပြဿနာက အမျိုးသားရေး ပြဿနာပဲ။ ဒီအကြောင်းအရာနဲ့ ပတ်သက်ပြီး လီနင် ရေးခဲ့တဲ့ စာတွေ အမြောက်အမြား ရှိပေမဲ့ တကယ် လေ့လာသူက အတော်နည်းတယ်။ တကယ် ဖတ်ကြည့်ရင်လဲ လီနင်ရဲ့ method ကို နားလည်သူက အလွန် နည်းသွားပြီ။ ဘာ့ကြောင့် ဒီလို ပြောရသလဲ။ လီနင်ဝါဒီလို့ ခံယူထားသူတွေကိုယ်တိုင်က လီနင်ရဲ့ အယူအဆတွေကို တလွဲ ပုံဖျက်ပစ်နေကြလို့ပဲ။
ဥပမာ အမျိုးသားရေး ပြဿနာလို့ ပြောလိုက်တာနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းမှု (သို့မဟုတ်) ခွဲထွက်ခြင်းကို အားပေး ထောက်ခံရမယ်လို့ ယူဆတတ်ကြတယ်။ အပေါ်စာပိုဒ်မှာ ပြောခဲ့တဲ့ စာစုကို သတိထားကြည့်ပါ။ “the right of nations to self-determination” လို့ပဲ ပြောထားတာ တွေ့ရမယ်။ သဘောက ကိုယ်ပိုင်ပြဋ္ဌာန်းပိုင်ခွင့် ဆိုတဲ့ အခွင့်အရေးကို အာမခံဖို့ ပြောထားတာ။ ရှင်းအောင်ပြောရရင် ဒီနေရာမှာ self-determination ဆိုတာ အဖိနှိပ်ခံ လူမျိုးစု တခုခု/ အမျိုးသား တခုခုက သက်ဆိုင်ရာ အမျိုးသား နိုင်ငံတော်ကနေ ခွဲထွက်ပြီး သီးခြား အမျိုးသား နိုင်ငံတော်တရပ် ထူထောင်ခြင်းကို ရည်ညွှန်းခြင်း ဖြစ်တယ်။ ဒါဟာ နိုင်ငံရေးအရ အဆုံးစွန်အထိ ပြောထားတာပဲ။ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ဆိုတာ သယံဇာတ စီမံခန့်ခွဲပိုင်ခွင့်၊ ယဉ်ကျေးမှုဆိုင်ရာ အခွင့်အရေးတွေလောက်ပဲ ဆိုလိုတာ မဟုတ်ဘူး။ နိုင်ငံရေးအရ right to secede ကို ပြောနေတာ။
လီနင်ကို နားလည်မှု လွဲနေကြတယ် ဆိုတာ အဲဒါပဲ။ လီနင် ပြောနေတာက အဖိနှိပ်ခံ လူမျိုးများအနေနဲ့ ခွဲထွက်ဖို့ ဆုံးဖြတ်ရင် ခွဲထွက်ပိုင်ခွင့် ရှိတယ်၊ ဒါပဲ။ အဲဒီလို ကိုယ့်ကြမ္မာကိုယ် ပြဋ္ဌာန်းနိုင်တဲ့ “အခွင့်အရေး”ကို အာမခံချက် ပေးရမယ်လို့ သူပြောနေတာ။ ခွဲထွက်လိုက ခွဲထွက်နိုင်တဲ့ အခွင့်အရေး အပြည့် ရှိရမယ်လို့ ပြောတာနဲ့ ခွဲထွက်ရမယ်လို့ ပြောတာ အဓိပ္ပါယ်ချင်း လုံးဝ မတူဘူး။
ဒီနှစ်ခု ခြားနားချက်ကို မြင်သာအောင် နမူနာ တခု နှစ်ခုလောက် စဉ်းစားကြည့်ရအောင်။ ကျနော်တို့ဟာ အမျိုးသမီးတွေရဲ့ right to abortion ကို ထောက်ခံတယ်၊ ဒီအခွင့်အရေးကို အာမခံချက် ပေးထားရမယ်လို့ ပြောတယ်။ သဘောက သက်ဆိုင်ရာ ကိုယ်ဝန်ဆောင် အမျိုးသမီး တဦးဦးက abortion လုပ်ဖို့ ဆုံးဖြတ်ရင် လုပ်ပိုင်ခွင့် အပြည့်ရှိရမယ်လို့ ဆိုလိုတယ်။ right to abortion ကို အာမခံတာဟာ ကိုယ်ဝန်ဆောင် အမျိုးသမီးတိုင်း ကိုယ်ဝန်ဖျက်ချဖို့ အားပေးတာနဲ့ အဓိပ္ပါယ် မတူဘူး။
အဲသလိုပဲ၊ အိမ်ထောင်သည်တွေရဲ့ right to divorce ကို ထောက်ခံပြီး အဲဒီ အခွင့်အရေးကို အာမခံချက် ပေးထားတာဟာ အိမ်ထောင်ဖက် တဦးဦးက ကွာရှင်းဖို့ ဆုံးဖြတ်ရင် လွတ်လပ်စွာ ကွာရှင်းပိုင်ခွင့် ရှိရမယ်လို့ ပြောခြင်းသာ ဖြစ်တယ်။ အိမ်ထောင်သည်တွေ အကုန် ကွာရှင်းကြလို့ အားပေး ထောက်ခံနေတာ မဟုတ်ဘူး။
အဖိနှိပ်ခံ လူမျိုးတွေရဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို အပြည့်အဝ အာမခံချက် ပေးရမယ် ဆိုတာလဲ ခွဲထွက်လိုက ခွဲထွက်ခွင့် အပြည့် ရှိရမယ်လို့ ဆိုလိုခြင်းသာ ဖြစ်တယ်၊ အဖိနှိပ်ခံ လူမျိုးတွေ အကုန် ခွဲထွက်ပြီး သီးခြား တိုင်းပြည်တွေ ကိုယ်စီ ထူထောင်ကြဖို့ အားပေးခြင်း မဟုတ်ဘူး။ right to secede ကို အာမခံချက် ပေးရမယ် ဆိုခြင်းဟာ secession ကို အားပေးရမယ်လို့ ဆိုလိုခြင်း မဟုတ်ဘူး။ secession လုပ်ရင် ပြဿနာတွေ ပြေလည်သွားမယ် ဆိုတာလဲ မဟုတ်ဘူး။
လီနင် ပြောတဲ့ ဆိုလိုရင်းကို နားမလည်သူတွေက အဲသလို ထင်နေတတ်ကြတယ်။ အမျိုးသားရေး ပြဿနာ တခု ပေါ်လာပြီဆိုရင် ခွဲထွက်ခြင်းကို အားပေးရမယ်လို့ ထင်တတ်ကြတယ်။ ခွဲထွက်လိုက်ရင် အမျိုးသားရေး ပြဿနာကို ဖြေရှင်းနိုင်ပြီလို့ ခပ်လွယ်လွယ် တွေးတတ်ကြတယ်။ အဲသလို ရပ်တည်တာကပဲ လီနင်ဝါဒီစစ်စစ်လို့ ထင်တတ်ကြသေးတယ်။ အဲသလောက်သာ ရိုးရှင်းနေရင် အမျိုးသားရေး ပြဿနာနဲ့ ပတ်သက်ပြီး မာ့က်စ်တို့ လီနင်တို့ ဘာ့ကြောင့် စာတွေ အများကြီး ရေးနေမှာလဲ။
“the right of nations to self-determination” ကို ထောက်ခံတဲ့ လီနင်ရဲ့ ရပ်တည်ချက်က ‘for seperation’ (ခွဲထွက်ရေး) မဟုတ်ဘူး၊ ‘for voluntary union’ (မိမိသဘောဆန္ဒအလျောက် ပေါင်းစည်းရေး) သာ ဖြစ်တယ်။ ‘voluntary union’ (မိမိသဘောဆန္ဒအလျောက် ပေါင်းစည်းရေး) ဖြစ်ဖို့ဆိုရင် ‘forced union’ (အတင်းအကျပ် ပေါင်းစည်းထားခြင်း) မဖြစ်ဖို့ အရေးကြီးတယ်။
