“လူထုဒီမိုကရေစီ ထူထောင်ရေး”

Protesters gather at a demonstration in Yangon, February 22, 2021. © 2021 Sipa USA via AP

စစ်အာဏာရှင်စနစ် အမြစ်ပြတ် တိုက်ဖျက်ရေးဟာ လူထုတရပ်လုံးရဲ့ ဘုံလုပ်ငန်းစဉ် ဖြစ်တယ်၊ စစ်အာဏာယန္တယားကို ဖြိုဖျက်ပစ်ပြီး လူ ထုဒီမိုကရေစီ ထူထောင်ရေးဟာလည်း အဖိနှိပ်ခံ လူထုတရပ်လုံးရဲ့ ဘုံလုပ်ငန်းစဉ် ဖြစ်တယ်။ ဒီမိုကရေစီလို့ တလုံးတည်းမသုံးဘဲ လူထုဒီမို ကရေစီလို့ အလေးထား ပြောနေရတာ ခိုင်လုံတဲ့ အကြောင်းရှိတယ်။ ဒီမိုကရေစီဆိုတာ ယေဘုယျဆိုရရင် အုပ်ချုပ်မှုပုံစံ (form) တမျိုးသာ ဖြစ်တယ်။ ဒီမိုကရေစီဆိုတဲ့ (form) ကို ဖြစ်ပေါ်စေသော အတွင်းသား (content) ကို မေးခွန်းထုတ် ဆန်းစစ်ဖို့ အင်မတန် အရေးကြီးတယ်။ ဒါကို ခပ်ရှင်းရှင်းဆိုရရင် ဘယ်လူတန်းစားရဲ့ ဒီမိုကရေစီလဲလို့ မေးခွန်းထုတ်ဖို့ လိုအပ်တယ်။ လူထုကို ဓားမိုးပြီး တိုက်ရိုက်အုပ်ချုပ်လို့ မရ တော့တဲ့ စစ်အာဏာရှင်တွေဟာ ၂၀၀၈ ခြေဥကို စနစ်တကျ ပြင်ဆင်ရေးဆွဲခဲ့ပြီး (သူတို့အခေါ်) စည်းကမ်းပြည့်ဝသော ဒီမိုကရေစီကို ဆယ် နှစ်တာ ဖော်ဆောင်ခဲ့ပြီး ဖြစ်တယ်။ ဒီဆယ်နှစ်တာအတွင်း အလုပ်သမား၊ လယ်သမား၊ ကျောင်းသား၊ လူလတ်တန်းစား အစရှိတဲ့ လူထုအဖို့ သွေးစုပ်ခံရ၊ ဖိနှိပ်ခံရ၊ ဒီမိုကရေစီ အရေးအခွင့်တွေ ဆုံးရှုံးရ ဖြစ်ခဲ့တယ်။ လူထုအဖို့ ဒီမိုကရေစီရဲ့ အရသာကို မခံစားခဲ့ရဘူး။ ဒါဆို ဒီဆယ်စု နှစ်တခုအတွင်း ဒီမိုကရေစီ လုံးဝမရှိခဲ့ဘူးလား ဆိုရင် ရှိတယ်လို့ပဲ ပြောရလိမ့်မယ်။ စစ်ဗျူရိုကရက်ကြီးတွေ၊ အပေါင်းအပါ ခရိုနီကြီးတွေအ ဖို့ စိန်စီသော ဒီမိုကရေစီကို အပြည့်အဝ ခံစားခဲ့ရတယ်။ ဒါ့ကြောင့် ဒီမိုကရေစီလို့ ဝါးတားတား ပြောရုံနဲ့ မလုံလောက်သေးဘူး၊ ဘယ်လူ တန်းစားရဲ့ ဒီမိုကရေစီလဲ ရှင်းဖို့ အရေးကြီးတယ်။ အဖိနှိပ်ခံ လူထုတရပ်လုံး အပြည့်အဝ ကျင့်သုံးနိုင်တဲ့ လူထုဒီမိုကရေစီကို ထူထောင်ကြ ရမယ်။ ဓနအင်အား၊ လက်နက်အင်အား ကြီးထွားသူ လက်တဆုပ်စာရဲ့ ဒီမိုကရေစီကို ငါတို့ ပြန်မသွားဘူး။

