ယူအက်(စ်) နဲ့ အီရန်တို့ နှစ်ဖက်လုံးက စစ်ပွဲကို အဆုံးသတ်ဖို့ သဘောတူညီချက် ရသွားပြီဆိုတဲ့ သတင်းတွေ တက်လာပါတယ်။ ဒေါ်နယ်ထရမ့်ကလဲ နှစ်နိုင်ငံ အပေးအယူ တည့်သွားပြီ ဖြစ်ကြောင်း Truth Social ကနေ ကြေညာထားတယ်။ ထရမ့်ရဲ့ ပို့စ်မှာတော့ ဟော်မု(ဇ်) ရေလက်ကြားကို အခွန်အကောက် လုံးဝ မရှိဘဲ ဖြတ်သန်းသွာလာခွင့် ရစေမယ်လို့ ဆိုထားတယ်။ ဒါပေမဲ့ ဇွန်လ ၁၉ ရက်နေ့၊ ဂျနီဗာမှာ နှစ်နိုင်ငံ တရားဝင် သဘောတူညီချက် လက်မှတ်ထိုးပြီးမှသာ ဟော်မု(ဇ်) ရေလက်ကြားကို ဖွင့်ပေးမယ်လို့ ပြန်ရှင်းထားတာလဲ တွေ့ရပြန်တယ်။
ဒီသဘောတူညီချက်မှာ ဘယ်အချက်တွေ ပါသလဲ။ Al Jazeera သတင်းဌာနကတော့ Mehr သတင်းဌာနကို ကိုးကားပြီး သဘောတူညီချက် မူကြမ်းမှာ ၁၄ ချက်ပါတယ်လို့ ဆိုပါတယ်။ ဒီထဲမှာ အရေးကြီးတဲ့ အချက်တွေက
- (ယူအက်စ်နဲ့ အစ္စရေးဘက်က) လက်ဘနွန်အပါအဝင် စစ်မျက်နှာ အားလုံးမှာ ရန်စတိုက်ခိုက်နေတာတွေ (hostilities on all fronts) အပြီးတိုင် ချက်ချင်း အဆုံးသတ်ရမယ်၊
- အီရန်ကို ယူအက်(စ်)ဘက်က (naval blockade) ရေတပ် အင်အား အလုံးအရင်းနဲ့ ပိတ်ဆို့ထားတာတွေ အားလုံး ရက် ၃၀ အတွင်း ဖယ်ရှားပေးရမယ်၊
- အီရန်ကို ဝိုင်းပတ်ပြီး တပ်ဖြန့်ချထားတဲ့ ယူအက်(စ်) စစ်အင်အားတွေ ပြန်ဆုတ်ပေးရမယ်၊
- ဟော်မု(ဇ်)ရေလက်ကြားကို ပြန်ဖွင့်ပေးရမယ်၊
- အီရန်ရဲ့ ရေနံ ရောင်းချမှုကို ဆန့်ရှင်လုပ်ထားတာတွေ ဖယ်ရှားပေးရမယ်၊
- နျူကလီယာအရေးကို ရက်ပေါင်း ၆၀ အတွင်း နောက်ဆုံး သဘောတူညီချက်ရအောင် ဖြေရှင်းရမယ်၊
- ယူအက်(စ်)ဘက်က ပိတ်သိမ်းထားတဲ့ အီရန်ရဲ့ asset တွေ (ဒေါ်လာ ၂၄ ဘီလျံ) ကို ညှိနှိုင်းနေတဲ့ ရက်ပေါင်း ၆၀ အတွင်း ပြန်ထုတ်ပေးရမယ်၊
- အဲသလို ပိတ်သိမ်းထားတဲ့ asset တဝက်ကို ပြန်မထုတ်ပေးသရွေ့ ၊ ဟော်မု(ဇ်) ရေလက်ကြားအပေါ် သက်ရောက်မှု ရှိတဲ့ ကန့်သတ်ချက်တွေ မဖယ်ရှားပေးသရွေ့ အပြီးသတ် ညှိနှိုင်းမှုတွေ လုပ်မှာ မဟုတ်ဘူး။