‘forced union’ မဖြစ်ဖို့ဆိုရင် အတင်းအကျပ် ဆွဲထားလို့ အတူပေါင်းသင်းနေရတာမျိုး မဖြစ်ဖို့ လိုအပ်တယ်။ ဒါ့ကြောင့် အဖိနှိပ်ခံ လူမျိုးစုများ/အမျိုးသားများအနေနဲ့ ခွဲထွက်ဖို့ ဆုံးဖြတ်ရင် ခွဲထွက်ပိုင်ခွင့် ရှိရမယ်၊ ဒါမှသာ သူတို့ ခွဲမထွက်ခြင်းက coercion နည်းနဲ့ ဆွဲထားလို့ အတူရှိနေခြင်း မဟုတ်ဘဲ မိမိသဘောဆန္ဒအလျောက် ပေါင်းစည်းခြင်း ဖြစ်နိုင်တယ်။ ဒါ့ကြောင့် လီနင်က “the right of nations to self-determination” ကို ထောက်ခံခြင်းဟာ ခွဲထွက်ရေးကို အားပေးခြင်း မဟုတ်ဘူး၊ ‘for voluntary union’ လို့ ပြောခဲ့ခြင်း ဖြစ်တယ်။
နောက်တမျိုး ပြောရရင် မာ့က်စ်ဝါဒီတွေရဲ့ သဘောထားက negative position လို့ ဆိုနိုင်တယ်။ ဒီနေရာမှာ negative ဆိုတာ အဆိုးမြင်တဲ့ သဘောထားကို ပြောတာ မဟုတ်ဘူး။ ဘာကို ဆန့်ကျင်သလဲ ဆိုတာကို ရည်ညွှန်းပြီး ပြောတာ။ ဥပမာ၊ ‘against national oppression, against women oppression’ လို့ ပြောတာ။ အဲဒီ ရပ်တည်ချက်က ‘for seperation, for divorce’ ဆိုတဲ့ အဓိပ္ပါယ် မဟုတ်ဘူး။
မိမိသဘောဆန္ဒအလျောက် ပေါင်းစည်းရေး
မာ့က်စ်ဝါဒီတွေရဲ့ ရည်တည်ချက်က coercion နည်းနဲ့ ပြည်ထောင်စု လုပ်ခြင်းကို ဆန့်ကျင်တယ်၊ ‘for voluntary union’ (မိမိသဘောဆန္ဒအလျောက် ပေါင်းစည်းရေး) ကိုသာ အလိုရှိတယ်။ နယ်ခြားစည်းတွေ ထပ်တိုးပြီး petty state တွေ ထူထောင်ခြင်းကို မလိုလားဘူး၊ centralisation ကိုသာ အားပေးတယ်။
ဒီနေရာမှာ ပက်တီးဘူဇွာ နိုင်ငံရေး အုပ်စုတွေကြား ခေတ်စားနေတဲ့ အယူအဆ အမှားတွေကိုလဲ ထောက်ပြဖို့ လိုအပ်လာတယ်။ ပက်တီးဘူဇွာ နဲ့ ဘူဇွာ အမျိုးသားရေးဝါဒီတွေက petty state တွေ ထူထောင်လိုက်ရင် အမျိုးသားရေး တောင်းဆိုချက်တွေ ပြည့်ဝသွားမယ်၊ သို့မဟုတ် အဖိနှိပ်ခံ လူမျိုးများ ရင်ဆိုင်နေရတဲ့ ပြဿနာတွေကို ဖြေရှင်းနိုင်လိမ့်မယ်လို့ ယူဆတတ်ကြတယ်။ ဒါဟာ အင်မတန် မှားယွင်းတဲ့ အယူအဆပဲ။ လက်တွေ့ရင်ဆိုင်နေရတဲ့ အခြေအနေကိုပဲ အရင် ပြန်စဉ်းစားကြည့်ပါ။
ဒီကနေ့ ဗမာပြည်မှာ petty state တွေ တရားဝင် ထူထောင်ထားခြင်း မရှိသေးဘူး၊ ဒါပေမဲ့ နယ်မြေ တခုမှာ စိုးမိုးမင်းမူနေတဲ့ အဖွဲ့တွေ အနည်းဆုံး တခုနဲ့ အထက် ရှိနေတယ်။ ဒီတော့ အမြင်သာဆုံး အချက်က အရင်ကထက် အခွန်ဆောင်ရတဲ့ toll gate တွေ ပိုများလာတယ်။ အခွန်ပေးရတဲ့ နှုန်းထားချင်းလဲ တနေရာနဲ့ တနေရာ မတူဘူး။ အဲ့တော့ သယ်ယူပို့ဆောင်စရိတ် တက်လာတယ်။ နောက်ဆုံး ဝယ်ယူစားသုံးရတဲ့ ပြည်သူတွေကပဲ ဒီကုန်ကျစရိတ် ကြီးလေးတဲ့ ဒဏ်ကို ခံကြရတယ်။
နောက်တဆင့် တက်ပြီး နည်းနည်းလေး ထပ်စဉ်းစားကြည့်ရအောင်။ petty state တွေသာ အပြိုင်းအရိုင်း ထူထောင်ထားရင် ကုန်စည်စီးဆင်းမှုအတွက် မရှိမဖြစ် လိုအပ်တဲ့ အဝေးပြေး ကားလမ်း၊ ရထားလမ်း၊ တံတား၊ ရေကြောင်း၊ လေကြောင်းတွေကို ဘယ်လို တည်ဆောက်မလဲ။ တရွာတလမ်း၊ တမြို့တလိုင်း အဆင်ပြေသလို ဖောက်ထားကြမလား။ မြို့ဝင်ကြေး၊ ရွာဝင်ကြေး၊ နယ်စပ်ဖြတ်ကျော်ခွင့်တွေ အဆင်သင့်သလို ကောက်ပြီး ဖြေရှင်းကြမလား။ သေချာတာကတော့ ဒီလို ကုန်စည်စီးဆင်းမှုအတွက် မရှိမဖြစ် လိုအပ်တဲ့ infrastructure တည်ဆောက်ရေး၊ စီမံခန့်ခွဲရေး ကိစ္စလောက်ကိုပဲ centralisation မရှိရင် အကောင်အထည်ဖော်လို့ မရဘူး။
မှန်တယ်၊ အခု လက်ရှိ နိုင်ငံတော် အာဏာကို ချုပ်ကိုင်ထားသူတွေဟာ ဒီအခြေခံ တာဝန်လောက်တောင် ဖြေရှင်းနိုင်စွမ်း မရှိဘူး။ အဲဒါကြောင့်ပဲ centralisation မလိုအပ်ဘူး၊ ဒေသအလိုက် ကြည့်ကျက်လုပ်ရင် အဆင်ပြေသွားလိမ့်မယ်လို့ ကောက်ချက်ဆွဲ မရပါဘူး။ အဲဒီ ကောက်ချက်မှန် မမှန် သိချင်ရင် လတ်တလော မန္တလေးနဲ့ ရွှေဘို ဓာတ်ဆီဈေး ကွာခြားချက်ကိုပဲ အရင် စုံစမ်းကြည့်လိုက်ပါ။ သုံးဆနီးပါး ကွာဟနေတာ တွေ့ရလိမ့်မယ်။
ဒါဆိုရင် မှန်ကန်တဲ့ ကောက်ချက်က ဘာဖြစ်မလဲ။ လက်ရှိ အချိန်မှာ စစ်အာဏာရှင် အစိုးရက centralised state power ကို လက်တဆုပ်စာ အုပ်စိုးသူ လူတန်းစားအတွက် အသုံးချနေတယ်၊ ဒါ့ကြောင့် စစ်အာဏာရှင်စနစ်ကို ဖြိုချပြီး centralised state power ကို သာမန် အလုပ်သမား၊ လယ်သမား လူထုကြီး အကျိုးစီးပွားအတွက် အသုံးချရမယ်။
အခုတော့ အဲသလို ကောက်ချက်မဆွဲဘဲ centralisation မလိုဘူး၊ အဲဒီအစား နိုင်ငံတော် အသေးလေးတွေ အသီးသီး ထူထောင်လိုက်ရင် အဖြေတွေ့ပြီလို့ လွဲမှားစွာ ကောက်ချက်ဆွဲနေကြတယ်။