အခုတိုက်ပွဲရဲ့ လမ်းကြောင်းက စစ်အာဏာရှင်စနစ် အမြစ်ပြတ် တိုက်ဖျက်ရေး ဖြစ်တယ်၊ စစ်အုပ်စုကို အလုပ်အကျွေးပြုရတဲ့ ၂၀၀၈ ခြေဥ ဘောင်ထဲက စည်းကမ်းပြည့်ဝသော ဒီမိုကရေစီကို ပြန်လည် အသက်သွင်းရေး မဟုတ်ဘူး၊ လူထုဒီမိုကရေစီ ထူထောင်ရေး ဖြစ်တယ် ဆိုရင် ဘယ်လို ထူထောင်ကြမလဲ။ ၂၀၂၀ မဲရလဒ်အရ တရားဝင်မှု ရရှိထားသူတွေကို အစိုးရဖွဲ့ခွင့်ပေးလိုက်ရုံနဲ့ စစ်အာဏာရှင်စနစ် အမြစ်ပြတ် သွားပြီလား ဆိုတဲ့ မေးခွန်းကို ရဲရဲကြီး မေးကြရတော့မယ်။ စစ်အုပ်စု၊ စစ်ဗျူရိုကရေစီ၊ စစ်အစိုးရ ဆိုတဲ့ စစ်(၃)စစ်ကို လူထုအားနဲ့ မတိုက် ဖျက်ခဲ့လို့ အခုလို စစ်အာဏာသိမ်းချင်တဲ့အချိန် ကောက်သိမ်းလို့ ရနေတာကို သတိချပ်ဖို့ အရေးကြီးပါတယ်။ ဒီတချီ လူထုတော်လှန်ရေးကို စစ်(၃)စစ် တိုက်ဖျက်ရေးအထိ ချီတက်ရပါမယ်။ လူထုဒီမိုကရေစီ အပြည့်အဝ ရတဲ့အထိ တိုက်ပွဲဝင်ရပါမယ်။ ဒီမိုကရေစီကို စစ်တပ်နဲ့ ဈေး ဆစ်ယူခဲ့ရင် အခုလို စစ်အာဏာသိမ်းမှုမျိုး ထပ်တလဲလဲ ခံနေရဦးမယ်။

အခုချိန်မှာ နယ်ပယ်ပေါင်းစုံက (အစိုးရကဏ္ဍ၊ ပုဂ္ဂလိကကဏ္ဍ) ဝန်ထမ်းတွေရဲ့ စစ်အာဏာ ဖီဆန်ရေး CDM လှုပ်ရှားမှုကြောင့် ဗျူရိုကရေစီ ယန္တယား ချိနဲ့နေပြီ။ တပြည်လုံးက ပုဂ္ဂလိကဘဏ်တွေ ပိတ်ထားရပြီ၊ အစိုးရပိုင်ဘဏ်တွေကို စစ်တပ်၊ ရဲတပ် အင်အားအမြောက်အမြားသုံး ပြီး အသေအလဲ ကာကွယ်နေရတဲ့ အခြေဆိုက်နေပြီ။ မြို့ကြီး၊ မြို့ငယ် အသွယ်သွယ်သာမက၊ ကျေးလက်ဇနပုဒ်အထိ စစ်အာဏာဆန့်ကျင် ရေး လူထုတိုက်ပွဲကို တခဲနက် ဆင်နွှဲနေကြပြီ။ စစ်အာဏာယန္တယား ပြိုဖို့ အထွေထွေ သပိတ်တိုက်ပွဲတွေ၊ CDM လှုပ်ရှားမှုတွေ ချိတ်ဆက် မိမိ အရှိန်တင်ဖို့လိုအပ်တယ်။ ဒါ့အပြင် ပြိုကျလာနေတဲ့ စစ်ဗျူရိုကရေစီနေရာမှာ လူထုဒီမိုကရေစီနဲ့ အစားထိုးပစ်ဖို့ လိုအပ်နေတယ်။ လူထု ဒီမိုကရေစီကို ထူထောင်ဖို့ –

(၁)ရပ်ကွက်အလိုက်၊ အလုပ်ခွင်အလိုက် တိုက်ပွဲဝင် ဦးဆောင်သပိတ်ကော်မတီတွေ အမြန်ဆုံး ဖွဲ့စည်းကြပါ။ ဒီဦးဆောင် သပိတ်ကော်မတီ တွေကို ရပ်ကွက်အလိုက်၊ အလုပ်ခွင်အလိုက် သပိတ်တိုက်ပွဲဝင် လူထုက ဒီမိုကရေစီနည်းကျ ရွေးကောက် တင်မြှောက်ကြရမယ်၊ ရွေး ကောက်တင်မြှောက်ထားတဲ့ ဦးဆောင် သပိတ်ကော်မတီဝင်တွေကို တိုက်ပွဲဝင် လူထုက မဲပေးရွေးချယ်ပိုင်ခွင့် ရှိသလိုပဲ ဖြုတ်ချပိုင်ခွင့်လဲရှိ ရမယ်။ ဒါ့ကြောင့် ဦးဆောင် သပိတ်ကော်မတီတွေဟာ တိုက်ပွဲဝင် လက်နက်ဖြစ်သလို လူထု ဒီမိုကရေစီရဲ့ အုတ်မြစ်တွေလည်း ဖြစ်တယ်။ ဗျူရိုကရေစီမှာ ဒါမျိုး ဒီမိုကရေစီ လုံးဝမရှိဘူး၊ ဒါနဲ့ ဆန့်ကျင်ဘက်ပဲ ရာသက်ပန် ရာထူးယူထားပြီး လခပေးထားတဲ့ လူထုကိုလည်း တာဝန် ခံစရာ မလိုဘူး။ အထက်လူကြီးကိုသာ နီးရာဓားမို့ ကြောက်ကြရတယ်။ လူထု တော်လှန်ရေးကနေ ဗျူရိုကရေစီကို ဖျက်သိမ်းပြီး လူထုဒီမို ကရေစီနဲ့ အစားထိုးဖို့ရာ တိုက်ပွဲဝင် ဦးဆောင် သပိတ်ကော်မတီတွေ ဖွဲ့စည်းထားကြရမယ်။ တိုက်ပွဲဝင် လူထုကို ဦးဆောင်မှုပေးတာ၊ စီမံ အုပ်ချုပ်တာ၊ စားဝတ်နေရေး အရပ်ရပ်ကို တာဝန်ယူ ခန့်ခွဲပေးတာ အစရှိတဲ့ တာဝန်တွေကို ယူရလိမ့်မယ်။