မကြာခင် တရားဝင် လက်မှတ်ရေးထိုးတော့မဲ့ သဘောတူညီချက်တွေကို ကြည့်လိုက်ရင် အီရန်ဘက်က အရေးဆိုချက်တွေ အားလုံးနီးပါး ယူအက်(စ်)ဘက်က လိုက်လျောပေးခဲ့ရတာ ထင်ရှားတယ်။ အခု ဖော်ပြခဲ့တဲ့ အချက်တွေကို ကြည့်လိုက်ပါ။ အီရန်ဘက်က လိုက်လျောပေးထားရတာ ဘယ့်နှချက် တွေ့ရလဲ။ ဟော်မု(ဇ်) ရေလက်ကြားကို ပြန်ဖွင့်ပေးရမယ် ဆိုတဲ့ တချက်ပဲ တွေ့ရတယ်။ တကယ်တော့ ဒီအချက်ကလဲ လိုက်လျောချက်လို့တောင် ပြောဖို့ ခက်ပါတယ်။ ယူအက်(စ်)နဲ့ အစ္စရေးက အီရန်ကို သွားတိုက်လို့သာ ဟော်မု(ဇ်) ရေလက်ကြား ပိတ်သွားခဲ့တာ၊ မဟုတ်ရင် သူ့ဘာသာ ပွင့်နေပြီးသား ရေလက်ကြား ဖြစ်ပါတယ်။
ဒီတော့ ဒေါ်နယ်ထရမ့်နဲ့ နတန်ယာဟုတို့ရဲ့ နယ်ချဲ့ စစ်ကြီးဟာ သူ့ဘာသာ ပွင့်နေပြီးသား ဟော်မု(ဇ်) ရေလက်ကြားကို ပိတ်အောင်လုပ်ပြီးသကာလ တဖန်ပြန်ပွင့်အောင် အံ့မခန်း စွမ်းဆောင်နိုင်ခဲ့ချေပြီလို့ ဆိုရလိမ့်မယ်။
ဒါတောင် အရင်လို ပြန်ပွင့်သွားပြီလို့ အတိအကျ မပြောနိုင်သေးဘူး။ ဒေါ်နယ်ထရမ့်ဘက်က “အခွန်အကောက် လုံးဝ မပေးရဘဲ” လို့ ပြောထားပေမဲ့ Mehr သတင်းဌာနကတော့ ဟော်မု(ဇ်) ရေလက်ကြားကို “under Iranian arrangements” ကနေ ရက်ပေါင်း ၃၀ အတွင်း ပြန်ဖွင့်ပေးရမယ်လို့ ဖော်ပြထားတယ်။ Mehr သတင်းဌာနက အီရန်ဘက်က လိုက်ပြီး ပြောတာ ဖြစ်ချင်ဖြစ်နိုင်တယ်လို့ တချို့လဲ သံသယဝင်လိမ့်မယ်။ ဝင်နိုင်ပါတယ်။ ဘယ်ဘက်က မှန်သလဲ ဆိုတာ မကြာခင် အဖြေပေါ်လာပါလိမ့်မယ်။
ဒီသဘောတူညီချက်တွေမှာ အရေးကြီးတဲ့ အချက်တွေ အများကြီး ပါတယ်။ ဥပမာ၊ လက်ဘနွန် အပါအဝင် စစ်မျက်နှာ အားလုံးမှာ ရန်စတိုက်ခိုက်နေတာတွေ အပြီးတိုင် ချက်ချင်း အဆုံးသတ်ရမယ် ဆိုတဲ့ အချက်က သိပ်ကို အရေးကြီးတယ်။ အီရန်ဘက်က တောက်လျှောက် ပြောလာတဲ့ အရေးဆိုချက် ဖြစ်တယ်။ အရှေ့အလယ်ပိုင်း ဒေသကြီးမှာ ရှိတဲ့ ယူအက်(စ်) စစ်အခြေစိုက်စခန်းတွေ ထွက်သွားခိုင်းတဲ့ သဘောပဲ။ အခု ယူအက်(စ်)ဘက်က ဒီအချက်ကို လိုက်လျောလိုက်ရတာဟာ အီရန် စစ်ပွဲမှာ လုံးဝ ရှုံးနိမ့်သွားပြီ ဖြစ်ကြောင်း ဝန်ခံလိုက်ရတဲ့ သဘောပဲ။ ပြီးခဲ့တဲ့ ဆောင်းပါးမှာ ကျနော်တို့ ပြောခဲ့သလိုပဲ အရှေ့အလယ်ပိုင်းမှာ ယူအက်(စ်)ရဲ့ dominant position ကို စွန့်လွှတ်လိုက်ရပြီ။