အခု အပေါ်မှာ လက်ငင်း ကြုံနေရတဲ့ ဥပမာ နှစ်ခု (inflation နဲ့ infrastructure ပြဿနာ) ကို ဘယ်လို ဖြေရှင်းကြမလဲ။ အသေးစား နိုင်ငံတော်လေးတွေ ထူထောင်လိုက်ရင် inflation ကို ဖြေရှင်းနိုင်မလား။ ဒါမှမဟုတ် တနယ် တဈေး အမျိုးမျိုး ဖြစ်ကုန်မလား။ centralised ငွေကြေးစနစ်၊ ဘဏ်နဲ့ စီးပွားရေး စနစ် မရှိဘဲ ငွေကြေးဖောင်းပွမှုကို ဘယ်လို ကိုင်တွယ်နိုင်မလဲ။ သယ်ယူပို့ဆောင်ရေး Infrastructure ကောင်းကောင်း မရှိဘဲ famine ကို ဘယ်လို တိုက်ဖျက်မလဲ။
လက်ရှိ စစ်အာဏာရှင် အစိုးရက ရခိုင်မှာ အေအေကို စစ်ရေးနည်းနဲ့ အနိုင်မတိုက်နိုင်တော့ ဘာလုပ်သလဲ။ economic blockade လုပ်တယ်။ တခြား လက်နက်ကိုင် အဖွဲ့တွေ စိုးမိုးထားတဲ့ ဒေသတွေကိုလဲ စစ်အစိုးရက ဖြတ်လေးဖြတ်နည်းနဲ့ ထိုးနှက်တာတွေ လုပ်တယ်။ ဒါတွေ အားလုံး အသိပဲ။
ဒါ့အပြင် တရုတ် အစိုးရက ရှမ်းမြောက်က MNDAA, TNLA နဲ့ UWSA တို့ကို စီးပွားရေး ပိတ်ဆို့တဲ့နည်းနဲ့ အကျပ်ကိုင်ခဲ့တာ အားလုံး မှတ်မိဦးမယ် ထင်ပါတယ်။ အဲသလိုပဲ၊ လက်နက်ကိုင် တပ်ဖွဲ့အချင်းချင်းကြား ကုန်စည်စီးဆင်းမှုကို ပိတ်ဆို့ပြီး အပြန်အလှန် ဖိအားပေးခဲ့ကြတာတွေလဲ မှတ်မိကြမယ် ထင်ပါတယ်။ ဒါတွေက nation state တခုတည်းမှာပဲ စီးပွားရေး ပိတ်ဆို့မှု လက်နက်ကို အသုံးပြုတဲ့ သာဓကတွေ။
နိုင်ငံတကာမှာလဲ ယူအက်(စ်) အစိုးရက သူနဲ့ မတည့်တဲ့ နိုင်ငံတွေကို စီးပွားရေး ပိတ်ဆို့မှုတွေ ဆယ်စုနှစ်ပေါင်းများစွာ ပြုလုပ်ပြီး ပြိုလဲသွားအောင် လုပ်ခဲ့၊ လုပ်ဆဲ ဖြစ်ပါတယ်။ ဥပမာ၊ ကျူးဘားကို အမေရိကန်က စီးပွားရေးအရ ပိတ်ဆို့ထားတာ နှစ် ၇၀ နီးပါး ရှိပြီ။ အခုဆိုရင် complete oil blockade လုပ်ထားတယ်။
အမျိုးသား နိုင်ငံတော်
ဒါ့ကြောင့် အမျိုးသား နိုင်ငံတော်တွေဟာ ဒီကနေ့ ကမ္ဘာမှာ တိုးတက်တဲ့ အခန်းကဏ္ဍ ကုန်ဆုံးသွားပြီ။ အမျိုးသား နိုင်ငံတော် တခုအတွင်း နောက်ထပ် အမျိုးသား နိုင်ငံတော် အသေးလေးတွေ ထပ်ပေါ်လာရင် တိုးတက်တဲ့ အခန်းကဏ္ဍ ရှိဦးမလား၊ ပိုပြီး နောက်ပြန်ရောက်သွားမလား (reactionary) ဆိုတာ စဉ်းစားကြည့်ပါ။ ဒီလို ဖြစ်ရတဲ့ အဓိက အကြောင်းကတော့ အရင်းရှင်စနစ်က ကမ္ဘာ့ စီးပွားရေး စနစ် ဖြစ်သွားလို့ပဲ။ အရင်းရှင်စနစ် အောက်မှာ တိုးတက်ဖွံ့ဖြိုးလာတဲ့ ကုန်လုပ်စွမ်းအားစုတွေက အမျိုးသား နိုင်ငံတော်ဆိုတဲ့ ဥခွံထဲမှာ မဆံ့တော့ဘူး။ အဲဒီ ဥခွံကို ဖောက်ပြီး ကမ္ဘာပတ်နေပြီ။ ဒါ့ကြောင့်လဲ ဂလိုဘယ်လိုင်ဇေးရှင်းလို့ လူသိများတဲ့ ဖြစ်စဉ်ကြီး ထွက်ပေါ်လာခဲ့တယ်။
ကမ္ဘာ့ အရင်းရှင် စီးပွားရေး စနစ်ကြီးဟာ integrated whole ဖြစ်နေပြီ၊ ဒီထဲမှာ ဆင်းရဲတဲ့ တိုင်းပြည်၊ ချမ်းသာတဲ့ တိုင်းပြည် အားလုံးဟာ integral part အနေနဲ့ ပါဝင်နေတယ်။ ဗမာပြည်က တောကြိုအုံကြား၊ တောင်ကြိုတောင်ကြားပါ မကျန် အဲဒီ ကမ္ဘာ့ အရင်းရှင် စီးပွားရေး စနစ်ကြီးအတွင်း integral part အဖြစ် ပါဝင်နေတယ်။ ဒီအချက်ကို ခင်ဗျားက လက်ခံချင်မှ လက်ခံမယ်၊ သိချင်မှ သိလိမ့်မယ်၊ ဒါပေမဲ့ ဟော်မုဇ် ရေလက်ကြား ပိတ်သွားလို့ ဓာတ်ဆီဈေး သုံးဆလောက် တက်သွားတဲ့ အဖြစ်ကိုတော့ မသိချင် လက်မခံချင်လို့ ရမှာ မဟုတ်ဘူး။ ပိုဆိုးတာက ဓာတ်ဆီဈေး တမျိုးတည်း တက်တာ မဟုတ်ဘူး။
ပြောချင်တဲ့ အချက်က ဒီကနေ့ ကမ္ဘာ့ အရင်းရှင်စနစ်နဲ့ nation state တွေဟာ သဟဇာတ မဖြစ်တော့ဘူး။ ဒီကနေ့ ပြည်သူအများ ကြုံတွေ့နေရတဲ့ ပြဿနာတွေကို အမျိုးသား နိုင်ငံတော်ဆိုတဲ့ ဘောင်အတွင်းမှာ ဖြေရှင်းနိုင်ခြင်း မရှိတော့ဘူး။ ဒီလို ခေတ်မှာ အမျိုးသား နိုင်ငံတော်အတွင်း နောက်ထပ် အသေးစား နိုင်ငံတော်လေးတွေ ထူထောင်လိုက်ရင် progressive မဖြစ်ဘဲ နောက်ပြန်ဆွဲရာသာ ရောက်သွားမယ်။
ဒါ့ကြောင့် မာ့က်စ်ဝါဒီတွေက petty state တွေ ထူထောင်ခြင်းကို အားမပေးဘူး၊ သို့သော် coercion နည်းနဲ့ အတင်းအကျပ် ပြည်ထောင်စု လုပ်ထားတာမျိုးကိုလဲ ဆန့်ကျင်တယ်၊ ဒါ့ကြောင့် အဖိနှိပ်ခံ လူမျိုးတွေက ခွဲထွက်ပြီး သီးခြား နိုင်ငံတော် ထူထောင်ဖို့ ဆုံးဖြတ်ရင်လဲ အဲဒီ အခွင့်အရေးကို သူတို့ကျင့်သုံးနိုင်ရမယ်၊ ဒါကို ကျနော်တို့က အပြည့်အဝ ထောက်ခံရမယ်။ တချိန်တည်းမှာပဲ အသေးစား နိုင်ငံတော်လေးတွေ ထူထောင်လိုက်ရုံနဲ့ အဖိနှိပ်ခံ လူမျိုးများ ရင်ဆိုင်နေရတဲ့ ပြဿနာတွေ ပြေလည်မသွားနိုင်ဘူး ဆိုတာလဲ ကျနော်တို့ဘက်က ပွင့်ပွင့်လင်းလင်း ဝေဖန်ထောက်ပြခွင့် ရှိတယ်။ ဖြစ်သင့်တဲ့ ဖြေရှင်းနည်းကိုလဲ ဖော်ထုတ်ပိုင်ခွင့် ကျနော်တို့မှာ ရှိတယ်။
အဲဒီ ဖြေရှင်းနည်းက ဘာလဲ။ အပေါ်မှာ Centralisation ကို လိုအပ်ကြောင်း ဆွေးနွေးခဲ့တယ်။ သို့သော် centralisation သက်သက်နဲ့ မလုံလောက်ဘူး။ ရှေ့ဆက် မဆွေးနွေးခင် သမိုင်းကြောင်းလေး နည်းနည်း ပြန်ကောက်ဖို့ လိုအပ်လာတယ်။