(၂)ဒါ့အပြင်၊ တိုက်ပွဲဝင် ဦးဆောင် သပိတ်ကော်မတီတွေဟာ ရပ်ကျေးကာကွယ်ရေး တပ်တွေလည်း ဖွဲ့စည်းပေးဖို့ တာဝန်ယူရလိမ့်မယ်။ အ ခုဆိုရင် အစိုးရ စစ်တပ်၊ ရဲတပ်က ညကြီးအချိန်မတော် လိုက်လံဖမ်းစီးနေတာ နိုင်ငံအနှံ့အပြား ဖြစ်နေပြီ။ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းမှာပဲ ရာ ဇဝတ်သား ၂၃၀၀၀ ကျော်ကို ချက်ချင်း လွှတ်ပေးခဲ့သေးတယ်။ စစ်အာဏာသိမ်းအစိုးရက တမင် ရည်ရွယ်ချက်ရှိရှိနဲ့ လုပ်ခဲ့ခြင်း ဖြစ်တယ်။ လူထုကို ကျီလန့်စာစား ဖြစ်အောင် တမင် လွှတ်ပေးထားတဲ့ ရာဇဝတ်သားတွေနဲ့ ခြိမ်းခြောက်တယ်။ ဒီရာဇဝတ်သားတွေဆိုတာ စစ်အုပ်စု ခါးပိုက်ဆောင် ကြေးစားလူမိုက်တပ်ရဲ့ ထပ်တိုးအင်အားပဲ။ ဒီလို စစ်အာဏာရူးတွေရဲ့ တလက်ကိုင် အကြမ်းဖက် ယန္တယားရဲ့ ဖိနှိပ်ချေမှုန်း မှုကို ကာကွယ်တွန်းလှန်ဖို့ရာ လူထုကိုယ်တိုင် ရပ်ကွက်အလိုက်၊ ကျေးရွာအလိုက် ရပ်ကျေးကာကွယ်ရေးတပ်တွေ ဖွဲ့စည်းထားဖို့ အရေးတ ကြီး လိုအပ်နေပြီ။ ဦးဆောင် သပိတ်ကော်မတီတွေက နိုးကြားဖြတ်လတ်သော လူငယ်တွေကို ရပ်ကျေးကာကွယ်ရေးတပ် ဖွဲ့စည်းပေးရ မယ်။ ရပ်ကျေးကာကွယ်ရေးတပ်ဟာ လူထုက ရွေးကောက်ထားတဲ့ ဦးဆောင် သပိတ်ကော်မတီတွေရဲ့ ထိန်းကွပ်မှုအောက်မှာ ရှိရမယ်။ ဦး ဆောင် သပိတ်ကော်မတီတွေက သပိတ်မှောက်လူထုကို တာဝန်ခံရမယ်။

ဒီလိုနည်းနဲ့ လူထုက ရွေးကောက်ထားသော ဦးဆောင် သပိတ်ကော်မတီနဲ့ ရပ်ကျေးကာကွယ်ရေး တပ်တွေဟာ လူထုအာဏာယန္တယားအ သစ် ဖြစ်လာမယ်။ တနည်းဆိုရရင် (Self-governing Bodies) ဖြစ်လာမယ်။ ဒါမှသာ စစ်ဗျူရိုကရေစီကို အမြစ်ကနေ ဖြိုဖျက်ပစ်နိုင်မယ်။ စစ်ဗျူရိုကရေစီကို လည်ပတ်စေမယ့် ရပ်ကျေးထွေအုပ်ယန္တယားကို ဖျက်သိမ်းပစ်ရမယ်။ ဒီလိုနည်းနဲ့ လူထုဒီမိုကရေစီ ထူထောင်ဖို့ရာ အ ခြေခံအုတ်မြစ်တွေ ချပြီးသား ဖြစ်သွားမယ်။