“ယူအက်(စ်)ဘက်က ပိတ်သိမ်းထားတဲ့ အီရန်ရဲ့ asset တွေ (ဒေါ်လာ ၂၄ ဘီလျံ) ကို ညှိနှိုင်းနေတဲ့ ရက်ပေါင်း ၆၀ အတွင်း ပြန်ထုတ်ပေးရမယ်၊ အဲသလို ပိတ်သိမ်းထားတဲ့ asset တဝက်ကို ပြန်မထုတ်ပေးသရွေ့ ၊ ဟော်မု(ဇ်) ရေလက်ကြားအပေါ် သက်ရောက်မှု ရှိတဲ့ ကန့်သတ်ချက်တွေ မဖယ်ရှားပေးသရွေ့ အပြီးသတ် ညှိနှိုင်းမှုတွေ လုပ်မှာ မဟုတ်ဘူး”။
အီရန်ဘက်က အဲသလို ခပ်မာမာ အရေးဆိုနိုင်တယ်။ တကမ္ဘာလုံးပတ်ပြီး ဗိုလ်ကျနေတဲ့ ယူအက်(စ်) နယ်ချဲ့ပါဝါကို ဘယ်နိုင်ငံကများ ဒီလို ခပ်တင်းတင်း အရေးဆိုခဲ့ဖူးသလဲ။ အဲသလို အရေးဆိုခဲ့ရင် ယူအက်(စ်)ဘက်က ဘယ်လို တုံ့ပြန်မယ် ဆိုတာလဲ အားလုံး အသိပဲ။
အခုတော့ ယူအက်(စ်)ဘက်က မမာနိုင်တော့ဘူး။ ဒေါ်နယ်ထရမ့် စကားအတိုင်း ပြန်ပြောရရင် ကဒ်အားလုံးက အီရန်လက်ထဲမှာ။ ယူအက်(စ်)နဲ့ အစ္စရေးဘက်မှာ မရှိတော့ဘူး။ ဒါ့ကြောင့်လဲ အီရန်ရဲ့ မစ်ဆိုင်း ပရိုဂရမ်ကို ဖျက်သိမ်းရေး တောင်းဆိုချက်ကို ယူအက်(စ်)ဘက်ကပဲ အာဂျင်ဒါကနေ ပြန်ရုတ်သိမ်းသွားခဲ့ရတယ်။ အီရန်က ဒေသတွင်း resistance groups ကို ထောက်ပံ့ထားတာတွေ ဖြတ်တောက်ပစ်ဖို့ ယူအက်(စ်)ဘက်က တောက်လျှောက် အရေးဆိုခဲ့တယ်။ အခု အဲဒီ အချက်ကိုလဲ စေ့စပ်ရေး စကားဝိုင်းကနေ ဖယ်ပစ်လိုက်ပြီ။
တကယ်တော့ အဲဒီ အချက်တွေဟာ ယူအက်(စ်)ရဲ့ war aims ပါခဲ့တယ်။ အခု အဲဒီ စစ်ပွဲ ရည်မှန်းချက်တွေကို ယူအက်(စ်)ဘက်က စားပွဲဝိုင်းကနေ ပြန်ရုတ်သိမ်းပေးလိုက်ရပြီ။ ဘာ့ကြောင့်လဲ။ ရှင်းပါတယ်။ ယူအက်(စ်)အနေနဲ့ စစ်မြေပြင်မှာ မရနိုင်ခဲ့တဲ့ war aim တွေကို စေ့စပ်ရေး စားပွဲဝိုင်းမှာ လာတောင်းဖို့ မဖြစ်နိုင်လို့ပဲ။ အစက စားပွဲဝိုင်းမှာ ဇွတ်လာတောင်းသေးတယ်။ ဒါပေမဲ့ ဘယ်လိုမှ မရနိုင်ဘူးဆိုတာ အခု သူတို့ လက်ခံလိုက်ရပြီ။