ရုတ်တရက်ကြည့်ရင် အမျိုးသား နိုင်ငံတော်တွေဟာ လူသားမျိုးနွယ် စတင်ကတည်းက (ဒါမှမဟုတ်) ဟိုး ရှေးပဝေသဏီ နှစ်ထောင်သောင်းကတည်းက တည်ရှိခဲ့တယ်လို့ ထင်တတ်ကြတယ်။ တကယ်တော့ အမျိုးသား နိုင်ငံတော်တွေ ပေါ်ထွန်းလာတာ သိပ်မကြာသေးဘူး။ နှစ်ရာဂဏန်းပဲ ရှိသေးတယ်။ အနောက်ဥရောပမှာ နယ်သာလန်နဲ့ အင်္ဂလန်ကိုသာ ဖယ်ကြည့်လိုက်မယ်ဆိုရင် နှစ်ပေါင်း ၂၀၀ ကျော်ပဲ ရှိသေးတယ်။ နယ်သာလန်က စပိန်လက်အောက်က လွတ်မြောက်ဖို့ ရုန်းထွက်တဲ့ အမျိုးသားရေး စစ်ပွဲ အသွင်နဲ့ ၁၆ ရာစုမှာ အမျိုးသား နိုင်ငံတော် ပေါ်ထွက်လာခဲ့တယ်။ အင်္ဂလန်ကျွန်းကတော့ ၁၄ ရာစုလောက်က စတင်ခဲ့တယ်။ ဒီနှစ်ခုကို ဖယ်ထားလိုက်ရင် အနောက် ဥရောပမှာ အမျိုးသား နိုင်ငံတော်တွေ ပေါ်ထွန်းလာတဲ့ သမိုင်းဟာ ၁၇၉၃ ပြင်သစ် တော်လှန်ရေးက စတင်ခဲ့ခြင်း ဖြစ်တယ်။ တနည်းအားဖြင့် အမျိုးသား နိုင်ငံတော်တွေဟာ အရင်းရှင်စနစ်ရဲ့ historical product သာ ဖြစ်တယ်။
လက်ရှိ ဗမာပြည်မှာ လက်နက်ကိုင် အဖွဲ့ အမြောက်အမြားနဲ့ သုံးပေ တဂိတ်ဖြစ်နေတယ်၊ petty state တွေသာ ထူထောင်လိုက်ရင် ဖြစ်လာနိုင်တဲ့ အခြေအနေကို အထက်တနေရာမှာ ဆွေးနွေးခဲ့တယ်။ တကယ်တော့ အဲဒါတွေက အသစ်အဆန်း မဟုတ်ဘူး။ ဥရောပ အလယ်ခေတ်မှာလဲ အလားတူ အခြေအနေတွေ ရှိခဲ့တယ်။ ဥရောပ feudalism ခေတ်က ဒေသအလိုက် ကုန်စည် measurement unit က တမျိုးတဘာသာစီ၊ အကောက်အခွန် custom ကလဲ အမျိုးမျိုး၊ သုံးတဲ့ ငွေကြေးစနစ်ကလဲ မတူ။ ဒီတော့ တက်သစ်စ အရင်းရှင်စနစ်နဲ့ ဘယ်လိုမှ အဆင်မပြေ။ ဒီမှာတင် တပြည်လုံး တနိုင်ငံလုံး လွှမ်းခြုံတဲ့ national market လိုအပ်လာတယ်။ အဲဒီ လိုအပ်ချက်နဲ့အညီ nation state ဆိုတဲ့ centralised authority ထွက်ပေါ်လာခြင်း ဖြစ်တယ်။
ဒါဟာ အရင်းရှင်စနစ် ရှေ့ဆက်ဖွံ့ဖြိုးတိုးတက်အောင် အများကြီး အထောက်အကူ ပြုပေးခဲ့တယ်။ ဒါပေမဲ့ သူ့အလိုလို ပေါ်လာတာတော့ မဟုတ်ဘူး။ ပြင်သစ် တော်လှန်ရေးကြီး ဆင်နွှဲပြီးမှ ထွက်ပေါ်လာခြင်း ဖြစ်တယ်။ ဒါ့ကြောင့် ပြင်သစ် တော်လှန်ရေးကြီးရဲ့ ပထမဆုံး အခြေခံမူက centralisation ဖြစ်ခဲ့တာ မထူးဆန်းဘူး။ ပြင်သစ် တော်လှန်ရေးကြီးက ဒေသအစွဲ local particularism နဲ့ ဒေသအလိုက် ကြီးစိုးမင်းမူတဲ့ မင်းညီမင်းသား အာဏာကို ဖြိုဖျက်ပြီး တနိုင်ငံလုံး လွှမ်းခြုံတဲ့ centralized republic ကို ထူထောင်ခဲ့တယ်။
ယေဘုယျသဘော ပြောရရင် အရင်းရှင်စနစ် အတက်ကာလမှာ ပေါ်ထွန်းခဲ့တဲ့ အမျိုးသား နိုင်ငံတော်တွေက ၁၇၉၃ ကနေ ၁၈၇၁ အထိ တိုးတက်တဲ့ အခန်းကဏ္ဍ ရှိခဲ့တယ်။ အဲဒီနောက်မှာတော့ အရင်းရှင်စနစ်အောက် တဟုန်ထိုး တိုးတက်လာတဲ့ ကုန်လုပ်စွမ်းအားစုတွေက အမျိုးသား နိုင်ငံတော် ဘောင်ထဲမှာ ရှေ့ဆက် မတိုးတက်နိုင်တော့ဘူး။ တချိန်တုန်းက တိုးတက်တဲ့ အခန်းကဏ္ဍ ရှိခဲ့တဲ့ အမျိုးသား နိုင်ငံတော်ဟာ ကုန်လုပ်စွမ်းအားစုတွေ ရှေ့ဆက် တိုးတက်မဲ့ လမ်းကြောင်းမှာ barrier ဖြစ်လာခဲ့တယ်။
သမိုင်း တာဝန်မကျေတဲ့ national bourgeois လူတန်းစား
တကယ်တော့ အမျိုးသား နိုင်ငံတော် ထူထောင်ရေး ဆိုတာ ဘူဇွာ ဒီမိုကရေစီ တော်လှန်ရေးရဲ့ အဓိက တာဝန် ဖြစ်တယ်။ ဘူဇွာ ဒီမိုကရေစီ တော်လှန်ရေးက ပြီးပြတ်အောင် ဖြေရှင်းခဲ့ရမဲ့ တာဝန် ဖြစ်တယ်။ သို့သော် ရုရှားလို ခေတ်နောက်ကျတဲ့ တိုင်းပြည်တွေ၊ ဗမာလို ကိုလိုနီ တိုင်းပြည်တွေက national bourgeois လူတန်းစားဟာ သမိုင်း ဇာတ်ခုံပေါ် ရာစုနှစ် တခုကျော် နောက်ကျပြီးမှ ရောက်လာခဲ့ခြင်း ဖြစ်တယ်။ ၁၇၉၃ ပြင်သစ်က ဘူဇွာ လူတန်းစားလို တိုးတက်တဲ့ တော်လှန်တဲ့ အခန်းကဏ္ဍ မရှိတော့ဘဲ counter-revolutionary role သာ ရှိတယ်။
တကယ်တော့ ဗမာပြည် ဘူဇွာ လူတန်းစားထက် နှစ်တရာလောက် စောတဲ့ ဂျာမန် ဘူဇွာ လူတန်းစားသည်ပင် သူ့ရှေ့က ပြင်သစ် ဘူဇွာ လူတန်းစားလို တော်လှန်တဲ့ အခန်းကဏ္ဍ မရှိတော့လို့ ဂျာမန် ဘူဇွာ တော်လှန်ရေးကို အောင်မြင်အောင် မစွမ်းဆောင်နိုင်ခဲ့ဘူး။ ပြင်သစ် တော်လှန်ရေးကြီးရဲ့ အခြေခံမူက centralisation လို့ ပြောခဲ့တယ်။ အလားတူပဲ၊ ဂျာမန် ဘူဇွာ တော်လှန်ရေးရဲ့ အဓိက တာဝန်ကလဲ Unification ဖြစ်တယ်။ သို့သော် ဂျာမန် ဘူဇွာတွေက တော်လှန်ရေး နည်းနဲ့ မလုပ်နိုင်ခဲ့ဘူး။ အကျိုးဆက်ကတော့ ပရပ်ရှား စစ်ဗိုလ် Bismarck က reactionary နည်းနဲ့ ဂျာမနီ နိုင်ငံကို စုစည်းခဲ့တယ်။ ရလဒ်ကတော့ စစ်ဝါဒ အားကောင်းလာပြီး Bismarck ရဲ့ ဘိုနာပတ် စစ်အာဏာရှင်စနစ် အခြေခိုင်သွားခဲ့တယ်။