ရပ်ကွက်အလိုက်၊ ကျေးရွာအလိုက် ထူထောင်ထားတဲ့ တိုက်ပွဲဝင် ဦးဆောင် သပိတ်ကော်မတီတွေ၊ ရပ်ကျေးကာကွယ်ရေးတပ်တွေကို မြို့ နယ်အလိုက် စုစည်းထားရမယ်။ မြို့နယ်အလိုက်ကနေ ပြည်နယ်အလိုက် စုစည်းကြရမယ်။ ပြည်နယ်လုံးဆိုင်ရာ အထွေထွေ သပိတ်ကော် မတီဝင်များ ကွန်ဖရင့်ကျင်းပပြီး ပြည်လုံးကျွတ် အထွေထွေ သပိတ်ကော်မတီများ ညီလာခံအဆင့်အထိ စုစည်းပစ်ရမယ်။ ပြည်လုံးကျွတ် အထွေထွေ သပိတ်ကော်မတီများ ညီလာခံခေါ်ယူနိုင်ပြီဆိုရင် လူထုဒီမိုကရေစီ အစိုးရလို့ ကြေညာရုံသာ ရှိတော့တယ်။ ရပ်ကျေးအဆင့်က နေ ဒီမိုကရေစီနည်းကျ ရွေးကောက်ထားတဲ့ သပိတ်ကော်မတီတွေ၊ ရပ်ကျေးကာကွယ်ရေး တပ်တွေ အခိုင်အမာ ရှိထားပြီး ဖြစ်တယ်။

စစ်ဗျူရိုကရေစီ ယန္တယားနေရာမှာ လူထုအာဏာယန္တယား အသစ်နဲ့ အောက်ခြေအဆင့်ကနေ အစားထိုးပြီး ဖြစ်တယ်။ ဒီလိုအနေအထား မှာ ပြည်လုံးကျွတ် အထွေထွေ သပိတ်ကော်မတီများ ညီလာခံကနေ လူထုဒီမိုကရေစီ အစိုးရတရပ်ကို ထူထောင်ပြီး အာဏာသိမ်း စစ်အစိုး ရနဲ့ စစ်တပ်၊ ရဲတပ်ကို ရာဇသံပေးရမယ်။ လူထုဒီမိုကရေစီ အစိုးရကို အသိအမှတ်ပြုမလား၊ လူထုအာဏာယန္တယားနဲ့ ဖြိုဖျက်တာ ခံမလား ရွေးရမယ့် အခြေဆိုက်သွားမယ်။ အဲဒီအချိန်မှာ တိုက်ပွဲဝင် လူထုဘက်က ရပ်ကျေးအဆင့်ကနေ တပြည်လုံးအဆင့်အထိ စနစ်တကျ စုစည်း ပြင်ဆင်ပြီး ဖြစ်နေပြီ။ လူထုတရပ်လုံးရဲ့ အားလည်း ရှိနေပြီ။ စစ်အာဏာသိမ်းအစိုးရမှာ အာဏာကို ကျင့်သုံးစရာ ဗျူရိုကရေစီလည်း မရှိ တော့ဘူး။ စစ်တပ်၊ ရဲတပ်ပဲ ကျန်လိမ့်မယ်။ ရပ်ကျေးအဆင့်ကနေ စနစ်တကျ စုစည်းပြင်ဆင်ထားတဲ့ သန်းပေါင်းများစွာသော လူထုကို ၄ သိန်း ဝန်းကျင်သာရှိတဲ့ စစ်တပ်၊ ရဲတပ်က ယှဉ်ပြိုင်တိုက်ရဲမလား။ သူတို့ဘက်မှာပဲ အားနည်းချက် ရှိတော့တယ်။ လူထုအားနဲ့ လက်နက် တိုက်တွေကို မီးဝင်တိုက်မယ်၊ စစ်တပ်တခုလုံးကို မီးတိုက်သွင်းမယ်ဆိုရင် ဘယ်စစ်သားက တော်လှန်သော လူထုကို ယှဉ်တိုက်ရဲတော့ မ လဲ။ ဒါ့ကြောင့် သပိတ်တိုက်ပွဲဝင် လူထုက ရပ်ကျေးအဆင့်ကနေ စနစ်တကျ ပြင်ဆင်ပြီး ပြည်လုံးကျွတ် အဆင့်အထိ အမြန်ဆုံး စုစည်းကာ လူထုဒီမိုကရေစီ အစိုးရတရပ် ထူထောင်နိုင်အောင် စိုင်းပြင်းကြရတော့မယ်။

Revolutionary United Front