ဒါဆိုရင် ယူအက်(စ်)-အစ္စရေးတို့ အီရန်ကို တိုက်ရတဲ့ စစ်ပွဲ ရည်မှန်းချက်တွေထဲက ဘာတွေ အောင်မြင်ခဲ့သလဲ။ အရေးကြီးဆုံး war aim ဖြစ်တဲ့ regime change ဖြစ်သွားလား။ မဖြစ်ဘူး။ အီရန် အစိုးရ ထိပ်သီး ခေါင်းဆောင်တွေကို လုပ်ကြံရှင်းလင်းနိုင်ရင် regime change ဖြစ်သွားမယ်လို့ သူတို့ တွက်ခဲ့ကြတယ်။ တကယ့် လက်တွေ့မှာ ဒါနဲ့ ပြောင်းပြန်ပဲ ဖြစ်သွားခဲ့တယ်။ အီရန် အစိုးရက အခုချိန်မှာ ပိုပြီး အားကောင်းလာတယ်။ အီရန်က ဒေသတွင်း dominant power ဖြစ်လာမဲ့ သဘောရှိတယ်။
Regime change မဖြစ်ပေမဲ့ အီရန်ရဲ့ နျူကလီယာ ပရိုဂရမ်ကို ဟန့်တားနိုင်ခဲ့တယ်လို့ စောဒကတက်နိုင်တယ်။ ဒါပေမဲ့ ပြန်စဉ်းစားကြည့်ပါ။ အီရန် အစိုးရဘက်က ဘယ်တုန်းကမှ နျူကလီယာ လက်နက် ထုတ်လုပ်မယ်လို့ မပြောခဲ့ဖူးဘူး။ နျူကလီယာ စစ်လက်နက် မထုတ်ပါဘူးလို့သာ အကြိမ်ကြိမ် ကတိပေးခဲ့တယ်။ ယူအက်(စ်)နဲ့ negotiation လုပ်ခဲ့တယ်။ ယူအက်(စ်)-အစ္စရေးတို့ အီရန်ကို စစ်ထတိုက်ချိန်မှာ အီရန် အစိုးရ ကိုယ်စားလှယ်အဖွဲ့ (negotiation team) က အိုမန် နိုင်ငံမှာ ရှိနေဆဲ ဖြစ်တယ်။ ပြောချင်တာက နျူကလီယာ လက်နက် မထုတ်ပါဘူး ဆိုတဲ့ ကတိကဝတ်ကို ဖေဖော်ဝါရီ ၂၈ မတိုင်ခင်ကတည်းက အီရန်ဘက်က ပေးထားပြီးသား။ အခု နောက်ဆုံး စစ်ပြေငြိမ်းရေး သဘောတူညီချက်မှာ ဒီအချက်ပါလာလဲ သိပ်အရေးမကြီးလှဘူး။ သဘောက ယူအက်(စ်)ရဲ့ war aim အထမြောက်သွားပြီလို့ ဘယ်လိုမှ မဆိုနိုင်ဘူး။
ဒီနေရာမှာ သဘောတူညီချက်ထဲ မပါပေမဲ့ အရေးကြီးတဲ့ အချက် တချက်ကိုလဲ ထည့်ပြောဖို့ လိုလာတယ်။ ပြောရရင် အဲသလို မပါဘဲ ချန်ထားခဲ့လို့ကို ပိုအရေးကြီးနေတာလို့ ဆိုနိုင်တယ်။ အဲဒါကတော့ အစ္စရေးကို စကားထဲ ထည့်မပြောတဲ့ အချက်ပဲ။ ဒီနယ်ချဲ့စစ်ပွဲကို ယူအက်(စ်)နဲ့အတူ ပေါင်းတိုက်နေတဲ့ အစ္စရေးကို ယူအက်(စ်)-အီရန် စေ့စပ်ရေး စကားဝိုင်းမှာ လူရာမသွင်းခဲ့သလို နှစ်ဖက် စစ်ပြေငြိမ်းရေး သဘောတူညီချက် ရသွားတော့လဲ စကားထဲ ထည့်မပြောပါဘူး။

တကယ်တော့ နတန်ယာဟုရဲ့ နိုင်ငံရေး ဘဝ (ဇီဝ အသက်တောင် ပါနိုင်တယ်) ဟာ အရှေ့အလယ်ပိုင်းမှာ စစ်ပွဲတွေ ဆက်ဖန်တီးနိုင်ခြင်း ရှိ မရှိအပေါ် မူတည်နေတယ်။ နတန်ယာဟု နိုင်ငံရေး အာဏာမြဲဖို့ စစ်ပွဲတွေ လိုအပ်တယ်။ ဒါ့အပြင် အဲဒီ စစ်ပွဲတွေထဲမှာ ယူအက်(စ်)ကိုပါ ဆွဲထည့်နိုင်ဖို့ လိုအပ်တယ်။ ဘာ့ကြောင့် ဒီလို ပြောရသလဲ။