နောက် နှစ်တရာနီးပါး အကြာ ဗမာပြည်မှာလဲ national question ကို တော်လှန်ရေးနည်းနဲ့ ဖြေရှင်းဖို့ ကြိုးပမ်းခဲ့ကြတယ်။ ဗြိတိန်ရဲ့ ကိုလိုနီဘဝက အမျိုးသား လွတ်မြောက်ရေး တိုက်ပွဲ အသွင်နဲ့ ထွက်ပေါ်လာခြင်း ဖြစ်တယ်။ ပင်လုံ သဘောတူ စာချုပ်ဟာ ဒီကြိုးပမ်းမှုရဲ့ အသီးအပွင့်ပဲ။ သို့သော် နှစ် ၁၅၀ လောက် နောက်ကျပြီးမှ သမိုင်း ဇာတ်ခုံပေါ် ရောက်လာတဲ့ ဗမာ national bourgeois လူတန်းစားဟာ အမျိုးသားရေး ပြဿနာ၊ မြေယာ ပြဿနာတို့ကို ပြတ်ပြတ်သားသား ဖြေရှင်းပြီး ဘူဇွာ ဒီမိုကရေစီ တော်လှန်ရေးကို အောင်အောင်မြင်မြင် မဆင်နွှဲနိုင်ခဲ့ဘူး။ အကျိုးဆက်ကတော့ ဗိုလ်ချုပ်နေဝင်း ခေါင်းဆောင်တဲ့ ဘိုနာပတ် စစ်အာဏာရှင်စနစ် ထွက်ပေါ်လာတယ်၊ coercion နည်းနဲ့ တည်ဆောက်ထားတဲ့ forced union ကြီး ဖြစ်သွားခဲ့တယ်။
ဒါ့ကြောင့်လဲ ဒီပြဿနာတွေ ဒီကနေ့အထိ သိပ်သည်းပြင်းထန်နေဆဲ ဖြစ်တယ်။ ဂျာမနီ အတွေ့အကြုံ၊ ဗမာပြည် အတွေ့အကြုံတို့ကို ခြုံကြည့်လိုက်ရင် အရေးကြီး သင်ခန်းစာ ထွက်ပေါ်လာတယ်။ အဲဒါကတော့ အရင်းရှင် လူတန်းစားဟာ national question ကို ဖြေရှင်းနိုင်စွမ်း မရှိခဲ့ဘူး၊ အခုထိလဲ မဖြေရှင်းနိုင်သေးဘူး၊ ရှေ့ဆက်လဲ ဖြေရှင်းနိုင်မဲ့ လက္ခဏာ မရှိဘူး။ တနည်းအားဖြင့် ပြောရရင် ဘူဇွာ တော်လှန်ရေးက ကိုင်တွယ်ဖြေရှင်းရမဲ့ fundamental task တွေကို ဘူဇွာ လူတန်းစားက ဖြေရှင်းနိုင်စွမ်း လုံးဝ မရှိ(ခဲ့)ဘူး။
ဒါ့အပြင် အရေးကြီး သမိုင်း သင်ခန်းစာ နောက်တခုက national question ကို ဘယ်လူတန်းစားက ဦးဆောင်ပြီး ဘယ်သူ့ အကျိုးစီးပွားအတွက် ဘယ်နည်းဘယ်ပုံ ဖြေရှင်းသလဲ ဆိုတာ အလုပ်သမား လူတန်းစားအတွက် အလွန် အရေးကြီးတယ်။ ဒီကနေ့ သိပ်သည်းပြင်းထန်နေတဲ့ အမျိုးသားရေး ပြဿနာကို ဖြေရှင်းမယ်ဆိုရင်လဲ ဒီမေးခွန်းကို အရင် မေးရလိမ့်မယ်။ ဘယ်လူတန်းစားက ဦးဆောင် ဖြေရှင်းနိုင်သလဲ၊ ဘယ်လိုနည်းနဲ့ ဖြေရှင်းမှာလဲ၊ ဘယ်သူ့ အကျိုးစီးပွားအတွက်လဲ။
အရင်းရှင် လူတန်းစားကတော့ မဖြေရှင်းနိုင်တာ သေချာတယ်။ စစ်အာဏာရှင်တွေဟာ အရင်းရှင် လူတန်းစားထဲက ဖြစ်တယ်၊ သူတို့ဟာ မဖြေရှင်းနိုင်တဲ့အပြင် national oppression ကို အဆိုးရွားဆုံး အရက်စက်ဆုံး ကျူးလွန်ထားတဲ့ အဓိက လက်သည် တရားခံတွေ ဖြစ်တယ်။
ဒါဆိုရင် သူတို့ကို ဆန့်ကျင်နေပါတယ် ဆိုတဲ့ လစ်ဘရယ် ဘူဇွာတွေကရော ဒီပြဿနာကို ဖြေရှင်းနိုင်သလား။ အာဏာလေး မစို့မပို့ရလိုက်တဲ့ အခိုက်အတန့်လေးမှာတင် လစ်ဘရယ် ဘူဇွာတွေက သူတို့ ရပ်တည်ချက် အမှန်ကို ပြသခဲ့ပြီးပြီ။ ဒါ့ကြောင့် အဖိနှိပ်ခံ လူမျိုးစု ပြည်သူတွေက လစ်ဘရယ် ဘူဇွာတွေကို ယုံကြည်မှု ကင်းမဲ့နေတာပဲ။ သူတို့ဟာ အမျိုးသားရေး ပြဿနာကို မဖြေရှင်းနိုင်တဲ့အပြင် အဖိနှိပ်ခံ လူမျိုးတွေကြားက မယုံကြည်မှုကိုတောင် လျော့ပါးအောင် မစွမ်းဆောင်နိုင်ဘူး။ သူတို့ရဲ့ ပေါ်လစီတွေ၊ လက်တွေ့ လုပ်ဆောင်ချက်တွေအရ သူတို့ ဦးဆောင်မှုကို အဖိနှိပ်ခံ လူမျိုးများက မယုံကြည်တာ မထူးဆန်းဘူး။
ပက်တီးဘူဇွာ အမျိုးသားရေးဝါဒ
တတိယ (ကွန်မြူနစ်) အင်တာနေရှင်နယ်ရဲ့ ဒုတိယ ကွန်ဂရက်အတွက် လီနင်ရေးခဲ့တဲ့ “Preliminary Draft Theses on the National and the Colonial Questions” ထဲက နောက်ဆုံး စစ်တမ်းတခုကို ကောက်နှုတ် ကိုးကားလိုတယ် –

“နယ်ချဲ့ပါဝါတွေက ကိုလိုနီ တိုင်းပြည်တွေ၊ အင်အားနည်းတဲ့ လူမျိုးတွေကို ကာလ တာရှည် ဖိနှိပ်ခဲ့ခြင်းကြောင့် အဖိနှိပ်ခံ တိုင်းပြည်တွေက လုပ်သား ပြည်သူတွေဟာ ဖိနှိပ်သူ တိုင်းပြည်တွေကို ရန်လို မုန်းတီးနေကြတယ်၊ ဒါတင်မကသေး၊ အဖိနှိပ်ခံ တိုင်းပြည်တွေက ပြည်သူတွေမှာ မယုံကြည်မှုတွေ ပြည့်နှက်နေတယ်၊ အလုပ်သမား လူတန်းစားမှာတောင် မယုံကြည်စိတ်တွေ ရှိတယ်။ ၁၉၁၄-၁၉ (ပထမ ကမ္ဘာစစ်ကို ရည်ညွှန်း) ကာလမှာ အလုပ်သမား လူတန်းစားရဲ့ တရားဝင် ခေါင်းဆောင် အများစုက ဆိုရှယ်လစ်ဝါဒကို စက်ဆုပ်ဖွယ် သစ္စာဖောက်သွားခဲ့ကြတယ်။ ကိုလိုနီ တိုင်းပြည်တွေကို သူတို့ တိုင်းပြည်တွေရဲ့ ဘူဇွာတွေက ဖိနှိပ်အုပ်ချုပ်ပြီး ယင်းတိုင်းပြည်တွေကို ငွေကြေးအရ သွေးစုပ်ခြယ်လှယ်မှုတွေ ဆက်လုပ်ပိုင်ခွင့်ကို ကာကွယ်ခဲ့ကြတယ်။ သို့သော် ဒီရပ်တည်ချက်အမှန်ကို ဖုံးဖိထားဖို့ “အဖနိုင်ငံတော်ကြီးကို ကာကွယ်ခြင်း” ဆိုတဲ့ ဆိုရှယ်-ရှိူဗင်နစ် ဝတ်ရုံကို ခြုံခဲ့ကြတယ်။ ဒီလို စက်ဆုပ်ဖွယ် သစ္စာဖောက်မှုကြောင့် အင်မတန် ဖြစ်သင့်ဖြစ်ထိုက်တဲ့ မယုံကြည်မှုကို သေချာပေါက် အားကောင်းသွားစေခဲ့တယ်။