၂၀၂၃ အောက်တိုဘာ ၇ တိုက်ခိုက်မှု မတိုင်ခင်က နတန်ယာဟုရဲ့ နိုင်ငံရေး ဘဝကို ပြန်ကြည့်လိုက်ပါ။ နတန်ယာဟု ပြုတ်ကျလုနီးနီး ဖြစ်နေပြီ။ နတန်ယာဟုကို ဆန့်ကျင်တဲ့ အင်အားကြီး ဆန္ဒပြပွဲတွေ၊ အထွေထွေ သပိတ်တွေ ဖြစ်ခဲ့တာ ရှိတယ်။ corruption အမှုနဲ့ တရားရင်ဆိုင်နေရတာတွေ ရှိတယ်။ အခုထိ အဲဒီ အမှုတွေ မပြီးသတ်သေးဘူး။ စစ်အတွင်းကာလ အရေးပေါ် အခြေအနေ ဆိုတဲ့ အကြောင်းပြချက်နဲ့ နတန်ယာဟုက ဒီအမှုတွေကို ရှောင်ကွင်းဖို့ ကြိုးစားလာတာ။
ပထမဆုံး ဂါဇာကို တစစီဖြစ်အောင် မျိုးတုန်းသတ်ဖြတ်ရေး စစ်ပွဲကြီး ဆင်နွှဲခဲ့တယ်။ ဂါဇာမှာ ဆက်တိုက်စရာ မကျန်တော့ လက်ဘနွန်မှာ စစ်မီးထပ်မွှေးတယ်။ နောက်ဆုံး အီရန်ကို စစ်ထတိုက်တဲ့အထိ စစ်ပွဲတွေ တခုပြီး တခု ဖန်တီးခဲ့တယ်။ အခု နောက်ဆုံး အီရန်ကို ထတိုက်တဲ့ စစ်ပွဲမှာ ယူအက်(စ်)ကိုပါ တိုက်ရိုက်ဝင်ပါလာအောင် နတန်ယာဟု စွမ်းဆောင်နိုင်ခဲ့တယ်။
ပြုတ်မလိုလို ဖြစ်နေတဲ့ နတန်ယာဟုဟာ war leader အသွင်ဖမ်းရင်း နိုင်ငံရေး အာဏာကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားခဲ့တယ်။ ပြဿနာက war leader (strong man) ဖြစ်ဖို့ဆိုရင် စစ်ပွဲ ရှိဖို့ လိုအပ်တယ်။ စစ်ပွဲ မရှိတော့ရင် war leader ဘယ်ဖြစ်နိုင်တော့မလဲ။ ဒါ့ကြောင့်လဲ နတန်ယာဟုက စစ်ပွဲတွေကို လိုအပ်နေခဲ့တာလို့ ပြောခဲ့ခြင်း ဖြစ်တယ်။
ဒါပေမဲ့ ပြဿနာက စစ်ပွဲတွေ ဖန်တီးနိုင်ရုံနဲ့ မလုံလောက်သေးဘူး။ ဖန်တီးလိုက်တဲ့ စစ်ပွဲတွေကို အောင်ပွဲဆင်နိုင်ဖို့ လိုအပ်သေးတယ်။ နပိုလီယံ ပြောခဲ့သလိုပဲ စစ်ပွဲ ဆိုတာ အရှုပ်ထွေးဆုံး equation ဖြစ်တယ်။ နတန်ယာဟုအနေနဲ့ စစ်တွေ တခုပြီး တခု ဖန်တီးနိုင်ခဲ့ပေမဲ့ အောင်ပွဲရဖို့ဆိုတာ မရေရာဘူး။ အခု နောက်ဆုံး အီရန် စစ်ပွဲမှာတော့ မရှုမလှ အရေးနိမ့်သွားခဲ့ပြီ။ ဒါ့ကြောင့်လဲ နတန်ယာဟုက ဒီစစ်ကြီး ပြီးသွားမှာကို မလိုလားဘူး။ ယူအက်(စ်)-အီရန်က အစ္စရေးကို ဘေးချိတ်ပြီး အပေးအယူ တည့်သွားမှာ သေမလောက် ကြောက်တယ်။ ယူအက်(စ်)က အီရန်နဲ့ စစ်ပွဲရပ်ဖို့ ဆွေးနွေးနေချိန် အစ္စရေးက လက်ဘနွန်ကို အပြင်းအထန် တိုက်ခိုက်နေတာ အဲဒါကြောင့်ပဲ။