အခြားတဖက်မှာလဲ တိုင်းပြည်တခုဟာ ပိုပြီး ခေတ်နောက်ကျလေ အသေးစား လယ်ယာ ထုတ်လုပ်ရေး၊ မဟာဖိုဝါဒနဲ့ တသီးတခြားဖြစ်မှု ပိုအားကောင်းလေ ဖြစ်တယ်။ ဒီတော့ နက်နက်ရှိုင်းရှိုင်း အမြစ်တွယ်နေတဲ့ ပက်တီးဘူဇွာ အစွဲအလမ်းတွေကို သေချာပေါက် အားကောင်းသွားစေတယ်။ ဆိုလိုတဲ့ သဘောက အမျိုးသားရေး ဇာတိမာန်နဲ့ အမျိုးသားရေး ကျဉ်းမြောင်းမှုတွေ အားကောင်း ခိုင်မြဲသွားစေတယ်။ ရှေ့တန်းရောက် တိုင်းပြည်တွေမှာ အရင်းရှင်စနစ်နဲ့ နယ်ချဲ့စနစ်တို့ မရှိတော့မှ၊ ခေတ်နောက်ကျ တိုင်းပြည်တွေရဲ့ စီးပွားရေး ဘဝကို ခြေခြေမြစ်မြစ် ပြောင်းလဲပြီးမှသာ အဲဒီအစွဲတွေ ဖြေးဖြေးချင်း ပျောက်ကွယ်သွားနိုင်တယ်။ ဒါ့ကြောင့် တိုင်းပြည်အသီးသီးက လူတန်းစား အသိစိတ် စူးရှတဲ့ ကွန်မြူနစ် အလုပ်သမားတွေရဲ့ တာဝန်က ဒီတိုင်းပြည်တွေမှာ၊ နှစ်ရှည်လများ အဖိနှိပ်ခံထားရတဲ့ လူမျိုးတွေကြားမှာ ကြွင်းကျန်နေတဲ့ အမျိုးသားရေး စိတ်ဓာတ်ကို အထူး သတိထားပြီး အလေးအနက်ထားရမယ်။ ဒီမယုံကြည်မှုနဲ့ မလိုမုန်းထားစိတ်တွေကို မြန်မြန် ကျော်လွှားဖို့ ရည်ရွယ်ချက်နဲ့ လိုက်လျောချက်တွေ ပြုလုပ်ဖို့လဲ လိုအပ်တယ်။ ကမ္ဘာတလွှားက တိုင်းပြည်အားလုံး၊ လူမျိုးအားလုံးရဲ့ အလုပ်သမား လူတန်းစားနဲ့ သူ့ဦးဆောင်မှုနောက်က လုပ်သားထုတရပ်လုံးက သွေးစည်းညီညွတ်မှုကို တည်ဆောက်ဖို့ လိုလိုလားလား မကြိုးစားဘဲ အရင်းရှင်စနစ်ကို အဆုံးသတ် အောင်ပွဲခံဖို့ဆိုတာ မဖြစ်နိုင်ဘူး။”
လီနင်ရဲ့ စစ်တမ်းဟာ ဒီကနေ့ ဗမာပြည် အခြေအနေကို အများကြီး ထင်ဟပ်နေတယ်။ အဖိနှိပ်ခံ လူမျိုးများက ဗမာ လစ်ဘရယ် ဘူဇွာတွေ၊ ပက်တီးဘူဇွာ နိုင်ငံရေး အုပ်စုတွေကို ဘာ့ကြောင့် မယုံကြည်နိုင်သလဲ၊ မုန်းတီးနေသလဲ ဆိုတာလဲ နားလည်နိုင်တယ်။
“အခြားတဖက်မှာလဲ တိုင်းပြည်တခုဟာ ပိုပြီး ခေတ်နောက်ကျလေ အသေးစား လယ်ယာ ထုတ်လုပ်ရေး၊ မဟာဖိုဝါဒနဲ့ တသီးတခြားဖြစ်မှု ပိုအားကောင်းလေ ဖြစ်တယ်။ ဒီတော့ နက်နက်ရှိုင်းရှိုင်း အမြစ်တွယ်နေတဲ့ ပက်တီးဘူဇွာ အစွဲအလမ်းတွေကို သေချာပေါက် အားကောင်းသွားစေတယ်။ ဆိုလိုတဲ့ သဘောက အမျိုးသားရေး ဇာတိမာန်နဲ့ အမျိုးသားရေး ကျဉ်းမြောင်းမှုတွေ အားကောင်း ခိုင်မြဲသွားစေတယ်” ဆိုတဲ့ မှတ်ချက်က ဒီကနေ့ လူမျိုးရေး အခြေခံ အမျိုးသား လွတ်မြောက်ရေး ဆင်နွှဲနေတဲ့ နိုင်ငံရေး အဖွဲ့အစည်းတွေကို ရည်ရွယ်ပြီး ရေးထားသလားတောင် ထင်ရတယ်။ ဒါ့ကြောင့် ဒီကနေ့ ကာလမှာ “centrifugal tendency” တွေ အားကောင်းနေခြင်း ဖြစ်တယ်။ ဒါကို တိုးတက်တဲ့ လမ်းကြောင်းအဖြစ် တချို့သော လက်ဝဲတွေ၊ ပက်တီးဘူဇွာ နိုင်ငံရေး အုပ်စုတွေက ဝိုင်းထောက်ခံနေကြတာလဲ ရှိတယ်။ သူတို့ဟာ “အမျိုးသားရေး ဇာတိမာန်နဲ့ အမျိုးသားရေး ကျဉ်းမြောင်းမှုတွေ” ကို အားပေးနေကြတာပဲ။
ဒီတော့ ကျနော်တို့ အမြင်ကို ပွင့်ပွင့်လင်းလင်း ပြောရရင် လူမျိုးအခြေခံ၊ ဒေသအခြေခံ အမျိုးသား လွတ်မြောက်ရေး တိုက်ပွဲတွေဟာ သူ့ချည်းသက်သက်ဆို ဘယ်တော့မှ မအောင်မြင်နိုင်ဘူး။ အေအေပဲဖြစ်ဖြစ်၊ ဝပဲဖြစ်ဖြစ်၊ ရှမ်းမြောက်က အဖွဲ့တွေပဲဖြစ်ဖြစ်၊ ကချင်နဲ့ ကရင်ပဲဖြစ်ဖြစ် ဘယ်သူမှ မအောင်မြင်နိုင်ဘူး။ အလုပ်သမား လူတန်းစားက ဗမာ တပြည်လုံး အတိုင်းအတာနဲ့ ဆိုရှယ်လစ် တော်လှန်ရေးကို ဦးဆောင် ဆင်နွှဲမှသာ အမျိုးသားရေး ပြဿနာကို ဖြေရှင်းနိုင်မယ်။
စစ်အာဏာရှင်စနစ်ကလဲ centralisation ကို သူတို့ အကျိုးစီးပွားအတွက် ကျင့်သုံးတာပဲ။ အလုပ်သမား လူတန်းစားကလဲ အဖိနှိပ်ခံ လူမျိုးပေါင်းစုံ လူထုကြီး အကျိုးစီးပွားအတွက် centralisation ကို လိုအပ်တယ်၊ သို့သော် centralisation တခုတည်းနဲ့ မလုံလောက်ဘူးလို့ ပြောခဲ့တယ်။ မှန်ပါတယ်၊ အရင်းရှင်စနစ် အခြေခံပေါ်က centralisation ဟာ အဖိနှိပ်ခံ လူမျိုးများ လိုလားတောင့်တတဲ့ အရာတွေ၊ ရင်ဆိုင်နေရတဲ့ ပြဿနာတွေကို မဖြေရှင်းနိုင်ဘူး။ ဆိုရှယ်လစ် စနစ် အခြေခံပေါ်က centralisation ကသာ ဖြေရှင်းနိုင်တယ်။
တနည်းအားဖြင့် ဘူဇွာ ဒီမိုကရေစီ တော်လှန်ရေးက ဖြေရှင်းခဲ့ရမဲ့ ပြဿနာတွေကို အလုပ်သမား လူတန်းစား ဦးဆောင်တဲ့ ဆိုရှယ်လစ် တော်လှန်ရေးနဲ့သာ ဖြေရှင်းနိုင်မယ်။ ဒါဟာ စိတ်ကူးယဉ် ပြောခြင်း မဟုတ်ဘူး။ တချိန်တုန်းက ‘prison house of nations’ လို့တောင် ပြောခဲ့ကြတဲ့ ဇာဘုရင် အုပ်စိုးတဲ့ ရုရှား အင်ပိုင်ယာအတွင်းက အဖိနှိပ်ခံ လူမျိုးများဟာ အောက်တိုဘာ တော်လှန်ရေးကြောင့် လွတ်မြောက်မှု ရသွားခဲ့ကြတယ်။ အလားတူပဲ၊ အောက်တိုဘာ တော်လှန်ရေး အောင်ခဲ့တာဟာလဲ အဖိနှိပ်ခံ လူမျိုးများ ပြဿနာကို မှန်မှန်ကန်ကန် ချဉ်းကပ်ပြီး သူတို့ရဲ့ revolutionary potential ကို ဖွင့်ထုတ်ပေးနိုင်ခဲ့လို့ ဖြစ်တယ်။
ဒီစာကို အဆုံးသတ်ခါနီးမှ အစကို ပြန်ကောက်ရရင် TNLA ရဲ့ ထုတ်ပြန်ချက်ဟာ reactionary ဖြစ်တယ်လို့ ရှင်းရှင်းလင်းလင်း ဝေဖန်ရလိမ့်မယ်။ စစ်အာဏာရှင် မင်းအောင်လှိုင်ကို ဦးမင်းအောင်လှိုင်လို့ ခေါ်လိုက်တာနဲ့တင် TNLA ရဲ့ ဂုဏ်သိက္ခာလဲ ထိုးကျသွားခဲ့ပြီ။ ဒါကို လူတော်တော်များများ ဝေဖန်နေကြတာပဲ။ ကျနော်တို့ မာ့က်စ်ဝါဒီတွေက ဘယ်တုန်းကမှ ဘယ်ဘူဇွာ/ပက်တီးဘူဇွာ နိုင်ငံရေး ခေါင်းဆောင်/ အဖွဲ့အစည်းကိုမှ cheerleading မလုပ်ခဲ့ဖူးဘူး။ 1027 စစ်ဆင်ရေး အရှိန်တက်နေချိန် လူအတော်များများ illusion တွေတက်ပြီး စစ်ရေးနဲ့ စိတ်ကူးဖဲ ရိုက်နေချိန်မှာတောင် အဖြစ်မှန်ကို သတိပေးဖို့ ကျနော်တို့ မပျက်ကွက်ခဲ့ဘူး။
ဒါ့ကြောင့် TNLA ရဲ့ လုပ်ရပ်၊ MNDAA ရဲ့ လုပ်ရပ်တွေကြောင့် ရှော့ခ်မရသလို သူတို့ဘက်က ခုခံကာကွယ်စရာလဲ မလိုဘူး။ ဒါပေမဲ့ TNLA တခုတည်းကိုပဲ ကွက်ပြီး ဆဲဆို အပြစ်တင်နေရုံနဲ့ ဒီပြဿနာရဲ့ အတိမ်အနက်ကို နားမလည်နိုင်ဘူး ဆိုတာတော့ ထောက်ပြရမယ်။ ဖြေရှင်းနိုင်ဖို့ ဆိုတာ အဝေးကြီး။
တချိန်တည်းမှာပဲ ဗမာ ပက်တီးဘူဇွာ နိုင်ငံရေး အုပ်စုတချို့က လူမျိုးစု လက်နက်ကိုင် တပ်ဖွဲ့ တခုခုက ရပ်တည်ချက် အမှား ကျူးလွန်လိုက်ပြီဆိုရင် မဟာဗမာလူမျိုးကြီးဝါဒ အလံထူပြီး ဗမာတွေလဲ ကိုယ့်လူမျိုး အကျိုးစီးပွား ရှေ့တန်းတင်ရမယ်လို့ ထအော်တတ်တယ်။ ဗမာလူမျိုး နာမည်တပ်အော်ရင် ဖောက်ပြန်မှန်း သိသာတော့ အညာကို ‘romanticize’ လုပ်ပြီး မဟာဗမာလူမျိုးကြီးဝါဒ အလံကို လွှင့်တင်လာကြတယ်။ အဲဒါတွေ အားလုံးကို reactionary trend အဖြစ် ပြတ်ပြတ်သားသား ဆန့်ကျင်ရမယ်။
ပက်တီးဘူဇွာ အမျိုးသားရေး ကျဉ်းမြောင်းမှုကို ဗမာ ပက်တီးဘူဇွာ အမျိုးသားရေးဝါဒနဲ့ တန်ပြန်တဲ့ အလွန်ဖောက်ပြန်တဲ့ အယူအဆတွေ ဖြစ်တယ်။ ဒီလုပ်ရပ်တွေဟာ အထက်မှာ လီနင် ထောက်ပြခဲ့သလို အဖိနှိပ်ခံ လူမျိုးတွေရဲ့ ရန်လို မုန်းတီးမှုနဲ့ မယုံကြည်မှုတွေကို ရေလောင်းပေါင်းသင်းပေးရာ ရောက်လိမ့်မယ်။ အရင်းရှင်စနစ်နဲ့ နယ်ချဲ့စနစ်ကို ဖြိုချဖို့ အမှန်တကယ် လိုအပ်တဲ့ အဖိနှိပ်ခံ ပြည်သူတွေကြား သွေးစည်းညီညွတ်မှုကို ဖြစ်ပေါ်စေမှာ မဟုတ်ဘူး။ ဒါ့ကြောင့် ဖောက်ပြန်တဲ့ နိုင်ငံရေးလို့ အတိအကျ ပြောပါတယ်။
ဆိုရှယ်လစ် တော်လှန်ရေး
အရင်းရှင်စနစ်က ကမ္ဘာ့ စီးပွားရေးစနစ် ဖြစ်လာတဲ့ ဒီကနေ့ ခေတ်မှာ ဘယ်လူမျိုးစုမှ ဘယ်ဒေသမှ သီးခြား လွတ်မြောက်ရေး မရနိုင်ဘူး ဆိုတဲ့ အချက်ဟာ ပိုပြီး ပေါ်လွင်ထင်ရှားလာတယ်။ အထူးသဖြင့် တရုတ် အရင်းရှင် နယ်ချဲ့ ပါဝါရဲ့ backyard ဖြစ်နေတဲ့ ဗမာပြည်မှာ ဘယ်လက်နက်ကိုင် အဖွဲ့အစည်း၊ ဘယ်စိုးမိုးနယ်မြေမှ သူ့ချည်းသီးသန့် မရပ်တည်နိုင်ဘူး။ အမျိုးသား လွတ်မြောက်ရေး ရဖို့ဆိုတာ အဝေးကြီး။
ကျနော်တို့က အလုပ်သမား လူတန်းစား ဦးဆောင်တဲ့ ဗမာ တပြည်လုံး ဆိုရှယ်လစ် တော်လှန်ရေးလို့ ပြောတော့ စိတ်ကူးယဉ်လိုက်တာလို့ စွပ်စွဲတတ်ကြတယ်။ အခု ‘လက်တွေ့ကျပါတယ်’ ဆိုတဲ့ ‘ကျေးလက် အခြေပြု လက်နက်ကိုင် တော်လှန်ရေးကြီး’ ဘယ်အခြေဆိုက်နေပြီလဲ။ ခင်ဗျားတို့ မပြောရဲရင် ကျနော်တို့ အတိအကျ ပြောပါမယ်၊ dead end ကို ရောက်နေပြီ။
MNDAA က TNLA ကို ထတိုက်တဲ့ ဖြစ်ရပ်၊ အခု UWSA နဲ့ TNLA တို့က ဗိုလ်မင်းအောင်လှိုင်ကို ပြေးထောက်ခံတဲ့ ဖြစ်ရပ်တွေက သက်သေပဲ။ တနည်းအားဖြင့် ပြောရရင် small nation တွေရဲ့ အမျိုးသား လွတ်မြောက်ရေး တိုက်ပွဲတွေကို အရင်းရှင် နယ်ချဲ့ ပါဝါကြီးတွေက နယ်ရုပ်လေးတွေအဖြစ် သဘောထားလေ့ရှိတယ်။ ဘောလ်ကန် ဒေသမှာ ဒီလို အဖြစ်တွေ တောက်လျှောက် ကြုံခဲ့ရပြီးပြီ။ ဗမာပြည်မှာလဲ အလားတူ အဖြစ်တွေ တွေ့နေရပြီ။ အရင်းရှင် နယ်ချဲ့ပါဝါတွေအဖို့တော့ တိုင်းပြည်ငယ်လေးတွေဟာ သူတို့ အဂျန်ဒါနဲ့ ကိုက်ရင် သုံးမယ်၊ မလိုတော့ရင် စွန့်ပစ်လိုက်မဲ့ small change သာ ဖြစ်တယ်။
၁၀၂၇ ပထမလှိုင်းတုန်းက မြောက်ပိုင်း သုံးဖွဲ့ရဲ့ စစ်ဆင်ရေးဟာ ကျားဖြန့် နှိုင်နင်းရေး၊ ဗိုလ်မင်းအောင်လှိုင်ကို ဆုံးမရေး တရုတ် အဂျန်ဒါနဲ့ ကိုက်ညီခဲ့တယ်၊ ဒါ့ကြောင့် တရုတ် အရင်းရှင် နယ်ချဲ့အစိုးရက ၁၀၂၇ ပထမလှိုင်းကို ကန့်လန့်မခံခဲ့ဘူး။ အဲဒီနောက် လားရှိူး တက်သိမ်းတဲ့ လုပ်ရပ်ဟာ သူ့အဂျန်ဒါကို ကျော်သွားလို့ ပြန်ဆွဲချတယ်။ နောက်ဆုံး တရုတ် နယ်ချဲ့ စီမံကိန်း လမ်းမကြီးတလျှောက် စိုးမိုးထားတဲ့ TNLA ကို ဖယ်ထုတ်တယ်။ ဒီအခြေအနေမှာ ဗိုလ်မင်းအောင်လှိုင်ကို TNLA က ကြိုဆိုကြောင်း သဝဏ်လွှာ ပို့ခဲ့ခြင်း ဖြစ်တယ်။