အရာရာတိုင်းမှာ အကန့်အသတ် ရှိတယ်။ special relationship ရှိပါတယ်ဆိုတဲ့ ယူအက်(စ်)နဲ့ အစ္စရေးတို့ရဲ့ ဆက်ဆံရေးဟာ limit ကို ရောက်လာခဲ့ပြီ။ ရှေ့လျှောက် ယူအက်(စ်)က အစ္စရေးကို အရင်လို blank cheque ထုတ်ပေးနိုင်မှာ မဟုတ်တော့ဘူး။ ဒီတော့ ဇိုင်ယင်နစ် အစ္စရေးလဲ ဒေသတွင်း dominant power မဖြစ်နိုင်တော့ဘူး။ ဒေသတွင်း အစ္စရေးရဲ့ အခန်းကဏ္ဍ သေးကျုံ့သွားမှာတော့ သေချာတယ်။ စစ်ပွဲတွေ တခုပြီးတခု ဖန်တီးရင်း အာဏာသက်ဆိုးရှည်နေတဲ့ နတန်ယာဟုလဲ မရှုမလှ ဇာတ်သိမ်းဖို့ အချိန်နီးကပ်လာပြီ။ ဒါဟာ ကောင်းတဲ့ အချက်ပဲ။

ဆောင်းပါး ခေါင်းစဉ်ကို ပြန်ကောက်ရင်း နိဂုံးချုပ်ပါမယ်။ ဒီစစ်ပွဲမှာ ယူအက်(စ်) စစ်သား ၁၃ ယောက်ပဲ အသတ်ခံခဲ့ရတယ်၊ အစ္စရေးဘက်မှာလဲ ၂၆ ယောက်ပဲ အသတ်ခံခဲ့ရတယ်။ သို့သော် အီရန်ဘက်မှာ ၃၄၆၈ ယောက်နဲ့ လက်ဘနွန်မှာ ၃၅၉၃ ယောက် အသတ်ခံခဲ့ရတယ်။ ဒါ့ကြောင့် တချို့ကလဲ စစ်ပွဲအတွင်း လူအသေအပျောက်နှုန်းကိုသာ ကြည့်ပြီး ယူအက်(စ်)-အစ္စရေးတို့ဘက်က စစ်နိုင်နေပြီလို့ ထင်ခဲ့ကြတယ်။
ပြဿနာက စစ်ပွဲ တပွဲရဲ့ အနိုင်အရှုံးကို လူ ဘယ့်လောက် သတ်နိုင်သလဲ ဆိုတဲ့ အချက်နဲ့ တိုင်းတာ,တာ မဟုတ်ဘူး။ အဲဒီအချက်နဲ့သာ တိုင်းတာမယ်ဆိုရင် ဒုတိယ ကမ္ဘာစစ်မှာ နာဇီဂျာမနီကို စစ်နိုင်သူအဖြစ် ကမ္ပည်းထိုးရလိမ့်မယ်။
Clausewitz ပြောခဲ့သလိုပဲ စစ်ပွဲ ဆိုတာ နိုင်ငံရေးရဲ့ အဆက်ပဲ။ နယ်ချဲ့ ပါဝါတွေ တရက်ကို ဒေါ်လာ ဘီလျံချီ အကုန်ခံပြီး စစ်ထတိုက်တယ် ဆိုတာ အကြောင်းမဲ့ မဟုတ်ဘူး။ စစ်တိုက်ရတဲ့ ရည်မှန်းချက်တွေ ရှိတယ်။ အခု ယူအက်(စ်)-အစ္စရေးတို့ရဲ့ war aim တွေ အရာမထင်ဘဲ အီရန်ဘက်က တောင်းဆိုချက်တွေကိုသာ လိုက်လျောပေးလိုက်ရပြီ။ အဲဒီ အခိုင်အမာ အချက်ကိုသာ ရဲရဲကြီး ကြည့်လိုက်မယ်ဆိုရင် ဘယ်ဘက်က စစ်ရှုံးပြီး ဘယ်ဘက်က စစ်နိုင်သွားသလဲ ဆိုတာ ရှင်းရှင်းလင်းလင်း မြင်ရလိမ့်မယ်။
ရေးသူ – ဒင်နူး