ဒီကနေ့ ဗမာပြည်တွင်းက အမျိုးသား လွတ်မြောက်ရေး တိုက်ပွဲတွေဟာ အရင်းရှင် နယ်ချဲ့စနစ်နဲ့ ကင်းလွတ်ပြီး သီးခြား ဖြစ်နေတာ မဟုတ်ဘူး။ ဖြစ်လဲ မဖြစ်နိုင်ဘူး။ ဒီအခြေအနေမှာ ဗမာ တပြည်လုံး ဆိုရှယ်လစ် တော်လှန်ရေး ဖြစ်ဖို့ လိုအပ်တယ်၊ ဒါမှ အမျိုးသား လွတ်မြောက်ရေး တိုက်ပွဲတွေလဲ အောင်မြင်နိုင်မယ်လို့ ပြောတာဟာ စိတ်ကူးယဉ် မဆန်တဲ့အပြင် လက်တွေ့အကျဆုံး သေနင်္ဂဗျူဟာ ဖြစ်တယ်။
ဒီထက် တိတိကျကျ ပြောရရင် ဗမာ တပြည်လုံး ဆိုရှယ်လစ် တော်လှန်ရေး ဖြစ်ရုံနဲ့တောင် မလုံလောက်သေးဘူး။ ဆိုကြပါစို့၊ ဗမာပြည်မှာ ဆိုရှယ်လစ် တော်လှန်ရေး အောင်သွားပါပြီတဲ့၊ ဘေးနားက အရင်းရှင် နိုင်ငံကြီး နှစ်ခုဖြစ်တဲ့ တရုတ်နဲ့ အိန္ဒိယက လက်ပိုက်ကြည့်နေမယ် ထင်သလား။ တရုတ်ကို အရင်းရှင် နယ်ချဲ့ပါဝါလို့ နားမလည်သေးတဲ့ အသိခေါက်ခက် အဝင်နက်တဲ့ မော်ဝါဒီတွေကတော့ တရုတ် အစိုးရက တက်လာတဲ့ အစိုးရတိုင်းနဲ့ အဆင်ပြေအောင် ဆက်ဆံမှာပဲလို့ ပြောတတ်ကြတယ်။
တရုတ် အစိုးရက လက်ရှိ စစ်အာဏာရှင် အစိုးရနဲ့ ဆက်ဆံနေတာ တည်ဆဲ အစိုးရ ဖြစ်နေလို့ သူ့အကျိုးစီးပွားအရ ဆက်ဆံနေတာ၊ တကယ်လို့သာ ငါတို့က တည်ဆဲ အစိုးရ ဖြစ်သွားရင်လဲ တရုတ် အစိုးရက ငါတို့နဲ့ ပြေလည်အောင် ဆက်ဆံမှာပဲလို့ ပြောတတ်ကြတယ်။ အဲဒါမှ တကယ့် စိတ်ကူးယဉ် ထိုးဇာတ်ပဲ။
လက်ရှိ စစ်အာဏာရှင်စနစ်ကို တော်လှန်ရေးနဲ့ ဖြိုချပြီး တက်လာတဲ့ အစိုးရသာ တကယ် တော်လှန်ရေး အစိုးရ ပီသရင် အရင်းရှင် စနစ်ကို ဖြိုချပစ်ရမယ်။ အရင်းရှင် စနစ်ကို ဖြိုချပစ်တဲ့ တော်လှန်ရေး အစိုးရဟာ ဗမာပြည်တွင်းက တရုတ် အရင်းရှင် အကျိုးစီးပွားတွေကို မထိပါးဘဲ လူ့အဖွဲ့အစည်း ပြောင်းလဲရေးကို မလုပ်နိုင်ဘူး။ တရုတ် အပါအဝင် ပြည်ပ အရင်းရှင် လူတန်းစားရဲ့ အကျိုးစီးပွားကို expropriate မလုပ်ဘဲ အမျိုးသားရေး ပြဿနာလဲ မဖြေရှင်းနိုင်သလို agrarian question လဲ ဖြေရှင်းနိုင်မှာ မဟုတ်ဘူး။
အဲသလို မဖြေရှင်းနိုင်တဲ့ အစိုးရဆိုရင် တော်လှန်ရေး အစိုးရလဲ မဖြစ်နိုင်ဘူး။ တကယ် ဖြေရှင်းပြီဆိုရင် တရုတ် နယ်ချဲ့၊ အိန္ဒိယ နယ်ချဲ့၊ ရုရှား နယ်ချဲ့တို့ရဲ့ အကျိုးစီးပွားတွေနဲ့ ထိပ်တိုက်တွေ့မှာပဲ။ ဒါဆိုရင် တက်လာတဲ့ အစိုးရတိုင်းနဲ့ ပြေလည်အောင် ဆက်ဆံပါတယ် ဆိုတဲ့ တရုတ် အရင်းရှင် အစိုးရကြီးက ဒီတိုင်း လက်ပိုက်ကြည့်နေမယ် ထင်သလား။ အခုတောင် တော်လှန်ရေး မအောင်ခင်ကတည်းက သူ့အဂျန်ဒါကို လာထိရင် အကုန်ကြိတ်နေပြီ။ ဒါက concrete fact ပဲ။ ဒါကို မျက်ကွယ်ပြုပြီး ဆန္ဒစွဲတွေနဲ့ ကိုယ်ဖြစ်ချင်ရာ ပြောနေတာကမှ တကယ့် စိတ်ကူးယဉ် အမှား၊ သေလောက်တဲ့ အမှား။
ချုပ်ရရင် မြို့ပြ အလုပ်သမား လူတန်းစား ဦးဆောင်တဲ့ nationwide ဆိုရှယ်လစ် တော်လှန်ရေးနဲ့ အဖိနှိပ်ခံ လူမျိုးများ လွတ်မြောက်ရေးဟာ ခွဲထုတ်လို့ မရဘူး။ လူမျိုး တမျိုးချင်း၊ ဒေသတခုချင်း သီးခြား လွတ်မြောက်ရေး ဆိုတာ မရှိနိုင်ဘူး။ အရင်းရှင်စနစ် အခြေခံပေါ်မှာ national question ကို မဖြေရှင်းနိုင်ဘူး။ ဆိုရှယ်လစ် စနစ်ပေါ်မှာသာ ဖြေရှင်းနိုင်တယ်။
ဒါ့ကြောင့် ဖက်ဒရယ်ကို panacea လို ပြောနေတာက မှားတယ်။ အရင်းရှင်စနစ် အခြေခံပေါ်က ဖက်ဒရယ်ဟာ တကယ့် အရင်းခံ ပြဿနာတွေကို မဖြေရှင်းနိုင်ဘူး။ အရင်းရှင်စနစ် အခြေခံပေါ်မှာ တည်ဆောက်ထားတဲ့ ဖက်ဒရယ်က ကုန်ဈေးနှုန်း ကျအောင် လုပ်ပေးနိုင်သလား၊ လယ်သမား ကြွေးမြီတွေ ပယ်ဖျက်ပေးနိုင်လား၊ လယ်သမားထုကြီး အရှူံးပေါ်နေတာ ဖြေရှင်းပေးနိုင်သလား၊ အလုပ်လက်မဲ့ လူဦးရေး သန်းချီတိုးနေတာ ဖြေရှင်းပေးနိုင်လား၊ မသေရုံတမယ် လခနဲ့ အသက်ဆက်နေရတဲ့ အလုပ်သမားတွေကို လူနေမှု အဆင့်အတန်း မြှင့်တင်ပေးနိုင်လား။ လျှပ်စစ်မီး နပ်မမှန်တဲ့ တိုင်းပြည်ကို ၂၄ နာရီ မီးလင်းအောင် မီတာခ ဈေး အနည်းဆုံးနဲ့ ပေးနိုင်မလား၊ စသဖြင့်။ ဒါ့ကြောင့် အမျိုးသားရေး ပြဿနာဟာ အရင်းစစ်လိုက်ရင် “question of bread” ပဲလို့ လီနင် ပြောခဲ့တာ။ အရင်းရှင်စနစ် အခြေခံပေါ်မှာ ဒါတွေ မဖြေရှင်းနိုင်ဘူး။ မဖြေရှင်းနိုင်ရင် လူမျိုးရေး အမုန်းတရားတွေ၊ အမျိုးသားရေး ပြဿနာတွေဟာ ပုံစံ တမျိုးမဟုတ် တမျိုး ပေါ်နေဦးမှာပဲ၊ ဒါကို ဖက်ဒရယ် ဝတ်ရုံခြုံပေးလိုက်ရုံနဲ့ မဖြေရှင်းနိုင်ဘူး။
ဒါ့ကြောင့် အရင်းရှင်စနစ်ကို ဖြိုချပြီး ဆိုရှယ်လစ် စနစ် အခြေခံပေါ် တည်ဆောက်ထားတဲ့ ဖက်ဒရယ် (တိတိကျကျ ပြောရရင် လွတ်လပ်မှုနဲ့ တန်းတူရည်တူ အခြေခံပေါ်ကနေ မိမိသဘောဆန္ဒအလျောက် ပေါင်းစည်းရေး – “for voluntary union on free and equal basis) ဖြစ်မှသာ အမျိုးသားရေး ပြဿနာကို ဖြေရှင်းနိုင်မယ်။
ရေးသူ – လန်းနာ့(ဒ်)